Friday, 2 September 2011

စက်တင်ဘာလ ၁ရက်နဲ့ ၂ရက်နေ့တွေမှာ ရန်ကုန်မြို့ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပပြုလုပ်မည့် ရွှေညဝါဆရာတော်ကြီး၏ တရားပွဲ ပိတ်ပင်ခံရ.....

စက်တင်ဘာလ ၁ရက်နဲ့ ၂ရက်နေ့တွေမှာ ရန်ကုန်မြို့ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပပြုလုပ်မည့် ရွှေညဝါဆရာတော်ကြီး၏ တရားပွဲ ပိတ်ပင်ခံရ.....

Posted: 31 Aug 2011 01:41 PM PDT

ရန်ကုန်တိုင်းအတွင်း ကြေငြာပြီးမှ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ပိတ်ပင်မှုကြောင့် ပျက်သွားရသည့် ရွှေညဝါ ဆရာတော်ကြီး၏ တရားပွဲ ကြော်ငြာ ဗီနိုင်းပုံပါ...

ယနေ့ စက်တင်ဘာလ ၁ရက်နေ့နဲ့ ၂ရက်နေ့များတွင် ရန်ကုန်မြို့ ဇမ္ဗူသီရိဗိမာန်တော် တံတားလေးလမ်းဝ.... န၀ဒေးရုပ်ရှင်ရုံအနီး မရမ်းကုန်းမြို့နယ်မှာ ၂ရက်တိုင်တိုင် ကျင်းပပြုလုပ်မည့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် (ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယကဆရာတော်) ဘဒ္ဒန္တပညာသီဟ (ရွှေည၀ါဆရာတော်)ကြီး၏


တရားပွဲအား ကျင်းပပြုလုပ်ရန် သာသနာရေးဦးစီးဋ္ဌာန၏ ခွင့်ပြုမိန့်ရရှိထားပြီး ဖြစ်သော်လည်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ တာဝန်ရှိသူများမှ တရားပွဲ ကျင်းပမည့်ရက် ၂ရက်အလို၌ တရားပွဲအား ခွင့်မပြုကြောင်း တရားပွဲစီစဉ်သူများအား လာရောက်ပြောဆိုခဲ့ပါတယ်..။

အဆိုပါ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး သာဓုကျောင်းတိုက်မှ သံဃာတော်တပါးအား ဆက်သွယ်မေးမြန်း ကြည့်ရမှာတော့...

" ဆရာတော့်တရားပွဲက သာသနာရေးဌာနက သူတို့ကိုယ်တိုင် စီစဉ်ပြီး ကျင်းပတယ်၊ အစပိုင်းမှာ အကုန် အဆင်ပြေနေတယ်၊ ခုမှ ပြည်ထဲရေးကနေ ထပိတ်လိုက်တာ သူတို့ ရစ်တာပေါ့နော်... ဒါကြောင့် တရားပွဲ ပျက်သွားပါတယ်

" မြန်မာပြည်မှာ ကုလားတွေ မီးနင်းတာ အလယ်အလတ်တန်းဆို ခွင့်ပြုမိန့် မလိုပါဘူး။ တရုတ်တွေဆို ကြီးကြီးသေးသေး ဘာပွဲမှ ခွင့်ပြုမိန့်တောင်းရတယ် မကြားဖူးသေးပါဘူး။ ဘုန်းကြီးတို့တွေရဲ့ တရားပွဲတွေပဲ ပါမစ်တင်ရတာပါ "  ဟုပြောဆိုသွားပါတယ်...။

