Thursday 21 July 2011

“ဘဦးရေကူးနေသည် ဆေးကု၍မရပါ”





"ဘဦးရေကူးနေသည် ဆေးကု၍မရပါ"

by Soe Min on Saturday, 25 June 2011 at 12:51
      ငယ်ငယ်တုန်းက ပထ၀ီသင်တဲ့အခါ အိမ်နီးချင်းနိုင်ငံတွေအကြောင်း ကျက်ရတော့ ဘင်္ဂလား၊ လာအို၊ ထိုင်း၊ တရုတ်နဲ့  အိန္ဒိယလို့မှတ်ရသလိုပါပဲ။ ဆရာဝန်ဖြစ်တဲ့အခါ ကိုယ့်နိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းကို သူများတွေ သတ်မှတ်ထားတဲ့အနားက အိမ်နီးနားချင်းတွေ နံမည်ကြားလိုက်ရတဲ့အခါ ဇင်ဘာဘွေ၊ ဆိုမားလီးယား အီသီယိုးပီးယားဆိုတာတွေ တွေ့လိုက်ရတော့ "ဘူတွေတုန်းဟဲ့" လို့ လိုက်ပြီးစပ်စုမိပြန်ပါတယ်။ မဟုတ်က ဟုတ်ကတွေ၊ စော်တော်ကားမော်တော်ကားပြောတာတွေ၊ မိုးလုံးပြည့်မုသာဝါဒတွေလို့တော့ မျက်စိမှတ်ပြီး ငြင်းလို့မရဘူးပေါ့။  ဘီဘီစီကပြောတာလည်းမဟုတ်ဘူး။ ဗီအိုအေက ပြောတာလည်းမဟုတ်ဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဆိုတာကြီးက သူ့ဟာနဲ့သူ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ တိုင်းတာပြီး ပြောထားတာတဲ့။ အဲဒီဟာကြီးကလည်း တော်တော်မွှေတဲ့ ဒေါ်ဒေါ်ရွှေပါပဲ။ ဟိုးတခါတုန်းကလည်း ကျုပ်တို့နိုင်ငံကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းထဲ ထည့်ထားခဲ့လို့ ဥက္ကဌကြီးခမျာ ယမ်းပုံမီးကျနဲ့ ထရမ်းရင်း ကိုယ်ရှူးကိုယ်ပတ်ခဲ့ရပြီးပြီ။ အခုလည်း ကျုပ်တို့ဆရာကြီးတွေ တည်ဆောက်ပြုပြင် မြန်ပြေတခွင်နဲ့ သူ့ဘာသူ စိတ်အေးချမ်းသာ နေနေတာ သူလာလာနှောက်လိုက်ရင် မုဒ်က အောက်အောက်သွားတယ်။ ကိုယ့်ဟာကိုယ် ဘယ်နားနေနေ သူ့အလုပ်လား။ ကိုယ့်ရှိမှ ကိုယ်စားရတဲ့ဥစ္စာ။ အကူအညီအထောက်အပံ့တွေဆိုတာ စေတနာရှိလို့ ပေးချင်ပေး မပေးချင်နေ။ လူကို သူတောင်းစားစာရင်းတို့ပြီးမှ ပေးတာမျိုးကတော့ မလိုချင်ပါဘူး။ မရလို့ ငတ်သေလည်း ကိုယ့်အောက်မှာ အများကြိးရှိသေးတယ်။ ဟုတ်ဘူးလား။ သူတို့ဟာသူတို့ ဟိုဟာပိတ်သလေး ဒီဟာပိတ်သလေးနဲ့ ပြောနေတာတွေကတော့ ရယ်တောင် ရယ်ချင်ပါသေး။ ဒီကလည်း ပြန်ပြီး ပိတ်ထားလိုက်သမှ မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပါပိတ်ထားပြီးသား။ မှတ်ပလား။ ဘာမှ မကြည့်ချင်ကြနဲ့၊ မကြားချင်ကြနဲ့။ မပြောချင်ကြနဲ့။ `ကိုယ့်ထမင်းကိုယ်စားထား။ မင်းတို့မိန်းမတွေ မုဆိုးမဖြစ်ကုန်မယ်။ ဘူးတွားဟားဟား´  လို့ သမိန်ပေါသွပ်ကာတွန်းထဲကလိုပဲ ကြိမ်းပလိုက်တော့မယ်။ ဘာမှတ်သလဲ။ ဟွင်းဟွင်း။
           အများအားဖြင့်တော့ သူတို့တိုင်းတဲ့စံချိန်စံညွှန်းတွေမှာ မပါမဖြစ်ပါနေတာကတော့ ကိုယ်ဝန်ဆောင်မိခင်သေပျောက်နှုန်းတို့၊ မွေးကင်းစကလေးသေပျောက်နှုန်း၊ ငါးနှစ်အောက်ကလေးသေပျောက်နှုန်း၊ စတာတွေပေါ့။ မေးခိုင်ရောဂါတို့ ပိုလီယိုရောဂါတို့လို ကာကွယ်ဆေးမထိုးလို့ဖြစ်ရတဲ့ ရောဂါတွေဆိုလည်း မျက်ကလဲဆန်ပြာ မှတ်တမ်းတင်ကြတယ်။ ဒီဟာတွေ ကျဆင်းသွားအောင် ကျုပ်တို့ကျန်းမာရေးဝန်ထမ်းတွေလုပ်နေကြရတာလည်း ကမ်းကိုကုန်နေပြီ။ ဒီ့ထက်ဘာမှကို လုပ်စရာမကျန်တော့ဘူး။ အရပ်တကာလည်ပြီး ဗိုက်ကြီးသည်ရှာ ကာကွယ်ဆေးထိုး၊ ဆေးစိမ်ခြင်ထောင်ဝေ၊ အိမ်သာစစ်၊ ရေပုံးသွန်၊ လုပ်စရာမကျန်ရင် တစ်ကပြန်စနဲ့ အဖန်တလဲလဲ လုပ်ခဲ့ပြီးပြီ။ "ကလေးအမေတွေကျန်းမာရင် ကမ္ဘာကြီးအေးချမ်းသဟဲ့" ဆိုပြီး မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းကြီးလို လူမှုရေးအဖွဲ့အစည်းတွေကလည်း တီဗီထဲမှာကို မျက်စိနောက်လာလောက်အောင် မနေမနား လုပ်ပြနေကြသားပဲ။ နောက်ဆုံး ကျန်းမာရေးစာရင်းအင်းတွေတက်လာတာကအစ အလွန်အကျွံမရှိရလေအောင် ညှိညှိနှိုင်းနှိုင်းနဲ့ တင်ပေးနေကြသားပဲ။ ဒါတောင်မှ မကျသေးဘူးဆိုရင်တော့ ကျန်းမာရေးဝန်ထမ်းတွေဘက်က စောင့်ရှောက်မှုချို့တဲ့လို့ ဖြစ်ရတာ ဟုတ်ဟန်မတူဘူးနော်။
             ဒီလိုဆိုရင် ပြည်သူတွေဘက်က ကျန်းမာရေးအသိပညာ ချို့တဲ့လို့နေမှာပေါ့။ လာကြဟေ့။ ပညာပေးလိုက်ကြရအောင်ဆိုပြီး "မီးမီးရဲ့ ဗိုက်ထဲမှာ သန်ကောင်တွေ ချိတယ်" တို့၊ "လက်မည်းကြိး လက်မည်းကြိး" တို့၊ "ရုက္ခစိုးမင်း မနေနိုင်ပေါင်"တို့ ကလည်း အလွတ်တောင်ရနေပြီ။ တကယ်တော့ ပြည်သူတွေဘက်က ကျန်းမာရေးဝန်ထမ်းတွေကို အားမကိုးနိုင်တာ၊ ဆေးရုံဆေးခန်းကို ဦးတိုက်ပြီး ရောက်မလာနိုင်တာဟာ ကျန်းမာရေးအသိပညာချို့တဲ့လို့ မဟုတ်ပါဘူး။ အဓိကကတော့ ပိုက်ဆံမရှိလို့ပဲ ဖြစ်ပါတယ်။ ဒီတခါတော့ မသိတာထက် မရှိတာဘယ်လောက်ခက်မှန်းကို ပြည်သူတွေကြားထဲ ရောက်အောင်သွားပြီး အကဲခတ်ကြည့်လိုက်ရအောင်။
             ဝေးလံခေါင်းပါးတဲ့ ခက်ခဲတဲ့ အရပ်ဒေသတွေမှာ လူနာတစ်ယောက် ဆရာဝန်ဆီအရောက်ပို့ဖို့ စားရိတ်က တခါတရံမှာ တရွာလုံး စုပြီးထောက်ပံ့ပေးလိုက်ရတာပါ။ အဲဒါ လမ်းစရိတ်ပဲရှိသေးတာ။ ဆေးကုဖို့စားရိတ်က နောက်မှ ကျွဲရောင်း နွားရောင်း၊ အိမ်ပေါင်ပြီး လိုက်ပေးရတာ။ အမ်းဆေးရုံမှာ အသည်းအသန်လူနာတစ်ယောက်တက်ဖို့ဆို နောက်က လူလေးငါးခြောက်ယောက်လောက်က ဆန် ဆီ ထင်းစည်း ရေပုံး ရေခွက် စားအိုးစားခွက်နဲ့ ထော်လာဂျီတစ်စီးတိုက်လာရတယ်။ မန်ကျည်းရွက်တက်ခူးရင် အင်္ကျီလေးချွတ်ပြီး "အသားပြဲလို့ အသားစားရသတော်. အင်္ကျီပြဲရင် အကျီင်္စားမရဘူး" လို့ ပြောတတ်တဲ့ သူတွေက ဆရာဝန်နဲ့သွားပြဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ ဖိနပ်မစီးနိုင်လို့ ဖနောင့်သံစူးရင် အနာယဉ်းလို့ ငန်းဖမ်းနေတာတောင် ဆေးမြီးတိုနဲ့ ကျိတ်မှိတ်ကုပြီး မေးကြီးစေ့လို့ ပါးစပ်မဟနိုင်တော့မှ အရပ်က၀ိုင်းပို့လို့ ဆေးရုံရောက်လာတဲ့ လူနာနဲ့ ကြုံဖူးပါတယ်။ ခနခနတက်တတ်လွန်းလို့ တက်တက်စိန် လို့တောင် နံမယ်ပေးထားသေး။ အဓိက ပြောချင်တာကတော့ ဆရာဝန်ဆရာမတွေအားလုံးက အလကားကုပေးတယ်ဆိုရင်တောင် လူနာမှာတော့ အလကားမရပါဘူးလို့ သိစေချင်တာပါ။
         အဲဒီမှာတင် ဆေးရုံလည်းရောက်ရော အလကားဇာတ်လမ်းရှည်ကြီးက ဘုရားစူး မိုးကြိုးပစ် မြွေကိုက်လောက်ကို ရွာလည်တော့တာပါပဲ။ ဆေးရုံမှတ်ပုံတင်ဖို့ စာရွက်စာတမ်းကြေးလေး ငါးရာလောက်မှ မကောက်ရင် ဘယ်ပေါ်မှာ ပေထက်အက္ခရာတင်ါကြမှာတုန်း။ ဓါတ်မှန်ရိုက်ချင်တယ်။ ဓါတ်မှန်ဖလင်ဖိုးက ဗဟိုဆေးသိုလှောင်ရုံမှာ ထုတ်ခဲ့ကတည်းက ကိုယ့်ပိုက်ဆံနဲ့ကိုယ် အရင်စိုက်ထားရတာ။ ခေါက်ပြန်ပေးတောင်မရဘူး။ လမ်းစားရိတ် လက်ဖက်ရည်ဖိုးပေးခဲ့ရတာတွေ မပါသေးဘူး။ အလကားရိုက်ပေးလို့ရင် ဘယ်သူကစိုက်မှာတုန်း။ တစ်ယောက်ကိစ္စလည်းမဟုတ်။ သွေးစစ်ချင်တယ်။ သွေးသွင်းဖို့လိုတယ်။ အားလုံး ပိုက်ဆံပေးရတဲ့ အလကားဝန်ဆောင်မှုတွေချည့်ပဲ။ နောက်ပိတ်ဆုံး ကိုယ့်ဘာကိုယ် အလှူရှင်ရှာပြီး အလကားလှူပေးလိုက်တဲ့ သွေးတောင်မှ လူနာဆီကို အလကားစိးဆင်းမသွားဘူး။ အဲဒါ ဖြတ်စားလာဘ်စား လုပ်အားခ ၀န်ဆောင်ခ တစ်ပြားမှ မပါသေးဘူး။ ဆေးပြားတစ်ပြား မ၀ယ်ရသေးဘူး။ သောက်ကျိုးနည်းကို အလကားရတဲ့ အလကားကြီးပါပဲ။ အဲဒါတွေကို တကယ် အလကားရနိုင်တာ တစ်မျိုးပဲ ရှိတယ်။ ဗီအိုင်ပီလို့ခေါ်တယ်။ အဲလိုလူတွေလာတက်လို့ ငါးပြားတစ်စေ့ကောက်မိရင် အထုပ်သာပြင်ထားတော့။ မရှိရင် ရှိတာနဲ့စိုက်။ ဒါဟာ တောဆေးရုံကလေးရဲ့အတိုင်းအတာပဲ ရှိသေးတာပါ။ ဆိတ်အထွာတောင်မဟုတ်ဘူး။ ကြွက်အထွာ။ ရန်ကုန်က ဆင့်အထွာတွေဆို မှန်းသာကြည့်ပါတော့။
            ဒါကြောင့်မို့လို့ ဒီကလူနာတွေကို မဖြစ်မနေ ရန်ကုန် မန္တလေး လွှဲဖို့ သေသေချာချာ ရှင်းပြလိုက်ရင် သူတို့ဘက်က သဘောပေါက်တာက "မင်းရောဂါကို ငါမကုနိုင်တော့ဘူး။ အိမ်ပြန်ခေါ်ချင် ခေါ်သွားလို့ရပြီ" လို့ ပြောလိုက်သလိုပဲ။ နောက်တနေ့မနက် မိုးမလင်းခင် ဆင်းပြေးကြတော့တာ ဆယ်ယောက်မှာ ရှစ်ယောက်။ ထမင်းနပ်မှန်အောင် မနည်းရုန်းကန်နေရတဲ့သူတွေကို ရန်ကုန်မှာဆေးသွားကုဖို့ ပြောလာတဲ့ ဒီဆရာဝန်လောက် မိုက်တာရှိပါဦးမလား။ ခွဲစိတ်ဆရာဝန်မို့ ခွဲရင်းစိတ်ရင်း ကင်ဆာအလုံးအကျိတ်တွေ ထုတ်ပေးရတဲ့အခါမှာလည်း အသားစစစ်ဖို့ ပိုက်ဆံမရှိ၊ နောက်ထပ်ဆေးသွင်းဖို့ ပိုက်ဆံမရှိ၊ ဆက်လည်းမကုနိုင်တော့လို့ ချုပ်ရိုးဖြေပြီးဆေးရုံကဆင်းပေးလိုက်တာနဲ့ ပေါ်မလာဇာတ်ကား ရိုက်ကုန်ရော။ (ရုပ်ရှင်သာဆို ဆင်းရဲသားခန်းတွေများလို့ ဆင်ဆာဖြတ်ပလိုက်လောက်ပြီ။)
         အခုမှပဲ ဆေးကုတဲ့ဆီကို ရောက်တော့တယ်။ ဆရာလည်းကြည့်ပြိ။ အနာလည်းသိပြီ။ ဆေးလည်းရှိပါတယ်။ ဘာမှ မပူနဲ့။ ဒီစာရွက်ထဲက ဆေးတွေသာ ၀ယ်ပေး။ ဟုတ်ပြီလား။ ဥုံဖွ မမန်းဘူး။ ရေမန်း မတိုက်ဘူး။ ဆေးနဲ့ကုတာ။ ဆေးသာဝယ်ပေး။ အရင်ကလို စားရိတ်မျှပေးကျန်းမာရေး မဟုတ်တော့ဘူး။ ကိုယ့်စားရိတ်ကိုယ်ပေး ကျန်းမာရေး ဖြစ်သွားပြီ။ "နိုင်ငံတော်က ပြည်သူ့ဆေးရုံတွေအတွက် ထောက်ပံ့ပေးရတဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေရဲ့ ကုန်ကျစားရိတ်ဟာ တစ်နှစ်တစ်နှစ်ကို သန်းပေါင်းဘယ်လောက်ရှိသလဲ မင်းသိလား´ လို့ ကိုယ့်ဘာသာ ပြန်မေးကြည့်မိပါတယ်။ ခန့်မှန်းမိသလောက်တော့ ဘူတန်မှာတုန်းက သူတို့အစိုးရက ဆေးရုံတွေကိုထုတ်ပေးထားတဲ့ ပမာဏထက်တော့ သိပ်နည်းမယ် မထင်ပါဘူး။  ဒါတောင် ဆေးပဒေသာပင်တို့ အဖွဲ့အစည်းတွေ စီမံကိန်းတွေက လှူဒါန်းထားတာ မပါသေးဘူး။ ပေးကားပေး၏ မရတာ ဘာကြောင့်လဲလို့တော့ မေးမနေပါနဲ့တော့လေ။ စိုက်ကားစိုက်၏ ပြန်မရတွေကလည်းများတော့ စီမံခန့်ခွဲမှု အတတ်ပညာနဲ့ ဖြေရှင်းရတာနေမှာပါ။ ဒီလိုနဲ့ပဲ လူနာတွေခမျာ နာရေးဖျားရေးရှိလို့ ဆေးရုံတက်ရရင် အသက်နဲ့ စည်းစိမ်ကို အတိုင်းအတာတစ်ခုအထိ လဲယူရမှန်းသိလာတဲ့အခါ တချို့တချို့သော လူတန်းစားများအတွက် ပြည်သူ့ဆေးရုံ ဆိုတာတောင် ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်နေပြီလား မပြောတတ်ပါဘူး။
         ဒီလိုနဲ့ တို့ဗမာ သာကီမျိုးတွေလည်း စလောင်းထဲမှာ မြင်မြင်နေရတဲ့ ပိန်ခြောက်မည်းသည်း မျက်ကွင်းချောင် ကမ္မဌာန်းကောင်ကလေးတွေနဲ့ ပိန်မသာလိန်မသာနေရာမှာ တင့်တယ်စွာ စံမြန်းရတော့တာပေါ့ကွယ်။ အဲဒါတောင် ပုံမှန် အခြေအနေပဲ ရှိသေးတာ။ နာဂစ်မွှေလိုက်လို့၊ ဂီရိတိုက်လိုက်လို့ ကပ်သုံးပါးများ အဖျားခတ်သွားရင် စဉ်းစားသာကြည့်ပါလေ။ တကယ်တော့ ဆင်းရဲသားချင်း ယှဉ်လို့သာ ဖွတ်ကျောပြာစုနေတာပါ။ သတ္တိရှိရင် သူဌေးချင်း ယှဉ်ကြည့်ပါလား။ တို့ဆီမှာ ရဟတ်ယာဉ်ပျက်ကျတာလောက်ကို လမ်းသွားရင်း ဖိနပ်ပြတ်သလောက် သဘောထားနိုင်တဲ့ ကုဋေကြွယ် သူဌေးကြီးတွေလည်းရှိတယ်။ အင်္ဂလန်က ဘုရင်မကြီးနဲ့အပြိုင် စိန်တွေရွှေတွေသီးနေအောင် ၀တ်နိုင်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေလည်း ရှိတယ်။ ဘာမှ ဂုဏ်ငယ်စရာမလိုဘူး။ သူတို့ မဟုတ်မတရားစွပ်စွဲထားသမျှကို နောက်တခါ နိုင်ငံတော်ကားရိုက်တော့မှ တစ်ခွန်းမခံ ပြန်ချေပစ်မယ်။ ရှိရှိသမျှ မင်းသားမင်းသမီးတွေ အကုန် အလကား ခေါ်ရိုက်ပစ်မယ်။ ညလေးတို့ရေ .. ဆင်ဆာမျက်စိမှိတ်ထားတုန်း မတင်အိတို့ မရင်အေးတို့ အခန်းကလေးတွေနဲ့ လန်းကြလျှမ်းကြရအောင်။ ဟိုလူကြီးကို သီချင်းဆိုခိုင်းမယ်။ `ဘိုးဘိုးအောင် တပေါင်နဲ့ ပေါ်လာပြီ´ လို့။ (တော်ရောပေါ့ တပေါင်လောက်ဆို)


(ရရှိလာသောမေးလ်ကိုထပ်မံဖေါ်ပြပါသည်)

No comments:

Post a Comment