"ထမင်း ဖြောင့်ဖြောင့် စားနိုင်ကြပါစေ"
(ဆောင်းပါးရှင် လောကပါလ)
ကျွန်တော့အဖေအသက် ၃၈ နှစ်မှာဆုံးပါးတော့ အမေက ၃ရ နှစ်။ သားသမီး (၇) ယောက်ကျန်ခဲ့တယ်။ သားအကြီးဆုံးက
၁၈နှစ်၊ အငယ်ဆုံးဖြစ်လာမယ့်သားက ဝမ်းမှာလွယ်ထားဆဲ။ အဖေဆေးရုံတက်တဲ့အခါ အဲဒီသားကြီးက လူနာစောင့်ရတော့
၁၆နှစ် အရွယ် သမီးကြီးကို ဆေးရုံထမင်းပို့ လွှတ်ရတယ်။ အမေကိုယ်တိုင် မပို့နိုင်မှ ခိုင်းတာမို့ ရက်ခြားပါ။
ဒါပေမဲ့ ဆေးရုံတက်ရက်နှစ်လ အတွင်းမှာဘဲ တလမ်းကျော်က လူငယ် တစ်ယောက်နဲ့ ရည်ငံပြီး ဖအေဆုံးလို့ လမှ
မလဲသေးခင် လိုက်ပြေးပါလေရော။ အမေ့အတွက် မြွေပူရာကင်းမှောင့်ပေါ့။ လက်ကျန် သားသမီးငါးယောက်နဲ့ တစ်ဗိုက်
ရဲ့ တာဝန်ဟာလဲ မုဆိုးမပူပူနွေးနွေး အမေ့ပုခုံးပေါ်မှာ အလုံးအရင်းနဲ့။ ဆိုတော့ကာ လင်အလွမ်း
သမီးအလွမ်းတွေ ဘယ်မှာဇာချဲ့အားပါ့မလဲ။ အငယ်ကောင် မွေးပြီးပြီးချင်းဆိုသလို အမေဈေးတောင်းခေါင်းရွက်ခဲ့ရ
တာပါ။ စက်ရုံတခုမှာ နေ့ဘက်အလုပ်ဆင်းပြီး လူငယ့်ရေးရာညကျောင်းတက်တဲ့ သားကြီးက တတ်စွမ်းသရွေ့ တဖက်တ
လှမ်းပေါ့။ ကျွန်တော် အပါအဝင် ကျန်သားသမီး ဘုစုခရုတွေကတော့ ကျောင်းသွားရုံ၊ စားရုံကစားရုံသာ ပံ့ပိုးနိုင် ခဲ့ကြပါတယ်။
ဟိုတလောကမီးလောင်သွားတဲ့ ရှမ်းလမ်း ဂွဈေးဟာ အမေကုန်စိမ်းရောင်းပြီး ကျွန်တော်တို့ကို လူတလုံး သူတလုံး
ဖြစ်အောင် ပျိုးထောင်သွားခဲ့တဲ့ ဘူမိနက်သန်လေးပါ။ ကုန်စိမ်းတို့ သားစိမ်းတို့ ဆိုတာတခြားကုန် အမျိုး
အစားတွေနဲ့ မတူဘဲအချိန်နဲ့ဝယ် အချိန်နဲ့ ရောင်းကြရတာမို့ ပိုပင်ပန်းပါတယ်။ အမေဟာမနက် ၂နာရီအိမ်ရှေ့အရောက်
လာခေါ်တဲ့ ကုန်စိမ်းကြိုကားနဲ့ ကီလီဈေးလို့ ခေါ်ကြတဲ့ ကီလီလမ်း (ဝါးတန်းလမ်း) ဆိပ်ကမ်းဈေးကြီးကို
သွား၊ သင့်တော်ရာဟင်းသီးဟင်းရွက် အသီးအနှံတွေဝယ် အဲသည်ကားနဲ့ ပြန်တင်ပြီး ဂွဈေးကိုဈေးဖွင့်ချိန်အမှီပြန်
ဆိုင်ခင်းရောင်း၊ ဈေးကွဲချိန် အိမ်ပြန် (အိမ်ကဈေးအနီး ရပ်ကွက် တခုမှာပါ)၊ မိသားစုစားဘို့ချ
က်ပြုတ၊် စားသောက်ပြီးနေ့လည်နေ့ခင်း (လျှော်ရေးဖွတ်ရေးမရှိတဲ့အခါ) တအောင့်တဖြုတ် နား၊
ညနေဈေးပြန်ထွက်၊ မှောင်မှတနေ့တာအတွက် ဈေးသိမ်းပြီး အိမ်ပြန်ရောက်ပါတယ်။ ဒါဟာ နေ့စဉ်
ရက်ဆက်အလုပ်ပါ။ အိပ်ယာထဲလဲအောင် ဖျားနာတာမျိုးကလွဲရင် အမေ့မှာနားရက်မရှိသလို နားလဲ
မနားပါဘူး။ စိတ်ဆောင်လို့လား မာန်တင်းထားတာလားမသိခဲ့ပေမယ့် အမေဈေးရောင်းပျက်တဲ့ရက် မရှိသလောက်
ဆိုတာတော့ မှတ်မိနေပါတယ်။
အဲသလို (အမေ့စကားအရ) ကြက်ယက်သလို ရှာစားနေရပေမယ့် သားသမီးတွေ အပေါ်မှာ စားဝတ်နေရေး
ပညာရေး ကျန်းမာရေးကအစ မလစ်ဟင်းခဲ့သလို ပင်ပန်းတယ်လို့လဲ မညည်းညူခဲ့ပါဘူး။ တခါတခါ
အမေ့ကိုကြည့်ပြီး ဂရုဏာသက်လို့ရော အမေ့စိတ်ကို စမ်းချင်တာ ကြောင့်ရော ဆွေမျိုးနီးစပ်တွေက သားသမီးတယောက်
တလေ သူတို့ကို ဒါမှမဟုတ် သူများကို (မွေးစားဘို့ဘဲ ဖြစ်ဖြစ်) ပေးဘို့ စကားတောက်လာ ကြသမျှကိုလဲ အမေ ရယ်ရယ်မော
မာနဲ့ ငြင်းဆန်ခဲ့တာချည်းပါဘဲ။ တချို့အမေ့အပေါ် သြဇာညောင်းတယ်လို့ ခံယူထားကြတဲ့ (အမေ့လို မုဆိုးမကုန်စိမ်းသည်
အပေါ် လူတကာက သြဇာညောင်း ချင်ကြတာ တကယ်တော့ မဆန်းပါဘူး) အရင်းအချာတွေကိုယ်တိုင် ဒီကိစ္စ
အတည်ပေါက်နဲ့ ထပ်တလဲလဲ ပြောလာပြီဆိုရင် အမေပြတ်ပြတ်သားသား တုံ့ပြန်လေ့ရှိတဲ့ စကားတခွန်းကတော့
"ကျွန်မ ဟင်းရွက်ကန်စွမ်းရောင်းနေတာ မှန်ပေမယ့် ကျွန်မသားသားသမီးတွေကိုတော့ ဟင်းရွက်
ကန်စွမ်းလို သဘောမထားနိုင်ပါဘူး" ဆိုတာပါဘဲ။ ဒါဟာ သားသမီးတွေနဲ့ပတ်သက်လို့ အမေ့ရဲ့ရပ်တည်ချက် ဖြစ်ပါလိမ့်မယ်။
ခုတော့ အမေမရှိတော့ပါဘူး။ ကိုယ်ကိုယ်တိုင် မိဘနေရာရောက်ပြီး အမေ့လိုပင်ပန်းကြီးစွာ ရှာမစားရ ရှာမကြွေးရတာ
အမေ့ ကျေးဇူးကြောင့်ပါလားလို့ နက်နက်နဲနဲ သိလာတဲ့အခါ ကျေးဇူးဆပ်လိုစိတ် ပြင်းပြင်းပြပြ ဖြစ်ရတတ်ပါရဲ့။ ဒါပေမဲ့
ဆပ်စရာ အမေမရှိတာလည်း နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ ဒီလိုလူမိုက်မျိုးတွေရဲ့ ထုံးဆံအတိုင်း နောင်တတွေ
တနင့်တပိုးနဲ့ အကြောင်းတိုက်ဆိုင်တိုင်း သတိရလိုက်၊ သတိရတိုင်း အနီးအပါးက ကိုယ့်သားသမီး သူများသားသမီး
မခွဲခြား၊ စိမ်းသောကျက်သော နာလိုသော မနာလိုသော မစောကြောဘဲ ကိုယ်ရသလို နောင်တမျိုး
သူတို့မရကြစေဘို့ လူတွင်ကျယ်လုပ်ပြီး ပြောလိုက်ဆိုလိုက်နဲ့ ဘဝနေတောင် အတော် စောင်းပါပေါ့။
ဟိုအရေးသည်အရေး ငေးရင်းမောရင်း တွေးတောရင်း ဖျတ်ကနဲအမေ့ကိုအမှတ်ရလိုက်မိတဲ့ ဒီတခါ
မှာတော့ ခုလိုစာတစောင်ပေတဖွဲ့အထိ ရေးဖြစ်တော့တာပါဘဲ။
မိုးလင်းမိုးချုပ် အလုပ်လုပ်ရတဲ့ အမေဟာ နားရက်မရှိသလို တနေ့တနေ့ သားသမီးတွေနဲ့ မျက်နှာချင်း
ဆိုင်ရတယ်လို့လဲ သိပ်မရှိပါဘူး။
မနက်အမေဈေးကြို သွားချိန်ဟာ ကျွန်တော်တို့တတွေ အိပ်ကောင်းတုံး အချိန်ဖြစ်ပြီး
နေ့လည်နေ့ခင်း အမေချက်ပြုတ်ဘို့ပြန်ချိန်မှာတော့ ကျွန်တော်တို့ အသီးသီး ကျောင်းကို ရောက်နေကြပါပြီ။ ကျောင်းကပြန်
ကစား ရေချိုးပြီး အမေ့ကိုမစောင့်ဘဲ (အမေကလည်း မစောင့်ဘို့ မှာထားပါတယ်) ညစာစားနှင့်ကြတာမို့ အမေပြန်လာ
တဲ့အခါ သူ့ဘာသာခူးခပ်ပြီး တယောက်ထဲ စားရလေ့ရှိပါတယ်။ ဒါကြောင့်လဲအမေ့ထမင်းဝိုင်းဟာ
သာမာန်အားဖြင့် တိတ်ဆိတ်နေတတ်ပါတယ်။ တယောက်ယောက်က မနှာက်ယှက်ရင် ဆိုပါတော့။ တနေကုန်ပ
င်ပန်းရာက ပြန်လာ၊ ကိုယ့်ထမင်းကိုယ် ခူးခပ်စားနေရတဲ့ အမေ့ထမင်းဝိုင်းကို နှောက်ယှက်ရက်သူကလဲ ရှိတတ်သေးတာ
ကိုး။ တခြား ဟုတ်ပါရိုးလား အမေ့သားသမီးအရင်း ဖြစ်ကြတဲ့ ကျွန်တော်တို့ ညီအကိုမောင်နှမတွေပါဘဲ။
ပြဿနာရှာပုံကလဲ တမျိုးပြီးတမျိုးမရိုးနိုင်အောင် လို့ပြောနိုင်မယ်ထင်ပါတယ်။ စာအုပ်ဘိုးခဲတန်ဘိုး လိုချင်တဲ့
အချိန် မရနိုင်တာကအစ ပပက (ပြည်သူ့ဆိုင်) မှာပစ္စည်းသွားမထုတ်ချင်တာအလယ် အရုပ်အိမ်
(ပလပ်စတစ်အရုပ် စက်ရုံရှိတဲ့အိမ်) က အဒေါ်ကြီး နေ့တိုင်းအိမ်ကိုလာပြီး သူ့သားသမီးတွေအကြောင်း
အခြောက်တိုက် ကြွားကြွားသွားတာ ကြည့်မရပေမဲ့ အမေ့ကြောင့် သီးခံနေရတာအဆုံး (နောက်မှ တဖြေးဖြေးသိလာရတာက
အဲဒီ အဒေါ်ကြီးဟာ အမေ့ဆီကနေ့ပြန်တိုး လာလာသိမ်းတာပါတဲ့)။ အဆိုးဆုံးဖြစ်မယ် ထင်တာကတော့
ကျွန်တော်တို့ချင်း တယောက်ကိုတယောက် မကျေမချမ်းနဲ့ အပြန်အလှန် အတိုင်အတောထူကြတာပါဘဲ။
အခါအားလျော်စွာ ဖြစ်လေ့ရှိတဲ့ ကျွန်တော့်အထက်ကအစ်မ၊ ကျွန်တော်နဲ့ ကျွန်တော့်အောက်ညီ သုံးပွင့်ဆိုင်
အခန့်မသင့်မှုကို အကြောင်းပြုလို့ပါ။ ဒီနေရာမှာ အလယ်လူကျွန်တော်ဟာ များသောအားဖြင့် တကိုယ်တော်
ရန်လိုငဖြိုး ဖြစ်ရတတ်ပါတယ်။ အစ်မနဲ့ရန်ဖြစ်ရင် ညီကအမဘက်က၊ ညီနဲ့ဖြစ်ပြန်တော့ အမကညီဘက်က၊
အမေ့တိုင်ပြန်တော့ သူတို့က နှစ်ယောက်စကားမို့ ကျွန်တော်သာအလွန်ဖြစ်ရ။
တရက် ကျွန်တော်တို့ချင်း အလုပ်တွက်ကပ်ရာကစ သုံးပွင့်ဆိုင်ရန်ဖြစ်ကြ ပြန်ပါတယ်။ အိမ်အတွက် ရေခပ်
တဲ့ကိစ္စပါ။ ဆင်းရဲသားရပ်ကွက်မို့ အများသုံးရေဘုံဘိုင်ကိုသာ အားထားကြရတဲ့ ကျွန်တော်တို့ မိသားစုအတွက် သောက်
သုံးရေကို မနက်ကျောင်းမသွားမီ ဒါမှမဟုတ် ညနေကျာင်းကပြန်ရင် အပြေးအလွှား ခပ်ကြရပါတယ်။ ကိုယ်
လိုလူတွေ အများစုဆိုတော့လဲ ရေဘုံဘိုင်မှာလူရှင်းတယ်လို့ သိပ်မရှိတဲ့ အပြင် တခါတခါတန်း
စီပြီး အလှည့်ကျခပ်ရတာမျိုးကြုံရပါတယ်။ ကျွန်တော်က ရေခပ်ရတာ ဝန်မလေးပေမဲ့
(ဘာကြောင့်မှန်းမသိ မိန်းခလေးတွေသာများတဲ့) ဘုံဘိုင်မှာ ရေတန်းစီတဲ့အလုပ်ကို မလုပ်ချင်ဘူး။
ဒါကြောင့် ဘုံဘိုင်လူများတဲ့ နေ့တွေဆို ကျွန်တော့် အမနဲ့ညီတို့သာ ရေခပ်ကြလေ့ရှိပါတယ်။ အဲဒီနေ့ကတော့
သူငယ်ချင်းတွေ နဲ့ ဘော်လုံးကန်ဘို့ကလည်း ရှိနေတော့ အဆော့မက်တာနဲ့ အပျင်းထူတာ နဲ့ ရောပြီး ရေမခပ်ဖြစ်တော့
ပါဘူး။ ကစားရာကပြန်လာပြီး သူတို့ခပ်ထားတဲ့ရေ အဆင်သင့် ချိုးတာကို တာဝန်မဲ့မှုအရပ်အဖြစ်
ကျွန်တော့်အမက ထောက်ပြတဲ့အပေါ် ကျွန်တော်ကလဲ ကျွန်တော့် ဝသီ အတိုင်း နှုတ်လှံပက်ပါတော့တယ်။ ဒါကို
ညီဖြစ်သူက ကိုယ်ကလဲပျက်ကွက်သေး အမကိုလဲခံပြောသေး ဆိုပြီး ဝင်ပြောရာက အခြေအတင် ဖြစ်ကြရတာပါ။
အမေပြန်လာတော့ ထုံးဆံအတိုင်း ထမင်းစားပြီးအောင် မစောင့်နိုင်ဘဲ ဝိုင်းပြီး တိုင်ကြတောကြပါတယ်။ အမေ့ခမျာ
ထမင်းမသီးရုံ တမည် စားရင်းသောက်ရင်းက ကျွန်တော်တို့ပြဿနာကို ဖြေရှင်းဖျောင့်ဖြပေး ပေမဲ့ သဘောကောင်း
စိတ်တို ကျွန်တော့်ညီနဲ့ ဆင်ခြေဆင်လက် အင်မတန်များတဲ့ ကျွန်တော်တို့အကြား ပဋိပက္ခက တော်ရုံနဲ့မငြိမ်းခဲ့ပါဘူး။
ကျွန်တော်က စကားအနိုင်ရရေးကိုသာ ရှေ့ရှုနေပေမယ့် ကျွန်တော့်ညီရဲ့ စိတ်ထဲမှာတော့ မိသားစုထဲမှာ ပညာလေး
နဲနဲပါးပါး ထူးချွန်သူမို့ အားလုံးက အလိုလိုက်ထားတဲ့အပေါ် (ဟုတ်သင့် သလောက်လဲ
ဟုတ်ပါတယ်) အခွင့်အရေးယူလွန်းသူအဖြစ် ကျွန်တော့်ကို မြင်နေကြောင်း သူ့စကားတွေအရ
သိသာနေပါတယ်။ ပြောရင်းပြောရင်း စကားနဲ့အနိုင်မရနိုင်တဲ့ အခါမှာတော့ လက်မြန်ခြေမြန် ကျွန်တော့်ညီက
သူ့အနီးမှာရှိနေတဲ့ ကြိမ်တံမြက်စီးဆွဲပြီး ကျွန်တော့်ဆီပြေးအလာ အမဖြစ်သူလှမ်းဆွဲ လို့ မရိုက်ဖြစ်လိုက်ပေမယ့်
အခြေအနေက နည်းနည်းတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရပါတယ်။
အမေလဲ ထမင်းဆက် မစားနိုင်တော့ဘဲ စားလက်စ ထမင်းပန်းကန်လေး ဆွဲပြီး မီးဖိုချောင်ထဲ ဝင်သွားပါ
တော့တယ်။ ထမင်းစားပွဲကအထမှာ အမေပြောလိုက်တဲ့ စကားဟာ ရန်စောင်နေဆဲ ကျွန်တော်တို့ ညီအကို
နှစ်ယောက်စလုံး ငြိမ်သွားစေခဲ့သလို ကျွန်တော့်အတွက် ဒီကနေ့အထိမမေ့နိုင်တဲ့ စကားတခွန်းလဲ
ဖြစ်ခဲ့ရပါတယ်။ ခုဒီစာရေးဖြစ်ရတာလဲ အဲဒီစကားကို အမှတ်ရလိုက်လို့ဆိုတာ ဝန်ခံပါရစေ။
"ထမင်းတလုပ်စားရတာ အပင်းလျှိုရသလိုပါလား" တဲ့။
အမေ့ဘဝမှာ ကျွန်တော်တို့ရဲ့ မလိမ်မာမှုကြောင့် အကြိမ်ဘယ်လောက်များများ ထမင်းကို အပင်းလို
မြင်သွားခဲ့ရပါလိမ့်။ သားရေးသမီးရေးကြောင့် ကိုယ်တိုင် ထမင်းနင်ရတဲ့ အဖြစ်တွေကြုံရတိုင်း အမေနဲ့ အေ
မ့ မှတ်ချက်စကား (မသက်မသာ ညည်းတွားသံ) လေးကို အမှတ်ရဖြစ်ပါတယ်။ ဒါတောင် ကျွန်တော်တို့
တတွေ (အမေ့ကျေးဇူးကြောင့်) အမေ့လောက် ပင်ပန်းကြီးစွာ မရုန်းကန်ကြရသလို ကျွန်တော်တို့ သားသမီးတွေဟာလဲ
အမေ့ သားသမီးတွေ (ကျွန်တော်တို့) လောက် ပြောရဆိုရ လက်ဝင်လှသူတွေ မဟုတ်ကြပါဘူး။ တနေ့နေ့မှာ
မိဘနေရာ မလွဲမသွေရောက်ကြရမဲ့ ခေတ်ပြိုင်သားသမီးတွေ အားလုံး (နောင်တ ရတတ်သူတွေဖြစ်ခဲ့ရင်)
ကျွန်တော်လို နောင်တမျိုး မရစေချင်လို့ ပြောလိုတာက အမေနဲ့ အတူနေခွင့်ရှိကြခိုက်မှာ အမေတွေ ထမင်းစား မဖြောင့်မဲ့
ကိုယ် နှုတ် နှလုံး သုံးပါးမျိုးကို ရှောင်ရှားသင့်၊ ရှောင်ရှားဘို့ ကြိုးစားသင့်ကြပါတယ် လို့ပါ။ ပြောရရင် ဒီစကားက
ခုချိန်ခါမှာ ပိုပြီးလေးနက်လိမ့်မယ်လို့လဲ ထင်ပါတယ်။ ဘာကြောင့်ဆို အမေဆိုတဲ့ အသံတွေ ဘဝဂ်လျှံနေတဲ့ အချိန်မို့ပါဘဲ။
လျှံသမှ အိမ်တွင်း အိမ်ပြင် လမ်းပေါ်လမ်းမ နိုင်ငံတွင်း နိုင်ငံပ သောင်းသောင်းညံအောင် ကြားနေကြရတယ်
မဟုတ်ပါလား။ အမေအားလုံး ထမင်းဖြောင့်ဖြောင့် စားနိုင်ကြပါစေ။
ဝန်ခံချက်။ တလောက အင်တာနက်သတင်းတပုဒ်မှာ ဖတ်လိုက်ရတဲ့ ဆိုက်ကားသမ မုဆိုးမ မိခင်တဦးရဲ့
အားမာန်ကို အကြောင်းပြုပြီး အမေ့ကိုသတိရမိရာက ဒီစာစုကိုရေးဖြစ်ပါတယ်။
လောကပါလ..
No comments:
Post a Comment