Saturday 24 November 2012

ဖတ်သင့်တယ်ထင်လို့ ကူးယူဖေါ်ပြထားပါသည်။

Friday, 23 November 2012

ပေါက်စီကြားက ၀က်သားတုံးအလား............

Myo Set
ဆဲဗင်းဒေးဂျာနယ်တွင်တွေ့လိုက်ရသည်မှာ တရုတ်ပြည်မှာ တရုတ်အစိုးရအာဘော်ဖြစ်သော ဆင်ဟွာဌာနမှသတင်းတစ်ပုဒ်ဖြစ်သည်။ သတင်းဆောင်းပါး၏ အနှစ်ချုပ်မှာ အမေရိကန်အနေဖြင့် တရုတ်ရင်းနှီးမြုပ်နှံမှုများ များပြားစွာရှိနေသော မြန်မာကိုတရုတ်လက်အောက်မှ လုယူရန်မဖြစ်နိုင်ဟူ၍ဖြစ်ပါသည်။
 

နှစ်ပေါင်းများစွာ (ဆယ်စုနှစ်နှစ်စုကျော်) မြန်မာနိုင်ငံအပေါ် လွှမ်းမိုးခဲ့သော တ၇ုတ်သည် ယနေ့ မြန်မာအစိုးရအပြောင်းအလဲ များဖြစ်ချိန်တွင် ယခင် မူဝါဒဟောင်းကိုသာ ခေါင်းမာမာဖြင့် ဆက်လက်ကိုင်စွဲထားသည်ကို မြစ်ဆုံအရေး၊ ဦးပိုင်ကိစ္စနှင့် ယခု သမ္မတအိုဘားမားခရီးစဉ်တွင် တွေ့မြင်နိုင်ပေမည်။

တရုတ်အစိုးရ၏ အာဏာရပါတီမှာ ကွန်မြူနစ်ပါတီဖြစ်သည်။ တစ်ပါတီအာဏာရှင်စံနစ်ဖြစ်ပြီး သူ၏ စီးပွားရေးစံနစ်မှာ Mixed Economy ဟုခေါ်သော ဈေးကွက်စီးပွားရေးနှင့် နိုင်ငံတော်၏ စွက်ဖက်မှု ကို ပေါင်းစပ်ထားသည့် စံနစ်ဖြစ်သည်။ ထို့ပြင် တ၇ုတ်၏ နိုင်ငံခြားရေးပေါ်လစီမှာ တ၇ုတ်အကျိုးစီးပွားကိုသာ တစ်ဖက်သတ် ကြည့်သည့် အသွင်ဖြစ်သည်။ ထိုသို့ဖြစ်ရာ အရှေ့တောင်အာရှနိုင်ငံငယ်များသည် တရုတ်ကို တစ်ဖက်သတ်ဗိုလ်ကျအနိုင်ကျင့်သည့် နိုင်ငံတစ်ခုအဖြစ် ရှုမြင်လာတော့သည်။

တရုတ်သည် အမေရိကန်နှင့် စီးပွားဖက်ဖြစ်သော်လဲ တရုတ်၏ အဓိက ရှုမြင်မှုမှာ အမေရိကန်သည် တ၇ုတ်၏ ကြီးထွားမှုကို မနှစ်မြို့ဟု ဖြစ်ပါသည်။ ထို့ပြင်တ၇ုတ်တို့၏ အဓိက စိုးရိမ်မှုမှာ Encirclement Strategy ဟု တရုတ်နိုင်ငံရေးသမားများက ခေါ်ဝေါ်သော တ၇ုတ်နိုင်ငံကို ပတ်ချာလည် စစ်တပ်များဖြင့်ဝန်းရံမှုဖြစ်သည်တရုတ်အိမ်နီးချင်းများနှင့် အမေရိကန်က မဟာမိတ်ဖွဲ့ကာ အမေရိကန်စစ်တပ်များ ချထားခြင်းကို အကြီးအကျယ်စိုးရိမ်နေခြင်းဖြစ်ပါသည်။

ထိုသို့စိုးရိမ်နေသည့်ကြားတွင် အမေရိကန်နှင့််အဆင်မပြေလှသော မြန်မာစစ်အာဏာရှင်များကို တရုတ်က အစွမ်းကုန်ကာကွယ်ပေးခဲ့သည်။ သို့သော်လဲ တ၇ုတ်၏ နိုင်ငံခြားရေးပေါ်လစီအရ မြန်မာ့သံယံဇာတများနှင့် သန်းခြောက်ဆယ်ဈေးကွက်ကိုလဲ ထပ်မံအမြတ်ထုတ်ခဲ့ပြန်သည်။ Economic Fair Play ပုံစံမကျင့်သုံးချင်သော လက်ဟောင်းအရင်းရှင်တို့အချိုးကိုချိုးသဖြင့် တရုတ်မုန်းတီးရေး ဝါဒမှာ မြန်မာပြည်သူများအကြားရေပန်းစားလာခဲ့ပေသည်။

