Saturday 3 May 2014

ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး အပါအ၀င် ရခိုင်ပြည်နယ်အတွင်းသို့ ဘင်္ဂါလီများ ခိုးဝင်လာမှုများနှင့် ရခိုင်တပ်မတော်နှစ်ခု ပူးပေါင်းရေးတို့ကို ကျောက်ဖြူညီလာခံ စတုတ္ထနေ့တွင် ဆွေးနွေး
Published on: April 30, 2014
Written by: 
ရဲမင်းနိုင်၊ သန်းလှိုင်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ရခိုင်အမျိုးသားညီလာခံ ကျင်းပနေသည်ကို တွေ့ရစဉ်
ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး အပါအ၀င် ရခိုင်ပြည်နယ်အတွင်းသို့ ဘင်္ဂါလီများ ခိုးဝင်လာမှုများနှင့် ရခိုင်တပ်မတော်နှစ်ခုပူး ပေါင်းရေးတို့ကို ကျောက်ဖြူညီလာခံ စတုတ္ထနေ့တွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းသို့ ခိုးဝင်ဘင်္ဂါလီများ ၀င်ရောက်လာခြင်းနှင့် ပတ်သက်ပြီး ပါမောက္ခ ဒေါက်တာအေးချမ်းက စာတမ်းတစ်စောင် တင်သွင်းခဲ့ရာ ယင်းစာတမ်းတွင် ခိုးဝင်ဘင်္ဂါလီများ အနေဖြင့် တရားမ၀င် ၀င်ရောက်လာခြင်း ဖြစ်သဖြင့် ဒေသခံများအနေဖြင့် စိုးရိမ်နေရကြောင်း၊ မူဝါဒများချမှတ်ပြီး တိုင်းရင်းသားအခွင့်အရေးကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်သင့်ကြောင်း၊ အမျိုးသားလုံခြုံရေးနှင့် အနောက်ဘက်နယ်စပ်ကို ကာကွယ်ရန် အရေးပါလှကြောင်းများကိုလည်း စာတမ်းတွင် ထည့်သွင်းဖတ်ကြားခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက "ရခိုင်ပြည်နယ်ထဲကို ဘင်္ဂါလီတွေ ၀င်လာတာဟာ အင်္ဂလိပ်ခေတ်က တံခါးမရှိဓားမရှိ အ၀င်ခံခဲ့တာလည်း ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း အကျင့်ပျက်ခြစားတဲ့ ၀န်ထမ်းတွေကြောင့် ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေ များလာခဲ့တယ်။ အဓိက,ကတော့ ရခိုင်ပြည်နယ်မှာ လုပ်ကိုင်စားသောက်ရတာ ပိုလွယ်တာကြောင့် ၀င်လာကြတာဖြစ်တယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ ဒေသခံတိုင်းရင်းသားတွေ အဆင်ပြေအောင် နေထိုင်နိုင်ဖို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိဖို့ လိုအပ်တယ်။ အခု ကျောက်ဖြူညီလာခံကို ကြည့်ရင်လည်း ခရိုင်ငါးခရိုင်လုံး စည်းလုံးညီညွတ်မှုတွေ အရင်ကထက် ပိုရှိလာတယ်လို့ မြင်ပါတယ်။ နောက်ပိုင်းမှာ လိုအပ်တာတွေကို မူဝါဒချမှတ်ပြီး လုပ်ဆောင်လာနိုင်လိမ့်မယ်လို့လည်း ယုံကြည်တယ်။ ညီလာခံကိုလည်း အားရကျေနပ်မှု ရှိပါတယ်" ဟု ပြောကြားသည်။

ယင်းအပြင် စစ်တွေမြို့မှ ဒေါက်တာတင်အောင်ကလည်း ရခိုင်အမျိုးသားနေ့ သတ်မှတ်နိုင်ရေးအတွက် တင်ပြသော စာတမ်းတစ်စောင်ကို ဖတ်ကြားခဲ့ကြောင်းနှင့် ရခိုင်အမျိုးသားနေ့သည် ရခိုင်တစ်မျိုးသားလုံးက သတ်မှတ်ပေးသောနေ့ဖြစ်ရန် လိုအပ်ကြောင်း၊ နေ့ထူးနေ့မြတ်ဖြစ်ရန်လည်း လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်နေ့ သတ်မှတ်ထားပြီး ဖြစ်သော်လည်း ရခိုင်အမျိုးသားနေ့ကို သတ်မှတ်ရန် လိုအပ်နေကြောင်းများကိုလည်း တင်ပြခဲ့ကြောင်း သိရသည်။

ယင်းသို့ တင်ပြရာတွင် ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်နိုင်သော နေ့များစွာအနက် ရွေးချယ်နိုင်ရန် တင်ပြခဲ့ခြင်းဖြစ်ပြီး မည်သည့်နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်သင့်သည်ကို အများသဘောတူ လက်ခံထည့်သွင်း စဉ်းစားရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။

ညီလာခံ စတုတ္ထနေ့တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေး ကဏ္ဍများအဖြစ် ကဏ္ဍသုံးခုအား ခွဲခြားဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။ ယင်းသုံးခုအနက် နိုင်ငံရေးကဏ္ဍတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အစရှိသော အာဏာသုံးရပ်နှင့် စပ်လျဉ်း၍ ရခိုင်တိုင်းရင်းသားများ၏ လိုလားချက်များ၊ ရခိုင်ပြည်နယ်၏ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေတည်တံ့ရေးနှင့် အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာတစ်ရပ် ချမှတ်ပေးရေး၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးတို့ကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအဖြစ် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရှေ့အလားအလာနှင့် အကြံပြုချက်များ၊ ရခိုင်လယ်မြေကဏ္ဍ အဆင့်မြှင့်တင်ရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေး စာတမ်း၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်အတွင်း စီးပွားရေးနှင့် နယ်စပ်ကုန်သွယ်မှု လုပ်ငန်းစီမံချက်များ၊ ဆားတောင်သူများအရေး၊ ကာကွယ်မြှင့်တင်ပေးရေး၊ ရခိုင်ပြည်နယ်၏ မဟာဗျူဟာမြောက် အနေအထားနှင့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာများ စာတမ်းတို့ကိုလည်း တင်သွင်းခဲ့ကြသည်ဟု သိရသည်။

အလားတူစွာပင် လူမှုရေးကဏ္ဍအဖြစ် ရခိုင်ပြည်နယ်၏ ပညာရပ်ဆိုင်ရာ လက်ရှိလိုအပ်ချက်များနှင့် အနာဂတ်အတွက် တောင်းဆိုတင်ပြသော စာတမ်း၊ ရခိုင်ပြည်နယ်၏ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု မူဝါဒဆိုင်ရာ စာတမ်း၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား စနစ်တကျ ထိန်းသိမ်းရေးဆိုင်ရာ ယဉ်ကျေးမှု မဟာဗျူဟာတစ်ရပ် ချမှတ်ရေး၊ ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး စာတမ်း၊ ရခိုင်ပြည်နယ် လုံခြုံငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပရှိ ရဟန်းတော်များ၏ အခန်းကဏ္ဍများကိုလည်း ထည့်သွင်းတင်ပြခဲ့ကြောင်း သိရသည်။

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေကြမ်းများ ရေးဆွဲရေးကော်မရှင်၏ အစည်းအဝေး နှစ်ရက်ဆက်ပြုလုပ်

Published on: April 30, 2014
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေကြမ်းများ ရေးဆွဲရေးကော်မရှင်၏ ဒုတိယအကြိမ် အစည်းအဝေးများကို ဧပြီ ၂၉ နှင့် ၃၀ ရက်များတွင် နေပြည်တော်ရှိ ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်း၌ နှစ်ရက်ကြာ ပြုလုပ်ခဲ့ကြောင်း အစိုးရသတင်းစာများ၏ ထုတ်ပြန်ချက်အရ သိရသည်။

အစည်းအဝေး ပထမနေ့တွင် အဆိုပါကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ကော်မရှင်က စတင်ရေးဆွဲတင်ပြသော ဥပဒေကြမ်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သော၊ နိုင်ငံတကာမှ လက်ခံနိုင်သော၊ ပြည်သူအများက လက်ခံနိုင်သော၊ လိုက်နာကျင့်သုံးနိုင်သော ဥပဒေကြမ်းများဖြစ်ရန် အရေးကြီးကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ကော်မရှင်အဖွဲ့ဝင်များ အနေဖြင့် ယခုအစည်းအဝေးတွင် ကနဦးမူကြမ်းများအပေါ် ပြည်သူတို့၏ကိုယ်စား ဆွေးနွေးအကြံပြုပေးကြရန် မေတ္တာရပ်ခံလိုကြောင်း၊ ဥပဒေအသီးသီး၏ ပထမမူကြမ်းများကို ကော်မရှင်အဖွဲ့က ရေးသားအတည်ပြုပြီးပါက အများပြည်သူထံမှ သင့်မြတ်သည့် အကြံဉာဏ်များ ရရှိနိုင်ရန်လည်း ဥပဒေကြမ်းများကို ဆက်လက်တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့်လည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါကော်မရှင်ကို ပြီးခဲ့သည့် မတ် ၇ ရက်က သမ္မတဦးသိန်းစိန်ကိုယ်တိုင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ် အစည်းအဝေးကို မတ် ၂၅ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးနှင့်ဆိုင်သော ဥပဒေလေးခုကို ရေးဆွဲပေးရန် သမ္မတဦးသိန်းစိန်က ပြီးခဲ့သည့် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန် အစည်းအဝေးသို့ သ၀ဏ်လွှာ ပေးပို့ခဲ့သည်။ ယင်းအပေါ်တွင် ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါဥပဒေကြမ်းများ ရေးဆွဲရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာများက ပြုလုပ်ရမည်ဟု ပြန်လည်သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

ထို့နောက် အဆိုပါဥပဒေကြမ်း လေးခုမှ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေကြမ်းများကို စတင်ရေးဆွဲရန် သမ္မတဦးသိန်းစိန်က ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

ကော်မရှင်၏ လုပ်ငန်းတာဝန်များတွင် လိုအပ်ပါက ပွင့်လင်းမြင်သာစွာဖြင့် အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပကာ ဥပဒေကြမ်းရေးဆွဲရာတွင် ပါဝင်သင့်သော အချက်အလက်များ ဖော်ထုတ်ရန်၊ ဥပဒေကြမ်း ရေးဆွဲရာတွင် အခြေခံရမည့် အချက်များအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ပြီး ကွဲပြားသော ဘာသာအယူဝါဒ ရှိနေမှုနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မြဲစေရေးတို့ကို အလေးထား သုံးသပ်ရေးဆွဲရန်၊ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် ရေရှည်အကျိုးရှိစေပြီး တစ်နိုင်ငံလုံး လွှမ်းခြုံကျင့်သုံးနိုင်စေရန် စသည့်အချက်များ ပါဝင်သည်။

ဥပဒေကြမ်းအား ရေးဆွဲပြုစုရမည့် နည်းလမ်းများအဖြစ် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာများနှင့် ကိုက်ညီစေရန် ရေးဆွဲပြုစုခြင်း၊ ရဟန်းရှင်လူ ပြည်သူများထံမှ လည်းကောင်း၊ ဘာသာရပ်ကျွမ်းကျင်သူများထံမှ လည်းကောင်း အကြံပြုချက်များ သို့မဟုတ် ဥပဒေကြမ်းများကို ဖိတ်ခေါ်တောင်းခံ၍ အချက်အလက်ရယူပြီး ရေးဆွဲရန် စသည်ဖြင့် ဖော်ပြထားသည်။

ကော်မရှင်အနေဖြင့် အပြီးသတ်ပြုစု ရေးဆွဲပြီးသည့် ဥပဒေကြမ်းနှစ်ရပ်ကို ၂၀၁၄ ခုနှစ် ဇွန် ၃၀ ရက်ထက် နောက်မကျစေဘဲ သမ္မတထံ တင်ပြရမည်ဖြစ်ပြီး အဆိုပါ ဥပဒေကြမ်းနှစ်ရပ်အား ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းပြီးမှသာ ကော်မရှင်လုပ်ငန်းတာဝန် ပြီးဆုံးမည်ဖြစ်သည်။

ရခိုင်အမျိုးသားနေ့ သတ်မှတ်ရန် ညီလာခံတွင် နေ့ရက်(၃)ရက်ကို ဆန်ခါတင်ရွှေးချယ်

(နိရဉ္စရာ- ၂၉ ဧပြီလ ၂၀၁၄)
Arakan Conference
ကျောက်ဖြူတွင် ကျင်းပနေသော အမျိုးသားညီလာခံတွင် ရခိုင်အမျိုးသားနေ့ သတ်မှတ်ရန် အတွက် အရေးကြီးသော နေ့ရက် (၃) ရက်ကို ဆန်ခါတင် ရွှေးချယ်လိုက်ပြီဟု သိရသည်။
ဆွေးနွေးပွဲတွင် ရခိုင်အမျိုးသား သမိုင်းပညာရှင်များနှင့် အသိပညာရှင်များက အကြိတ်အနယ် ဆွေးနွေးပြီးနောက် နေ့ရက်ကြီး  (၃) ရက်ထဲက တစ်နေ့နေ့ကို အမျိုးသားနေ့ အဖြစ်သတ်မှတ်ရန် အဆိုပြုထားကြောင်း အမျိုးသားနေ့ ပေါ်ပေါက်ရေး ကြိုးပမ်းသူများထဲတွင် တစ်ဦးဖြစ်သူ ဆရာစစ်တွေ ညိုသန့်က ပြောသည်။
" ကျွန်တော်တို့ အနေနဲ့ အမျိုးသားနေ့ ပေါ်ပေါက်ဖို့ အတွက်ကြိုးပမ်းလာတာ (၂) နှစ်ခန့် ရှိနေပြီ ဖြစ်တယ်။ အခု ကျောက်ဖြူညီလာခံမှာ ရန်ကုန်တိုင်းက ကိုယ်စားလှယ်တွေရော၊ ရခိုင်ပြည်နယ်က ကိုယ်စားလှယ်တွေရော တွေ့ဆုံ ဆွေးနွေးကြတော့ ရက်တွေအများကြီး အဆိုပြုလာတဲ့ ကြားထဲက နေ့ရက်သုံးရက်ကို ရွှေးချယ်နိုင်ခဲ့ပါတယ်။ အဲဒီ သုံးရက်ထဲက တစ်နေ့နေ့ကို ရခိုင် အမျိုးသားညီလာခံမှာ အမျိုးသားနေ့ အဖြစ် ဆုံးဖြတ် သတ်မှတ်ပေးဖို့ တင်ပြသွားမှာ ဖြစ်ပါတယ်" ဟု ဆိုသည်။
ရခိုင်ပြည်နယ် အနယ်အရပ်ရပ်မှ စိတ်ဝင်စားသူ အများအပြားမှ နေ့ရက်အသီးသီးကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ရန် အဆိုပြုခဲ့ကြသော်လည်း အများဆုံးဖြတ်ချက်အရ နေ့ရက်သုံးရက်ကိုသာ ရွှေးချယ်ခဲ့ကြသည်။
" ပထမ တစ်နေ့က ဘုရားရှင် ရခိုင်ပြည်ကို ကြွရောက်ပြီး ရခိုင်တမျိုးသားလုံး အမြတ်တနိုးကိုးကွယ်နေတဲ့ မဟာမုနိဘုရားကို သွန်းလုပ်တဲ့နေ့၊ နောက်တစ်နေ့က မင်းစောမွန် မြောက်ဦးကို တည်တဲ့နေ့၊ နောက်တစ်နေ့ကတော့ ကျောက်ဖြူ ရခိုင်အမျိုးညီလာခံကျင်းပတဲ့နေ့ တို့ ဖြစ်ပါတယ်။ ဒီနေ့ သုံးနေ့ထဲက တစ်နေ့ နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ဖို့ အခု စီစဉ်နေပါတယ်" ဟု သူက ဆိုသည်။
ယခုကဲ့သို့ နေ့ရက် (၃) ရက်ထဲမှ တစ်နေ့ နေ့ကို အမျိုးသားနေ့ အဖြစ်သတ်မှတ်ရန် တင်ပြသွားမည် ဖြစ်သော်လည်း ယခုညီလာခံမှ သတ်မှတ်မည် မသတ်မှတ်မည်ကို ယနေ့တွင် ဆက်လက် ဆွေးနွေးကြရအုံးမည်ဟု ဆရာ စစ်တွေ ညိုသန့်က ဆိုသည်။

ရခိုင်အမျိုးသားညီလာခံပိတ်ပွဲသို့ တက်ရောက်မည့် ပြည်သု့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ဂွမြို့သို့ စတင်ရောက်ရှိ

(နိရဉ္စရာဝ ၃၀ ဧပြီလ ၂၀၁၄)
Arakan conference
ကျောက်ဖြူမြို့မှာ ကျင်းပနေတဲ့ ရခိုင်အမျိုးသား ညီလာခံ နောက်ဆုံးနေ့မှာ တက်ရောက် အမှာစကား ပြောကြားမယ့် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းဟာ မနေ့က ဧရာဝတီတိုင်းဘက်ကနေ ဂွမြို့နယ်သို့ ကားတန်းကြီးတစ်ခုနဲ့ အတူ စတင် ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့အတူ ကမ္ဘောဇ ဦးခင်ရွှေ ဦးဆောင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ မျက်စိအထူးကု ဆရာဝန်ကြီးတွေလည်း အတူလိုက်ပါလာတယ်လို့ ပြောပါတယ်။
ဂွမြို့နယ် ကမ်းသာယာမှာတော့ ဒေသခံ လူထုနဲ့ တွေ့ဆုံပြီး စစ်တပ်က ကမ်းခြေတလျှောက် သိမ်းထားတဲ့ လယ်မြေတွေကို ပြန်ပေးဖို့ ဂတိပြု ပြောဆိုသွားတယ်လို့ ဒေသခံ လူကြီး တစ်ဦးက ပြောပါတယ်။
ခုလို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ဂွမြို့နယ်ကို လာရောက်တာဟာ တချက်ခုတ် နှစ်ချက်ပြတ် ပုံစံမျိုးနဲ့ လာရောက်တာ ဖြစ်တယ်လို့ တရားရုံးရှေ့နေ (အငြိမ်းစား) ဦးတင်ညိုက ပြောပါတယ်။
" သူက ဂွမြို့နယ်ကို လာရောက်တာက ဂွမြို့နယ် လူထုကို စည်းရုံးရေး အတွက် ဖြစ်တယ်လေ။ ဂွမှာက ကြားဖြတ်ရွှေးကောက်ပွဲအတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နေရာ တစ်ခု လစ်လပ်နေတယ်လေ။ ဒီအတွက် စည်းရုံးရေး ဆင်းတာမျိုး ဖြစ်ပါတယ်။ နောက်တစ်ချက် စီးပွားရေး လုပ်ငန်းရှင်တွေကို ခေါ်လာတာကတော့ ဂွမြို့နယ်က သာယာလှပတဲ့ ကမ်းသာယာကမ်းခြေမှာ အပန်းဖြေစခန်းလုပ်မယ့် ကိစ္စတွေလည်း ပါဝင်နိုင်ပါတယ်" ဟု ဆိုသည်။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းသည် ဂွမြို့နယ်မှ တဆင့် သံတွဲမြို့သို့ ယမန်နေ့ ညနေက ရောက်ရှိလာပြီး ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ကျောက်ဖြူသို့ ရောက်ရှိမည် ဖြစ်သည်။
မေလ (၁) ရက်နေ့တွင် ကျောက်ဖြူမြို့တွင် ကျင်းပနေသော ညီလာခံ နောက်ဆုံးနေ့တွင် ရခိုင်ပြည်နယ် အနာဂတ်အရေးနှင့် ပတ်သက်ပြီး အမှာစကား တက်ရောက် ပြောကြားသွားမည်ဟု သိရသည်။





--
http://www.burmaburo.blogspot.c

No comments:

Post a Comment