Tuesday, 27 November 2012

အမေရိကန် Foreign Policy Magazineကြီးရဲ့ ၂၀၁၂ ခုနှစ်ကမ္ဘာ့ထိပ်တန်းအတွေးအခေါ်ရှင်၁၀၀ စာရင်း၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာသမ္မတဦးသိန်းစိန်တို့ ပူးတွဲပထမ ရရှိ Posted: 26 Nov 2012 08:55 AM PST အမေရိကန် နိုင်ငံရေးလောကမှာ ဩဇာကြီးမားသော Foreign Policy Magazine ကြီးရဲ့ ၂၀၁၂ ခုနှစ် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ရှင်၁၀၀စာရင်း၌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာသမ္မတဦးသိန်းစိန်တို့ ပူးတွဲပထမ ရရှိသွား။ (စိန်နားကပ်ရောင်နဲ့ပါးပြောင်သွားတယ် လို့ များ ပြောလို့ရမလားဘဲ) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ လင်မယားမှ နံပါတ် ၃ကိုပူးတွဲရရှိပြီး အမေရိကန် သမ္မတ အိုဘားမားက နံပါတ် ၇ ရရှိ။ ပါကစ္စတန်မှ မာလာလာဆိုသော ကလေးမလေးက အိုဘားမားနဲ့ ကပ်ရက် နံပါတ် ၆ ဖြစ်။ သန်းကြွယ်သူဌေးကြီး ဘီလ်ဂိတ်တို့ စုံတွဲမှာလဲ နံပါတ်စဉ် ၅ကို ပူးတွဲရရှိ။

http://www.foreignpolicy.com/articles/2012/11/26/the_fp_100_global_thinkers 

 ခွန်ဒီးယမ်--- အနောက်အုပ်စုကြီးထွားလာခြင်းက တရုပ်အုပ်စုနှေးကွေးအောင်လုပ် Posted: 26 Nov 2012 08:29 AM PST (The Daily Star မှ 25 Nov 2012 ရက်စွဲပါ “West’t Wake makes China Wane” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)
 မြန်မာနိုင်ငံတွင် ယခင်နှစ်ပေါင်းများစွာ အတားအဆီးမရှိ ခြေလုမ်းကျဲခဲ့သော တရုတ်နိုင်ငံလွှမ်းမိုးမှုသည် ယခုအခါ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက မြန်မာနိုင်ငံနှင့်နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံလာခြင်းကြောင့် ခြိမ်းခြောက်ခံနေရပြီဟု ကျွမ်းကျင်သူများက ပြောခဲ့သည်။ အာရှစီးပွားရေး တရုတ်နိုင်ငံသည် ဗီတိုအာဏာသုံးစွဲခွင့်ရှိသော လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် ကုလသမဂ္ဂ၏လူ့အခွင့်အရေး ကိစ္စအရေးယူ ဆုံးဖြတ်ချက်များကို ကာကွယ်ပေးခြင်း၊ ကူသန်းရောင်းဝယ်ခြင်း၊ စစ်လက်နက် ရောင်းချပေးခြင်း တို့မှတဆင့် မြန်မာတပ်မတော်အစိုးရကို ကာလရှည်ကြာကာကွယ် စောင့်ရှောက်ပေးခဲ့သည်။ အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံ တည်ငြိမ်မူကိုဖြစ်ပေါ်စေပြီး ယင်းနိုင်ငံမှ ရေနံ၊ ဓါတ်ငွေ့နှင့်သဘာဝသယံဇာတများ ထုတ်ယူခွင့် ရရှိသွားခဲ့သည်။ သို့သော်လည်း မြန်မာ့တပ်မတော်အစိုးရက မနှစ်ကအာဏာစွန့်လွှတ် ဖျက်သိမ်းသွားခဲ့သောကြောင့် Burma ဟုသော မြန်မာနိုင်ငံအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်သော လက်တံအချို့ ဆုံးရှုံးသွားခဲ့ရသည်။ ယခုအခါ ဥရောပနှင့်အမေရိကန် ကုမ္မဏီများသည် မြန်မာနိုင်ငံတွင် စီးပွားမရှာရန်ပိတ်ပင်ထားမှုမှ ကင်းလွတ်သွားကြပြီဖြစ်ရာ မြန်မာဈေးကွက် နှင့် သယံဇာတများအတွက် တရုတ်၊ အိန္ဒိယအပါအဝင် အာရှတလွှား ကုမ္မဏီများနှင့်ယှဉ်ပြိုင်ရာတွင် လိုက်မှီနိုင်အောင် လမ်းပွင့်သွားပြီဖြစ်သည်။ အမေရိကန်သမ္မတ အိုဘားမား၏ မကြာသေးမီက ရန်ကုန်ခရီးစဉ်သည် ဝါရှင်တန်နှင့် မြန်မာနိုင်ငံအကြား ပြန်လည်တည်ဆောက်နေသော ဆက်ဆံရေး အကြီးအကျယ် ပြောင်းလဲနွေးထွေးလာခြင်းကို အထင်အရှားဆုံး ပြသလိုက်ခြင်းပင် ဖြစ်သည်။ ဟောင်ကောင်ယူနီဗာစတီမှ မြန်မာ့ရေးရာကျွမ်းကျင်သူ ရီနော့အီးဂရက်တူးက “မြန်မာနိုင်ငံသည် ကာလရှည်ကြာ မှီခိုခဲ့ရသော တရုတ်နိုင်ငံထံမှ ပြန်လည် ခွာထွက်ခြင်းလမ်းပေါ်တွင် ရောက်နေပြီ”ဟု ပြောကြားသည်။ “တစ်ဦးထဲမောင်ပိုင်စီးတဲ့ မိုနိပိုလီခေတ်အဆုံးသတ်သွားပြီ ဆိုတာကတော့ ရှင်းနေပါတယ်။ ဒါပေမဲ့အားကောင်းတဲ့ လွှမ်းမိုးမှုကတော့ ကျန်နေ တုန်းပဲ”ဟု ၎င်းကမှတ်ချက်ပေးသည်။ တရုတ်နိုင်ငံ တန်ခိုးထွားလာခြင်းကြောင့် အာရှပစ္စဖိတ်ဒေသသည် အမေရိကန်မူဝါဒမဟာဗျုဟာမြောက် ရွှေ့ပြောင်းခြင်း အစီအစဉ်တစ်ရပ် အဖြစ် အမေရိကန်တို့၏ သံတမန်ရေး ခြေလှမ်းကျဲမှုများသည် မနှစ်က ဟီလာရီကလင်တန်၏ နေပြည်တော်ခရီးကြောင့် ပိုမိုထင်ရှားလာခဲ့ပြီး ဘီးဂျင်းကို တုန်လှုပ်သွားခဲ့သည်။ “အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံ တန်ခိုးထွားလာမူကိုနှေးကွေးအောင် ဟန့်ထားရာမှာ စစ်ရေးနဲ့မဆိုင်တဲ့ နည်းလမ်းတွေ ပိုမိုအသုံးပြု ပါလိမ့်မယ်”ဟု China Institute of Conternporary International Affairs မှ ဒါရိုက်တာယွန်းပင်းက သုံးသပ်သည်။ “ဝါရှင်တန်သည် ရည်မှန်းချက်အောင်မြင်ဖို့အတွက် မဟာမိတ်ဖွဲ့ခြင်း၊ လုပ်ဖော်ကိုင်ဖက် အဆင့်မြင့်ခြင်း၊ တရုတ်နှင့် မြောက်ကိုရီးယား၊ ပါကစ္စတန်၊ မြန်မာတို့အကြားဆက်ဆံရေးကို သပ်လျှိုခြင်းတို့ ပြုလုပ်လိမ့်မည်ဟု ယခုနှစ်အစောပိုင်းက အစိရင်ခံစာတွင် ယွန်းပင်းက ရေးသားထားသည်။ ဘီးဂျင်းရှိ ရှင်းဟွာယူနီဗာစတီမှ နိုင်ငံခြားရေးရာကျွမ်းကျင်သူ ပါမောက္ခချန်ကွီက “ဘယ်လိုပဲဖြစ်ဖြစ်၊ တရုတ်နဲ့မြန်မာအကြားက နက်ရှိုင်းတဲ့ ဆက်ဆံရေးဟာ တစ်ညတည်းနဲ့ ပျောက်မသွားနိုင်ပါဘူး။ တကယ်လို့ မြန်မာနိုင်ငံက နိုင်ငံတကာထောက်ခံ အားပေးပံ့ပိုးမှုကို ရသွားပြီဆိုရင်တော့၊ တရုတ်နိုင်ငံက ရှိရင်းစွဲဆက်ဆံရေးကို ထိန်းထားဖို့အတွက်ပိုကောင်းတဲ့ သံသမန်ရေးနည်းလမ်းတွေ လိုအပ်လာမှာပေါ့”ဟု သုံးသပ်ပြောကြားသည်။ Yangon chronicle

 တိုင်းပြည်ကိုဓားပြတိုက်တာဗျ   -ဟံသာဝတီ ဦးဝင်းတင် Posted: 26 Nov 2012 07:58 AM PST မနေ့ တစ်နေ့ ကအထိ တိုင်းပြည်အာဏာစိုးပြီး တိုင်းပြည်အသပြာ ခိုးခဲ့သူတွေဘယ်လောက်များခဲ့သလဲ။ ကျုပ် နာမနဲ့ တကွ စာရင်းချမပြချင်ပါဘူး။ဟိုအာဏာရှင်ကြီးဗျာ၊ ဟိုချုပ်ကြီး။ ဟိုချုပ်မှူးကြီးဗျာ။ ဟိုဝန်ကြီး၊ ဟိုအရာရှိကြီး၊ ဟိုပုဂ္ဂိုလ်ကြီး၊ ဟိုသူဌေးကြီးဗျာ။ ဒီနေ့ သူတို့ ဘာဖြစ်နေသလဲ။ အဲသလိုနိုင်ငံတော်သူခိုး- ဓားပြကြီးတွေ ဆိုတာ နည်းမှတ်လို့ ။ သူတို့ ရဲ့ စိန်စီသောနေ့ ၊စိန်စီသောည၊ စိန်စီသောဘ၀တွေဆိုတာကလည်း ဟော်လေတကျိုးဟိုးလေးတကျော် မဟုတ်လား။ သူတို့ ကျိကျိတက် ချမ်းသာနေသဗျာ။သူတို့ ဟာ တိုင်းပြည်ကို ဓားပြတိုက်သလိုလုပ်တယ်။ အနုကြမ်းစီးသလို လုပ်တယ်။ သူခိုးသူဝှက်လိုလုပ်တယ်၊ အချောင်နှိုက်သလိုလုပ်တယ်။အလစ်သုတ်သလိုလုပ်တယ်။ ခါးပိုက်နှိုက်သလိုလုပ်တယ်။ အလွဲသုံးလိုလုပ်တယ်။အဆိုးဆုံးက ရွာကိုဓားပြတိုက်ပြီး ရတဲ့ငွေနဲ့ ရွာကိုငွေတိုးချစားသလိုလုပ်တာပါဘဲ။ ကျုပ်တို့ ကြားချင်သိချင်တာက ခိုးကြောင်း ၀ှက်ကြောင်းတွေ မဟုတ်ဘူးဗျ။သူခိုးသူဝှက်တွေကို ကြွေးပြန်ဆပ်ခိုင်းကြောင်းတွေ မဟုတ်ဘူးဗျ။သမီးလေး အဓမ္မအားတင်ခံရတာကို အိမ်ပြန်အပ်ရင် ကျေနပ်ပြီဆိုသလိုလုပ်လို့ ပြီးတမ်းလား။ ဒီလို ခိုးတာ၊ ၀ှက်တာ၊ အလွဲသုံးတာတွေကို ပြန်လျော်ကွဆိုရုံနဲ့  ပြီးတမ်းလား။ ဘယ်လောက်ကြာအောင်လုပ်ထားခဲ့သလဲ။ အရေးမယူဘူးလား။ ခိုးကြ ၀ှက်ကြ အလွဲသုံးကြဆိုတာတွေက ရသုံးစာရင်းတွေစစ်လောက်ရုံနဲ့ မပြီးသင့်ဘူး။ လုပ်ငန်းစာရင်းတွေရော မလှန်လှောတော့ဘူးလား။လွန်လေပြီးသော လက်ထက်တော်ကြီးတွေတုန်းက နိုင်ငံအဆင့်စီမံကိန်းကြီး တွေတုန်းကရော ခြောက်ပြစ်ကင်း သဲလဲစင်တွေလား။ ဟိုမှူးကြီး၊ ချုပ်ကြီး၊ချုပ်မှူးကြီးတွေအလိုတော်ကျ စီမံကိန်းဖော်ခဲ့တာဆိုတဲ့ ခရိုနီအာဏာကပ်ပါးတွေရဲ့ လုပ်ငန်းတွေကော မလှန်လှောတော့ဘူးလား။ ကျုပ်ပြောနေတဲ့ တိုင်းပြည်ရဲ့ ငွေကြေးဥစ္စာတွေ ခိုးတာ ၀ှက်တာ အလွဲသုံးတာကလာဘ်ပေး လာဘ်ယူလို နှစ်ဖက်နှစ်လမ်း မဟုတ်ဘူးဗျ။ တစ်ဖက်တည်းကြမ်းတဲ့တစ်လမ်းသွားဗျ။ အဲဒါက တိုင်းပြည်ကို ဓားပြတိုက်တာဗျ။ အဲဒီ တိုင်းပြည် ဓားပြတိုက်၊ တိုင်းပြည်ဝမ်းဗိုက်ဖောက်တဲ့အမှုကြီးကို အလျော်ပေးရုံနဲ့ ပြီးတမ်းလား။ တာဝန်ရှိသူတွေ တာဝန်ခံကြရမယ်ဗျ။ တာဝန်ယူကြရမယ်ဗျ။ ပုဒ်မခွဲ တပ်ရမှာဗျ။ အမှုခွဲ စီရင်ရမှာဗျ။ အပြစ်ခွဲ ချမှတ်ရမှာဗျ။ အာဏာရှင်တွေအချင်းချင်း ကွဲကြ ပြဲကြမှဘဲ သူတို့ ချင်း ဓားပြမှုပုဒ်မတွေကပ်၊ အပုပ်တွေချ၊အပြစ်တွေပေး ဆိုတာမျိုးတွေ လုပ်ကြတာဗျ။ တိုင်းပြည်ကိုဓားပြတိုက်ခဲ့တဲ့ ပြစ်မှုကြီးတွေ တရားခွင်ရောက်ကြရလိမ့်မယ်ဗျ။ ပြီးတာတွေ ပြီးပါစေလုပ်လို့ မရဘူးဗျ။ ပွင့်လင်းမြင်သာခေတ် ရောက်ပြီပြောကြမလား။ ပွင်းလင်းရင် မြင်သာတယ်။ မြင်သာရင် မြင်တာကိုပြောရမယ်။ မြင်တာတွေက ခေတ်အမှားတွေ အဲဒိခေတ်အမှားတွေကို လူထုတရားခွင်၊ မီဒီယာတရားခွင်၊ ကမ္ဘာ့ တရားခွင် အရောက်ကို ပို့ ကြရမှာဗျ။ ဟံသာဝတီ ဦးဝင်းတင် ဒီလှိုင်းစာစောင်၊ “အာဏာဓားပိုက် အမှားအမိုက်တွေ တိုင်းဓားပြတိုက် ပြည်ဝမ်းဗိုက်ဖောက် လူထုတရားခွင် အရောက်ပို့ ကြ” ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါတယ်။ Aung myo tun

No comments:

Post a Comment