- ဒေါက်တာကျော်ရင်လှိုင်၊ NLD၊ စင်္ကြာမှန်ပြောင်းနှင့် ဗေဒါကျောင်း (ဆောင်းပါးရှင် အောင်မျိုးထွန်း)
- အမေ့အိမ် ပညာဒါနကျောင်း (လှိုင်သာယာ)၏ ၂၀၁၁ ခုနှစ် ပညာသင်နှစ် စတင်ဖွင့်လှစ်....
- အဖေ့ကို ပြန်လွှတ် ပေးကြပါတော့ (ကဗျာရှင် ဗမာ့သွေး)
Posted: 01 Jun 2011 11:31 AM PDT အားလုံးရှင်းသွားရင်လည်း ကောင်းမယ်။ ဒါမှမဟုတ် ပိုရှုပ်ပြီး ရှင်းမရလင်းမရ ဖြစ်သွားလည်း အေးတာဘဲ။ ခုတော့ တည့်မလိုလိုနဲ့  ကောက်ကွေ့ ၊ ဝေ့၀ိုက်မယ်ထင်ပေမယ့် ဖြောင့်နေအောင် ဒုန်းစိုင်းကြနဲ့။ NLD မှာ နိုင်ငံရေးသင်တန်းပေးမယ့် ဒေါက်တာကျော်ရင်လှိုင်ကိစ္စပါ။ ကိုကျော်ရင်လှိုင်နဲ့ ပတ်သက်ပြီး ၂၀၁၀ ဖေဖော်ဝါရီလပိုင်းလောက်က သတင်းဆောင်းပါး တစ်ပုဒ်ရေးဖူးပါတယ်။ အီးမေးလ်နဲ့ ဖြန့်ဝေခဲ့ပါတယ်။ ကိုကျော်ရင်လှိုင်ဟာ လေးဆယ်ကျော်မျိုးဆက်ပါ။ ပညာရှင်များဟောပြောပွဲကို UMFCCI မှာ သူ လာဟောပြောသွားဖူးပါတယ်။ အဲဒီတုန်းက စင်မြင့်ပေါ်ကနေ တည်ဆဲအစိုးရကို "စစ်အစိုးရ" လို့သုံးနှုန်းပြီး အထပ်ထပ်အခါခါ ဝေဖန်ပြောဆိုသွားပေမယ့် နိုင်ငံရေး ရပ်တည်မှုအရတော့ ဆရာကျော်ဝင်းတို့ ဒေါက်တာနေ၀င်းမောင် တို့ "လိုင်း" ပါဘဲ။ အပြင်မှာနေတော့ နည်းနည်းရဲတဲ့ပုံ ရှိပါတယ်။ မြန်မာပြည် ဒေဝေါကြီးလို့ ခုထိ ၀ိုင်း ဆွမ်းကြီးလောင်းနေကြတဲ့ "အီးဂရက်"အဖွဲ့ရဲ့  ရပ်ခံမှုနဲ့ လည်း နီးစပ်မယ့် အသွေးအရောင်ရှိပါတယ်။ ကိုကျော်ရင်လှိုင်က ပညာရှင်တစ်ယောက်ဖြစ်တာမို့ နတ်သားဖြစ်ဖြစ်၊ ငရဲသားဖြစ်ဖြစ် သူ့အယူအဆနဲ့ ပညာကို နာလိုသူတွေရှိရင် ဟောရပြောရမှာဘဲ ဖြစ်ပါတယ်။ လှီးရဖြတ်ရမယ့် အပိုင်းကိုတော့ သူ နားလည် ပြီးသားနေပါလိမ့်မယ်။ ပြည်တွင်းမှာ နိုင်ငံရေးနဲ့နှီးနွှယ်ပြီး လုပ်ကြကိုင်ကြသူတွေ ဒါကို သဘောပေါက်ပြီးသားပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ (၄)ရက်လောက်က ဖတ်ရတဲ့ အီးမေးလ်တစ်စောင်မှာ ဗေဒါသင်တန်းကျောင်းက ကိုကျော်ရင်လှိုင်ပို့ချမယ့် ဘာသာရပ်တွေကို သူတို့ ဗေဒါကျောင်းမှာ သင်ကြားပေးမယ့်ပုံစံနဲ့  လာတက်ရောက်ချင်သူတွေကို စာရင်းပေးနိုင်ပါပြီလို့  မက်ဆေ့ခ်ျ ပေးထားတာ တွေ့ ရပါတယ်။ ဗေဒါသင်တန်းဆီ အပ်နှံတဲ့ ပက်တ်ကေ့တစ်ခုလုံးကို ဇွန်လ (၂၀)ရက်နေ့ NLD မှာ စတင်သင်ကြားမယ့် နိုင်ငံရေးသိပ္ပံ သင်တန်းဆီ ရှန်တိန်လွှတ်မယ့်သဘောလို့ ထင်ရပါတယ်။ ဒီသတင်းကိုလည်း ဖေ့ဘုတ်မှာ ဥမ္မာဦးဆိုတဲ့ အကောင့်ပိုင်ရှင်တစ်ယောက် တင်ထားတာ ဖတ်လိုက်ရပါတယ်။ ကိုကျော်ရင်လှိုင်နဲ့ မျိုးရန်နောင်သိန်းရဲ့ ဗေဒါကျောင်းဟာ ချိတ်ဆက်မှု မရှိသေးဘူးဆိုတာ သေချာသလောက်ပါဘဲ။ ကာယကံရှင် ကိုကျော်ရင်လှိုင်လည်း ဗေဒါကျောင်းရဲ့ ဖိတ်ခေါ်ချက် ကြော်ငြာကိုဖတ်ပြီး ဘယ်လို ကောက်ချက်ချ မလည်း ဆိုတာထက် NLD မှာလုပ်မယ့် သူ့ပညာဝေငှမှုကို ဆက်လုပ်ဖြစ်၊ မဖြစ် ရင်လေးနေမယ့်ပုံပါဘဲ။ NLD ဆိုတာ ရာဇ၀င်နဲ့ နေခဲ့တဲ့ ပါတီကြီးတစ်ခုပါ။ ကနေ့ထက်တိုင် စစ်အုပ်ချုပ်မှုဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေးအတွက် ပြည်သူတွေအတွက် အားကိုးရာ ဘူမိနက်သန်ပါ။ NLD ဆိုတာနဲ့ အားလုံးက လှည့်ကြည့် ငဲ့ကြည့်ကြရပါတယ်။ HARDလိုင်းလို့ သတ်မှတ်ထားကြပါတယ်။ ကိုကျော်ရင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနိုင်ငံရေးသိပ္ပံပို့ချမှု ကိစ္စကို ညှိနှိုင်းတိုင်ပင်ခဲ့တယ်လို့ NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ထုတ်ဖော်သွားပါတယ်။ ကိုကျော်ရင်လှိုင် တစ်ယောက် NLD မှာ ကရားရေလွှတ်တာ မဆန်းလှပေမယ့် UMFCCI တို့ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှာ ဟောပြောခဲ့တဲ့ ပညာရှင်တွေ NLDကို ရွေ့မျောစီးဆင်းသွားတာ စတိုင်ဘောင်းဘီရှည်နဲ့ တိုက်ပုံကို တွဲမြင်လိုက်ရသလို ကျင့်သားမရသေးလို့ ပြောရင် ခံရမှာပါဘဲ။ "စစ်ဘက် အရပ်ဘက် တွဲရမယ်"မှာ သပွတ်အူလည်နေကြတဲ့ မြန်မာ့နိုင်ငံရေးဟာ စင်္ကြာ မှန်ပြောင်း ကြည့်ရသလို လက်ကလေးက လှည့်ပေးမှ အရောင်တွေ စုံတာမဟုတ်လား။ အောင်မျိုးထွန်း ၁- ၆- ၂၀၁၁ |
Posted: 01 Jun 2011 06:50 AM PDT သူငယ်ချင်းများ အားလုံး မင်္ဂလာပါ... အမေ့အိမ်ပညာဒါနကျောင်း( လှိုင်သာယာ ) 2011 ခုနှစ် ပညာသင်နှစ်အတွက် အတန်းများကို ယနေ့ 1st June မှ စတင်၍ သင်ကြားပေးနေပါပြီး။ ယနေ့ အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၄၇) ယောက် လက်ခံထားပြီး ဆက်လက်၍လည်း လာရောက် အပ်နှံနေကြဆဲ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမအင်အား (၂၀) ယောက်နှင့် မနက်(၇း၃၀ မှ ၉း၀၀) ( ၉း၃၀ မှ ၁၁း၀၀) အထိ ညနေ( ၂း၀၀ မှ ၃း၃၀ ) ( ၄း၀၀ မှ ၅း၃၀) (၅း၀၀ မှ ၆း၃၀ ) တစ်နေ့ လျှင် ( ၅ )ကြိမ် အထက်က အချိန်ဇယားအတိုင်း သင်ကြားပေးလျှက်ရှိပါတယ်။ လောလောဆယ် တစ်တန်းလျှင် ကျောင်းသား၊ကျောင်းသူ (၂၀) ယောက်နှင့်ခြောက်တန်းအတွက် စုစုပေါင်း (၁၂၀)ယောက်ကိုသာ ဖတ်စာအုပ်ကိုများ လှူဒါန်း ထားနိုင်ပါသေးသည်။ ကျန်ကျောင်းသားများအတွက် ဖတ်စာအုပ်နှင့်ဗလာစာအုပ်များ လိုအပ်လျှက် ရှိနေပါသေးသည်။ ကျောင်းသားတစ်ဦးအတွက် ဖတ်စာအုပ် တစ်စုံလျှင် (၁၅၀ ) ကျပ်နှုန်းဖြင့် ပညာဒါန ပြုနိုင်ပါသည်။ လေးစားစွာဖြင့် ကျောင်းပညာရေးကော်မတီ ကိုအေးဘို (၀၉ ၄၃၀၅၆၄၄၇) ကိုငယ် (၀၉ ၅၁၆၂၀၆၀) |
Posted: 01 Jun 2011 06:44 AM PDT အဖေ့ကို ပြန်လွှတ် ပေးကြပါတော့ (ကဗျာရှင် ဗမာ့သွေး) အဖေ......... သမီးဘ၀မှာ အဖေဆိုတာ ပြင်ပကမ္ဘာမှာ မမြင်တွေ့ရသေးပါဘူး ........။ မြင်ဘူးချင်လိုက်တာ အမေရယ်ဆိုတော့ ကြိတ်ပြီး ရှိုက်ကာ မျက်ရည်ကျတတ်တဲ့ အမေ့က အမြဲတမ်းလိုလို ၀မ်းနည်းစွာ ငိုကြွေးပြတဲ့ အခါတိုင်း အမေ့ကို တင်းကြပ်စွာဖက်ထားပြီး ခေါင်းရင်းခန်းက သမီးကို ချီထားတဲ့ အဖေ့ဓါတ်ပုံလေးကို ငေးကာကြည်ရင်း သမီးလည်း ရောလို့ မျက်ရည်တွေ ကျခဲ့ရတာ များလှပါပြီ အဖေ……….။ သူငယ်ချင်းတွေမှာ အဖေရှိလို့ ကျောင်းကို လိုက်ပို့ခဲ့ကြတယ် စားချင်တာတွေ ၀ယ်ကျွေးပြီး နွေးထွေးစွာ ကြင်နာပြနေကြတယ်…….. သမီးမှာတော့ တစ်ယောက်ထဲပါလားလို့ တွေးမိလိုက်တိုင်း အဖေ့ကို တမ်းတနေရတုန်းပါဘဲ အဖေ....။ သုံးယောက်ထဲ နဲ့ တည်ထောင်ထားတဲ့ မိသားစုမှာ အဖေမရှိတော့ မပြည့်စုံသလို ခံစားရတယ်လို့ အမေပြောတိုင်း အဖေ့ကို အရမ်းတမ်းတ မိတဲ့ အခါ အဖေ့ဓါတ်ပုံအောက်က အမှန်တရားကို လက်ကိုင်ထားလို့ ဒုက္ခခံစားရတာ ဒီမိုကရေစီ စံနစ် မထွန်းကားလို့ပါ ဆိုတဲ့စာသားလေးကို သေချာ နားမလည်ပေမယ့် အကြိမ်ကြိမ် စာလုံးပေါင်း ဖတ်နေဆဲပါဘဲ အဖေ……..။ တခါမှ မကြုံဘူးအောင် ရွှင်လန်းနေတဲ့ အမေ မှန်ရှေ့မှာ တသသနဲ့ ဖီးလိမ်းလို့ ချယ်သနေတယ်……. မသေချာတဲ့ အတွေးတစ ပေမယ့် အမေ့ကိုကြည့်ပြီး ပျော်မြူးခဲ့ရတယ်….. မနေနိုင်လို့ အမေ့လက်ကို ကိုင်စွဲပြီး ဘာကြောင့်လည်း ဆိုတာ မေးလိုက်တဲ့ အချိန် အမေ့စကားကြောင့် တကိုယ်လုံး မြှောက်တက်သွားတယ် အဖေပြန်လာတော့မယ်တဲ့……….။ သဘာဝ အတိုင်း နေထွက်လာတာ မှန်ပေမယ့် အဲဒီနေ့ ပိုလှသလိုဘဲနော် ဆိုတော့ အမေက ရီပြတယ်……..။ အဖေ့ အကြောင်းကို တွေးရင်း ပျော်မြူးနေတဲ့ သမီးနဲ့အမေ မနက်စာ အတွက် ၀မ်းဟာနေတာတောင် သတိမထားဖြစ်ခဲ့ကြဘူး……..။ ဒီလိုနဲ့ အဖေကို သွားကြိုဖို့ အတွက် ချီတက်ခဲ့ကြတယ်………..။ လူများစွာကို ငေးကြည့်ရင်းက ဘ၀တူတွေ အများကြီးပါဘဲလားဆိုပြီး အမေက အံ့သြစွာ စကားဆိုတာကို သေချာ နားမလည်ပေမယ့် တခုခုတော့ ခံစားရသလိုပါဘဲ….။ ထောင်ဘူးဝက အဖေထွက်အလာကို စိတ်လှုပ်ရှားစွာ သမီးစောင့်ရင်း အဖေထွက်လာခဲ့ရင် ပြေးဖက်မယ် ဆိုတဲ့ စိတ်ကူးလေးနဲ့ ကြည်နူးခဲ့တယ် အဖေ………..။ လူတစ်ယောက် ထွက်လာတိုင်း အမေ့လက်ကို ဆွဲကာ အဖေလား ဆိုပြီး သမီး ညွှန်ပြပေမယ့် ထွက်ပေါက်ကို စူးစိုက်ကြည့်နေတဲ့ အမေ စိတ်လှုပ်ရှားနေတယ် ဆိုတာ အေးစက်တဲ့ အမေ့လက်ဖျားတွေက သက်သေခံထားနေတယ်….. အဖေရယ်..။ သမီးတို့ နှစ်ယောက် ဗိုက်ဆာဖို့လည်း သတိမရကြပါဘူး………..ထောင်ဘူးဝမှာ မျှော်နေဆဲပါ…….. အဖေနဲ့ တူတူ ထမင်းစားမယ်ဆိုပြီး သမီးနဲ့ အမေ တိုင်ပင်ထားတယ် မြန်မြန်လာပါတော့ အဖေရယ်…..။ ဒီလိုနဲ့ နေတောင် အတော်စောင်းလို့ လူအပေါင်းလည်း ပြန်သွားကြပြီ သမီး အဖေလည်း မလာသေးပါလား ဆိုပြီး တုန်ရီနေတဲ့ အသံနဲ့ အမေပြောကြားရင်း အရုပ်ကြိုးပြတ် အမေလဲကျသွားပြီ အဖေ……..ရေ..။ ငယ်သံပါအောင် အော်လိုက်တဲ့ သမီး အသံကြောင့် လူတစ်ယောက် အမေ့ကို ပြေးထူမကာ အသဲအသန် လှုပ်နိုးပေမယ့် စိတ်ထိခိုက်လွန်းတဲ့ ဒဏ်ကြောင့် အသက်ပါသွားတဲ့အမေ သမီးကို ထားခဲ့ပြန်ပြီ ….အဖေရယ်……..။ မိခင် အလောင်းကို ဖက်ငိုကာ ထောင်ဘူးဝကို ငေးစိုက်ကြည့်ရင်း ကလေးငယ်လေးက နာကျင်စွာ ဟစ်အော်လိုက်တယ်. အဖေ့ကို ပြန်လွှတ်ပေးကြပါတော့။ ဒီမြင်ကွင်းနဲ့ အသံကြောင့် စိတ်လှုပ်ရှားသွားတဲ့ ကျနော် တုန်ရီနေတဲ့ လက်များကို ကြွေကွဲသွားတဲ့ နှလုံးသားက မောင်းနှင်လို့ ကဗျာတပုဒ် အဖြစ် မွေးထုတ်ကာ စဉ်းစားမိတာက သူတို့သာ လူသားမှန်ရင် ကိုယ်ချင်းစရာ တရားတော့ ရှိတန်ကောင်းပါရဲ့လို့တိတ်တခိုး ရည်ရွတ်လျှက်………..။ ဒီကဗျာလေးကို ဖတ်ပြီး မိတ်ဆွေတို့ ရင်ထဲက ခံစားချက်ကို ရင်ဖွင့်ပြချင်တယ် ဆိုရင် ဒီလင့်လေးကို နှိပ်ကာ လာရောက် ရင်ဖွင့်ပြဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ခင်မင် လေးစားလျှက် ဗမာ့သွေး |
You are subscribed to email updates from ဒီမိုဝေယံ |
No comments:
Post a Comment