Sunday, 31 March 2013





Posted: 31 Mar 2013 03:42 AM PDT
 ဓာတ်ပုံ DVB
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ဆုံပွဲ အခမ်းအနား စင်မြင့်တဝိုက် ဒေါင်းအလံပြန်စိုက်ခွင့်ရ..

ဒီကနေ့  ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ဆုံပွဲ ဖြစ်မြောက်ရေးကော်မတီ နဝမ အကြိမ်မြောက် အစည်းအဝေးမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အလံတော်အား အခမ်းအနား စင်မြင့်ပေါ်မှာ လွှင့်ထူခွင့်ရရေးအတွက် အပြန်အလှန် အကြိတ်အနယ် ဆွေးနွေးရာမှာ ကန့်ကွက်သူ အနည်းငယ်မှ အပ ထောက်ခံသူ တိုင်းရင်းသားများ အပါအဝင် အများဆုံးဖြတ်ချက်ဖြင့် အလံလွှင့်ထူခွင့်အား ခွင့်ပြုချက် ပြန်လည်ရရှိခဲ့ကြောင်း သိရသည်..။

ပြီးခဲ့တဲ့ မတ်လ(၁၇)ရက်နေ့ ဆဋ္ဌမအကြိမ်မြောက် တွေ့ဆုံပွဲ ဖြစ်မြောက်ရေးကော်မတီ အစည်းအဝေးမှ အခမ်းအနား စင်မြင့်ပေါ် မည်သည့်အလံမျှ စိုက်ထူခွင့် မပြုဟု ဆုံးဖြတ်ခဲ့သည်..။ အဆိုပါ ဆုံးဖြတ်ချက်အား ယနေ့ နဝမအကြိမ်မြောက် အစည်းအဝေး၌ အပြန်အလှန်ဆွေးနွေးရာမှ စိုက်ထူခွင့် ဆုံးဖြတ်ချက် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားခရီးစဉ်များအတွင်း
မြန်မာ လူထုနှင့် တွေ့ဆုံပွဲ စင်မြင့်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အလံတော်အား ဝင့်ဝင့်ကြွားကြွား လွှင့်ထူ ဂုဏ်ပြုခဲ့ကြသော်လည်း ဂျပန်နိုင်ငံခရီးစဉ်၌သာ ယခုကဲ့သို့ အများနှင့် သက်ဆိုင်သော ခေါင်းဆောင်ဆိုသော အကြောင်းပြချက်ဖြင့် မည်သည့်အလံမှ စိုက်ထူခွင့် မပြုကြောင်း ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်..။

စစ်အာဏာရှင် စံနစ်အောက် ၂၅နှစ်တိုင်တိုင် မယိုင်မလဲ ပြည်သူ့ဘက်က ခေါင်းနှင့် ပန်းပမာ ရပ်တည်ခဲ့သည့် ဒီချုပ်ဥက္ကဋ္ဌနှင့် ဒီချုပ်ပါတီအား ဒီချုပ်ပါတီ၏ အလံဖြင့် ဂုဏ်ပြုခြင်းအား အပြည့်အဝ ထောက်ခံအပ်ပါသည်..။

ယနေ့ အစည်းအဝေးမှ စင်မြင့်ပေါ်မှာ ဒေါင်အလံစိုက်ထူရေး ဝင်ရောက် ဆွေးနွေးခဲ့သူများအား အထူးကျေးဇူးတင်အပ်သလို ကန့်ကွက်သူများအားလည်း ကိုယ့်အမြင် သူ့အမြင် ဆွေးနွေးဆုံးဖြတ်နိုင်သည့် အခြေခံအခွင့်အရေး ရှိသည့် အားလျှော်စွာ အမြင်မတူ ရန်သူဟု မမှတ်ယူ၊ မယူဆပါ..။

ဂျပန်နိုင်ငံ တွေ့ဆုံပွဲ စင်မြင့်နံရံတဝိုက် ဒေါင်းအလံပြန်စိုက်မည်..။

တွေ့ဆုံပွဲ နေရာအချိန် အတိအကျ ဆက်လက်ဖော်ပြပါမည်...။


ဒီမိုဝေယံ
http://www.demowaiyan.org/2013/03/blog-post_31.html
Posted: 30 Mar 2013 10:48 AM PDT
ခေါင်းနဲ့ ပန်းလို ယှဉ်တွဲနေတဲ့ ဒီချုပ်ဥက္ကဋ္ဌနဲ့ ခွပ်ဒေါင်းတံဆိပ် အဖွဲ့ချုပ်အလံ ဂျပန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံပွဲမှာ စိုက်ထူခွင့်မရ..

ခေါင်းနဲ့ ပန်းလို ယှဉ်တွဲနေတဲ့ ဒီချုပ်ဥက္ကဋ္ဌနဲ့ ခွပ်ဒေါင်းတံဆိပ် အဖွဲ့ချုပ်အလံ ဂျပန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံပွဲမှာ စိုက်ထူခွင့်မရဆိုတဲ့ ခေါင်းစဉ်တင်လိုက်တော့ ဂျပန်အစိုးရကခွင့် မပြုသယောင် ထင်ယောင် ထင်မှား ဖြစ်နိုင်ပါတယ်..။ ဖြစ်ကြောင်းရယ် ကုန်စင်ကတော့..

လာမယ့် ဧပြီလ ၁၂ရက်နေ့မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၈နှစ်ကြာ ဂျပန်နိုင်ငံခရီးစဉ် စတင်တော့မည် ဖြစ်သည်..။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အတွက် ကြုံတောင့် ကြုံခဲသော... အခွင့်အရေးဖြစ်သလို ၁၃ရက်နေ့ စနေနေ့မှာ လူထုခေါင်းဆောင်နှင့် ဂျပန်နိုင်ငံရောက် မြန်မာမိသား တွေ့ဆုံဖို့ ယခုကတည်းကပင် အလုပ်တွေကြိုတင် အနားယူကာ ကြိုဆိုဖို့ ကြိုတင်ပြင်ဆင်ကြပေါ့..။ ဂျပန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဖို့အတွက် စည်းစံနစ်လေးဖြစ်အောင် ဂျပန်ရောက် မြန်မာနိုင်ငံသားများနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေမှ ကြိုဆိုရေး ကော်မတီဆိုပြီး ဖွဲ့ကြပြုကြပေါ့..။

ဒီလိုနဲ့ ခေတ္တခဏလောက် ဖြစ်ဖြစ် စည်းလုံးညီညွတ်မှုတွေ ပြဖို့အတွက် ကြိုတင်ပြင်ဆင်ကြ ဘာကြနဲ့ နောက်ဆုံး အဆင့်မှာ ထွက်လာတဲ့ အဖြေတွေထဲက တခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင်နဲ့ မြန်မာပြည်သားတွေ တွေ့ဆုံပွဲမှာအမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ်အလံတော်အား အခမ်းအနား စင်မြင့်မှာ စိုက်ထူခွင့်ကို မြန်မာပြည်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြိုဆိုရေး ကော်မတီမှ ခွင့်မပြုပါကြောင်းတဲ့ ခင်ဗျား..။

လမ်းဆုံက ဂျမ်းဘုံ အသံနဲ့ ပြောရရင်တော့ ကြားရနားဝမသက်သာ ဆိုရသလိုပါပဲခင်ဗျာ...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့ နိုင်ငံခြား ခရီးစဉ်တွေအတွင်း မြန်မာပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေမှာ အဖွဲ့ချုပ်အလံကို ဝံ့ဝံ့ကြွားကြွား လွှင့်ထူကြိုဆိုခဲ့ကြပေမယ့် ဒီမိုကရေစီနိုင်ငံ ဂျပန်ရောက်မှပဲ စင်ပေါ်မှာ အဖွဲ့ချုပ်အလံလွှင့်ထူခွင့် မပြုတဲ့..။ ဒီချုပ်ဥက္ကဋ္ဌကို ဒီချုပ်အလံနဲ့ စင်မြင့်ပေါ်မှာ စိုက်ထူ ကြိုဆိုတာကို အဖွဲ့ချုပ်ပါတီ တခုတည်းကို ကိုယ်စားပြုရာ ရောက်တယ်လို့ အတွေးခေါင်ခေါင်နဲ့ ဆိုကြမယ်ဆိုရင်.. စင်ပေါ်မှာ အလံမပါ ဗလာနတ္ထိနဲ့ ကြိုဆိုကြတော့မှာလား..။

လူထုခေါင်းဆောင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေအတွင်း အက်ကြောင်းထပ်မျှ ပြောဆိုနေရတာကတော့ မြန်မာလူမျိုးတွေ ညီညွတ်ကြဖို့ပါပဲ..။ ယခုတောင် အဖွဲ့ချုပ်ဥက္ကဋ္ဌကို ကြိုဆိုဖို့ စင်ပေါ်မှာ အဖွဲ့ချုပ်အလံလွှင့်ထူ ဂုဏ်ပြုခွင့်တောင်မှ သဘောထားမကြီးနိုင်ဘူး ဆိုရင်တော့.. ဟန်ပြညီညွတ်ရေးဆိုတာလေးတောင် လုပ်နိုင်ကြပါ့မလားပဲ..။

ဒီချုပ်အလံကို လွှင့်ထူတာ ဂျပန်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲကို ရည်ညွန်းတာမဟုတ်ပဲ လူထုခေါင်းဆောင် အဖွဲ့ချုပ်ဥက္ကဋ္ဌကို ရည်ညွှန်း ဂုဏ်ပြူတယ် ဆိုတဲ့ အဓိပ္ပါယ်လေးနဲ့တောင် နားလည် သဘောထားမကြီးနိုင် တော့ဘူးလားဗျာ..။ မိမိအတ္တ မာန်မာနတွေနဲ့ အုပ်စုဖွဲ့ ငါဆိုတဲ့ မာန်မာနတွေ တဖွဲ့ကို တဖွဲ့ တိုက်ခိုက်နေ သရွေ့၊ မာန်မာနတွေ မလျော့ချသရွေ့ ညီညွတ်ရေးဆိုတာ ဝေလာဝေး ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပါ။

ပြည်တွင်းမှာ ၂၅နှစ်လုံးလုံး သွေးစွန်းခဲ့ရ၊ အသက်တွေ စတေးခဲ့ရ၊ ထောင်ဒဏ်ရာ ဒဏ်ချက်တွေနဲ့ အရောင်မပြောင်းလဲခဲ့၊ စစ်အာဏာရှင်ကိုတောင် Never Give up အလံမလဲခဲ့ပဲ ကြံ့ကြံ့ခံခဲ့ပြီး ခေါင်းနဲ့ ပန်းလို ယှဉ်တွဲနေခဲ့တာကတော့ လူထုခေါင်းဆောင် ဒီချုပ်ဥက္ကဋ္ဌနဲ့ ပြည်သူသိ ခွပ်ဒေါင်းတံဆိပ် အဖွဲ့ချုပ်အလံ အမှတ်သင်္ကေတပါ။ အဖွဲ့ချုပ် အလံတခုတည်း စင်မြင့်ပေါ်မှာ ထားခြင်းဟာ အဖွဲ့အစည်းတခုတည်းကိုသာ အသိအမှတ်ပြုတယ်ဆိုတဲ့ အတွေးခေါင်ခေါင် အဓိပ္ပါယ် ဖွင့်ဆိုခဲ့မယ် ဆိုရင်တော့ ခေါင်းနဲ့ ပန်းလို ယှဉ်တွဲနေခဲ့တာ လူထုခေါင်းဆောင် ဒီချုပ်ဥက္ကဋ္ဌနဲ့ ဒီခွပ်ဒေါင်းတံဆိပ် အဖွဲ့ချုပ်အလံ အမှတ်သင်္ကေတဟာ ဂျပန်ရောက်မှ မြန်မာတွေနဲ့ တွေ့ဆုံပွဲ စင်မြင့်ပေါ်မှာ အဖျောက်ဖျက် ခံရတော့မှာလား။ တရက်တာလေး တွေ့ဆုံရမှာတောင် နားလည်မှု မပေးနိုင်တော့ဘူးလား..။

တရက်တာ တွေ့ဆုံပွဲမှ အလံကိစ္စလေးတောင် အတွေးခေါင်နေကြပြီး လူထုခေါင်းဆောင်မှ ညီညွတ်ရေး တရားဟောခဲ့ရင်တော့ တရက်တာ ညီညွတ်ရေး ရခဲ့ရင်တောင်မှ ဂိုဏ်းစွဲ၊ အတ္တစွဲ၊ အဖွဲ့အစည်းစွဲ၊ အုပ်စုစွဲတွေ ခဝါမချသရွေ့တော့ မကျေနပ်ဘူး အချစ်ရယ် တစ်ကပြန်စမယ်ဆိုပြီး ဒုံရင်းဒုံရင်း ဖြစ်နေမှာမြင်ယောင်မိပါကြောင်း
ကြားရနားဝ မသက်သာ၍ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းကာ ရေးသားလိုက်ရပါတယ်..။

ဂျပန်ရောက် မြန်မာတချို့ရဲ့ အဖြစ်က ဟိုးယခင် တောမှာ ရွှေဘရုပ်ရှင် ပိတ်ကားထောင် ပြသလို ရွှေဘကို လူဆိုးတွေ ထိုးကြိတ်နေချိန်မှာ ပိတ်ကားကို ခဲနဲ့ပေါက်ပြီး ရွှေဘကို ငါကယ်လိုက်တာဆိုပြီး လူအုပ်ထဲက ထအော်တဲ့ ပုဂ္ဂိုလ်တွေ အများသားဗျ..။ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ..

ဒီမိုဝေယံ

ဓာတ်ပုံ အမေရိကားခရီးစဉ်အတွင်း မြန်မာပြည်သူတွေနဲ့ တွေ့ဆုံပွဲ စင်မြင့်မှာ တွေ့ရတဲ့ ဒီချုပ်ဥက္ကဋ္ဌနဲ့ ဒီချုပ်အလံ..
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment