Monday 2 April 2012


အမျိုးသားပြန်လည်သင့်မြတ်ရေးပန်းတိုင်သို့ ပထမခြေလှမ်း
မြင်းရည်တက်ဦးသာ
ဧပြီ ၂၊ ၂၀၁၂



သည်ကနေ့ ဧပြီလ (၂) ရက်နေ့ နံနက်ပိုင်း တပည့်လူငယ်လေးနှစ်ဦးရုံးကိုရောက်လာတော့ “ဟေ့ … NLD က အားလုံးနိုင်တယ်ကွ” လို့ ခပ်ကြွားကြွားလေးလှမ်းပြောပြီး သူတို့နှစ်ဦးစလုံးကို တသင်းထဲက အားကစားသမားများ နှုတ်ဆက်အားပေးတဲ့ပုံစံ လက်ဝါးချင်းရိုက်နှုတ် ဆက်တော့ သူတို့ထဲကတဦးက “ကောင်းတယ်ဦး၊ ဒါ First Step” ပဲလို့ ပြန်ပြောပါတယ်။

သူပြောတဲ့ First Step ဆိုတာ ဘယ်ကိုဦးတည်တဲ့ First Step လဲဆိုတာ ထွေထွေထူးထူး ဝေဝေဝါးဝါး စဉ်းစားစရာမလိုပါ။ ဒေါ်အောင်ဆန်း စုကြည် ဝန်ကြီး/ သမတဖြစ်ရေး၊ NLD အာဏာရရေး မဟုတ်ပါ။ တဦးနိုင်လို့ တဦးရှုံးဖို့ မဟုတ်ပါ။ တမျိုး သားလုံးအတွက် သေရေးရှင်ရေးတမျှ အရေးကြီးလိုအပ်နေတဲ့ “အမျိုးသားပြန်လည်သင့်မြတ်ရေး” ပန်းတိုင်ဆီကိုဦးတည်လျှောက်ရာမှ First Step ပဲဖြစ်တယ်ဆိုတာ အားလုံး သိကြပါတယ်။

NLD စတင်ဖွဲ့စည်းစဉ်ထဲက ပါလာရုံသာမက အနှစ် (၂၀) ကျော် ပါတီဝင်တယောက်အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍၊ အခွင့်အလမ်းရှိသ၍ သမိုင်းတာဝန်ကို NLD ရဲ့ ပလက်ဖောင်းက လုပ်ခွင့်ရသူ ပုထုဇဉ်တယောက်အနေနဲ့ အခုလို ၄၅ နေ ရာမှာ ၄၄ နေရာ အနိုင်ရတယ်ဆိုတော့ မျက်ရည်ဝဲရတဲ့အထိ ပီတိဖြစ်ရတယ်ဆိုတာ မရှက်မကြောက်ဝန်ခံပါတယ်။ ဒါပေမယ့် ပိုပြီး ဆို့ဆို့နစ်နစ်နဲ့ ဂုဏ်ယူဖွယ်၊ အတုယူဖွယ် ပီတိဖြစ်ရတာက ဧပြီလ (၁) ရက်နေ့၊ နေ့စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်က NLD ကို ကိုယ်စားပြုထုတ်ဝေတဲ့ ကြေညာချက်ကိုဖတ်ရတာဖြစ်ပါ တယ်။ ကြေညာချက်ရဲ့ ဆိုလိုရင်းကတော့ NLD က အနိုင်ရတာ ဝမ်းသာရမှာဖြစ်ပေမယ့် တဖက်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ စိတ်ထိခိုက်၊ စိတ်မကောင်းဖြစ်စေမယ့် အပြောအဆို၊ အမူအယာ၊ အလုပ်အကိုင်များရှောင်ရှားဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။ ပြိုင်ပွဲအတွင်းမှာ အစွမ်း ကုန်အားထုတ်ယှဉ်ပြိုင်ပေမယ့် ပြိုင်ပွဲပြီးရင် အချင်းချင်းလည်ပင်းဖက်ကြတဲ့ အားကစားသမားစိတ်ဓာတ်ပေပဲလို့ တွေးထင်မိပါတယ်။ တကယ်တော့ ကြံ့ဖွံ့ပဲဖြစ်ဖြစ်၊ တစညပဲဖြစ်ဖြစ် သူတို့တွေဟာ ရန်သူတွေမဟုတ်ပါ။ တမြေထဲနေ၊ တရေထဲသောက်ပြီး ခွဲမရတဲ့ ကံတူအကျိုး ပေး တနိုင်ငံထဲသားတွေပဲဖြစ်ပါတယ်။ ပြိုင်ဘက်များဖြစ်ကြပေမယ့် ရန်သူအဆင့်မရောက်အောင် အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ပန် ဆင်ပြီး အာဃာတကင်းစင်စေဖို့၊ အထွေထွေသဟဇာတဖြစ်ဖို့၊ သင်ပုန်းခြေဖို့ အခုအဆင့်မှာထဲက လိုအပ်နေပြီဖြစ်ပါတယ်။ ဒီအချက်ကို ကောင်းစွာသဘောပေါက်သိမြင်ပြီး ပါတီဥက္ကဌတဦးအနေနဲ့ ပါတီဝင်တွေက ရွေးကောက်ပွဲအောင်နိုင်အပြီးမှာ ထားရှိသင့် ထားရှိထိုက်တဲ့ မြင့်မြတ်တဲ့ စံချိန်စံညွှန်းများကို မှာ ကြားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျှော်အမြင်နဲ့ သဘောထားကြီးမှု၊ သီလသမာဓိနဲ့ ပြည့်စုံမှုများကို မိတ်ဆွေများ၊ ပြိုင်ဘက်များသာမက ပြည်သူတရပ်လုံး နားလည်သဘောပေါက်တဲ့အပြင် နိုင်ငံတကာကပါ ရှင်းလင်းစွာသိမြင်နိုင်တာမို့ သည်ကြေညာချက်ဟာ နတ်လူသာဓုခေါ်ရမည်ဖြစ်ကြောင်းပါ။

ကြားဖြတ်ရွေးကောက်ပွဲဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကောင်အထည် မယ်မယ်ရရရှိပြီး ရေရှည်အကျိုး ဖြစ်ထွန်းစေမယ့် အာမခံချက်ရှိတဲ့ မှတ်တိုင်တတိုင်သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေးသမားများကသာ သိရှိတာမဟုတ်။ ပြည်သူလူထု .. အထူးသဖြင့် လူငယ်တွေကပါသိရှိနေတယ်ဆိုရင် “ဟုတ်ပါ့မလား ကိုယ့်လူရလို့ဆိုကြမှာလား?”။ BBC သတင်းတပုဒ်မှာ ဖော်ပြထားတဲ့ နေပြည်တော် လက်ဖက်ရည်ဆိုင်က အင်တာဗျူးတွေမှာ လူငယ်တဦးက နေပြည်တော်မှာ NLD ကနိုင်မှာဖြစ်ကြောင်း၊ နိုင်ပြီးရင် မဏ္ဍပ်တိုင် တက်ပြီး ပျော်ပွဲရွှင်ပွဲတွေမလုပ်ဖို့လိုကြောင်း၊ နိုင်တာဟာ နိုင်တာပဲဖြစ်ကြောင်းပြောသွားတာကို နားထောင်လိုက်ရပါတယ်။ BBC က အသံ လွှင့်ဆောင်းပါးရှင်ကလည်း သည်လူငယ်လေးရဲ့ အသက်အရွယ်နဲ့မလိုက်အောင် စဉ်းစားချင့်ချိန်မှုတွေ ရင့်ကျက်နေတာကို အလေးပေးဝေ ဖန်ရင်း သတင်းထုတ်လွှင့်သွားပါတယ်။ သည်လူငယ်လေးဟာ ပြည်သူထဲက ပြည်သူတွေမို့ ပြည်သူတွေက နိုင်ငံရေးသမားတွေလို နိုင်ငံရေး ဝေါဟာရတွေကို ဖောင်နေအောင်မသုံးတတ်ပေမယ့် ယနေ့ကာလ နိုင်ငံရေးအခြေအနေကို မှန်မှန်ကန်ကန် အကဲဖြတ်တတ်ပြီး တဦးချင်း အကျိုးအတွက်သာမက တမျိုးသားလုံးအကျိုးအတွက်ပါ စဉ်းစားတတ်ကြသူတွေဖြစ်ပါလားရယ်လို့ စဉ်းစားမိပြီး တိုင်းပြည်နဲ့ အနာဂတ် အတွက် အားတက်ရပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ မရမနေတည်ဆောက်ယူရမယ့်အရာဖြစ်ရုံသာမက နိုင်ငံတည်သ၍ တယုတယထိန်းသိမ်းရမယ့် အဖိုးမဖြတ်နိုင်တဲ့ ရတနာပစ္စည်းဖြစ်ပါတယ်။ သည်ကြားဖြတ်ရွေးကောက်ပွဲများမှတဆင့် ဖော်ပြခဲ့တဲ့ ပြည်သူလူထုရဲ့လိုအင်ဆန္ဒဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအသီးအပွင့်များ ဖြစ်ထွန်းလာမှသာ နိုင်ငံတကာက ခေတ်ပြိုင်လူငယ်များနဲ့ ရင်ဘောင်တန်းနိုင်မယ့် မြန်မာ လူငယ်မျိုးဆက်သစ်များကို မွေးထုတ်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးပန်းတိုင်အတွက် ပထမခြေလှမ်းဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲများမှာ အောင် နိုင်မှုမှတဆင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတုမရှိတဲ့ခေါင်းဆောင်မှုအောက်မှာ ပြိုင်ဘက်များရဲ့ လိုလားတက်ကြွတဲ့ပါဝင်မှုများ၊ ပူး ပေါင်းဆောင်ရွက်မှုများမှတဆင့် သာယာလှပတဲ့၊ ငြိမ်းချမ်းသာယာတဲ့ မြန်မာ့လူ့ဘောင်သစ်ကို တဖြည်းဖြည်းချီတက်ကြဖို့ အိမ်မက်လှလှ လေးများ ကိုယ်စီမက်ကြပါစို့ဗျာ။
Photo source ; First Eleven face book page

(မိုးမခမှကူးယူဖေါ်ပြပါသည်)

No comments:

Post a Comment