Tuesday 21 January 2014

ကာချုပ်မင်းအောင်လှိုင် အတွက် ဒုတိယမြောက် ကလောင်ရေး- ၂
********************************************
"တပ်မတော်ဟာ ဒီလောက်လုပ်ပေးခဲ့တာတောင် အကောင်းပြောမခံရဘူး"
-----------------------------------------------------------------------
လို့ 

သူ့မိန့်ခွန်းမှာ ကာချုပ်မင်းအောင်လှို်င် က ပြောခဲ့လေရဲ့။
-------------------------------------------
ဘာတွေ လုပ်ပေးခဲ့လဲ
"အဲဒီ တပ်မတော် က ဘာတွေများ ကောင်းတာ လုပ်ပေးခဲ့သလဲ "လို့ မေးခွန်းထုတ်ပါရစေ။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်တဲ့ ပထမအကြိမ်စစ်အာဏာသိမ်းမှု မဖြစ်ခင်
က မြန်မာနိုင်ငံဟာ ကိုလိုနီဘ၀ ကျရောက်ခဲ့သည့်တိုင်၊
အရှေ့တောင်အာရှရဲ့ အချမ်းသာဆုံးနိုင်ငံတနိုင်ငံ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး
အားကစား အဘက်ဘက် က အာရှနိုင်ငံတွေရဲ့ ရှေ့မှာ ရှိခဲ့တယ်။
ဒီနေ့ခေတ် ကမ္ဘာ့နယ်ပယ်အတော်များများမှာ ဂျပန်ပြီးရင် ဒုတိယလိုက်လာတဲ့ အာရှ
တနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားဆိုတာ အဲဒီခေတ်ကာလမှာ သူ့ပြည်တွင်းရေး ပြဿနာတွေနဲ့ ဆင်းရဲကြပ်တည်းမွဲတေနေတုန်းပဲ။

မြန်မာပြည်ဟာ နိုင်ငံတကာ ကို ကုန်ချောတွေ ပို့ခဲ့တယ်။
ထိုင်း နိုင်ငံဟာ ကိုလိုနီမဖြစ်ခဲ့သည့်တိုင် မြန်မာပြည်က ကုန်ချောတွေကို ၀ယ်ယူခဲ့ရတယ်။ မြန်မာထက် ဆင်းရဲခဲ့တယ်။
ဦးပွင့်ကောင်း လို တိုင်းရင်းသားလုပ်ငန်းရှင် က မြန်မာ့စားကုန်သည် ကမ္ဘာ့စားကုန်ဖြစ်
ရမည် လို့ကြွေးကြော်၊ နံပါတယ် ဆိုတဲ့ ငပိ၊ ငံပြာရည်ကို သင်္ဘောနဲ့ကို အာရှတလွှား
တင်ပို့ခဲ့ပါသတဲ့။ မတော်တဆ ငံပြာရည်ဖိတ်သွားခဲ့ရင် မွှေးလွန်းလို့တဲ့။
ဦးနေ၀င်း အာဏာသိမ်း၊ ပြည်သူပိုင်သိမ်းပြီးရော အကုန်ပျက်တာပဲ။
ရွှေကျီးနိုင်လွန်၊ ဟံသာအေးနိုင်လွန်၊ ကြက်ဆင်ဖဲထီး စတဲ့ မြန်မာထုတ်ကုန်တွေကို အာရှနိုင်ငံများကို တင်ပို့ခဲ့ရတယ်။
တချို့လုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို ဥရောပနိုင်ငံတွေကပါ တကူးတက မှာယူတဲ့
အထိ ရှိခဲ့တယ်။
ပညာရေး ဆို အာရှရဲ့ အကောင်းဆုံး တက္ကသိုလ်၊
ကျန်းမာရေး ဆို ရန်ကုန်ဆေးရုံကြီးက အာရှစံပြ
အားကစား မှာဆိုလည်း မြန်မာ့ဘောလုံး ဟာ မာဒေးကား၊ အရှေ့တောင်အာရှ၊ အာရှ ချန်ပီယံ။

အဲဒီလို အခြေအနေမျိုးကနေ တိုင်းပြည်ချောက်ထဲကျဖို့ လက်တလုံး အလို ဆိုတဲ့
အကြောင်းပြချက်နဲ့ ခင်ဗျားတို့ "တပ်မတော်" က စစ်အာဏာသိမ်းခဲ့တာ ခုဆို
နှစ် ၅၀ ကျော်သွားခဲ့ပြီ။

လက်ရှိ မြန်မာနိုင်ငံအခြေအနေကို တကူးတက ဘာမှ ပြောစရာအကြောင်းမရှိဘူး။

""ဘယ်လောက်ကောင်းအောင် လုပ်ပေး လုပ်ပေး ဆိုလို့ မေးချင်ပါတယ်။""

""ဘယ်ကဏ္ဍ မှာ ပိုကောင်းလာသလဲ လို့။
ကဏ္ဍ တခုခု မှာ ပိုကောင်းလာတာ ရှိရင် သေချာ ထောက်ပြပါ။
ထောက်ပြနိုင်ခဲ့ရင် ကျနော် ဟုတ်ပါတယ်။ တပ်မတော် အာဏာသိမ်းလိုက်တဲ့အတွက်
အဲဒီကဏ္ဍ မှာ ပိုကောင်းလာပါတယ် လို့ လက်ခံပါ့မယ်။"""

ခင်ဗျားတို့ နှစ် ၅၀ ကျော်ပြီ။

၈၈ မှာ ဦးနေ၀င်းရဲ့ ကြိုးကိုင်မှုနဲ့ အာဏာထပ်သိမ်းခဲ့ကြပြန်တယ်။
အဲဒီ ဒုတိယအကြိမ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုင်းပြည်က ပိုနစ်မွန်းပျက်စီးခဲ့
ရတယ်။
ပြည်သူလူထု ရဲ့ ကိုယ်ကျင့်တရားတွေ၊ အကျင့်စာရိတ္တ၊ စိတ်ဓါတ်တွေ အကုန် ပျက်စီး
ခဲ့တယ်။
ခင်ဗျား တို့ တရားဝင် လာဘ်ပေး၊ လာဘ်ယူ ကို ဖွင့်ပေးခဲ့တယ်။
အဲဒီခေတ် သတင်းစာတွေ ကို ပြန်လှန်ကြည့်ရင် ဌာနဆိုင်ရာတွေမှာ ခင်ဗျားတို့ န၀တဗိုလ်ချုပ်တွေရဲ့ တလွဲသြ၀ါဒချွေခဲ့တာတွေ ပြန်တွေ့လိမ့်မယ်။
ဝန်ထမ်းတွေဟာ မဆလခေတ်မှာ ဘယ်လောက်ပဲ အလွဲသုးံစားလုပ်လုပ်၊ ခိုးကြောင်ခိုးဝှက် လုပ်ကြရတယ်။ မိရင် ပြုတ်တယ်။ ထောင်ချခံရတယ်။ ရပ်ထဲ ရွာထဲမှာ လာဘ်စားတဲ့သူ၊ အလွဲသုံးစားလုပ်တဲ့သူ ဆို မသိမသာ ရှောင်ကြ၊ ကြဉ်ကြတယ်။ ခင်ဗျားတို့က
ဝန်ထမ်းတွေကို လခလည်း မတိုးပေးရဲ၊ နောက်ဆက်တွဲ စီးပွားရေး ပြဿနာတွေကို
မထိန်းတတ်တော့၊ ၀န်ထမ်းတွေ စားမလောက်တာလဲ သိတော့ တရားဝင် အောက်ဆိုဒ်
ရှာခွင့်၊ တရားဝင် အကျင့်ပျက်ခွင့်တွေ ဖွင့်ပေးခဲ့တယ်။
ဒီ့အတွက် ရလာဒ်က မြန်မာပြည်မှာ ငွေမည်းဈေးကွက်ကြီး အကြီးကြီး ပေါ်ထွန်းခဲ့တယ်။ နောက် ငွေကြေးဖေါင်းပွမှု တရှိန်ထိုး တက်ခဲ့တယ်။
အဆိုးဆုံးက ပြည်သူတွေရဲ့ အကျင့်စာရိတ္တ နဲ့ စိတ်ဓါတ် ပြင်မရအောင် ပျက်စီးသွား
ခဲ့ရတယ်။
ဒီဖေ့စ်ဘွတ်ခ်မှာ အစောပိုင်းကတည်းက အကျင့်ပျက်မှု ကို လုံးဝ မပြုလုပ်သင့်ဘူး၊ လို့ ရေးတဲ့အခါမှာ တချို့စာဖတ်သူတွေဟာ အကြောက်အကန် ငြင်းဆန်ခဲ့တယ်။ ဘာလို့လဲ ဆို လူတိုင်းမကင်းတာကိုး။
တိုင်းပြည်မှာ အကျင့်ပျက် ခြစားမှုဟာ စစ်ဗိုလ်ချုပ်တွေမှာမှ ရှိနေတာမဟုတ်ဘူး။
ဟိုး အောက်ခြေ စာရေး က အစ၊ ဆေးရုံစောင့်ဒရ၀မ်က အစ ကို ရှိနေတော့တာ။
အရင်က ပေါ်ပေါ်ထင်ထင် မလုပ်ရဲ၊ လာဘ်မစားရဲ မခိုးရဲခဲ့တဲ့ ပြည်သူ့ဝန်ထမ်းလောက မှာ အောက်ဆိုဒ် ကောင်းလား မေးပြီး အလုပ်ဝင်၊ အဲဒီ အလုပ်ရဖို့ လာဘ်ထိုးတဲ့ လောကကြီး ဖြစ်သွားတော့တယ်။ အဲဒါ ခင်ဗျားတို့ ဒုတိယအကြိမ်စစ်အာဏာသိမ်းပြီး၊ န၀တ
ခေတ်မှာ မှ စ ဖြစ်ခဲ့တာ။

ပြည်သူတွေ ပျက်စီးသွားလိုက်တာ ရ စရာမရှိအောင်ပဲ။ ဈေးကွက်စီးပွားရေး ဆိုပြီး
လူတစုအခွင့်အရေးယူစီးပွားရေးစနစ် ကို လုပ်လိုက်တော့၊ ပေါ်လာသမျှ ၀တ်ချင်၊ စားချင်တဲ့ မိန်းကလေးတွေ ပျက်စီးကုန်ကြတယ်။
ကာရာအိုကေတွေ၊ အနှိပ်ခန်းတွေ၊ ဘီယာဆိုင်တွေ၊ အရက်ဆိုင်တွေဟာ မှိုလိုပေါက်ခဲ့တယ်။
အရင် မဆလခေတ်တုန်းက မီးရောင်မှိန်မှိန်နဲ့ အရက်ဆိုင်ကို ပုဏ္ဏားကွယ်လေးတွေနဲ့
ဖွင့်ခဲ့တယ်။ လူတွေဟာ အရက်ဆိုင်ထဲကို ၀င်တာ လူမသိ၊ သူမသိဝင်တယ်။ လူမသိ သူမသိသောက်တယ်။ အရက်သောက်လာရင် လူကြီးသူမနဲ့တွေ့ရင် အဝေးကနေ စကားပြောတယ်။ အဲဒီလို လူ့အဖွဲ့အစည်းဟာ ပလက်ဖေါင်းတွေမှာ စီ နေတဲ့ ဘီယာ
ဆိုင် အရက်ဆိုင်တွေ မှိုလိုပေါက်၊ ပေါင်ပေါ်ဒူးပေါ် မိန်းမတွေက အဲဒီအရက်ဝိုင်းတွေမှာ
တ၀ါးဝါး တဟားဟားနဲ့ အတူတွဲသောက်တဲ့ ခေတ်ကြီး ကို ရောက်သွားရတယ်။
အဲဒီ ဘီယာတွေ အရက်တွေကို ဘယ်သူတွေက ထုတ်၊ အဲဒီ ဘီယာဆိုင်တွေ ဆိုင်ချင်း
ဆက်နေအောင် ဘယ်သူတွေက ပါမစ်တွေ ချ ပေးခဲ့တယ် ဆိုတာ အထွေအထူးပြောစရာ မလိုပါဘူး။
နှစ် ၂၀ ကျော်ကာလအတွင်းမှာ စာဖတ်အသင်း တသင်း၊ စာကြည့်တိုက်တတိုက် ခွင့်ပြုမိန့်ကျဖို့ အင်မတန် ခဲယဉ်းခဲ့တယ်။ ဘီယာဆိုင်တွေကသာ မှိုလိုပေါက်ခဲ့တယ်။ ခွင့်ပြုမိန့်ရခဲ့တယ်။
ဒါတွေကလည်း ခင်ဗျားတို့ အုပ်ချုပ်ခဲ့တဲ့ နှစ် ၂၀ တွင်းမှာမှ ပေါ်လာတာတွေပဲ။

ခေတ် ချင်းမှ မတူတော့တာ လို့ တချို့က ပြန်ထောက်ကြလေ့ရှိတယ်။
ခေတ် ဆိုတာ လူက လုပ်တာဗျ။
ကျနော်ကတော့ မြန်မာပြည်သူတွေ အကျင့်စာရိတ္တပျက်စီးခြင်းမလှ ပျက်စီးသွားခဲ့ကြရတာကို ခင်ဗျားတို့ အဖျက်ဆီးခံခဲ့ရတဲ့ တောင်တန်းတွေ၊ သစ်တောတွေ၊ မြစ်တွေ၊ သယံဇာတတွေ အားလုံးထက် နှမျောပါတယ်။

တပ်မတော် ဟာ ဒို့တာဝန်အရေး သုံးပါး ကို ဦးထိပ်ထားတယ် လို့ ခင်ဗျားတို့ ကြွေးကြော်တယ်။

ပြည်ထောင်စု မပြိုကွဲရေး. . . ဆိုတဲ့ ခင်ဗျားတို့ရဲ့ ကြွေးကြော်သံ ကို သေချာ စိစစ်ပါ။
အဲဒီ ပြည်ထောင်စု ထဲမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ အလျှိုလျှိုပေါ်လာခဲ့တာလဲ၊ အဲဒီ ၆၂ စစ်အာဏာသိမ်းခံရပြီးမှ ပိုများလာ၊ တိုးလာတာကို တွေ့ရမယ်။
တိုင်းရင်းသားတွေရဲ့ ဒေသအသီးသီးမှာ မလုံလောက်တဲ့ ရိက္ခာနဲ့ တပ်တွေကိုလွှတ်၊
တပ်က အစားရိက္ခာပြတ်တောက်တော့ ရွာထဲဝင်၊ တွေ့သမျှ ဆွဲချ၊ ပစ်ခတ် စားသောက်၊ ပိုက်ဆံလည်း ပေးစရာ အောက်ခြေ အရာရှိ၊ အရာခံ၊ ရဲဘော်တွေမှာမှ မရှိတာ။ အရာရှိငယ်တွေကလည်း ဒါကို မလုပ်ရဘူး လို့ ထိန်းဖို့ ဘယ်လောက်ခက်မလဲ။ လက်ထဲမှာ သေနတ်ကိုင်ထားတဲ့ အဖွဲ့အစည်းကို အုပ်ချုပ်ရတာ။ ငတ်နေတာကိုး။
ဒီလိုပဲ မိန်းမကိစ္စတွေမှာလည်း အရေးမယူ လွှတ်ပေးထားရင်း၊ မုဒိန်းမှုတွေကို တရားဝင်ကျူးလွန်ခွင့်ပြုတဲ့ တပ်မတော် ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ ရည်ရွယ်ချက် ရှိရှိ လုပ်လာသလား ဆိုတာတော့ ခင်ဗျားတို့သာ အသိဆုံးဖြစ်မယ်။
ပေါ်တာဆွဲတာ၊ ကလေးစစ်သားစုဆောင်းတာ ဒါတွေအားလုံးဟာ ဒီလို ပေါ်ပေါက်လာခဲ့ရတဲ့ ပြဿနာတွေချည်းပါ။
မလုံလောက်တဲ့ ဘဏ္ဍာရေးနဲ့ နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ မလိုအပ်တဲ့ စစ်ဆင်ရေးတွေကို လုပ်ခဲ့တဲ့ အတွက် ဖြစ်ခဲ့ရတာ။

တပ် ထဲမှာ နိုင်ငံရေးအမြင်နဲ့ စဉ်းစားဖို့ ဆိုတာ အောက်ခြေအလယ်အလတ်အရာရှိ အရာခံတွေမှာ လုံးဝ ကို မရနိုင်တဲ့ အဖွဲ့အစည်းပါ။
အမိန့် မနာခံရင် စစ်ဥပဒေ အရ ပြင်းပြင်းထန်ထန်အရေးယူ ခံရတော့ ဘယ်သူမှ လုပ်သင့်၊ မလုပ်သင့်ဆိုတာ ချင့်ချိန်နိုင်စွမ်း မရှိကြတော့ဘူး။ လောလောဆယ်နီးရာဓါး ကို
ကြောက်သလို ကိုယ့်ဘ၀၊ ကိုယ့်မိသားစုဘ၀ ရည်တည်ရေးအတွက် မလှုပ်မရှားနိုင်ဘဲ
လူတစု က ထင်သလို ခြယ်လှယ်တာ ကို ခံရင်း ဒီစစ်တပ် နစ်မွန်းမှန်းမသိ နစ်မွန်းခဲ့ရတယ်။

အဲဒီလို နာမည်ဆိုးတွေနဲ့(ခင်ဗျားပြောတဲ့ အကောင်းအပြောမခံရတဲ့) စစ်တပ်ကြီး
အဲဒီလို လုပ်ရပ်တွေ လုပ်နေတဲ့အချိန်မှာ အဲဒီအမိန့်တွေကို ညွှန်ကြားနေခဲ့တဲ့ လူတစု
လူတသိုက် က ဘယ်လိုတွေ နေနေသလဲ။
ဘယ်လောက်တောင် ကြွယ်ဝ ချမ်းသာနေကြသလဲ။
သား စီးပွားရေး လုပ်တတ်လို့၊
သမီး စီးပွားရေး လုပ်တတ်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဒေါ်လာသန်းပေါင်းမီလျံချီ ချမ်းသာကြွယ်ဝနေကြတယ်။
ဒါကြောင့် ပိုင်ဆိုင်မှုကြေညာဖို့ ဆိုတာ တီကို ဆားတို့သလို ကြောက်ကြသလား မမေးနဲ့။

ဒါကို မြင်တဲ့ အောက်ခြေ တပ်ထဲက အရာရှိ လတ်တွေ၊ ငယ်တွေကလည်း အဘတို့ ခြေရာ ကို ထပ်ကြပ်မကွာ နင်းလာကြတော့တယ်။
တချို့က ကချင်ဘက်က ကျောက်စိမ်းသယ်တယ်။ တချို့က ဘိန်းခင်းတွေကို ဆက်ကြေးကောက်တယ်။ တချို့က ဘိန်းသယ်တယ်။
ခု တချို့ ကြံမိကြံရာ ရွှေဆိုင် ဓါးပြတိုက်တာမျိုးတောင်ဖြစ်လာတယ် မလား။

တပ်က ပင်စင်ယူ ဌာနဆိုင်ရာ ကို ပြောင်းဆိုတဲ့ အုပ်ချုပ်ရေးယန္တရား ဟာ ဦးနေ၀င်း ရဲ့
အင်မတန်မှ ပက်စက်တဲ့ အာဏာတည်မြဲရေးအတွက် ဦးတည်တဲ့ ကွန်ယက်တခုပါပဲ။
အဲဒီအကျိုးဆက်ကတော့ ဌာနဆိုင်ရာအသီးသီးမှာ လာဘ်ပေးလာဘ်ယူ ထွန်းကား၊
နောက် အုပ်ချုပ်မှု ညံ့ဖျင်း နိမ့်ကျ ကုန်ပြီး၊ တိုင်းပြည်တခုလုံး ဒီအခြေထိ ဆိုက်
ခဲ့တော့တာပါပဲ။

ဒါ ဒီလောက်တောင် ကောင်းအောင် လုပ်ပေးနေတဲ့ကြားထဲက ဆိုတဲ့
ကာချုပ်မင်းအောင်လှိုင် ရဲ့ မိန့်ခွန်းကို ခွဲခြမ်းစိတ်ဖြာကြည့်တာပါပဲ။

ဆက်ရေးပါဦးမယ်

ချိုတူးဇော် 
( facebook မှကူးယူဖေါ်ပြပါသည်)

No comments:

Post a Comment