Unicef က ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုခြင်းအား ပြန်လည်တောင်းပန်။
Published on: June 6, 2014
Written by:
သန်းလှိုင်(စစ်တွေ)
ဇွန် ၄ ရက်က မင်းသူရိယခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ Unicef ၏ သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ Unicef က အခမ်းအနားတစ်ခုတွင် ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုခဲ့ခြင်းအား ဇွန် ၅ ရက်တွင် ဌာနေကိုယ်စားလှယ် ကိုယ်တိုင် ပြန်လည်တောင်းပန်လိုက်ကြောင်း သိရသည်။
Unicef အဖွဲ့အနေဖြင့် ဇွန်လမှစတင်ကာ ရခိုင်ပြည်နယ်အတွင်းရှိ ကလေးငယ်များတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင်၊ ပညာရေးနှင့်အခြားသောကဏ္ဍတချို့အတွက် အမေရိကန်ဒေါ်လာ ၁၂ သန်းအား အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် အသုံးပြုမည့်အပိုင်းတို့အား ရှင်းလင်းပွဲတစ်ရပ်ကို ဇွန် ၄ ရက်တွင် အထွေထွေအုပ်ချုပ်ရေးဌာန ရုံးခန်းမဖြစ်သည့် မင်းသူရိယခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခန်းအနားတွင် ရခိုင်ပြည်နယ်တာဝန်ခံ နိုင်ငံခြားအမျိုးသမီးက ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာတွင် ရိုဟင်ဂျာဟု ထည့်သွင်းရေးသား ပြောဆိုခဲ့သည့်အတွက် ဒေသခံများက ကန့်ကွက်မှုများနှင့် ပြန်လည်မေးမြန်းမှုများကို ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။ ထို့အပြင် ယင်းကိစ္စနှင့် ပတ်သက်၍ facebook စာမျက်နှာများတွင်လည်း ရေးသားဖော်ပြလာခဲ့ကြကြောင်းလည်း သိရသည်။
ထို့ကြောင့် ပြည်နယ် ECC အဖွဲ့က Unicef အဖွဲ့အားခေါ်ယူကာ ယင်းသို့သုံးနှုန်းခဲ့ခြင်းနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးခဲ့ကြရာ ထိုဆွေးနွေးပွဲတွင် Unicef ဌာနယ် ကိုယ်စားလှယ်ကိုယ်တိုင် ပြန်လည်တောင်းပန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"အစည်းဝေးမှာ ရိုဟင်ဂျာဆိုတာကို သုံးနှုန်းခဲ့တာကို သိရတဲ့အတွက် ကျွန်တော်တို့ ECC အဖွဲ့က Unicef အဖွဲ့ကိုခေါ်ယူ တွေ့ဆုံခဲ့တယ်။ နိုင်ငံတော်က တရားဝင်အသုံးအနှုန်းမဟုတ်တာကို သုံးခြင်းဟာ သံတမန်ကျင့်ဝတ်ကို ချိုးတာဖြစ်တယ်။ ခင်ဗျားတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် မြန်မာကို မြန်မာလို့ပဲ သုံးရတယ်။ ဒါကြောင့် အစိုးရရဲ့ တရားဝင်အသုံးအနှုန်းကိုသုံးပါ။ နိုင်ငံတော်အစိုးရက မရှိပါဘူးလို့ ပြောထားတဲ့ အသုံးအနှုန်းဖြစ်တဲ့ ရိုဟင်ဂျာလို့ သုံးနှုန်းတာဟာ သံတမန်ကျင့်ဝတ်ကို ချိုးဖောက်တဲ့အပြင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို စော်ကားရာရောက်တယ်။ ဒီလိုမျိုးသာ ဆက်သုံးနေမယ်ဆိုရင် ၂၆-၂၇ နေ့တွေကလို ပြဿနာမျိုးထပ်ဖြစ်လာနိုင်တယ်။ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ခဲ့တဲ့ပဋိ ပက္ခတွေရဲ့ အဓိကအချက်တွေထဲမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းလည်း ပါတယ်။ ဒါကြောင့်
ဒီလိုမျိုးသုံးစွဲတာကို မှားကြောင်းတောင်းပန်ဖို့နဲ့ နောင်ဆက်လက်မသုံးစွဲဖို့ တိုက်တွန်းတယ်လို့ ပြောခဲ့တယ်။ ဒီတော့ Unicef ကလည်း ပါဝါပွိုင့်မှာ မှားယွင်းစွာသုံးစွဲမိတာကို တောင်းပန်ပါတယ်။ နောက်လည်း မသုံးတော့ပါဘူးလို့ တောင်းပန်စကားဆိုတယ်"ဟု ECC အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသန်းထွန်း က ပြောပါသည်။
Unicef အဖွဲ့နှင့်တွေ့ဆုံရာတွင် INGO, NGO Watch Team မှ အဖွဲ့ဝင်များကိုလည်း ဖိတ်ကြားခဲ့ကြောင်း သိရသည်။ ယင်းအဖွဲ့သည် မေလအတွင်းက ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်ပြီး မြို့နယ်တိုင်းမှ လူမှုကွန်ရက်များပါဝင်ကြောင်း သိရသည်။
ECC အဖွဲ့နှင့် Unicef အဖွဲ့တို့ တွေ့ဆုံပြောဆိုခြင်းသို့ တက်ရောက်ခဲ့သူ INGO, NGO Watch Team မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုသူရိန်ထွန်းကလည်း "Unicef ကတော့ အဲဒီလိုမျိုး သုံးနှုန်းမိတာဟာ ကျွန်တော်တို့ သတိမထားမိလိုက်လို့ပါလို့ ပြောတယ်။ အဲဒီတစ်ခုတည်းမှာပဲ မှားပြီးပါသွားတာလို့ ပြောတယ်။ ကံကောင်းလို့ တိုက်ဆိုင်သွားတာလို့ ပြောတယ်။ ကျွန်တော်ကတော့ ပြောတယ်။ ဒီလိုအဖွဲ့အစည်းကြီးတစ်ခုက မစစ်ဆေးစရာအကြောင်း မရှိဘူး။ သိလျက်နဲ့လုပ်တာလို့ မြင်တယ်လို့ပြောတယ်။ အဲဒီအမှားကို ဝန်ခံဖို့လိုတယ်လို့ ပြောလိုက်တယ်။ အဲဒီမှာပဲ တက်ရောက်လာသူတွေရှေ့မှာပဲ ဒီလိုမျိုးသုံးနှုန်းမိတာ မှားပါတယ်လို့ ဝန်ခံတယ်။ နောက်နောင်လည်း ဒီလိုမျိုး မမှားအောင်လုပ်သွားမယ်လို့ Unicef အဖွဲ့ရဲ့မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Bertrand Bainval က ဝန်ခံသွားတယ်"ဟုလည်း ပြောကြားခဲ့သည်။
မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် နှစ်နိုင်ငံ အလံတင်ဆွေးနွေးပွဲ ကျင်းပ။
Published on: June 6, 2014
ဇွန် ၅ ရက်က မောင်တောမြို့တွင် ကျင်းပသည့် နှစ်နိုင်ငံနယ်ခြားစောင့်တပ် အစည်းအဝေးသို့ တက်ရောက်လာသူများအား တွေ့ရစဉ်
မြန်မာ-ဘင်္ဂလားဒေ့ရှ် အလံတင် ဆွေးနွေးပွဲအား ဇွန် ၅ ရက် နံနက်ပိုင်းက မောင်တောမြို့ ဒေဝါနဒီခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးမှာ ခြောက်နာရီ ကြာမြင့်ခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်ကြားတွင်ရှိနေသော RSO လက်နက်ကိုင်အဖွဲ့ကို ပူးပေါင်းရှင်းလင်းရန် အဓိကအချက်အနေဖြင့် မြန်မာနိုင်ငံဘက်မှ တိုက်တွန်းမှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ လာမည့်ရက်သတ္တပတ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှသာ အဖြေရလဒ်ကို အတိအကျပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
လတ်တလောတွင် အကြောင်းမဲ့ပစ်ခတ်သည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်မှ စွပ်စွဲမှုပြုလုပ်ထားသော နယ်ခြားစောင့်တပ်ဖွဲ့အချို့ကို ယူနီဖောင်းဝတ်စုံများ သတ်မှတ်နိုင်ရန် တိုက်တွန်းမှုတစ်ရပ်အနေဖြင့် ပြုလုပ်ခဲ့သည်။
အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူးရဲမှူးချုပ် တင်ကိုကိုက "ကျွန်တော်တို့ခိုင်မာတဲ့ သတင်းအချက်အလက်တွေအရ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ လက်နက်ကိုင်အကြမ်းဖက်နေတဲ့သူတွေ ရှိတယ်။ အဲဒီအပြင် သူတို့က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ အင်္ကျီအရောင်ဆင်တူတာတွေကို ဖန်တီးဝတ်နေကြပါတယ်"ဟု ပြောကြားခဲ့သည်။
နောက်ဆုံး နှစ်ဖက်ဆွေးနွေးခဲ့မှုများအရ ဒူးချီးရားတန်းဖြစ်စဉ်တွင် ဖမ်းဆီးရမိခြင်းမရှိသေးသော် ကျူးလွန်သူ အဓိကတရားခံများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ခိုလှုံနေကြောင်း၊ ပူးပေါင်းဖမ်းဆီးပေးရန် မျှော်လင့်ကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်မျဉ်း တစ်လျှောက်တွင် ပူးပေါင်းကင်းလှည့်ခြင်း၊ နယ်စပ်မှတ်တိုင်များ စစ်ဆေးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်မည့်အစီအမံကို ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွန် ၅ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့တွင်ပြုလုပ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ တာဝန်ရှိသူများ၏ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်ရဲကို)
"ဘီဂျီဘီက သူတို့ဆီမှာ RSO မရှိဘူးလို့ပြောထားတယ်။ အဲဒီလိုဆိုရင် မြန်မာဘက်က လုံခြုံရေးရဲတပ်ဖွဲ့ လေးယောက် ကျဆုံးတာဟာ ဘယ်အဖွဲ့အစည်းက သတ်တာလဲဆိုတာကို ဘင်္ဂလားဒေ့ရှ်က အဖြေထုတ်ပေးရမယ်။ အခုကိစ္စက ဒီဘက်ကိုဝင်လာလို့ ပစ်ခတ်ကြပြီး ဖမ်းမရလိုက်ရင် သောင်းကျန်းသူတွေဖြစ်ပြီး ဖမ်းမိလိုက်ရင် ဘင်္ဂလားနယ်ခြားစောင့်တပ်ကလို့ ထုတ်ပြောတယ်။ ဒါဟာ မရိုးသားဘူး။ သောင်းကျန်းသူကို ဖော်ထုတ်ပေးရမယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ဆွေးနွေးပွဲမှာအဖြေထုတ်ပေးရမယ်။ သူတို့လူလို့ အလောင်းတောင်းထားတာကို ပေးလိုက်ပြီ။ ကျွန်တော်တို့က အဲဒီအလောင်းဟာ ဘီဂျီဘီ ဟုတ်မဟုတ်ဆိုတာ အချက်လေးချက်နဲ့ အဖြေထုတ်လို့ရတယ်။ ဒါကတော့ နံပါတ် ၁ အခုဖမ်းမိတဲ့ အလောင်းမှာ ဝတ်ထားတဲ့ ယူနီဖောင်းမှာ ဘီဂျီဘီဆိုတဲ့ တံဆိပ်မပါ။ နံပါတ် ၂ ဘီဂျီဘီယူနီဖောင်းက အမည်းရောင် ပြောက်ကျားဝတ်စုံ ဝတ်တယ်။ အခုဖမ်းမိတဲ့အလောင်းမှာ အဝါရောင်ပြောက်ကျားဝတ်စုံ ဝတ်ထားတယ်။ နံပါတ် ၃ ဘီဂျီဘီဟာ မြန်မာနိုင်ငံကို ခိုးဝင်စရာမရှိဘူး။ အကြောင်းကြားပြီး ဝင်လာလို့ရတဲ့အနေအထား ရှိတယ်။ ဒါပေမဲ့ အခုနယ်စပ်ကို အကြောင်းမကြားဘဲ ခိုးဝင်လာတယ်။ နံပါတ် ၄ က အခုပစ်ခတ်မှုတွေမှာ လက်နက်ကြီးတွေ ပစ်ခတ်တာမရှိဘူး။RSO သောင်းကျန်းသူတွေမှာ လက်နက်ကြီးမရှိဘူး။ ဒါက သောင်းကျန်းသူဆိုတာကို သက်သေပြနေတာ ဖြစ်တယ်။ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက် က စစ်အင်ဂျင်နီယာတပ်ဖွဲ့က သုံးယောက်ကို ဖမ်းဆီးခေါ်ဆောင်းသွားတဲ့ အဖွဲ့ဟာ ဘယ်အဖွဲ့လဲ။ သောင်းကျန်းသူမရှိဘူးလို့ ပြောထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာလုံခြုံ ရေးအဖွဲ့တွေကို ချုံခိုတိုက်နေတဲ့ ဘယ်အဖွဲ့ရှိနေလဲဆိုတာကို တာဝန်ယူဖြေရှင်းပေးရမယ်။
ဒေသခံတွေ စိုးရိမ်နေတဲ့ အချက်က RSO ဆိုတာ မောင်တောမှာရှိနေတဲ့ ဘင်္ဂါလီအကြမ်းဖက်သမားတွေ ဖြစ်တယ်။ သူတို့ဟာ တရားဝင်ဂိတ်က ခုနစ်ရက်ပတ်စ်ပို့နဲ့ ထွက်ပြီး စစ်သင်တန်းတက်တယ်။ နောက် ခိုးထွက်ပြီး ရက်ရှည် စစ်သင်တန်းတက်ပြီးသားတွေ ဖြစ်နေပြီ"ဟုမောင်တောမြို့ခံ ဝင်းသိန်းက ပြောပြသည်။
မြန်မာနိုင်ငံအမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို နှင့် ရဲအရာရှိများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး ခွန်ဒိုကာဖာရစ်ဟာဆန်နှင့် အရာရှိများတက်ရောက်ခဲ့ပြီး မေ ၂၈ ရက် ထိတွေ့မှုဖြစ်စဉ်တွင် မြန်မာလုံခြုံ ရေးတပ်ဖွဲ့မှ အသေဖမ်းဆီးရထားသည့် အလောင်းမှရရှိထားသည့် အမ်-၂၂ သေနတ် နှင့် ၎င်းသေနတ်ပါ ကျည်ဆန်များကို ပြန်လည်လွှဲပြောင်းမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ယခုတစ်ကြိမ် တွေ့ဆုံမှုအပါအဝင် ယခုနှစ်အတွင်း သုံးကြိမ်မြောက်ရှိခဲ့ပြီး ဆွေးနွေးမှုများမှာ အရာမထင်ဘဲ နယ်စပ်ပြဿနာနှင့် လူဝင်မှုကိစ္စရပ်များကို ထိရောက်စွာတားဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
တရုတ်ရင်းနှီးမြှုပ်နှံမှု အများအပြားရှိသည့် ရခိုင်ပြည်နယ်မှ ပါတီခေါင်းဆောင်သုံးဦးကို အာဏာရ တရုတ်ကွန်မြူနစ်ပါတီက ၁၀ ရက်ကြာ လေ့လာရေးခရီး ဖိတ်ခေါ်။
Published on: June 4, 2014
တရုတ်ရင်းနှီးမြှုပ်နှံမှု အများအပြားရှိသည့် ရခိုင်ပြည်နယ်ရှိ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်သုံးဦးကို အာဏာရ တရုတ်ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံသို့ ၁၀ ရက်ကြာ လေ့လာရေးခရီး လာရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။
ဖိတ်ကြားမှုကို တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားဆက်ဆံရေးဌာနက ပြုလုပ်ခြင်းဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ ဖွဲ့စည်းပုံအကြောင်းနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ တိုင်းရင်းသားများအပေါ် သဘောထားကို ရှင်းပြလိုခြင်းကြောင့်ဟု ဖိတ်ကြားစာတွင် ပါရှိကြောင်း ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်က ဆိုသည်။
ခရီးစဉ်မှာ ဇွန် ၁၆ ရက်မှ ၂၅ ရက်အထိဖြစ်ပြီး ရခိုင်အမျိုးသားပါတီမှ ပထမခေါင်းဆောင် ဦးအေးသာအောင်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးကျော်မြင့်၊ ဦးဦးလှစောတို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ကို အလည်အပတ် လေ့လာရေးခရီးစဉ်ဟုသာ ပြောကြားထားသော်လည်း အခွင့်အရေးရပါက ရခိုင်ပြည်နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဟု ဦးအေးသာအောင်က ပြောကြားသည်။
"ယေဘုယျအားဖြင့်တော့ တရုတ်က ရခိုင်ပြည်နယ်ထဲမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အမြင်ချင်း ဖလှယ်သွားမယ်" ဟု ၎င်းကဆိုသည်။
တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်များနှင့် ဗဟိုကော်မတီဝင်များကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီး ၁၀ ရက် ဖိတ်ကြားခဲ့ပြီး NLD နှင့်ဆက်ဆံရေး တိုးမြှင့်မှုများ ပြုလုပ်သွားရန် ထည့်သွင်းဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မေလအတွင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့က မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လူငယ်ခရိုင်ညီလာခံ လေ့လာခြင်း အပါအ၀င် NLD ပါတီ၏ လုပ်ငန်းစဉ်များအပေါ် လာရောက်လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ အနေဖြင့် ယခင်စစ်အစိုးရ လက်ထက်က အစိုးရပိုင်းနှင့်သာ ဆက်ဆံမှုပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့်နှင့် ကုန်သွယ်ခွင့် အများအပြား ရရှိခဲ့သည်။ သို့သော် ၂၀၁၀ နောက်ပိုင်း လက်ရှိအစိုးရ တက်လာပြီးနောက်ပိုင်းတွင်မူ အတိုက်အခံ အင်အားစုများကို ဆက်ဆံမှု ပြုလုပ်လာခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်းမှစကာ တိုင်းရင်းသားပါတီများ အပါအ၀င် နိုင်ငံရေးပါတီများကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဉ်များ ဖိတ်ခေါ်ခဲ့သည်။ အင်အားကြီး အတိုက်အခံပါတီ NLD ကိုလည်း လေ့လာရေးခရီးစဉ် ငါးကြိမ်ဖိတ်ခေါ်ပြီးဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း၊ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် ရေနံပိုက်လိုင်း စီမံကိန်း စသည်တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ဒေသခံ တိုင်းရင်းသားများနှင့် မြေယာလျော်ကြေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စများနှင့် ပတ်သက်၍ မပြေလည်မှုများ ရှိနေကြောင်းလည်း သိရသည်။

--
http://www.burmaburo.blogspot.com
No comments:
Post a Comment