အထက်ပါ အဖြစ်အပျက်များကို ကြည့်ချင်းအားဖြင့် လက်ရှိ ပြည်တွင်းမှာ အမှန်တကယ်ပဲ အရပ်သားအစိုးရ ပေါ်ထွက်လာပြီ ဖြစ်တဲ့အတွက် နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းမပြောင်း၊ အမှန်ကို အမှန်အတိုင်း ပြောခွင့်ဆိုခွင့်တွေ ရှိမရှိဆိုတာတွေ၊ အမှန်တကယ်ပဲ အပြောင်းအလဲတွေ ဦးတည်မှု ရှိမရှိဆိုတာကို စဉ်းစားချင့်ချိန်စရာ ဖြစ်နေပါတယ်...။ ဘာသာရေးနဲ့ဆိုင်တဲ့ သာသနာရေးဝန်ကြီးဋ္ဌာနမှ ဆုံးဖြတ်ချက်ကြပြီးသား ခွင့်ပြုမိန့်အား ပြည်ထဲရေးမှ ဘာအကြောင်းပြချက်မှ မရှိပဲ ဝင်ရောက်ပိတ်ပင် ဟန့်တားခဲ့တာဟာ မိမိပြဋ္ဌာန်းပြီး၊ ခွင့်ပြုပြီးသား ဥပဒေကို ကိုယ်တိုင် ပြန်ချိုးဖောက် နေသလို ဖြစ်နေပါတယ်..။ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့ ဘာသာရေး ဟောပြောခွင့်တွေ အပေါ်မှာ တင်းကြပ်တဲ့ ဥပဒေတွေနဲ့ တားမြစ်ပိတ်ပင် နေတာဟာလည်း သာသနာတော် စည်ပင်ပြန့်ပွားအောင် ဆောင်ရွက်နေပါတယ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ပြဒါးတလမ်း၊ သံတလမ်းဖြစ်နေပါတယ်..။

ပြီးခဲ့တဲ့ ၈၈၈၈လုံး နှစ်ပတ်လည်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့ ကြည့်မြင့်တိုင် သာဓုပရိယတ္တိကျောင်းတိုက်မှာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားအား ထိုစဉ်က ဂျပန်နိုင်ငံမှာ ခေတ္တကြွရောက် သီတင်းသုံးနေတဲ့ ရွှေညဝါဆရာတော်ကြီးမှ ကျင်းပပြုလုပ်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်....။ ရွှေညဝါ ဆရာတော်ကြီး ဂျပန်နိုင်ငံသို့ ရောက်ရှိ သီတင်းသုံးနေစဉ်၌လည်း အမျိုးဘာသာ၊ သာသနာအား ရှေ့ရှု၍ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား အသိပေးတရားများ ဟောကြားခဲ့ပါတယ်...။

သတင်း... ဒီမိုဝေယံ

ဆရာတော် တရားတော် ရုပ်သံ၊ အသံဖိုင်များ ပြန်နားထောင်ချင်ရင်.... Click
ဂျပန်နိုင်ငံမှ တရားနာ ပရိသတ်များအတွက် ရွှေညဝါဆရာတော်ကြီး ပြည်တွင်းပြည်ပမှာ ဟောကြားခဲ့တဲ့ တရားခွေများအား ဓမ္မဒါန လှူဒါန်းနေပါသဖြင့် အောက်ပါ ဖုန်းနံပတ်များထံ ဆက်သွယ် ရယူနိုင်ပါသည်...
ဦးသန်းဝင်း (၀၉၀ ၂၄၄၃ ၄၀၃၆)၊ ကိုမောင်ဦး (၀၈၀ ၄၂၉၆ ၀၀၇၁)
ကိုထွန်းဦး(၀၉၀ ၄၅၂၈ ၆၂၁၉)၊ ကိုရှိုးတီ (၀၈၀ ၄၁၈၅ ၈၁၁၅)

စည်းခြားမရနိုင်တဲ့ သူနှစ်ယောက်...

