စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) ရဲ့တရားခံ ဘယ်သူလဲ
ဆောင်းပါးရှင် - ဗိုလ်မှူးအောင်လင်းထွဋ်
ယခုတလော ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပြောစကားတွေနဲ့ ရေးခိုင်းတဲ့ ဆောင်းပါးတွေကို သံယောင်လိုက်ကာ ၂၀၀၈ ဖွဲ့စည်းပုံအား ဘုမသိ ဘမသိ ထောက်ခံပြီး ပြည်သူတွေအတွက် ကိုယ်စားပြုသယောင်ယောင် နိုင်ငံရေးပါတီများနဲ့ ကိုယ့်ကိုကိုယ် အသုံးချခံ ဖြစ်မှန်းမသိ ဖြစ်နေကြသော တတိယအုပ်စု (Third Party) တွေကို စီးပွါးရေးပိတ်ဆို့ရေး (Economic Sanction) ၏ တရားခံ ဘယ်သူလဲဆိုတာ အသိပေးလိုပါတယ်။
တကယ်တရားခံ အစစ်အမှန်ဟာ နိုင်ငံတကာတရားရုံးကို ရှောင်တိမ်းဖို့ တပ်မတော်ကို လူသတ်၊ မုဒိန်းကျင့် မတရားမှုများကို လုပ်ဆောင်ဖို့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အမိန့်ပေးနေတဲ့ ပေးခဲ့သော တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေဘဲ ဖြစ်ပါတယ်။
ပထမ ၁၉၉၇ စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) အကြောင်းနဲ့ ပတ်သက်ပြီးပြောရရင် ၁၉၉၆ ခုနှစ် စစ်ရုံးချုပ်မှာ လုပ်ခဲ့တဲ့ လေးလပတ်အစည်းဝေးမှာ ဒေသခံ တိုင်းမှူး၊ တပ်မမှူးတွေကို ညွှန်ကြားခဲ့တာပါ။ ရန်သူလှုပ်ရှားမှုရှိသော အညိုရောင်နယ်မြေတွေမှာရှိတဲ့ ကျေးရွာတွေကို စုစည်းဖို့ နေရာ ပြောင်းရွှေ့ခိုင်းတဲ့အခါ ရွာသူရွာသားများက မပြောင်းရွှေ့ပေးနိုင်ကြောင်း အာခံရာမှ ဒေါသထွက်ပြီး အစိတ်သားတောင်မချန်နဲ့၊ အမိန့်ကိုအာခံရင် ရွာတွေရော ရွာသားတွေရော အကုန်ရှင်းပစ်ဆိုသည့် ညွှန်ကြားချက်ရဲ့ နောက်ဆက်တွဲ ရလာဒ် အနေဖြင့် ပိတ်ဆို့ရေး (Sanction) ဆိုတာ ဖြစ်လာရတာပါ။
၁၉၉၆၊ ၁၉၉၇ က စပြီး စစ်တပ်ဟာ တိုင်းရင်းသားနယ်မြေတွေမှာ လူသတ်၊ မုဒိန်းကျင့်မှုများ အပါအဝင် မတရားမှုများကို အမိန့်ရ လုပ်ပိုင်ခွင့် ရခဲ့သလို ဖြစ်လာခဲ့တာပါ။ ရေဗူးပေါက်တာမလိုချင် ရေပါတာဘဲလိုချင် ဆိုတဲ့ စကားလုံးကို လက်ကိုင်ထားပြီး အရပ်သားတွေအပေါ် လုပ်ချင်တာလုပ် အရေးယူမှု တစ်စုံတရာ မရှိတော့ပါ။ အဲဒီအချိန်မှာ အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ Ms Meldrine Albright (နိုင်ငံခြားရေးဝန်ကြီး ၁၉၉၇-၂၀၀၀) မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပါတယ်။ Ms Meldrine Albright ဟာ မြန်မာနိုင်ငံအတွင်း သွားရောက်လေ့လာစဉ် ပြည်သူလူထုနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီးနောက် မြန်မာနိုင်ငံမှ မပြန်မှီ နဝတ အစိုးရခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံစဉ် နဝတရဲ့ အကြီးအကျယ် လူ့အခွင့်အရေးချိုးဖေါက်မှုနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ရာက ပြင်းပြင်းထန်ထန် တစ်ဖက်နှင့် တစ်ဖက် စကားများခဲ့ကြပါတယ်။ NLD ကလဲ လူ့အခွင့်အရေးချိုးဖေါက်မှုနှင့် ပတ်သက်၍ Ms Meldrine Albright ကို ပြောကောင်းလဲပြောနိုင်ပါတယ်။
အဲ့ဒီ Meeting မှာ Ms Meldrine Albright ဟာ မကျေမနပ် တော်တော်ဖြစ်သွားကြောင်းကို လျှို့ဝှက် အသံဖမ်းထားတဲ့ တိတ်ခွေတွေကို ပြန်လည်နားထောင် ရတာကြောင့် သိခဲ့ရပါတယ်။ Ms Meldrine Albright မြန်မာနိုင်ငံမှ မပြန်မှီ ရန်ကုန်လေဆိပ်ရောက်တော့ လုံခြုံရေးအဖြစ် ခရီးစဉ်တစ်လျောက်လုံး လိုက်ပါခဲ့ရတဲ့ ထောက်လှမ်းရေး အရာရှိတစ်ယောက်ကို Ms Meldrine Albright ရဲ့ အဖွဲ့ဝင်တစ်ယောက် ပြောသွားတာက “မင်းတို့ခေါင်းဆောင်တွေက မင်းတို့ပြည်သူတွေအပေါ် တော်တော်ရက်စက်တာဘဲ၊ ဒီအဖွားကြီးက USA ရဲ့ လာမယ့် Election မှာ Secretary of State (နိုင်ငံခြားရေးဝန်ကြီး) ဖြစ်ဖို့များတယ်၊ သူဖြစ်လာရင်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တွယ်လိုက်မယ်ထင်တယ် ဘယ်နိုင်ငံကမျှ သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း ဒီလို မဆက်ဆံခဲ့ဘူး” လို့ ပြောခဲ့တယ်။
နောက်ဆုံး အားလုံးသိခဲ့ကြတဲ့အတိုင်း ၁၉၉၇ ခုနှစ်ခုမှာ Ms Meldrine Albright ဟာ အမေရိကန်နိုင်ငံရဲ့ Secretary of State (နိုင်ငံခြားရေးဝန်ကြီး) ဖြစ်လာပြီး မကြာခင်မှာဘဲ အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် New Investment ရင်းနှီးမြုပ်နှံမှုအသစ် ထပ်မလုပ်ရဆိုတဲ့ ၁၉၉၇ ပိတ်ဆို့ရေး (Sanction) ချခံရတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဆိုပြီး နိုင်ငံရေးပါတီများနဲ့ တတိယအုပ်စု (Third Party) တွေက ဘုမသိ ဘမသိ စွပ်စွဲနေတာကတော့ မတရားဘူးထင်တယ်။ ဒါကြောင့် ၁၉၉၇ ပိတ်ဆို့ရေး (Sanction) ရဲ့ အဓိက တရားခံဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဘဲ ဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်မှာ စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) ချမှတ်ခံရတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘာပြောခဲ့လဲ၊ ရီတာပေါ့ဆိုပြီး အမေရိကန်အစိုးရကို ဟားခဲ့သေးတာလေ။ အဲဒီတုံးက သဘာဝဓါတ်ငွေ့ ပိုက်ဆံမရသေးလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုရဲ့ ကြွယ်ဝချမ်းသာမှုက ဘာမှသိပ်မရှိသေးဘူး။ ဒီ ပိတ်ဆို့ရေး (Sanction) ကို နိုင်ငံရေး လက်နက်အနေဖြင့် သုံးဖို့တောင် ညွှန်ကြားခဲ့သေးတာဘဲ။ မြန်မာနိုင်ငံ ဆင်းရဲနေရတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က လုပ်လို့ဆိုပြီး ပြည်တွင်းပြည်ပကို ဝါဒဖြန့် International ကို Lobby လုပ်ခိုင်းလို့ ကျွန်တော်တို့ကိုယ်တိုင်တောင် လုပ်ခဲ့ကြရသေးတာပါ။
ဒုတိယ ၂၀၀၃ ခုနှစ် စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) က ရှင်းပါတယ်။ ဒီပဲရင်းကိစ္စပြီးမှ ဖြစ်တာပါ။ ဒီပဲရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပစ်ဖို့ အမိန့်ပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တပည့်တွေဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ တားတဲ့ကြားက “ငါခိုင်းတာ” ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း ဒုတိယဥက္ကဌ ဒုဗိုလ်ချုပ်ကြီးစိုးဝင်း (သေဆုံး) နဲ့ ဦးအောင်သောင်းတို့ကို ညွှန်ကြားပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းခိုင်းခဲ့တာပါ။ ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့ ဖြစ်ဖြစ်ချင်းည ဖြစ်ပြီး တစ်နာရီအကြာမှာဘဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကျွန်တော့်ရှေ့မှာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်ဆီံကို ဖုံးဆက်ပြီး မေးခဲ့တယ်။ ဒီပဲရင်းမှာ ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရတာ ဟုတ် မဟုတ် ဆိုတာကို မေးတယ်။ ဝါရှင်တန်မြို့ မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်က ကျွန်တော့်ကို ကကလှမ်းထံ ဒီအကြောင်းနဲ့ပတ်သက်ပြီး မေးခိုင်းလို့ မေးကြည့်တဲ့အခါမှာ ကကလှမ်းက ဒီလိုပြောပါတယ်။
“အစ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းရတာ မြန်လှချီလား၊ ဟုတ်တယ်အစ်ကိုရေ အဘကြီး ခိုင်းတာ ဘယ်သူမှ တားလို့မရဘူး။ ဒေါ်စုကတော့ အခုတပ်မှာ ခေါ်ထားတယ် မစိုးရိမ်ရပါဘူးလို့” ဆိုပြီး ပြန်ပြောလာတယ်။ ဒီကိစ္စလဲ ဖြစ်ပြီးရော မြန်မာအစိုးရအတွက် Lobby လုပ်ပေးနေတဲ့ အမေရိကန်တွေလဲ ၃-၄ နှစ်လောက် လုပ်ခဲ့တာတွေ အားလုံးရပ်တန့်သွားခဲ့ပြီး သမတ Bush အစိုးရကို ချဉ်းကပ်လို့ မရတော့ဘူး ဖြစ်ခဲ့တယ်။ သိပ်မကြာပါဘူး မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံသားများ ကုန်သွယ်မှု၊ ငွေပေးငွေယူ မလုပ်ရ၊ ဗိုလ်ချုပ်ကြီးများရဲ့ မိသားစုတွေ ပိုင်ဆိုင်မှု၊ ခရီးသွားလာမှု၊ ပိတ်ပင်မှု ဆိုတဲ့ ဒုတိယ ၂၀၀၃ ခုနှစ် ပိတ်ဆို့ရေး (Sanction) ထပ်ဖြစ်လာတာပါ။
ဒုတိယ စီးပွားရေး ပိတ်ဆို့ရေး (Economic Sanction) ကတော့ အစိုးရရော ဗိုလ်ချုပ်ကြီးတွေပါ တော်တော်ထိသွားတယ်။ ကျွန်တော်တို့ သံရုံးမှာတောင် အမေရိကန်ဒေါ်လာ အရွှေ့အပြောင်း လုပ်လို့မရလို့ လစာ (၃) လစာလောက် မြန်မာအစိုးရက သံရုံးကို ပို့လို့မရဖြစ်ခဲ့ရတယ်။ ဗိုလ်ချုပ်ကြီးတွေ တော်တော်မျက်လုံးပြူး မျက်ဆံပြာ ဖြစ်သွားခဲ့ရတယ်။ နောက် (၄) လလောက်ကြာတော့ အမေရိကန် အစိုးရက လျော့ပေးလိုက်လို့ အသက်ရှူချောင်သွားတယ်။ နောက်ပိုင်းတော့ US Dollar ကို Euro ငွေနဲ့ ချက်ချင်း ပြောင်းသုံးခိုင်းတဲ့အတွက် ကျွန်တော်တို့ သံရုံးမှာ နောက်ပိုင်း လစာတွေရတဲ့အခါ Euro နဲ့ လစာစပြီး ရခဲ့ကြပါတယ်။ ဗိုလ်ချုပ်ကြီးတွေ အနေနဲ့လည်ဲး စင်္ကာပူ၊ သြစတြေးလျနိုင်ငံတွေမှာ ထားကြတဲ့ US Dollar တွေကို Middle East အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ရွှေ့ခဲ့ကြတယ်လို့ သတင်းတွေ ထွက်လာခဲ့ကြတာဘဲ။
ဒုတိယ ၂၀၀၃ ခုနှစ် စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) ကတော့ အစိုးရ ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ အလိုတော်ရိ စီးပွါးရေးသမားကြီးတွေကို နာနာလေး ထိသွားလို့ စပ်စပ်ထိ မခံနိုင်ဘဲ စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) ကို ယခင်က ရီတာပေါ့လို့ ပြောနေရာကနေ ချက်ခြင်းဆိုသလို Policy ပြောင်းပြီး ရုတ်သိမ်းပေးဖို့ဆိုတာ ဖြစ်လာခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က လုပ်ကြံလဲ ခံရသေးတယ် အစွပ်စွဲလည်း ခံရသေးတယ်ဆိုတာတော့ နိုင်ငံရေးပါတီများနဲ့ တတိယအုပ်စု (Third Party)တွေကို ဒါ မတရားဘူးဆိုတာ ပြောချင်ပါတယ်။ ဘာကြောင့် အဓိကတရားခံ ဒီပဲရင်းလုပ်ကြံမှုကို ဖန်တီးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဗြောင်မစွပ်စွဲရပါသလဲ။
တတိယ ၂၀၀၇ ခုနှစ် စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) ရဲ့ တရားခံဟာလဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပါဘဲ။ သံဃာတော်အရေးခင်းမှာ ကျန်တဲ့ ဗိုလ်ချုပ်ကြီး အများစုက ပခုက္ကူ သံဃာတော်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက သွားရောက်ရှစ်ခိုးတောင်ပန်ဖို့ တင်ပြနေတဲ့ကြားက ဦးအောင်သောင်းရဲ့ စကားကိုမှ နားထောင်ပြီး သံဃာတော်တွေကို သေနတ်နဲ့ ပစ်သတ်ခွင့် အမိန့်ပေးခဲ့တာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါ။ ဒီလို သံဃာတော်တွေကို သုတ်သင် ရှင်းလင်းခိုင်းတဲ့အတွက်ကြောင့် အမေရိကန်က စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) ချတာပါ။
ဒီပိတ်ဆို့မှုကတော့ မြန်မာနိုင်ငံထွက် ကျောက်မျက်ရတနာတွေကို အမေရိကန် နိုင်ငံအတွင်း တင်သွင်းခွင့် ပိတ်တာပါ။ ဟောင်ကောင်နဲ့တရုတ်တွေ အဝယ်များလို့ ရသင့်ရထိုက်သည့်တန်ဖိုးထက် နည်းနည်းပါးပါး လျော့ရတာကလွဲလို့ ပြည်သူလူထု အနည်းအကျဉ်း ထိခိုက်တာကလွဲလို့ အစိုးရက နိုင်ငံရေးအရ ပိုထိပါတယ်။ ဒီဟာကလဲ သံဃာကို သတ်ခိုင်းတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကြောင့်ပါဘဲ ။ ဒါကြောင့် ကျွန်တော်ပြောချင်တာက နည်းမျိုးစုံနဲ့ ညစ်ပတ်ယုတ်မာနေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုတော့ နိုင်ငံရေးပါတီများနဲ့ တတိယအုပ်စု (Third Party) တွေက မပြောရဲဘဲ တစ်ဖက်သတ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပြောနေတာကတော့ မလွန်လွန်းဘူးလား။ ခင်ဗျားတို့ထင်သလို နေရာ Space လေးများ ရမယ်လို့ ထင်နေကြတုံးဘဲလား။ ဒီအတိုင်းသွားရင် နောက်ထပ် အနှစ် (၂၀) ဘာမှ မပြောင်းလဲနိုင်သေးဘူး။ လူသာပြောင်းသွားမယ် အာဏာရှင်ပုံစံ မပြောင်းနိုင်ဘူးဆိုတာ မမေ့ကြပါနဲ့။
၁၉၉၃ ခုနှစ် ကတည်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တပ်မတော်သည် မြန်မာ့နိုင်ငံရေး၏ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါရမည် ဆိုတဲ့ ဦးတည်ချက်ကို ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဗိုလ်ချုပ်ကြီးတင်ဦး (ရဟတ်ယာဉ်ပျက်ကျသေဆုံး) တို့က မြန်မာ့နိုင်ငံရေးမှာ အရပ်သားရဲ့ အခန်းကဏ္ဍ ပျောက်သွားလိမ့်မယ်လို့ တင်ပြခဲ့တဲ့ကြားက ဒီအမျိုးသားညီလာခံကို ဆက်လုပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအား မဖြစ်ဖြစ်အောင် ပုံဖေါ်ခဲ့ပါပြီ။ အဲဒီတုံးကတည်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အရပ်သားနိုင်ငံရေး ပျောက်သွားတော့ မကောင်းတော့ဘူးလား ဆိုတာ ပြန်ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဗိုလ်ချုပ်ကြီးတင်ဦးတို့ ၂ ဦး ကို မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ ဒါကိုကြည့်ရင် မြန်မာနိုင်ငံမှာ ခင်ဗျားတို့ပြောနေတဲ့ သာမန်အရပ်သား ဒီမိုကရေစီနိုင်ငံရေးဆိုတာ ဝေးပါသေးတယ်။ ခြေတစ်လှမ်း လှမ်းဖို့နေနေသာသာ လှမ်းမယ့် ခြေထောက်တွေကို ရိုက်ချိုးထားပြီး ဖြစ်နေပါပြီ။
တကယ် အမိမြန်မာနိုင်ငံတော်ကြီးကို ကောင်းစားတာ မြင်လိုချင်ရင် ကျွန်တော်တို့အချင်းချင်း အပြန်အလှန် အပြစ်မပြောကြဘဲ ညီညီညွတ်ညွတ်နဲ့ “ဘုံရန်သူ” ဖြစ်တဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုသာ လူ့အခွင့်အရေး အမြောက်အများကို ချိုးဖေါက်နေမှုနဲ့ ပထမအဆင့်နေဖြင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့က မြန်မာအစိုးရ အဆက်ဆက် ပြစ်မှုကျူးလွန်နေမှုတွေကို လာရောက် စစ်ဆေးခွင့်ရဖို့ ဝိုင်းဝန်းဆော်သြကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
ကျောင်းသား၊ ဘုရားသား၊ စစ်သား၊ တိုင်းရင်းသား၊ အလုပ်သမား၊ လယ်သမား၊ အခြေခံ လူတန်းစားအားလုံး ဘယ်ဘဝကို ရောက်နေကြတယ် ဆိုတာကိုလဲ လုံးဝ မမေ့ကြပါနဲ့။ သာမာန်အခြေခံ လူတန်းစားတွေဘက်က ရပ်တည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ဘာဘဲဖြစ်ဖြစ် ဝိုင်းရံပေးစေချင်ပါတယ်။ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ NLD ချေမှုန်းရေး မဟာဗျူဟာကို ယောင်ဝါးပြီး မထောက်ခံမိကြဖို့ သတိကြီးကြီးနဲ့ ဆင်ခြင်ပြောဆိုသင့်ပါတယ် ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။
No comments:
Post a Comment