Tuesday, 31 May 2011

ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝစရိုက်.............................




ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝစရိုက်...................

by Lu Cifer on Sunday, February 13, 2011 at 10:55am
ဆောင်းပါးရှင် – ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း)
၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း သည် ဗြိတိသျှ ဘုရင်ခံထံမှ အစိုးရအဖွဲ့ အာဏာကို လွှဲပြောင်းလက်ခံ ယူပြီးနောက် ရန်ကုန်မြို့  ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်ရုံး (ယခုဝန်ကြီးများရုံး) သို့ နေ့စဉ် ရုံးတက်ခဲ့ရပါသည်။


သူ၏ရာထူး (တရားဝင် အခေါ်အဝေါ်) မှာ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယ ဥက္ကဌသာ ဖြစ်ပါသည်။ ဥက္ကဌက ဘုရင်ခံဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင် ဘုရင်ခံ မတက်ပါ။ ဒုတိယ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကပင် သဘာပတိ အဖြစ် ဦးဆောင် စည်းဝေးရပါ သည်။ လွတ်လပ်ရေး မရသေးခင် ကာလဖြစ်၍ "ဘုရင်ခံ အမှုဆောင် ကောင်စီ" ဟု ခေါ်သော်လည်း စင်စစ်အားဖြင့် အစိုးရအဖွဲ့ (ကက်ဘိနက်)ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ တာဝန်က ၀န်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ၀န်ကြီးဌာနသုံးခုကို တာဝန်ယူရသဖြင့် အလွန် အလုပ်များလှပါသည်။

တစ်နေ့သ၌ ဗိုလ်ချုပ်သည် မွန်းလွဲ ၃ နာရီခန့်တွင် ကျွန်တော့်အား လျှပ်စစ်ခေါင်းလောင်း တီး၍ ကျွန်တော်လည်း ချက်ချင်းပင် သူ၏ရုံးခန်းသို့ လျှင်မြန်သွက်လက်စွာ ၀င်သွားလိုက်ပါသည်။ ထိုနေ့အဖို့ မျက်နှာဖြူ အတွင်းဝန်က သူ့ထံ တင်ပြဆုံးဖြတ်ချက် ရယူသည့် ဖိုင်တွဲများအားလုံး လေ့လာ၍ ဆုံးဖြတ်ချက် ချပေးပြီး သူ၏စားပွဲတွင် စာရွက်စာတမ်းများ ဖိုင်တွဲများ ရှင်းနေပြီ ဖြစ်သည်။

"ဘာများလည်း ဗိုလ်ချုပ်"

ကျွန်တော်ထုံးစံအတိုင် သတင်းပို့ရင်း မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀န်ကြီးတစ်ဦးက သူ့ ပီအေ (အပါးတော်မြဲ) ကို ပြောသည့် ဟန်မျိုးမဟုတ်ဘဲ ရင်းနှီးသော ကျောင်းနေဖက် သူငယ်ချင်းအား ရင်ဖွင့်ပြောသလို ဟန်ဖြင့် "ငါအခု ဗိုက်ဆာလို့ တစ်ခုခု စားချင်တယ် ကွာ" ဟုပြောပါသည်။ ဗိုလ်ချုပ်က ဘာကြောင့် ဤသို့ပြောသည်ကို ကျွန်တော်ချက်ချင်း ရိပ်မိလိုက်ပါပြီ။

ထို့နေ့ နံနက်က ရုံးသို့မလာမီ ကျွန်တော်တို့ ဆရာတပည့်နှစ်ဦးအား နံနက်စာထမင်း ကျွေးရာတွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က (ထိုအချိန်က ဈေးအပေါဆုံး ဟင်းလျာတစ်ခု ဖြစ်သည့်) ဘဲဥဟင်းနှင့် ကျွေးခဲ့ပါသည်။ ဗိုလ်ချုပ်သည် ဘဲဥဟင်းကို မကြိုက်လို့လားမသိ၊ ထမင်းမြိန်ပုံမရဘဲ တစ်ပန်းကန်သာစားပြီး စားပွဲမှ ထလိုက်သဖြင့် ကျွန်တော်လည်း ကပျာကယာ လက်ဆေး၍ ရုံးသွားရန် ပြင်ဆင်လိုက်ရပါသည်။ နံနက် ဆယ်နာရီခန့် အတွင်းဝန်ရုံးသို့ ရောက်ပြီးနောက် ဗိုလ်ချုပ်သည် တစ်နေကုန်နီးပါး ဆက်တိုက် အလုပ် လုပ်နေရချိန်တွင် ဘာမျှမစားမသောက် ရသောကြောင့် ဆာလောင်လာပြီး ကျွန်တော့် အား တစ်ခုခုစားချင်ကြောင်း ပြောခြင်းဖြစ်ပါသည်။ [မှတ်ချက်။ ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် ၀န်ကြီးလစာ ရသည်မှန်သော်လည်း ယင်းလ စာငွေကို ကိုင်ပြီး ၀င်ငွေထွက်ငွေ မျှတအောင် သို့မဟုတ် "ဘတ်ဂျက်" မအောက်အောင် စီစစ် သုံးစွဲ ရရှာသူ ဒေါ်ခင်ကြည်အဖို့ မလွယ်လှပါ။ နေ့စဉ်နှင့်အမျှ လာရောက်သော ဧည့်သည်များ၊ ရဲဘော်များအားလည်း ဧည့်ခံကျွေးမွေးရသောကြောင့် လကုန်ခါနီးရက်များဆိုလျှင် အထူး ခြိုးခြံချွေတာ ရရှာပါသည်။ ထို့ကြောင့် ကျွန်တော်တို့အား ဘဲဥဟင်း တမယ်တည်း ချက်ကျွေးသည်ကိုလည်း မည်သို့မျှ အပြစ်မဆိုသာပါချေ။

စာရေးသူ ကျွန်တော်သည် ဗိုလ်ချုပ်ကိုကြည့်ပြီး စိတ်ထဲမှ သနားသွားမိပါသည်။ သူ့ခမျာ တကယ်ပင် ဆာလောင်၍ ပြောမှန်းသိ၍လည်း တစ်ခုခု ၀ယ်ကျွေးချင်စိတ် ဖြစ်ပေါ်လာမိပါသည်။

"ဗိုလ်ချုပ် ဘာများ စားချင်လို့လဲ"

ကျွန်တော်က မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀မ်းသာသလို ဖြစ်သွားပြီးမှ တစ်စုံတစ်ခု စဉ်းစား မိဟန်ဖြင့် ပြန်မေးခွန်းထုတ်ပြန်ပါသည်။

"ဘာလဲ မင်းက ငါ့ကို ၀ယ်ကျွေးမလို့လား၊ ၀ယ်ကျွေးရအောင် မင်းမှာ ပိုက်ဆံကောရှိ လို့လား"

သာမန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား လိမ်ပြောလေ့ မရှိပါ။ သူသည် လိမ်ပြော ခြင်းကို လုံးဝမကြိုက်။ မှန်ရာကိုသာပြောမှ သဘောကျသူ ဖြစ်၍ ကျွန်တော်တို့ လူငယ်တွေ ကလည်း သူ့အား လိမ်မပြောဝံ့ကြပါ။ သို့ရာတွင် ထိုကနေ့ သူဗိုက်ဆာ၍ တစ်ခုခု စားချင် ကြောင်းကို ကလေးငယ်တစ်ယောက်လို ပြောသဖြင့် ကျွန်တော်ဘာပဲဖြစ်ဖြစ် သည်တစ်ခါ တော့ အမှန်ကိုမပြောမှ ဖြစ်မယ်ဟု ဆုံးဖြတ်လိုက်ပါသည်။

"ကျွန်တော့်မှာ ပိုက်ဆံပါပါတယ်။ ဗိုလ်ချုပ်ဘာစားချင်တယ် ဆိုတာသာ ပြောပါ"

ကျွန်တော်သည် ခပ်တည်တည်ဖြင့် အင်္ကျီအိတ်ကို လက်ဖြင့် ပုတ်ပြရင်း ပြောလိုက်မိပါသည်။ အမှန်က ကျွန်တော့်၏ အင်္ကျီအိတ်ထဲတွင် ငွေငါးကျပ်တန်နှင့် ကျပ်တန်နှစ်ရွက်၊ စုစုပေါင်း ငွေခုနှစ်ကျပ်သာ ရှိပါသည်။ သို့သော် ကျွန်တော်မှင်သေသေဖြင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ် ယုံသွားပုံရသည်။

"ဟုတ်လား၊ မင်းတတ်နိုင်ရင်တော့ မဂိုလမ်း (ရွှေဘုံသာလမ်း)က ပလာတာနဲ့ ခပတ် စားချင်တယ်ကွာ "

"ဟုတ်ကဲ့ ဒါဆိုရင်ရပါတယ်၊ ကျွန်တော့်မှာ ပါတဲ့ငွေနဲ့ လုံလောက်ပါတယ်၊ ရုံးကနေ မဂိုလ်လမ်း (ရွှေဘုံသာလမ်း) သွားစားပြီးမှ အိမ်ပြန်ကြတာပေါ့။ ကိုင်း လာပါ ဗိုလ်ချုပ်"

ပြောပြောဆိုဆို ကျွန်တော်သည် ဗိုလ်ချုပ်၏ ရုံးခန်းဝတွင် စောင့်နေသူ ရုံးလုလင်အား

"ဟေ့ ငါတို့ ရုံးဆင်းတော့မယ်၊ လေးနာရီထိုးရင် တံခါးတွေ ပိတ်လိုက်တော့"

ဟုညွှန်ကြားပြီး ဗိုလ်ချုပ်အားခေါ်၍ ရုံးခန်းအောက်သို့ ဆင်းခဲ့ပါသည်။
ထိုနေ့က ဗိုလ်ချုပ်ကားမောင်းသူ ရဲဘော်ကျော်စိန် နေမကောင်းသဖြင့် အိမ်မှ ရုံးသို့ အလာတွင် ကျွန်တော်ကပင် ကားမောင်းခဲ့ရပါသည်။ ထို့ကြောင့် အပြန်လည်း ကျွန်တော် ကပင် ဗိုလ်ချုပ်ကို ကားပေါ်တင်၍ မဂိုလမ်း (ရွှေဘုံသာလမ်း)၊ ဒါလဟိုဇီလမ်း (မဟာဗန္ဓုလလမ်း)ထိပ်အနီး ဗလီကြီးအောက်ရှိ ပလာတာဆိုင်သို့ တိုက်ရိုက်မောင်းသွား လိုက်ပါသည်။

ကျွန်တော်သည် ကားမောင်းသွားရင်း စိတ်ထဲမှာ ဗိုလ်ချုပ်အား သူစားချင်သော ပလာတာနှင့် ခပတ်ကိုကျွေးရန် မည်သို့မည်ပုံ ပရိယာယ် ဆင်ရမည်ကို ကြိုတင် အကွက်ချ ထားပြီးပြီ ဖြစ်သည်။ မဂိုလမ်း (ရွှေဘုံသာလမ်း) ဗလီကြီးအောက်ရှိ ပလာတာနှင့် ဒံပေါက်ဆိုင်မှာ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘ၀က မကြာခဏ ၀င်စားလေ့ရှိသော ဆိုင်များဖြစ်ပြီး ဆိုင်ရှင် များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်။ ယင်းအချက်ကို အားကိုးပြီး ကျွန်တော်က ထိုဆိုင်သို့ ရဲဝံ့စွာ လာခဲ့ခြင်း ဖြစ်ပါသည်။

ထုံးစံအတိုင်း ဆိုင်ရှိ လူငယ်စားပွဲထိုးများသည် အလွန်ဖော်ရွေစွာဖြင့် ခရီးဦးကြိုပြုကာ နေရာထိုင်ခင်း ပေးကြရာ ကျွန်တော်တို့လည်း စားပွဲတစ်လုံးတွင် ၀င်ထိုင်ပြီး တစ်ယောက်လျှင် ပလာတာနှစ်ချပ်နှင့် ဆိတ်သားခပတ် တစ်ပွဲစီ နှစ်ယောက်အတွက် နှစ်ပွဲ မှာလိုက်သည်။ ပြီးတော့မှ ကျွန်တော်သည် ဆေးလိပ်မီးညှိဟန်ဖြင့် ငွေသိမ်းကောင်တာတွင် ထိုင်နေသူဆိုင်ရှင် အနီးသို့ ကပ်သွားပြီး ခပ်တိုးတိုးလေး ပြောလိုက်ပါသည်။

"ဒီမယ် ခင်ဗျားကျုပ်ကို သိတယ်မဟုတ်လား၊ ဒီဆိုင်မှာ စားနေကျ ဖောက်သည်တစ် ယောက်ပဲ၊ ဟိုမှာ ထိုင်နေတဲ့ လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ခင်ဗျား သိမှာပေါ့၊ အခု သူက ပလာတာနဲ့ ခပတ် စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တာ၊ ခက်တာက ကျုပ်ဆီမှာ ပိုက် ဆံအလုံအလောက် မပါဘူး၊ ဒါကြောင့် ကျုပ်တို့ အခု စားလို့ ကျသင့်ငွေကို နက်ဖြန်ကျမှ ကျုပ် လာပေးပါရစေ၊ နောက်ပြီး ကျုပ်တို့ ပြန်ခါနီး ဗိုလ်ချုပ်ကမေးရင် ပိုက်ဆံရှင်းပြီး ပါပြီလို့လည်း ပြောပေးပါ၊ ကျုပ်မှာ ပိုက်ဆံမပါတာကို သူ မသိစေချင်ဘူး"

ကျွန်တော်က ခပ်တိုးတိုး ပြောလိုက်ရာ ဆိုင်ရှင်ကုလားသည် ဗိုလ်ချုပ်အား တစ်ချက်မျှ လှမ်းကြည့်ပြီးနောက် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပါသည်။

"စိတ်ကျပါ ဆပ်၊ ကျသင့်တဲ့ ငွေကို ဆပ်တို့ ကြုံတော့မှ ၀င်ပေးပါ၊ ရပါတယ်၊ ဗိုလ်ချုပ် မေးရင်လည်း ငွေရှင်းပြီးပါပြီလို့ ဖြေပါ့မယ်။"

ဤသို့ပြောတော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ဗိုလ်ချုပ်ရှိရာသို့ ပြန်လာခဲ့ပါသည်။
ပလာတာနှင့် ခပတ်နှစ်ပွဲ ရောက်သောအခါ ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့် စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရ စားပါတော့သည်။ ကျွန်တော်လည်း ကိုယ့်ပန်းကန်မှ နှိုက်စားရင်း ဗိုလ်ချုပ်ကို ကြည့်ပြီး ၀မ်းသာမိသည်နှင့်အမျှ မြန်မာ့လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်းယူရန် အားမာန်အပြည့်နှင့် ဆုံးဖြတ်ထားသူ ကျွန်တော်တို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူသားတစ်ယောက်အနေဖြင့် သနားစရာ ကောင်းလှသည်ပါ တကားဟု စိတ်ထဲမှ ကျိတ်၍ မှတ်ချက်ချမိပါသည်။

သူစားပြီးသွားသည်နှင့် ကျွန်တော်လည်း ခပ်မြန်မြန်ပင် စားလိုက်ရပါသည်။ ကျွန်တော် စားပြီးသည်ကို မြင်လျှင် ဗိုလ်ချုပ်သည်

"ဟေ့ကောင် ပိုက်ဆံ ရှင်းပေးလိုက်လေကွာ၊ ငါတို့ သွားကြမယ်" ဟု ပြောရာ ကျွန်တော်လည်း -

"ရှင်းပြီးပါပြီ ဗိုလ်ချုပ်၊ စောစောက စားစရာမှာရင်း တခါတည်း ငွေရှင်းပေးခဲ့ပါတယ်"

ဟု ပြောပြောဆိုဆို ဆိုင်ရှင်ကုလားနှင့် ကြိုတင် စီစဉ်ထားသည့်အတိုင်း အချက်ပြ ခေါ်လိုက်ရာ ဆိုင်ရှင်သည် ခပ်သွက်သွက်လျှောက်လာပြီး ဗိုလ်ချုပ်အား ရိုသေစွာ ဆလံပေး အလေးပြုရင်း -
"ပိုက်ဆံ ရှင်းပြီးပါပြီ"ဟု ပြုံး၍ ပြောပါသည်။

သည်တော့မှ ဗိုလ်ချုပ်သည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြီး ထိုင်ရာမှ ထလိုက်ပါသည်။

"ဘယ့်နှယ်လဲ ဗိုလ်ချုပ်၊ စားလို့ ကောင်းပါရဲ့ လား"

ကျွန်တော်က ဆိုင်ရှင်ရှေ့ တွင်ပင် မေးလိုက်သောအခါ ဗိုလ်ချုပ်က -

"အေးကွ၊ မစားရတာ ကြာလို့လား မသိဘူး၊ အလွန် စားလို့ကောင်းတယ်"

ဟု ပြုံး၍ ပြောသည်ကို ဆိုင်ရှင် ကုလားသည် သဘောကျသွားပုံ ရပါသည်။
ထို့နောက် ဆရာတပည့်နှစ်ဦး ကားပေါ်တက်ကြပြီး ကျွန်တော်သည် ဗဟန်း တာဝါလိန်းလမ်း (နတ်မောက်လမ်း) နေအိမ်သို့ မောင်းပြန်လာခဲ့ပါသည်။ နောက်တစ်နေ့ နံနက်ကျမှ ကျွန်တော်သည် ရုံးချိန်မတိုင်မီ မဂိုလမ်း (ရွှေဘုံသာလမ်း) ပလာတာဆိုင်သို့ အမြန်သွားပြီး ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ စားခဲ့သော ပလာတာနှင့် ခပတ်ဖိုး ကျသင့်ငွေကို ရှင်းပေးလိုက်ရပါသည်။

ဒီအဖြစ်အပျက်လေးကို ကျွန်တော်ရေးရင်း သမိုင်းပညာရှင်ကြီး ပြောသလို အသေးအဖွဲ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း ကာယကံရှင်ပုဂ္ဂိုလ်ရဲ့  ပင်ကိုယ်စရိုက် သဘာဝ ကို ပေါ်လွင်စေတယ်ဆိုတဲ့ အဆိုအမိန့်ကို အလေးအနက် ထောက်ခံမိပါတော့သည်။

ဗိုလ်ထွန်းလှ (တက္ကသိုလ် နေ၀င်း)
Sunday, 13 February 2011 02:34
http://www.maukkha.org

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အတွက် အမှတ်တရ ..................

by San Maung on Sunday, February 13, 2011 at 10:19am
ဆောင်းပါးရှင်။ ဗိုလ်မှူးအောင်လင်းထွဋ်

စာရေးသူဟာ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၊ တိုက်ပွဲ ထောက်လှမ်းရေးဌာနရဲ့ စစ်ဦးစီးမှူး(ဒုတိယတန်း) အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ယခုသမ္မတ ဖြစ်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ကကကြည်း၏ စစ်ဦးစီးဗိုလ်မှူးကြီး (စစ်ဆင်ရေး) (Colonel GS) ဗိုလ်မှူးကြီးတာဝန်ကို ထမ်းဆောင်လျက် ရှိနေပါတယ်။ အချိန်ကတော့ ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဘိန်းဘုရင် ခွန်ဆာနဲ့အဖွဲ့ရဲ့ လက်နက်ချ အခမ်းအနားကို တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာ့ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခိုင်းရာမှာ သူပြောသည့်အတိုင်း မလုပ်ရကောင်းသလား ဆိုပြီး စိတ်ကောက်ကာ လူကြီးမဆန်ဘဲ ခလေးဆိုးကြီးလို စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီးသိန်းစိန်အား တပ်ချုပ်ကြီးက စားပွဲပေါ်မှာရှိတဲ့ ဖန်ခွက်နဲ့ ပေါက်ခဲ့သည့်ဇာတ်လမ်းအား အမှတ်ရလို့ စာဖတ်သူများ သိရှိနိုင်ပါရန် တင်ပြပေးလိုက်ပါတယ်။



၁၉၉၆ခုနှစ်၊ ဇန်နဝါရီလအတွင်း၊ ဘိန်းဘုရင်ခွန်ဆာနဲ့အဖွဲ့ လက်နက်ချတော့ စာရေးသူဟာ တာဝန်အရ တပ်မတော် အကြီးအကဲများနဲ့အတူ လက်နက်ချအခမ်းအနားကို တက်ရောက်ဖို့ ဟိုမိန်းမြို့ကို လိုက်ပါသွားခဲ့ရပါတယ်။ လက်နက်ချအခမ်းအနားကို အောင်အောင်မြင်မြင် ကျင်းပနိုင်ကြောင်း သတင်းပို့ပြီးတဲ့အချိန်မှာဘဲ ညနေ ၅ နာရီတွင် အရေးကြီး ကြေးနန်းဝင်လာပါတယ်။ အဲဒီကြေးနန်းဟာ ကကကြည်း ကြေးနန်းဖြစ်ပြီး စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီး သိန်းစိန်ရဲ့ ညွှန်ကြားချက်အရ ဗိုလ်မှူးအောင်လင်းထွဋ် (ကျွန်တော့်ကို) ကို မြန်မာ့အသံက ရိုက်ကူးထားတဲ့ လက်နက်ချ အခမ်းအနား ဗွီဒီယိုတိတ်ခွေနဲ့အတူ ရဟတ်ယာဉ်တစ်စီးဖြင့် ရန်ကုန်မြို့သို့ အမြန်ပြန်လွှတ်ခိုင်းဖို့ အမိန့်ပေးတဲ့ ကြေးနန်း ဖြစ်ပါတယ်။

ဒီလိုနဲ့ စာရေးသူ တစ်ဦးတည်း ရဟတ်ယာဉ်တစ်စီးဖြင့် မင်္ဂလာဒုံ ၅၀၂ လေတပ်စခန်း လေဆိပ်ရောက်လာတော့ ညနေ မှောင်ရီပျိုးစ အချိန်ဖြစ်နေကာ ချက်ချင်းဘဲ စစ်ရုံး(Colonel GS) ဗိုလ်မှူးကြီးသိန်းစိန်ထံသို့ သွားရောက် သတင်းပို့လိုက်ပါတယ်။ စာရေးသူက ဗွီဒီယိုတိတ်ခွေ ပေးလိုက်တော့ Colonel ကြီးက ချက်ခြင်းဆိုသလို ကပ်ရက်အခန်းမှာရှိနေတဲ့ တပ်ချုပ်ကြီးရုံးခန်း ထဲဝင်ပြီး ဗွီဒီယိုတိတ်ခွေကို ပေးလိုက်ပါတယ်။ သူက ပြန်ထွက်လာတဲ့အချိန်မှာ "ကိုအောင်လင်းထွဋ် ရုံးခန်းမှာ စောင့်နေပါ၊ တပ်ချုပ်ကြီး ဗွီဒီယိုခွေ ကြည့်ပြီးရင် ပြန်ခေါ်လိုက်မယ်" လို့ ပြောပါတယ်။

(၄၅) မိနစ်ကျော်ကျော်လောက်မှာ Colonel ကြီးက စာရေးသူကို သူ့အခန်းကို အခုလာဖို့ စာရေးသူကိုခေါ်ပါတယ်။ Colonel ကြီး အခန်းရောက်သွားတော့ "ဒီအခွေကို ဒီနေ့ည မြန်မာ့အသံ (၈) နာရီသတင်းမှာ ပါအောင်ထည့်ဖို့ အဘကြီးက ပြောတယ်၊ အဲ့ဒါ ကိုအောင်လင်းထွဋ် သွားပါ" ဆိုပြီး ပြောပါတယ်၊ စာရေးသူက "Colonel ကြီး သတင်းက ဘယ်သူရေးမှာလဲ" ဆိုတော့ "ကိုယ့်ညီဘဲ ရေးလိုက်ပါ" ဆိုလို့ သူရဲ့ရှေ့မှာဘဲ သတင်းစာသားကို ထိုင်ရေးကာ Colonel ကြီးဆီက အတည်ပြုချက်ရယူပြီး မြန်မာ့အသံကို စာရေးသူတို့ရဲ့ဌာနက ဗိုလ်မှူးအောင်မင်းနဲ့အတူ အမြန်ထွက်ခဲ့ကြပါတယ်။ မြန်မာ့အသံရောက်တော့ ညနေ(ရ) နာရီ ကျော်ပြီ ဖြစ်ပါတယ်။ မြန်မာ့အသံ ညွှန်ကြားရေးမှူး ဗိုလ်ကြီး ဝင်းကြည်နဲ့တွေ့ပြီး "ဘိန်းဘုရင် ခွန်ဆာနဲ့ အဖွဲ့ လက်နက်ချ အခန်းအနားကို ဒီည (၈) နာရီ သတင်းမှာ ပါအောင်လွှင့်ဖို့ တပ်ချုပ်ကြီးက ပြောတယ်" ဆိုပြီး သတင်းနဲ့တိတ်ခွေကို အပ်လိုက်ပါတယ် ၊ ကိုဝင်းကြည်က "ကိုအောင်လင်းထွဋ် ဗွီဒီယိုအခွေ အကြမ်းကို ဒီအတိုင်းလွှင့်ရင် အချို့အပိုင်းတွေမှာ ရုပ်မြင်သံကြားကြည့် ပြည်သူတွေအတွက် မကောင်းဘူး၊ မကောင်းတဲ့ အပိုင်းတွေကို တည်းဖြတ်ဖို့လိုတယ်" ဆိုပြီး တည်းဖြတ်လိုက်တော့ လွှင့်ချိန် (၂၅) မိနစ် လောက်ကြာမဲ့ အချောကိုင်ပြီး အခွေတစ်ခွေ ဖြစ်လာခဲ့တယ်။




အဲဒီလို အချောကိုင်ပြီးတော့ ည (၈) နာရီ အစပိုင်း သတင်းကို မမှီတော့ဘူး။ ဒါနဲ့ Colonel ကြီးဆီကို ဖုန်းဆက်ပြီး မိနစ် (၃၀) လောက် နောက်ကျမယ်ဆိုသည့်အကြောင်း သတင်းပို့ ခွင့်တောင်းခဲ့ရတယ်။ ည (၈) နာရီခွဲမှာ ဘိန်း ဘုရင် ခွန်ဆာနဲ့ အဖွဲ့ လက်နက်ချ အခမ်းအနားကို မြန်မာ့ရုပ်မြင်သံကြားကနေ အသံနှင့်အရုပ်ကို (၂၅) မိနစ်ကြာ ထုတ်လွှင့်ခဲ့ပါတယ် ၊ စာရေးသူတို့လဲ အသံလွှင့်ပြီးတာနဲ့ စစ်ရုံးကိုပြန်ဖို့ ကားစောင့်နေတုံး မြန်မာ့အသံဝန်ထမ်းတစ်ဦးက "ဗိုလ်မှူး စစ်ရုံးကအရေးကြီးဖုန်း လာတယ်" ဆိုလို့ ဖုန်းကိုင်လိုက်တော့ စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီးသိန်းစိန်က စာရေးသူကို "ကိုအောင်လင်းထွဋ် စစ်ရုံးမှာ တပ်ချုပ်ကြီး ဒေါသူပုန်ထနေတယ်၊ သူ့အခန်းထဲ ကိုယ်တို့ဝင်သွားတာ သူ့စားပွဲပေါ်မှာရှိတဲ့ ဖန်ခွက်နဲ့ ပစ်ပေါက်နေတယ်၊ ဘယ်သူမှ မဝင်ရဲဘူး ဖြစ်နေတယ်၊ သူခိုင်းတဲ့အတိုင်း မလုပ်လို့ဆိုပြီး မင်းကိုဒေါသထွက်နေတယ်" ဆိုပြီး ပြောတော့ စာရေးသူ ကြောင်သွားတယ်။

"ကျွန်တော်ဘာမှားလို့လဲ" မေးတော့ Colonelကြီး ပြောတာက "တပ်ချုပ်ကြီးက မင်းကို သူခိုင်းတဲ့အတိုင်း ဘာဖြစ်လို့ မလုပ်လဲ ဆိုပြီး ဒေါသထွက်နေတာ၊ သူက ဗွီဒီယိုတိတ်ခွေကို အကြမ်းအတိုင်း မင်းကိုလွှင့်ခိုင်းတာ မင်းက မလုပ်ရ ကောင်းမလားဆိုပြီး ငါတို့ကို ရန်လုပ်နေတယ်" စာရေးသူ သဘောပေါက်သွားပြီ ၊ စိတ်ထဲကလဲ ကြိတ်ပြီးပြုံးမိတယ်၊ နိုင်ငံခေါင်းဆောင်လုပ်ပြီး ဒီလောက်တုံးရသလား ဆိုပြီးတော့ပါ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူလုပ်ချင်တာဘဲ သိတဲ့သူ၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတဲ့သူလို့ စိတ်ထဲက မှတ်ချက်ပြုမိပါတယ်။ ရီစရာတော့ ကောင်းတယ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ကြိုက် ခလေးဆိုးကြီးကို ချော့ရသလို မြန်မာ့ရုပ်မြင်သံကြား အစီစဉ်တွေကို ရပ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်စေချင်တဲ့အတိုင်း အကြမ်းထည် ဗွီဒီယိုအခွေကိုဘဲ (၄၅) မိနစ်ကြာ အစ မှ အဆုံး ပြန်လွှင့်ပေးခဲ့ရပါတယ်။

အဲဒီတုံးက ဖန်ခွက်နဲ့ အပေါက်ခံခဲ့ရတဲ့ စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီး သိန်းစိန်တစ်ယောက်ကတော့ အခုမကြာသေးခင်ကာလမှာဘဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မြှောက်စားမှုနဲ့ သမ္မတ ဖြစ်လာသည့် ဦးသိန်းစိန်ကို ဒီဆောင်းပါးနဲ့ နှုတ်ဆက်လိုက်ပါတယ်။ ဦးသိန်းစိန် တစ်ယောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လောင်းရိပ်အောက်က ရုန်းထွက်ပြီး မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းကို ဆောင်ကျဉ်းနိုင်ပါစေလို့ ဆန္ဒပြုလျက်။

-ဗိုလ်မှူးအောင်လင်းထွဋ်


















ooglegroups.com.
For more options, visit this group at http://groups.google.com/group/hydegroup?hl=en.

No comments:

Post a Comment