Posted: 31 Aug 2011 12:23 PM PDT

စည်းခြားမရနိုင်တဲ့ သူနှစ်ယောက်...
ကမ္ဘာမြေပြင်သို့ ရောက်လာခဲ့ပြီးသည့်နောက် အမျိုးမျိုး အဖုံဖုံ ဝေဖန်ရှုံ့ချ ကဲ့ရဲ့ပြစ်တင် တိုက်ခိုက်ထိုးနှက်ခြင်း လောကဓံတွေအကြား လူးလှိမ့်ရုန်းကန် လောင်မြိုက်ခြင်းတည်း ဟူသော သောကပင်လယ်အကြား မှတ်ကျောက်အတင်ခံပြီး ကျောခြင်းကပ် ရင်ခြင်းအပ် ကြံ့ကြံ့ခံကာ လူသားတို့အတွက် လူပီသစွာ မေတ္တာတရားကို လက်ကိုင်ပြုပြီး သီလလုံစွာ ပေးဆပ်ခဲ့သော သူမနှင့် ကျွန်တော်တို့ဖြတ်သန်းခဲ့သော နှစ်ပေါင်း (၃၀) တိတိနေ့ (သို့) ပုလဲရတုနေ့မြတ်ကို ၃၁.၈. ၂၀၁၁ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ကျင်းပပြု လုပ်ခဲ့သည်။

ယင်း ပုလဲရတုနေ့မြတ်တွင် ကျွန်တော်တို့နှင့် လက်တွဲဖော်လက်တွဲဖက်၊ ရဲဘော်ရဲဖက်များ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ အပေါင်းအသင်း မိတ်ဆွေများ၊ အသင်းသူ/သားများ၊ ၀န်ထမ်းများ၊ မိဘဖြစ်သူ ဦးစိန်တင် + ဒေါ်မြသန်းနှင့် ဆွေမျိုးသားချင်းများ စုံညီစွာ တက်ရောက် အားပေးကြသည်။ OK ရှမ်းအိုးစည် တီးဝိုင်းအဖွဲ့မှလည်း မေတ္တာဖြင့် လာရောက်တီးခတ် ဖျော်ဖြေကာ သီးစုံ ထောပတ်ထမင်း၊ ကြက်သားဟင်း၊ ချဉ်ပေါင်ဟင်းချိုနှင့် ရေခဲမုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ မင်္ဂလာနေ့မြတ် အထိမ်းအမှတ်အဖြစ် အသည်းပုံကိတ်မုန့်၊ ပုလဲလုံးလေးများ စီရီထားသော ကိတ်မုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
ကျော်သူ + ရွှေဇီးကွက်တို့၏ ရဲဘော်ရဲဖက်၊ မိတ်ဆွေ တစ်ချို့၏ ပုလဲရတုနေ့မြတ်အဖြစ် ဂုဏ်ပြုရေးသားထားသော ကဗျာ၊ စာသားတချို့ဖြင့် အမှတ် တရများ ရေးသားပေးခဲ့ကြသည်။ ထို့အပြင် ကြွရောက်လာကြသော အနုပညာရှင်များဖြစ်သော ဦးဝင်းငြိမ်း၊ ဦးရဲလွင်၊ ကိုနေ၀င်း၊ အနဂ္ဂ၊ သံသာဝင်း၊ မေခလာ၊ မင်းထင်ကိုကိုကြီး၊ မင်းလူ၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ မသီတာ (စမ်းချောင်း)၊ ကိုမျိုး (မြန်မာစာ)၊ ကိုမြတ်ဆွေ၊ မိုက်တီးတို့မှ နှုတ်ခွန်းဆက် မင်္ဂလာစကားများကို ပြောကြားပေးခဲ့သည်။ ယင်းအခမ်းအနားတွင် အသည်းပုံ ကိတ်မုန့်ကိုလှီး၍ မည်သူကပို၍ချစ်ကြောင်း ပြသရန် ဆရာမ ဒေါ်သန်းမြင့်အောင်မှ တောင်းဆိုမှု ကြောင့် ကိုကျော်သူသည် အသည်းပုံကိတ်မုန့်ကို မလှီးရက် ကြောင်းဟုပြောဆိုကာ ရွှေဇီးကွက်၏ ပါးပြင်အား အနမ်းဖြင့် မည်မျှချစ်ကြောင်း သက်သေပြလိုက် သည့်အတွက် ပရိသတ်များ ပွဲကျကာ လက်ခုပ်လက်ဝါးများ တီးခတ်၍ သြဘာပေးခဲ့ကြသည်။ ဧည့်ပရိသတ်များ နှုတ်ခွန်းဆက်၍ ပြန်လည်ထွက်ခွာသွားချိန်တွင် ဦးရဲလွင်(မဇ္ဈိမလှိုင်း)၏ ဂုဏ်ပြု သီဆိုပေးထားသော "စည်းခြားမရ နိုင်သူ" သီချင်းအား ကျော်သူ + ရွှေဇီးကွက်တို့ ငယ်စဉ်သမီး ရည်းစားဘ၀မှ ယခုအချိန်ထိ အနှစ် (၃၀) ဖြတ်သန်းခဲ့သော ပုံရိပ်လွှာများဖြင့် ဖော်ကျူးထားသော DVD အချပ်အား လက်ဆောင်အဖြစ် ၄င်း၊ အနှစ် (၃၀) ပြည့် အထိမ်းအမှတ်ထုတ်ထားသော T-Shirt အင်္ကျီအား အမှတ်တရအဖြစ် ပြန်လည်၍ ပေးအပ်ပါသည်။

နေ့လည်ပိုင်းတွင် အသင်းသူ/သားများနှင့် ၀န်ထမ်းများအား ဦးကျော်သူမှ ပန်းပေါင်းစုံ မြတ်စွာဘုရား (၃) ဆူအား မဲဖောက်၍ ကုသိုလ်ပြုခဲ့ကာ ပုလဲလုံးလေးများ စီရီထားသောကိတ်မုန့် အား အသင်းသူ/သားများအား ကျွေးမွေးကာ အနှစ် (၃၀) ပြည့် ပုလဲရတု အမှတ်တရအဖြစ် စုပေါင်း၍ မှတ်တမ်းဓါတ်ပုံကို ပျော်ရွှင်စွာရိုက်ကူး၍ အခမ်းအနားအား အဆုံးသတ်ခဲ့ပါသည်။
ကျွန်တော် လေးစားခင်မင်ရတဲ့ အကိုကြီးကိုကျော်သူနဲ့ အမကြီး မရွှေဇီးကွက်တို့ရဲ့ ယနေ့မှာ ကျရောက်တဲ့ ပုလဲရတုသဘင်မှသည် စိန်ရတုတိုင်အောင် တည်တံခိုင်မြဲပြီး အများအကျိုးကို ဆက်လက် သယ်ပိုးထမ်းရွက် နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ဒီမိုဝေယံ...


ပြည်တွင်းမှ ဓာတ်ပုံများ ဆက်လက်ကြည့်ရှုလိုလျှင် 

`ကျေးဇူးကန်းသူ´ ရေးသားသူ ကဗျာရှင် (နေစကြာနိုင်)

Posted: 31 Aug 2011 11:53 AM PDT

ဘလော့(ဂ်)ဒေး အမှတ်တရ...

Posted: 31 Aug 2011 11:39 AM PDT


 တလောက ပျူနိုင်ငံ ဘလော့ဂ်ပိုင်ရှင် ကိုအောင်က ဘလော့(ဂ်)ဒေး အတွက် အမှတ်တရ ရေးပေးဖို့ Tags ထားတဲ့ နာမည်ထဲမှာ ဒီမိုဝေယံဆိုတာ ပါနေတာ အမှတ်တမဲ့ တွေ့လိုက်ရတယ်...။ သူကိုယ်တိုင်လည်း ကွန်မာန့် တခုမှာ Tags ထားတဲ့ အကြောင်း တကူးတက လာရေးထားပါတယ်...။ ကျွန်တော်ကိုယ်တိုင်လည်း (၃၁)ရက်နေ့ မနက် ၅နာရီ ရောက်တဲ့အထိ ဘာမှ မရေးရသေး၊ ခေါင်းထဲမှာတော့ ရှိနေသည်။ ပျူနိုင်ငံ ကိုအောင်၊ ဘလော့(ဂ်)ဒေး ပျူနိုင်ငံ ကိုအောင်၊ ကိုအောင်ပျူနိုင်ငံဆိုပြီး တချက်ချက် ဝင်ဝင်လာတယ်...။ ကိုယ်ကိုယ်တိုင် ပြီးခဲ့တဲ့ ၅လပိုင်း (၃၀)ရက်နေ့က ဘလော့(ဂ်)လေး စလုပ်တာ ၂နှစ်ပြည့်ခဲ့ပေမယ့် ဘာမှ မရေးဖြစ်ခဲ့၊ ခုတလော သတင်းတွေ၊ ဓာတ်ပုံတွေနဲ့ အတူ လုံးလည် ချာလည်လိုက်ပြီး မိုးလင်းခဲ့ရတဲ့ နေ့တွေ မနည်းတော့။ ခေါင်းထဲမှာ အမိဧရာဝတီအရေး ရတက်မအေးနိုင် ဖြစ်နေရတော့ ကိုယ်လုပ်နိုင်တာလေး သိတာလေးတွေ ရှာကြံတင်ပြပေါ့...။

ရသဘလော့(ဂ်) မဟုတ်တဲ့ အတွက် နိုင်ငံရေးတွေ ပါလာရင်တော့ ခွင့်လွှတ် ကိုအောင်ရေ...။ ဘလော့(ဂ်) ဒေးဆိုတော့ ကိုယ့်ဘလော့(ဂ်) ဖြစ်ပေါ်လာတာလေး ပြောပြပါရစေ။ ဒီဘလော့(ဂ်)လေး စဖြစ်လာတာကတော့ ၂၀၀၉ခုနှစ် မေလ အမေစု တရားရင်ဆိုင်နေရတဲ့ အချိန် မတရားတာတွေကို ခံပြင်းမိရာကနေ ကိုယ်သိတာလေးတွေ အားလုံးသိအောင် ရေးမယ်ဆိုပြီး စခဲ့တာပါ...။  မှတ်မှတ်ရရ ဘလော့(ဂ်)လုပ်ပြီး နောက်တနေ့ညီငယ် ဖြိုးဝေ (Human Right Myanmar) အိမ် အလည်သွားအိပ်ပြီး ပိုစ့်တင်ပုံ တင်နည်းတွေကအစ သူ့ဆီက သင်ယူလေ့လာပေါ့...။ ပထမဦးဆုံး သင်ဆရာဆိုလည်း မမှားပါဘူး၊ မရေးတတ်ရေးတတ်နဲ့ ဘာဆိုဘာမှ မသိပဲ စခဲ့တာပါ။ မေလ(၃၀) ဒီပဲယင်း လုပ်ကြံမှု (၆)နှစ်ပြည့်သတင်းနဲ့ အတူ စတင်ခဲ့ချိန်မှာကိုကောင်းကင်ကိုရဲ့ အငိုဒုက္ခတိုင်းပြည် ကဗျာကို တောင်းယူခဲ့ပြီး တင်ဖြစ်ခဲ့ပါတယ်..။ ညီငယ်တယောက်ပေးတဲ့ ဘီလူးဆိုတဲ့ ကဗျာကို တင်ချိန်မှာတော့ ဘာဆိုဘာမှ မဟုတ်တဲ့ ကျွန်တော့်ကို ကိုကောင်းကင်ကိုက ပထမဦးဆုံး ကွန်မာန့်လာရောက် ရေးသားခဲ့တာလေးကို ပီတိဖြစ်ခဲ့ရတာပါ...။ ဘလော့ဂ် စတင်ရေးသားချိန်မှာ နာမည်ကြီး ဘလော့(ဂ်)ကြီးတွေရဲ့ စီဘောက်မှာ သွားသွားရေးရတာ အမောပေါ့ဗျာ။ လူကြည့်များတဲ့ စီနီယာ ဘလော့(ဂ်)ဂါကြီးတွေ ဖြစ်တဲ့ ကိုနစ်နေမန်း၊ ဒေါက်တာလွဏ်းဆွေ၊ ကိုဖိုးတရုတ်နဲ့ အာဇာနည်ဘလော့ဂ်တွေမှာ သတင်းအသစ်တွေ တက်တိုင်း သွားသွားရေးရတာ အမောပေါ့...။

