Friday, 22 June 2012

အိမ်ပြန်လမ်း
ကျော်မိုး (စကားဝါမြေ)
ဇွန် ၂၂၊ ၂၀၁၂


အာဂဟဲ့ ငါလိုလူ
မာနတံခွန်ထူလို့
တဏှာပို လူ့ငဖျင်း
မသိနဲ့ ငါကြီးပြင်း ...။

ကိလေသာ ပိုက်ကွန်တွင်း
ပျော်မိခြင်း တို့လူ့ရွာ
သေမှာ မသိရှာတဲ့
ကန်ရေနည်း ငါးပမာ ...။

စိတ်ကြီးဝင် လူနှမ်းကို
မိန့်ခြွေအစဉ် “ဗုဒ္ဓ”
လူဆိုတာ သိကြစမ်း
“အရူး” နဲ့ “အကန်း” တဲ့။

ကိုယ့်ဘဝင် အမှန်လုပ်
ထုပ်ခဲ့ကြ ပိုင်ဥစ္စာ
အိမ်ပြန်ရန် ပြင်ပုံများ
ပေါလှ “ပ ပဉ္စ” တရား။

ကိုယ်ခင်းတဲ့ “ပ ပဉ္စ” လမ်း
ဘယ်စခန်းရောက်မယ်မှန်း
သတ္တဝါမြဲနေ “အိမ်”
“ငရဲပြည်” သာရှိရဲ့။

တွေးမိတိုင်း ငါ့စိတ်စဉ်
“တင်မိုး” ကဗျာပင်ရွတ်မိ
“ဆေးလိပ်လဲတို၊ နေလည်းညိုပြီ
ငါ့ကို အိမ်ပြန်ပို့ပါလေ”

(ပ ပဉ္စတရား = တဏှာ၊ မာန၊ ဒိဌိ)
ပ ပဉ္စတရား ပယ်နိုင်ပြီး သမာဒိဌိနှင့် ပြည့်စုံကြပါစေ ....
ကဗျာဆရာဦးတင်မိုးအား ဂုဏ်ပြုရေးသားပါသည်။



Ku Mojo - Cartoon

ခြေထိုးကောင်းလို့ ...မတော် ခလုတ်တိုက်လဲမှဖြင့်
ကာတွန်း - ကူမိုးကြိုး
ဇွန် ၂၂၊ ၂၀၁၂



Phoe Htet - Articles

ခံတွင်းတွေ့သော မိတ်ဆွေလေး
ဖိုးထက်
ဇွန် ၂၂၊ ၂၀၁၂
ယဉ်ကျေးသော လူမှုဆက်ဆံရေးမှာ လူ လူချင်း အထင်သေး အမြင်သေး အကြည့်ဖြင့် ကြည့်ချင်ကြသည်ကို လူများမလိုလားကြ။ သို့သော် ထိုလူများ၏ မသိစိတ်ထဲတွင် လူတစ်ယောက် (လူမျိုးစု တစ်စုလဲဖြစ်နိုင်သည်) ကို မိမိတန်ဖိုးထားသော ပေတံများနှင့်တိုင်းတာပြီး မသိမသာ အထင်အမြင် သေးချင်သည့်စိတ်ကလေးများ ရှိကြသည်ထင်သည်။ ဘာသာတရားလိုက်စားသူက ဘာသာတရားမလိုက်စားသူကို မျက်လုံး တစ်မျိုးဖြင့်ကြည့်သလမျိုး။ အရက်သေစာ မသောက်စားသူက အရက်သောက်သူကို မျက်ခုံးပင့်ကြည့်သလိုမျိုး။ တစ်ချို့လူဖြူများက လူဝါ များ၊ လူမည်းများကို ဘာရယ်မှန်းမသိသော အကြည့်ဖြင့်ကြည့်သလိုမျိုး။ စိတ်ထင်လို့ပါလို့ဆိုနိုင်ပေမယ့်မိမိကိုယ်တိုင် မသိလိုက်ဘဲ တဖက် သားအပေါ် အပေါ်စီးက ပြုမူဆက်ဆံမိလိုက်ကြတာ ကြုံဖူး၊ တွေ့ဖူးကြမည်ထင်သည်။

လူတိုင်းမှာ ကိုယ်ပိုင်ပေတံများရှိသလို ကျနော့်မှာလဲရှိသည်။ ထိုပေတံများ တန်ဖိုး ရှိ/ မရှိ၊ အသုံးဝင်/ မ၀င် ဘယ်သူမှလဲ လိုက်လံစစ်ဆေး မနေသလို ကျနော်ကိုယ်တိုင်လဲမသိ။ ဘုရား၊ ရဟန္တာများမှလွဲပြီး မာန်မာနဆိုသည့်လူ့စိတ်ကို ဘယ်သူမှ ဖယ်ခွာလို့မရဆိုသည့်အဆို ရှိ သည်မို့လား။ ကျနော့်မှာလဲ အသုံးဝင်သော၊ အသုံးမ၀င်သော၊ ရယ်ရွှင်ဖွယ်ရာဖြစ်သော၊ မိုက်မဲသောမာန်မာနများ ရှိနေတတ်သည်။ တ ကယ်ကျတော့အထက်၊ အောက်ဆိုသောကိစ္စများမှာလည်း ကိုယ့်ဘာသာသတ်မှတ်ပြီး ကိုယ့်ဘာသာ နေရာပေးထားခြင်းသာဖြစ်သည်။ နေရာ အမြင့်/အနိမ့်၊ တန်း တူ/မတူ၊ အထက်/အောက် စသည့်ကိစ္စများနှင့်လုံးချာရိုက်ပြီး တစ်ခါတစ်ရံ အရှက်တကွဲဖြစ်တတ်ကြသလို ကျနော့်မှာလဲ ဖြစ်ရသည်။

ကျနော် အရှက်တကွဲဖြစ်ရသောကိစ္စသည် လူမသိ၊ သူမသိ ကျနော်တစ်ယောက်တည်းသာသိရသောကိစ္စဖြစ်သည်။ မိမိအတွေးတွေ လုံး လုံးမှားယွင်းနေတာကို အချိန်ကြာလာသည်အမျှသိလာရလေ အရှက်ရလေကိစ္စကြီးဖြစ်သည်။ မိမိစိတ်ကို မိမိမလုံ အရှက်ရစေ သော အကြောင်းအရာမှာ ကျနော့်ညီအရွယ် ကောင်လေး တစ်ယောက်ကြောင့်ဖြစ်သည်။

အဲဒီကောင်လေးနဲ့စတင် ခင်မင်ခွင့်ရသည့်အချိန်မှာ ကျနော့်အသက်က ဆယ်စုနှစ် နှစ်ခုကို အတော်ကြီးစွန်းနေပြီ။ လူအများကို အတော် အသင့် ကောက်ချက်ချနိုင်သောအရွယ်ဟု ကိုယ့်ကိုကိုယ် အမှတ်ပေးထားတာက မှားယွင်းခြင်း၏ အစဖြစ်သည်။ ထိုကောင်လေးနှင့် တ အိမ်တည်း အတူနေဖို့အကြောင်းဖန်လာတော့ မင်း ဘာဘာသာကိုးကွယ်လဲဟု မေးမိသည်။ “ကျနော် မွတ်ဆလင်ပါအစ်ကို” ဆိုသည့် အဖြေနှင့်အတူ အမျိုးမည်မသိသော မကျေနပ်ချင်စိတ်လေးပေါ်လာမိသည်။

“အေးကွာ ဒါဆို ကျန်တဲ့ငါတို့အကုန်က ဗုဒ္ဓဘာသာဆိုတော့မင်း ဖြစ်ပါ့မလား”
“ဟုတ်..ကျနော် နေတတ်ပါတယ်အစ်ကို” ဆိုပေမယ့်အိမ်က ဘုရား၊ တရား အလွန်လုပ်၊ တရားခွေ အလွန်ဖွင့်၊ တရားအလွန်ထိုင်ကြသော လူများနှင့်ဖြစ်မှ ဖြစ်ပါ့မလားဟု စိတ်လေးမိသည်။

တကယ့်တကယ် အတူနေကြည့်ကြတော့သူ့ကို သတိထားကြည့်မိသည်။ မနက်အစောကြီး တွေမှာ အလ္လာအရှင်မြတ်ကို ငြိမ်သက်တည်ငြိမ်စွာ ဘုရားရှစ်ခိုးနေတတ်သည်။ ပြီးလျှင် မနက်စာ ခပ်စောစောထစားရင်း ထမင်းအိုးထဲမှ ထမင်းကို ဆွမ်းတလုပ်စာဖယ်၊ ခပ်ထားရင်း အစ် ကိုတို့ဆွမ်းကပ်ဖို့ ကျနော်ဖယ်ထားတယ်ဆိုပြီး အမြဲချန်ထားသည်။ သူဘုရားရှစ်ခိုးနေလျှင် ကျနော်တို့က ဆူ၊ ပွက်လောညံနေတတ်သ လောက် ကျနော်တို့ဘုရားရှစ်ခိုးနေလျှင် ဘေးမှ ငြိမ်သက်တိတ်ဆိတ်စွာ နေပေးသည်။ ဘုရား၊ တရားလုပ်သူများ အလုပ်ရှုပ်နေလျှင်ဘဲဖြစ်ဖြစ်၊ သတိမထားမိလို့ဘဲဖြစ်ဖြစ် ဘုရားစင်ကြီးမှာ ဆွမ်း၊ ဟင်းများ မသိမ်းဆည်းမိလျှင် အစ်ကိုတို့ဆွမ်းခွက်တွေ သိမ်းပါအုံးလားဟု သတိပေးတတ် သည်။ ဘုရားမီးများပျက်နေသည်ကိုတွေ့လျှင် ဦးဆောင်ပြင်ပေးသည်။ “မင်းက ဟာလာလုပ်ထားမှ စားတတ်သလား”ဟု ကျနော့်အမေးကို “ဖြစ်နိုင်ရင်တော့ စားပါတယ်။ မဖြစ်နိုင်ရင်လဲ စားရမှာပါဘဲ။ ရပါတယ် အစ်ကို” ဆိုသည့်သူ့အဖြေသည် ဘာသာတရားနှင့်ပတ်သက်ပြီး အထင်လွဲချင်နေသည့် ကျနော်၏အထင်သေးစိတ်ကို အရှက်ရစေသည်။

ကျနော်တို့တစ်တွေ နိုင်ငံရေးကို အာဘောင်၊ အာရင်းသန်သန် ငြင်းကြ၊ ခုံကြ၊ မှတ်ချက်တွေပေးနေကြချိန်မှာ ဘေးမှ စာအုပ်တစ်အုပ်၊ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြင့် မသိလိုက် မသိဘာသာနေတတ်သည်။ “နိုင်ငံသားတိုင်း နိုင်ငံရေးကို စိတ်ဝင်စားရမယ် ငါ့ညီရ” ဆိုသည့် ဆရာကြီးလုပ်သံများကို ရိုးသားသော အပြုံးဖြင့်တုံ့ပြန်သည်။ “ဒေါ်အောင်ဆန်းစုကြည်ကို မင်းသိလား” ဆိုတော့ “အစ်ကိုရယ် ကျနော် အဲဒီ လောက်တော့မဟုတ်သေးပါဘူး” အဖြေနှင့်အတူ သည်းခံရှာသည်။ “ဦးရာဇာတ်ကော မင်းသိလား” ဆိုတော့ “ကျနော် ကောင်းကောင်း သိပါတယ်” ဆိုပြီး ကျနော်တို့မသိသော ဦးရာဇာတ်အကြောင်းတွေကို ပြောပြသည်။

အိုစမာဘင်လာဒင်အကြောင်းပြောကြရင်း အာကျယ် ကျနော်တို့က “အေးကွာ ကုလားတွေက ကြမ်းကို ကြမ်းတယ်” ဟု အားမနာ လျှာ မကျိုး သူ့ကိုဘေးထားပြီး မှတ်ချက်ပေးသံကို “အယူအကောက် လွဲကြတာပါဗျာ” ဟု ဖြေရှင်းရှာသည်။ တလောက အမေရိကန် တပ်ကြပ် ကြီးက အာဖဂန်ပြည်သူတွေကို အသလွတ် ၀င်ပြစ်သတ်သွားသောသတင်းအား သူ့ကိုပြတော့ မျက်နှာမကောင်း။ “စိတ်ပျက်စရာကြီးပါဗျာ” ဟု တခွန်းတည်းသော မှတ်ချက်ပေးသံနှင့်အတူ စကားသံများ ပိုမိုတိတ်ဆိတ်သွားသည်။ နောက်တစ်ရက် မနက်ခင်းမှာ ပါးစပ်မှတဖွဖွ ရွတ် ဖတ်ရင်း ဘုရားရှစ်ခိုးနေသော သူ့ကို “မင်း ဘာတွေ ရွတ်နေတာလဲ” ဟု ကျနော်မေးတော့“အစ်ကိုတို့ဘာသာအလိုအရဆို မေတ္တာပို့သလိုမျိုး ကျနော်လုပ်တာပါ” ဟု ဖြေသည်။

ခေါင်းရင်း နံရံပေါ်မှာ ဗုဒ္ဓဘုရားပုံတော်ကပ်ထားပြီး ဘောင်းဘီအတိုဖြင့် ဖရုဿဝါစာစကားများပြောနေသော ကျနော်တို့ကို သတိပေးသည်။ တိုးလို့တွဲလဲပစ်ထားသော အ၀တ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လျှော်စရာရှိတာလျှော်၊ သိမ်းစရာရှိတာသိမ်း၊ ခေါက်စရာရှိတာ ခေါက် လုပ်ပေးသည်။ လုပ်ပေးမှန်းသိလေ အခွင့်အရေးယူချင်လေဖြစ်နေကြသည့် ကျနော်တို့ကို တစ်ချက်ကလေး မငြီး၊ မငြူစူဘဲ လုပ်ပေး ရှာသည်။ မိမိကိုယ်ကို ငါ အတော်ရင့်ကျက်ဟုခံယူသော ကျနော့်ကို သူ့လုပ်ရပ်၊ နေပုံထိုင်ပုံများက ပြောင်လှောင် သရော်နေသလို။

တခါက သူမြန်မာနိုင်ငံကို အလည်ပြန်သည်။ ကျနော်တို့က ပစ္စည်းလူကြုံများ ထည့်ပေးကြသည်။ မြန်မာနိုင်ငံမှာ လွယ်လွယ်ဝယ်လို့ရသော၊ ဈေးတူ၊ ပစ္စည်းတူများကို အလိုက်ကန်းဆိုးမသိ ကျနော်တို့ကထည့်ပေးတာကို တစ်ချက်မငြီးငြူဘဲ အကုန်ယူသွားပေးသည်။ သူ့အကြောင်း ကောင်းကောင်းသိသော တစ်ယောက်က “မင်း ဦးလေးအရင်းကြီး လေဆိပ် Custom မှာ ရှိတာဘဲကွာ။ ကြိုဖုန်းဆက်ထားပြီး မင်းကို ခေါ် ထုတ်ပါစေလား” ဆိုသည့်အကြံပေးတာကို ခါးခါးသီးသီးငြင်းသည်။ “အခွင့်အရေးယူသလိုဖြစ်မှာပေါ့ဗျာ။ သွယ်ဝိုက်သောနည်းနဲ့ အကျင့် ပျက်တာတွေကို အားပေးသလမျိုးဖြစ်နေပါ့မယ်” ဆိုသည့်သူ့အဖြေကို “ကြီးကျယ်တာကွာ” “အများကဖြင့် ဒီလိုလုပ်နေကြတာပါကွာ” ဟု အပြစ်တင်ကြသည်။ ကျနော့်အိမ်ဝိုင်းလေး ဂရမ်ရဖို့မြေတိုင်းစာရေး ဦးလေးတစ်ဝမ်းကွဲကို ပိုက်ဆံပိုပို့ပေးပြီး ခိုင်းထားတာကို ဒီကောင်လေး မသိလို့ တော်တော့တယ်ဟု အရှက်မကွဲအောင် ဖုန်းကွယ်ထားနိုင်ခဲ့သည်။

သူ့အကြောင်းကို စကားစပ်လို့ပြောကြရင်း သူ့အဖေနှင့် သူနဲ့ သိပ်မျက်နှာကြောမတည့်သည့်အကြောင်းကို ရောက်သွားသည်။ ဒါကလဲ သူကိုယ်တိုင်ပြောလို့မဟုတ်။ တစ်ခြားသူပြောမှ သိရခြင်းဖြစ်သည်။ သူ့အဖေက ဆက်သွယ်ရေးက ရာထူးအတော်ကြီးကြီး။ သူ့သား Electronic အင်င်္ဂျင်နီယာဘွဲ့ရကို မြန်မာ့ဆက်သွယ်ရေးမှာ ၀င်လုပ်စေသည်။ သူ့အဖေ၏ အရှိန်အ၀ါဖြင့်အလုပ်ရသည်။ SAE ရာထူး။ တစ်နှစ် ခန့်အလုပ်လုပ်ပြီး ကျနော် အလုပ်ထွက်ပြီး နိုင်ငံခြားသွားမယ်အဖေဆိုတော့ သားအဖနှစ်ယောက် အကြီးအကျယ် စကားများသည်။ နောက် တစ်နှစ်လောက်ဆက်လုပ်ရင် AE၊ ထို့နောက် ထို့နောက်.. ရာထူးကြီးကြီး လူကြီးသားတစ်ယောက်က ရာထူးကြီးလာဖို့ဘဲရှိသည်။ တ ယောက်တခွန်းစကားများရင်း “ကျနော် မခိုးချင်ဘူးအဖေ” ဆိုသည့် သူ့အပြောသည် သားအဖနှစ်ယောက်ကို ခါးသီးသွားစေတော့သည်။ “ငါကျောင်းထားပေးလို့ အင်ဂျင်နီယာဘွဲ့ရတဲ့ကောင်က” ဆိုသည့်သူ့အဖေကို ထိုင်ရှစ်ခိုးပြီး နိုင်ငံခြားကိုထွက်လာခဲ့သည်။ “ငါ့သား ကျန်း မာရေးသာ ဂရုစိုက်၊ ပိုက်ဆံက မလွှဲနဲ့။ အမေတို့အတွက် မလိုဘူး” ဟု သူ့အမေမှာထားတာရှိပေမယ့်လစဉ် ပုံမှန်ပို့ပေးပြီး ကန်တော့သည်။ သူဖုန်းဆက်ရင် ဖုန်းကောင်းကောင်းမပြောချင်သော သူ့အဖေကို “အဖေ အလုပ်ထွက်ပါတော့။ ကျနော် ရှာကျွေးပါ့မယ်” ဟု ပြောပြီး ကတည်းက မာနကြီးသောအဖေဖြစ်သူက ဖုန်းမကိုင်တော့။ “တချိန်ကျရင် အဖေ ကျနော့်ကို နားလည်လာမယ်ထင်ပါတယ် အစ်ကိုရယ်” ဟု မှိုင်းငွေ့ငွေ့သူ့အသံသည် မြန်မာနိုင်ငံမှာ ဂွင်ကောင်းကောင်းရရင် ပြန်ပြီဘဲဟုတွေးနေသော ကျနော့်ကို ၀မ်းမနည်းစေဘဲ အရှက်ရစေသည်။

ဒီကောင်လေးမှာ ကျောင်းမှာတုန်းက ရည်းစားတစ်ယောက်ရှိခဲ့သည်။ ကောင်မလေးက ခပ်သွက်သွက်ကလေးဟု သိရသည်။ သူ့ကိုလဲ အလွန်ချစ်ရှာသည်ဟု ပြောသည်။ နောက်တော့ကောင်မလေးက အိမ်က ပေးစားသည်လား၊ အနေနီးစပ်သည်လား မသိ။ အိမ်ထောင်ပြု သွားသည်မှာ ကလေးတစ်ယောက်ပင်ရနေပြီ။ “ဒါဆို မင်းက အသဲကွဲသမားဘဲကွ” ဟုပြောကြပေမယ့် “အသည်းကွဲလား မကွဲလားတော့ မသိပါဘူးဗျာ။ အခုအချိန်ထိ ချစ်နေဆဲမို့ သူများမိန်းမဖြစ်နေပြီဆိုတဲ့အသိကို အမြဲထည့်နေရတယ်” ဟု ပေါ့ပေါ့ပါးပါး ပြန်ပြောသည်။ သူတို့ နှစ်ယောက်က ကျောင်းအတူတူ၊ မေဂျာအတူတူ။ နောက်ဆုံနှစ် စာမေးပွဲပြီးတော့ ကောင်မလေးပူဆာသဖြင့် ချောင်းသာကမ်းခြေကို နှစ် ယောက်တည်းသွားခဲ့ကြသည်။ ယုတ်ယုတ်မာမာ၊ မဟုတ်သုတ်ကရက စတွေးကြသော ကျနော်တို့က “ဟာ မင်းဂွင်ဘဲပေါ့” ဟု အားတက် သရောမေးခွန်းတွေ ၀င်မေးကြသည်။ ဘာအဖြေမှပြန်မပေးဘဲ ပြုံးနေတတ်သည်။

သူ့ကောင်မလေးကို အလွန်ချစ်ရှာသည်။ နှစ်ဘက်မိဘကလဲ ဘာသာမတူပေမယ့် ကိုယ့်ဘာသာ ကိုယ်ကိုးကွယ်ကြမယ်ဆို ယူကြဟု မီးစိမ်း ပြပြီးသား။ သမီးရည်းစားအဆင့်ထက် နောက်တဆင့်ကို အချိန်မရွေးခုန်တက်လို့ရနေသော အခြေအနေ။ ချောင်းသာကို ရောက်တော့ တခန်းထဲ တည်းတာလဲမှန်သည်။ သို့သော် အဖြစ်မှန်က ကျနော်တို့ထင်သလိုမဟုတ်။ ချောင်းသာရောက်တော့ ကောင်မလေး အလိုလိုက်ပြီး လျှောက်လည်ကြသည်။ ရေကူးကြသည်။ ချစ်သူသဘာဝ နမ်းတာ၊ ရှုံ့တာ လုပ်ကြသည်ဟု ဆိုသည်။ ညဘက်ရောက်တော့ဘာသာတရား အလိုအရ တစ်ခါမှမသောက်ဘူးသောအရက်ကို တစ်ပုလင်းလုံး ရေမရောဘဲ ကောင်မလေးမသိအောင် သောက်ပစ်လိုက်သည်။ အံဖတ် တွေဆို့ပြီး မသေရုံတမယ်ဖြစ်ကာ ရန်ကုန်ပြန်ရောက်သည်အထိ ခေါင်းမထောင်နိုင်အောင် အရက်နာကျတော့သည်။ အဲဒီကတည်းက ကောင်မလေးနှင့်သူ အနေစိမ်းသွားခဲ့သည်မှာ ယောင်္ကျားယူတာတောင် အသိပေးမသွားခဲ့။

“မင်းကွာ တောက်” “နေရာချင်းသာ လဲချင်တယ်” “ငကြောင်ဘဲ ..ကွိုင်ဘဲ” စသည့်ဗရုတ်သုတ်ခမှတ်ချက်များကြားထဲမှာ ကြည်လင်စွာ ပြုံးနေခဲ့သည်။

“ကျနော်နဲ့ သူနဲ့က ယူဖို့သေချာသေးတာ မဟုတ်ဘူး။ မိဘသဘောတူတာ မှန်ပေမယ့် မယူရသေးတဲ့မိန်းမတစ်ယောက်ကို လွန်လွန်ကျူးကျူးမဖြစ်ချင်ဘူးဗျာ။ အတယ်လို့ထင်ချင်လဲ ထင်ကြမှာပါ။ ကျနော်လဲ လူပါဘဲ။ ကျူးလွန်မိမှာစိုးလို့ နောင်ဘ၀မှ ငရဲသွားဆိုသွားတော့ မယ်ဆိုပြီး အရက်ကို ခေါင်းမထောင်အောင် သောက်ပစ်လိုက်တာပါ။ အခုလိုမျိုး သူ့ဖက်က မစောင့်နိုင်လို့ဘဲဖြစ်ဖြစ်၊ အနေနီးလို့ဘဲဖြစ်ဖြစ် အိမ်ထောင်ပြုသွားတော့ ကျနော်လဲ စိတ်ရှင်း၊ သူလဲ စိတ်ရှင်းပေါ့။ လမ်းမှာပြန်တွေ့ရင်တောင် တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ရဲစ ရာမရှိပါဘူး။ သူ့ဘက်က စပြီးဖောက်ပြန်တယ်လို့လဲ မယူဆပါဘူး။ ဖြစ်တတ်တဲ့သဘာဝတွေပါ။”

ရှည်ရှည်ဝေးဝေးရှင်းပြသော သူ့ကိုကြည့်ရင်း ရည်းစားရတာကြားတာနဲ့ “ ဘယ်လိုလဲ” ဟု မေးတတ်သော ကျနော့်မျက်နှာမှာ အားမရှိတော့။ ကျနော်၏အကြည့်များကို သူမသိစေရန် လွှဲဖယ်လိုက်ရသည်။ “ဒါဆို မင်းအိမ်ထောင်မပြုတော့ဘူးပေါ့.. အသဲကွဲသမားကြီးပေါ့” ဆိုသည့် အမေးကို “မပြောတတ်ဘူးဗျ။ ချစ်တဲ့သူ နောက်တစ်ယောက်တွေ့ရင်၊ အဆင်ပြေရင်လဲ ယူမှာပေါ့။ ဘယ်သိနိုင်မလဲ။ အလ္လာအရှင်မြတ်မှ သိမှာဘဲ” ဟု ဖြေသည်။ “အေး မင်းယူမယ်ဆိုရင်တော့ ငါ့ညီမရှိတယ်။ ချောင်းသာလဲ ခေါ်သွား။ ဒါပေမယ့် အရက်တော့လုံးဝမသောက်ဘူးလို့ ငါ့ကို ကတိအရင်ပေးရမယ်။ ပြီးတော့အခန်းထဲကနေ ဘယ်မှမထွက်ဘဲ ငါ့ညီမနဲ့ ၂၄ နာရီပြည့်အောင် နေပါ့မယ်ဆိုတဲ့ကတိလဲပေးရမယ်” ဟု တယောက်က ၀င်ဖောက်သည်။ “ဟာဗျာ အစ်ကိုတို့ကလဲ” ဟု ရှက်ပြီး ထပြေးသော သူ့ကို တဟားဟား သဘောကျရင်း မိမိကိုယ်ကို သက်ပြင်းချမိသည်။

ဒီကောင်လေးကိုမြင်လျှင် ကျနော့်မှာ အတွေးတွေ မဆုံးနိုင်တော့သလို ဘာကို မျက်နှာပူလို့ ပူမှန်းမသိဖြစ်ရသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို အများအတွက် ဘ၀တွေလောင်ကျွမ်းခံကြသောခေါင်းဆောင်တွေ လိုအပ်သည်။ သို့သော် အရေအတွက် အများကြီး မလို။ တစ်ယောက်နှစ်ယောက် ရှိလျှင် လုံလောက်မည်ထင်သည်။ ဆန့်ကျင်ဘက်အနေနှင့် အဲဒီကောင် လေး အဖေလိုမျိုး စနစ်ကြီးမှားမှန်းသိပေမယ့် ရုန်းမထွက်နိုင်သော လူများ၊ ခိုးကြ၊ ၀ှက်ကြ၊ အကျင့်ပျက်နေကြသောလူများကို လောက မြေပြင်ပေါ်မှာ မရှိစေချင်ပေမယ့်ခေတ်အဆက်ဆက် ရှိနေမည့်လူတန်းစားဖြစ်မည်။ နောက် ကျနော်တို့လို အွန်လိုင်းမှ အာတွေကျယ်၊ ဆရာလုပ်၊ နိုင်ငံရေးစိတ်ဝင်စားကြသော နောက်လိုက်လူအမျိုးအစားတွေရှိဖို့လဲ လိုအပ်မည်ထင်သည်။ သို့သော် လောကကြီးအတွက် အလိုအပ်ဆုံးလူများကတော့ ကျနော့်မွတ်ဆလင် ဘော်ဒါလေး ထိုကောင်လေးလို လူများဘဲဖြစ်မည်။ ထိုလူတန်းစားများများသာရှိလျှင် ကျနော်တို့လောကကြီးမှာ ၀မ်းနည်းစရာတွေ နည်းသွားနိုင်သည်။ တစ်ယောက်မျက်နှာ တစ်ယောက် ရဲရဲကြီးကြည့်ရဲသောလူတွေ ဖြစ်လာ ကြမည်။

အခုတော့ လောကကြီးသည် ကိုယ်စားချင်သလို အရသာရှိစွာ ချက်ပြုတ်လို့ရသော ဟင်းတစ်ခွက်မဟုတ်။ တခါတရံ ရေပေါ်တွင် ပေါ်နေ မည့်ဆီတွေများနေတတ်သည်။ တခါတရံ အရသာမခံနိုင်လောက်အောင် ငရုတ်သီးစပ်နေတတ်သည်။ တခါတရံ ငံတူးနေတတ်သည်။ အရသာရှိသော၊ လှပသေသပ်သော လောကဟင်းလျာ တစ်ခွက်ဖြစ်ဖို့ ဒေါ်စုတို့လို ရှာမှရှား လူတွေအများကြီးလဲမလို။ ငံကြွတ်လွန်းသော သူခိုး၊ သူဝှက်များလဲမလို။ ရေလုံပြုတ် အရသာရှိသည့် အာကျယ် ကျနော်တို့လိုလူတွေလဲ မရှိမဖြစ် မဟုတ်။ ကျနော့်မိတ်ဆွေလေးလို လူအမျိုးအစား အများကြီးသာရှိနေပါလျှင် လူ့ဘ၀တစ်ခုသည် အရသာ လွှတ်ကောင်း၊ အမွှေးနံ့သာအလွန်ရှိသော စားမြိန်ဖွယ် လောကဟင်း လျာတပွဲဖြစ်လာပါလိမ့်မည်။

Artist Nyein Latt Aung's painting

အဖေနဲ့ သမီး
ဇွန် ၂၂၊ ၂၀၁၂
ဖေ့ဘုတ်ခ်မှာတွေ့ရတဲ့ ပန်းချီ - ငြိမ်းလတ်အောင်ရဲ့ လက်ရာလေးပါ။ ထူးခြားလှတဲ့လက်ရာလေးဖြစ်တဲ့အတွက်မိုးမခစာဖတ်ပရိတ်သတ်များအတွက် ထပ်ဆင့်ဝေငှလိုက်ပါတယ်။


မူရင်းဒီလင့်ကနေယူပါတယ်။
http://www.facebook.com/photo.php?fbid=10150912405661374&set=p.10150912405661374&type=1&theater



Dee Doe - Articles

ကချင်စာကို ချစ်ပါ၊ ကချင်စာပေကို မြတ်နိုးပါ
ဒီးဒိုး
ဇွန် ၂၂၊ ၂၀၁၂
ဖေ့ဘွတ်မှာ ဖတ်လိုက်ရတဲ့ သတင်းစာအပိုင်းစလေးမှာ တိုင်းရင်းသား ဘာသာစာပေကို အစိုးရကျောင်းမှာ ကျောင်းချိန်ပြင်ပ သင်ကြားပေး တော့မယ်။ ဒါပေမယ့် အဲဒီအထဲမှာ ကချင်ဘာသာ မပါဘူး။ ဒီသတင်းပေါ်မှာ တချို့တွေက အံကြိတ်ကြ။ တချို့က ဆဲကြ။ တချို့က ကြိတ်မ နိုင်ခဲမရ။ တချို့ကလည်း ရန်ငါ စည်းပြတ်ကြပေါ့။ ကျွန်တော့်အတွက်တော့ ၀မ်းသာစရာပေါ့..။ ဘာလို့ဝမ်းသာစရာလည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးမှာ ၀န်ကြီးတွေရဲ့ သဘောထားအမှန်ကို သိလို့ဘဲလို့ ဖြေရမလို။

အမှန်တော့ တိုင်းရင်းသားတွေအပေါ် လက်တဆုပ်စာ ဗမာဗိုလ်ချုပ်တွေ ဘယ်လိုသဘောထားတယ်ဆိုတာ အထွေအထူး ပြောနေဖို့ လိုနေမယ် မထင်ဘူး။ သိပြီးသား။ နောက်ဆုံး ကုန်ကုန်ပြောရရင် ကချင်ဟာ စာသင်ကျောင်းမှာသာမက မြန်မာနိုင်ငံမှာ ပြည်နယ်တခု အ နေနဲ့တောင်မပါတော့ဘူးဆိုရင်လည်း ကျွန်တော်ကတော့ လက်ခံမှာပါဘဲ။ ၀မ်းသာနေဦးမှာဘဲ။

ဒါဆိုရင် ကျွန်တော့်ကို အပြစ်တင်ကြဦးမယ်။ ခွဲထွက်ရေးသမား၊ ဖြိုခွဲရေးသမားလို့ ဆဲဆိုကြအုန်းမလား။ အမှန်တော့ မဟုတ်ပါဘူး။ ကျွန် တော်ကတော့ မြန်မာပြည်ကြီးထဲမှာ ကချင်တယောက်အနေနဲ့ ပါချင်တယ်။ မြန်မာနိုင်ငံကြီးအတွက် ကချင်တယောက်အနေနဲ့ အုတ်တချပ် သဲတပွင့်အဖြစ် ပါချင်တယ်။

ဒါပေမယ့် အတ္တကြီးကြီး၊ အာဏာဖီးဖီးနဲ့ တို့လုပ်လိုက်ရင် ဘာတတ်နိုင်မလဲလို့ ထင်ရာစိုင်းသူတွေက ပထုတ်နေမှတော့ ကျွန်တော်က လက် ခံလိုက်ယုံပါဘဲ။ ကျွန်တော်က ဘာကောင်မှမဟုတ်တာလေ။

ဘယ်လိုဘဲဖြစ်ဖြစ်၊ အစိုးရရဲ့ စေတနာဟာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ လက်ခံရမှာပါဘဲ။ ဘာလို့လက်ခံရမှာလဲဆိုတော့ ဘယ်လို စကားတလုံး၊ ဘယ်လိုစာတကြောင်းဟာ ဘယ်သူ့ကို ရည်ညွှန်းဖွဲ့ဆိုသည်ဖြစ်စေ အဲဒီသူက လက်ခံမှဖြစ်တယ်။ အဲဒီသူက လက်မခံရင် ဘာအကျိုးမှ မသက်ရောက်ဘူး။ ဒါက ကျွန်တော် လက်ခံထားတဲ့အချက်ပါဘဲ။

ဒီတော့ ကချင်စာပေကိုဖြစ်စေ၊ လူမျိုးကိုဖြစ်စေ၊ ပြည်နယ်ကိုဖြစ်စေ မြန်မာနိုင်ငံမှာ ပါတယ် မပါဘူးဆိုတဲ့ ဆုံးဖြတ်ခွင့်ဟာ ကချင်အမျိုးသား တွေ လက်ထဲမှာဘဲရှိလို့ပါဘဲ။

ဘယ်သူ တစ်ဦးတစ်ယောက် အဖွဲ့အစည်းကမှ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ကချင်လူမျိုးတို့ရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ပြည်နယ်ဟာ ကချင်လူမျိုးတွေ ရဲ့လက်ထဲမှာဘဲ ရှိတယ်။ ဒါကြောင့် အစိုးရစာသင်ကျောင်းမှာ ကချင်စာမသင်ပေးလည်း ဘာမှမဖြစ်ဘူး။ စာသင်ကျောင်းရှိမှ စာသင်လို့ ရတာလဲ မဟုတ်ဘူး။ တို့တတွေမှာ အမျိုးဆိုတာရှိတယ်။ မိဘတွေ ရှိတယ်။ ညီအကို တွေရှိတယ်။ လက်တွေကို ခိုင်ခိုင်မြဲမြဲ တွဲထားကြမယ်။ တယောက်တတ်တာကို တယောက် လက်ဆင့်ကမ်းခဲ့ကြမယ်။ တို့တတွေရဲ့ ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ဘာသာစကားတွေကို အစိုးရ စာ သင်ကျောင်းတွေမှာ မသင်ဘူး။ တို့တတွေရှိတဲ့နေရာမှာ တို့တတွေ သင်ယူကြမယ် လေ့လာကြမယ်။ လက်ဆင့်ကမ်းခဲ့ကြမယ်။ တို့တွေရဲ့ စာပေ ဘာသာစကားကို ရောက်တဲ့နေရာမှာ ကဗျည်းထိုးခဲ့ကြမယ်။ တို့တတွေရဲ့ အားတွေကို တင်းထားကြမယ်။ ကဲ ဘယ်လောက် ပျော်စ ရာကောင်းလဲ....။

အမှန်တကယ်ပြောရရင် အစိုးရကျောင်းကို အမှန်တကယ်ကို မတက်ချင်တာ။ ကျွန်စိတ်ကိုရိုက်သွင်းတဲ့ အစိုးရကျောင်း။ ကောင်း/ဆိုး ကြောင်း/ကျိုးကို ဆင်ခြင်စိတ်မရှိ၊ အမိန့်နာခံမှုစိတ်ဓာတ်ကို ရိုက်သွင်းပေးတဲ့ကျောင်းပေါ့။

ဒါဆို မင်းက ဘာလို့ကျောင်းပြီးအောင် တက်ခဲ့သလဲကွလို့ မေးချင်နေစမ်းမယ်။မှန်တယ် ကျွန်တော် အစိုးရကျောင်းကို တက်ခဲ့တယ်။ ဘွဲ့ရ အောင်ကိုတက်ခဲ့တာ။ အဖြေကတော့ ရှင်းတယ်။ အစိုးရကို ကောင်းဆိုး/ကြောင်းကျိုးတွေ ရေးပြနိုင်ဖို့ ကျောင်းတက်ခဲ့တာ။ အစိုးရ သင် ပေးတဲ့ ကျောင်းတက်ပြီး အစိုးရကို ကျေးဇူးကန်းတယ်လို့ ပြောဦးမှာလား။ ထင်ချင်သလို ထင်နိုင်ပါတယ်။ ဒီအတွက်အဖြေကတော့ ကျွန် တော့်ရှေ့က နောင်တော်ကြီးတွေရှိပါတယ်လို့ဘဲ ဖြေပါရစေ။

နောက်ပြီး ဗမာစာကိုလည်း တတ်ကို မတတ်ချင်တာ။ ဒါပေမယ့် တတ်အောင်ကို လေ့လာရမယ်။ မှတ်သားရမယ်ဆိုတဲ့အသိကို ဗိုလ်ချုပ် အောင်ဆန်းကပေးခဲ့တာ။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ စကားတခွန်း တသက်လုံးမမေ့ဘူ။ အင်္ဂလိပ်ကိုတိုက်ဖို့အတွက် အင်္ဂလိပ်စာနဲ့ စကားကို တတ်ကို တတ်ရမယ်။ အနည်းဆုံး သူတို့ကလာဆဲရင် ဗိုလ်လိုပြန်ဆဲနိုင်တာပေါ့။ သိပ်မှန်တဲ့ စကားပါ။

ဒီနေရာမှာ အင်္ဂလိပ်အားလုံးကို မဆိုလိုပါဘူး။ ဒါပေမယ့် ကိုယ့်ကို အင်္ဂလိပ်လိုလာဆဲ၊ လာဖြဲ၊ လာခြောက်ပြတဲ့သူတွေကိုသာ ဆိုလိုရင်း ဖြစ်တယ်။ ကချင်တွေအားလုံး ဗမာစာ၊ စကားကို လေ့ကိုလေ့လာရမယ်။ တတ်ကို တတ်ရမယ်။ ဒါမှ ကိုယ့်ရန်သူကို ဘယ်လိုရင်ဆိုင်ရမယ်ဆို တာ သိနိုင်၊ တတ်နိုင်မယ်။ ကိုယ်ရင်ထဲ စိတ်ထဲ ခံစားချက်မှန်သမျှကို ဗမာလို ရေးပြ ချပြနိုင်အောင် လုပ်ရမယ်။ ဒါမှ သူတို့တွေနားလည်မယ်၊ ဒီထက်ပိုလာရင်တော့ အင်္ဂလိပ်လို ရေးနိုင်ပြနိုင်ရင် ပိုကောင်းမယ်။ ဒါမှ နိုင်ငံတကာမှ ကချင်လူမျိုးတွေက ဒီလိုလူမျိုးတွေကွဆိုပြီး လက် ခမောင်းခတ်နိုင်မယ်။

ဒီလို ဗမာစာကိုလေ့လာတာဟာ ကိုယ့်ဘာသာစကားကို မကြိုက်လို့ မဟုတ်ဘူးဆိုတာနားလည်ရမယ်။ ကိုယ်ဘာကြောင့် ဒီလိုလုပ်တယ်ဆို တာကို ကိုယ့်ကို သိထားရမယ်။ ငါတို့ရဲ့ စာ၊ စကားကို ဘယ်လိုပိတ်ပင်တားဆီးပါစေ။ တို့တတွေ လက်ခံမှဖြစ်တယ်။ လက်မခံရင် သူတို့တွေ ရဲ့ရည်ရွယ်ချက်ဟာ မအောင်မမြင်ဖြစ်မှာဘဲ။ ဒီတော့ တို့တတွေ စိတ်တိုစရာလဲမလိုဘူး။ ပြန်ဆဲစရာလဲ မလိုဘူး။ ကြိတ်မနိုင်ခဲမရ ဖြစ်စရာ အကြောင်းမရှိဘူး။ အချိန်ကုန်မယ်။ လေကုန်တယ်။

တို့တတွေရဲ့ စာပေနဲ့စာတွေကို ရေးကြမယ်။ ကဗျာတွေကို ဖွဲ့ကြမယ်။ ကလောင်ကိုင်လို့ရတဲ့ လက်မှန်သမျှ၊ ကချင်စာပေကို ချစ်မြတ်နိုး တဲ့သူမှန်သမျှ ရေးကြ၊ ဖွဲ့ကြမယ်။ ရှေ့တန်းမှာ အသက်ပေးလို့ကာကွယ်နေတဲ့သူတွေကို လေးစားတဲ့အတိုင်းပေါ့။ နောက်တန်းက ကလောင် ကိုင်လို့ရတဲ့သူမှန်သမျှ ကလောင်ကို ကိုင်ကြစေချင်တယ်။

စာအုပ်တအုပ်မှာဖတ်ဖူးတာက ခုဆိုရင် ရုရှားကျောင်းတွေမှာ ရုရှားဘာသာစကားအပြင်၊ အင်္ဂလိပ်စာနောက် မိမိကြိုက်တဲ့ ဘာသာစကားကို မဖြစ်မနေ ရွေးချယ်ပြီးသင်ရတယ်တဲ့။ ဒီတော့ ရှရှား ကလေးတယောက်ဟာ ကြီးပြင်းလာတာနဲ့ ဘာသာစကား သုံးမျိုးကို တတ်နေမှာဖြစ် တယ်။ ဒီတော့ တို့တတွေအနေနဲ့ ကချင်ဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားအပြင် မဖြစ်မနေလေ့လာဆည်းပူးနေရမယ်။

ဗမာစာနဲ့အိမ်နီးချင်း တရုတ်စာကိုလေ့လာနိုင်မှ သူတို့တတွေနဲ့ ယှဉ်နိုင်မယ်။ ကချင်စာကိုကျတော့ ကမ္ဘာမှာ ကချင်လူမျိုးတွေ ရှိခဲ့တယ်။ စာ ပေပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လေ့လာ လိုက်စားရမယ်။

အင်္ဂလိပ်စာကိုကျတော့ နိုင်ငံတကာမှာ ကချင်တွေဟာ စစ်ဘဲတိုက်တဲ့လူမျိုးမဟုတ်ဘူး။ နိုင်ငံတကာစာပေကို အကျွမ်းတ၀င်ရှိကြောင်း ပြ သနိုင်ဖို့တတ်ကို တတ်မှဖြစ်မယ်။

ဗမာစာကိုကျတော့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့အတိုင်းပေါ့။ တရုတ်စာကိုကျတော့ တရုတ်တွေ လူလည်မကျနိုင်အောင် တရုတ်စာကို တတ်မှကိုဖြစ်မှာ။

ဒီတော့ သူငယ်ချင်းတို့ရေ ဘာမှ မခံမရပ်နိုင်မဖြစ်နဲ့။ ကြိတ်မနိုင်ခဲမရလဲ မဖြစ်နဲ့။ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်ဖို့ဘဲရှိတယ်။ တို့တ တွေဟာ အခွင့်အရေးရှိမှ လုပ်နိုင်ကိုင်နိုင်တာ မဟုတ်ဘူးဆိုတာကိုပြသဖို့ အချိန်ဘဲ။ တို့တတွေမှာ ဘာအခွင့်အရေးမှမရှိဘူး။ ဒီထက်ပိုပြီး တော့ လုပ်သမျှကို တားဆီးခံနေရတယ်ဆိုတဲ့ကြားက တို့တတွေရဲ့ဘာသာစကားကို ဒီကမ္ဘာကြီးမှာ ချန်ထားခဲ့ကြရအောင်။ တို့လူမျိုးတွေကို နှိပ်ကွပ်တယ်။ တို့တွေ သာမဟုတ်ပါဘူး တခြားတိုင်းရင်သားတွေလည်း ရှိပါသေးတယ်။ လူမျိုးတမျိုး ကမ္ဘာ့မြေပေါ်က ပျောက်ကွယ်သွားဖို့ ဆိုတာ လူတွေနဲ့မဆိုင်ဘူး။ ဘုရားသခင်နဲ့ဘဲ ဆိုင်တယ်။ ဒါကို ခရစ်ယာန်တွေအားလုံး သိမှာပါ။ ဒါပေမယ့် လူမျိုးတမျိုး ကမ္ဘာပေါ်မှာ ရှိခဲ့တယ်ဆိုတာကို နောက်လူတွေသိဖို့ က အဲဒီလူမျိုးနဲ့ဘဲ ဆိုင်တယ်။ ဘုရားသခင် အလိုတော်ရှိရင် ကချင်လူမျိုးတွေ ကမ္ဘာမြေပေါ်က ပျောက်ကွယ်မှာပါ။

ဒီတော့ တို့ကချင်လူမျိုးတွေ ကမ္ဘာမြေပေါ်မှာရှိခဲ့တယ်ဆိုတာကို သက်သေပြဖို့ တို့ကချင်လူမျိုး တယောက်စီတိုင်းမှာ တာဝန်ရှိတယ်။ အောင်မြင်မှုဆိုတာ အခက်ခဲ၊ တာဆီးပိတ်ပင်မှုတွေကို ကျော်လွှားပြီးမှ ရယူရတာမျိုးပါ။ အခွင့်အရေးရှိလို့လုပ်နိုင်တယ်ဆိုတာတော့ လူ တိုင်း လုပ်နိုင်တယ်။ ဒါပေမယ့် တို့ကချင်တွေက တားဆီးပိတ်ပင်နေတဲ့ကြားက လုပ်နိုင်တယ်ဆိုတာကို ပြကြမယ်။

အာဏာရှင်မှန်သမျှကို ဆန့်ကျင့်ဖို့ တို့ရဲ့ကလောင်ဓါးကို သွေးကြ၊ သွေးကြမယ်။ ကြောက်ရွံ့မှုကင်းတဲ့ လွတ်လပ်တဲ့ စိတ်ထားတွေနဲ့ရေးကြ မယ်။ ကချင်စာပေကို ချစ်မြတ်နိုးလို့ တို့ကချင်လူမျိုးတွေရှိတဲ့နေရာတိုင်းမှာ ကချင်စာကို ရေးသားခဲ့ကြရအောင်လား။

Aung San Suu Kyi addresses both Houses of Parliament inside Westminster Hall on June 21


ဗြိတိန်ပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့မိန့်ခွန်း
ဇွန် ၂၂၊ ၂၀၁၂



လွှတ်တော်ဥက္ကဋ္ဌ၊ ၀န်ကြီးချုပ်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်များရှင့် -

ခမ်းနားတင့်တယ်တဲ့ ဒီခန်းမကြီးမှာ စကားပြောဖို့ ဖိတ်ခေါ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီဂုဏ်ပြုမှုရဲ့ ထူးခြားတဲ့ သဘောသဘာဝကိုလည်း ကျမ သတိပြုမိပါတယ်။ ဒီနေရာမှာ စကားပြောဖို့ ခွင့်ပြုသင့်သလား ဒါမှမဟုတ် ဒီအဆောက်အအုံထဲက တခြားတနေရာမှာဘဲ ပြောခွင့်ပေးမလား ဆိုတာတောင် အစောပိုင်းက အငြင်းအခုံဖြစ်ခဲ့တာကိုလည်း သိရှိခဲ့ပါတယ်။ ဒီလိုအခြေအတင် ဆွေးနွေးတာတွေဟာ ကောင်းပါတယ်။ ဒါဟာ ပါလီမန် လွှတ်တော်ရဲ့ အလုပ်ပါပဲ။

Electricity


Facebook နဲ့ Google တို့ထက် သာတဲ့သူ
ဇွန် ၂၂၊ ၂၀၁၂



Interview with U WIn Tin - Both sides have issues of their own


နှစ်ဖက်စလုံးက လူတွေမှာ ပြောစရာတွေချည်းပဲ
ဦးဝင်းတင်နဲ့ စကားပြောဖြစ်သမျှ။ မိုးမခ။ ဇွန် ၂၂၊ ၂၀၁၂
ဒီတပတ်မှာ ဆရာဦးဝင်းတင်နဲ့ စကားပြောဖြစ်တာတွေ ရှိတယ်။ မေးခွန်းနဲ့ အဖြေတွေကို အတိအကျ မရေးတော့ဘူး။ ဆရာ့မိတ်ဆွေ ပါတီကလူငယ်တွေ၊ စာနယ်ဇင်းက သတင်းသမားတွေနဲ့လည်း စကားပြောဖြစ်တာတွေ ရှိတယ်။ တချို့ကို မေးဖြစ်တယ်။ တချို့ကို မမေးဖြစ်ဘူး။ ကိုယ်မေးတာတွေ သူဖြေခဲ့တာ ရှိသလို၊ မိတ်ဆွေတွေ မေးခဲ့တာကိုလည်း သူဖြေခဲ့သမျှ မှတ်စုထုတ်ပြီး ပြန်ရေးလိုက်ပါတယ်။
(၁) ဆရာက အမြဲတမ်း တဦးတည်း သွားလာ နေထိုင်တယ်။ အခြွေအရံလည်း မရှိဘူး။ သူ့အတွက် အဖော်သဟဲလိုတယ်။ ဒါကို လူတွေက အမြဲပြောတယ်။ မေးတယ်။ ဆရာကတော့ သူ့မှာ မလိုဘူးပဲ ပြောတယ်။ သူ့မိတ်ဆွေဟောင်းတွေဆီ သွားရင်လည်း တဦးတည်းပဲ။ ဘတ်စ်မစီးနိုင်တော့လို့သာ ကားငှားစီးတာ။ ကားကြုံလိုက်ပို့ပေးသူတွေနဲ့ လိုက်တာ၊ သွားတာ တွေ့ရတယ်။ အမြဲတန်း ၀ိုင်းဝန်းနေတဲ့ ရဲဘော်တွေ မိတ်ဆွေတွေမပြတ်လို့သာ ဆရာကတော့ တဦးတည်းပဲ သွားလာ နေထိုင်ချင်တယ်လို့ ပြောပါတယ်။
သူက ဒုတ်ကောက်တောင် သယ်ချင်တာမဟုတ်ဘူးတဲ့။ ဒုတ်ကောက်ကို ပြန်သယ်နေရလို့တဲ့။ အခြွေအရံတွေနဲ့လည်း မနေချင်ဘူးတဲ့။ ယစ်မူးမိ၊ သာယာမိမှာ စိုးတယ်လို့ ပြောတယ်။ တဦးတည်း သူ့ကိုယ်ကိုသူ သယ်ဆောင်ပြီး စွမ်းဆောင်နေချင်တာလို့ ပြောတယ်။ 
(၂) နောက်တချက်က သူက ဧည့်ပရိသတ်၊ မိတ်ဆွေတွေ၊ လူထု လူတန်းစား အားလုံးနဲ့ တံခါးမရှိ ဒါးမရှိပဲ။ မနက်ကနေ ဧည့်သည်တွေ၊ ဖုံးတွေ၊ ပြောဆို တိုင်ပင်နေတာတွေ တိုင်တန်းနေတာတွေဟာ အဆက်မပြတ်ပဲ။ ဘယ်သူ့ကိုမှ ကျောခိုင်းသွားတယ် မရှိဘူး။ အကုန်လုံး တံခါးဖွင့်ထားတာပဲ။ သူ့မှာ ပြောစရာတွေ အများကြီးပဲ။ ပြောနေလိုက်တာမှ၊ သူ့မှာ မေးခွန်းတွေအတွက် အဖြေတွေ အဆင်သင့် ရှိနေသလိုပဲ။
တနေ့ကတော့ သူပြောတယ်။ ငါမောတယ်ကွာ။ ပင်ပန်းတယ်။ ပါတီကော ဒီလှိုင်းစာစောင်ကော။ အလုပ်က နေ့တိုင်းပဲ။ ဧည့်ကလည်း မပြတ်ဘူး။ ဒီနောက်ပိုင်းတော့ ငါ ဆုတ်တော့မယ်တဲ့။ အမြဲတန်းမှာ ဒေါ်စု၊ ဦးတင်ဦး မဟုတ်ရင် ဦးဝင်းတင် တဦးမဟုတ် တဦးက ၀င်ပါနေရတယ်။ လုပ်နေရတယ်။ တခါတလေများ အရူးတွေတောင် လာတယ်တဲ့။ သူက ရယ်ရယ်မောမောပြောတယ်။
(၃) အဲသည်အကြောင်းကို အတည်ပြုချင်လို့ ထပ်မေးတယ်။ ဒါကို အတိအကျ မဖြေပါဘူး။ တဦးကတော့ ဆရာ့ကို နိုင်ငံရေးသမားလို့ မမြင်ချင်ဘူး။ သတင်းစာသမားလို့ပဲ မြင်ချင်တယ်လို့ ပြောမိတယ် တဲ့။ တခါတလေတော့လည်း သူက သတင်းစာဆရာလို ပြောတယ်။ အာလုပ်စကားကလည်း သတင်းသမားလိုပဲ။ ဒါပေမယ့် သူက အတိုက်အခံနိုင်ငံရေးသမားခေါင်းဆောင် တဦးအဖြစ် ကြံ့ကြံ့ခံပြီး ရပ်တည်ပေးနေရတယ်။
အဲသည်တော့ လက်ရှိမှာ ပါတီညီလာခံလုပ်မယ်၊ ညီင်္လာခံဖြစ်မြောက်ရေးကော်မီတီတွေ ဖွဲ့စည်းရေးကိုပဲ အာရုံထားပြီး ပြောနေတယ်။ စည်းရုံးရေးအဖွဲ့တွေ မရှိတော့ ဗဟိုကနေ ရပ်ကျေးအထိ ညီလာခံဖြစ်မြောက်ရေး အခက်အခဲတွေ ရှိတယ်။ ဒါတွေကို အာရုံစိုက်ပြီး ပြောနေတာ များပါတယ်။
(၄) ပါတီမှာ လူဟောင်းတွေ၊ လူသစ်တွေ ပြသနာတွေ ရှိတယ် ဆိုတာ သူကိုယ်တိုင် ၀န်ခံ ပြောဆိုပါတယ်။ အနီးကကော အဝေးက လူတွေကပါ ပါတီနဲ့ ပတ်သက်ရင် အားမလို အားမရတာတွေ၊ လူဟောင်းတွေ လူသစ်တွေ အယူအဆ အသစ် အဟောင်းတွေကို ပြောဆို ဝေဖန်နေကြတာတွေလည်း ရှိတယ်။
သူကတော့ ဒီမိုကရေစီနည်းကျမှုနဲ့ အခုလို အခြေအနေတွေကို ဖြတ်ကျော် ဖြေရှင်းနိုင်မယ်လို့ အပြည့်အ၀ ယုံကြည်နေတယ်။ အရင်တုံးကတည်း နိုင်ငံရေးအကြပ်အတည်း အခက်အခဲတွေကြောင့် ဗဟိုပြု နည်းစနစ်တွေ၊ လူနည်းစုအခြေပြုပုံစံတွေနဲ့ ရင်ဆိုင် လှုပ်ရှားခဲ့ကြရတယ်။ အခုချိန်ကစပြီး ဒီမိုကရေစီနည်းကျ လုပ်ကိုင် အကောင်အထည်ဖော်ကြဖို့ဟာ စိန်ခေါ်မှုပဲ။ ဒါကို ဖြစ်အောင် လုပ်ကြရမယ်လို့ သူကတော့ မောင်းတင်ထားတာပဲ။ လူဟောင်းနဲ့ လူသစ်တွေ လက်တွဲပြီး ဒီမိုကရေစီနည်းကျ လုပ်နိုင်ရမယ်လို့ သူက မျှော်လင့်တယ်။ အဲလိုမလုပ်နိုင်ရင်တော့ ပါတီက ပြန်ပြီး လျော့ကျသွားမှာပဲလို့ပြောတယ်။
(၅) အဲသလို ဆရာတို့ ဦးဝင်းတင်တို့ဖက်က အခက်အခဲတွေ အကြပ်အတည်းတွေ ပြောနေတော့ ဦးသိန်းစိန်တယောက် သမ္မတမိန့်ခွန်းအဖြစ် လူထုကို မီဒီယာကနေ တိုက်ရိုက်ပြောတဲ့ နေ့နဲ့ တိုက်ဆိုင်တယ်။ လွန်ခဲ့တဲ့ တနလာင်္နေ့လောက်ပေါ့။ အဲဒါနဲ့ တွေးမိတာ တခုပြောမိတယ်။ ဆရာတို့ဖက်မှာတောင် လူဟောင်းတွေ၊ လူသစ်တွေ၊ အတွေးဟောင်းတွေ၊ အတွေးသစ်တွေနဲ့ ပဋိပက္ခတွေ၊ မတူညီတာတွေ ငြင်းခုံနေရတာတွေ ရှိနေသေးတာ … ဟိုဖက်က အာဏာလက်ရှိ၊ သြဇာလက်ရှိ၊ ငွေကြေး ဓန ဥစ္စာ လက်ရှိ၊ လက်နက်အင်အား လက်ကိုင်ရှိတဲ့ အစိုးရတွေ၊ တပ်မတော်တွေမှာလဲ အယူအဆတွေ၊ နည်းလမ်းတွေ၊ ရပ်တည်ချက်တွေမှာ ပြသနာတွေ ရှိနေမယ်။ ပြောဆိုစရာတွေ အငြင်းအခုံတွေ အတွင်းထဲမှာ ရှိနေမယ်ဆိုတာ တွေးကြည့်လို့ ရတာပေါ့လို့ ပြောမိတယ်။
ဆရာတို့ဖက်က အနည်းဆုံးတော့ ပွင့်ပွင့်လင်လင်းမေးလို့ရတယ်။ ဖြေချင်တဲ့ သူကလည်း ဖြေချင်ဖြေမယ်။ မဖြေဘဲ နေချင် နေမယ်။ အာဏာလက်ရှိ လက်နက်အင်အား လက်ရှိ သူတို့တွေကတော့ မေးခွန်းလည်း မေးချင်တိုင်း မေးလို့မရ၊ ဖြေချင်တိုင်းလည်း ဖြေလို့မရတော့ ဒါတွေက သူတို့ဆီက အတည်တကျ ထွက်လာဖို့တော့ မလွယ်ဘူး ဆိုတာ သေချာပါတယ်။ တွေးကြည့်ရုံပဲ တွေးလို့ ရတာပေါ့လေ။
ဆရာကတော့ ငါလည်း သည်မှာ အလုပ်က များတော့ ချက်ခြင်း နားမထောင်ရသေးဘူး။ ပြန်ပြီး မသုံးသပ်ရသေးဘူးတဲ့။ ဒါပေမယ့် ဦးသိန်းစိန်တို့ဖက်က စီးပွားရေးတွေ စားဝတ်နေရေးတွေကို ပြည်သူတွေ ပြေလည်အောင်လုပ်ပေးမယ်ဆိုပြီး လျောက်ပြောနေတာမျိုးထက် တကယ် ပြည်သူတွေ အခုတောင်းဆိုနေတဲ့ အလုပ်သမား လယ်သမား ခံစားခွင့်၊ ရပိုင်ခွင့်၊ ကျန်းမာရေး၊ ပညာရေး အာမခံချက်တွေအကြောင်း ပြောသင့်တာ။ ဒါတွေကို စေတနာထားကြောင်း ပြောဆိုရမယ့်အချိန်လို့ အလျင်အမြန် ထောက်ပြသွားပါတယ်။
(၆) ဆရာလူထုစိန်ဝင်း ဆုံးသွားတာနဲ့ ပတ်သက်ပြီး အမှတ်တရ စကားတွေ ပြောကြတယ်။ ဆရာကြီးတွေဟာ ဘ၀တသက်တာလုံး မဆုတ်မနစ် ရဲရဲဝံ့ဝံ့နဲ့ ယုံကြည်ရာ အမှန်တရားနဲ့ တရားမျှတမှုကိုသာ မြုပ်နှံလုပ်ကိုင်သွားကြသူတွေချည်းပဲ။ ပြီးတော့ သူတို့တွေဟာ အချင်းချင်းမှာ လူဟောင်း လူသစ်ဆိုပြီး မတည့်တာတွေ၊ ပဋိပက္ခတွေလည်း မရှိပါဘူး။ အဲသည်အတွက်လည်း သူတို့ဘ၀တွေကို အချိန်အကုန်ခံပြီး ပြောဆိုဆွေးနွေးနေခြင်းလည်း မရှိဘူး။ သူတို့တွေက ရှေ့ဆက်ပြီး ချီတက်နေတဲ့သူတွေချည်းပဲလို့ တွေးနေမိပါတယ်။
သည်တခါတော့ အင်တာဗျူး အမေး အဖြေတွေ မရေးတော့ဘူး။ မေးတာတွေ ဖြေတာတွေ၊ မှတ်ချက်ပေးမိတာတွေကိုပါ ကောက်နုတ်ပြီး ချရေးလိုက်ပါတယ်။ နောက်တပတ်မှာ မေး ဖြေ အင်တာဗျုး ပြန်လုပ်ပါဦးမယ်။

Thursday, June 21, 2012


Suu Speech broadcast on local TV programs in Burma


ဒေါ်အောင်ဆန်းစုကြည် ဥရောပနဲ့ ဗြိတိန်အခမ်းအနားမိန့်ခွန်းများ ပြည်တွင်းရုပ်သံမှ ထုတ်လွှင့်
မိုးမခအထောက်တော် (သာဓုကန်)၊ ဇွန် ၂၂၊ ၂၀၁၂
ဇွန်လဒုတိယပတ် ဥရောပနဲ့ အင်္ဂလန်နိုင်ငံများက အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ အာဏာပိုင်များနဲ့ မိတ်ဆွေများက ဖိတ်ကြားလို့ ပြည်ပခရီးစဉ်အဖြစ် ထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သြစလိုမြို့ အခမ်းအနားနဲ့ ဘွဲ့တံဆိပ် ပေးတဲ့အခမ်းအနားများက မိန့်ခွန်းပြောကြားချက်တွေကို မြန်မာပြည်တွင်းက Skynet နဲ့ MRTV4 ရုပ်မြင်သံကြားအစီအစဉ်များက ထုတ်လွှင့်ပေးခဲ့ပါတယ်။
            အဲသည်လို လွှင့်ပေးခဲ့ပေမယ့် ဥရောပခရီးစဉ်ရောက် နိုင်ငံတော်အစိုးရ၀န်ထမ်း ဦးရဲထွဋ် ဆိုသူကတော့ ကိုဘင်ဟေဂင် စာနယ်ဇင်းဆွေးနွေးပွဲမှာ နိုင်ငံပိုင်မီဒီယာတွေက ဒေါ်စုခရီးစဉ်ကို မထုတ်လွှင့်တာက သူဟာ နိုင်ငံကိုယ်စားပြု ခရီးသွားတာ မဟုတ်လို့ ဆိုပြီး မီဒီယာမေးခွန်းများကို ဖြေကြားလိုက်ပါတယ်။
            မြန်မာပြည်တွင်းနဲ့ ပြည်ပက မြန်မာလူထုတရပ်လုံးကတော့ အင်န်အယ်ဒီပါတီ ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်၊ အတိုက်အခံခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဥရောပနဲ့ ဗြိတိန်က တခမ်းတနား ကြိုဆိုကြတာ၊ ဂုဏ်ပြု ဧည့်ခံကြတာ၊ တလေးတစား နေရာပေး ဆွေးနွေး တိုင်ပင်ကြတာတွေကို ပြင်ပမီဒီယာနဲ့ ပြည်တွင်း ဂျာနယ်တွေကတဆင့် ကြည့်ရှုရလို့ ၀မ်းမြောက် ၀မ်းသာ နှစ်ထောင်း အားရ ဂုဏ်ယူ ပျော်ရွှင်ကြတယ်လို့ ပြောဆိုကြပါတယ်။
            ဒေါ်စုရဲ့ တသမတ်တည်းသော နိုင်ငံရေး သဘောထားများနဲ့  ပြောဆိုဆွေးနွေးချက်များကို ယခု သီတင်း၂ပတ်အတွင်းမှာ နိုင်ငံတကာမီဒီယာက အပြည့်အစုံဖော်ပြကြတာ၊ တင်ဆက်ကြတာတွေကို ရှုစားပြီး ဒေါ်စုရဲ့ နိုင်ငံရေး အခန်းကဏ္ဍကို သိသာထင်ရှားလာစေတယ်လို့ ပြည်တွင်းက အယ်ဒီတာတဦးက မိုးမခကို သဘောထားပြောပါတယ်။
            “မီဒီယာ Coverage ဆိုတာ ပြည်ပမှာ ဘယ်လောက်ရှိတယ်။ ဘယ်လောက် အချိန်တိုတိုအတွင်းမှာ ၃၆၀ ဒီဂရီ ဘက်စုံက လှည့်ပြသလိုမျိုး လုပ်ပြနိုင်တာကို တွေ့ကြရတယ်။ ကျနော်တို့ မီဒီယာတွေအတွက် သင်ခန်းစာယူစရာ ဖြစ်တယ်။ သတင်းကို ပြတာပဲ။ သတင်းလိုက်နေတဲ့သူတွေ သတင်းထောက်တွေကို ပြနေတာ မဟုတ်ဘူး။ အဲဒါကို သဘောပေါက်မိတယ်။ သူတို့တွေရဲ့ အတားအဆီးမရှိမှု၊ ဒိုးယိုပေါက် တင်ဆက်နိုင်မှုတွေကို ကြည့်မိတော့ သူတို့ပြည်သူတွေကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက်တောင် လေးစားတယ်၊ နေရာပေးတယ်၊ ဂုဏ်ယူတယ်ဆိုတာ တွေ့ရပါတယ်။ စီစဉ်သူတွေဘက်ကလည်း ဘယ်လောက် အတွေ့အကြုံရှိတယ်။ ပြင်ဆင်ထားနိုင်တယ်။ လုပ်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။”
လို့ သူက ပြောပါတယ်။
“ဘာလုပ်သလဲ သိလား။ တီဗီထဲက အမေစုနဲ့ တွဲပြီး ဓာတ်ပုံရိုက်ထားတယ်။ ပုံတွေ အများကြီးပဲ။ ပါလီမန်တွေ၊ အခမ်းအနားတွေမှာ အမေစုကို မြင်ရတာ အရမ်း ကျေနပ်မိတယ်။ အဲသည် တီဗီစကရင်ကြီးနဲ့ တွဲပြီး ဓာတ်ပုံတွေ ရိုက်ထားတယ်”
လို့ အထက်တန်းကျောင်းသူတဦးက မိုးမခကို သူရဲ့ တုန့်ပြန်ချက်ကို ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် ယူရို ဘောလုံးပွဲ တပွဲတော့ ကြည့်လာခဲ့ဖို့ ပြောပေးပါ”
လို့ ဘောလုံးပွဲ ၀ါသနာရှင်လူငယ်တဖွဲ့က သူတို့ သဘောထားကို ပြောပါတယ်။


Spring Flower - Daw Suu's speech at Oxford


ဒေါ်စု မိန့်ခွန်း ( Oxford ဒေါက်တာ ဘွဲ့အပ်နှင်းခြင်း အခမ်းအနားမှ )
by Spring Flowers on Thursday, 21 June 2012 at 01:51 ·
  •                  ဒီနေ့ကတော့ကျမရဲ့ ဘ၀အစိတ်အပိုင်းများစွာ ပြန်ပေါင်းစပ်တဲ့နေ့ပါဘဲ............ ။   Oxford တက္ကသိုလ်ကြီးထဲက  St.Hugh ကောလိပ်ကျောင်းသူဘ၀နှစ်တွေ....၊ Oxford မြို့လေးက Park Town ရပ်ကွက်မှာ မိခင်တစ်ယောက်၊ ဇနီးတစ်ယောက်အနေနဲ့ နေခဲ့ရတဲ့ နှစ်တွေ .......၊  Oxford တက္ကသိုလ်ကြီးက ကျမဘက်က မဆိုင်းမတွန့် ရပ်တည်ပေးခဲ့တဲ့အကျယ်ချုပ်ကျနှစ်တွေ အားလုံးပါဘဲ ။ အဆိုးဝါး အခက်ခဲဆုံး အချိန်တွေမှာ Oxford ရဲ့ အမှတ်ရစရာလေးတွေနဲ့ ကျမ အားတင်းခဲ့တယ် ။ ဒီအမှတ်တရတွေဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားရာမှာ လိုအပ်တဲ့ အရေးပါလှတဲ့  စိတ်ဓါတ်ခွန်အားတွေပါဘဲ .........။
  •                  တကယ်တော့ ဒီအမှတ်တရတွေဟာ ရိုးရိုးစင်းစင်းလေးတွေပါဘဲ ။ သူငယ်ချင်းတွေနဲ့ ချာဝယ် Cherwell မြစ်ထဲ့ လှေစီးခဲ့ရတာတွေ ၊ စိန့်ဟူးကောလိပ်မြက်ခင်းပေါ်မှာ ထိုင်ပြီး စာဖတ်ခဲ့ရတာလေးတွေ ၊ ဒါမှမဟုတ်ရင်လည်း တက္ကသိုလ်စာကြည့်တိုက်မှာထိုင်ပြီး စာအုပ်ကို မကြည့်မိဘဲ ပြတင်းပေါက်က ငေးကြည့်မိတတ်တာတွေ .........။ ဒါတွေဟာ ရိုးစင်းပေမယ့် အရမ်းကိုလည်း တန်ဖိုးထားရတဲ့ အမှတ်တရတွေပါဘဲ ။ ဘာကြောင့်လဲဆိုတော့ ကျမပျော်ခဲ့ရတယ်လေ ။ ဒီလို ပျော်ပျော်ရွှင်ရွှင်နေခဲ့ရတဲ့ ဘ၀လေးကဘဲ မြန်မာပြည်က ပျော်ပျော်ရွှင်ရွှင်နေချင်ပေမယ့် ပျော်ရွှင်ခွင့်မရရှာတဲ့ လူငယ်တွေရဲ့ ဘ၀ကို နားလည်စေခဲ့တယ်။
  •               အခုပြန်ပြီး Oxford တက္ကသိုလ်နဲ့ Oxford ကျောင်းသူကျောင်းသားတွေကို မြင်ရတော့ ကျမရဲ့ အပူအပင်ကင်းတဲ့ ပျော်စရာ ကျောင်းသူဘ၀ကို ပြန်မြင်နေရသလိုပါဘဲ ။ မနေ့ကဘဲ စိန့်ဟူးကောလိပ်ကို ရောက်ခဲ့လို့ကျောင်းသူကျောင်းသားတွေကို မြင်ခဲ့ရသေးတယ်။ ကျောင်းသားဘ၀မှာ ကျမတို့တွေဟာ ပျော်ရွှင်စိတ်ချမ်းသာခဲ့ရပါတယ် ။ အခုကျောင်းသူကျောင်းသားတွေလည်း ပျော်ရွှင်ကြတာပါဘဲလေ ။ သူတို့တွေမှာ ပျော်ရွှင်ဖို့၊ စိတ်ချမ်းသာရဖို့ အခွင့်အရေးရှိတာကိုး.......။
  •              ပျော်ရွှင်စိတ်ချမ်းမြေ့တယ်ဆိုတာ ရိုးစင်းတဲ့ စကားပေမယ့် အရေးကြီးလှပါတယ်။ ဒီက ကျောင်းသူကျောင်းသားတွေရဲ့ မျက်နှာလေးတွေဟာ များသောအားဖြင့် ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်းရှိကြတယ် ။ (  hidden agenda ဆိုတဲ့ လျှို့လျှို့ဝှက်ဝှက် စဉ်းစားနေရခြင်းတွေ မပွင့်လင်းတဲ့ အကြံအစည်တွေ ၊ ကြောက်ကြောက်လန့်လန့် တွေးနေမိတာတွေ မရှိဘူး ) ။ မနေ့က မြင်ခဲ့ရတဲ့ ကျောင်းသူကျောင်းသားတွေဟာလည်း ပွင့်ပွင့်လင်းလင်းပုံစံလေးတွေပါဘဲ ။ ကျမတို့ကျောင်းသူဘ၀တုန်းက လွတ်လပ် ပွင့်လင်းကြသလိုပေါ့  ။ ဒီလိုနေနိုင်ဖို့ ကျမတို့မှာ အခွင့်အရေးလည်း ရခဲ့တာကိုး ....။ ဘာကိုမှ မကြောက်ခဲ့ရဘူး ။ ဘယ်သူ့ကိုမှလည်း မကြောက်ခဲ့ရဘူး ။ ဒီတော့ ကျမတို့မှာ ကမ္ဘာကြီးကို ရှင်းရှင်း လင်းလင်း မြင်ဖို့ အခွင့်အရေး ရခဲ့တာ မဆန်းပါဘူး ...........။
  •             သေးသေးမွှားမွှားအဖြစ်အပျက်ကလေးတွေကို ကျမ မှတ်မိနေပါသေးတယ်။ မကြာခဏ သတိရမိတတ်တာက ကျမသူငယ်ချင်း  Ann Pasternak-Slate နဲ့ Banbury လမ်းပေါ်မှာ ကားအတူစီးခဲ့တာတွေကိုပါ ။
  •              ကားပေါ်အတူထိုင်ရင်း Ann က ကျမတို့ ၂ ယောက်ရဲ့ ဂျင်းဘာင်းဘီဝတ် ဒူးဂေါင်းတွေကို ကြည့်ရင်း '' ဟင်း...ဒါမတရားဘူးနော်...ဒူးဂေါင်းချင်းတောင် မတူကြဘူး ''  လို့ ပြောတတ်တယ် ။ ပြောလည်း ပြောချင်စရာဘဲ ။ ဘယ်လို မတူတာလည်း သေချာမသိပေမယ့် ဒူးတစ်စုံက ချွန်နေပြီး နောက်တစ်စုံက လုံးနေတာတော့ တွေ့တယ်  ....( ရယ်သံများ ) ။ ဒါလေးတွေဟာ ကျောင်းသားဘ၀မှာ စိတ်ဝင်တစား သတိပြုမိစရာလေးတွေ၊ ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောစရာလေးတွေ ဖြစ်နေတတ်တယ်။ ဟုတ်ပါ့နော် ။ ကျမတို့တွေ ဒူဂေါင်းတောင် မတူရဘူးရယ်လို့ ။
  •            ဒီလိုဘဲ ကမ္ဘာလောကကြီးကလည်း အသွင်မတူတာတွေနဲ့ ဖွဲ့စည်းထားတယ်။ ဒါပေမယ့် ကျမတို့ မကြောက်ခဲ့ပါဘူး ။ ကွဲပြားမှုတွေရှိတယ်ဆိုတာ ကျမတို့တွေ ရင့်ကျက်ခိုင်မာတယ်ဆိုတဲ့သဘောမဟုတ်လား ။ ဒီလိုနဲ့ဘဲ ဘ၀မှာ ဖြစ်လာမယ့် မတူညီတဲ့ပြသာနာတွေကို ရင်ဆိုင်ဖြေရှင်းတတ်ဖို့ ကျမတို့ သင်ယူလေ့လာခဲ့ကြတယ်။
  •              ကျမလိုဘဲ ဒီနှစ်မှာ ဒေါက်တာဘွဲ့ရတဲ့ လူတစ်ယောက်ကတော့  စာရေးဆရာ John le Carré  ပါဘဲ ။ သူ့ရဲ့ စာအုပ်တွေကလည်း အကျယ်ချုပ်ကျစဉ်ကာလအတွင်းမှာ ကျမကို အတော်အထောက်အပံ့ဖြစ်ခဲ့ပါတယ် ။ စာအုပ်တွေဟာ ထွက်ပေါက်တစ်ခုဘဲ မဟုတ်လား ။ ကျမကတော့ ထွက်ပေါက်ဆိုတာထက် ကျမကမ္ဘာလေးထက် ပိုကျယ်ဝန်းတဲ့ ကမ္ဘာကြီးထဲကို သွားဖို့ ခရီးရှည်ကြီးလို့သာ ဆိုချင်ပါတော့တယ်။ တိုင်းပြည် နိုင်ငံတွေအကြောင်းရေးထားလို့ချည်း ကျယ်ဝန်းတာမဟုတ်ဘဲ အတွေးအခေါ်တွေ စိတ်ကူးစိတ်သန်းတွေပေါ်လည်း အခြေခံထားတယ်လေ ။ ဒီခရီးတွေဟာ ကျမကို '' သြော် ငါဟာ လူ့လောကကြီးနဲ့ လုံးလုံးကြီး အဆက်ပြတ်နေတာ မဟုတ်သေးပါလား '' ဆိုတဲ့ ခံစားမှုကို ပေးခဲ့တယ် ။ ကျမဘယ်တော့မှ အထီးမကျန်ခဲ့ပါဘူး ။ ကျမနေတဲ့ နေရာလေးကနေ ဝေးလံခေါင်သီတဲ့ နေရာတွေကို သွားဖို့ နည်းတွေအများကြီး ရှိနေခဲ့ပါတယ်။
  •             ဒါတွေ ဒါတွေ အားလုံးဟာ Oxford မှာ နေခဲ့ရတဲ့ ကာလတွေကြောင့် ၊  Oxford မှာ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေကြောင့် အဓိကပါဘဲ ။
  •              Oxford ကနေ သင်ပေးလိုက်တာတွေထဲမှာ ကျမအတွက် အရေးအပါဆုံးကတော့ စာအုပ် အထူကြီးတွေဖတ်ပြီး လေ့လာလို့ ရခဲ့ရတာတွေမဟုတ်ဘဲ   '' ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကြီးအတွက် အကောင်းဆုံးစံ အရည်အသွေး တွေကို လေးစားလာတတ်ခြင်း '' ဆိုတာပါဘဲ ........... ။
  •               ယဉ်ကျေးတဲ့ လူ့ဘောင်အတွက် အကောင်းဆုံးဆိုတာတွေဟာ Oxford တစ်ခုထဲမှာဘဲ ရှိနေတာမဟုတ်ပါဘူး ။ အလားတူဘဲ  မြန်မာပြည်မှာချည်းဘဲလည်း မရှိပါဘူး။ ယဉ်ကျေးတဲ့ လူဘောင်ရဲ့ အကောင်းဆုံးအရည်သွေးတွေဟာ ကမ္ဘာအရပ်ရပ်  နေရာအနှံ့ကလာတာပါ၊ ဒါပေမယ့် ကျမအတွက်တော့ အဲဒီ အကောင်းဆုံးအရည်အသွေးတွေကို Oxford ဆိုတဲ့ နေရာတစ်ခုမှာ လေ့လာခွင့်ရခဲ့ပါတယ် ။ ဒီသင်ယူလေ့လာခဲ့တာကဘဲ လူ့အဖွဲ့အစည်းရဲ့ သိပ်မကောင်းတဲ့ အခြေအနေတွေကို  ရင်ဆိုင်ဖြေရှင်းဖို့ရာမှာ အထောက်အကူပေးခဲ့တယ်လေ ။
  •                  အကောင်းဆုံးမဟုတ်ဘူး ဆိုတာတွေဟာ တစ်နေ့တော့ အကောင်းဆုံးဆိုတဲ့ အဆင့်ကို ရောက်လာနိုင်သေးတာဘဲ ။ ပြုပြင်တိုးတက်လို့ ရနိုင်တာဘဲ မဟုတ်လား ။ ဒီအချက်ကဘဲ ကျမကို ''လူသားမျိုးနွယ်ရဲ့ မွေးရာပါ ဥာဏ်ပညာ '' အပေါ်မှာ ယုံကြည်မှုကို ပေးစွမ်းခဲ့တယ်။ ဒီဥာဏ်ပညာဟာ လူတိုင်းမှာတော့ မပါဘူးပေါ့လေ ။ ဒါပေမယ့် တကမ္ဘာလုံးနဲ့ ခွဲဝေသုံးနိုင်လောက်အောင် ၊ တခြားလူများအတွက်ပါ မျှဝေသုံးလို့ရအောင်တော့ လူတော်တော်များများမှာ ပါ ပါတယ်။
  •            မြန်မာပြည်နဲ့ ပတ်သက်ပြီး မကြာခဏ တွေးမိတဲ့ စိတ်မကောင်းစရာအကောင်းဆုံးတစ်ခုကတော့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေမှာ တက္ကသိုလ်ကျောင်းဝင်းထဲက Campus Life ကို မရတာ ဆယ်စုနှစ်တွေကျော်ခဲ့ပြီဆိုတာပါဘဲ ။ တက္ကသိုလ်ရဲ့ Campus Life  ဆိုတာ ကိုယ့်ဘ၀ကိုကိုယ် စိတ်ကြိုက် တည်ဆောက်နိုင်တဲ့ ဘ၀ ၊ ဒါမှ မဟုတ်ရင်လည်း ကမ္ဘာကြီးကို ခါးစောင်းတင်နိုင်တဲ့ဘ၀ကို ဆိုလိုတာပါ ။ ကျောင်းသူကျောင်းသားဘ၀ဆိုတာ ဒီလို လုပ်ဖို့ လွတ်လပ်မှု Freedom ဆိုတာလည်း ရှိတယ် ၊ လုပ်နိုင်တဲ့အခွင့်အရေးပေးတဲ့ Facilities ဆိုတာတွေလည်း ရှိတယ် မဟုတ်လား ။
  •            မြန်မာပြည်က လူငယ်တွေကတော့ ဒီလိုလုပ်ဖို့ လွတ်လပ်ခြင်းမရှိတာ ဆယ်စုနှစ်တွေတောင် သုံးလေးခုနီးပါးလောက်ရှိပြီ ။  ကျောင်းသားတွေကို မျက်စိဒေါက်ထောက်ကြည့်ထားဖို့လိုတယ်ဆိုတာကြီးကြောင့် တက္ကသိုလ်ကျောင်းသူကျောင်းသားဘ၀ဆိုတာ တစစီ ပျက်စီးကြေမွခဲ့ရတယ် ။
  •            တကယ်တော့ ဒါမျိုးလုပ်တာက မဖြစ်နိုင် မထိရောက်ပါဘူး ...ကျောင်းသားတွေကို ထိန်းထားဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စကြီးမှန်း လူတိုင်းသိနေတာဘဲလေ ။ ဒါကြောင့် ဒီသဲထဲရေသွန်ဖြစ်မယ့်၊ မလိုလားအပ်တဲ့ လုပ်ရပ်ကြီးအတွက် ကျမတို့တွေ အချိန်တွေ မကုန်သင့်တော့ပါဘူး ။ ကျမအနေနဲ့ မြန်မာပြည်က တက္ကသိုလ်ကျောင်းသူကျောင်းသားဘ၀  အဆင့်မှီမှီ ပီပီပြင်ပြင် ပြန်လည်ထွန်းကားလာတာကို မြင်ချင်ပါတယ်။ ကျမရဲ့ Oxford ကျောင်းတော်ကြီးက ဒီလို ပြန်ဖြစ်လာအောင် ကူညီပေးမယ်ဆိုရင် ကျမအရမ်းကို ကျေးဇူးတင်မိမှာပါ ။
  •                 '' ငါဟာ ကမ္ဘာလောကကြီးအတွက် အကောင်းဆုံး အတတ်နိုင်ဆုံး လုပ်ပေးနိုင်တယ် '' ဆိုတဲ့  မိမိကိုယ်ကို ယုံကြည်မှု ၊ '' လောကကြီးကလည်း မိမိဆီက အကောင်းဆုံးကို မျှော်လင့်တယ် '' ဆိုတဲ့ ယုံကြည်မှု အပြည့်အ၀နဲ့လူငယ်ဘ၀ကို အစပြုနိုင်ဖို့ရာ  '' ကမ္ဘာကြီးဟာ ကိုယ်နဲ့ အပြန်အလှန် ဆိုင်တယ် ''  ဆိုတဲ့ ခံစားချက်ကလေးကို  မြန်မာနိုင်ငံက လူငယ်တွေကိုလည်း ခံစားစေချင်ပါတယ် ။
  •                 လူသားမျိုးနွယ်ကြီးကို တန်ဖိုးထားတတ်အောင် Oxford က ကျမကို သင်ပေးခဲ့ပါတယ်။ Oxford မှာတက်စဉ် ပထမ ( ၂ ) နှစ်လောက်အတွင်း ကျမက တစ်ဦးတည်းသော မြန်မာကျောင်းသူလေ ။ ကျမသူငယ်ချင်းတွေဟားလုံးက အင်္ဂလိပ်တွေ ချည်းမဟုတ်ဘဲ ဂါနာ၊ အိန္ဒိယ ၊ ထိုင်း  ၊ သီရိလင်္ကာ နဲ့ တခြားနိုင်ငံတွေကလည်း ပါကြတယ်။
  •                 သူတို့နဲ့ ကွဲပြားတယ်လို့ဘဲ တခါမှ မခံစားမိခဲ့ပါဘူး ။ အားလုံးအတူတူဘဲ ..အားလုံး တက္ကသိုလ်တစ်ခုတည်းက ကျောင်းသူ၊ ကျောင်းသားတွေဘဲ ။ ဒီအချက်ကြောင့်ဘဲ ဘယ်အရာကမှ ကျမတို့ကို ခွဲခြားလို့မရသလို ခံစားရစေတယ်။ ဘာသာ၊ လူမျိုး ၊ နိုင်ငံသား ၊ ကုန်ကုန်ပြောရရင် ကျောင်းပညာဘယ်လောက်တော်သလဲ ဆိုတာကတောင် ကျမတို့ကို ကွဲပြားတယ်လို့ မခံစားရစေဘူး။
  •          Oxford ဟာ တကယ့်ကို စိတ်ဓါတ်ပွင့်လင်းမှုရှိတဲ့ နေရာတစ်ခုပါဘဲ ။ ဘယ်သူကဘယ်သူ့ကိုမှ နင်နဲ့ ငါက မတူဘူး ဆိုပြီး  ခွဲခြားဆက်ဆံတယ်ရယ်လို့ မရှိဘူး ။ သူများလောက်မတော်လို့ ခွဲခြားဆက်ဆံခံရတယ်လို့လည်း မရှိဘူး ။ လူတိုင်းလူတိုင်းမှာ သူ့ရဲ့ တန်ဖိုးနဲ့ သိက္ခာ ရှိတယ်လို့ သတ်မှတ်ထားတဲ့နေရာ တစ်ခုပါ ။
  •           ဒါကြောင့်ဘဲ မြန်မာပြည်မှာ လူအခွင့်အရေးအတွက် တိုက်ပွဲဝင်နေစဉ်အတွင်းမှာ  '' သြော်..ငါ့တက္ကသိုလ်ကြီးက သဘောကျမယ့်ဟာတစ်ခုကို ငါလုပ်နေတာပါလား'' ရယ်လို့  ကျေနပ်ခံစားမိတယ်။ ကျမနောက်မှာ နှစ်ခြိုက်အားပေးမှု တစ်ခုရှိနေတယ်ဆိုတာ သိရတာ အင်မတန် အားတက်ရပါတယ်။
  •             မြန်မာပြည်ဟာ အခုမှ ခရီးလမ်းတစ်ခုကို စတင်လျောက်လှမ်းရမှာပါ ။ အဲဒီလမ်းက အင်္ဂလန်က လမ်းတွေလိုတော့ ဘယ်ဟုတ်ပါ့မလဲ ။ မချောမွေ့ဘူး ။ ကောင်းကောင်းပြုပြင်ထိန်းသိမ်းထားတဲ့ လမ်းမျိုးမဟုတ်ဘူး။ အဲဒီလောက်ကောင်းတဲ့ လမ်းအဆင့်မျိုး မရောက်သေးပါဘူး ။ အခုမှ ကျမတို့ဖာသာ ကျမတို့ စဖောက်ရမယ့်လမ်း၊  ရှေ့ကို ဆက်သွားရင်းနဲ့ နည်းနည်းချင်း ဖောက်သွားရမယ့် လမ်းမျိုး ဆိုပါတော့ ။
  •             ခုချိန်မှာ များစွာသောလူတွေက မြန်မာပြည်ကို အဆမတန် မျှော်လင့်နေကြတယ် ။ သူတို့တွေထင်တာက မြန်မာပြည်က ကျမတို့ရဲ့ လမ်းဟာ ကျမသွားခဲ့ဖူးတဲ့ London နဲ့ Oxford ဆက်ထားတဲ့ ဟိုင်းဝေးလမ်းမကြီးတစ်ခုလောက် ချောမွေ့နေတယ်လို့ ထင်နေပုံပါဘဲ ။ ကျမဖြင့် ချောလွန်း ဖြောင့်လွန်းလို့ အဲဒီ ဟိုင်းဝေးလမ်းတွေမှာ ကားတောင် မူးမိပါရဲ့ ။ ဒီလောက် ချောမွေ့ဖြောင့်တန်းလွန်းတာကို ကျမမှ ကျင့်သားမရတာကိုး ....။( ရယ်သံများ )
  •               မြန်မာပြည်က ကျမတို့ရဲ့လမ်းကတော့ ခုမှ ကိုယ့်ဟာကို ဖောက်ရမှာပါ ။ ခက်ခက်ခဲခဲ ဖြည်းဖြည်းချင်းပေါ့ ။ ကျမတို့တွေက ဒီလို လမ်းဖောက်နေတုန်း လူကြီးမင်းတို့ကလည်း ကျမတို့နဲ့ အတူ အားပေးရပ်တည်ပေးလိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ် ။ အပြင်မှာ လက်တွေ့မရှိသေးပေမယ့် ကျမတို့ နှလုံးသားနဲ့ စိတ်ထဲမှာ ဒီလမ်းဟာ ရှိပြီးသားဆိုတာ နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ သွားချင်တဲ့ နေရာကို ရောက်ဖို့ လူကြီးမင်းတို့ အကူအညီလည်း လိုဦးမှာပါ ။
  •                 ဒါဖြင့် ကျမအနေနဲ့ မြန်မာပြည်ကို ဘယ်လမ်းမျိုး သွားစေချင်သလဲ ဆိုတာ မေးစရာရှိလာပါတယ် ။ ၂၄ နှစ်အတွင်း ကျမရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်က ဒီဥရောပခရီးမဟုတ်ဘဲ ထိုင်းကို သွားခဲ့တာပါ ။ ထိုင်းမှာ ရှန်ဂရီလာဆိုတဲ့ ဟိုတယ်မှာ တည်းခဲ့တော့ '' ပျောက်ဆုံးသွားတဲ့ မိုးကုတ်စက်ဝိုင်း ''  ဆိုတဲ့ စာအုပ်ကို သတိရမိပါရဲ့ ။ အဲဒီထဲမှာ  ရှန်ဂရီလာကို Oxford သေးသေးလေးနဲ့ တူတယ်လို့ ခိုင်းနှိုင်းထားတာ သိကြမှာပါ ။ ( ရယ်သံများ ) ကျမလည်း မြန်မာပြည်ကို အောက်စဖို့ ရှန်ဂရီလာလေးတစ်ခုလို ဖြစ်စေချင်မိပါတယ်...........။
  •                      ကျမလုပ်ချင်တာကတော့ ကြိုးစားမှု ၊ ဗဟုသုတနဲ့ ခေတ်မှီသုတေသနတွေကို အခြေခံပြီး လက်တွေ့ကျတာမျိုး လုပ်ချင်ပါတယ် ။ ဒီလို လုပ်ဖို့ရာမှာ မ,တည်ဖို့ ငွေ ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး ။ ဒီခေတ်မှာ အောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ဆိုရင် ငွေဆိုတာ လိုစမြဲမဟုတ်လား ။ ဒီလိုပြောရတာကတော့ မြန်မာပြည်မှာ လာပြီး ရင်းနှီးမြှုပ်နှံစေချင်လို့ပါ ။ ဒီလို ရင်းနှီးမြုပ်နှံတဲ့နေရာမှာလည်း မှန်မှန်ကန်ကန် တာဝန်ယူရဲတဲ့စိတ်နဲ့ လုပ်ဖို့လိုပါတယ် ။ လာပြီး ရင်းနှီးမြုပ်နှံသူတွေသာမက မြန်မာပြည်သူတွေပါ ဒီရင်းနှီးမြုပ်နှံမှုတွေကနေ အကျိုးရှိရမယ်ဆိုတာ မမေ့သင့်ပါဘူး ။
  •             စီးပွားရေးလုပ်ငန်းတွေ ၊ လူသားအကျိုးပြု လုပ်ငန်းတွေအားလုံးဟာ ရင်းနှီးမြုပ်နှံမှုတွေတွေပါဘဲ ။ ဒီလိုရင်းနှီးမြုပ်နှံရာမှာ  ဒီမိုကရေစီနဲ့ လူအခွင့်အရေးကို ဦးစားပေးတဲ့ မြုပ်နှံမှုမျိုး ( democracy-friendly , human-rights-friendly )  ဖြစ်အောင် ကူညီပေးကြပါ ။ လူကြီးမင်းတို့တန်ဖိုးထားရပ်တည်ရတဲ့ စံတွေ တန်ဖိုးတွေ၊ လူကြီးမင်းတို့က ကျမကို Oxford မှာ သင်ပေးလိုက်တဲ့ စံတွေ တန်ဖိုးတွေ မြန်မာပြည်မှာ ရှိလာအောင် ဒီရင်းနှီးမြုပ်နှံမှုတွေက အကူအညီပေးမှာပါ ။
  •            ဒီနေ့ကတော့ ကျမအတွက် အရမ်းကို စိတ်လှုပ်ရှားကြည်နူးရတဲ့နေ့ပါဘဲ ။ ဘာကြောင့်လည်း ဆိုတော့ အမြဲတမ်း ရှိနေတဲ့ ၊ ဘယ်တော့မှ ပျောက်မသွားတဲ့ အတိတ်ကို ပြန်တွေ့ခဲ့ရတယ် ။ အနာဂတ်ကို သွားဖို့ အဲဒီ ပျောက်မသွားတဲ့ အတိတ်ကနေ  အကောင်းဆုံးစံ၊ အရည်အသွေးတွေကို ရွေးချယ်အသုံးချလို့ ရပါတယ် ။ စိန်ဟူးကောလိပ်မှာ နေတုန်းက ကာလတွေအားလုံးကို တခုမကျန် သတိရမိတယ် ။ အဆောက်အဦးသစ်တွေ ပေါ်လာပေမယ့် အသစ်တွေဟာ အဟောင်းတွေနဲ့ သဟဇာတဖြစ်ဖြစ် ရောယှက်ပေါင်းစပ်နေတယ်ဆိုတာလည်း တွေ့ရတယ်။ ဒီလို အဆင်ပြေပြေ သဟဇာတဖြစ်ဖြစ် ရပ်တည်နေနိုင်မှုဟာ အနာဂတ်အတွက် အင်မတန်ကောင်းတဲ့ မြင်ကွင်းပါဘဲ ။
  •                 ကျမတက်ခဲ့တဲ့ ကောလိပ်ကို ပြန်လာရတာ သိပ်ဂုဏ်ယူမိပါတယ် ။ ကျမတို့ အဖွဲ့ကို ကျောင်းအုပ်ဆရာကြီး၊ သူ့မိသားစုနဲ့ ကျောင်းသူကျောင်းသားတွေက နွေးနွေးထွေးထွေး ကြိုဆိုလို့လည်း ပီတီဖြစ်မိပါတယ် ။ ကျောင်းသူကျောင်းသားတွေရဲ့ နွေးထွေးမှုဟာ တကယ်ဘဲ ၀မ်းသာကြည်နူးစရာပါ ။
  •              ကျမ ဟိုးအရင်ကျောင်းသူဘ၀ကို ပြန်ရောက်သွားတယ်လို့ ခံစားရတယ် ။ သူတို့နဲ့ ကွဲပြားတယ်လိုကို တစက်မှ မခံစားရပါဘူး ။  တနည်းအားဖြင့် အခု ကျမဟာ ဟိုးအရင်က Oxford ကျောင်းသူ အောင်ဆန်းစုကြည်ပါဘဲ ။ ဒါပေမယ့် ကျမရင်ဆိုင်ခဲ့ရတဲ့ ဘ၀အတွေ့အကြုံအမျိုးမျိုးကြောင့် တနည်းအားဖြင့်လည်း အရင်က ကျမနဲ့ အခုကျမဟာ ကွဲပြားနေပြန်ပါတယ်..........။
  •               ဒီအတွေ့အကြုံဟောင်းတွေကို အောက်စဖို့ဒ် မှာ အခု ကျမပြန်လည် ခံစားမိပါတယ်။ အတွေ့အကြုံသစ်တွေကို ပေးစွမ်းဖို့၊ သိုမှီးဖို့ ရာလည်း အောက်စဖို့ဒ်ဟာ ကျယ်ပြန့်ကြီးးမားပါပေတယ် ။
  •                 ပြောခဲ့သလိုဘဲ ကျမတို့လျှောက်လှမ်းရမယ့် ခရီးလမ်းဟာ လွယ်ကူမှာတော့ မဟုတ်ပါဘူး ။ ဒါပေမယ့်အောက်စဖို့ဒ်က အတတ်နိုင်ဆုံး ကူညီပေးလိမ့်မယ်ဆိုတာ ကျမသိပါတယ်။ ကျမကို ရင်နှစ်သည်းချာတယောက်လို သဘောထားခဲ့တဲ့ Oxford ရဲ့ ကျေးဇူးကြောင့် ရှေ့မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို အစွမ်းကုန်ဖြေရှင်းဖို့ အားအင်တွေ ရခဲ့ပါတယ် ဆိုတာ ပြောရင်း နိဂုံးချုပ်ပါတယ် .........။

  St.Hugh ကောလိပ်
 Themes မြစ်ရဲ့ မြစ်လက်တက်ဖြစ်တဲ့ Cherwell မြစ်ကလေး ( Oxford မြို့နားမှာ )
 Oxford University
( Ann Pasternak-Slate မှာ ကိုယ်တိုင်လည်း နာမည်ကြီးစာပေပညာရှင်နှင့်ဘာသာပြန်သူဖြစ်ပြီး အင်္ဂလိပ်လူမျိုးကဗျာဆရာ Craig Raine ရဲ့ ဇနီးလည်း ဖြစ်သည် ) ။      

Park Town ရပ်ကွက်ကလေး
 Oxford မြို့မှ Park Town ရပ်ကွက်ကလေး
 St.Hugh ကောလိပ်



 

 
 
 


 

 

 

( ပျောက်ဆုံးသွားတဲ့ မိုးကုတ်စက်ဝိုင်း Lost Horizon ဆိုတဲ့ ၀တ္တုမှာ.......... စစ်တွေဖြစ်လွန်းလို့ ဒုက္ခတွေ ဝေနေတဲ့ ကမ္ဘာကြီးကို စိတ်ကုန်နေတဲ့ ဇာတ်လိုက်ဟာ တကယ့်မေတ္တာစစ်၊ မေတ္တာမှန်နဲ့ စိတ်၏ချမ်းသာခြင်းကို ရှန်ဂရီလာ ဆိုတဲ့ အရပ်မှာ ရှာတွေ့သွားပါသတဲ့ ။ အဲဒီအရပ်ဟာ ဒုက္ခမရှိ၊ လူမသေတဲ့ စိတ်ချမ်းသာဖွယ် ခိုလှုံရာအရပ် တစ်ခု ( တနည်းအားဖြင့် လောကနိဗာန်တစ်ခု ) ဖြစ်ပါသတဲ့ ။ အဲဒီ လောကနိဗာန်ဟာ တရုပ်ပြည် တိဘက်ဒေသမှ Kunlun တောင်တန်းများကြားမှာ ရှိတယ်လို့ ယူဆကြပြီး တိဘက်လို Shangri-La လို့ ခေါ်တယ်လို့ သိရပါတယ် ။ ၀တ္တုထဲမှာ စာရေးဆရာက ရှန်ဂရီလာကို Oxford မြို့သေးသေးလေးနဲ့ တူတယ်လို့ ခိုင်းနှိုင်းထားတယ်လို့ ဆိုပါတယ် ။ အင်္ဂလိပ်စာရေးဆရာ James Hilton ရဲ့ စိတ်ကူးယဉ်ဇာတ်လမ်း ၀တ္တု ပါ )


 

 Oxford University Museum




( ဒေါ်စုရဲ့ နိုဗယ်ဆု မိန့်ခွန်းကိုပါ ဖတ်လိုပါက ဒီ Note ရဲ့ အရှေ့က Note မှာ ဖတ်ပါ ။ Public လုပ်ထားတာကြောင့် လူတိုင်း ၀င်ဖတ်နိုင်ပါတယ် ။ နိုဗယ်ဆုမိန့်ခွန်းကို  နေရာများစွာတွင် ပြန်ဆိုဖော်ပြထားတာ တွေ့ရပေမယ့် လွဲမှားပြန်ဆိုမှုတွေကို စိတ်မကောင်းဖွယ် တွေ့ရပါတယ်။  မြန်မာပြည်သူ ဒေါ်စုပြောတဲ့ သမိုင်းဝင် မိန့်ခွန်းတွေရဲ့ တန်ဖိုးကို  မြန်မာပြည်သူများ အပြည့်အ၀ရစေရန် ရည်ရွယ်ပြီး ထပ်မံဝေငှခြင်း ဖြစ်ပါတယ် )

(မိုးမခ မှကူးယူဖေါ်ပြပါသည်)

No comments:

Post a Comment