Thursday, 21 July 2011

ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ ကျင်းပပြုလုပ်တဲ့ (၆၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများ.. (ဓာတ်ပုံ)
Posted: 19 Jul 2011 07:37 AM PDT
အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် နိုင်ငံတော်အလံအား တိုင်ဝက်သို့ လျှော့ချခြင်းမရှိတဲ့ တိုကျို မြန်မာသံရုံး. ရှေ့မြင်ကွင်း



 ဓာတ်ပုံ ဦးသန်းဝင်းအား ကျေးဇူးတင်ပါသည်...။
(၆၄) နှစ်မြောက် အာဇာနည်နေ့ ၀မ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနား (ကိုရီးယား)

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးလူပ်ရှားသူများ၏ အနုပညာ ပြပွဲ



လေးစားစွာဖြင့်

Posted: 19 Jul 2011 02:53 AM PDT
အဖွဲ့ချုပ်ရုံးရှေ့မှာ အာဇာနည်ဗိမာန်သို့ ငြိမ်းချမ်းစွာနဲ့ ချီတက်အလေးပြုကြမယ့် ကျောင်းသား၊ ပြည်သူများ၊ အဖွဲ့ချုပ်လူငယ်များနဲ အတူတွေ့ရတဲ့ ကိုဇေယျာသော်... 
(ဓာတ်ပုံ ကိုဇေယျာသော် Facebook မှ)
ကိုဇေယျာသော်နဲ့ ပြည်တွင်းမှ လူငယ်အပေါင်းအား...
လေးစားဂုဏ်ယူလျှက်...
Posted: 19 Jul 2011 02:31 AM PDT
မြန်မာစစ်အခွန်ရုံးရဲ့ ဘေးဘက်မှ မြင်ကွင်း ဒီပုံကတော့ သံရုံး အဆောက်အဦးရဲ့ အပေါ်က အလံတိုင်ပါ..
သံရုံးမျက်နှာစာကမြင်ရတဲ့ အလံတိုင် မြင်ကွင်း...

ယနေ့ ဇူလိုင်လ ၁၉ရက်နေ့ဟာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးတဲ့  (၆၄)နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါတယ်။ ဒီလို တိုင်းပြည်ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတဲ့ အာဇာနည်နေ့ရောက်တိုင်း အစိုးရရုံးများနဲ့ နေအိမ်များမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ မြန်မာနိုင်ငံတော် အလံကို တိုင်တဝက်သို့ လျှော့ချလွှင့်တင်ပြီး အာဇာနည်ကြီးတွေကို ