Saturday 26 October 2013









Posted: 23 Oct 2013 09:26 AM PDT


အခြေခံဥပဒေပြင်သင့်သလား၊ အသစ်ရေးဆွဲသင့်သလား။
ဒီပြဿနာ အခုတလောမှာ ရှေ့ တန်းရောက်လာသည်။ တစ်ချိန်တည်းတွင်
အသစ် မရေးဆွဲသင့်ကြောင်း၊ အသစ်ရေးဆွဲလျှင် အန္တရာယ်သိပ်ကြီးကြောင်း
နည်းအမျိုးမျိုးဖြင့် နှပ်ကြောင်းပေး ခြောက်လှန့် လာသည်ကိုလည်း တွေ့ ရသည်။

အခြေခံဥပဒေ အသစ်မရေးဆွဲရေး ပြောဆိုဟန့် တားချက်များနှင့်အတူ
စစ်တပ်မကြိုက်တာ ဘာမှမလုပ်ရေးကို အတွေးအခေါ်တစ်ရပ်အဖြစ်
ထူထောင်ဝါဒဖြန့် လာသည်ကိုလည်း တွေ့ ရသည်။

စစ်တပ်မကြိုက်တာ ဘာမှမလုပ်ရေး အတွေးအခေါ်ထူထောင်နိုင်ရန်အတွက်
အတူတွဲဆောင်ရွက်လာသောအလုပ်တစ်ခုမှာ စစ်တပ်နှင့် အားပြိုင်ရင်ဆိုင်ခြင်းမှာ
ရည်ရွယ်ဆောင်ရွက်သည်ဖြစ်စေ၊ မရည်ရွယ်ဘဲ ရင်ဆိုင်တိုးမိသည်ဖြစ်စေ၊
ထိုသို့ တိုးမိသောဖြစ်ရပ်မှန်သမျှ ယခုလည်းအကျိုးမရှိ၊ ယခင်ကလည်း
အကျိုးမရှိခဲ့ ဟူသော အတွေးအခေါ်ဖြစ်သည်။ ယခုအကျိုးမရှိဟူသောအချက်ကို အားကောင်းလာစေရန် ယခင်ကလည်း အကျိုးမရှိဟု ဆက်စပ်ပြောဆိုလာရခြင်း
ဖြစ်သည်။ စစ်တပ်မကြိုက်တာ ဘာမှမလုပ်ရေး အတွေးအခေါ် ခိုင်ခန့် လာစေရန်
ထိုသို့ တိုးချဲ့ ထူထောင်လာခြင်းဖြစ်သည်။ ယခင်က အကျိုးမရှိကြောင်း
ပြောဆိုသောအခါ ၈၈ အရေးတော်ပုံကြီးသည် ပြည်သူတွေ အသက်သွေးချွေး
များစွာ ပေးဆပ်ခဲ့ရသော်လည်း အကျိုးမရှိဟူသော ပြောဆိုချက်မျိုးတွေ
ဆက်စပ်ပါဝင်လာသည်။ စင်စစ် ဒါတွေအားလုံးသည် ပြည်သူကို စစ်ကျွန်စိတ်ဓာတ်
သွတ်သွင်းပေးရန် စနစ်တကျအားထုတ် ကြိုးပမ်းမှုတွေသာဖြစ်သည်။
စစ်ကျွန်ဘ၀မှာ နေထိုင်ခြင်းသည်သာ အကောင်းဆုံးဆိုသောသဘောအထိ
သက်ရောက်လာအောင် တဖြည်းဖြည်းသိမ်းသွင်း ပြောဆိုနေခြင်းဖြစ်သည်။

ခေတ်တိုင်းခေတ်တိုင်းတွင် လူတစ်စုက တခြားလူတစ်စုကို ကာလရှည်ကြာ
ဖိနှိပ်ထားလို့ ရနေခြင်းမှာ စင်စစ် အဖိနှိပ်ခံနေရသူတွေကိုယ်တိုင်က
ဖိနှိပ်သောစနစ်ကို လက်ခံနေသောကြောင့်သာဖြစ်သည်။ တစ်နည်းအားဖြင့်
ဆိုရလျှင် ဖိနှိပ်သောစနစ် တည်မြဲဖို့ ဆိုလျှင် ဖိနှိပ်မှုကို လူထုလက်ခံအောင်
ရှေ့ နေလိုက်သော အတွေးအခေါ်တစ်ရပ်လိုသည်။ ထိုအတွေးအခေါ်ကို
အဖိနှိပ်ခံတွေထဲမှ အရေအတွက် တော်တော်များများကလည်း လက်ခံနေဖို့ 
လိုအပ်လေသည်။ သို့ မှသာ အဖိနှိပ်ခံတွေ ငြိမ်သက်ကြပေလိမ့်မည်။
ထို့ ကြောင့် အုပ်ချုပ်သူ၊ ဖိနှိပ်သူလူတန်းစား အဆက်ဆက်တို့ သည်
သူတို့ ဖိနှိပ်မှုကို လူထုလက်ခံလာအောင် ရှေ့ နေလိုက် ဖေးမပေးသော
အတွေးအခေါ်မျိုးကို ရှာဖွေလေ့ရှိသည်။ ကြိုးစားထူထောင်လေ့ရှိသည်။
အခုလည်း မြန်မာနိုင်ငံတွင် ဖိနှိပ်သူဘက်က ထောက်ခံသော အတွေးအခေါ်
တစ်ရပ်ကို ညီညီညာညာ ထူထောင်လာကြတာ တွေ့ လာရသည်။
ထိုအတွေးအခေါ်၏အခြေခံမှာ စစ်တပ်မကြိုက်တာ ဘာမှမလုပ်သင့်ဘူးဟူသော
အခြေခံဖြစ်သည်။ စစ်အာဏာရှင်ဟောင်းများနှင့် အလိုတော်ရိပညာရှင်ဆိုသူတွေက
ပူးပေါင်းထူထောင်ကြသော ထိုအတွေးအခေါ်ကို အတိုက်အခံထဲကလည်း
တော်တော်လေး လက်ခံလိုက်နာလာသည်ကို တွေ့ ရသည်။

စစ်တပ်မကြိုက်တာ ဘာမှမလုပ်ရေး အတွေးအခေါ်၏ အဓိကမဏ္ဍိုင်မှာ
စစ်ခေါင်းဆောင်ဟောင်းကြီးများဖြစ်ပြီး ထိုအတွေးအခေါ်ကို လက်ခံ
ကျင့်သုံးလာသူ အတိုက်အခံများထဲတွင် အရေးပါဆုံးပုဂ္ဂိုလ်မှာ သြဇာအကြီးဆုံးနှင့်
နိုင်ငံ၏ကံကြမ္မာကို ပေါ်လစီရေးရာအရ တာဝန်ခံထားသူ ခေါင်းဆောင်ဖြစ်နေသည်။
သို့ သော် စစ်တပ်မကြိုက်တာ ဘာမှမလုပ်ရေးကို အတွေးအခေါ်တစ်ရပ်အနေဖြင့်
ကျယ်ကျယ်ပြန့် ပြန့်  ကျယ်ကျယ်လောင်လောင် ဖြန့် ချိအပေးဆုံးပုဂ္ဂိုလ်မှာ
"ဦးကျော်ဝင်း" ဖြစ်သည်။

အခုနောက်ပိုင်း သူ့ စာတွေ ဆောင်းပါးတွေထဲတွင် ထိုအတွေးအခေါ်ကို
အလုပ်တစ်ခုလိုသဘောထားပြီး ၀ါဒဖြန့် ချိရေးဆန်ဆန် တွင်တွင်ကျယ်ကျယ်
လုပ်လာသည်ကို သတိထားမိသည်။ အခုသူက လွှတ်တော်ကော်မရှင်တစ်ခုတွင်
အဖွဲ့ ဝင်ဖြစ်လာပြီးနောက် စစ်ခေါင်းဆောင်တို့ ၏ ကျောထောက်နောက်ခံ
အားပေးမှုကို ရလာသောအခါ ၀ါဒဖြန့် ချိရေးနှင့် ပိုတူလာသည်။
ဦးကျော်ဝင်းက သူ့ ကိုမလိုသူ မိတ်ဆွေဟောင်း လက်ဝဲသမားတွေက
စစ်အာဏာရှင်တွေနဲ့ ပေးစားကြသည်ဟု အရင်က ခါးခါးသီးသီး
နာနာကျည်းကျည်း ပြောဆိုလေ့ရှိသည်။ သို့ သော် နောက်ဆုံးတော့လည်း
စစ်အာဏာရှင်တို့ နှင့် ညားသွားသည်ဟုသာ ဆိုရမလိုဖြစ်နေသည်။
မစွန်းရင်းရှိသူမို့ သာ ကန်စွန်းခင်းငြိခြင်း ဖြစ်တန်ရာပါသည်။

လက်ပံတောင်းခယောင်းလမ်း ပြန်မလည်မိစေဖို့ ဆောင်းပါးတွင် ဦးကျော်ဝင်းက
လက်ပံတောင်းသပိတ်စခန်းများအရေးမှာ ဘယ်ဘက်ကကြည့်ကြည့်
မဖြစ်သင့်ပါချေဟု ရေးခဲ့သည်။ ဗိုလ်အောင်ဒင်ဇာတ်ကားထဲက အပြောမျိုးနှင့်
ပြောရလျှင် "ဒါကတော့ ပုလိပ်အမြင်ကိုး ဦးဘချစ်ရဲ့ " ဟု ဆိုရမည်ထင်သည်။
ဘယ်ဘက်ကကြည့်ကြည့်ဟုဆိုသော်လည်း လယ်သမားဘက်က မကြည့်ခဲ့သည်မှာ
ထင်ရှားလှပါသည်။

တစ်ကျော့ပြန် ရယ်ဒီကယ်လှိုင်း ဆိုသည့် ဆောင်းပါးထဲတွင်မူ
ရယ်ဒီကယ်လှိုင်းများကား အခါအခွင့်သင့်တိုင်း တ၀ုန်းဝုန်း ရိုက်ခတ်ဆဲ။
ဥပမာ လက်ပံတောင်းကိစ္စ၊ မန္တလေး ရှစ်လေးလုံးငွေရတု ဟု ဆိုထားပြန်သည်။
လက်ပံတောင်းအရေးကိုတော့ သူတော်တော်စိုးရိမ်ပုံရသည်။ သူစိုးရိမ်သည်မှာ
လက်ပံတောင်းအရေးကြောင့် စစ်ဗိုလ်ချုပ်ကြီးတွေ ငြိုငြင်မှာကို စိုးရိမ်ခြင်း
ဖြစ်ပုံရသည်။ မန္တလေး ရှစ်လေးလုံးငွေရတုပွဲကိုတော့ ဘာ့ကြောင့် ရယ်ဒီကယ်ထဲ
ထည့်လိုက်သလဲဆိုသည်ကို အသေးစိတ်ရှင်းမထား။ သို့ သော် ဖြစ်ပုံရသည်မှာ
သူတို့ ပြုပြင်ပြောင်းလဲရေး ၀န်ကြီးတွေတက်သည့် ရန်ကုန်ပွဲနှင့် ပုံစံချင်းမတူ
သောကြောင့်ဖြစ်လောက်သည်။

စစ်ဗိုလ်ချုပ်ကြီးတွေငြိုငြင်မည်ကို သူစိုးရိမ်ကြောင်းကို ဧရာဝတီနှင့် အင်တာဗျူးတွင်
သူက အတိအလင်း အထင်အရှား ထုတ်ပြောသည်။ အပြောင်းအလဲကို စတာ
အရင်အစိုးရ၊ တည့်တည့်ပြောရရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ သူခွင့်မပြုလျှင်
ဘာမှမတတ်နိုင်ဘူး ဟု သူကထုတ်ပြောထားသည်။ ဒီစကားတစ်ခွန်း
သိပ်အရေးကြီးသည်။ ဘာ့ကြောင့် အရေးကြီးသနည်းဆိုသော် စစ်တပ်မကြိုက်တာ
မလုပ်ရေး အတွေးအခေါ်တစ်ခုလုံး၏ အခြေခံအုတ်မြစ်ကို စတင်တည်ဆောက်သော
ပထမဆုံးအုတ်ချပ်၊ တစ်နည်းအားဖြင့် ဖောင်ဒေးရှင်းအုတ်ခဲ (foundation stone)
ဖြစ်နေသောကြောင့်ပင်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခွင့်မပြုလျှင် ဘာမှမတတ်နိုင်ဘူးဟု သူက
ယူဆသည့်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မကြိုက်တာ ဘာမှမလုပ်နဲ့ ဟူသော
ကောက်ချက်သည် နောက်ဆက်တွဲအလိုလို ထွက်ပေါ်လာသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မကြိုက်တာကို လုပ်တာမှန်သမျှသည် အပြောင်းအလဲကို
ပျက်စီးအောင်လုပ်ခြင်းဆိုသည့် ကောက်ချက်လည်း အလိုလိုထွက်ပေါ်လာ
တော့သည်။ ဒီတော့ လက်ပံတောင်းကိစ္စသည် အပြောင်းအလဲကို ပျက်စီးစေမည့်
အရာဟု သူမြင်လာသည်မှာ မဆန်းတော့ချေ။ စစ်ခေါင်းဆောင်ဟောင်းတွေကို
မဖိတ်သည့် မန္တလေး ရှစ်လေးလုံးပွဲကို အန္တရာယ်ဟု မြင်လာသည်မှာလည်း
မဆန်းတော့ချေ။ အဘယ့်ကြောင့်ဆိုသော် သူ့ အမြင်အားလုံးသည်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြိုက်၊ မကြိုက်ဆိုသည့်အချက်အပေါ် အခြေခံတွေးခေါ်
နေသောကြောင့်ဖြစ်သည်။ သူ့ အတွေးအခေါ်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ကြိုက်၊ မကြိုက်ဆိုသည့် အခြေခံဖောင်ဒေးရှင်း အုတ်ခဲအပေါ်တွင်
တည်ဆောက်ထားခြင်း ဟုတ် မဟုတ်၊ ထိုအချက်နှင့် ဆီလျော်ညီညွတ်မှု ရှိ မရှိကို
ဆက်လက်ဆန်းစစ်ကြည့်ပါမည်။

ဧရာဝတီနှင့် အင်တာဗျူးထဲတွင် သူက ယခုလို ဆက်ပြောထားပါသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။ သူခွင့်ပြုလို့  ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဖြစ်လာတာ၊
သူခွင့်မပြုရင် ဘာမှမတတ်နိုင်ဘူး။ အဲဒီအောက်မှာ အရင်အစိုးရက လူဟောင်းတွေ
အာဏာဆက်ယူထားတာလည်း အမှန်ဘဲ။ သို့ သော် ဒါကို ရန်လုပ်နေလို့ မရဘူး။
သူ့ ဟာသူ သဘာဝကျကျဖြစ်လာတဲ့ အချင်းအရာဟု ဆိုပါသည်။
ဗိုလ်ချုပ်မှူးကြိးသန်းရွှေ အခြေခံအတွေးအခေါ်နှင့် တွေးခေါ်လိုက်သောအခါ
အရင်အစိုးရလူဟောင်းတွေ အာဏာဆက်ယူထားတာသည်လည်း သဘာဝကျကျ
ဖြစ်လာသည့်အချင်းအရာဟု သူလက်ခံသွားနိုင်ပါတော့သည်။ သည်မျှသာလော၊
မကသေးပါ။ အတိုက်အခံဘက်က အလွန်အကျွံ တောင်းဆိုလာလျှင်
ပြဿနာရှိလာလိမ့်မည်ဟုလည်း ထိုအင်တာဗျူးတွင်ပင် ဆက်ပြောပါသည်။

အခြေခံဥပဒေ လုံးဝဖျက်သိမ်းပြီး အသစ်ရေးရမယ်ဆိုတာမျိုး တောင်းခဲ့ရင်တော့
တပ်က တစ်ခုခုတုန့် ပြန်လိမ့်မယ်၊ မြန်မာ့နိုင်ငံရေးမှာ တပ်ရဲ့ သဘောတူညီမှု
မရှိဘဲနဲ့  ဘာမှလုပ်လို့ မရဘူးဟု ဆက်ပြောသည်။ ဤနေရာတွင် တပ်ဟု
ပြောခြင်းသည် စစ်အာဏာရှင်တွေကိုဘဲ ဆိုလိုခြင်းဖြစ်နိုင်ပါသည်။
စစ်အာဏာရှင်ဆိုရာတွင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အခေါင်အချုပ်
ဖြစ်သည်။ ဒီတော့ တပ်ရဲ့ သဘောတူညီမှု မရှိဘဲနှင့် ဘာမှလုပ်လို့ မရဘူးဟူသော
ယူဆချက်သည်လည်း စောစောကပြောခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေအုတ်ခဲက
ဆက်လက်ပွားထွက်လာခဲ့သော အတွေးအခေါ်ပင်ဖြစ်သည်။

လှံဖျားပုစဉ်းနား၊ ကျီးကန်းကကြောက်ချေးပါ ဖြစ်နေသော သူ့ အတွေးအခေါ်သည်
အခြေခံဥပဒေနှင့်သာမက ထို့ ထက်ပိုကျယ်ပြန့် သော အကြောင်းအရာများနှင့်လည်း
ပက်သက်သေးသည်။ ဖက်ဒရယ်လည်း ပါပါသေးသည်။ အာဏာသိမ်းနိုင်တဲ့
အလားအလာက အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဆက်စပ်နေတယ်၊ ဖက်ဒရယ်ကိစ္စနဲ့ 
ဆက်စပ်နေတယ်ဟု ထိုအင်တာဗျူးမှာပင် သူကဆက်လက်ပြောသည်။

သို့ ဖြစ်ရာ လက်ပံတောင်းကလူတွေ ဆန္ဒမပြကြနဲ့ ၊ အခြေခံဥပဒေ အသစ်မရေးနဲ့ ၊
ဖက်ဒရယ်မူကိစ္စ အလွန်အကျွံ မတောင်းနဲ့ ဟု ပြောနေသော ဦးကျော်ဝင်း
တစ်ယောက်ကို ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင့်က မရမက လိုက်ခေါ်ကာ
လွှတ်တော်ကော်မရှင်မှာ ခန့် ထားလိုက်သည်ဟူသောအချက်မှာ ဘာမှအံ့သြစရာ
မရှိပါ။ ဘာ့ကြောင့် ဒုဝန်ကြီးမဖြစ်သေးတာပါလိမ့်ဆိုသောအချက်ကိုသာ
အံ့သြချင်အံ့သြဖို့  ရှိပေလိမ့်မည်။

နောက်တစ်ချက်ကို ထောက်ပြချင်ပါသေးသည်။ ထိုအချက်မှာ မိတ္ထီလာအရေးနှင့်
ပက်သက်သော သုံးသပ်ချက်ဖြစ်သည်။ မိတ္ထီလာမှာ ရဲတွေရပ်ကြည့်နေတယ်
ဆိုတာ အနောက်မီဒီယာတွေက ဖွတာဟု သူကဖြေသွားသည်။ အစိုးရက
ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်ကို ကျွန်တော်လက်မခံဘူးဟု
ပြတ်ပြတ်သားသား ရပ်တည်ကာကွယ်သွားသည်။ သို့ သော် ဒါမျိုးကိစ္စသည်
သဘောထား (opinion)မဟုတ်၊ အချက်အလက် (fact)ဖြစ်သည်။
အထောက်အထားရှိနေလျှင် လက်မခံချင်ပေမယ့် လက်မခံလို့ မရ။ မိတ္ထီလာတွင်
လူတစ်ယောက်ကို ၀က်လာတောထဲ၌ ဓားနှင့်ခုတ်၊ တုတ်နှင့်ရိုက်နေကြသော
အချိန်တွင် ရဲကရပ်ကြည့်နေသည်မှာ သက်သေအထောက်အထား အခိုင်အလုံနှင့်
ရှိသည်။ မသေမရှင်လူတွေကို မီးရှို့ နေချိန်တွင် ရဲကရပ်ကြည့်နေသည်မှာလည်း
အထောက်အထားရှိသည်။ ဦးကျော်ဝင်းကြည့်ချင်လျှင် ဗီဒီယိုကလစ်နှင့်
အသေအချာပြနိုင်သည်။ ဦးကျော်ဝင်းမတွေ့ ဖူးသည်မှာ မလေ့လာသောကြောင့်
ဖြစ်သည်။ တကယ်တော့ ဒါတွေအားလုံး (Documented)ဖြစ်သည်။
ထိုဗီဒီယို အစစ်အမှန် (Genuine)ဖြစ်ကြောင်းလည်း ကျွမ်းကျင်သူများက
စစ်ဆေးပြီးကြပြီ။ ထိုတစ်ချက်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ဆိုးနေမှာကို
သူစိုးရိမ်လွန်းအားကြီးပြီး အကာအကွယ်ပေးချင်စိတ် များလွန်းအားကြီးသွားသည်
ဟု ကျွန်တော်ထင်သည်။ ဒီလောက်ကြီးအထိ မျက်စိမှိတ်ပြီး တစ်ဖက်စောင်းနင်းကြီး
ဘက်လိုက်ပြောဖို့ တော့ မကောင်းလှ။ ဦးကျော်ဝင်းသည် သူ့ ဝန်ထမ်းဖြစ်လာ
သောကြောင့် သူ့ ဆန်စားရဲမှသဘောမျိုးပင် ပြောလာပြီလား မဆိုတတ်။

မှန်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းအရေးတွင်
ဗိုလ်ချုပ်ကြီးများငြိုငြင်မည့်အရေးကို ရှောင်ရှားခဲ့သည်။ ဦးကျော်ဝင်းလိုပင်
ဗိုလ်ချုပ်မှူးကြီးအုတ်ခဲပေါ်တွင် တည်ဆောက်ထားသော အမြင်မျိုးဖြင့်
လက်ပံတောင်းတောင်စီမံကိန်းဆက်လုပ်ဖို့  ခုံသမာဓိလူကြီးမင်းလုပ်ပြီး
အဆုံးအဖြတ်ပေးခဲ့သည်။ ဒီတစ်ပွဲတွင်လည်း ဗိုလ်ချုပ်မှူးကြီးငြိုငြင်မည့်အလုပ်မျိုး
မလုပ်ဖို့  ဦးကျော်ဝင်းက လက်ပံတောင်းကို မျက်စပစ်ပြီး ပြောလိုက်ခြင်းဖြစ်သည်။
စင်စစ် ဒေါ်အောင်ဆန်းစုကြည်၏သဘောမှာလည်း ပြင်ရေးဘက်
အလေးသာသည်မှာ NLD ကြေညာချက်ကြည့်ရုံနှင့်ပင် သိသာပြီးဖြစ်ပါသည်။
NLD ကြေညာချက်တွင် ဘယ်ဘက်ကိုမှ ဘက်လိုက်ပြီးမပြောလိုဟု ဆိုသည်။
ပြင်ရေးနှင့် အသစ်ရေးဆွဲရေး၏ ကောင်းကျိုးဆိုးကျိုးများကိုသာ ထောက်ပြပါမည်
ဟု ဆိုသည်။ တကယ်တမ်း ထောက်ပြထားသည်မှာ ပြင်ရေး၏ကောင်းကျိုးနှင့်
အသစ်ရေးဆွဲရေး၏ ဆိုးကျိုးကိုသာဖြစ်သည်။ ပြင်ရေးက ဥပဒေနှင့်အညီဟု ဆိုပြီး
အသစ်ရေးဆွဲရေးက စစ်တပ်နှင့် ထိပ်တိုက်တွေ့ ရနိုင်သည်ဟု ဆိုသည်။
သည်ကြေညာချက်ကိုကြည့်ရုံနှင့်ပင် NLD ဘယ်ဘက်ယိမ်းကြောင်း၊
ဒေါ်စု ဘယ်ဘက်ယိမ်းကြောင်း သိနိုင်သည်။ ဒေါ်စုက သူဘယ်ဘက်ယိမ်းကြောင်း
ဘာကိုလိုလားကြောင်း အချက်ပြပြီး သူ့ အား၊ သူ့ ဝိတ်ကိုယူကာ လူထုအား
သူ့ ကိုထောက်ခံခိုင်းမည်ဟု စိတ်ကူးပုံရသည်။ ဒါကိုပင် ဦးကျော်ဝင်းက
စိတ်မချနိုင်။ လက်မခံနိုင်။ လူထုဆန္ဒကို ကြောက်ရွံ့ နေခြင်းဖြစ်သည်။