လေးစားရတဲ့ ဘလော့ဂ်ဂါတွေကတော့ ကျွန်တော်တို့ နိုင်ငံရေး ဘလော့ဂ်ဂါတွေ စံထားရတဲ့ အာဏာရှင်တွေရဲ့ မတရားဖမ်းဆီးထောင်ချ ခံနေရတဲ့ ဘလော့ဂ်ဂါ နေဘုန်းလတ်ပါပဲ...။ နောက်တယောက်ကတော့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းမှာ အချိန်ပြည့် မလွတ်တမ်း ကြည့်ခဲ့ပြီး အားကျခဲ့ရတဲ့ ဘလော့ဂ်ဂါ ကိုနစ်နေမန်းပါပဲ...။ ကျွန်တော်လို နည်းပညာ ကိုလေ့လာဖို့ထက် သတင်းကိုသာ အဓိကလုပ်နေတဲ့ ဘလော့ဂ်ဂါ တစ်ယောက်အနေနဲ့ ဘလော့ဂ်စတင်ချိန်မှာ နည်းပညာပိုင်းတွေမှာ အမြဲလုပ်ဆောင်ပေးတဲ့ ညီငယ် ခမိခဆဲနဲ့ ယခုအချိန်ထိ ကူညီပေးနေတာကတော့ ညီငယ်ကောင်းစုလင်းပါ။ ဒုတိယအကြိမ် ဘလော့(ဂ်) ပြန်လည် ပြင်ဆင်ရာမှာတော့ ညီငယ်စောကျော်ခွီး (ကော်သူလေးဘလော့ဂ်) ကပါဝင် လုပ်ဆောင်ပေးခဲ့တာပါ..။

မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေရဲ့ အကြောင်းတွေ ပြန်လည် ဖော်ထုတ်ရေးသားရာ မှာတော့ ဘလော့ဂ်ဂါ ညီငယ် အလင်းဆက်က အထူးအားကိုးရသူ တစ်ယောက်ပဲ...။ သံဃာတော်နိုင်ငံရေး ဘလော့ဂ်ဂါတွေ ထဲကတော့ ရွှေဝါရောင် ဦးဆောင် ဆရာတော်တပါးဖြစ်တဲ့ ဘလော့ဂ်ဂါ အရှင်ထာဝရပါ..။ အစ်ကို တယောက်လို လေးစားရတဲ့ ဘလော့ဂ်ဂါ ကိုနစ်နေမန်း၊ ရီစရာတွေ ပြောတတ်တဲ့ ကိုလွင်ပြင်ကြီး (အတ္တကင်းစင် ဒီမိုကရေစီလွင်ပြင်)၊ ရန်ဖြစ်ဖော် ရန်ဖြစ်ဖက် သူငယ်ချင်း ဘလော့ဂ်ဂါ မြတ်လေးငုံဘလော့ဂ်ဂါ ဒေါင်းမာန်ဟုန် တို့နဲ့ကတော့ ဆွေးနွေးဖော် တိုင်ပင်ဖော် တိုင်ပင်ဖက်တွေပါပဲ...။ စာရေးကောင်းတဲ့ ပျူနိုင်ငံကိုအောင်နဲ့ မငယ်နိုင်တို့ကိုလည်း စာတွေကြိုက်တဲ့ အတွက် ဒီမိုဝေယံ ဘလော့ဂ် ဖြစ်ပေါ်လာပြီးကတည်းက ယခုထက်ထိအောင် ဆိုဒ်ဘားမှာ လင့်ခ်ထားခဲ့တာပါ...။ ဘလော့ဂ်စလုပ်တုန်းက အားပေးကူညီခဲ့ပြီး အပြင်မှာလည်း တွေ့ဘူးခဲ့တဲ့ ကိုရင်နော်ကိုလည်း ကျေးဇူးတင်ပါတယ်...။ တချို့ဘလော့ဂ်ဂါ နာမည်တွေ ကျန်ခဲ့ရင် ခွင့်လွှတ်ပါဗျာ...။ ၂၀၁၀က မဲဆောက်သွားစဉ် ခေတ္တတွေ့ဆုံခွင့်ရတဲ့ ဒေါက်တာလွဏ်းဆွေနဲ့ ကိုဖိုးတရုတ်တို့ကိုလည်း ခုထိအမှတ်ရနေဆဲပါ..။

ကိုအောင်ရေ ဘလော့ဂ်ဒေး ရေးရင်းနဲ့ ကိုယ့်ဘလော့ဂ် အကြောင်းဖော်ပြနေမိတာ ခွင့်လွှတ်ပါဗျာ...။ တခါတခါ သတင်းရေး၊ သတင်းတင်တာနဲ့ အလုပ်တဖက်နဲ့ ပင်ပန်းလွန်းလို့ ဘလော့ဂ်ကို ရပ်နားဖို့ အဆင့်အထိ စဉ်းစားမိတာလည်း အကြိမ်ကြိမ်ပါ...။ ၂နှစ်ကျော်ကာလအတွင်း မိုးလင်းခဲ့ရတာ အကြိမ်ကြိမ်ကြုံခဲ့ရပြီး အိပ်မှုန်စုံမွှားနဲ့ အလုပ်ထပြေးခဲ့ရာ မရေမတွက်နိုင်အောင်ပါပဲ...။ တခါတရံဘူတာရုံ ပလက်ဖောင်းပေါ်မှာ၊ တခါတရံ ရထားထဲမှာ၊ တခါတရံ ပန်းခြံထဲမှာ၊ တခါတရံ အစည်းအဝေးခန်းမထဲမှာ ကွန်ပြူတာတလုံးနဲ့  ကျင်လည်နေမိသလို၊ မနက်အိပ်ယာထ အင်တာနက်နဲ့ မျက်နှာသစ်၊ အိပ်ချိန်မှ အင်တာနက်ကို ခေါင်းအုံးအိပ်ခဲ့ရတာ နေ့စဉ်လိုပါပဲ..။ သေချာတာကတော့ ယခင်နှစ်နှစ်ခြိုက်ခြိုက် ဖတ်ဖြစ်တဲ့ စာအုပ်စာတမ်းတွေ သေချာမဖတ်ဖြစ်တော့တာပါပဲ...။ တခါတရံ ဘလော့ဂ်ကို ရပ်နားဖို့အထိ စဉ်းစားမိခဲ့ပေမယ့်လည်း အားလုံးအတွက် ကိုယ်တတ်နိုင်တာလေးတွေ ဆက်လက်တင်ပြမယ် ဆိုပြီးလုပ်ခဲ့တာ ၂နှစ်နဲ့ ၃လကျော်ခဲ့ပါပြီ..။ တလက်စတည်း ဘလော့ဂ်ဒေးမှာ စာဖတ်ပရိသတ်ကြီးနဲ့ သတင်းဓာတ်ပုံတွေ ပေးပို့လာတဲ့ ပြည်တွင်းပြည်ပက ညီအကိုမောင်နှမများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်...။ ပြည်တွင်းက အန္တရာယ်ကြားက ပေးပို့ပေးကြတဲ့ ညီအစ်ကို မောင်နှမအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောပါရစေ...။ နောက်တခုကတော့ အီးမေးလ်ထဲကနေ  ကွန်ပြူတာတလုံး ကိစ္စချောသွားအောင် အကြိမ်ကြိမ် VIRUS တွေထည့်ပြီး ပေးပို့ခဲ့တဲ့ သတင်းမှားတွေ အမြဲပေးပို့နေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ထူးထူးခြားခြား အမှတ်ရနေပါတယ်...။

ကျွန်တော်တို့ ကြီးတော်နွားကျောင်း အပင်ပန်းခံ သတင်းရေးတဲ့ ဘလော့ဂ်ဂါတွေရဲ့ စာမူခလို့ သဘောထား သတ်မှတ်ရတာကတော့ ကိုယ်ရေးတင်တဲ့ သတင်းဆောင်းပါးတွေကို မှတ်ချက်ပေးတဲ့ ကွန်မာန့်တွေပါပဲ...။ ကွန်မာန်ရေးသား ထောက်ပြသူတွေကိုလည်း ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောဆိုပါရစေ...။ ကိုယ့်ဘလော့ဂ် အကြောင်းများများ ရေးလိုက်ရတဲ့ ဘလော့ဂ်ဒေးမှာ နောက်ဆုံး ပြောချင်တာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နောင်တချိန် စစ်မှန်တဲ့ ဒီမိုကရေစီ စံနစ်အောက် အင်တာနက်ဆိုတာ အများပြည်သူသုံး ဖြစ်လာမယ့် တနေ့မှာ ပြည်သူတွေ အသိဥာဏ်ကို ဖွင့်လှစ်ပေးမယ့် ကဏ္ဍစုံမှ မြန်မာဘလော့ဂ်ဂါတွေ အများအပြား လိုအပ်ပါတယ်...။ ကိုယ်သိထားတဲ့ အသိဥာဏ်တွေ၊ အတွေ့အကြုံတွေ၊ ဗဟုသုတတွေကို ပြန်လည်မျှဝေပေးရမှာ ဖြစ်ပါတယ်။ တိုင်းပြည်ဖွံဖြိုးရေးအတွက် ခုကတည်းက မိမိတို့ သိထားတတ်ထားတာတွေ မျှဝေပေးဖို့ ဘလော့ဂ်တွေ အများအပြား ထပ်မံရေးသားပေးကြစေလိုပါတယ်...။
 
နိဂုံးချုပ်အနေနဲ့ ဘလော့ဂ်ဒေးမှာ ပြောချင်တာကတော့ ယခုအချိန်မှာ နိုင်ငံအတွက် အင်မတန် အရေးကြီးနေတဲ့ ကျွန်တော်တို့ အကျဉ်းကျခံ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ် အပါအဝင်၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ အမျိုးသားရေးတာဝန် ဖြစ်တဲ့ အမိဧရာဝတီကို ကယ်တင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတို့ အတွက် ကျွန်တော်တို့ ဘလောဂ်ဂါတွေအားလုံး နိုင်ငံရေး ဘေလာ့ဂ္ဂါ၊ နည္းပညာဘေလာ့ဂ္ဂါ၊ ရသဘေလာ့ဂ္ဂါ၊ သုတဘေလာ့ဂ္ဂါ  စတာတွေ မခွဲခြားပဲ အမျိုးသားရေး တာဝန်အဖြစ် ကျွန်တော်တို့ ဘလော့ဂ်ဂါတွေ အားလုံး တတ်နိုင်သလောက်  ဝိုင်းဝန်းပံ့ပိုးပေးကြပါလို့ ဘလော့ဂ်ဒေးမှာ ကိုအောင် ပျူနိုင်ငံ တက်ဂ် ထားတာလေးကို ရေးသားလိုက်ရပါတယ်...။

ဒီမိုဝေယံ
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment