ဖေဖော်ဝါရီလ ၁၃ ရက်ဟာ ကျမတို့တိုင်းပြည်ရဲ့ခေါင်းဆောင် ဗိုယ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ ဖြစ်ပါတယ်။ နောင်လာ နောက်သားတွေ ဗိုလ်ချုပ်ကို အမှတ်ရအောင်၊ ဗိုလ်ချုပ်ကိုလေးစားကြည်ညိုတတ်အောင် ရည်စူးပြီးတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကို ကလေးများနေ့ အဖြစ်သတ်မှတ်ပြီး အခမ်းအနားတွေ ကျင်းပကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဖေဖော် ၀ါရီ ၁၃ ရက်နေ့ဟာ ကျမတို့ သူငယ်ချင်း ဂျင်မီလို့ခေါ်တဲ့ ကျော်မင်းယု ရဲ့ မွေးနေ့လဲဖြစ်ပါတယ်။
ကျမ ဂျင်မီ့ကို စသိခဲ့တာက ၈၈၈၈ အရေးတော်ပုံကြီးကို အစပြုတဲ့ ၁၉၈၈ ဇွန်လထဲမှာပါ ။ ကျောင်းထဲက ဆန္ဒပြပွဲမှာ ဂျင်မီ လဲ ပါဝင်ပါ တယ်။ ကျောင်းတွေပိတ်သွားတဲ့နောက်မှာတော့ ကျမလဲ ဂျင်မီ နဲ့ မ တွေ့တော့ပါဘူး။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တဦးအနေနဲ့ ကျမတို့ ပြန်တွေ့ပါတယ်။ ဂျင်မီ ရဲ့ ထူးခြားချက်က တခြားဘာမှအာရုံမရဘဲ မြန်မာပြည်ကြီး ဒီမိုကရေစီရဖို့အရေးကိုပဲ သူ့ခေါင်းထဲမှာ ရှိနေပုံပါပဲ။
ဂျင်မီက အရမ်းရိုးသားတဲ့ ခေတ်လူငယ် တဦးပါ။ ၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက် တံတားနီ ၁ နှစ်ပြည့် အခမ်းအနားမှာ တော့ ကျောင်းသားထဲက ဂျင်မီ ၊ လူ့ဘောင်သစ်ပါတီက ကိုအောင်ဇေယျ ၊ NLD က ဒေါ်အောင် ဆန်းစုကြည်တို့ ၃ ဦး တရားပွဲတပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီတရားပွဲမှာ ကျမတို့လဲရှိနေပါတယ်။ ကိုဂျင်မီရဲ့
“ဖြူသလား ၊ နီသလား ဤတံတား” ဆိုတဲ့ ဟောပြောချက်က နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာ ထင်ရှားခဲ့ပါတယ်။ လာရောက်နား ထောင်တဲ့ ပြည်သူတွေကလဲ ဂျင်မီ့ ရဲ့ ဖြူသလား ၊ နီသလား ဤတံတား ကို ကြိုက်နှစ်သက်ကြပါတယ်။
ကိုဂျင်မီက ဖြူသလား၊ နီသလား ဤတံတား လို့အော်လိုက်တိုင်း အားလုံးသော လူများကလဲ “နီပါတယ်” လို့ ကျယ် ကျယ်လောင်လောင် ညီညီညာညာ ပြန်အော်ခဲ့ကြပါတယ်။ အဲဒီတရားပွဲကြောင့် ဂျင်မီလဲ ထောင် အနှစ် ၂၀ ကျခဲ့ပါ တယ်။ ဂျင်မီ အကျဉ်းထောင်ထဲရှိစဉ်မှာ မကြာခဏ စစ်ကြောရေးလုပ်ခံရပေမဲ့ ဂျင်မီ ရဲ့ ပြတ်သားတဲ့ခံယူချက်ကြောင့် ဂျင်မီဟာ ထောက်လှမ်းရေးတွေရဲ့ ပစ်မှတ်ထားခံခဲ့ရပါတယ်။ ၁၁/၉၂ မတိုင်ခင် ဂျင်မီ့ ကို စစ်ကြောရေးလုပ်ပါတယ်။ စစ် ကြောရေးမှာ ထောက်လှမ်းရေးတွေက ဂျင်မီ့ ကို ပြန်လွှတ်ခဲ့ရင် နိုင်ငံရေးဆက်မလုပ်ဖို့ ဖျောင်းဖျတိုက်တွန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျင်မီကတော့ “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပဲကျင့်သုံးခဲ့ ပါတယ်။ ထောင်ဒဏ်တွေဘယ်လောက်ပဲ နှစ်ရှည်ချပါစေ ဂျင်မီ့ နှုတ်က အိမ်ပြန်ချင်တဲ့အကြောင်း တခွန်းမှ မပြောခဲ့ပါ ဘူး။ ၁၉၉၀ ခုနှစ် စက်တင်ဘာ ၂၅ ရက်တုန်းက နိုင်ငံရေး အကျဉ်းသားတွေက ရွေးကောက်ပွဲပြီးလို့ ၃ လ ကျော်လာတဲ့ အထိ အနိုင်ရတဲ့ပါတီ NLD ကိုအာဏာမအပ်လို့ အာဏာအပ်ဖို့အတွက် ဆန္ဒပြကြပါတယ်။ အဲဒီပွဲမှာ နိုင်ငံရေးအကျဉ်း သားတွေကို ရက်ရက်စက်စက် သေလုမျောပါး ရိုက်နှက်ခဲ့ပါတယ်။
အောက်စီဂျင်မလိုဘူး
ဟိုက်ဒြိုဂျင် မလိုဘူး
I don’t need you …
ရင်ထဲမှာ လိပ်ပြာကူး “အေးဆေးပါ”…
ဆိုတဲ့ သီချင်းကို ၁၉၉၃ ခုနှစ်က ကိုဂျင်မီနဲ့ ကိုလူသစ်တို့ကရေးဖွဲ့ပြီး ဂျင်မီ က သံစဉ်ထည့်ထားပါတယ်။ အဲဒီသီချင်းက ထောင်ထဲမှာ လူတိုင်းကြိုက်နှစ်သက်ကြပြီး အောင်မြင်မှုလဲ ရခဲ့ပါတယ်။ လူတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားပါတယ်။ အဲ ဒါဟာ သူ့ရဲ့အနုပညာ အရည်အသွေးကို သီချင်းနဲ့ ထုတ်ဖော်ပြသလိုက်တာပဲပေါ့။
၉၃ ခုနှစ်အစမှာပဲ ၁/၉၃ ကြေငြာချက်နဲ့အတူ ထောင်ဒဏ်နှစ်ရှည် ကျခံနေရသူတွေ၊ သေဒဏ်ကျခံနေရသူတွေကို ပြစ် ဒဏ်လျော့ပေါ့လိုက်ပါတယ်။ အဲဒီလူတွေထဲမှာ ထောင်ဒဏ်နှစ် ၂၀ ကျခံနေရတဲ့ ဂျင်မီလဲ ပါဝင်ပါတယ်။ ဂျင်မီကတော့ မလိုအပ်ပါဘူးတဲ့။ နှစ်ကာလ အပိုင်းအခြားတွေဟာ လူ့ဘ၀ရဲ့ အဓိကအစိတ်အပိုင်း တခုမဟုတ်ဘူးတဲ့။ လူတွေဟာ လူ့ ဘ၀ရဲ့ ရပိုင်ခွင့်တွေရဖို့က အရေးကြီးသလို လူ့ဘ၀ရဲ့ ရပိုင်ခွင့်တွေရအောင် တိုက်ယူဖို့က ပိုပြီးအရေးကြီးတယ်လို့ ခံယူ ထားသူပါ။
၁၉၈၈ ခုနှစ်က ဂျင်မီ ဟာ ၁၉ နှစ်သားပဲ ရှိပါသေးတယ်။ သူ့ဘ၀မှာ ပျိုရွယ်စဉ်တုန်းက ဖြစ်ချင်ခဲ့၊ တောင့်တခဲ့တာက အ ဆိုတော် တယောက်ဖြစ်ဖို့်ပါ။ အတီးသမားတယောက်ဖြစ်ဖို့လဲ ကျိုးစားလေ့ကျင့်သင်ယူနေစဉ်မှာ ဘ၀က တဆစ်ချိုး ပြောင်းလဲခဲ့ ရပါတယ်။ သူ့ရဲ့ ဖြူသလား၊ နီသလား၊ ဤတံတား ဆိုတဲ့ ဟောပြောချက်နဲ့အတူ နိုင်ငံရေးသမား တ ယောက်အဖြစ် ပြတ်ပြတ်သားသား ခံယူခဲ့သူလဲ ဖြစ်ပါတယ်။ နံရံလေးဖက်ကြား အထီးကျန် လှောင်ပိတ်ခံထားရတဲ့ အ ချိန်တွေမှာ သူရဲ့ ငယ်ချစ်ဖြစ်တဲ့ ဂီတနဲ့သာ ပျော်မွေ့ခဲ့တဲ့သူပါ။
ထောင်သမိုင်းမှာ အီဆတ်၊ နဂါးလေး၊ ကရင်လေး၊ အင်းလေး၊ ၀င်းမောင် အစရှိတဲ့ ထောင်မင်းသားတွေတောင်မှ ထောင် ဆိုတာ မနေသင့်မနေအပ်တဲ့အရပ်လို့ သတ်မှတ်ထားကြပြီး ထောင်ထဲမှာပဲ သူတို့သက်တမ်းကုန် သေဆုံးသွားကြ ရပါ တယ်။ ထောင်ဆိုတာ လူ့အသိုင်းအ၀ိုင်းရဲ့ သီးခြားအကာအရံထဲက ပုပ်သိုးဆွေးမြေ့နေတဲ့ နေရာတခုအဖြစ် အ.က.စ ၀န်ထမ်းတွေကလဲ ခံယူထားပြီး ထောင်ထဲကို အကျဉ်းသားဘ၀နဲ့ ပြန်ရောက်ရမှာကို သေမတတ်ကြောက်ကြပြီး ဝေးဝေး က ရှောင်ကြပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါ ပါဘူး။
ထောင်သပိတ်မှာ တချို့နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ပြီး မိသားစုနဲ့ဝေးတဲ့ နယ်ထောင်တွေကို ပို့လိုက်ပါတယ်။ ဂျင်မီ တို့ကိုလည်း ၅ တိုက် ၂၂ ခန်းကနေ မေ့မျောအောင် ရိုက်နှက်ပြီး စစ်ခွေးတိုက် အပို့ခံခဲ့ရပါတယ်။ ၁၉၉၃ ခုနှစ်မှာ တော့ ၁/၉၃ ကြေငြာချက်အရ ပြစ်ဒဏ် ၁၀ နှစ်လျော့ခဲ့သော်လည်း ၁၉၉၆ ခုနှစ်မှာတော့ ဂျင်မီ အပါအ၀င် နိုင်ငံရေးအ ကျဉ်းသား ၂၂ ယောက်က ထောင်ဒဏ်နှစ်တိုးခံခဲ့ရပါတယ်။ ဂျင်မီကတော့ ၁၂ နှစ်ထပ်တိုးခံရတာပါ။
ထောင်ထဲမှာ ၀ါဒါလို့ခေါ်တဲ့ ထောင်ဝန်ထမ်းတွေဟာ ခေတ်အဆက်ဆက်မှာ ဦးနှောက်ကို သင်းကွပ်ခံရသူတွေ ဖြစ်ပါ တယ်။ သူတို့ဟာ ထောင်ဝင်းကျဉ်းကျဉ်းလေးထဲမှာ ကြီးပြင်းခဲ့ရသူတွေများပါတယ်။ အပြင်လောကနဲ့လဲ အဆက်အ သွယ် မရှိပါဘူး။ သူတို့ ကိုယ်တိုင်ထောင်ပြန်ကျမှာကိုလည်း အလွန်ကြောက်ကြသူတွေလေ။ ဒါကြောင့် အထက်က ခိုင်း လိုက်တာနဲ့ တပြိုင်နက် သူတို့ဟာ ချက်ခြင်းလုပ်လေ့ရှိပါတယ်။ ဦးနု လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေကို နိုပ် ကွပ်ဖို့ ထောင်ဝါဒါတွေကို သုံးခဲ့သလို မဆလ လက်ထက်မှာလဲ နိုင်ငံရေးသမားတွေကို ထောင်ဝါဒါတွေနဲ့ပဲ နိုပ်ကွပ်ခဲ့ပါ တယ်။ န၀တ၊ နအဖ လက်ထက်မှာလည်း ဖော်မြူလာအဟောင်းအတိုင်း ပါပဲ။
အောက်ခြေ၀န်ထမ်းတချို့ကတော့ နိုင်ငံရေးသမားတွေကို သနားတတ်ကြပါတယ်။ သို့သော်လည်း အထက်အမိန့်ကို တော့ သူတို့ မလွန်ဆန်နိုင်ကြပါဘူး။ ဒါကြောင့်လဲ ၁၉၉၆ ခုနှစ် နှစ်တိုးပွဲကြီး ဖြစ်လာတာပါ။ ဒါပေမဲ့ နိုင်ငံရေးသမားတွေ ကတော့ သူတို့ကိုရဲ့ ဘ၀တွေကို စာနာနားလည်ကြသလို သူတို့ရဲ့လုပ်ရပ်တွေကို မဖော်ကြပါဘူး။ တကယ်လို့ ဒီပစ္စည်း တွေကို ဘယ်သူဘယ်ဝါ သယ်လာပါတယ်ဆိုရင်တော့ အဲဒီဝါဒါတွေပဲ ထောင်ကျမှာပါ။ ထောင်ထဲကို သူတို့ သယ်မလာ ဘဲနဲ့တော့ ဒီပစ္စည်းတွေ ရောက်မလာပါဘူး။ ထောင်ဝါဒါတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် အကျဉ်းသားတွေက ပိုက်ဆံပေးပြီးမှာတဲ့ပစ္စည်းတွေကို သူတို့ခန္ဓာကိုယ်မှာ ၀ှက်ပြီးယူလာတတ်ပါတယ်။ ကိုဂျင်မီကို သာယာဝတီထောင်က နေ ရန်ကုန်ထောင်ကို ပြန်ခေါ်ပြီးမှ ထောင်ဒဏ်နှစ်တိုးတာပါ။ သူတို့တွေ နှစ်တိုးပြီးတာတောင် ဂျင်မီက ကျမတို့ အမျိုး သမီးတိုက်ကို အားမငယ်ဖို့ လှမ်းအားပေးနိုင်တဲ့အထိ စိတ်ဓါတ်ကြံ့ခိုင်ပါတယ်။
ဂျင်မီ့ အစ်ကို မျိုးမင်းယု (ခေါ်) စာရေးဆရာ မျိုးကိုမျိုးဟာလဲ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး အကျဉ်းထောင် က လွတ်မြောက်ပြီးမှ နာမည်ကြီးစာရေးဆရာ ဖြစ်လာသူပါ။ ၂၀၀၅ ခုနှစ်မှာ ဂျင်မီဟာ ထောင်ဒဏ် ၃၂ နှစ်ကနေ လွတ် မြောက်လာပါသော်လည်း ဗမာပြည်ကြီးကတော့ စစ်အာဏာရှင်တွေ လက်အောက်က မလွတ်မြောက်သေးပါဘူး။
၂၀၀၆ ခုနှစ်မှာတော့ ရည်ရွယ်ချက်တူတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနီလာသိန်းနဲ့ လက်ထပ်ထိမ်းမြား ခဲ့ပါတယ်။ နီလာသိန်းက ၁၉၉၆ ခုနှစ် ကျောင်းသား အရေးအခင်းမှာပါဝင်ခဲ့လို့ ထောင်ဒဏ် ၁၀ နှစ်ကျခံခဲ့ရသူပါ။ သူတို့ လင်မယား ဟာ တဦးရဲ့ဆန္ဒကို တဦးက ဖြည့်ဆည်းပေးရင်း နိုင်ငံရေးခရီး ဆက်ခဲ့ကြပါတယ်။ သူတို့ရဲ့ မျိုးဆက်အဖြစ် ၂၀၀၇ ခုနှစ် နှစ်ဦးပိုင်းမှာ သမီးငယ်လေးကို ဖွားမြင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ပြည့်အရေးကို ဦးထိပ်ပန်ဆင်ထားသူတွေမို့ ၂၀၀၇ ခုနှစ်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံခဲ့ရပါတယ်။ ဂျင်မီရေ အသက် ၁၀၀ တောင်မှ မနေရနိုင်တဲ့ လူ့သက်တမ်းမှာမှ ထောင်သက်က ၉၇ နှစ်တဲ့လား… ဗားတော့ဗရက် စကားလုံးနဲ့ပြောရင် “နှင်းတွေဒီလောက်ထန်နေရင် ပဲပြားပင်လေး တွေ ဘယ်လိုရှင်သန်နိုင်မှာလဲ” တဲ့။
ဟုတ်တယ် ၊ ဒါပေမဲ့… ဂျင်မီဟာ ကြံ့ကြံ့ခံ ရုန်းထွက်နိုင်တဲ့ ပဲပြားပင် တပင်ဖြစ်မှာပါ။ အနာဂတ်ကို ပိုက်ထွေးနိုင်မယ့် ခေတ်တခေတ်ရဲ့ အလှည့်အပြောင်းမှာ လွတ်လပ်တက်ကြွနေမယ့် ချစ်သမီးလေးနဲ့ မျိုးဆက်သွေးတွေရဲ့ အပြုံးမှာ… အေးဆေးပါ…
အဲဒီစကားလုံးတွေဟာလည်း… ဂျင်မီရဲ့ သီချင်းပါ… ။
ခင်ငြိမ်းသစ်

နေ့ သစ် ဘလောက်တွင် ဖေါ်ပြထားသောမခင်ငြိမ်းသစ်၏ ဆောင်းပါးကို ထပ်မံဖေါ်ပြပါသည်။
No comments:
Post a Comment