အာဏာရှင်ဝါဒကိုသာ ကျင့်သုံးသော တရုတ်အာဏာပိုင်များသည် ပြည်သူ့ဆန္ဒကိုထည့်စဉ်းစားလေ့မရှိသည်ကတော့ အလွန်မထူးဆန်းဟုဆိုရပါမည်။ သို့သော်ဒီမိုကရေစီနိုင်ငံများနှင့်လဲ သင့်တင့်သည့် ဆက်ဆံရေးရှိနေသောတရုတ်သည် ထိုနိုင်ငံများရှိ အစိုးရများက ပြည်သူများကို မည်သို့ဆက်ဆံသည် စသည့် သင်ခန်းစာများကတော့ ၇ှိနေမည်မှာသေချာသည်။ သို့ရာတွင် မြန်မာပြည်သူများကိုတော့ "လုပ်လို့ရ၍လုပ်သည်" ဆိုသည့်အချိုးမျိုး ကို ချိုးခဲ့ပုံပေါ်ပေသည်

သို့အတွက်ရလာဒ်ကား သမ္မတအိုဘားမားလာသည်င့်္အချိန်တွင် မြန်မာပြည်သူလူထုက သောင်းသေားဖျဖျကြိုဆိုခဲ့ကြခြင်းဖြစ်သည်ဟု မြင်ပေသည်။ အိုဘားမား၏ နာမည်ကြီးမှုကြောင့် စိတ်ဝင်စားမှု များပြားခြင်းဖြစ်သည်ဟုလဲ ဆိုနိုင်ပါမည်။ သို့သော် ဝမ်ကျားပေါင်လာစဉ်က မြန်မာလူထု စိတ်ဝင်စားမှု မပြသခဲ့ခြင်းနှင့် နှိုင်းယှဉ်ကာ တရုတ်အပေါ် မြန်မာလူထု၏ စက်ဆုပ်မှုကို အထူး သတိထားမိမည်ဟု ယူဆမိသည်။

ယနေ့တိုင်တရုတ်၏ မောက်မာမှုကို ယခုထောက်ပြခဲ့သော ဖြစ်ရပ်များတွင် အထင်းသားမြင်နိုင်ပါသည်။ မြန်မာနိုင်ငံကို အိမ်နီးချင်းမိတ်ဆွေဟု သဘောမထားဘဲ အထီးကျန်နိုင်ငံ၊ တရုတ်ပေးမှစားရသော စားကြွင်းစားနိုင်ငံဟုသာ သဘောထားပုံရသည်။ မြန်မာနိုင်ငံ၏ ပထဝီအရ အရေးကြီးမှု၊ သယံဇာတကြွယ်ဝမှုကို သဘောပေါက်မည်ဖြစ်သော်လဲ ရွဲကုန်သည် ဇာတ်ထဲမှာ တစ်သိန်းတန် ရွှေခွက်ကို ငွေအနည်းငယ် နှင့်ရချင်သော လောဘဇောတိုက်သည့် လူမိုက်ကဲ့သို့ ကျင့်ကြံနေသည်မှာလဲ ထင်ရှားနေပေသည်။


ယခင် မိမိထောက်ပြခဲ့ဖူးသည့် အယူအဆမှာ တရုတ်၏ နိုင်ငံခြားရေးမူဝါဒဖြစ်သည်။ တရုတ်၏ မြန်မာအပေါ် ထားသည့် နိုင်ငံခြားရေးမူဝါဒကို ယခုအချိန်ပြည်လည်သုံးသပ်ကာ ပြင်ဆင်ရတော့မည့် အချိန်တစ်ခုရောက်ပြီဟု ဆိုနိုင်ပေမည်။ ရွှေမြွေဟောက်စစ်ဆင်ရေးတွင် ဖိတ်ခေါ်ကာ Military to Military Tie တစ်ခုကို တည်ဆောက်ရန်မီးစိမ်းပြလိုက်သည့်တိုင်အောင် တရုတ်ဖက်မှ တင်းခံနေခြင်းသည် တရုတ်ကွန်မြူနစ်ပါတီမှလူများက မြန်မာစစ်ဗိုလ်ချုပ်များကို အလွန်စိတ်ချနေခြင်းလော၊ သို့တည်းမဟုတ် တရုတ်သြဇာခံ ဝတပ်များနင့် ကေအိုင်အေတပ်များကို အားထားနေခြင်းလောဟု အတိအကျမဆိုနိုင်ချေ။

သို့ရာတွင် သေချာသည်ကား တရုတ်သည် အမေရိကန်ကို မြန်မာနိုင်ငံအအတွင်းတွင် နိုင်ငံရေးအရ ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံမင်္ဂလာပါဟု နှုတ်ဆက်သော လူမည်းသမ္မတအိုဘားမားကား မြန်မာလူထု၏ ဖြူစင်သော ထောက်ခံမှုကို သိမ်းကြုံးရယူခဲ့ချေပြီ။ တရုတ်၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးအရ ဆက်ဆံမှု ပေါ်လစီများကို မပြောင်းလဲပါက တရုတ်၏ အနေအထားမှာ စစ်ရေးအရ မလုံမခြုံဖြစ်လာပေတော့မည်ဟု ယူဆမိပါတော့သည်။
Facebook မှ ကူးယူပါသည်။ Myo Set မှ တဆင့်တင်ဆက်ထားသည်ဟု ထင်ပါသည်။

No comments:

No comments:

Post a Comment