ဦးကျော်ဝင်းစိတ်မချနိုင်သလို စစ်တပ်ခေါင်းဆောင်တွေကလည်း စိတ်မချပါ။
ဦးဌေးဦးက အခြေခံဥပဒေအသစ်ဆွဲဖို့  ၂၀၀၈ အခြေခံဥပဒေမှာမပါ။
အခြေခံဥပဒေအသစ်ဆွဲချင်လျှင် စစ်တပ်နှင့်တွေ့ မည်ဟု ခြောက်သည်။
မဆလဟောင်း ဦးဟန်ရွှေကလည်း အသစ်ရေးဆွဲလျှင် အန္တရာယ်ရှိသည်ဟု
ဆိုသည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း
အခြေခံဥပဒေကို ကာကွယ်မည်ဟု ဆိုသည်။ ဦးအောင်သောင်းကလည်း
အခြေခံဥပဒေအသစ်ရေးဆွဲလျှင် အာဏာသိမ်းမှုဖြစ်လိမ့်မည်။ သို့ သော်
သည်တစ်ခါသိမ်းလျှင် လက်လွတ်စပယ်လုပ်မည်မဟုတ်ဟု ဆိုသည်။
ကြံ့ဖွံ့ ခေါင်းဆောင် ဦးအောင်သောင်းသည် ဘယ်လို capacity ဘယ်လို
authority နှင့် ဒီစကားကို ပြောသည်ကိုကား မသိ။ သေချာသည်မှာကား
အားလုံး အတိုင်အဖောက်ညီကြသည်။

ကျွန်တော်တို့ ၏ ဒီမိုကရေစီခေါင်းဆောင်များသည် စစ်အာဏာရှင်စနစ်ကို
ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ် ထူထောင်မည်ဟုဆိုသည်။ သို့ သော်
လူထုကိုတော့ စစ်အာဏာရှင်တွေ ငြိုငြင်မည့်အရာများကို မလုပ်ဖို့ 
တားမြစ်နေပြန်သည်။ ထူးဆန်းလှပေသည်။ တကယ်တော့ ဒီမိုကရေစီ
လမ်းကြောင်းကိုသွားလျှင် စစ်အာဏာရှင်တွေကြိုက်မည်မဟုတ်ဆိုသော
အချက်ကို လူထုကသိသည်။ သိသိနှင့်ပင် စစ်အာဏာရှင်စနစ်အောက်တွင်
မနေချင်သောကြောင့် နှစ်အစိတ်လုံးလုံး အပင်ပန်းအဆင်းရဲခံကာ
စစ်အာဏာရှင်ဆန့် ကျင်ရေး၊ ဒီမိုကရေစီရေးကို ဆောင်ရွက်ခဲ့ကြသည်။
အခု နှစ်ပေါင်းအစိတ်ကြာ ဒုက္ခဆင်းရဲ ခံခဲ့ပြီးတော့မှ စစ်အာဏာရှင်တွေ
ငြိုငြင်မှာကို မလုပ်နှင့်ဟု ဆိုသူကဆိုလာကြသည်။ စစ်အာဏာရှင်တွေ
ပေးသလောက်သာရမည် ဟု အလံရှူး လုပ်သူကလုပ်သည်။

၈၈ အရေးအခင်းကြီးဆင်နွှဲပြီး လူတွေအသက်သွေးပေးဆပ်ခဲ့သော်လည်း
ဘာမျှမရ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပေးလို့ သာ ပြုပြင်ပြောင်းလဲရေးရသည်ဟု
ကျေးဇူးရှင်တွေ့ သူက ရှာတွေ့ ကုန်လေပြီ။ ၂၀၀၇ အရေးအခင်းကြီးတွင်
သံဃာတော်တွေ အသက်ပေးခဲ့ကြရသည်မှာလည်း အလကား၊
အရင်စစ်အစိုးရ စတင်လို့ သာ အပြောင်းအလဲဖြစ်လာတာဟု အတွေးအခေါ်သစ်
ရသူက ရကုန်ကြလေပြီ။ ဒီမိုကရေစီရရေး မရရေးမှာ စစ်တပ်အပေါ်မှာသာ
မူတည်သည်ဟု သီအိုရီသစ် ဖြန့် ချိနေလေပြီ။ ထိုအရာသည် စစ်အာဏာရှင်စနစ်
သက်ဆိုးရှည်ရေးအတွက် နောက်ဆုံးပေါ်ဝါဒဖြန့် ချိနည်းသာဖြစ်သည်။

သေချာသည်ကား ၂၀၀၈ အခြေခံဥပဒေသည် ပြည်သူတို့ ကို ကောင်းကျိုးပေးမည့်
ဥပဒေမဟုတ်။ ထိုအခြေခံဥပဒေသည် အခြေခံကပင် မကောင်းသောကြောင့်
မည်သို့ ပင် ဖာထေးသုံးစွဲသော်လည်း ကောင်းလာဖွယ်မရှိ။ ထိုအချက်ကို
အားလုံးအသိပင်ဖြစ်သည်။ ထိုအချက်အပေါ်တွင် အငြင်းမပွား။
အငြင်းပွားနေကြသည်မှာကား ထိုမကောင်းမှန်းသိသော လှည်းကျိုးကြီးကို
ခဏတဖြုတ်တော့ ထမ်းထားပါကွာ၊ မဟုတ်ရင် တိုင်းပြည်ချောက်ထဲကျလိမ့်မယ်ဟု
ခြိမ်းခြောက်ပြောဆိုနေခြင်းကို ကျွန်တော်တို့ လက်ခံမလား၊ လက်မခံဘူးလား
ဆိုသောအချက်ကသာ အငြင်းပွားနေသောပြဿနာဖြစ်ပါသည်။

စစ်အာဏာရှင်တို့ ၏ ဖိနှိပ်ချုပ်ခြယ်မှုအောက်တွင် နေထိုင်ခြင်းကသာ
အကောင်းဆုံးပါဟု ပြည်သူတွေက လက်မခံမချင်း ၈၈ တော်လှန်ရေး
မရှုံးနိမ့်သေးပါ။ ရှေ့ ဆက်နေဦးမည်သာဖြစ်ပါသည်။ စစ်အာဏာရှင်နှင့် ပြည်သူတွေ
တစ်ဖက်ဖက်က အညံ့မခံမချင်း ဆက်နေပါဦးမည်။ သို့ သော် စစ်အာဏာရှင်တွေ
မကြိုက်တာ မလုပ်တော့ပါဟု ပြည်သူတွေက အညံ့ခံလိုက်ပါမူ အညံ့ခံသည်နှင့်
တပြိုင်နက်မှာ ကျွန်တော်တို့ ၏တော်လှန်ရေး ရှုံးနိမ့်ပြီဖြစ်ပါသည်။
ရယ်ဒီကယ်တွေ၊ လစ်ဘရယ်တွေ အဓိကမဟုတ်။ ဆွေးနွေးသောယဉ်ကျေးမှု
ရှိ မရှိ ဆိုတာတွေလည်း အဓိကမဟုတ်။ တော်လှန်ရေးလုပ်ရမှာလား၊
တည်ဆောက်ရေးလုပ်ရမှာလား၊ နိုင်ငံရေးလုပ်ရမှာလားဆိုတာတွေလည်း
အဓိကမဟုတ်။ ဒါတွေက နည်းလမ်းတွေသာဖြစ်သည်။ နည်းလမ်းတွေသာမက
ထောက်ပံ့ကြေးယူ သင်တန်းဖွင့်စားသော ကာလပေါ်သင်တန်းဆရာတို့ 
စုန်းတောက်စားကြသည့် ဝေါဟာရလျှပ်ပေါ်လော်လီမှုတွေအဖြစ်နှင့်လည်း
တစ်ခါတစ်လေ တွေ့ ရတတ်သည်။ တကယ်အရေးကြီးသည်မှာ
ဒီမိုကရေစီစနစ်လား၊ အာဏာရှင်စနစ်လားဆိုတာသာဖြစ်သည်။
ဒါကို တကယ်ရွေးချယ်ရမည့်သူတွေမှာလည်း ပြည်သူတွေသာဖြစ်ပါသည်။

(လူထုပုံရိပ်ဂျာနယ် အတွဲ ၂ အမှတ် ၄ တွင် ပါရှိသော စိမ်းမြင့် (မန္တလေး)၏
"ဗိုလ်ချုပ်မှူးကြီးဟောင်း အုတ်ခဲနှင့် ပြင် သစ် ပြဿနာ" မှ ထုတ်နုတ်ပါသည်)

အောင်မျိုးထွန်း
Posted: 23 Oct 2013 08:21 AM PDT
(EU Business News မှ 21 Oct 2013 ရက်စွဲပါ " Suu Kyi urges world to pressure Myanmar Leaders on reform" သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ပြီးစီးအောင် အစိုးရအား ဖိအားပေးကြရန် ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ ခေါင်းဆောင်များကို မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တနင်္လာနေ့တွင် တိုက်တွန်းလိုက်ပါ သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုင်းရင်းသားပဋိပက္ခ အဆုံးသတ်ရေးနှင့် တိုင်းပြည်၏ အနာဂတ် ဒီမိုကရေစီ ပြည့်ဝရေးသည် အခြေခံဥပဒေမြန်မြန်ဆန်ဆန် ပြင်ဆင်ပြောင်းလဲခြင်းပေါ်တွင် မူတည်နေသည်ဟု သူမက သတင်းထောက်များအား ပြောကြားသည်။

"ပြုပြင်ပြောင်းလဲမှုဟာ အခြေခံဥပဒေပြင်ဆင်ခြင်းမရှိဘဲနဲ့ တတ်နိုင်သလောက် ခရီးပေါက်ခဲ့ပါပြီ။ ဒီတော့ အခြေခံဥပဒေကို မပြောင်းလဲဘူးဆိုရင် လက်ရှိအုပ်ချုပ်သူတွေဟာ ဆက်လက်ပြုပြင်ပြောင်းလဲဖို့ စိတ်မဝင်စားဘူးလို့ ယူဆရမှာပါ။ ဒါကြောင့် အခြေခံဥပဒေပြောင်းလဲဖို့လိုတဲ့ကိစ္စမှာ ဥရောပသမဂ္ဂ အနေနဲ့ မတွေဝေဘဲ ရပ်တည်ပေးဖို့လိုပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သဘောထား ဟာ မြန်မာအစိုးရအတွက် တော်တော်များများ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရက ရင်းနှီးမြှုပ်နှံမှုတွေ၊ အကူအညီတွေကို လိုချင်နေလို့ပါဘဲ" ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း ပြောဆိုသည်။

ယခင်တပ်မတော် အစိုးရအကြီးအကဲဦးစီး ရေးဆွဲထားသော လက်ရှိအခြေခံဥပဒေသည် ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလာအောင် သိသိသာသာ ပိတ်ဆို့ထားသည်။

မြန်မာနိုင်ငံသည် ၂၀၁၅ တွင် ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ပြီး ထွက်ပေါ်လာသော လွှတ်တော်သစ်နှင့်အတူ သမ္မတရာထူးအတွက် ရွေးချယ်မည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတတာဝန်ယူလိုကြောင်း ထုတ်ဖော်ပြောကြား ထားသည်။

အခြေခံဥပဒေ ပြန်လည်ရေးဆွဲရေးအတွက် လူထုဆန္ဒကောက်ခံနေသော NLD ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ယခုနှစ်ကုန် ထွက်ပေါ်လာမည့် လွှတ်တော်အစီရင်ခံ စာကို တိုင်းပြည်နှင့်လူထုက စောင့်ဆိုင်းနေသည့်ဟု ပြောကြားသည်။

"ဒါပေမဲ့ အခြေခံဥပဒေ ပြန်ရေးဖို့ လိုအပ်တယ်ဆိုတာကို လူသိရှင်ကြား ကတိပေးတာဝန်ယူဖို့ အစိုးရက ပျက်ကွက် နေတယ်။ ဒီကိစ္စကို လွှတ်တော်မှာ လေ့လာနေတယ်လို့တော့ ပြောနေပါတယ်။ ဒါဟာ တိကျပြည့်စုံဖို့ နဲနဲလိုသေးတယ်။ လုံလောက်မှုမရှိသေးဘူး" ဟုသူမက ဆက်လက် ပြောဆိုသည်။

မြန်မာဒီမိုကရေစီခေါင်းဆောင်သည် လွန်ခဲ့သော ၂၃ နှစ်က သူမရရှိခဲ့သော ဆာခါရော့ဗ် လူ့အခွင့်ရေးဆုကို အင်္ဂါနေ့တွင် လက်ခံရန် စထရာဘော့စ် သို့ မထွက်ခွာမှီ လူဇင်ဘာ့ဂ် တွင် အီးယူနိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခင်တပ်မတော်အစိုးရ အကြီးအကဲဟောင်းများ၏ ရည်မှန်းချက်ဖြစ်သော အာဆီယံဥက္ကဋ္ဌ တာဝန်ယူရေး၊ ဆီးဂိမ်းလက်ခံကျင်းပရေး၊ အနောက်အုပ်စုနှင့် ပြန်လည်ဆက်ဆံရေး၊ တိုင်းရင်းသားအုပ်စုများနှင့် သဘောတူလက်မှတ်ထိုးရေး၊ တပ်မတော်အစိုးရ လူဟောင်းများက ဆက်လက်အုပ်ချုပ်ရေး၊ အစရှိသောအချက်များ ပြည့်ဝလုနီးပါး ဖြစ်နေသောကြောင့် ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် နှေးကွေးသွားမည်ကို စိုးရိမ်ပူပန်မိသည်ဟု ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးကြသည်။
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment