Monday 10 December 2012

ဘက်လိုက်တတ်တဲ့ မွတ်စလင်မ်






တချိန်တည်းမှာဘဲ မြန်မာနိုင်ငံ ထဲမှာရှိတဲ့ မြန်မာ မူဆလင်တွေကို မေတ္တာရပ်ခံချင်တာကလည်း မြန်မာမူဆလင် ကိုမြအေး ပြောသလို မြန်မာမူဆလင်တွေဟာ အမိမြန်မာနိုင်ငံအပေါ်မှာ သစ္စာရှိရမယ် နိုင်ငံခြားသား အစ္စလမ်ဘာသာဝင်တွေ ဘက်က ရှေ့နေလိုက်စရာ ဝင်ကူစရာ မလိုဘူး ဆိုတာကို သတိမူကြပါ။ ဆရာကြီး ဦးရာဇတ်တို့ ခေါင်းဆောင်ခဲ့တဲ့ မြန်မာ မူဆလင် ကွန်ဂရက်ရဲ့ ၁၉၅၀ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ပါ ကြေညာစာတမ်းအတိုင်း မြန်မာ မူဆလင်များသည် တိုင်းတပါးသား မူဆလင်များကို ညီရင်းအကိုပမာ ချစ်ခင်မည် ဖြစ်သော်လည်း ၎င်းနိုင်ငံခြားသား မူဆလင်များနှင့် အမိမြန်မာနိုင်ငံတို့ ပြဿနာပေါ်လာခဲ့လျှင်ကား ကျွနှုပ်တို့ မြန်မာ မူဆလင်များသည် အမိ မြန်မာနိုင်ငံဘက်မှ သစ္စာရှိစွာ ရပ်တည်ကြမည် ဆိုသော ဆောင်ပုဒ်ကို သတိရကြပါ။ ၎င်းဆောင်ပုဒ်အတိုင်း လိုက်နာကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။


ဘက်လိုက်တတ်တဲ့ မွတ်စလင်မ်

ဆောင်းပါးရှင်- ကျော်မိုးအောင်

            မကြာခဏဆိုသလိုပင်  ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်တို့သည် မေးခွန်းတစ်ခုနှင့် ကြုံကြရလေ့ ရှိကြပါသည်။ "အကယ်၍သာ မွတ်စလင်မ်နိုင်ငံတစ်ခုခုနှင့် မြန်မာပြည် စစ်ဖြစ်ခဲ့ပါက ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တို့အနေနှင့် ဘယ်ဘက်ကပါကြမှာလဲ" ဟူသည့်၊ သို့တည်းမဟုတ်လည်း ယင်းသဘော ဆောင်သည့် အူတိအူကြောင် မေးခွန်းဖြစ်သည်။ မေးသူကတော့ ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်တွေ တိုင်းပြည်အပေါ် သစ္စာမရှိနိုင်ရာ ဟူသည့် အယူစွဲဖြင့် မွတ်စလင်မ်တို့ ချောင်ပိတ်မိမည့် မေးခွန်းဟု တရားသေယူဆ၊ ကလေးတွေးတွေးကာ မိမိတို့ကိုယ်ကို ဟုတ်လှပြီထင်လျက် မေးပုံရသည်။ ဘယ်ဘက် လိုက်မှာလဲတဲ့။ တကယ်တမ်းတော့ မေးခွန်းက လက်တွေ့ မဟုတ်သည် မဖြစ်နိုင်သည်ကို အဟုတ်လုပ်လျက် မေးထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့်မျှ စစ်မက်ဖြစ်ပွားရန် အကြောင်းရင်းမရှိ၊ ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်တို့အား အကဲစမ်းသည့် မေးခွန်းသက်သက်သာဖြစ်သည်။

            ရှင်းလင်းပြတ်သားစွာ ဖြေပါမည်။ အစ္စလာမ့်သွန်သင်ချက်အရ မွတ်စလင်မ်မှန်ပါက အရေးကိစ္စမှန်သမျှတွင် "ကြားနေနှုတ်ဆိတ်ကာ ယုန်ကလေးနှာစေး"နေခွင့်မရှိပါ။ မွတ်စလင်မ်မှန်ပါက ပြတ်ပြတ်သားသား ဘက်လိုက်ကို လိုက်ရမည်မှာ တာဝန်ဖြစ်ပါသည်။

            ဘက်လိုက်ရန် ရှင်းလင်းပြတ်သားစွာသွန်သင်ထားသော မွတ်စလင်မ်တို့၏ ကျမ်းမြတ်ကုရ်အာန်လာ အဆုံးအမကို ဖော်ပြပါမည်။

" အို … သာသနာကို သက်ဝင်ယုံကြည်ကြသူတို့ …

သင်တို့သည် မိမိတို့ ကိုယ်ကျိုးနှင့် ဆန့်ကျင်သည်ဖြစ်စေ၊

မိဘနှစ်ပါးနှင့် ဆန့်ကျင်သည်ဖြစ်စေ၊

သွေးတော်နီးစပ်သူ ဆွေမျိုးတို့နှင့် ဆန့်ကျင်သည်ဖြစ်စေ၊

ချမ်းသာကြွယ်ဝအင်အားရှိသူနှင့် ဆန့်ကျင်သည်ဖြစ်စေ၊

ဆင်းရဲသူနှင့် ဆန့်ကျင်သည်ဖြစ်စေ၊

တရားမျှတမှုဘက်၌သာလျင် ထာဝစဉ်မြဲမြံစွာ တည်တံ့သူများ၊

အလ္လာဟ်အရှင်မြတ်ကိုသာထောက်ထား၍ သက်သေခံသူများ ဖြစ်ကြလေကုန်။…

သင်တို့သည် တရားမျှတမှုမှ တိမ်းစောင်းမသွားစေရန် မိမိတို့စိတ်အလိုဆန္ဒကို မလိုက်ကြကုန်လင့်။…"

(ကျမ်းမြတ်ကုရ်အာန် ၄း၁၃၅)

            ဤမျှဆိုလျင်ပင် အစ္စလာမ်က မည်သို့ ဘက်လိုက်ခိုင်းထားကြောင်း နားလည်သဘောပေါက်မည် ထင်မိပါသည်။ အမှန်တရား၊ ပရမတ္တ သစ္စာတရားဘက်သို့ ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ လိုက်ခြင်းသည်ပင် မွတ်စလင်မ့်ဂုဏ်ရည် ဖြစ်ပါသည်။ သစ္စာတရားနှင့် ယှဉ်လာလျင် မိမိတို့ ကိုယ်ကျိုးနှင့် ဆန့်ကျင်သည်ဖြစ်စေ ဘက်လိုက်ပါမည်။ မိဘနှစ်ပါးနှင့် ဆန့်ကျင်သည်ဖြစ်စေ ဘက်လိုက်ကြပါမည်။ မိမိ၏ နီးစပ်သူ ပတ်သက်ရာပတ်သက်ကြောင်းတို့ မနှစ်သက်နိုင်သည် ဖြစ်ပါစေ၊ အမျိုးတူသူနှင့် ဆန့်ကျင်သည်ဖြစ်နေပါစေ မှန်သည့်ဘက်လိုက်ကြရပါမည်။ ဘာသာ၊သာသနာတူသူနှင့် ဆန့်ကျင်ရာဆန့်ကျင်ကြောင်း ဖြစ်နေပါစေ မှန်ရာဘက်လိုက်ကြရပါမည်။ ဆင်းရဲသားလူ့နင်းပြား ပစ္စည်းမဲ့လူတန်းစား အမြဲသာစေရမည် ဟူသော လက်ဝဲယိမ်း ဝါဒကိုလည်း မကျင့်သုံးဘဲ အမှန်ဘက်လိုက်ကြရပါမည်။ သြဇာအာဏာ ဂုဏ်ဒြပ်ကြီးမားနိုင်သော ရေပေါ်ဆီ ခရိုနီ သူဌေးများနှင့် ထိပ်တိုက်တွေ့ကလည်း အဂတိတရား ကင်းစွာဖြင့်  သစ္စာတရားဘက် လိုက်ကြရပါမည်။

            တမန်တော်မြတ်ကလည်း မတရားမှု တစ်စုံတစ်ရာနှင့်ကြုံလာပါက ပထမဆုံးအနေဖြင့် ကာယကံမြောက် ဆန့်ကျင်ရန်၊ ထိုသို့ မဖြစ်နိုင်သည့် အခြေအနေဆိုပါက ဒုတိယအဆင့် နှုတ်အားဖြင့် ကန့်ကွက်ဆန့်ကျင်ပြောဆိုရန်၊ နှစ်မျိုးလုံးအတွက် အခက်တွေ့ပါက အနိမ့်ဆုံးအဆင့် မိမိစိတ်တွင်းမှ ရှုတ်ချဆန့်ကျင်လျက် အဆိုပါဖြစ်ရပ်ကို အားပေးအားမြောက်ပြုနေသည့် အသိုင်းအဝိုင်းမှ ကင်းဝေးစွာနေကာ အမှန်တရားထွန်းကားရေးအတွက် ဆုမွန်တောင်းရန် သွန်သင်ထားပါသည်။

            သစ္စာတရားဘက်သို့ မှန်မှန်ကန်ကန် ရပ်တည်နိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် မည်သည်က အမှန်တရားဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာသိစေရန် ကြိုးပမ်းအားထုတ် လေ့လာရပေမည်။ မိမိသေချာမသိပါဟု ဆိုခွင့်မရှိပါ။ ဤသည့်အတွက်လည်း မိမိ၏ လူမျိုးစွဲ၊ ဘာသာစွဲ၊ အတ္တစွဲ၊ ဆရာစွဲ၊ အယူစွဲတို့ကို အခြေမခံဘဲ တရားမျှတစွာ လေ့လာဆုံးဖြတ်ကြရန်လည်း အောက်ပါအတိုင်း လမ်းညွှန်ထားပါသည်။

 

ထို့ပြင် သတင်းစကားတစ်ခုကို စာရိတ္တဖောက်ပြန်သူ မသူတော်တစ်ဦးဦးက သယ်ဆောင်လာလျင် မသိဘဲနှင့်  လူ့အစုအဝေးတစ်ရပ်ကို အန္တရာယ်မပြုမိစေရန် ဆန်းစစ်ကြဖို့၊ သို့မဟုတ်လျင် မိမိတို့ ပြုမူမိခဲ့သည်အတွက် ကြေကွဲ နောင်တရရမည် ဟူ၍ ဆုံမသွန်သင်ထားသည်။ (ကျမ်းမြတ်ကုရ်အာန် ၄၉း၆)

အစ္စလာမ်က မိမိ တစ်ကိုယ်ရည်အတွက် မေတ္တာထားကာ ငုံ့ခံခိုင်းထားသလို အများအတွက်၊ လူ့အစုဝေးအကျိုးနှင့် ယှဉ်လာပါမူ သစ္စာတရားအတွက် တုန့်ပြန်ခိုင်းထားသည်။

အစ္စလာမ်၏ လမ်းပြပုဂ္ဂိုလ် မဟာတမန်တော်မြတ်၏ အတ္ထုပ္ပတ္တိကို လေ့လာကြည့်လျင် မိမိတစ်ကိုယ်ရည်အား ရန်ပြုသူ၊ စော်ကားသူ၊ မတရားပြုမူသူ၊ စွပ်စွဲသူမှန်သမျှအား မေတ္တာထား ခွင့်လွှတ်ခဲ့သည်။

သစ္စာတရားနှင့် ယှဉ်လာလျင်မူ စည်းစိမ်ဥစ္စာ အာဏာဖြင့် စည်းရုံးလာသူတို့အား သင်တို့အနေဖြင့် ကျွန်ုပ်၏ လက်တစ်ဘက်တွင် နေမင်း၊ ကျန်လက်တစ်ဘက်တွင် လမင်း ပေးနိုင်စေကာမူ အမှန်တရားအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား ဆိုခဲ့သည်။

တမန်တော်မြတ်သည် ပင်ကိုယ်သဘောအရ အစဉ်သည်းခံခွင့်လွှတ်ကာ အေးချမ်းစွာနေတတ်သူ ဖြစ်သော်လည်း အများလူထု ၁၃နှစ်ကျော် နှိပ်စက်ငြှင်းပမ်း သတ်ဖြတ်မှုများ ခံရပြီးနောက်ဆုံးတွင် ခုခံစစ်အဖြစ်သစ္စာတရားအတွက် တုန့်ပြန်လျက် ပြန်လည် တိုက်ခိုက်ခဲ့ရသည်။ မတရားသဖြင့် ညှဉ်းပမ်းနှိပ်စက်ခြင်းသည် သတ်ဖြတ်ခြင်းထက်ပင် ဆိုးရွားလှသည် မဟုတ်ပါလော။ (ကျမ်းမြတ်ကုရ်အာန် ၂း ၁၉၁)

ဤစစ်ပွဲအခြေအနေတွင်ပင် ယခင်က မရှိခဲ့ဖူးသည့် တရားမျှတသည့် စစ်စည်းမျဉ်းများ ချမှတ်ခဲ့သည်မှာ သမိုင်းတွင် အထင်အရှားဖြစ်ပါသည်။ စစ်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသောသူများဖြစ်သည့် ကလေးသူငယ်များ၊ အမျိုးသမီးများအား မထိပါးရန်၊ စစ်မြေပြင်ဝန်းကျင်ရှိ ရေတွင်းရေကန်နှင့် သစ်ပင်များအား မဖျက်ဆီးရန်၊ စစ်သုံ့ပန်းများအား နှိပ်စက်သတ်ဖြတ်ခြင်း မပြုရန်၊  စစ်သုံ့ပန်းများအနေဖြင့် လျော်ကြေးပေးခြင်းဖြင့် ဖြစ်စေ စာမတတ်သူမွတ်စလင်မ်၁၀ဦးအား စာသင်ကြားပေးခြင့်ဖြစ်စေ လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် စသည့် လူ့အခွင့်အရေးကို အခြေခံသော တရားမျှတမှုကို ကမ္ဘာ့သမိုင်းတွင် ပထမဆုံးစတင်ခဲ့သူမှာ သစ္စာဝါဒီ မွတ်စလင်မ်များ ဖြစ်ကြသည်။

ခုခံစစ်ပွဲတစ်ခုအတွင်းကြုံခဲ့သည့် ဖြစ်ရပ်မှန်တစ်ရပ်ကို ပြန်လည် တင်ပြပါမည်။ မွတ်စလင်မ် စစ်သည်တစ်ဦင်္းက ရန်သူ စစ်ခေါင်းဆောင်အား အနိုင်ရကာ ဓားဖြင့်ခုတ်ပိုင်းရန် ရွယ်လိုက်စဉ်တွင် ထိုရန်သူက မွတ်စလင်မ်စစ်သည်အား တံတွေးနှင့် ထွေးလိုက်ပါသည်။ ထိုအခါ မွတ်စလင်မ်စစ်သည်က ဒေါသတစ်ကြီးဖြစ်သွားသော်လည်း ထိုရန်သူအား ဆက်လက်တိုက်ခိုက် ခုတ်ပိုင်းခြင်းမပြုတော့ဘဲ လွှတ်ပေးလိုက်ရာ မိမိကိုကိုယ် သေသူအဖြစ်သတ်မှတ်ပြီးသားရန်သူခေါင်းဆောင်က မယုံကြည်နိုင်စွာဖြင့် အကြောင်းရင်းကို မေးကြည့်ပါသည်။ မွတ်စလင်မ်စစ်သည်အနေဖြင့် မိမိသည် မိမိအတ္တအတွက်မဟုတ်ဘဲ သစ္စာတရားအတွက်သာ တိုက်ပွဲဝင်နေခဲ့သည်ဖြစ်ပြီး မိမိမျက်နှာ တံတွေးအထွေးခံရသဖြင့် စိတ်ဆိုးနေချိန်တွင် ဆက်လက်ခုတ်ပိုင်းပါက မိမိအတ္တအတွက် လူသတ်ရာရောက်မည်ဖြစ်သောကြောင့် ဤသည်ကို မလိုလား၍ ဆက်မတိုက်၊ မသတ်လိုက်ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ ဤဖြစ်စဉ်က အဆိုပါရန်သူ၏ စိတ်နှလုံးကို ပြောင်းလဲစေလျက် သူကိုယ်တိုင် မွတ်စလင်မ်ဖြစ်လာခဲ့ပါသည်။ ဤသည်မှာ စစ်မြေပြင်တွင်တောင်မှ အမှန်တရားအတွက် သက်သက်သာ တိုက်ပွဲဝင်သူ သစ္စာဝါဒီ မွတ်စလင်မ်တို့၏ ဥပမာ တစ်ခုပင်။

နောက်ဆုံး ရန်သူတို့ အရေးနိမ့်သွားချိန် စစ်ပွဲများအားလုံး အဆုံးသတ်သွားရသည့် မက္ကာဟ်ရွှေမြို့တော် အောင်နိုင်သည့်ကာလတွင်မူ မွတ်စလင်မ်များအနေဖြင့် ရန်သူအားလုံးတို့အား သွေးမြေမကျစေရဘဲ အကြွင်းမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည်။ တမန်တော်မြတ်သည် မိမိအားကိုးချစ်ခင်ရသော ဦးရီးတော်ကို သတ်သူကိုပင် အပြစ်မယူဘဲ ခွင့်လွှတ်ပေးခဲ့သူ ဖြစ်ပါသည်။

ဤမျှလောက် ရှင်းလင်းပြီးလျင် အထက်ပါမေးခွန်းအတွက် ထပ်ဖြေပါမည်။

မြန်မာနိုင်ငံအနေဖြင့် မွတ်စလင်မ်နိုင်ငံတစ်ခုခုနှင့် မျှသာမဟုတ် ထိုင်းနိုင်ငံကဲ့သို့သော ဗုဒ္ဓဘာသာ နိုင်ငံနှင့်ဖြစ်စေ၊ အခြား ခရစ်ယာန်နိုင်ငံနှင့်ဖြစ်စေ၊ ဂျူးဘာသာဝင်တို့နှင့်ဖြစ်စေ မည်သို့ပင်ဖြစ်စေ စစ်မက်ဖြစ်ပွားခဲ့ပါက ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တို့သည် မှန်သည့်ဘက်လိုက်ပါမည်။ မြန်မာပြည် ခုခံစစ်အတွက်ဆိုလျင် လိုအပ်ပါက ဗလီရှေ့ဆောင်ဆရာများ အပါအဝင်ပင် ရှေ့တန်းမှ ပါဝင်ကြရပါမည်။

           ရှေးယခင် အင်္ဂလိပ်နယ်ချဲ့မှုကို တော်လှန်စဉ်ကလည်း မွတ်စလင်မ်စစ်တပ်များ အမြောက်အမြား ပါခဲ့သည်ကို မသိကြလေသလော … မေ့သယောင် ဟန်ဆောင်နေကြသည်လော။

 

သို့သော် မတရား ကျူးကျော်စစ်အတွက်ဆိုပါမူ…။

တစ်ချိန်ကအမေရိကန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံသို့ စစ်ချီခဲ့ဖူးပါသည်။ ထိုစဉ်က တိုင်းသူပြည်သား များလည်း ထိုကျူးကျော်စစ်အတွက် စစ်မှုထမ်းကြရပါသည်။ အမေရိကန်နိုင်ငံသား သစ္စာဝါဒီတစ်ဦးဖြစ်သူ လက်ဝှေ့ချန်ပီယံ ကပ်စီးယပ်စ်ကလေး ခေါ် မုဟမ္မဒ်အလီသည် ကျူးကျော်စစ်ကို ဆန့်ကျင်သူ ဖြစ်ရာ ရဲရဲဝံ့ဝံ့ ဆန့်ကျင်လျက် စစ်မှုမထမ်းခဲ့ပါ။ အကျိုးဆက်အနေဖြင့် လက်ဝှေ့ချန်ပီယံလက်မှတ် ပြန်အပ်ရမည်ဆိုသည်ကို နှောင့်နှေးခြင်းမရှိပြန်အပ်ကာ လက်ဝှေ့ချန်ပီယံဘွဲ့ကို နောက်တစ်ကြိမ် ကြိုးဝိုင်းမှာ ပြန်လည်အရယူခဲ့သည့် သာဓက ရှိပါသည်။

           မွတ်စလင်မ်ညီနောင် ညီအစ်မ မှန်သမျှ အစ္စလာမ့်သွန်သင်ချက်နှင့်အညီ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ဘက်လိုက်တတ်သူ၊ ဘက်လိုက်ရဲသူ၊ ဘက်လိုက်ခွင့်ရကြသူ သစ္စာဝါဒီများ ဖြစ်ကြပါစေသား။






--
http://www.burmaburo.blogspot.com

No comments:

Post a Comment