Sunday, 26 February 2012




Posted: 24 Feb 2012 09:31 PM PST

အန်တီစုရဲ့ကချင်မနောမြေ စည်းရုံးရေးခရီးစဉ်မြင်ကွင်း(Photo-Min kyaw khine)
၂၀၁၂ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ REUNION, Union-1 ဆောင်းပါး(ဘာသာပြန်)
ဖေဖော်ဝါရီလကို နှစ်တနှစ်ရဲ့ အလွန်အကောင်းဆုံးလလို့ ကျွန်မ အမြဲတမ်းတွေးခဲ့ပါတယ်။ ကျွန်မရဲ့ဘခင်၊ ကျွန်မမိခင်ဘက်ကအဘိုး၊ အေဘရာဟင်လင်ကွန်း၊ ဂျော့ဝါရှင်တန်၊ ကျွန်မချစ်ခင် လေးစားရဆုံး အမျိုးသားကြီးများဟာ ဖေဖော်ဝါရီလမှာ မွေးဖွားခဲ့ကြတာပါ။ ဒါကြောင့် ကျွန်မငယ်စဉ် ကတည်းက ဖေဖော်ဝါရီလကို ကောင်းမြတ်ခြင်းနဲ့ သူရ သတ္တိရဲ့လ လို့ ရှုမြင်ခဲ့တာပါ။ ဖေဖော်ဝါရီလရဲ့ ကျက်သရေကို ထပ် လောင်းပေါင်းဖြည့်ပေးလိုက်တာကတော့ လင်ကွန်းရဲ့မွေးနေ့ဖြစ် တဲ့ ၁၂ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့နဲ့ တထပ်တည်းကျနေတာပါပဲ။ အဲဒီနေ့ကို နိုင်ငံရဲ့လွတ်လပ်ရေးအတွက် အားထုတ် ကြိုးပမ်းမှုတွေစုပေါင်းဆောင်ရွက်ရန် တိုင်းရင်းသားလူမျိုးစုများစွာအတွင်း သဘောတူညီချက်စာချုပ် တခုကိုလက်မှတ်ရေးထိုးခဲ့တဲ့ နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ မကြုံစဖူး ထူး ကဲတဲ့ နိုင်ငံရေးခြေလှမ်းတရပ်ဖြစ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ရှမ်းပြည်ကရွာ ကလေးကိုအစွဲပြုမှည့်ခေါ်ခဲ့တဲ့ "ပင်လုံစာချုပ်"ဟာ ညီညွတ်ရေးအတွက် ပြီးပြည့်စုံတဲ့လုပ်နည်းပုံစံတခု မဟုတ်ခဲ့ပေမင့် ပြည်ထောင်စုစိတ်ဓါတ်ရဲ့ အနှစ်သာရအဖြစ်တော့ ကိုယ်စားပြုခဲ့ပါတယ်။

ဒီနှစ်ရဲ့ဖေဖော်ဝါရီလဟာ ကျွန်မရဲ့မြော်လင့်ချက်များကို မပျက်ပြယ်စေခဲ့ပါဘူး။ ကြားဖြတ်ရွေး ကောက်ပွဲအတွက် အဲန်အယ်လ်ဒီရဲ့စည်းရုံးလှုံ့ဆော်ရေးများကို ဇန္နဝါရီလအကုန်မှာ မြန်မာနိုင်ငံ တောင်ဘက်အမြီးဖျားရှိ ထားဝယ်မြို့တွင် မင်္ဂလာရှိရှိ နိမိတ်အကောင်းဆုံး ဆောင်ရွက်ခဲ့ရပါတယ်။

၂၃ နှစ်အတွင်း အဲဒီအရပ်ကို ပထမဆုံးသွားရောက်ခဲ့တာပါ။ ပျော်ရွှင်စရာလဲ ကောင်းခဲ့ပါတယ်။ တနင်္သာရီတိုင်းမှပြည်သူများရဲ့ ထောက်ခံအားပေးမှုဟာ အရေအတွက်အင်အားနဲ့ စိတ်ဓါတ်ခိုင်မာမှု မနိမ့်တာကိုတွေ့မြင်ရလို့ စိတ်အားတက်ကြွခဲ့ရပါတယ်။ ဖေဖော်ဝါရီရဲ့ပထမပတ်အတွင်းမှာ ကျွန်မတို့ ပါတီရဲ့စည်းရုံးလှုံ့ဆော်ရေးဟာ ဟန့်တားမှုအနည်းငယ် ရှိလင့်ကစား သင့်တင့်တဲ့အရှိန်အဟုန်ရလာ ခဲ့ပါတယ်။ လူထုစုရုံးမှုအတွက်သင့်တင့်တဲ့နေရာအခက်အခဲများကြောင့် မန္တလေးကိုသွားဘို့ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ ဒါပေမင့် ဧရာဝတီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ ပုသိန်မြို့နဲ့ ကျွန်မမိခင်ရဲ့မွေးရပ် မြေဖြစ်တဲ့ မြောင်းမြမြို့တွေကိုတော့ စီစဉ်ထားတဲ့အတိုင်း သွားဖြစ်ခဲ့ပါတယ်။

ရန်ုကန်မြို့ကနေ နံနက်စောစော ကျွန်မတို့ စတင်ထွက်လာခဲ့ပါတယ်။ လမ်းတလျှောက်ရွာတွေက အားပေးထောက်ခံသူအများအပြားဟာ အဲန်အယ်လ်ဒီ အလံငယ်လေးများဝှေ့ရမ်းရင်း ပန်းများနဲ့ မျိုးကွဲ လက်ဆောင်များပေးခြင်းများဖြင့် နှုတ်ဆက်နေကြတဲ့အတွက် ခရီးပင့် နှေးကွေးစေခဲ့ပါတယ်။ လက် ဆောင်တွေအထဲမှာ ရိုးရာဆေးရေးပုသိန်ထီးများပါတဲ့အတွက် နေ့လည်ပိုင်းမှာ အသုံးဝင်ခဲ့ပါတယ်။ ပုသိန်ကိုရောက်တော့ သတ်မှတ်ချိန်ထက်နောက်ကျနေခဲ့ပါတယ်။ နေကလဲ အတော်ကိုပူနေပါပြီ။ ဒေသဆိုင်ရာအုပ်ချုပ်ရေးက ထိုနေ့တွင်ကျောင်းတက်ရက်မပျက်ကွက်ရန်၊ အရပ်ဘက်ဝန်ထမ်းများကို လဲ ခွင့်မယူရန်၊ ပုသိန်ကောလိပ်မှကျောင်းသားများကိုလဲ ထိုနေ့တွင် စာမေးပွဲငယ်တခုကျင်းပကာ မပျက်မကွက်ဖြေဆိုရန်နဲ့ ပျက်ကွက်ပါက အတန်းတင်စာမေးပွဲကိုဖြေဆိုခွင့်မရှိဟူ၍ အမိန့်ထုတ်ပြန် လိုက်ပါတယ်။ ဒီလိုဆောင်ရွက်ချက်များဟာ ကျောင်းသားလူငယ်များနဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို ကျောင်းများအတွင်းမှာသာရှိနေစေဘို့နဲ့၊ ကျောင်းသားကျောင်းသူများနဲ့ အရပ် ဘက်ဝန်ထမ်းများ အဲန်အယ်လ်ဒီကို သူတို့ရဲ့ထောက်ခံအားပေးမှုကို ထွက်ကာဖော်ထုတ်မပြနိုင် အောင် တွက်ချက် လုပ်ကိုင်ထားကြောင်း ပေါ်လွင်လျက်ရှိနေပါတယ်။ ဒါပေမင့် ကျွန်မတို့ပါတီကို လာရောက်နှုတ်ဆက်တဲ့လူအုပ်ထဲမှာ လူငယ်အတော်များများ အင်အားပြ ပါဝင်တာတွေ့ရပါတယ်။ လူထုဟောပြောပွဲပြုလုပ်မဲ့ ဘောလုံးကွင်းကိုသွားတဲ့အခါမှာလဲ မော်တော်ဆိုင်ကယ်တန်းကြီးဟာ ကျွန်မတို့နဲ့အတူပါလာပါတယ်။ မြောင်းမြအသွား ဖုံထူတဲ့လမ်းတလျှောက်လုံးလဲ မော်တော်ဆိုင်ကယ် တော်တော်များများဟာ ကျွန်မတို့ကို အဖော်ပြုလိုက်ပါခဲ့ကြပါတယ်။ အဆိုးရွားဆုံးဆင်းရဲတွင်းမှာ နစ် မြုပ်နေကြတဲ့ ရွာသိမ်ရွာငယ်လေးများစွာကို ကျွန်မတို့ဖြတ်ခဲ့ကြပါတယ်။ ပြင်းပြတဲ့နေရောင်နဲ့ ဖုံထူထူ ကြားထဲက အားကိုးတကြီးနဲ့ ဝင်းလဲ့တောက်ပတဲ့အပြုံးများနဲ့ ဌာနေတို့ရဲ့ အားတက်သရောကြွေးကြော် ခေါ်ယူနှုတ်ဆက်သံများက အသည်းခိုက်စရာပါပဲ။ လုံခြုံစိတ်ချရတဲ့ဝန်းကျင်မှာ လိုက်လျောညီထွေရှိ တဲ့ လူနေမှုအဆင့်အတန်းကို ကျွန်မတို့ရဲ့ ပြည်သူလူထုတို့ရရှိဘို့ ကူညီရေးအတွက် ကျွန်မတို့ အစွမ်း ကုန်ကြိုးပမ်းကြရမယ်ဆိုတဲ့ ကျွန်မတို့တာဝန်ကြိးကို အိမ်ကိုသယ်ယူဆောင်ကြဉ်းခဲ့ရပါတယ်။ မြော် လင့်ထားခဲ့တဲ့အတိုင်း မြောင်းမြလူထုဟာ ကျွန်မကို ကြာရှည်စွာ ကွဲကွာနေတဲ့ မိသားစုဝင်တ ယောက်လို ကြိုဆိုခဲ့ကြပါတယ်။ မြို့နယ်ရဲ့ ရာနှုန်းများများဟာ ကရင်လူမျိုးများဖြစ်ကြပါတယ်။ သူတို့ အတော်များများဟာ ကျွန်မတို့ရဲ့ လူထုစည်းဝေးပွဲကို အရေအတွက်များစွာပါဝင်ခဲ့ကြပါတယ်။ အထူး သဖြင့် အရွေးချယ်ခံ ကိုယ်စားလှယ်လောင်းဟာ အများကြည်ညိုလေးစားတဲ့ ကရင်ကျောင်းဆရာတဦး ဖြစ်နေလို့ပါပဲ။ ရောင်စုံဝတ်စုံများဟာ ပျော်ရွှင်မြူးကြွခြင်းအာရုံကို ပိုမိုစေပါတယ်။ မွန်းတည့်နေဟာ ကြင်နာခြင်းကင်းစွာ ကျွန်မတို့အပေါ်ကျရောက်နေတဲ့ကြားထဲက သူတို့ရဲ့အားတက်သရောရှိနေခြင်းနဲ့ စိတ်ဓါတ်တက်ကြွခြင်းတို့ဟာ မြင့်မားနေဆဲဖြစ်ပါတယ်။

အများသုံးတဲ့ မြန်မာစကားတခုဟာ ရေရဲ့အစက်များလို့ အဓိပ္ပါယ်ရတဲ့ "ရေစက်"ဖြစ်ပါတယ်။ "ဒါဟာ ရေစက်ပဲ" ဒါမှမဟုတ် "ဒါဟာ ရေစက်ကြောင့် ဆုံတွေ့ရတာပဲ"လို့ တယောက်ကိုတယောက် ပြောခဲ့ ရင် အဓိပ္ပါယ်ကတော့ ကျွန်မတို့ချင်းမှာ ကောင်းမွန်တဲ့ကံကြမ္မာနှောင်ဖွဲ့မှုကြောင့် အတူတကွ ပြန်လည် တွေ့ဆုံရတာလို့ ဆိုလိုပါတယ်။ ရိုးရာအနေနဲ့ အလှူတခုပြုလုပ်ပြီးတဲ့အခါမှာ ရေခွက်တခုမှရေအချို့ကို ခွက်တခုအတွင်းသို့ တစက်ခြင်း ချပြီး နောက်တော့ အဲဒီရေများကို ကျွန်မတို့ရဲ့ ကောင်းမှုကုသိုလ်ကို သက်သေပြုမဲ့ မြေကြီးထဲသို့ သွန်ချလိုက်ပါတယ်။ ဒီအလုပ်ရဲ့ကောင်းမှုကုသိုလ်ကို မျှဝေခံစားချိန်မှာ အတူရှိနေကြတဲ့သူများဟာ သံသရာခရီးမှာ "ရေစက်"ရဲ့ ဖွဲ့နှောင်မှုကြောင့် တဖန်ပြန်လည် ဆုံတွေ့ ကြရပါတယ်။

ဖေဖော်ဝါရီ ဒုတိယပတ်ကတော့ ကရင်ပြည်သူများနဲ့ကျွန်မအတွက် "ရေစက်"အချိန်ပဲဖြစ်ပါတယ်။ အဲ ဒီလရဲ့ ၇ ရက်မှာတော့ ကရင်ပြည်သူများကို ကျွန်မမိခင်ရဲ့ဇာတိမြို့မှာ တွေ့ဆုံခဲ့ရပါတယ်။ ၁၀ ရက်နေ့မှာတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဘို့ရောက်ရှိခဲ့တဲ့ ကရင့်အမျိုးသားတပ်ပေါင်းစု/က ရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ကို ကျွန်မရဲ့အိမ်မှာတွေ့ဆုံ ဧည့်ခံ ခဲ့ပါတယ်။ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ရန်ကုန်မှာ ကျွန်မနဲ့တွေ့နိုင်ဘို့ ကရင့်အမျိုး သားတပ်ပေါင်းစု/ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ ဗဟိုဌာနချုပ်မှ စာကို လက်ခံရရှိ ချိန်မှာ မယုံနိုင်လောက်အောင်ကို ဖြစ်မိရပါတယ်။ နှစ်ပေါင်း နှစ်ပေါင်းများစွာ ပြည်ထောင်စုရဲ့ ငြိမ်းချမ်း ရေးနဲ့ စည်ပင်သာယာဝပြောရေးအတွက် ကျွန်မတို့ ရဲ့အောင်ပွဲအတွင်း မိတ်ဆွေများနဲ့ ရဲဘော်ရဲဘက် များလို့ထင်မှတ်ထားခဲ့ရသူများနဲ့ တွေ့ဆုံရတဲ့ အခွင့်အရေးကို နောက်ဆုံးမတော့ ရရှိလိုက်ရပါတယ်။ အဲဒိနှစ်ပေါင်းများစွာအတွင်းမှာတော့ ပထဝီအနေအထားအရဖြစ်စေ၊ နိုင်ငံရေးအခြေအနေများအရဖြစ် စေ သူတို့နဲ့ အနေဝေးအလှမ်းကွာနေခဲ့ကြပါတယ်။ အင်အားပြည့်ကိုယ်စားလှယ် ၁၄ ယောက်အဖွဲ့ ရောက်ရှိလာတဲ့အချိန်တိုအတွင်းမှာ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားများကြားမှာ မလိုလားအပ်တဲ့အတား အဆီးများကိုဖန်တီးပေးထားတဲ့ အခြေအနေများကြောင့် ကျွန်မတို့ရဲ့ စိတ်နှလုံးတွေဟာ မဝေးကွာကြ တော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်

မိုအိနိချိသတင်းစာ၊ ဂျပန်။ ဖေဖော်ဝါရီ ၂၄၊ ၂၀၁၂

(၂၀၁၂ ဖေဖေဖ်ာဝါရီ ၂၄ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ REUNION, Union-1 ဆောင်းပါးကို ဘာသာပြန်ဆိုပါတယ်။)

မောင်မောင်လှကြိုင်

၂၀၁၂-၀၂-၂၅

Posted: 24 Feb 2012 08:40 PM PST
ကာတွန်း.. ဟာဂျူလီ(ကသာ)

လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်တွင်းအခမဲ့ဆေးကုသခွင့်၊ တစ်လလျှင် ကျပ်သုံးထောင်ထက်မပိုသော ရေအခမဲ့သုံးစွဲခွင့်၊ တစ်လလျှင် ကျပ်တစ်သောင်းထက်မပိုသော လျှပ်စစ်ဓာတ်အား အခမဲ့သုံးစွဲခွင့်၊ တစ်လလျှင် ကျပ်တစ်သောင်းထက်မပိုသော ပြည်တွင်းတယ်လီဖုန်း အခမဲ့ခေါ်ဆိုခွင့်၊ နိုင်ငံပိုင်လေကြာင်းလိုင်းများတွင် တစ်နှစ်လျှင် ခရီးစဉ်တစ်ခု အသွားအပြန် မိမိအပါအ၀င် သုံးဦးအတွက် အခမဲ့စီးနင်းခွင့်၊ နိုင်ငံပိုင် မီးရထား၊ သင်္ဘော၊ မော်တော်ယာဉ်များဖြင့် ခရီးသွားလာရာတွင် တစ်နှစ်လျှင် အသွားအပြန်ခရီးစဉ်တစ်ကြောင်း အထက်တန်းအဆင့်ဖြင့် မိမိအပါအ၀င် ငါးဦးအတွက် အခမဲ့စီးနင်းခွင့် ရရှိမည်ဖြစ်ကြောင်း ဖေဖေါ်ဝါရီ(၂၄)ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေကြမ်းကော်မီတီက ပြောကြားသည်။

Popular Myanmar News Journal


Posted: 24 Feb 2012 09:55 AM PST

"မြန်မာလူမျိုးက နှစ်ယောက်ရှိရင် နှစ်ဂိုဏ်းကွဲတယ်။ သုံးယောက်ရှိရင် သုံးဂိုဏ်းကွဲတယ်။ ဘယ်တော့မှ မညီညွတ်ဘူး။ ဒါကြောင့် မတိုးတက်တာ " နိုင်ငံရေး အလုပ်ကိုမနှစ်မြို့တဲ့လူစားများရဲ့ ပါးစပ်ကအမြဲတမ်းကြားရလေ့ရှိတဲ့ စကားဖြစ်တယ်။

မြန်မာမှာမကွဲတာမရှိတဲ့

သူတို့စကား ခိုင်မာစေဖို့အတွက် ကွန်မြူနစ်တွေလည်း ကွဲတယ်။ ပြည်သူ့ရဲဘော်တွေလည်း ကွဲတယ်။ ဆိုရှယ်လစ်လည်း ကွဲတယ်။ ဖဆပလလည်းကွဲတယ်။ ပထစလည်း ကွဲတယ်။ အဲဒီမတိုင်ခင်က ဂျီစီဘီအေလည်းကွဲ၊ သခင်တွေလည်းကွဲ၊ မကွဲဘူးတဲ့ အဖွဲ့အစည်းတစ်ခုမှကို မြန်မာပြည်မှာ မရှိဘူးလို့ ဆက်ပြောချင်ပြောပါလိမ့်ဦးမယ်။ ဘယ်သူတွေက အဲဒီလိုပြောကြတာလဲလို့ ကြည့်လိုက်ရင်၊ အများစုဟာ ဘယ်ခေတ်၊ ဘယ်အခါမှာမှ အများအရေးကို ပါဝင်ဆောင်ရွက်လေ့မရှိဘဲ၊ ကိုယ့်အရေး၊ ကိုယ့်မိသားစုအရေး တစ်ခုတည်းကိုသာ အလေးထားလုပ်ဆောင်လေ့ရှိသူတွေဖြစ်တယ် ဆိုတာတွေ့ရလိမ့်မယ်။

သက်သက်ရမယ်ရှာတာ

တကယ်တော့ ဒီလူတွေဟာ အများအကျိုး၊ ရပ်ကျိုးရွာကျိုး သူတို့မလုပ်တာကို ခုခံကာကွယ်ဖို့အတွက် သက်သက်မဲ့ရမယ်ရှာပြီး ပြောကြတာဖြစ်တယ်။ လူ့လောကမှာ ရုပ်ချင်းခွဲမရအောင် တူတယ်ဆိုတာသာရှိပြီး စိတ်သဘောထားချင်း တစ်ထပ်တည်း တစ်သားတည်းကျအောင် တူတယ်ဆိုတာမရှိဘူး။ ဒါသဘာဝတရား ဖြစ်တယ်။ ရုပ်ချင်းတူတဲ့ အ မြွှာချင်းတောင်မှ စိတ်ချင်းအတော်တူပေမယ့် အားလုံးတစ်သားတည်းကျအောင် တူတာတော့မဟုတ်ဘူး။ မတူတဲ့နေရာတွေလည်း ရှိသေးတယ်။ မိဘနဲ့သားသမီးလည်း အလားတူပဲ။ စရိုက်မတူတာတွေရှိသလို အကြိုက်မတူတာတွေလည်းရှိတယ်။ ဒါဟာ လူ့လောကရဲ့ ဖြစ်ရိုးဖြစ်စဉ်သဘာဝပဲ။ အဆန်းမဟုတ်ဘူး။ အပြစ်ပြောစရာလည်းမဟုတ်ဘူး။

စစ်မဖြစ်ဘူးတဲ့ နိုင်ငံမရှိ

မြန်မာလူမျိုးတွေမှ သူများထက်ထူးပြီးကွဲကြတာမဟုတ်ဘူး။ မညီမညွတ်ဖြစ်တာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာရှိသမျှ နိုင်ငံတိုင်း၊ လူမျိုးတိုင်း မကွဲဖူးတဲ့နိုင်ငံ၊ စစ်မဖြစ်ဖူးတဲ့ နိုင်ငံတစ်ခုမှမရှိပါဘူး။ တိုးတက်ထွန်းကားနေတဲ့ နိုင်ငံကြီးတွေမှာလည်း အယူအဆမတူ ကွဲပြားကြလို့ သူ့ပါတီ၊ ကိုယ်ပါတီဆိုပြီး သီးခြားခွဲထောင်ထားကြတာပဲ။ ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး အာဏာရပါတီကြီးဖြစ်တဲ့ အယ်လ်ဒီပီပါတီဆိုရင် ပါတီတစ်ခုတည်းမှာကို သီးခြားအုပ်စုကွဲတွေ တစ်ဒါဇင်လောက်တရားဝင်တည်ရှိနေတာ ဖြစ်တယ်။

လူလားမမြောက်သေးလို့

ကွဲကြ၊ ပြဲကြတယ်ဆိုတာက အယူအဆချင်း၊ ယုံကြည်ချက်ချင်း၊ မတူလို့မဟုတ်ဘူး။ ဦးနှောက်လူလား မမြောက်သေးလို့နဲ့ နိုင်ငံရေးမရင့်ကျက်သေးလို့ဖြစ်တာ။ လူလားမြောက်ရင့်ကျက်ပြီဆိုရင် အမြင်အယူအဆ မတူတာဟာ လူ့သဘာဝပဲလို့ နားလည်ပြီး သည်းခံနိုင်တယ်။ အတူတွဲပြီး လုပ်နိုင်ကိုင်နိုင်တယ်။ လူ့ဘုံလူ့လောကဆိုတာ မတူတဲ့လူတွေအတူတွဲပြီး မတူတဲ့အတွေးအခေါ် အယူအဆတွေကို တစ်ဦးချင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြကိုင်ကြရင်းက ဖြည်းဖြည်းချင်း တိုးတက်ဖွံ့ဖြိုးလာခဲ့တာဖြစ်တယ်။

ထင်းစည်းဥပမာ

တစ်သွေးတစ်သားတည်း ပေါင်းစည်းညီညွတ်တယ်၊ ရေကိုသားလို့ အကြားမထင်သလို ပေါင်းစပ်တယ် ဆိုတာတွေက စကားအဖြစ်ပြောတာ သက်သက်ပဲ။ တကယ်လက်တွေ့တည်ရှိနိုင်တာမျိုး မဟုတ်ဘူး။ ထင်းစည်းတစ်စည်းလို စည်းလုံးညီညွတ်တယ်ဆိုတဲ့ ပုံဆောင်စကားကမှ လူလောကမှာ သဘာဝ ကျစွာ ဖြစ်နိုင်တဲ့ ပေါင်းစည်းညီညွတ်ရေးဖြစ်တယ်။ ထင်းစည်းတစ်စည်းမှာ အမျိုးအစားမတူတဲ့၊ အတိုအရှည် မညီတဲ့ ထင်းချောင်းတွေကို ကြိုးတစ်ချောင်းနဲ့ စုပြီးစည်းထားလိုက်တာဖြစ်တယ်။ ပေါင်းစည်းထားတဲ့အတွက် လိုရာအရပ်ရောက်အောင် သက်သက်သာသာလွယ်လွယ်ကူကူနဲ့ သယ်ပိုးသွားနိုင်တယ်။ အလွယ်တကူ ကျိုးပဲ့မသွားဘူး။


ဘုံအကျိုးစီးပွားအတွက်

လူ့လောကဆိုတာလည်း အတူတူပဲ။ အသွေးအရောင်၊ အမျိုးအနွယ်မတူ ကွဲပြားခြားနားတဲ့ လူအများအပြားဟာ တူညီတဲ့ပန်းတိုင်တစ်ခုကို ရောက်ဖို့အတွက် ဘုံအကျိုးစီးပွားဆိုတဲ့ ကြိုးနဲ့စုစည်းပြီး ခရီးသွားနေတာဖြစ်တယ်။ တူညီတဲ့ ပန်းတိုင်ဆိုတာကတော့ အေးချမ်းသာယာပြီး လူတိုင်းလူတိုင်း မတောင့်မတ မကြောင့်မကြ လွတ်လွတ်လပ်လပ်နေထိုင်နိုင်တဲ့ သာယာရွှေပြည်ဖြစ်ပါတယ်။ အဲဒီ သာယာရွှေပြည်ကိုရောက်ရင် လူမျိုးမရွေး၊ ဘာသာမရွေး၊ အသားရောင်မရွေး၊ လူသားအားလုံး ခံစားရမှာဆိုတော့ ကိုယ်လည်းခံစားရမယ်။ သူလည်းခံစား ရမယ်ပေါ့။ အဲဒီလို ခံစားချင်စိတ်က ဘုံအကျိုးစီးပွားဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းက ညီညွတ်ရေးဆိုတာ တူညီတဲ့ ဘုံအကျိုးစီးပွားတစ်ခုအတွက် ပူးတွဲနေထိုင်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်တယ်။

ဒီမိုကရေစီကျင့်စဉ်

ဘုံအကျိုးစီးပွားချင်း တူရင်တွဲလုပ်တယ်။ မတူရင်တွဲမလုပ်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဖာသာလုပ်တယ်။ ဒါသဘာဝပဲ။ ဘာမှမထူးဆန်းဘူး။ အပြစ်ပြောစရာလည်း မဟုတ်ဘူး။ ကိုယ်ကကိုယ်ကြိုက်တဲ့ လမ်းကသွားသလို၊ သူလည်းသူကြိုက်တဲ့ လမ်းကသွားပါစေ။ ဒါလူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးပဲ။ ကိုယ့်အခွင့်အရေးကို ကိုယ့်မြတ်နိုးသလို သူလည်းသူ့အခွင့်အရေးကို တန်ဖိုးထားမှာပဲ။ ဒါကို နားလည်သဘောပေါက်ပြီး သူ့အခွင့်အရေးကို တန်ဖိုးထားလေးစားတာ၊ သူ့အခွင့်အရေး သူ့စိတ်ကြိုက် အသုံးချတာကို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပေးတာဟာ ဒီမိုကရေစီကျင့်စဉ်ဖြစ်တယ်။


လူသုံးမျိုး

ဒီလိုပြောတဲ့အတွက် အားလုံးဟာမိတ်ဆွေဖြစ်တယ်၊ ရန်သူမရှိဘူးလို့ပြောတာမဟုတ်ဘူး။ လူ့အဖွဲ့အစည်း အတွင်းမှာ လူကောင်း၊ လူဆိုး၊ လူယုတ်မာဆိုတာကတော့ ဘယ်ခေတ်ဘယ်အခါမဆို ရှိနေတာပဲဖြစ်တယ်။ လူကောင်းကို မိတ်ဆွေအဖြစ် သဘောထားရမယ်ဆိုတာကတော့ ပြောစရာမလိုဘူး။ လူတိုင်းသိတယ်။ လူဆိုးကျတော့ ခွဲခြားစဉ်းစားစရာရှိတယ်။ တချို့က အရက်သေစာသောက်စားမူးရစ်တဲ့သူ၊ လောင်းကစား အလွန်အကျွံလုပ်သူကို လူဆိုးလို့ခေါ်တယ်။ သူ့ဟာသူ ကြိုက်လို့စွဲလို့သောက်တယ်၊ လောင်းကစားလုပ်တယ်၊ ဘယ်သူ့ကိုမှ ဒုက္ခ မပေးဘူးဆိုတဲ့သူမျိုးကိုတော့ မိတ်တွေအဖြစ်မပေါင်းသင်းချင်ရင်တောင်၊ ရန်သူအဖြစ် သဘောထားပြီး ရှောင်ဖယ်နေစရာတော့ မလိုဘူးထင်ပါတယ်။

အမှားကိုမြင်လို့ပြုပြင်ရင်

တချို့ဆင်းရဲလွန်းလို့ ကြံမိကြံရာကြံရင်းနဲ့ ခါးပိုက်နှိုက်ဖြစ်၊ သူခိုးဖြစ်သွားတာမျိုးရှိတယ်။ သူတို့ဟာ လူဆိုးတော့လူဆိုးပဲ၊ ဒါပေမဲ့ မတရားနိုင်ထက်စီးနင်းနဲ့ နှိပ်စက်ညှဉ်းပန်းမလုပ်ဘူး။ သူတစ်ပါးသားပျို၊ သမီးပျိုကို ထိပါးစော်ကားမပြုဘူးဆိုရင်တော့ လူယုတ်မာလို့ခေါ်တဲ့အဆင့် မရောက်သေးဘူးလို့ ဆိုချင်တယ်။ သူတို့အမှားကိုသိလို့ နောင်တတရားရ ပြုပြင်တယ်ဆိုရင် ခွင့်လွှတ်သင့်သူကို ခွင့်လွှတ်ရမယ်။ ပြုပြင်ပေါင်းသင်းသင့်သူကို ပေါင်းသင်းနိုင်တယ်။ ရှေးခေတ်၊ ရှေးအခါ နာမည်ကြီးတဲ့ ရှင်မတောင် ဓားပြဂိုဏ်းကြီးတောင် နောက်ဆုံးကျတော့ ဖက်ဆက်တော်လှန်ရေးကြီးထဲ ပါဝင်လာပြီး တိုင်းပြည်ရဲ့ အဖိုးတန်သားကောင်း၊ သမီးကောင်းတွေဖြစ်လာခဲ့ကြတဲ့ သာဓကရှိပါတယ်။


ငတေမာပြီးရော

တချို့ကျတော့ သောက်စားမူးယစ်မှုမရှိဘူး၊ လောင်းကစားမလုပ်ဘူး၊ ဓားပြလည်းမတိုက်ဘူး၊ ဒါပေမဲ့ ဘယ်သူသေသေငတေမာပြီးရောဆိုတဲ့စိတ်နဲ့ တစ်ရွာလုံးငတ်ပြီး သေချင်သေ ငါ့စပါးကျီထဲက စပါးတွေတော့ထုတ်ရောင်းမပေးနိုင်ဘူးဆိုပြီး လူတွေတစ်ယောက်ပြီးတစ်ယောက် သေသွားတာကို ငုတ်တုတ်ထိုင်ကြည့်နေနိုင်တယ်။ တချို့က နိုင်တုန်းဖိထောင်းထားတယ်ဆိုတဲ့ စိတ်နဲ့ အားနည်းသူတွေကို နိုင့်ထက်စီးနင်းညှဉ်းပန်းနှိပ်စက်တတ်တယ်။ တချို့ကျတော့ မသိနားမလည်သူတွေကို လိမ်ညာလှည့်စားပြီး ကိုယ်ကောင်းစားဖို့ ဂုတ်သွေးစုပ်တတ်တယ်။ တချို့က သူတော်ကောင်းဟန်ဆောင်ပြီး လူမသိအောင် မတော်မတရား အလုပ်တွေလုပ်တတ်တယ်။

မောရုံသာအဖတ်တင်

ဒီလူစားမျိုးတွေကိုတော့ လူဆိုးဓားပြထက်တောင် ကြောက်စရာကောင်းလို့ လူယုတ်မာဆိုတဲ့ စကားလုံးနဲ့ပဲ ထိုက်တန်တယ်။ ဘယ်တော့ဘယ်အခါမှ အပေါင်းအသင်းမလုပ်အပ်သူတွေညဖစ်တယ်။ ရန်သူအဖြစ် ပြတ်ပြတ်သားသားသတ်မှတ်ပြီး ခေါင်းမဖော်နိုင်အောင် ရှုတ်ချပစ်ရမယ်။ အားနာနေလို့ မဖြစ်ဘူး။ ညှာတာထောက်ထားဖို့ မတန်ဘူး။ လူယုတ်မာတွေက မေတ္တာတရားကို ဘယ်တော့မှတန်ဖိုးထားတာ မဟုတ်ဘူး။ တရားဟောနေရင် မောရုံသာ အဖတ်တင်ပါလိမ့်မယ်။

လူသုံးမျိုး" ဆောင်းပါးက ၂၁.၀၂.၂၀၁၂ ထုတ် News Watch Journal မှာ ပါတဲ့ ဆောင်းပါး ဖြစ်ပါတယ်။

Posted: 24 Feb 2012 08:38 AM PST


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment