Wednesday, 12 June 2013

ဒေါင်းမာန်ဟုန်







Posted: 10 Jun 2013 04:02 PM PDT
အကျယ်ချုပ်ကလွတ်တဲ့နေ့ ..(၂၀၁၀ နိုဝင်ဘာ ၄)ရက်-
ယနေ့အထိ(၃) နှစ်ပင်မပြည့်သေး..ပါ..ထို(၃) နှစ်မျှကာလ...လေးအတွင်း....သူမသည် ပြည်သူများနှင့်
ထိပ်တိုက်တွေ့စေရန်ဖန်တီးထားသကဲ့သို့ဖြစ်နေသည့် ထောင်ချောက်ဆန်ဆန်ပြဿနာများအပါအ၀င်
စိန်ခေါ်မှုများစွာ ကို အချိန်နှင့်မမျှ ရင်ဆိုင်ခဲ့ရပါသည်။

(၁) လွတ်တော်ထဲဝင်ရေးမ၀င်ရေး- ကျမ်းသစ္စာကျိန်ဆိုရန်ကိစ္စနှင့်ပတ်သက်ပြီး အခြေခံဥပဒေကိုပြင်ချင်သဖြင့်လွှတ်တော်ထဲဝင်သူ..သူမသည်..အခြေခံဥပဒေကို လိုက်နာရမည်ဟုစာသား..ကျမ်းသစ္စာကျိန်ဆိုချက်ကိုပြင်ဆင်ပေးမှလွှတ်တော်ထဲဝင်မည်.
ဟုဆိုကာ..လွတ်တော်ထဲမ၀င်သေးပဲနေခဲ့သည်။
သို့သော်လည်း..စိတ်ဆန္ဒစောနေသည့်ပြည်သူ့များရဲ့ဆန္ဒကိုလိုက်လျှောခဲ့သည်..၊
အခြေခံဥပဒေကိုလိုက်နာစောင့်ထိန်းပါမည်ဟူသော ကျမ်းကျိန်မှုကို သူကိုယ်တိုင်
ရွတ်ဆိုခဲ့ရပါသည်..၊
ထိုအချိန်တွင် ကြိတ်ပြီး ၀မ်းသာသူများကို မည်သူမှ သတိမပြုမိကြ....၊
(အခြေခံဥပဒေပြင်ရန်တင်ပြသောအချိန်တွင်မှ..ထိုအချက်ကိုလွှတ်တော်ဥက္ကဌက
ထောက်ပြပါက..အဘယ်သို့..လုပ်ကြမည်နည်း..??)

(၂) လွတ်တော်ထဲရောက်စ.ဖွတ်ပါတီ၏ဆန်ရှင်ကိစ္စအဆိုဖြင့် ဆောက်နှင့်အထွင်းခံရသည်..၊
ပြည်သူများစားဝတ်နေရေးကြပ်တည်းမှုသည်..ဆန်ရှင်ကြောင့်ဖြစ်သည်ဆိုသည့်
ပြည်သူကိုခေါင်းစဉ်တပ်ထားသည့်လက်နက်ပုန်းဖြင့်လုပ်ကြံကြသည်..
.ဒေါ်စုပြေလည်အောင်ဆောင်ရွက်နိုင်ခဲ့ပါသည်။

(၃) သူမပါတီမှတင်ပြသောအဆိုများအား လွှတ်တော်မှ ဗြောင်ကျကျပင် ပယ်ချခဲ့သည်။

(၄) ခိုးဝင်ဘင်္ဂံလီကိစ္စ အစပျိုးချိန်တွင်..ဒေါ်စုဘာမှမပြောသဖြင့် စောဒဂတက်ခဲ့ကြသည်..၊
ရိုဟင်ဂျာကို မသိပါဘူးဟူသောစကားဖြင့် ပြန်လည်တောက်ပခဲ့သည်..၊

(၅) မြန်မာ ဘားမားကိစ္စကို မယောင်ရာဆီလူး ဖေါ်ပြပြီး ကော်မရှင်မှ ရစ်ပြန်သည်။
ဘေးမှဝိုင်းလေပင့်ကြသည်..နားယောင်သူကနားယောင်သည်။

(၆) ခရိုနီအလှူကိစ္စများကိုထင်ယောင်ထင်မှားဖြစ်အောင်ဝေဘန်ကြပြန်သည်။
တကယ်တော့ ခုချိန်ထိ ခရိုနီနှင့်မည်သူမကင်းသလဲ အားလုံးအသိပင်ဖြစ်သည်။

(၇) ကချင်တိုက်ပွဲကိစ္စ၀င်မပါဘူးဟူသည့်စွဲချက်ဖြင့် ဝေဘန်တိုက်ခိုက်ကြပြန်သည်။
အစိုးရကကမ်းလမ်းမှုရှိမှလုပ်မည်ဟူသောစကားဖြင့် ပြန်ချေပခဲ့သည်။

(၈) လက်ပတောင်းတောင်ကိစ္စတွင် သူမလာခါနီးဘုန်းကြီးများအား အကြမ်းဖက်ပြီး
သူ့အားခေါင်းစဉ်တပ်ကာ စုံစမ်းရေးကော်မရှင်လုပ်ပြီး တရုတ်နဲ့ဦးပိုင် တစ်ဖက်..ပြည်သူတစ်ဘက်ကြား အကြပ်တွေ့အောင်လုပ်ကြ
ပြန်သည်။ ရှဉ့်လဲလျောက်သာပျားလဲစွဲသာဖြင့် အံ့သြစရာ..လိမ္မာပါးနပ်စွာ..၊
အစီရင်ခံစာတင်ပြပြီး သူကိုယ်တိုင် သွားရောက်ရှင်းလင်းခဲ့သည်။
သူမမှအနစ်နာခံစွန့်စားခဲ့သည့်အခြေအနေကိုတွေ့ပြီး စိတ်မကောင်းဖြစ်ခဲ့ကြရသည်။

(၉)ဘင်္ဂံလီကိစ္စများအကြောင်းပြုကာ ဘာသာရေးအရေးအခင်းများဖန်တီး
လာပြီးအစွန်းရောက် အဓိကရုဏ်းများဖြစ်ပွားလာကာ သူမနှင့်အတိုက်အခံများအား
ဘာသာရေး ခေါင်းစဉ်ပြပုတ်ခတ် ဝေဘန်လာကြချိန်တွင်..၊
ဘင်္ဂံလီကိစ္စနှင့်နိုင်ငံသားဥပဒေကိစ္စတွင် သူမရဲ့သဘောထားအပေါ် နားလည်မှုလွဲကာ
ထပ်မံပုတ်ခတ်ကြသည်။ ဆန္ဒပြကြသည်..သူမအားထောင်ချောက်ဆင်သူများက
ဘာသာရေးနှင့်တိုက်ပြီး အမြတ်ထုတ်ရန်ကြံစည်ကြသည်။

(၁၀) မလေးရှားရှိမြန်မာအလုပ်သမားများ လုပ်ကြံခံရမှုများဖြစ်ပွားလာပြီး..၊
်သူမအားထပ်မံပြဿနာရှာရန် ခေါင်းစဉ်တပ်လာပါသည်...

(၁၁) သူရဦးရွှေမန်း သမ္မတရွေးကောက်ပွဲဝင်ရန်အလားအလာရှိလာသဖြင့်
ဒေါ်စုအနေဖြင့် စစ်မျက်နှာနှစ်ဘက်ညှပ်တိုက်ခံရနိုင်စရာအကြောင်းများလည်းရှိနေပါသည်..၊

(၁၂) သူမဦးဆောင်သောတရားဥပဒေကော်မတီမှာ ထူးခြားစွမ်းဆောင်မှုမရှိ ဟူသောခေါင်းစဉ်
ဖြစ့် ဖျက်သင့်မဖျက်သင့် လေသံပေးကာ..အတိတ်စိမ်းများဖြင့်
လမ်းကြောင်းပေးသံများလဲကြားနေပါသည်..၊ အဲဒီကော်မတီကိုမဖျက်ခင် ပြည်ထဲရေး..စသည့်..
လုပ်ပိုင်ခွင့်ရှိသော အစိုးရဌာနများအရင် ဖျက်သင့်သည်။

(၁၃)နောက်ပိုင်းတွင် PR စနစ် ၊အခြေခံဥပဒေပြင်ရန်ကိစ္စများကလည်း..သူမကိုစောင့်ကြို
နေပါသည်..၊ ဒီကြားထဲ ပြည်သူနှင့် ရန်တိုက်ပေးစရာပြဿနာများလဲ ဖန်တီးကြ ဦးမည်
ဖြစ်ပေသည်။


ဘာပဲပြောပြော. ရိုက်သတ်လို့မကုန်သော စစ်ဗိုလ်ချုပ်များ.
.နှစ် ၃၀ လုံးလုံးမလုပ်နိုင်ခဲ့သော..
မြန်မာကိုကမ္ဘာက သိအောင်..လေးစားအောင် ..
၁နှစ် ၂ နှစ် တည်းနှင့် သူမလုပ်နိုင်ခဲ့သည်..

ထိုအချက်သည်...
တစ်ချိန်က သွေးနားထင်ရောက်ခဲ့သော..၊
အာဏာရှင်ဟောင်းများရဲ့ သိက္ခာကျအရှက်ရစရာအချက်တစ်ခုဖြစ်သလို.၊
မနာလိုမှုကြောင့် မစားရတဲ့အမဲသဲနဲ့ပက် လိုသည့် အကြောင်းရင်းဖြစ်ပေသည်။

ကမ္ဘာကိုမြန်မာကလေးစားသမှုပြုကာစမှာ..
မည်သူအိုးမဲပြန်သုတ်နေသနည်း ??
အဖြေက ရှင်းပါသည်..။


"ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ" ဆိုသည်..
့စကားကိုသာ ကြားယောင်နေမိပါသည်..

Pa Yit facebook

Posted: 10 Jun 2013 09:31 AM PDT
ကျွန်တော့်ဆောင်းပါးတွေအဆုံးမှာ စာပြီး ရက်စွဲနဲ့ ကျွန်တော့် အီးမေးလ် လိပ်စာ အမြဲတမ်းဖော်ပြခဲ့တာ သတိထားမိကြမယ်ထင်ပါတယ်။ အမေရိကန်သတင်းစာ တွေက ဆောင်းပါးရှင်တချို့နဲ့ နိုင်ငံရေးသမားများ သူတို့ရဲ့ စာတို့ ကြေညာချက် တို့ အဆုံးမှာ အီးမေးလ်နဲ့ ဖုန်းနံပါတ် ဖော်ပြကြတဲ့ ဓလေ့ကို သဘောကျလို့ အတုခိုးခဲ့တာပါ။ သူတို့ဆီက သတင်းစာ ဆောင်းပါးရှင်တွေက စာဖတ်ပရိသတ် ဆီက တုံ့ပြန်သံတွေကို တိုက်ရိုက် ကြားသိနိုင်အောင် ရည်ရွယ်ပါတယ်။

 နိုင်ငံရေးသမား၊ အမတ်၊ မြို့တော်ဝန်၊ ပြည်နယ် အုပ်ချုပ်ရေးမှူးတွေကျတော့ သူတို့နဲ့သက်ဆိုင်တဲ့ နယ်မြေဒေသထဲက ပြည်သူလူထုအနေနဲ့ သူတို့ဆီ တိုက်ရိုက် ဆက်သွယ် နိုင်အောင် ရည်ရွယ်ကြပါတယ်။ သူတို့ဆီ အဲသလို တိုက်ရိုက်ဆက်သွယ်ပြောဆိုကြတာကို ဌာနတစ်ခုဖွင့်ပြီး သေချာမှတ်တမ်း တင်ပါတယ်။ တင်ပြချက်တွေရဲ့ အကျဉ်းချုပ်တွေကို သက်ဆိုင်ရာ အတွင်းရေးမှူး တွေက အမတ်မင်းများထံ တင်ပြကြရပါတယ်။ သူတို့ဆီ တိုက်ရိုက်ဆက်သွယ်တဲ့ ပြည်သူဦးရေ များရင် များသလို အင်မတန်မှ ဂုဏ်ယူကြပါတယ်။ မကျေနပ်ချက် တွေ တင်ပြကြတာကို နားပူတယ်လို့ သဘောမထားဘူး။ ပြသနာရဲ့ ဇာစ်မြစ် ပေါ်အောင် ထိထိရောက်ရောက်စုံစမ်းပြီး ဖြေရှင်းပေးပါသတဲ့။ ဖြေရှင်းပြီး သမျှကိုလည်း တိုင်ကြားတဲ့ ကာယကံရှင်ထံ မပျက်မကွက် အကြောင်းပြန်ကြား သတင်းပို့ ပါသတဲ့။

စာဖတ်သူတို့ရဲ့ အမြင် သဘောထားတွေ

ကျွန်တော်နဲ့ သက်ဆိုင်တာတချို့ကို ပြောရရင် စာဖတ်ပရိသတ် များထံက ကျွန်တော့်ဆီကို အီးမေးလ်နဲ့ စာတွေလာတတ်ပါတယ်။ ကျွန်တော်ရေးလိုက်တဲ့ အကြောင်းအရာနဲ့ပတ်သက်လို့ သူတို့ အမြင် သူတို့သဘောထားကို ပြောပြီး ထောက်ခံခြင်း၊ ဝေဖန်ခြင်းပြုကြတာ ဖြစ်ပါတယ်။ ကျွန်တော့်ကျန်းမာရေးကိစ္စ ဖြစ်ပေါ်ပြီးချိန်မှာတော့ မေတ္တာ၊ ကရုဏာ၊ စေတနာ ထားကြသူများထံက ဆုတောင်းမေတ္တာပို့သတဲ့ စာတွေ အတော်များများ လာခဲ့ပါတယ်။ ကျွန်တော့်ဆောင်းပါးတွေကို ပြည်သူ့ခေတ်မှာ ဖော်ပြပြီးရင် ပုံမှန်အတိုင်း Face book တင်ပါတယ်။ အဲဒီအခါကျရင်တော့ ပိုပြီး ထောင့်စုံတဲ့ အမြင်တွေနဲ့ ပါဝင်ဆွေးနွေးမှုတွေနဲ့ comment တွေ တက်လာတတ်ပါတယ်။

ကျောမွဲတွေနဲ့ ရင်ကြားစေ့ရေး

ခုတစ်လော ကျွန်တော့်ထံ အီးမေးလ်နဲ့ ပို့တဲ့ စာတချို့မှာ တိုင်းရေး ပြည်ရေးတွေ အများဆုံးပါနေတာ တွေ့ရပါတယ်။ စာရေးသူတချို့က သူတို့ ဘယ်သူဘယ်ဝါဆိုတာ ပြောပေမယ့် တချို့က မပြောပါဘူး။ တူညီတာကတော့ စိတ်ပျက်လက်ပျက်ငြီးတွားနေကြတာပါပဲ။ အစိုးရက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလုပ်နေပြီလို့ ပြောခဲ့တာ နှစ်နှစ်ရှိပါပြီ၊ ခုထိ ကျွန်တော် ကျွန်မတို့မှာ ဘာမှ မထူးခြားရုံမကဘဲ ဆင်းရဲနွမ်းပါးတဲ့အဆင့်ကနေ ဆင်းရဲမွဲတေတဲ့အဆင့်အထိ ကျဆင်းကုန်ပါပြီလို့ ၀မ်းနည်းပက်လက် ရေးကြပါတယ်။ စာတစ်စောင်ကတော့ နည်းနည်းတောင် ဘေးရောက် သွားလေသလားပဲ။ ]]နိုင်ငံရေး ပြန်လည်ရင်ကြားစေ့ရေးတွေ၊ နိုင်ငံတကာ စင်မြင့်ပေါ် ပြန်တက်နိုင်ရေးတွေ ပြောမနေပါနဲ့၊ ဘယ်အစိုးရ တက်တက် မျောက်လောင်းဘ၀က မတက်နိုင်တဲ့ ကျုပ်တို့ ကျောမွဲ ပြည်သူတွေနဲ့လည်း ပြန်လည် ရင်ကြားစေ့ရေးလုပ်ဖို့ မစဉ်းစားတော့ဘူးလား}}လို့ ရေးလိုက်ပါတယ်။

လက်ရှိတိုင်းပြည်အခြေအနေ

ယခင် ၀န်ကြီးချုပ်ကြီး ဦးနု ပြောတတ်တဲ့ စကားလုံးတစ်ခု သတိရမိပါတယ်။ ]]ပြသနာပေါင်း သောင်ခြောက်ထောင်}}တဲ့။ ကျွန်တော် လက်ရှိအစိုးရနဲ့ နိုင်ငံရေးခေါင်းဆောင်တွေနေရာက စဥ်းစားကြည့်တယ်။ လက်ရှိတိုင်းပြည်အခြေအနေက ပြသနာပေါင်း သောင်းခြောက်ထောင်လို့ ပြောရင် နည်းတောင်နည်းသေးတယ်လို့ ပြောစရာ ဖြစ်နေပြီထင်တယ်ဗျာ။

စားရမဲ့သောက်ရမဲ့ဖြစ်ရုံမက နေစရာ ကျောတစ်ခင်းစာတောင် မရှိအောင် ဆင်းရဲတွင်းနက်နေတဲ့ မြို့ပြ လက်လုပ်လက်စားများရဲ့ ပြသနာ၊ လုပ်ခလစာနဲ့ ဘယ်လိုမှ မလောက်ငလို့ စာရိတ္တပျက်ယွင်းမှုတွေပါ ဖြစ်ပွားနေတဲ့ အောက်ခြေအစိုးရ၀န်ထမ်းနဲ့ စက်ရုံ အလုပ်ရုံ အခြေခံ လုပ်သားများ ပြသနာ၊ လယ်ယာမြေအသိမ်းခံရခြင်းနှင့် ပဋိပက္ခမှုများ၊ မြစ်ဆုံတစ်ကျော့ပြန်အန္တရာယ်နဲ့ လက်ပံတောင်းတောင်၊ ဦးပိုင်၊ တရုတ်၊ ရခိုင်၊ ဓာတ်ငွေ့ပိုက်လိုင်းများ၊ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ နိုင်ငံရေးဆွေးနွေးမှု၊ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ ၀ပြည်နယ်ပြသနာ၊ တရုတ်နှင့်ဆက်ဆံရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်ဓာတ်အား၊ လမ်း၊ တံတား၊ အခြေခံအဆောက်အအုံပမာဏ။

ကျွန်တော်ဖြင့် ခေါင်းစဉ်တွေလိုက်စဉ်းစားကြည့်ရင်းတောင် ရင်တလှပ်လှပ် ဖြစ်မိတယ်ဗျာ။

ဒီမိုကရေစီမှာ ဒဏ်ရာတွေနဲ့

ကျွန်တော်တို့နိုင်ငံမှာ စစ်အစိုးရအဆက်ဆက်က နာမည်အမျိုးမျိုးနဲ့ အုပ်ချုပ်ခဲ့တဲ့ ကာလက နှစ်ငါးဆယ်ရှိပါတယ်။ အဲဒီကာလရဲ့ ရှေ့မှာရှိခဲ့တဲ့ ဒီမိုကရေစီ အရပ်သားအစိုးရအုပ်ချုပ်တဲ့ခေတ်ဆိုတာက ၁၄ နှစ်ပဲ ရှိခဲ့တာပါ။ ဒါတောင်မှ အဲဒီထဲမှာ အိမ်စောင့်အစိုးရအမည်ခံ စစ်အစိုးရအုပ်ချုပ်တဲ့ ၂နှစ်ကို ဖယ်လိုက်ရင် ၁၂နှစ်ပဲ ကျန်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း အဲဒီကာလဟာလည်း ဒီမိုကရေစီခေတ်ဆိုပေမယ့်" ရောင်စုံသူပုန်" တွေ အစပျိုးခဲ့တဲ့ ပြည်တွင်းစစ်ကြီးကြောင့် ဒီမိုကရေစီဟာ ဒဏ်ရာမျိုးစုံရပြီး သွေးအလူးလူးနဲ့ နေခဲ့ရတာပါ။

မူပြောင်းတယ်ဆိုတာ ဟုတ်ရဲ့လား

ဒါကြောင့် လွတ်လပ်ရေးသက်တမ်း ၆၅နှစ်သာ ရောက်လာ တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီဟာ အခုအထိ ဥမမယ် စာမမြောက်ပိုးတုံးလုံးကောင်ဘ၀ မှာပဲ ရှိနေသေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ စစ်အစိုးရ ခေါင်းဆောင်ဟောင်းတွေက ဦးစီးကြီးမှူး အကောင်အထည်ဖော်နေတဲ့ ဒီမိုကရေစီဆိုတာကို မယုံသင်္ကာဖြစ်သူတွေ ရှိနေသေးတာ သဘာဝကျပါတယ်။ လူတွေက မပြောင်းတဲ့အတွက် သူတို့တစ်တွေ မူပြောင်းတယ်ဆိုတာ တကယ် ရော ဟုတ်ရဲ့လားလို့ သံသယပွားစရာတွေ ရှိလာတာ သဘာဝပါပဲ။ လူရော မူရော ပြောင်းမှ ပြောင်းလဲမှုစစ်စစ်လို့ လူများစုက လက်ခံချင်ကြတာ လောကရဲ့ ဓမ္မတာတစ်ခုပါပဲ။ အထူးသဖြင့် ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း ၀င်ခဲ့ဖူးဆိုသလို အမြီးနုတ် ခေါင်းနုတ် ဒီမိုကရေစီနဲ့လည်း ကြုံခဲ့ဖူး၊ သုည ဒီမို ကရေစီနဲ့လည်း တိုးခဲ့ဖူးတဲ့ ကျွန်တော်တို့ မြန်မာပြည်သူတွေ အထူးသဖြင့် အဲဒီ ထဲက အတိုးတက်ဆုံးအလွှာလို့ ဆိုရမယ့် နိုင်ငံရေးသမားနဲ့ ပညာတတ်အင်အား စုတွေက ]ရေမရောတဲ့ ဒီမိုကရေစီ} ဆိုတဲ့ တောင်းဆိုချက်နဲ့ လက်ရှိအစိုးရကို မျက်စိဒေါက်ထောက် ကြည့်ပြီး ဆန်းစစ် သုံးသပ်ချင်နေကြတာ သိပ်ကို ကျိုး ကြောင်း ဆီလျော်ပါတယ်။

ပြဒါးတစ်လမ်း သံတစ်လမ်း

အဲသလိုမျိုး မျက်တောင်မခတ်ကြည့်နေကြတဲ့ မျက်လုံးတွေအောက် မှာ တော်ရုံတန်ရုံအရပ်သားအစိုးရစစ်စစ်ဆိုရင်တောင် အနေရခက်မှာ ဖြစ်ပါ တယ်။ သူတို့ကိုယ်တိုင်က ဒီမိုကရေစီစနစ်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်တဲ့ အမိန့်ပေး အမိန့်ခံစနစ်အောက်မှာ နှစ်ပေါင်းများစွာ ရှင်သန် လှုပ်ရှားလာခဲ့ကြ ရတဲ့ လက်ရှိအစိုးရခေါင်းဆောင်တွေအဖို့ သံသယ အစွဲ ကြီးမားသူတွေ အပါ အ၀င် ပြည်သူတွေရဲ့ စီစီတီဗွီမျက်လုံးတွေအောက်မှာ ဘယ်လောက် အသက်ရှု ကျပ်လိုက်မလဲဆိုတာကို တွေးပြီး ကိုယ်ချင်းစာမိပါတယ်။

ပြောချင်တာပြော လုပ်ချင်တာလုပ်

စစ်အစိုးရတွေ အုပ်ချုပ်တဲ့ခေတ်မှာ စစ်အရာရှိကြီးတွေဟာ စကားကို ပြောချင်သလို ပြော၊ အလုပ်ကို လုပ်ချင်သလို လုပ်နိုင်ကြပါတယ်။ ပြောလည်း ပြော လုပ်လည်း လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ကို ပြည်သူတွေ မပြောနဲ့ သူတို့ လက်အောက် အဆင့်ဆင့်က စစ်အရာရှိတွေကတောင် တုံ့ပြန် ပြောဆိုဖို့ နေနေသာသာ မျက်မွေးထော် မော်ကြည့်ဝံ့ခဲ့ကြတာ မဟုတ်ပါဘူး။ တော်လှန် ရေး ကောင်စီခေတ်အစ မဆလ ခေတ်အလယ်၊ န-အ-ဖ ခေတ်အဆုံး ကိုယ့် အထက်အရာရှိရဲ့ သဘောထားနဲ့ မတူညီတဲ့ ကိုယ့်သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့လို့ ]ဖြုတ်ထုတ်} ခံခဲ့ကြရတဲ့ စစ်အရာရှိကြီးတွေ မနည်းမနောရှိခဲ့တာ အားလုံးအသိပါ။

လျှပ်စစ်ပိုလျှံတယ်ဆိုတဲ့အမြင်

]ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်} လို့ ကိုယ်က လည်း အထက်က ညွှန်ကြားတာ ခံခဲ့ရ၊ ကိုယ်ကလည်း အောက်ကို အလားတူ ညွှန်ကြားခဲ့တဲ့ စစ်အရာရှိကြီးတွေထဲကအချို့ဟာ သူတို့ကိုယ်တိုင် ဒီမိုကရေစီကို ဦးဆောင် အကောင်အထည်ဖော်ရတဲ့ခေတ်လည်း ရောက်ရော ဒုက္ခများကုန်ကြ တော့တာပါပဲ။ တစ်နိုင်ငံလုံး လူဦးရေရဲ့ အင်မတန် နည်းပါးတဲ့ အစိတ်အပိုင်းသာ လျှပ်စစ်မီးရနေကြတဲ့အခြေအနေမှာ ]ကျွန်တော်တို့နိုင်ငံမှာ လျှပ်စစ်ဓာတ်အား တွေ ကုန်အောင်တောင် မသုံးနိုင်ပဲ ပိုလျှံနေလို့ နိုင်ငံခြားကို ရောင်းနေရတာပါ} လို့ ပြောတဲ့သူက ပြော၊ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ရပ်ဆိုင်းလိုက်တာ ကို တစ်ပြည်လုံးက လက်ခုပ်သြဘာပေးနေကြချိန်မှာ ]အဲဒါသမတရဲ့ ဆုံးဖြတ် ချက်သာ ဖြစ်တယ် ကျွန်တော်တို့အားလုံးရဲ့ သဘောထားမဟုတ်ဘူး} လို့ ပြော တဲ့သူက ပြော၊ လယ်သမားတွေ ထမင်းတစ်နပ်ပဲ စားပြီး အကြွေးကျေအောင် ဆပ်သင့်တယ်၊ ကြွေးမကျေရင် သံသရာမှာ ခံရမယ်} လို့ ပြောတဲ့သူက ပြောနဲ့ ကိုးရို့ကားယား မထော်မနမ်းတွေ ထွက်ပေါ်လာပါတော့တယ်။

စစ်ဗိုလ်ချုပ်ကြီးတွေ ဦးစီးကြီးမှူး အကောင်အထည်ဖော်နေတဲ့ ဒီမို ကရေစီဟာ စင်းလုံးချော တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်ကို ကျွန်တော်တို့ ပြည်သူတွေက မျှော်လင့်ထားပြီးသားပါ။ အမိန့်ပေး အမိန့်ခံစနစ်နဲ့ တစ်လျှောက်လုံး ယဉ်ပါးလာသူတွေအဖို့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ပြောမှား ဆိုမှား လုပ်မှား ကိုင်မှားတွေ ရှိနိုင် တယ်ဆိုတာကို မျှော်လင့်ထားကြပြီးသားပါ။ ဒီအပိုင်းက သိပ် အရေးမကြီးပါဘူး။

ပြဿနာကို ပြသနာမှန်းသိဖို့

သည်ဆောင်းပါးမှာ ကျွန်တော်အဓိက ပြောချင်တာကတော့ ပြသနာကို ပြသနာမှန်းသိဖို့၊ ပြသနာအဖြစ်လက်ခံဖို့ပါပဲ။ တချို့က ပြသနာကို သိတယ်။ ပြသနာရှိနေမှန်းလည်း သိတယ်။ သို့ပေမယ့် သူ့အထက်က ပုဂ္ဂိုလ်က ဒါတွေဟာ ပြသနာ မဟုတ်ဘူး၊ ပြသနာတွေ မရှိဘူးလို့မှတ်လို့ မိန့်တော်မူလိုက်တာနဲ့ သူကလည်း ကျုပ်တို့ဆီမှာ ဘာပြသနာမှ မရှိပါဘူးလို့ ဗလောင်းဗလဲ ချက်ချင်း ပြောဖို့ ၀န်မလေးတတ်တာတွေ တွေ့ဖူးပေါင်းများ နေပြီမို့ပါ။

ပြသနာရှိရင် အဖြေရှိပါတယ်။ အနာသိရင် ဆေးရှိပါတယ်။ ပြသနာမရှိဘူးလို့ မျက်စိမှိတ်ငြင်းနေသမျှတော့ ဘယ်တော့မှ အဖြေတွေ့မှာ မဟုတ်ပါကြောင်း။
Posted: 10 Jun 2013 09:26 AM PDT


ပြင်ဦးလွင်မှာ ဦးဇင်းတစ်ပါးအမေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေ။

မေး ။ ဦးဇင်းတို့က ဒကာမကြီးကို မိခင်တစ်ယောက်လိုပဲ၊ တိုင်းသူပြည်သားတွေကလည်း ဒကာမကြီးကို မိခင်တစ်ယောက်လိုနဲ့၊ အားကိုးခဲ့တယ်။ ခုလဲပဲ နှစ်နှစ်ဆယ်ကြာ အမေစုကို မျှော်ခဲ့ရတာ ကနေ့ အချိန်ရောက်ပြီ။ ဒါပေမဲ့ ခု ဒီနေ့ ဒီချိန်မှာ ဦး ဇင်းတို့ ပြည်တွင်းမှာ ဘာလဲဆိုတော့ မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ မြို့တော်တော်များများမှာ ဦးဇင်းတို့ဘာသာတရားကို ချုပ်ချယ်ပြီးတော့ အမျိုးမျိုးခုတုံးလုပ်ပြီးတော့ ဒါနှိပ်စက်ခံနေရတာ လူမျိုးခြားတွေက နှိပ်စက်နေတာ အမေစုအနေနဲ့ အဲ့ဒါ အတတ်နိုင်ဆုံး ဘယ်လိုများ အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်ပါသလဲ။

ဖြေ။ ကျွန်မတို့က ဒီဥစ္စာကို မကြာခင်တုန်းက ကမ္ဘာ့ စီးပွားရေးဖိုရမ် တက်တယ်။ ၅ ရက် ၆ ရက် ၇ ရက်မှာ။ အဲ့ဒါဆိုရင် တစ်ကမ္ဘာလုံးကနေ လူမျိုးစုံ ဘာသာစုံ ရောက်ကြပါတယ်။ ရောက်ကြတဲ့ အခါကြတော့ လူမျိုးစုံ ဘာသာစုံက အားလုံးပဲ ညီညီညွတ်ညွတ်နဲ့ သူတို့ အတူတူအလုပ်လုပ်ကြတယ်။ အတူတူနှီးနှောဖလှယ်ကြတယ်။ အဲ့တော့ အဲ့ဒီကလူငယ်တွေကို တပည့်တော်မ မေးကြည့်ပါတယ်။ အခုဆိုလို့ ရှိရင် ဘာသာရေးနဲ့ ပက်သက်လို့ လူမျိုးရေးနဲ့ပက်သက်လို့ ပဋိပက္ခတွေ ဖြစ်နေတာတွေက ဘာဖြစ်လို့ဖြစ်နေတယ်လို့ထင်သလဲ။ ဒါတွေကို ဘယ်လိုလုပ်ပြေလည်အောင်လုပ်လို့ရမယ် ထင်သလဲ ဆိုတော့ အဲ့ဒါတပည့်တော်မတို့ ဆွေးနွေးတဲ့အခါကြတော့ အခြေခံအားဖြင့်လိုအပ်ချက်ကတော့ အပြန်အလှန်နားလည်မှုရှိရမယ်။ အပြန်အလှန်လေးစားမှုရှိရမယ်။ တစ်ဖက်ကနေ တစ်ဖက်ကို အထင်သေးတယ်၊ တစ်ဖက်ကနေ တစ်ဖက်ကို နိုင့်ထက်သမူပြုတယ်ဆိုတာ မရှိရဘူး။

နောက်ပြီးတော့ ကိုယ်နဲ့မတူလို့ ကိုယ့်ရန်သူဆိုတာ စိတ်ထဲမှာ ထားလို့မဖြစ်ဘူး။ အဲ့ဒါ တပည့်တော်မတို့ ပဋိပက္ခဖြစ်တယ်ဆိုတာ နှစ်ဖက်ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက ကြိုးစားရမှာပါ။ ဒီတော့ တပည့်တော်မတို့ရဲ့ နိုင်ငံအတွင်း နိုင်ငံသူ နိုင်ငံသား များဟာ ကိုယ့်ရဲ့နိုင်ငံကို ဦးထိပ်ထားပြီးတော့ ဒီနိုင်ငံအတွင်းမှာ အေးချမ်းဖို့အတွက် အဲ့ဒါကို အဓိကထားပြီးတော့ကာ လုပ်ဖို့ရာ အရေးကြီးပါတယ်။ တပည့်တော်မလဲ ပြောပါတယ်။ ဒီနိုင်ငံမှာ အခုခေတ်မှာဆိုလို့ရှိရင် တစ်နိုင်ငံတွင်းမှာ ဖြစ်တဲ့ ကိစ္စတွေဟာ သူ့ချည်းပဲ ထီးထီးထားလို့ အထီးကျန်ထားလို့ မရဘူး။ တစ်ကမ္ဘာလုံး အဖြစ်အပျက်တွေနဲ့ ဆက်နွယ်နေတယ်။ အဲ့ဒီဆက်နွယ်နေတာကြောင့်မလို့ အမြင်ကျယ်ကျယ်လေးကြည့်ရမယ်၊ အပြင်ကနေပြီးတော့ အထဲကို ကြည့်တဲ့အခါကြရင်လည်း နားလည်မှုနဲ့ ကြည့်ရမယ်။ အထဲကနေ အပြင်ကို ကြည့်တဲ့အခါကျရင်လည်း နားလည်မှုနဲ့ ကြည့်ရမယ်။ အဲ့တော့ တပည့်တော်မတို့ရဲ့ ပြည်သူပြည်သားတွေဟာ သဘောထားလဲကြီးရမယ်၊ အမှန်တရားကိုလည်းမြတ်နိုးရမယ်၊ နောက်ပြီးတော့ တပည့်တော်မတို့ ဗုဒ္ဓဘာသာ များ ဖြစ်တဲ့အတိုင်း မေတ္တာကရုဏာကိုလည်း တတ်နိုင်သလောက်ပွားရမယ်။

ဒါပေမဲ့ အဓိကအရေးအကြီးဆုံးက စောစောကတပည့်တော်မလည်းပြောတဲ့ တရားဥပဒေစိုးမိုးရေးပဲ။ အဲ့ဒီဟာနဲ့ စတာပဲ။ အခုတပည့်တော်မကနေ ဘယ်နေရာမှာဘာဆိုပြီးတော့ အသေးစိတ် ပြောမသွားချင်ဘူး။ ဒါပေမဲ့ ဖြစ်တဲ့ကိစ္စမှန်သမျှဟာ စောစောစီးစီးကတည်းက တရားဥပဒေ စိုးမိုးရေးနဲ့ ကြတ်ကြတ်မတ်မတ် ထိန်းလိုက်လို့ရှိရင် အဲ့လို အန္တရယ်တွေက ပွားသွားမှာ မဟုတ်ဘူး။ အဲ့ဒီလို တရားဥပဒေနဲ့ ကြတ်ကြတ်မတ်မတ်မထိမ်းတော့ အဲ့လိုဖြစ်ခဲ့တာလို့ တပည့်တော်မ ဒီလိုပဲပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားဥပဒေစိုးမိုးရေးရဲ့ အရေးကြီးဆုံး ရလဒ်တစ်ခုက ဘာလဲဆိုတော့ လူတွေရဲ့ စိတ်လုံခြုံမှု၊ စိတ်လုံခြုံရင် ငါတို့အိမ်ကို ဘယ်သူကမှ လာမီးမရှို့ဘူး။ ငါတို့ကို ဘယ်သူကမှ အန္တရယ်မပြုဘူး။ စိတ်လုံခြုံမှု ရှိပြီဆိုလို့ရှိရင် တစ်ယောက်နဲ့တစ်ယောက်နားလည်မှု ယူလို့ရတယ်။ စိတ်လုံခြုံမှုမရှိတဲ့သူတွေ တစ်ယောက်နဲ့တစ်ယောက်နားလည်မှု ယူပါဆိုတော့ ပြောလို့မရဘူး။ အဲ့ဒါတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် တပည့်တော်မတို့ တရားဥပဒေစိုးမိုးရေးကို အလေးထားတဲ့ အလျောက် တရားဥပဒေစိုးမိုးရေးကနေပဲ စရမယ်လို့ တပည့်တော်မ လျောက်ချင်ပါတယ်။

(Global ခေတ်ကြီးထဲ ရောက်နေပေမဲ့ အစစအရာရာ နောက်ကျကျန်နေမှု တွေမှာ အတွေးအခေါ်နဲ့ အမြင်တွေပါ ပါနေလေတော့ မြန်မာတွေ ကမ္ဘာကြည့်ကြည့်မြင်တတ်ဖို့ ကြိုးစားကြပါစို့...။)
Posted: 10 Jun 2013 08:47 AM PDT

သက်မဲ့သူတို့အတွက် သက်ရှိ(မွေးနေ့ရှင်)၏မြတ်ကောင်းမှု

တချိန်တခါက ဦးကျော်သူနှင့်အတူ တွဲဖက်ရိုက်ကူးခဲ့သည့် ဆရာကြီး မင်းသိင်္ခဝတ္ထု၊ ဇာတ်ကားများ "ဆားပုလင်းနှင်းမောင်နှင့် ပန်းသုံးပွင့်"၊ "ဆားပုလင်းနှင်းမောင်နှင့် ဖဲသုံးချပ်အမှု"၊ "ဆားပုလင်းနှင်းမောင်နှင့် မီးခဲ မောင်မောင်"၊ "ပုဏ္ဍားဘကွန်း"၊ "ပြည်ကြီးမဏ္ဍိုင်မြကြီး" အစရှိသည့်ဗီဒီယိုဇာတ်ကားများ၊ သင်္ကြန်ဇာတ်ကားဖြစ် သည့် "ပွမ်ပွမ်မြည်တဲ့သင်္ကြန်" အပါအဝင် "သားဗန်တို"၊ "ဖျံပေါ်ကဖျံ"၊ "ကျွန်းပြန်သိန်းတန်"၊ "ပစ်မှတ်အလယ်သို့ လာသောဧည့်သည်"၊ "အတုံ့အလှည့်မာန်"၊ "ယောက္ခမကြီးရေးတဲ့ဖူးစာ"၊ "စက္ခုမဲ့ဓါးသမားနှင့် ချိုင်းထောက်ဘညို"၊ နှင့် ဦးကျော်သူသည် အနုပညာလောကအတွက် နောက်ဆုံးရိုက်ကူး ခဲ့သည့် "ဇာတ်ကြမ်း" အဆင့်မြင့်ဒီဗီဒီ ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ကြသည့် အနုပညာ မောင်နှမ ပွင့်နဒီမောင်ဆိုလျှင် မိဘပြည်သူ ရုပ်ရှင် ကြည့်ပရိသတ်များ သိကြမည်မလွဲပေ။

၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းကာလများ တွင် ဦးကျော်သူ အနုပညာလုပ်ကိုင်ခွင့် မရရှိတော့သည့်အတွက် ရုပ်ရှင်လောကအား ကျောခိုင်းခဲ့ပြီးနောက် ရုပ်ရှင် လောကနှင့် အဆက်ပြက်ကာ အနုပညာလောကမှ ညီအစ်ကို မောင်နှမများတို့နှင့် မတွေ့ဆုံဖြစ်ကြတော့ချေ။ ဦးကျော်သူသည် နာရေးကူညီမှုအသင်း(ရန်ကုန်)အား အချိန်ပြည့် ပေးဆပ်နေချိန်တွင် အနုပညာလောကမှ ညီအစ် ကို မောင်နှမများနှင့် တွေ့ဆုံရန် အကြောင်းဖန်လာခဲ့ပြန်သည်။ တွေ့ဆုံမှုသည် အနုပညာလုပ်ငန်းများနှင့်စပ်ဆက်၍ ဆုံတွေ့ခြင်းမျိုးတော့မဟုတ်။ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်ဖြစ်သူ ပွင့်နဒီမောင်နှင့် မိသားစုတို့သည် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် လူမှုရေးလုပ်ငန်းများအား လုပ်ကိုင်ပေးဆပ်နေသူ အား အများပြည်သူတို့အတွက် ကူညီမှုများအား တဖက်တလမ်းမှ ပံ့ပိုးကူညီပေးနိုင်ရန်အတွက် လာရောက်ခြင်း ဖြစ်ပါသည်။

၈.၆.၂ဝ၁၃ ရက်နေ့တွင် သရုပ်ဆောင် ပွင့်နဒီမောင်မှ သူမ၏မွေးနေ့အတွက် မြင့်မြတ်သောအလှူဒါနအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အများပြည်သူတို့၏ နာရေးကိစ္စများအား သင်္ဂြိုလ်ပေးရာ၌ အသုံးပြုလျှက်ရှိ သည့် စတီးလ်အခေါင်း၊ စတီးလ်ဗန်း၊ အလူမီနီယမ်အခေါင်းဖုံးနှင့် စတီလ်းလက်တွန်းလှည်းတို့အား မိသားစုနှင့်အတူ လာရောက်လှူဒါန်း ပေးအပ်ခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေးဆောင်ရွက်မှု နိဗ္ဗာန်ယာဉ် များ၊ ကျန်းမာရေးပံ့ပိုးမှုများ လူနာများအား လေ့လာခဲ့ရင်း အားပေးစကားပြောကြားခြင်း၊ သုခအလင်းစာကြည့်တိုက် နှင့် ပညာရေးသင်ကြားမှုတို့အား လေ့လာခဲ့ကြသည်။

မိမိတို့၏နေအိမ်များတွင် ကွယ်လွန်သူ၏ ရုပ်ခန္ဓာအား ပျက်စီး ယိုယွင်းမှုမရှိ ရက်ရှည်ထားရှိလိုကြသော နာရေးရှင်များတို့အား (အခမဲ့) ငှားရမ်း၍ အသုံးပြုလျှက်ရှိသည့် အအေး ခန်းသေတ္တာ (Cool Box) ဖြစ်ပြီး ယင်းအအေးခန်းသေတ္တာ (Cool Box) များ ထမ်မံ၍လိုအပ်ပါက ထပ်မံ၍ လှူဒါန်း လိုကြောင်း ကမ်းလှမ်းခဲ့သည်။ ယခုကဲ့သို့ အများပြည်သူတို့၏ လူ့ဘဝနောက်ဆုံးခရီးအား အဆင်ပြေချောမွေ့စွာ အမြင်တင့်တယ်စွာဖြင့် သင်္ဂြိုလ်မှုများပြုလုပ်နိုင်ရန် မည်သည့်ဘုံတွင်မှ လုပ်ကိုင်ခွင့် လှူဒါန်းခွင့်မရနိုင်သည့် မြင့်မြတ် လှသည့် "ကွယ်လွန်ရှာသူ သက်မဲ့သူကို ကူညီဝိုင်းကြ သင်္ဂြိုလ်ကြသည်" ဆရာမင်းယုဝ၏ ကဗျာအတိုင်း မွေးနေ့ အလှူဒါနအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ စတီးလ်အခေါင်း၊ စတီးလ်ဗန်း၊ အလူမီနီယမ် အခေါင်းဖုံးနှင့် စတီလ်းလက်တွန်းလှည်းတို့အား လှူဒါန်းခဲ့သော ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ပွင့်နဒီမောင်၏ မြင့်မြတ်သောစိတ်၊ မြင့်မြတ်လှသော အလှူဒါနတို့အား မိဘပြည်သူအပေါင်းတို့ မုဒိတာပွားနိုင်ကြစေရန် ဝေငှလိုက်ရပါတော့သည်။
Posted: 10 Jun 2013 08:36 AM PDT


Video. ဧရာဝတီ
Posted: 10 Jun 2013 08:27 AM PDT



ငြိမ်းချမ်းရေးကိုရှေးရှုသည့် ပန်းပွင့်လေးများ

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော စစ်ပွဲများ၊ မျိုးဖြုတ်သတ်ဖြတ်ခြင်းများ ရပ်ဆိုင်းကြစေရန်၊ သံဝေဂ ရကြစေရန်နှင့် မြန်မာနိုင်ငံအပါအဝင် လူ့အခွင့်အရေးဖိနှိပ်မှုအရေး၌ သေဆုံးသွားကြရသော လူသားများ အတွက် ရည်ရွယ်ချက်၍ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံ ရှေ့ မြက်ခင်းပြင်ကြီးတွင် အရိုးတုပေါင်း တစ်သန်းကျော်အား ခင်းကျင်းပြသထားသည့် သရုပ်ဖော်အနုပညာ လှုပ်ရှားမှုတစ်ရပ်အား ကျောင်းသား/သူများ၊ အနုပညာရှင်များ၊ လူသားချင်းစာနာမှု တက်ကြွလှုပ်ရှားသူ များတို့သည် ဇွန် (၈) ရက်နေ့မှ (၁ဝ) ရက်နေ့အထိ စုပေါင်းပြုလုပ် ပြသထားခြင်းဖြစ်ကြောင်း သိရှိရသည်။ ယင်းလှုံ့ဆော်မှု အခမ်းအနားကြောင့် အရိုးစုတစ်ခုတိုင်းသည် လူသားခြင်းမသတ်ဖြတ်အောင် လှုံ့ဆော်ပါ လိမ့်မည်။ အရိုးစုတစ်ခုတိုင်းသည် ဖိနှိပ်သတ်ဖြတ်ခံရမှုကို ကိုယ်စားပြုလိမ့်မည်။ အရိုးစုတစ်ခုတိုင်းသည် ဖိနှိပ်သူအာဏာပိုင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ပြတော့မည်။ အရိုးစုတစ်ခုတိုင်းသည် တရားမျှတမှုကို တောင်းဆိုတော့မည် ဖြစ်တော့သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ၉.၆.၂ဝ၁၃ (တနင်္ဂနွေနေ့) နံနက် (၉းဝဝ) နာရီအချိန်တွင် ကချင်ဒေသ တစ်ကျော့ပြန်စစ် (၂) နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံအဖြစ် တိုင်းရင်းသား ညီအစ်ကို မောင်နှမ များအားလုံးနှင့် နှစ်ဖက်စစ်သည်များအားလုံး ရည်စူး၍ လွမ်းသူ့ပန်းခွေချခြင်းအား ရန်ကုန်မြို့ မြို့တော် ခန်းမနှင့် လွတ်လပ်ရေးကျောက်တိုင်အရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားသို့ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ငြိမ်းချမ်းရေးသင်္ကေတအား အောင်သပြေခက်များနှင့် နှင်းဆီပန်းပွင့်အနီများဖြင့် စီချယ်ပြီး ဂျိုးဖြူငှက်အား စံပယ်ဖြူအပွင့်များဖြင့် ထုံမွှန်း၍ သရုပ်ဖော်ထားပြီး စစ်၏ဆိုးကျိုးကြောင့် ကျဆုံး ခဲ့ကြရသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးနှင့် နှစ်ဖက်သောစစ်သည်များအား ရည်စူး၍ ဖန်တီးထားသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ "ငြိမ်းချမ်းရေးလွမ်းသူ့ပန်းခွေ"အား ဥက္ကဋ္ဌ ဦးကျော်သူ နှင့် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့မှ မြို့တော်ခန်းမအရှေ့ရှိ လွတ်လပ်ရေး ကျောက်တိုင်အရှေ့သို့ သယ်ဆောင်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့ခဲ့ကြသည်။ ၄င်းအခမ်း အနားတွင်လည်း ပြည်တွင်း/ပ အဖွဲ့အစည်းများ၊ လူတန်းစားပေါင်းစုံနှင့် ငြိမ်းချမ်းရေးအား လိုလားကြသော ပြည်သူလူထုအပေါင်းတို့၏ ပန်းစည်းများ၊ ပန်းခွေများ၊ ပန်းခြင်းများလာရောက် ပို့ဆောင်ခဲ့ကြသည်။ ထိုမြောက်မြားစွာသော ပန်းပွင့်များထဲမှ ပန်းတစ်ပွင့်တိုင်းသည် … "ပန်းတစ်ပွင့်တိုင်းသည် လူသားတို့သွေး ချောင်းစီးမှုမဖြစ်ပွားရန် လှုံ့ဆော်ပါလိမ့်မည်။ ပန်းတစ်ပွင့်တိုင်းသည် ဖိနှိပ်သတ်ဖြတ်ခံရမှုကို ကိုယ်စားပြု လိမ့်မည်။ ပန်းတစ်ပွင့်တိုင်းသည် ဖိနှိပ်သူအာဏာပိုင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ပြတော့မည်။ ပန်းတစ်ပွင့်တိုင်းသည် တရားမျှတမှုကို တောင်းဆိုတော့မည် ဖြစ်တော့သည်။ ပန်းတစ်ပွင့်တိုင်းသည် ငြိမ်း ချမ်းရေးကို တောင်းတနေလိမ့်မည်။"

အခမ်းအနားသို့ တတက်ရောက်ချီးမြှင့်ပေးရန် ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာသို့ ငြိမ်းချမ်း ရေးအတွက် လမ်းလျှောက်ချီတက်ခဲ့ကြသော ငြိမ်းချမ်းရေးလူငယ်အဖွဲ့မှ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ယင်း ငြိမ်းချမ်းရေး လမ်းလျှောက်လူငယ်အဖွဲ့အား ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာသို့ ချီတက်လမ်းလျှောက် စဉ်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လမ်းခရီးတစ်လျှောက်၌ အစစအရာရာ အဆင်ပြေချောမွေ့စေရန် အလှူငွေ (၁ဝ) သိန်းကျပ်၊ ဆေးဝါးများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခြင်း၊ ချီတက်ရာလမ်းတ လျှောက်ရှိ မြို့နယ်၊ ဒေသခံ လူမှုရေး အသင်းအဖွဲ့များနှင့် ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးခဲ့သည့်အပြင် ဦးကျော်သူ၏ အယူသီးမှုပပျောက်ရေး လူမှုရေးဟောပြောပွဲခရီးစဉ်အတွင်း မန္တလေးမြို့တွင် ထပ်မံ၍ ဆုံတွေ့ခဲ့ပြန်ရာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့နှင့်တိုက်ဆိုင်ခဲ့ရာ ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်ကြသော လူငယ်များနှင့်အတူ "ကံတက်ကုန်းပရဟိတ ဘုန်းတော်ကြီးကျောင်း"၌ ဦးကျော်သူ ကိုယ်တိုင်သွေးလှူဒါန်းခဲ့ပြီး ငြိမ်းချမ်းရေးလူငယ်အဖွဲ့အား ထပ်မံ၍ အလှူငွေ (၁ဝ) သိန်းကျပ် နှင့် ခရီးဆက်ရာလမ်းတလျှောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ငြိမ်းချမ်းရေးအား မြတ်နိုးသည့် ဆရာဝန်များ လိုက်ပါကူညီပေးရန် စီစဉ်ပေးခဲ့သည်။ မန္တလေးမှ ကချင်ပြည်နယ်သို့ ခရီးမနှင် မှီ နံနက်အစောပိုင်း၍ ငြိမ်းချမ်းရေးလူငယ်အဖွဲ့သားတို့သည် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး အား ဦးခိုက်ကန်တော့ပြီးနောက် ဦးကျော်သူနှင့်အတူ အောင်မြေနင်း၍ ဂျိုးဖြူငှက်များ ဘေးမဲ့လွှတ်ကာ ငြိမ်းချမ်း ရေးအတွက် ဆုတောင်းခဲ့ကြသည်။ ထို့အပြင် ၂ဝ၁၃ ခုနှစ်၊ မဟာသင်္ကြန်ရက်များအတွင်း၌ မြန်မာပြည် ကြီး ငြိမ်းချမ်းရေးရရှိရေးအတွက် ရည်စူးအာရုံပြုလျှက် မြင့်မြတ်သော ရဟန်းဘောင်သို့ ချီးမြှင့်နိုင်ခဲ့သည်။ ယခုအခါ ၄င်းငြိမ်းချမ်းရေးလူငယ်အဖွဲ့နှင့် ထပ်မံ၍ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်)အနေဖြင့် ၂ဝ၁၂ ခုနှစ်အတွင်း ကချင်ပြည်နယ် စစ်ဘေးသင့် ပြည်သူများအတွက် ကချင်ပြည် နယ်သို့ (၃) ကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီး အလှူငွေ သိန်း (၁ဝဝဝ) ကျော်ခန့်အား လှူဒါန်းခဲ့ပြီးဖြစ် သည်။

ကချင်ဒေသ တစ်ကျော့ပြန်စစ် (၂) နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ ငြိမ်းချမ်းရေးဆုတောင်း မေတ္တာပို့ လမ်းလျှောက်ခြင်းအခမ်းအနားအား နံနက် (၁ဝးဝဝ) နာရီအချိန်မှစတင်၍ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံလမ်းအတိုင်း ကမ်းနားလမ်းမှတဆင့် အလုံမြို့နယ်၊ သစ်တောလမ်းရှိ "ဇောတနာရာမစာသင်တိုက်"သို့ ငြိမ်းချမ်းရေးလူငယ်များ၊ ရဟန်းသံဃာတော်များ၊ တပ်မတော်သား(ငြိမ်း) များ၊ ငြိမ်းချမ်းရေးလိုလားသော အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများတို့မှ ပန်းစည်းပန်းခွေ များနှင့်အတူ ငြိမ်းချမ်းရေးအတွက် လမ်းတလျှောက်၌ မျက်နှာများအား မိတ်ကပ်ဖြူများဖြင့် သွေးစီး ကြောင်းများဖော်ကြူး၍ ပလပ်စတစ်ပုံးများ၊ သံပုံးများအားတီးခတ်၍ သရုပ်ဖော်အနုပညာပြကွက်များ၊ ငြိမ်းချမ်းရေးအား ရှေးရှုသော စာတမ်းပါဆိုင်းဘုတ်များဖြင့် စည်းကမ်းတကျ "ဇောတနာရာမစာသင်တိုက်" သို့ စီတန်းလမ်းလျှောက်ခဲ့ကြသည်။ မွန်းတည့် (၁၂းဝဝ) နာရီအချိန်မှ စတင်၍ ငြိမ်းချမ်းရေးဆုတောင်း ခြင်း၊ တပ်မတော်နှင့် KIA တို့မှကျဆုံးသွားကြသော နှစ်ဖက်တပ်သားများအတွက် ဆုတောင်းအမျှဝေခြင်း တို့အား ကျင်းပပြုလုပ်ခဲ့ချိန်၌ ကောင်းကင်ကြီးတစ်ခုလုံး ထစ်ချုံးညှို့မှောင်၍ မကြေအညှိုးတို့ဖြင့် ရွာဖြိုး တော့မည့်အလား ဟန်ပြပြီးခါမှ မိုးဒေဝါသည် ငြိမ်းချမ်းရေးကို ရှေးရှုသည့်အသွင်ဖြင့် မရွာတော့ပဲ အေးချမ်း ရုံမျှ အုံ့ဆိုင်းခဲ့လေတော့သည်။ ထိုကဲ့သို့ ထစ်ချုန်းပြီး သည်းကြီးမဲကြီး ရွာချတော့မည့် မိုးသားတိမ်တိုက် တို့သည် ရပ်တန့်သွားသကဲ့သို့ အမိမြန်မာပြည်ကြီးတွင် လူသားအပေါင်းမိသားစုများအား ဒုက္ခပင်လယ်ဝေ စေခဲ့သော စစ်ပွဲကြီးများလည်း ထာဝရ ရပ်တန့်သွားမည်ဆိုပါက …. ။

ကျော်သူ

Posted: 10 Jun 2013 08:19 AM PDT
ပြင်ဦးလွင်ကိုရောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူတုန်းက သူ ကန့်ကွက်မဲထည့်ခဲ့တဲ့အကြောင်း ဒီကနေ့ ပြောလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ နာဂစ်မုန်တိုင်းသင့်ခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူခဲ့တဲ့ ဖွဲ့စည်းပုံကို မထောက်ခံကြောင်း ပြောပါတယ်။ အဲဒီအချိန်က စစ်အစိုးရကတော့ ပြည်သူပေါင်း သန်း ၂၀ က မဲထည့်ပြီး ရာခိုင်နှုန်းအားဖြင့် ၉၂.၄ % ထောက်ခံမဲရရှိပြီး အတည်ပြုကြောင်း ကြေညာခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး တိုးတက်အောင် ဒီအခြေခံဥပဒေကို အမြန်ဆုံးပြင်ဆင်ဖို့ လိုနေပြီလို့ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ထပ်ပြောလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ ရန်ကုန်သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရခဲ့ရင် ပြည်ဦးလွင်က ပြည်သူတွေကို လာပြီးတွေ့ပါမယ်လို့ ကတိပေးဖူးတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်အေင်ဆန်းစုကြည် ဟာ ပြည်ဦးလွင်မြို့ပေါ်က မဟာအံ့ထူးကံသာ ဘုရားကြီးဝင်းအတွင်းမှာ လူထုနဲ့ ဒီကနေ့တွေ့ဆုံ စကား ပြောခဲ့တာပါ။
လူထုနဲ့တွေ့စဉ် စိတ်ုကြိုက်မေးခွန်း ၅ ခု ကို ပြည်သူတွေထဲက မေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ခွင့်ပြုခဲ့ပြီး ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့ မေးလာတဲ့ မေးခွန်းတစ်ခု မှာ သူမကိုယ်တိုင်မဲ မထည့်ခဲ့သလို ပြည်သူ အတော်များများရဲ့ ထောက်ခံမှုမရရှိတဲ့ ဒီဥပဒေကို အမြန်ဆုံးပြင်ဖို့ လုပ်ရမယ်လို့ သူမကပြောပါတယ်။

"အဲဒီအချိန်တုန်းက တစ်ခုတော့ ပြောနိုင်တယ်လေ။ ကျမတို့ကတော့ လုံးဝ မထောက်ခံခဲ့ဘူး။ ကျမက အကျယ်ချုပ်ဘဝပေမဲ့လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်လို့ ကန့်ကွက်မဲထည့်ခဲ့တယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေက ထောက်ခံမှုနဲ့ ၉၂ % ဆိုတော့ ကျမတို့အနေနဲ့ စဉ်းစားစရာပဲလို့ ဒီလိုပဲ စိတ်ထဲမှာ ရှိပါတယ်။"

၂၀၀၈ ခုနှစ် အတွင်းမှာ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း အပြင်းအထန်တိုက်ခတ်ခံရပြီးချိန်မှာပဲ အရင် စစ် ခေါင်းဆောင်ဟောင်းတွေ ဦးစီးရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့ ဆန္ဒခံယူပွဲ ကျင်းပခဲ့တာပါ။
ဒီကနေ့ လူထုနဲ့တွေ့စဉ်မှာ ပြည်ဦးလွင် လူထုက သူမကို နိုင်ငံတော်ရဲ့ သမ္မတအဖြစ် မြင်တွေ့လိုတယ်လို့လည်း ပြောလာကြတာပါ။

"ကျနော်တို့ အဓိကသိချင်တာက ကျနော်တို့က အမေစုကို သမ္မတဖြစ်စေချင်ပါတယ်။ စဉ်းစားရမယ့်ကိစ္စတွေက အခြေခံ ဥပဒေကိစ္စတွေပေါ့လေ။ အဲဒါတွေနဲ့ပတ်သက်လို့ကော အမေစု သိမြင်နိုင်တယ်၊ သုံးသပ်နိုင်တယ်ဆိုတဲ့ အနေအထားတွေနဲ့ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မယ်ဆိုတဲ့ ဟာလေးတွေ ပြောပြပေးစေချင်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမအနေနဲ့ နိုင်ငံတော်ရဲ့သမ္မတ ဖြစ်လာနိုင်ဖို့ ဆန္ဒရှိတဲ့အကြောင်း ထပ်ပြောသွားခဲ့ပါသေးတယ်။

"ကျမ သမ္မတကိစ္စပဲ ပြောပါရစေ၊ ဒီဟာက ဘယ်လို စဖြစ်တာလဲဆိုတော့ ကျမကို သတင်းထောက် တစ်ယောက်က မေးတာပါ။ သမ္မတဖြစ်ချင်လား-ဆိုတော့ ကျမကလည်း စဉ်းစားမနေဘူး။ ဖြစ်ချင်တယ်-လို့၊ ဖြစ်မှ ကိုယ်လုပ်ချင်တာ လုပ်လို့ရမှာ-လို့။"

ပြည်သီးလွင်မြို့ကို ဇွန်လ ၉ ရက်နေ့ မနက်အစောပိုင်းက ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီခရီးကို လာရောက်ချိန်မှာပဲ နေသိပ်မကောင်း ဖြစ်နေပြီးတော့ သူမအနေနဲ့ အနားယူဖို့ လိုအပ်နေပေမဲ့ လူထုနဲ့ ၂ နာရီ နီးပါး တရင်းတနှီးတွေ့ဆုံပြီး လူထုက မေးတာတွေကို ဖြေခဲ့တယ်လို့လည်း ပြင်ဦးလွင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟက ပြောပါတယ်။

"အမှန်ကတော့ နေပြည်တော်က လာကတည်းက တော်တော်ကို ပင်ပန်းလာခဲ့ပြီး ကျန်းမာရေး မကောင်းဘူး။ ဒါပေမဲ့ အခု ရောက်လာတဲ့အချိန်မှာ လမ်းမှာ မိုးလေး တဖွဲဖွဲ မိတာတောင်မှပဲ တော်တော် ပျော်ပျော်ရွှင်ရွှင်နဲ့ နှုတ်ဆက်လာတယ်။ ခဏနားတယ်။ နားပြီး နှစ်နာရီခွဲမှာ ဟောပြောပွဲလုပ်တယ်။ ဟောပြောပွဲမှာလည်း ၄၅ မိနစ်၊ ၁ နာရီနီးပါး အားရပါးရ ပြောတယ်။ လူ့အခွင့်အရေးနဲ့၊ ဒီမိုကရေစီအခွင့်အရေးနဲ့၊ တရားဥပဒေ စိုးမိုးရေးတွေကို အားရပါးရ ပြောတယ်။ ပြည်သူတွေထဲက ၅ ယောက်ကို မေးခိုင်းတယ်။ သူက မေးခွန်းတွေကို ပြန်ဖြေတယ်။ သံဃာတော်တွေရော၊ မောရစ်ရှ်က နိုင်ငံခြားသူတစ်ယောက်မေးတာကိုရော၊ ပြည်သူတွေက မေးတာကိုရော သူ ကောင်းကောင်းပြန်ဖြေပြီးတော့မှ စကားပြောသွားတယ်။ အဲဒါလည်း ပြောတာရော သူ အားလည်းရတယ်။ ကြည့်ရတာတော့ သူ တော်တော် စိတ်ချမ်းချမ်းသာသာရှိပါတယ်။ စကားပြောတာလည်း ပြည်သူတွေလည်း အားလုံး ကျေနပ်ပြီးတော့မှ တက်လာတဲ့ ပြည်သူတွေကလည်း ရှမ်းပြည်နယ်ကရော၊ မန္တလေးတိုင်းထဲမှာရော လူတွေက တော်တော်များတယ်။ ကွင်းကလည်း တော်တော်ကျယ်တယ်၊ သူ လည်းပဲ တော်တော် ကျေနပ်သွားတယ်လို့ ကျနော်ကတော့ ထင်ပါတယ်။"

သူမရဲ့ ဒီကနေ့ ပြင်ဦးလွင် လူထုကို ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ရှိဖို့ကိစ္စ အပါအ၀င် ဒီမိုကရေစီနဲ့လူအခွင့်အရေး တိုးတက်မှု ရှိလာစေဖို့တွေကိုလည်း ထည့်သွင်းပြောဆိုခဲ့တယ်လို့လည်း ဦးကျော်သီဟက ပြောပါတယ်။

ပြင်ဦးလွင်မြို့မှာ ဒီနေကဇွန်လ ၉ ရက်နေ့ တစ်ညအိပ်ပြီး မနက်ဖြန် ဇွန်လ ၁၀ ရက်နေ့မှာ လွှတ်တော် အရေးကိစ္စတွေ ဆောင်ရွက်ဖို့ နေပြည်တော်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်ခင်ဗျာ။

VOA
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment