Monday 7 February 2011
                                          ရဲဘော်ဆေး
၁၅နှစ်တောင်ရှိသွားပြီ ......   တုတ်ကြီးရေ
မင်းရဲ့ မက်မက်စက်စက် ...  ပွင့် လန်းလို့ ကောင်းတဲ့ အချိန်
သာမိတိုက်ရွာကြီး က  ....     မင်းရှိရင်အားရှိတယ်
မင်းမလာရင်..တမေးမေး...တစမ်းစမ်းနဲ့ 
ကွမ်းထုပ်လေး အမြဲပေးတတ်တဲ့ ရွာလေ
မှိုင်းပြာပြာ....ပျင်းစရာကောင်း
အထီးကျန်နွေ......  အလယ်မှာ
ငါတို့ ...... ကမ္ဘာမြေအတွက်
လာခြင်းကောင်းတဲ့ ......သံစဉ်တွေရေး
စကားပြောလောကြီးတဲ့ မင်း
ဘာတွေနဲ့ ....ဘယ်လို
လဲလှယ်ခွင့် ....မပြုနိုင်
လှလိုက်တဲ့ ဂတိစကားတွေ
မင်းမွေးဖွါးပေးရက်တယ်နော်....
"ကျနော်က ..ထင်ထားတာ
သူရေလာပက်လိမ့် မယ်လို့ 
ရဲဘော်ကြီး တယောက်ကို...သူက
တစ်တစ်ရစ်ရစ်...မလွှတ်တမ်းပေါ့ "
ဗုံတောင်သူ ..မိသက်ထားကိုမှ...
ခွင့် လွှတ်ခြင်းများစွာနဲ့ 
အဲဒီလောက် ...ချစ်ခဲ့ တာပါတဲ့ ...
သူနဲ့ ငြင်းခုံ ကြသေး
 "နိုင်ငံရေးဆိုတာ....ညစ်ပတ်တတ်မှ "တဲ့ 
ဆိုးတူကောင်းဘက်...ရဲဘော်တွေအတွက်
ဟာသနဲ့ တသက်လုံး ....အမှတ်ရသွားမဲ့ 
ဇဝနဥာဏ် .....သတိရတုန်း....တုတ်ကြီးရေ
ကျောက်ကြီးတောင်ရွာမ
ကျွန်းတောကုန်းပုန်းတဲ...
ညောင်ပင်တောင်..ပုခက်တဲ
မဏ္လပ်တောင်...ဘုရားပွဲ
မင်းကိုယ်တိုင်....ကပြခဲ့ တဲ့ ဇာတ်
"လူသူတခါရောက်ဘို့ ..လှည့် စားထား ...ကိုကြွေရေ
ရှုရှု တခါပေါက်...ဆယ့် ငါးပြားဆိုဘဲ.."
အကြောင်းမညီညွှတ်လို့ ....ဘောင်းဘီချွတ်ရပါပြီ ...ပြက်လုံး
ငါကြားချင်သေးတယ်...တုတ်ကြီးရေ
တညသားမှာ..
ငါ့ ကျောကုန်းကို....အံကြိတ်ထု
ပြန်အမှတ်ရမိတာတွေဟာ
မင်းကို မေ့ သွားအောင်လုပ်ခဲ့ တာလား
မမေ့ ဘူး....မင်းကို... ချစ်တယ်
             မင်းကို....လေးစားတယ်
            မင်းကို ....တန်ဘိုးထားတယ်
မင်းကို ....ကျည်တတောင့်
            မသင့်စေချင်ဘူး
မင်းချစ်တဲ့ ရွာ....မင်းပြည်သူက
ရဲဘော်ဆေး ...ရန်သူမိသွားပြီတဲ့ 
ရဲဘော်ဆေး...သတ္တိရှိရှိဘဲတဲ့ 
ရန်သူကို ...တည်ငြိမ်စွာ တုန့် ပြန်တယ်တဲ့ 
ရန်သူဆီ ...ကွမ်းတရာ
တောင်းစားရဲတယ် ...တဲ့ 
ပြီးတော့...........
"ခင်ဗျားတို့  ....ကျုပ်ကိုမိပြီဘဲ
ကျုပ်လူတွေကို ...မေးစရာမလိုဘူး
ခင်ဗျားတို့ ...လုပ်စရာရှိတာ...ဆက်လုပ်ပါ"
ခွပ်ဒေါင်းစိတ်....ခွပ်ဒေါင်းသတ္တိ
ခွပ်ဒေါင်းဇာတိ....တချက်ကလေးမညွတ်ပြောင်း
သေခြင်းတရားကို ...ရဲရဲအာခံသူ
ကွမ်းသီးလှီးတဲ့ ....ဓါးပြတ်ပြတ်နဲ့ 
ညောင်ဝါပင်...ခြေရင်း
ဓါးတစင်းအောက်မှာ....အသက်ပျောက်သွားခဲ့ 
ရဲဘော် တုတ်ကြီးရေ ...........
ငါ့ ရင်ထဲ ...........မေ့ လို့ ရနိုင်ရိုးလား။
ကျည်ဝေဖြိုး
(၁၉၉၇ ခုနှစ်..မတ်လ ..၁ ရက်နေ့ )
မှတ်ချက်............မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊
                      ကျောင်းသားတပ်မတော်
                      စစ်ရေးအခြေခံ ဒေသထိုးဖေါက်ရေး
                      ဗဟိုအလုပ်အဖွဲ့ (အလယ်ပိုင်း)အထူးဒေသ
                     သစ်အယ်တောင်ရွာနှင့် လေးအိမ်စုရွာကြားတွင်ရန်သူနှင့်ရင်ဆိုင်
                    တိုက်ပွဲဖြစ်ရင်း အရှင်မိသွားပြီး အသတ်ခံခဲ့ ရသော
                   ရဲဘော်ဆန်းလင်းအောင်(ခ) ရဲဘော်ဆေး (သို့ )တုတ်ကြီး အား
                    ဂုဏ်ပြုရေးဖွဲ့ ပါသည်။
No comments:
Post a Comment