U Win Tin – ပြည်သူလူထုမှာ ပြောရေးဆိုခွင့် မရှိရဘူးလား
 ပြည်သူလူထုမှာ ပြောရေးဆိုခွင့် မရှိရဘူးလား
 ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ၊ အောက်တိုဘာ ၄၊ ၂၀၁၁
စနေနေ့ကတွေ့ဆုံခဲ့တဲ့  ဆရာဦးဝင်းတင်နဲ့ မေးမြန်းခန်းမှာ ဆက်လက်မေးမြန်းခဲ့တဲ့ အကြောင်းအရာကတော့  ကောင်းမွန် အကျိုးရှိတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ်ဆိုတဲ့ အခြေအနေတွေ  ရှိနေတယ်၊ ပေါ်ထွန်းနေတယ် ဆိုတဲ့ အချိန်အခါမှာ မြန်မာပြည်သူတွေက  ဘယ်လိုမျိုး ရင်ဆိုင်ကြမလဲ၊ ဘယ်လိုမျိုး ပြင်ဆင်ကြမလဲ။ ဘာမှ  ဆန္ဒထုတ်ဖော်ပြောဆို ထောက်ပြခြင်း မပြုကြဘဲ ငြိမ်ဝပ်ပိပြားစွာနဲ့  စောင့်ဆိုင်း မျှော်လင့်နေကြရုံပဲလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ  အပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီလားဆိုတာမှာ လက်တွေ့အကျိုးသက်ရောက်မှုတွေ  ရှိသလားဆိုတာနဲ့ တိုင်းတာလို့ ရတယ်ဆိုတဲ့ မေးခွန်းကို ဆက်မေးပါရစေ  ဆရာရေ။
-       အခုဘာတွေတွေ့ရသလဲဆိုတော့  မြန်မာဒီမိုကရေစီရေးအတွက် လက်တွေ့အကျိုးသက်ရောက်မှုတွေ စတွေ့နေရတယ်လို့  ပြောရင် ရတယ်ပေါ့။ မြစ်ဆုံဆည်ကိစ္စလိုမျိုးကိုမှာ ဦးသိန်းစိန်ရဲ့  ဆုံးဖြတ်ချက်နဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်ဆိုပြီး ၂ ပိုင်း  ကြည့်မယ်ဆိုရ င်ပြည်သူလူထုတွေဖက်က တိုင်းရင်းသားတွေ၊ ပညာရှင်တွေ၊ စာပေ  ဂီတ အနုပညာရှင်တွေ၊ ကျောင်းသားလူငယ်တွေရဲ့ တောင်းဆိုချက်တွေသာမက  နိုင်ငံတကာကတောင်းဆိုချက်တွေ ၊ လှုပ်ရှားမှုတွေကို မြင်တွေ့ရတယ်။  ဦးသိန်းစိန်ဖက်က ဆုံးဖြတ်ချက်ကို ကြည့်လိုက်တဲ့အခါမှာ  ဒီမြစ်ဆုံဆည်ကို ရပ်ဆိုင်းမယ်လို့ ပြောလိုက်တယ်။ ဒါဟာ  အများပြည်သူလူထုရဲ့ တောင်းဆိုချက်ကို လိုက်လျောတာ၊ နာခံတာ ဆိုတဲ့  သဘောကို သက်ရောက်တယ်။ ဒါဟာ ပြည်သူတွေတောင်းဆိုနိုင်ခြင်းဟာ  ဒီမိုကရေစီလက္ခဏာများ ရှိသင့်သလောက်ရှိလာလို့သာ အနိမ့်ဆုံး အခြေအနေများ  ပေါ်ပေါက်လာလို့သာ တောင်းဆိုလာနိုင်တယ်လို့ ပြောနိုင်တယ်။  နို့မို့ဆိုရင် ဦးသန်းရွှေအစိုးရသာ ငုတ်တုတ်ကြီး ရှိနေမယ်ဆိုရင်  ပြည်သူတွေဖက်ကလည်း အခုလို စာပေ အနုပညာ လှုပ်ရှားမှုတွေ၊  သစ်ပင်စိုက်တာတွေ၊ အခုလိုလှုပ်ရှားမှုတွေ လုပ်နိုင်ကြလိမ့်မယ် မထင်ဘူး။  နောက်ပြီး အခုဦးသိန်းစိန်လုပ်သလို လွှတ်တော်ဆီကို တင်ပြတာတွေ  လုပ်မယ့်အစား ဦးသန်းရွှေဖက်က အကြမ်းဖက်ဖြေရှင်းပစ်လိုက်မယ်လို့  တွေးကြည့်နိုင်တယ်။ ဒီအခြေအနေ တွေကို ကြည့်ရင် အခုလို  အကျိုးသက်ရောက်မှုတွေ ရှိတယ်။ မြစ်ဆုံဆည် ရပ်ဆိုင်းခြင်းဟာ လက္ခဏာတခုလို့  ပြောရင် ရတယ်။
 နောက်ကိုလည်း  အဲသည်လိုအကျိုးသက်ရောက်မှုတွေ ဆက်လက်ဖြစ်ပေါ်လာမယ့် အလားအလာတွေ  ရှိသလားဆိုတာကို အခြားနယ်မြေတွေကို ကြည့်ပြီး ဆရာဘယ်လို ပြောချင်သလဲ။
-       ဒီမိုကရေစီကို  ဦးတည်တဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့်နဲ့  နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေတယ်ကို မပြောခင်  ဥပမာ စာပေနဲ့  စာနယ်ဇင်းလောကမှာလည်း လုံလောက်တဲ့ လွတ်လပ်မှုတွေ လုပ်ကိုင်ခွင့်တွေ  မရှိသေးသော်လည်း ဂျာနယ်တွေ စာစောင်တွေ အတော်များများ ပေါ်လာတယ်၊  လွှတ်တော်တို့၊ ပြည်သူ့ဆန္ဒထုတ်ဖော်တာ၊ အင်တာဗျူးတွေ အတော်အသင့်  ရေးသားဖော်ပြလာနိုင်တယ်။ နယ်တွေမှာ ဆိုရင်လည်း နောက်ပြီးတော့  လယ်သမားတွေရဲ့ လယ်မြေအရေးကိစ္စတွေကို ထုတ်ဖော်ပြောဆိုတာ၊  ချီတက်ဆန္ဒပြတာတွေ လုပ်ကိုင်လာနိုင်တယ်။ အလုပ်သမားကိစ္စတွေ  ကျောင်းသားကိစ္စတွေမှာလည်း သိသိသာသာကြီး အခြေအနေတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့  ကျနော်တို့ မျှော်လင့်နိုင်တယ်။ တိုင်းပြည်မှာ  ဒီမိုကရေစီရေးကိုဦးတည်တဲ့ အခြေအနေတော့ ရှိနေတယ်လို့ ပြောနိုင်တယ်။  အခြေအနေဆိုတာကလည်း တကယ်ကိုစေတနာကောင်းနဲ့ အပြောင်းအလဲတွေ၊  အပြုအပြင်တွေဆီကို အကျိုးသက်ရောက်မှု ဖြစ်စေမှာလား၊ အယောင်ပြပဲ  ဖြစ်သလားဆိုတာကတော့ ကျနော်တို့ ဆက်လက်ပြီး လုပ်ကိုင်ရင်း  တွေ့ကြရမှာပေါ့။
ကဲ  ဒါဆိုရင် တချို့ကပြောဆိုနေကြတာမျိုးတွေ ရှိတယ်၊ အစိုးရတွေ  အာဏာပိုင်တွေက ပြည်သူတွေအတွက် အကျိုးရှိတာတွေ လုပ်နေပြီ၊ ပြည်သူလူထုက  ငြိမ်ငြိမ်သက်သက်နဲ့ ဘာမှသိပ်ပြီး တောင်းဆို တင်ပြတာတွေ သိပ်ပြီး  လုပ်နေစရာမလိုဘူး၊ အချိန်စောင့်ကြပါ ဘာညာနဲ့ ပြောလာကြတယ်။ ပြည်သူလူထုဟာ  အခုလို အခြေအနေမျိုးမှာ သူတို့ရဲ့ နေ့စဉ် ကြုံတွေ့ ခံစားနေရတဲ့  ဒုက္ခတွေ၊ အကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုခြင်း မလုပ်ဘဲ  တချိန်ချိန်မှာ ပြေလည်သွားလိမ့်မယ်လို့ မျှော်လင့်နေရုံနဲ့  ပြီးတော့မှာလား။
-       အခုလက်ရှိအခြေအနေမှာ  အရေးပါတဲ့ အရေးတွေကို ကြည့်လိုက်ရင် နိုင်ငံရေးအကျဉ်းသားတွေ  လွတ်မြောက်ဖို့ ပြည်သူလူထုက မျှော်လင့်နေကြတယ်။ ဒီကိစ္စကိုလည်း  ကျနော်တို့တွေက အမြဲ ထုတ်ဖော်ပြောဆို တင်ပြနေရမယ်။ အလားတူပဲ  ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကလည်း ခုထိ ရေရေရာရာ မရှိသေးဘူး။  ဆွေးနွေးပုံဆွေးနွေးနည်း၊ သတ်မှတ်ပုံ သတ်မှတ်နည်းတွေ ကွာဟတွေရှိတယ်။  တဖက်က ဖယ်ဒရယ်အဆင့်နဲ့ ဆွေးနွေးချင်တယ်။ အစိုးရကတော့ သက်ဆိုင်ရာ  ပြည်နယ်အဆင့် ဆွေးနွေးမယ် ဆိုတာမျိုးတွေ ရှိနေတယ်။ ဒီလိုကိစ္စတွေကို  အများပြည်သူအပါအ၀င် သက်ဆိုင်ရာအစုအဖွဲ့တွေရဲ့ သဘောထားတွေ၊ အာဘော်တွေ  ထုတ်ဖော် တင်ပြနိုင်မှ ဒါကို ဖြေရှင်းဖို့ အဖြေရှာနိုင်မယ်။ ကန့်သတ်  ပိတ်ဆို့ထားလို့ မရဘူး။ နောက်တပိုင်းကလည်း လယ်သမားတွေ၊ အလုပ်သမားတွေရဲ့  အခွင့်အရေးတွေ၊ တောင်းဆိုချက်တွေ၊ မတရားအလုပ်ခံရတာတွေကို  ကာယကံရှင်တွေမှာ ဖော်ထုတ်တင်ပြခွင့်တွေ ရှိမှ တောင်းဆိုမှုတွေ ခွင့်ပြုမှ  အများက အမှန်တရားကို သိခွင့်ရမယ်။ အစိုးရကလည်း သိရှိမယ်။ အဆင့်ဆင့်သော  အာဏာပိုင်တွေမှာလည်းပဲ ဖြေရှင်းဖို့ အခွင့်အရေးရကြမယ်။ ဒါတွေကို  ဖုံးဖိထားမယ်၊ ကန့်သတ်ထားမယ်၊ မပြောမဆိုရဘူး၊ လှုပ်ရှား တောင်းဆိုခွင့်  မရှိဘူးလို့ လုပ်ထားမယ်ဆိုရင် ဒီလို အရေးအခင်းတွေကို စောစောစီးစီး  အချိန်မီ ဖြေရှင်းနိုင်ခြင်း မရှိတဲ့အတွက် အများကြီး နောက်ကျုပြီးမှ  အကြပ်အတည်းတွေ အကြီးအကျယ်ဖြစ်တော့မှ မထိန်းမသိမ်းနိုင်ဖြစ်တာတွေ၊  ပေါက်ကွဲမှုတွေ ဖြစ်တာမျိုးတွေ ဘယ်သူမှ မလိုလားဘူး။ ကျနော်တို့ကလည်း  မဖြစ်ချင်ဘူး၊ လက်ရှိအစိုးရတွေကလည်း ဖြစ်ချင်မယ် မထင်ဘူး။
အခုချိန်မှာ  ဒီမိုကရေစီရေးကို ဦးတည်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်စေဖို့  အခြေအနေတွေရှိဖို့၊ အပြင်အဆင်တွေရှိဖို့အတွက် အခုလိုမျိုး ပြည်သူတွေ၊  နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားတွေ အားလုံးဆီမှာ  ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်ခွင့်၊ ပြောဆိုခွင့်၊ တောင်းဆိုခွင့်တွေ  ဆွေးနွေးတာတွေ အလွှာတိုင်း၊ နေရာတိုင်းမှာ ရှိရမယ်၊ လိုအပ်နေတယ်လို့  ပြောရမှာပေါ့ ဆရာ။
-       ဟုတ်ပါတယ်။  အနီးဆုံး ပြယုဒ်ကတော့ ရွေှ့ဝါရောင်နှစ်ပတ်လည်ကိစ္စပေါ့လေ။ ဒီကိစ္စက  အမှန်တကယ် ဖြစ်ပျက်ခဲ့တာပဲ။ ဒီနှစ်ပတ်လည်ကို ဖုံးကွယ်ထားလို့လဲ မရဘူး၊  ရှောင်ရှားနေလို့လဲ မရဖူး။ ဒါကို ရင်ဆိုင်ဖြတ်သန်းရမှာပဲ။  ဒီလိုအဖြစ်အပျက်တွေ၊ အခြေအနေတွေကို ရင်ဆိုင်ဖြတ်သန်းတဲ့နေရာမှာ  ကျနော်တို့က ဒေါ်စုနဲ့ ဦးသိန်းစိန်ဆွေးနွေးနေလို့၊ ဦးအောင်ကြည်နဲ့  ပြောဆိုနေလို့ ရွှေဝါရောင်ကို မပြောရဘူး၊ မလုပ်ရဘူးလို့ တားလို့  မရဘူး။ ဒါကို အရှိအတိုင်း လက်ခံရမှာပဲ။ ရွေှ့ဝါရောင်ကာလတုန်းက  သံဃာတော်တွေ ဖမ်းဆီးခံထားရတယ်။ လွတ်မြောက်ဖို့ ပြောကြရမယ်။  ရွှေဝါရောင်တုန်းက တောင်းဆိုချက်တွေ ရှိတယ်။ ဒါတွေကို အသိအမှတ်ပြုရမှာပဲ။
သို့သော်လည်း  အစိုးရဖက်မှာကော ပြည်သူလူထုတွေဖက်ကပါ အကြမ်းဖက်တာတွေ၊ ဖမ်းဆီးတာတွေ  တင်းမာမှုတွေ ပြန်လည်ပေါ်ထွန်းလာမှာကို စိုးရိမ်နေကြတယ် အဲသလိုလည်း  ပြောဆိုနေကြတာတွေ ရှိတယ်လေဆရာ။
-       ကျနော်တို့ဖက်က  သိပ်ပြီး ကြောက်ရွံ့နေစရာ၊ စိုးရိမ်နေစရာမလိုဘူးလို့ ပြောချင်တယ်။  လက်ရှိအစိုးရဖက်ကလည်း အခုလိုအခြေအနေမျိုးမှာ ဖမ်းဆီးမယ်၊ ပစ်ခတ်မယ်  လုပ်မယ်လို့  မမျှော်လင့်ဘူး။ အောက်ခြေက စစ်သားတွေ၊ ရဲတွေဖက်ကလည်   သူတို့သဘောနဲ့ အကြမ်းဖက်တာတွေ ဘာတွေ လုပ်လာကြမယ် မထင်ဘူး။ ကျနော်တို့က  စိုးရိမ်ပူပန်မှုတွေ တဖက်သတ်ဖြစ်ပြီး ဘာမှ မလုပ်ရဲ၊ မကိုင်ရဲ၊  မတောင်းဆိုရဲ ဖြစ်နေလို့တော့ မဖြစ်ဘူး ထင်ပါတယ်။ ဒါကို  ကျနော်တို့ပြည်သူတွေက ထုတ်ဖော် ပြောဆို ဖြေရှင်းမှသာ  အစိုးရလုပ်သူတွေဖက်က စောစောစီးစီး သိရှိနားလည်ပြီး အဖြေရှာနိုင်မယ်။  စောစောစီးစီး အဖြေရှာနိုင်မှသာ အနာမရင်းခင် ရှင်းနိုင်မှာပေါ့။ ဒါမှ  တိုင်းပြည်တခုလုံး ပေါက်ကွဲကုန်တဲ့ အခြေအနေမျိုးကို  ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
အကြမ်းဖက်ပြီး  ဖြေရှင်းတဲ့နည်းကို ကျနော်တို့ပြည်သူတွေကလည်း မလိုလားဘူး၊  အာဏာပိုင်တွေကလည်း မရွေးချယ်ချင်ဘူးဆိုရင် ကျနော်တို့တတွေမှာ  အကျိုးတူတဲ့ ရပ်တည်မှုရှိပြီလို့ ပြောနိုင်ပြီပေါ့ဆရာ။
-       ဟုတ်ပါတယ်။  ကျနော်တို့တွေ အားလုံးက စိတ်မတိုဘူး၊ စိတ်ရှည်ရှည်ထားကြမယ်။  ပြေပြေလည်လည် ပြောဆို ဆွေးနွေးဖြေရှင်းတာတွေကို ကျနော်တို့တွေအားလုံးက  ခုချိန်မှာ အလေ့အကျင့်လုပ်ကြရမယ်လို့ ကျနော်က မျှော်လင့်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ။ ။ ။
 
 
 
No comments:
Post a Comment