မြနန္ဒာ အပါအ၀င် သင်္ကြန်တေးသီချင်း သံတွေက ဟိုးအဝေးကနေ အုတ်နံရံတွေ၊ သံတိုင်တွေကြားက တဆင့် အကျဉ်းစံ ကျနော်တို့နားစည်ကို ရိုက်ခတ်လာခဲ့တယ်။ နံရံလေးဘက်ကြားက ကျနော်တို့ဟာ ဒီသီချင်းသံတွေကြောင့် နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ရောက်ပြီဆိုတဲ့ အသိရှိခဲ့ကြပေမယ့်လည်း ဘ၀တွေကတော့ အသစ်ဖြစ်မလာခဲ့ရပါဘူး။
ဒီလိုနဲ့ သင်္ကြန်တွေဟာ အကျဉ်းစံတွေကို အထီးကျန် ဆန်စေခဲ့တယ်။ သင်္ကြန်ပွဲတော်က ကွက်ချန်ထားခံရတဲ့ ကျနော်တို့တတွေဟာ ဖန်တီးအပျော်ကူးခံစားရင်း မြန်မာ့ဓလေ့ရိုးရာ သင်္ကြန်ကို အကျဉ်းထောင်ထဲမှာ အသက်သွင်းကြတယ်။
မြန်မာနိုင်ငံမှာမွေး၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတွယ်တာကြတဲ့ မြန်မာနိုင်ငံသားတိုင်းဟာ နှစ်သစ်ကူးချိန်အတွက် ရင်ခုန်ကြစမြဲပါ။ ဘယ်နိုင်ငံကို ရောက်ရောက် ရွှေမြန်မာတွေကတော့ သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပတတ်ကြပါတယ်၊ သင်္ကြန်ကို လွမ်းကြပါတယ်၊ သင်္ကြန်ကိုချစ်ကြပါတယ်၊ သင်္ကြန်ကို မြတ်နိုးကြပါတယ်။
ဒီအထဲမှာ မြန်မာပြည်တွင်း သီးခြားကမ္ဘာထဲက အကျဉ်းစံ နိုင်ငံရေး အကျဉ်းသားတွေလည်း ပါတာပါပဲ။
သင်္ကြန်ဟာ နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောပေးတယ်တဲ့၊ ကျနော်တို့ကို ဘယ်အတာရေ က လာဆေးကြောပေးမှာလဲ၊ ကျနော်တို့မှာရော အညစ်အကြေးတွေက တကယ်ပဲရှိနေခဲ့ကြတာလား။
ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်အသီးသီးမှာ သင်္ကြန်ရောက်တိုင်း လွမ်းလွမ်းဆွေးဆွေးခံစား ရတတ်ပါတယ်။ ပိတောက်ပန်းတွေက ထောင်အုတ်ရိုးတွေကို ကျော်ပြီး ပွင့်လန်းမလာခဲ့ကြဘူး။
မြန်မာနိုင်ငံသားဖြစ်တဲ့ ကျနော်တို့ဟာ အတာသင်္ကြန်ဆိုတာနဲ့ မပတ်သက်သလို ခံစားခဲ့ကြရတာပါ။ အခုလည်း ခံစားနေကြဆဲ … နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် အကျဉ်းထောင် အသီးသီးမှာ ရှိနေကြဆဲပါ။
ထောင်အုတ်ရိုး အပြင်က မြန်မာနိုင်ငံသားတွေက သင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း နေကြချိန်မှာ ကျနော်တို့ တွေကတော့ အိပ်မက်တခုလို ဖြတ်သန်းကြရတာပါ။ ဒါတွေကို ဘယ်သူသိနိုင်ပါ့မလဲ။
တကယ်တော့ သင်္ကြန်ဆိုတာ မြန်မာနိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တာပဲ။
ကျနော် အကျဉ်းထောင်ထဲ ၁၉ နှစ်နီးပါး နေခဲ့စဉ်တလျှောက် သင်္ကြန်နဲ့ ကျနော့်ကြားမှာ အုတ်နံရံတွေ၊ သံတိုင်တွေက စည်းခြားထားခဲ့တာပါ။ သင်္ကြန်ဆိုတာကို စိတ်ကူးထဲမှာပဲ အကြိမ်ကြိမ်ကျော်ဖြတ်ခဲ့ရတော့ သင်္ကြန်ဟာ ကျနော်တို့နဲ့ မဆိုင်သလို ဖြစ်လာခဲ့ရတယ်။
ကျနော်နေခဲ့ရတဲ့ ကြိုးတိုက်ကြီး (ရင်ခွဲတိုက်) ဟာ အခန်းပေါင်း ၆၀ နဲ့ ဖွဲ့စည်း တည်ဆောက်ထားတာပါ။ ကြိုးတိုက် ဆိုတာကလည်း နေနဲ့ လ ကိုတောင် မမြင်ရတဲ့ သေဒဏ်ကျ အကျဉ်းသားတွေထားရာ ညို့မှိုင်းမှိုင်း ရပ်ဝန်းတခုပါ။ အခန်း ၃၀ ကို မျက်နှာချင်းဆိုင် ထားပါတယ်။ သင်္ကြန်ရောက်တိုင်းမှာ ကြိုးတိုက်ထဲက ကြိုးသမားတွေနဲ့ တခြား အကျဉ်းသားတွေက သင်္ကြန်သီချင်းတွေ ရသမျှ မှတ်မိသမျှဆိုကြပြီး သင်္ကြန်ကို ရင်ခုန်ကြတယ်။ တချို့ သနပ်ခါးတွေ လိမ်းတာတို့၊ ထုံးနဲ့ မြေနီလိမ်းတာတို့ လုပ်ပြီး အမျိုးမျိုး “က” ပြ ကြတယ်။
သင်္ကြန်အကြိုနေ့အတွက် တချို့ကြိုးသမားတွေနဲ့ တခြားအကျဉ်းသားတွေဟာ ရေဘူးးပြတ် ကလေးတွေမှာ ရေချိုးဆင်းရင်း မြက်ပင်၊ ပန်းပင် လေးတွေကို ထောင်ဝါဒါတွေ အလစ်မှာ ခူးပြီး အတာအိုးလုပ်လို့ သကြားမင်းကို ကြိုတတ်ကြတယ်။
သင်္ကြန်အကျရက်၊ အကြတ်ရက်၊ အတက်ရက် ၊ နှစ်ဆန်း ၁ ရက် ဆိုတဲ့ သင်္ကြန်ရက်တွေမှာ အကျဉ်းထောင်က ပိုပြီး ခြောက်ကပ်ကပ် ဖြစ်နေတတ် ပါတယ်။ ဒါပေမယ့် အဲဒီလို မခြောက်ကပ်အောင် ကြိုတင်ပြင်ဆင်ထားတဲ့ သူတချို့လည်း ရှိကြတယ်။
သူတို့တွေက စပျစ်သီး၊ ငှက်ပျောသီး၊ ထန်းလျက် စတာတွေနဲ့ စိမ်ရည်လို့ခေါ်တဲ့ ၀ိုင်ဖောက်ပြီး ပလတ်စတစ်ပုံးတွေနဲ့ ထည့်၊ ထောင်ဝါဒါမသိအောင် မြေကြီးထဲမြှုပ်ထားကြတယ်။ သင်္ကြန်တွင်းကျမှ အဲဒီစိမ်ရည်ကို သောက်ပြီး ရီဝေေ၀ အနေအထားနဲ့ စကားလုံးတွေ ပွင့်အံလာရင်း သင်္ကြန်ကို အပြင်ကလူတွေလိုပဲ စိုပြေစေကြတယ်။
သင်္ကြန်ရောက်ခါနီးပြီဆိုရင် သင်္ကြန်ရက်မတိုင်ခင် ကတည်းက မိသားစုဝင်တွေ လာပေးထားတဲ့ စားသောက်စရာ တွေကို ချွေတာသိမ်းဆည်းထားကြပြီး သင်္ကြန်တွင်းမှာ ကိုယ့်အချင်းချင်း အလှူဒါနလုပ်ပြီး သင်္ကြန်ကို ဆင်နွှဲတတ်ကြ ပါတယ်။
သင်္ကြန်ယိမ်းတွေ မရှိပေမယ့်၊ ကျနော်တို့ လက်တွေခြေတွေက ယိမ်းမက နိုင်ပေမယ့် စိတ်နဲ့ ကြည့်ကြတယ်။ တချို့က ထောင်ပုံစံ ပုဆိုးတွေကို မိန်းကလေးလို ဆင်ယင်ဝတ်ပြီး ကပြတတ်ကြတယ်။
သင်္ကြန်အလှပြယာဉ်တွေ မရှိပေမယ့် သံတိုင်တွေကြားကနေ တယောက် ကျောပြင်ကို တယောက်က အလှပြ ကားတွေလို သဘောထား ကြည့်ရှု အားပေးကြတယ်။
သင်္ကြန်သံချပ် သီချင်းတွေ မကြားရပေမယ့် ကျနော်တို့ နှုတ်က သံချပ်တွေ ရေရွတ်နေတတ်တယ်။
သင်္ကြန်မဏ္ဍပ်တွေကို လည်ကြည့်လို့မရပေမယ့် မျက်နှာချင်းဆိုင် သံတိုင်တံခါးဝ တွေကိုပဲ မဏ္ဍပ်တွေလို သဘောထား ကြည့်ကြတယ်။ လည်ကြည့်လို့မရပေမယ့် လှမ်းကြည့်လို့တော့ ရတယ်။ အပြင်က မဏ္ဍပ်တွေကတော့ ပုံစံမျိုးစုံနဲ့ အလှဆင်ထားပေမယ့် အကျဉ်းထောင်ထဲက မဏ္ဍပ်တွေကတော့ သံတိုင်နဲ့ ထုံးဖြူနံရံတွေနဲ့ အမြဲမြင်နေကျ ပုံစံ တခုတည်း ဖြစ်နေတတ်ပါတယ်။
သင်္ကြန်ဒိုးပတ်ဝိုင်းတွေ မရှိပေမယ့် ပါးစပ်ဒိုးဝိုင်းတွေ လုပ်ကြတယ်။
စတုဒီသာ မဏ္ဍပ်တွေ မရှိပေမယ့် ချို့တဲ့တဲ့ မိသားစုတွေ ပေးပို့ထားတဲ့ စားစရာတွေကိုအချင်းချင်း အလှူဒါန ပြုကြတယ်။
ရေပက်ခံထွက်ဖို့အတွက် ကားတွေ၊ ယာဉ်တွေ မရှိပေမယ့် ကိုယ့်ခြေထောက်နဲ့ကိုယ် ရေချိုးဆင်းရင်း ရေကန်မှာ ကိုယ်ရမယ့် ကိုတာ (ဝေစု) ထဲက ရေကို ပန်းကန်ပြားနဲ့ အချင်းချင်း ပက်ကြတယ်။
ရေချိုးဆင်းရင် ဒန်ပန်းကန် (ပုံစံပန်းကန်ပြား) ၁၂ ချပ်ပဲ ချိုးရတာပါ။ ပထမ ၆ ချပ်က ဆပ်ပြာမတိုက်ခင် ချိုးရပြီး နောက် ၆ ချပ်ကတော့ ဆပ်ပြာတိုက်ပြီး ချိုးရတယ်။ ခြေဆေးဖို့ သယ်လာတဲ့ ကိုယ်ပိုင်ကော်ခွက်လေးနဲ့ ရေတခွက်က ကျနော်တို့ရဲ့ အတာရေပါ။
သံတိုင်တံခါးရှေ့က သောက်ရေအိုးထဲက သောက်ရေတခွက်ဟာလည်း သင်္ကြန်ရေ ဖြစ်သွားရတာပါပဲ။
သံတံခါးနောက် ပြန်ရောက်လာပြန်တော့လည်း သင်္ကြန်သီချင်းလေး ညည်းရင်း အလွမ်းဖြေကြရတယ်။ တယောက်က သင်္ကြန်သီချင်း ဆိုပြရင် ကျန်တဲ့သူတွေက တိတ်တဆိတ် နားထောင်အားပေးရင်း စိတ်ခြေထောက်တွေနဲ့ သင်္ကြန်ကို လျှောက်လည်ကြတယ်။
သံတိုင်တံခါးတွေမှာ ၆ ကြိုးငြိ ဝေဒနာတွေ ပွေ့ပိုက်ပြီး သင်္ကြန်ရက်တွေကို ထောင်အုတ်ရိုးနဲ့ သံတိုင်တွေ ကြားမှာ နွမ်းလျစွာနဲ့ သင်္ကြန် ထမင်းနဲ့ သင်္ကြန်ဟင်းကို ငံ့လင့် တမ်းတတတ်ကြတယ်။ အပြင်လောကမှာတော့ ၆ ကြိုးငြိတယ်ဆိုတာ ဂစ်တာကို တွယ်ဖက်တာကို ဆိုလိုတာပါ။ အကျဉ်းထောင် လောကမှာတော့ သံတိုင် ၆ တိုင်ကို လက်နဲ့ ပွေ့ဖက်ပြီး အိမ်လွမ်းတာ၊ အပြင်ကမ္ဘာကို တမ်းတတာကို ၆ ကြိုးငြိတယ်လို့ တင်စားကြတယ်။
မုန့်လုံးရေပေါ်လို သင်္ကြန်မုန့်တွေကို တခါတလေ ထောင်တွင်းအဆောင်တွေမှာ စုပေါင်းလုပ်တဲ့ အလှူတွေက လာဝေငှတဲ့အခါ မျက်ရည်ဝဲမိတယ်။
တာလဘောဟင်း၊ ပဲဟင်းရည်ကြဲကြဲနဲ့ ထမင်း ပျော့တူးမနပ်ကိုပဲ သင်္ကြန်ထမင်းအဖြစ် စားကြရတယ်။
သင်္ကြန်တွင်း ထောင်ဝါဒါတွေက အလှည့်ကျနားခွင့်ရပြီး သင်္ကြန်လျှောက်လည်တဲ့ အကြောင်းတွေ ပြန်ပြောပြတာကို အခန်းငယ်လေးထဲက ကျနော်တို့တွေ ငေးမော နားထောင်ရင်း သင်္ကြန်ပျော်ရွှင်မှုကို တဆင့်ကူးယူ ခံစားကြတယ်။
ဘယ်နေရာမှာ ဘယ်မဏ္ဍပ်က ဘယ်လိုရှိကြောင်း၊ ဘယ်လိုပျော်စရာကောင်းကြောင်း ရွှန်းရွှန်းဝေအောင် ပြန်ပြောပြတတ်တဲ့ ထောင်ဝန်ထမ်းတွေရဲ့ နှုတ်ဖျားက သင်္ကြန်ရက်တွေ ကျနော်တို့ဆီ သယ်ဆောင် လာတတ်ကြတယ်။
အဲဒီအခါမျိုးမှာ သင်္ကြန်ဟာ ကိုယ်နဲ့ တသားတည်း ကျသွားသလိုခံစားလိုက်ရပြန်တယ်။ ဒါပေမယ့် စက္ကန့်ပိုင်းပဲ ခံစားလို့ရတယ်။ အချိန်တိုင်းထိတွေ့နေရတဲ့ သံတိုင်နဲ့ နံရံတွေက အေးစက်စက် သတိပေးရပ်တန့်စေတာပါပဲ။ ဒီလိုနဲ့ တဆင့်ခံစားရတဲ့ သင်္ကြန်ခံစားမှုဟာ ချက်ချင်းဆိုသလို မာကျောသွားခဲ့ပြန်တယ်။ ဒီလို နှစ်တွေ များစွာဖြစ်လာတော့ မာကျောလာတဲ့ ခံစားမှုကိုပဲ ပြန်လည်နုပျိုလာအောင် စိတ်ကိုပြန်မွေးယူရပါတယ်။
သင်္ကြန် အလည်ကျူးပြန်လာတဲ့ ထောင်ဝန်ထမ်းတွေက သောက်စားမူးယစ်ပြီး အကျဉ်းသားတွေအပေါ်မှာ သူတို့ ၀သီအတိုင်း ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဆက်ဆံပြပြန်တော့ လူယဉ်ကျေးတို့ရဲ့ သင်္ကြန်ဟာ တခါပြန်ပြီး အကျည်းတန် သွားတတ်တယ်။
နှစ်ဆန်း ၁ ရက်နေ့ ဆိုရင် သက်ကြီး နိုင်ငံရေးအကျဉ်းသားတွေကို ရေချိုးပေးဖို့ အခွင့်ကြုံရင် ခေါင်းလျှော် ရေချိုး ပေးကြတယ်။ လက်သည်းခြေသည်း ညှပ်ပေးတတ်ကြတယ်။ ဒါပေမယ့်ဒီလိုအခွင့်အရေးမျိုးက ရခဲပါတယ်။
နှစ်ဆန်း ၁ ရက်နေ့ ဘေးမဲ့ ငှက်၊ နွား၊ ငါး စသဖြင့် လူတွေက လွတ်မြောက်ခွင့်တွေပေးပြီး လွတ်ငြိမ်းချမ်းသာရသွား ခဲ့ကြတဲ့ တိရစ္ဆာန်တွေကမှ သနားကြင်နာတတ်တဲ့ လူတချို့ရဲ့ ကယ်တင်မှုကို ရနိုင်ကြပါသေးတယ်။ အကျဉ်းထောင် တွေထဲက ကောင်းကျိုးလုပ်၊ ကိုယ်ကျိုးစွန့်ခဲ့ကြတဲ့ လူသားစင်စစ်တွေကတော့ လွတ်မြောက်ဖို့အတွက် လမ်းစ က လွတ်ရက်စေ့တာတောင် မသေချာတဲ့ အနေအထားပါ။
အကျဉ်းစံနေ့ရက် သင်္ကြန်ကာလတွေကတော့ ပြောရရင် တကယ့်ကို မကုန်နိုင်စရာပါပဲ။
(စာရေးသူ လင်းသန့်သည် မြန်မာပြည်မှ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသားအဖြစ် အနှစ် ၂၀ နီးပါး နေခဲ့ရသူဖြစ်သည်။)

No comments:
Post a Comment