Saturday 31 March 2012

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ မိနစ်အလိုက် နောက်ဆုံးရသတင်းများ

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ မိနစ်အလိုက် နောက်ဆုံးရသတင်းများ PDF Print
Saturday, 31 March 2012 22:09
AddThis Social Bookmark Button
ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲများအတွက် လစ်လပ်မဲဆန္ဒနယ် (၄၀)ကျော်တွင် ရောက်ရှိနေသော
 Eleven Media Group မှ သတင်းထောက်များ၏ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ နောက်ဆုံးရသတင်း
များကို ဤနေရာတွင် မိနစ်အလိုက် အချိန်နှင့် တစ်ပြေးညီ စုစည်ဖေါ်ပြအပ်ပါသည်။ ထို့အတူ https://www.facebook.com/ElevenMediaGroup တွင်လည်း နောက်ဆုံးရသတင်းများကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးထားပါသည်။
31 March 2012 23:48
ကလောမြို့နယ်တွင် မဲရုံပေါင်း ၁၃၂ ရုံ၊ မဲပုံး ၂၅၆ ပုံး၊ မဲလက်မှတ် စာအုပ်မှာ ၂၀၁၉ အုပ် ဖြစ်ကြောင်း၊ မဲပေးနိုင်သည့် ဦးရေ ကျား ၄၈၂၃၆ ဦး၊ မ ၅၀၁၅၇ ဦး၊ စုစုပေါင်း ၉၈၃၉၃ ဦးဖြစ်ကြောင်းနှင့် စစ်တပ်မှ မဲပေးနိုင်သူဦးရေမှာ ၄၀၀၀ ကျော်ရှိကြောင်း သိရသည်။
31 March 2012 23:44
သုံးခွမြို့နယ်တွင် လူဦးရေ ၁၅၈၈၃၀ ရှိပြီး မဲပေးနိုင်သည့်ဦးရေမှာ ၁၁၂၇၉၀ ဖြစ်ကြောင်း၊ မဲရုံပေါင်း ၁၃၅ ရုံရှိကြောင်းနှင့် မြို့နယ်ကော်မရှင်က ကြိုတင်မဲ ၂၀၀၀ မကျော်စေရကြောင်း ပြောကြားထားပြီး ယင်းအနက်
 ၁၆၅၀ ကို NLD က ရရှိခဲ့ကြောင်း သိရသည်။
31 March 2012 23:13
"ပြည်သူတွေရဲ့ စီးပွားရေး အခက်အခဲတွေ၊ ကုန်ဈေးနှုန်း အခက်အခဲတွေ၊ လယ်ယာမြေ သိမ်းခံရတာတွေကို တွေ့နေရပါတယ်။ ပထမဆုံးလုပ်ပေးချင်တာကတော့ လယ်သမားတွေရဲ့ ထွက်ကုန်တွေကို ပြည်ပကို ကျယ်ကျယ်ပြန့်ပြန့်ရောင်းချပေးနိုင်အောင်ပါ။ တချို့မဲစာရင်းတွေ မှားတာတွေ
ကတော့ ကျွမ်းကျွမ်းကျင်ကျင် မရှိသေးလို့ပဲ မြင်ပါတယ်။ အချိန်မှီ ပြုပြင်နိုင်ခဲ့တာတွေ ရှိသလို၊ မပြင်နိုင်ခဲ့တာတွေလည်း ရှိပါတယ်။ မြန်အောင်မြို့နယ်က ဒေါင့်ကျအုပ်စု၊ ညောင်တုန်းလဲအုပ်စု၊ ရင်းတိုက်ကုန်းအုပ်စု၊ ထောက်ကျံ့အုပ်စုတွေကို မနက်ဖြန် အဓိကထားပြီး သွားမှာပါ။ ပြည်သူတွေကို အဓိက ပြောချင်တာကတော့ မိမိနိုင်ငံအတွက် ဆောင်ရွက်ပေးနိုင်မယ့် ပုဂ္ဂိုလ်ကိုရွေးချယ်တာ
 ပိုကောင်းပါတယ်"
ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းလှိုင်
31 March 2012 23:01
"ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေး တို့လိုအပ်နေတာ တွေ့ရပါတယ်။ မနက်ဖြန်မှာ မြန်အောင်မြို.နယ်မှာရှိတဲ့ မြို့ပေါ်နဲ့က နောင်ကို အဓိကထားသွားမှာပါ။ တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲဖြစ်အောင် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာ ဆောင်ရွက်ထားပါတယ်။ ပြည်သူတွေအားလုံးက ပြည်ထောင်စုကြံ.ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ယုံကြည်အားပေးပါ။ နိုင်ငံနဲ့ လူမျိုးအနာဂတ် လိုအပ်ချက်အားလုံးကို ကျန်တဲ့ နှစ်ကာလအတွင်းမှာ အစွမ်းကုန် ဆောင်ရွက်ပေးပါမယ် ဟု ပြောကြားခဲ့ပါတယ်။"
31 March 2012 22:55
w57_02
ကော့မှူးမြို့နယ် ၀ါသိင်္ခရွာသို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများနှင့်အတူ ယနေ့ညဦးပိုင်းက တွေ့ရစဉ်


w57_02_1
ကော့မှူးမြို့နယ် ၀ါသိင်္ခရွာသို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများနှင့်အတူ ယနေ့ညဦးပိုင်းက တွေ့ရစဉ်

w57_02_2
w57_02_3
31 March 2012 22:10
"ကော်မရှင်ကသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာလုပ်ဆောင်နေသည်။ မြို့နယ်ကော်မရှင်ကိုကျော်ပြီး လုပ်တာဘာမှမရှိ၊ ကြိုတင်မဲကိစ္စလည်း ပါတီအနေဖြင့် ၀င်ရောက်စွက်ဖက်မှု မလုပ်ကြောင်းဆို၊ မဲဆွယ်ကတည်းက စည်းကမ်းတကျလုပ်ဆောင်ပြီး ချိုးဖောက်မှုမလုပ်ကြောင်းပြော၊ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း တရားမျှမျှတတသာလုပ်ဆောင်သွားမည်ဟု ဆိုပါသည်။"
ဦးရန်နိုင်စိုး မြို့နယ်အတွင်းရေးမှူး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စာလှယ်လောင်းဦးတင့်လွင် ကျေးရွာမဲရုံကိုယ်စာလှယ်လောင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ
သွားရောက်နေသဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါ။
31 March 2012 2205
"စည်းမျဉ်းစည်းကမ်းအတိုင်းသတင်းယူနိုင်သည်၊ မဲရုံအတွင်း ၀င်ရောက်ပြီး ဓာတ်ပုံရိုက်ခွင့်မပေးနိုင်၊ မြင်သာထင်သာသည့်နေရာမှနေ၍ သက်ဆိုင်ရာရပ်ကျေးကော်မရှင်ထံ ခွင့်တောင်းပြီးဓာတ်ပုံရိုက်နိုင်သည်။ မဲပေးသူများကို အနှောင့်အယှက်လုံးဝမဖြစ်စေရ၊ ပါတီတစ်ခုခုအတွက် မဲဆွယ်သည့်သဘောမျိုးအမူအရာမျိုးဖြင့် မဲပေးသူများအားအင်တာဗျူးမပြုလုပ်ရ၊ ပါတီတစ်ခုခု၏အလံနှင့် အရောင်တူအင်္ကျီမ၀တ်ဆင်ရဟု ပြောကြားသည်။ ကော်မရှင်အဖွဲ့ဝင်များ သက်ဆိုင်ရာ ရပ်ကျေးနယ်မြေအသီးသီးသို့ ၃၀ရက်နေ့နှင့် ၃၁ရက်နေ့အတွင်း သွားရောက်ပြီဖြစ်ကြောင်း သိရပြီး ဖြစ်ပေါ်လာသော၊ ရှိလာသော အခက်အခဲများကို ဖြေရှင်းပေးနိုင်အောင် ပြင်ဆင်ထားသည်ဟု မြို့နယ် ကော်မရှင်တာဝန်ရှိသူများက ဆိုပါသည်။ မဲရုံများပိတ်ပြီးနောက် မဲစာရင်းရေတွက်မှုကိုလည်း ဓာတ်ပုံရိုက်ခွင့်မပေးနိုင်ကြောင်း၊ မဲရလဒ်များကိုလည်း မြို့နယ်နှင့် ခရိုင်မှ မထုတ်ပြန်ပေးနိုင်ကြောင်းနှင့် တိုင်းကော်မရှင်မှသာ တောင်းယူရန်ပြောပါသည်။ ၂၀၁၀ပြည့်နှစ်ေ၇ွးကောက်ပွဲတွင် ညနေ ၇နာရီဝန်းကျင်
တွင် အနိုင်အရှုံးရလဒ်သိရှိနိုင်ကြောင်း သိရပါသည်။"
ဦးကျော်မောင် ဥက္ကဋ္ဌ မြို့နယ်ကော်မရှင်၊ ဦးတင်မြင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်
31 March 2012 22:00 
"ရွာတိုင်းရွာတိုင်းက ဒေါ်အောင်စုကြည်နဲ့ ဒီချုပ်ဆိုတာနဲ့ အဖွဲ့ဆိုတာနဲ့ လာစရာမလို မဲပေးဖို့ အသင့်ဆိုတာ
ချည်းပဲ။ တချို့ပါတီတွေဆိုရင် လူစုဖို့တောင်ခက်ခဲတယ်။ ရွာဘုန်းကြီးလှူပြီး ဘုန်းကြီးကတစ်ဆင့် လူစုရတာ တွေ့ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ၉၀ ရွေးကောက်ပွဲမှာ တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ် တစ်ဦးဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ကြောင့် မဲပေးတာပိုများမှာပါ။ အခက်တွေလည်းရှိပါ
တယ်။ တချို့ရွာတွေဆို အအုပ်ချုပ်ရေးမှူးတွေကြောင့် ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ သူတို့က
 မျက်နှာလို မျက်နှာရ လုပ်ချင်တယ်။ လက်ပါးစေတွေလိုမျိုး စိန်ခေါ်၊ ခြိမ်းခြောက်၊ နှောင့်ယှက်ချင်ကြတယ်။
 ဥပမာ မန်းကျည်းကြုံရွာဆို မဲစာရင်းကပ်တာ နောက်ကျတယ်။ မုန်းစလှဲရွာဆိုလည်း ၃၁ရက်နေ့ထိ မဲစာရင်းမကပ်သေးဘူး။ ကပ်စရာသင်ပုန်းမရှိလို့ပြောတယ်။ တချို့လည်းအမှန်ပြောတာဖြစ်မှာပါ။
သာဂရမှာလည်း မဲစာရင်းကပ်တာ နောက်ကျတော့ လူသုံးရာကျော် မဲ ပေးခွင့်မရတော့ဘူး။ ကျောင်းတော်ရာကျေးရွာအုပ်စုဆိုရင် လူဦးရေ ၃၄၁၁ရှိတာမှာ ၁၁၄၀မှာ မှတ်ပုံတင်မရှိလို့မေးပေးခွင့်မရဘူးဖြစ်တယ်။ မြို့နယ်လ၀ကကို ပြောမရတော့ ခရိုင်၊ တိုင်းအဆင့်ထိပြောရတယ်။ ယာယီ မှတ်ပုံတင် လုပ်ပေးမယ်လို့ပြောပေမယ့် အချိန်မီဖို့ ခက်ခဲပါတယ်။ မြို့နယ် ကော်မရှင်ကနေ မတ်လ ၁၇ရက်နေ့က မဲစာရင်းကူးခွင့်ရပါတယ်။ စာရင်းမှားတာတွေလည်း ရှိတယ်။ ကုန်းဇောင်းတို့၊ ပေတောတို့မှာ ရာချီပြီးလျော့တယ်။ ကော်မရှင်ကိုပြောတော့ ကော်မရှင်က ပြန်စိစစ်ပြီး ဖြည့်ပေးတာလည်းရှိတယ်။
အနှောင့်အယှက်ပေးတာတွေလည်း ရှိတယ်။ ဇီးတောအုပ်စု ကျောင်းစုကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဆို၊ သူက မကွေးတိုင်းဒေသကြီးဝန်ကြီးတစ်ဦးရဲ့ညီတော် တယ်ပြောတယ်။ သူက အုပ်ချုပ်ရေးမှူးလုပ်လာတာ နှစ်
 ၂၀ရှိပြီ။ ကျွန်တော်တို့မဲဆွယ်တာ၊ စည်းရုံးရေးဆင်းတာ၊ မဲဆွယ်စာရွက်ကပ်တာကအစ သူ့ကျေးရွာမှာတော်တော်ခက်ခက်ခဲခဲလုပ်ရတယ်။ နောက် နန်းတော်ကျွန်း အုပ်ချုပ်ရေးမှူးဆိုလည်း
ကျွန်တော်တို့ မဲဆွယ်စာရွက်စာတမ်း တွေကို ဆုတ်ဖြဲတာမျိုးလုပ်တယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲမှာ ကျွန်တော့်အနေနဲ့ ၇၀ရာခိုင်နှုန်းနိုင်မယ်၊ ၃၀ရာခိုင်နှုန်း အနှောက်အယှက် ကြုံနိုင်တယ်လို့ ခန့်မှန်းထားပါ
တယ်။ ကြိုတင်မဲကိစကတော့ ၃၁ရက်နေ့ ညနေပိုင်းထိ ကျွန်တော်တို့ဆီ သတင်းမတက်ပါဘူး။ ၃ရာခိုင်နှုန်းထက် ကျော် မကျော်၊ စည်းကမ်း သတ်မှတ်ချက် ညီ မညီ မသိသေးပါဘူး။ ရွေးကောက်ပွဲနေ့မှပဲ သက်ဆိုင်ရာ မဲရုံကိုယ်စားလှယ်တွေကို မေးရမှာပါ။ ဒီရွေးကောက်ပွဲမှာ အခုလောက်မဲဆွယ်ခွင့်ရတာ ခန့်မှန်းထားတာထက် ပိုကောင်းပါတယ်။ ဒါက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ တွေဆုံညိနှိုင်း
မှုကြောင့် ရတာပါ။"
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပွင့်ဖြူမြိုနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို
ပွင့်ဖြူမြို့နယ် -မဲပေးနိုင်သူဦးရေ ၁၁၃၀၅၃မြို့ပေါ်ရပ်ကွက် ၄ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၂စု၊ စုစုပေါင်း ၅၆၊
မဲရုံပေါင်း ၂၀၉ရုံ

31 March 2012 21:21 
“မနက်ဖြန်ကျရင် အစောဆုံးသွားပြီးမဲပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေစုကို ချစ်လို့ပေါ့”
ပြင်ဦးလွင်မြို့နယ် မိုးကြိုးပစ်ကျေးရွာမှ ကုန်စုံဆိုင်ရှင်တစ်ဦး
“မနက်ဖြန်ကျရင် အစောဆုံးသွားပြီးမဲပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေစုကို ချစ်လို့ပေါ့”
ပြင်ဦးလွင်မြို့နယ် မိုးကြိုးပစ်ကျေးရွာမှ ကုန်စုံဆိုင်ရှင်တစ်ဦး
“ဒီရွေးကောက်ပွဲမှာ ကျွန်တော်တို့တွေ ဘယ်သူ့ကို ရွေးချယ်ရမယ်ဆိုတာ သိလာပြီ။ အရင်တုန်းက ရွေးကောက်ပွဲအတွေ့အကြုံမရှိတာရယ် အဆွယ်ကောင်းတာရယ်ကြောင့် သူများပေးတဲ့ မဲပဲလိုက်ပေးခဲ့တယ်။ အခုတော့ ကျွန်တော်တို့တွေမှာ အတွေ့အကြုံရှိလာပြီ။ ဘယ်သူ့ကိုပေးရမယ်ဆိုတာ သိလာတယ်။ ဒီတစ်ခေါက် ကျွန်တော်ပိုင်တဲ့မဲကို ပေးဖြစ်အောင်ကို ပေးမယ်” ပြင်ဦးလွင်မြို့နယ်  မိုးကြိုးပစ်ကျေးရွာမှ တောင်သူတစ်ဦး
“ကျွန်တော့်အိမ်မှာ မိသားစုခြောက်ယောက်ရှိတယ်။ အားလုံးမဲပေးပိုင်ခွင့်ရှိတဲ့ အသက်အရွယ်တွေချည်းပဲ။
ဒီတော့ ကျွန်တော်တို့မဲကို ပေးဖြစ်အောင်ပေးမယ်။ ကျွန်တော်တို့နိုင်ငံအပြောင်းအလဲဖြစ်ဖို့လိုနေတယ်။ ဒီလိုအပ်ချက် ကို လုပ်နိုင်မယ်လို့ထင်တဲ့သူ၊ လွတ်တော်ထဲမှာ ပြောရဲဆိုရဲရှိတဲ့သူတယ်လို့ ကျွန်တော်တို့ ယုံကြည်တဲ့သူကို မဲပေးမယ်။ အရင် ၂၀၁၀ မဲပေးတုန်းက ဘာခံစားမှုမှမရှိခဲ့ဘူး။
 ဒီတစ်ခေါက်တော်တော်လေး စိတ်လှုပ်ရှားတယ်။ မနက်ဖြန်အတွက် ကြိုပြီးရင်ခုန်မိတယ်။ တကယ်အလုပ်လုပ်မယ့်သူအတွက် တစ်မဲဆိုလည်းတစ်မဲ တန်ဖိုးရှိတယ်”
ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၃)တွင် နေထိုင်သူတစ်ဦး
“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲသာ အမှန်တကယ်ဖြစ်ခဲ့ရင် ကျွန်တော်တို့ပဲ နိုင်မှာပါ”
ဦးကျော်သီဟ၊ ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

31 March 2012 22:01

တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ရှစ်ခုတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် သေချာမှု မရှိသေးကြောင်းသိရ

တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ရှစ်ခုတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် မတ်လ ၃၁
 ရက်နေ့အထိ သေချာမှုမရှိသေးကြောင်း တန့်ယန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

''ကျေးရွာအုပ်စု ရှစ်ခုက မဲရုံဖွင့်လို့ရမရ ဒီနေ့ထိ မသေချာသေးပါဘူး။ ကော်မရှင် အနေနဲ့ကတော့ မဲပေးခွင့်ရှိသတွေ မဲပေးနိုင်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာပါ''ဟု မြို့နယ်ကော်မရှင်
 အဖွဲ့ခွဲဥက္ကဋ္ဌက ဆိုသည်။

မဲရုံဖွင့်လှစ်ရန် အခက်အခဲရှိသည့် ကျေးရွာအုပ်စု ရှစ်ခုမှာ နမ့်လပ်၊ ကောင်းလန်း၊ နားဝိန်၊ ပန်ဖီ၊ နမ့်စိုင်၊
 ခမ်းပုန့်၊ မန်ကောင်းနှင့် နမ့်အွန်အုပ်စုများဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးရွာအုပ်စုရှစ်ခုတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အရေအတွက်မှာ ၁၀၉၈ ဦးရှိကြောင်း သိရသည်။

''အဲဒီ ကျေးရွာအုပ်စုတွေမှာ မဲရုံဖွင့်ပြီး မဲပေးခွင့် ရ မရ မနက်ဖြန်မှပဲ သိရမှာ။ ကော်မရှင် အဖွဲ့ခွဲကလူတွေ

လည်း အဲဒီရွာတွေဘက် ဆင်းသွားကြပြီ။ အခြေအနေပေးရင် အဲဒီရွာတွေနဲ့ အနီးစပ်ဆုံးမှာ မဲပေးခွင့်ရှိ
သူတွေ မဲပေးနိုင်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ ကျေးရွာအုပ်စုတွေမှာ ဘာကြောင့်
မဲရုံဖွင့်လှစ်ဖို့ ခက်ခဲရတာလည်းဆိုရင် အဖွဲ့အစည်းတစ်ခုရဲ့ နယ်မြေသဘောမျိုး ဖြစ်နေပြီး သူတို့နဲ့ ညှိနှိုင်းနေရတယ်။ သူတို့နဲ့ ညှိနှိုင်းလို့ အဆင်ပြေရင် အဲဒီရွာတွေနဲ့ အနီးစပ်ဆုံးမှာ မဲရုံဖွင့်ပြီး ဆောင်ရွက်ပေးသွားမယ်''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

''မဲရုံဖွင့်လှစ်ဖို့ ခက်ခဲတယ်လို့ မြို့နယ်ကော်မရှင်ကနေ ခရိုင်ကိုတင်ပြတဲ့ ကျေးရွာအုပ်စု ၁၀ ခု ရှိခဲ့တယ်။ အဲဒီအထဲက တောင်သျိုးနဲ့ မန်လွယ်ဆိုတဲ့ နှစ်ခုမှာ မဲရုံဖွင့်လှစ်ဖို့ ပြန်ခွင့်ပြုလိုက်လို့ အခုရှစ်အုပ်စုပဲ မဲရုံဖွင့်ဖို့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ကျန်တဲ့ ရှစ်အုပ်စုအတွက် မဲရုံတွေကို တောင်လျိုးနှင့် မန်လွယ်
ရွာတွေမှာပဲ အုပ်စုခွဲပြီး မဲရုံဖွင့်ပေးမယ်လို့လည်း ကြားတယ်။ မဲရုံဖွင့်ဖို့ ခက်ခဲတယ်လို့ တင်ပြရတဲ့ အကြောင်းအရင်းက အဲဒီဒေသမှာရှိတဲ့ အဖွဲ့အစည်းတစ်ခုက ခွင့်မပြုလို့ သိရပါတယ်''ဟု
ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲရုံ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒပေးပိုင်
ခွင့်ရှိသူ ၇၀၄၄၆ ဦးရှိကြောင်း၊ မရုံဖွင့်လှစ် ရန်ခက်ခဲသည့် အဆိုပါကျေးရွာအုပ်စုရှစ်ခုရှိ မဲရုံ ရှစ်ရုံ
 အပါအ၀င် တန့်ယန်းမြို့နယ် တစ်မြို့နယ်လုံးတွင် မဲရုံ ၅၆ ရုံရှိကြောင်း သိရသည်။

31 March 2012 21:37

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကြိုတင်မဲကောက်ခွင့် မရှိသူများက ကြိုတင်မဲများ ကောက်ခံနေကြောင်း အန်အယ်ဒီပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ပြောကြား

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကြိုတင်မဲကောက်ခံခွင့်မရှိသူများက ကြိုတင်မဲများ ကောက်ခံနေကြောင်း ကျောက်ပန်းတောင်းမြို့နယ် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောပြခဲ့သည်။

ကြိုတင်မဲများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေး စာရေးမတို့မှ လိုက်လံကောက်ခံနေပြိး ယင်းကောက်ခံမှုအား မြို့နယ်ကော်မရှင်ရုံးမှ မသိရှိကြောင်း သိရသည်။ ကြိုတင်မဲကောက်ခံခြင်းကို မတ်လ
 ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တို့တွင် ကောက်ခံခွင့်ရှိသော်လည်း အချို့နေ၇ာများတွင် မတ်လ ၂၉ ရက်နေ့ကတည်းက ကောက်ခံနေသည်ကို တွေ့ရကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောပြခဲ့သည်။

“ကြိုတင်မဲ ကောက်ခွင့်မရှိတဲ့သူတွေက ကြိုတင်မဲတွေ လိုက်ကောက်နေတယ်။ ကြိုတင်မဲဆိုတော့ ထည့်ချင်
သူတွေ ဆန္ဒရှိမှ ထည့်ရမှာပါ။ အဲဒိလို ကြိုတင်ကောက်တာကို ရပ်ကွက်ကျေးရွာ ကော်မရှင်တွေက မသိဘူး။ ဒါကြောင့် မေးခွန်းထုတ်စရာက ဒီကြိုတင်မဲ စာရွက်တွေကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ စာရေးမတွေက ဘယ်လိုရသလဲပေါ့။ ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ ရပ်ကွက်ကြိး ၁၂ ရပ်ကွက်၊ ကျေးရွာပေါင်း ၃၆၀
 ရှိပါတယ်။ အခု ကြိုတင်မဲကောက်တာတွေက အရမ်းကို များနေတယ်”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြာခဲ့သည်။

ကြိုတင်မဲပေးခြင်းနှင့်ပတ်သက်ပြီး တားဆီးပေးပါရန် မြို့နယ်ကော်မရှင်ကို တိုင်ကြားထားကြောင်း၊ ကော်မရှင်ကလည်း သူတို့ ဒီကိစ္စကိုမသိရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဒေါက်တာဇော်မြင့်မောင်က ဆက်လက်ပြောပြခဲ့သည်။

“အန်တီက ပေါင်တစ်ဖက်မကောင်းလို့ လမ်းမလျှောက်နိုင်တဲ့အတွက် ကြိုတင်မဲပေးရတာပါ။ ဒီနေ့မနက်
အန်တီကို ကြိုတင်မဲလာကောက်သွားတယ်။ အန်နီကတော့ အန်အယ်ဒီပါတီကို အမှန်ခြစ်လိုက်တယ်။
 ဒါပေမဲ့ စာအိတ်ထဲကိုတော့ ကိုယ်တိုင်မဲစာရွက်မထည့်ရဘူး။ မဲလာတောင်းခံတဲ့သူတွေပဲ စာအိတ်ထဲကို ထည့်လိုက်တယ်”ဟု ကျောက်ပန်းတောင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက
 မတ်လ ၃၁ ရက်နေ့တွင် ပြောပြခဲ့သည်။

31 March 2012 21:32

ကျောက်ပန်းတောင်း မြို့နယ် ရပ်ကွက်များ၏ မဲစာရင်းများတွင် မိသားစုလိုက် မဲစာရင်း ကျန်ခဲ့ခြင်းများရှိပြီး သေဆုံးသူအချို့မှာ မဲစာရင်းတွေပါဝင်နေကြောင်း သိရ

ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ရပ်ကွက်များ၏ မဲစာရင်းများ ကြေညာရာတွင် မိသားစုအလိုက် မဲစာရင်းကျန်ရှိခဲ့သည့် အဖြစ်အပျက် အများအပြားရှိနေပြီး သေဆုံးသူများမှာမူ မဲစာရင်းတွင်
 ပါဝင်နေကြောင်း မဲစာရင်းတွင် မပါဝင်ခဲ့သည့် သူများ၏ ပြောကြားချက်များအရ သိရှိရသည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ရပ်ကွက်များတွင် မဲစာရင်းများကို ကပ်ထားသည်ကို ရပ်ကွက်နေ
 ပြည်သူများ သိရှိစေရန် တရားဝင် ကြေညာခြင်းမျိုး မရှိကြောင်း၊ မဲစာရင်းကပ်သည်ကို မသိရှိသောကြောင့် မဲစာရင်းများ မကြည့်ခဲ့ရကြောင်း၊ မဲစာရင်းကပ်သည်ကို သိရှိပြီး သွားရောက်ကြည့်ရှူသူများတွင်လည်း မိသားစုလိုက် မဲစာရင်းတွင် ကျန်ရှိခဲ့ခြင်းများ၊ သေဆုံးသူအချို့ကို မဲစာရင်းတွင် ထည့်သွင်းထားခြင်းများ ရှိနေကြောင်း မဲစာရင်းတွင် မပါဝင်သူများက ပြောကြားခဲ့သည်။ မဲစာရင်းတွင် မပါဝင်သောကြောင့်
 ကော်မရှင်ရုံးသို့ သွားပြောရာ အလုပ်ရှုပ်ခြင်းကြောင့် မပါဝင်ခြင်းဖြစ်သည်ဟု ပြန်ပြောခဲ့ကြောင်း၊ မဲပေးရမည့်အချိန် နီးကပ်သည်အထိ မဲပေးရမည့်စာရင်းတွင် မပါဝင်သေးကြောင်း သိရသည်။

“ကျွန်မက မဲစာရင်းမှ လုံးဝမကိုမပါတာ။ ကျွန်မအဲဒါနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက စာရေးမကိုမဲစာရင်း မပါတာဘာကြောင့်လဲလို့ သွားမေးတော့ အလုပ်ရှုပ်လို့ မပါတာလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မတို့ နှစ်အိမ်ကျော်က သေဆုံးသွားတဲ့ သားအဖနှစ်ယောက်ကျတော့ မဲစာရင်းထဲမှာပါနေတယ်။
ပြီးတော့ မဲစာရင်းကိုလာ ကြည့်ဖို့အတွက်ကိုလည်း ကြေညာတာမရှိဘူး။ အခြားဟာမျိုးတွေကိုသာကြေညာ
တယ်။ မဲ စာရင်းကိုတော့ လူမြင်ကွင်းမှာ ကြေညာတာမတွေ့ရဘူး။ ကျွန်မက မဲပေးတာနဲ့ပတ်သက်ပြီး အာရုံစိုက်နေလို့သာ မဲစာရင်း ကပ်တယ်ဆိုတာကို သိတာ။ မဲစာရင်းမပါတော့ မဲမပေးရတော့ဘူး။
အဲဒီအတွက် ကျွန်မအရမ်းကို ဒေါသထွက်တယ်။ ဒါကလုံဝးကို မဖြစ်သင့်ဘူး”ဟု ကျောက်ပန်းတောင်းမြို့နယ်
 လွတ်လပ်ရေးရပ်ကွက်တွင် နေထိုင်သူ မအေးအေးခိုင်က ပြောပြခဲ့သည်။

“အန်တီတို့ကတော့ မိသားစု (၇) ယောက်လုံး မဲစာရင်းထဲ မပါတာပါ။ အိမ်နီးနားချင်း လင်မယားနှစ်ယောက်ကျတော့ ဟိုတလောက သေသွားတာ အခု မဲစာရင်းထဲမှာ ပါနေပြီ။ မနက်ဖြန်ပဲ မဲပေး၇တော့မယ်။ အခုထိ မဲစာရင်းထဲမှာ မပါတာ တော်တော်လေးကို ဒေါသထွက်ဖို့ ကောင်းတယ်။
 အန်တီက အရမ်းကို မဲပေးချင်တာ။ အန်တီတို့မိသားစု (၇) ယောက် မဲပေးခွင့်မရရင် (၇) ယောက်စာ လျော့သွားမယ်လေ။ အန်တီတို့ရပ်ကွက်ထဲမှာ ရပ်ကွက်ရဲ့ သုံးပုံ တစ်ပုံလောက်က
မဲစာရင်းထဲ မပါဘူးဖြစ်နေတယ်”ဟု လွတ်လပ်ရေး ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကလည်း
 ပြောကြားခဲ့သည်။

“ကျွန်တော်တို့ မိသားစုလည်း မဲစာရင်းထဲမှာ လုံးဝကိုမပါဘူး။ ၂၀၁၀ တုန်းကတောင် မဲပေးခဲ့ရတယ်ဗျာ။ အခုမဲစာရင်းထဲမပါတော့ ၀မ်းနည်းတယ်ဗျာ”ဟု ကျောက်ပန်းတောင်မြို့နယ် အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက
 ပြောပြခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း မဲပေးခွင့်ရှိသူဦးေ၇ ၂၀၆၀၀၇ ဦးရှိမည်ဖြစ်ပြီး မဲရုံပေါင်း ၃၈၃ ရုံရှိမည်ဖြစ်ကြောင်း သိရသည်။

31 March 2012 21:11

တောင်တွင်းကြီးမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း ကြိုတင်မဲများ ကောက်ခံနေခြင်းနှင့် လျှို့ဝှက်မဲပေးခြင်းဥပဒေနှင့် မညီညွတ်သော ကိစ္စများ
 ဖြစ်ပေါ်နေ

တောင်တွင်းကြီးမြို့နယ်တွင် ကြား ဖြတ်ရွေးကောက်ပွဲအတွက် မဲးပေးနိုင်ရန် မဲစာရင်းတွင် အိမ်ထောင်စု တစ်စုလုံးမပါဝင်ခြင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့က အုပ်ချုပ်ရေး တာဝန်အပြင် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီစည်းရုံးရေးမှူး တာဝန်ပူးတွဲ ရယူထားရုံမက ရပ်/ ကျေး ကော်မရှင် အဖွဲ့ဝင်များ ဖြစ်နေခြင်း၊ ကိုယ်တိုင်လည်း ပြည်ထောင်စုံကြံ့ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် မဲထည့်ရန်
 ကြိုတင်မဲများ လိုက်လံကောက်ခံနေခြင်းနှင့် လျှို့ဝှက်မဲပေးခြင်း ဥပေဒေနှင့် မကိုက်ညီသော ကိစ္စများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိပါသည်။

၂၀၁၂ မတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ် အချိန်တွင် တောင်တွင်းကြီးမြို့နယ်
 ကြခတ်ကန်းကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များက တစ်အိမ်တစ်ဆင်း ကြိုတင်မဲများ လိုက်လံကောက်
ခံနေခြင်း၊ ပန်းတောငယ် အုပ်စုကြီး၊ အင်းကုန်းကျေးရွာ ရွာခွဲအုပ်ချုပ်ရေး(ယာအိမ်မှူး)သည် အုပ်ချုပ်ရေး တာဝန်အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးတာဝန်ကို ပူးတွဲရယူထားကြောင်း၊ ရပ်/ ကျေး ကော်မရှင် အဖွဲ့ဝင် လည်း ဖြစ်နေကြောင်း၊ ၎င်းကိုယ်တိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် ကြိုတင်မဲများ လိုက်လံကောက်ခံနေကြောင်း ရေဖြားကျေးရွာ အိမ်ထောင်ဦးစီး
 ဦးအုန်းရွှေ အပါအ၀င် မိသားစုဝင် ခုနစ်ဦးစလုံးမှာ အသက် ၁၈ နှစ် ပြည့်ပြီးသော်လည်း မဲစာရင်းတွင် လုံးဝမပါဝင်ခြင်း၊ ရွှေအင်းပင်ကျေးရွာမှ ကော်မရှင် အဖွဲ့ဝင်အချို့သည် မဲစာရင်းအမှတ် ၁၄၄၅ ဒေါ်သန်းစိန်၊ ၁၄၃၈ ဒေါ်ညိုတင်၊ ၁၈၂၀ ဒေါ်တင်စိန်၊ ၁၃၇၇ ဒေါ်ခင်ဝင်း တို့အား မတ်လ ၃၀ ရက်နေ့ နံနက် ၁၁ တွင် ၎င်းတို့၏ ရှေ့မှောက်၌ ကြိုတင်မဲပေးစေ သဖြင့် လျို့ဝှက်မဲပေးခြင်း ဥပဒေနှင့် မကိုက်ညီသော ကိစ္စများဖြစ်ပေါ်နေကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများမှ သက်ဆိုင်ရာသို့ တိုင်ကြားထားပြီး အလားတူဖြစ်ရပ်များ ရှိမရှိကိုလည်း ဆက်လက်စုံစမ်းနေကြောင်း
သိရှိရသည်။ ယင်းကဲ့သို့ ကြားဖြတ်ရွေးကောက်ပွဲတွင် စည်း ကမ်းနဲ့ မညီညွတ်သော ဖြစ်ရပ်များနှင့်ပတ်
သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးခင်သောင်းက ''မဲရုံ ၂၈၄
 ရုံမှာ မဲရုံ ကိုယ်စားလှယ် နှစ်ဦးအပြင် အခြားကိစ္စရပ်တွေပါ ဖြေရှင်းနိုင်ရန်အတွက် သင်တန်းပေးထားပြီးသားပါ။ ကျေးရွာတွေမှာ ဒီလိုမသမာတဲ့ ကိစ္စတွေကို အဆင့်ဆင့် တိုင်ကြားထားပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲပြီးလို့ ၁၅ ရက်အတွင်းမှာ ဒီအမှုတွေနဲ့ပတ်သက်ပြီး အမှုဖွင့် အရေးယူဖို့အတွက် ဆက်လက် ဆောင်ရွက်သွားပါ့မယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လုပ်ချင်တိုင်း လုပ်ခဲ့တာတွေ
 ရှိတယ်။ ဒါပေမယ့် အခု ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ကျွန်တော်တို့ ပါတီအနေနဲ့ အနီးကပ် လေ့လာစောင့်ကြည့်ပြီး လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ''ဟု ပြောကြားခဲ့သည်။

ထို့ပြင် တောင်တွင်းမြို့နယ် ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးအောင်ကြည်ညွန့်မှ အခုဖြစ်နေတဲ့ မဲသမာမှုကိစ္စတွေက ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတပြီး သန့်ရှင်းတဲ့ အဖြေထွက်လာမယ့်
အခြေအနေကို ထိခိုက်မှုရှိလာနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေ ဖြစ်နေတယ်
ဆိုတာကို သက်သေ အချက်အလက် အပြည့်အစုံနဲ့ တင်ပြပြီး ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တဲ့ အချို့
ကိစ္စရပ်တွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တာဝန်မယူကြဘူး''ဟု ပြောဆိုခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် မြို့ပေါ် ၁၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၃ အုပ်စု၊ ကျေးရွာ ၂၇၅ ရွာရှိပြီး
မဲပေးနိုင်ခွင့် ဦးရေမှာ အမျိုးသား ၈၁၈၁၃၊ အမျိုးသမီး ၉၂၈၆၆ စုစုပေါင်း ၁၇၄၆၇၀ ဦးရှိပြီး မဲရုံ ပေါင်း
 ၂၈၄ ရုံရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်မှ ဦးမောင်မောင်ဝင်း(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ ဦးအောင်ကြည်ညွန့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးမောင်ဝင်း(တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
)နှင့် ဦးအောင်သန်းတင့်(ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ)တို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

31 March 2012 20:53

ပြည်ခိုင်ဖြိုး ပါတီစည်းရုံးရေးမှူး၏ သားဖြစ်သူက စိတ်မနှံ့သူတစ်ဦး အပါအ၀င် ၈ ဦးအား
 ကြိုတင်မဲ ထည့်ခိုင်းသောကြောင့် အရေးယူပေးပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်ကော်မရှင်သို့ တိုင်ကြား

ကျောက်ပန်းတောင်းမြို့နယ်၊ ဆူးဖြူကုန်းကျေးရွာအုပ်စု၊ ယာကြီးတော(အရှေ့)ကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စည်းရုံးရေးမှူး၏
 ဦးမြမောင်၏ သားဖြစ်သူသည် အဆိုပါကျေးရွာတွင် နေထိုင်သူ စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးနှင့် မဲစာရင်းတွင်ပါဝင်သူ ၇ ဦး၊ စုစုပေါင်း ၈ ဦးတို့အား မတ်လ ၃၀ ရက်နေ့တွင် ကြိုတင်မဲ
ထည့်ခိုင်းသောကြောင့် ယင်းကိစ္စကို အရေးယူပေးပါရန် အမျိုးသားဒီမိုကရေစီ ပါတီအဖွဲ့ချုပ် (ကျောက်ပန်းတောင်းမြို့နယ်)မှ မြို့နယ်ကော်မရှင်သို့ တိုင်ကြားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်တွင် သက်ဆိုင်ရာ ကျေးရွာကော်မရှင်၏ တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှ မပါဝင်ဘဲ မဲထည့်ခိုင်းခြင်းကြောင့် ယခုကဲ့သို့ တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

''သက်ဆိုင်ရာ ကော်မရှင်တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှ မပါဝင်ဘဲ မဲပေးခိုင်းတာရယ်၊ စိတ်မနှံ့တဲ့သူကို မဲထည့်ခိုင်းတာရယ်ကြောင့် မြို့နယ်ကော်မရှင်ကို အရေးယူပေးဖို့ တိုင်ကြားရခြင်း ဖြစ်ပါတယ်။
 စိတ်မနှံ့တဲ့သူက မဲပေးလို့ မရဘူးဆိုတာ သိထားပါတယ်''ဟု ကျောက်ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

မဲပြားတွင်ပါရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အမှန်ခြစ်နိုင်မည့် နေရာတွင် ဖယောင်းများ သုပ်ထားသည်ဆိုသော သတင်းများ ထွက်ပေါ်နေခြင်းကြောင့် စိစစ်ပေးပါရန် မြို့နယ် ကော်မရှင်သို့
ယင်းကိစ္စကို စိစစ်ပေးပါရန် ကျောက်ပန်းတောင်းမြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်ကော်မ
ရှင်သို့ အသိပေးအကြောင်းကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

''မဲပြားမှာပါတဲ့ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ကို အမှန်ခြစ်ရမဲ့နေရာမှာ ဖယောင်းတွေသုပ်ထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ‘ဖယောင်းသုပ်ထားတာဟာ အမှန်ခြစ်ရင် မထင်အောင်၊ မထင်တဲ့အတွက် နောက်တစ်ခါ ထပ်ခြစ်ပြီး ပယ်မဲဖြစ်အောင် လုပ်သွားမဲ့သဘောပါ။ ‘မဖြစ်သင့်တဲ့
 ကိစ္စမို့လို့ မြို့နယ်ကော်မရှင်အဖွဲ့ကို စိစစ်ပေးဖို့ အသိပေး အကြောင်းကြားထားပါတယ်။ ကော်မရှင်က
 ဘာမှတော့ အကြောင်းပြန် မကြားဘူး''ဟု ကျောက်ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်က ပြောပြခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ
 ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းကြည်တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

No comments:

Post a Comment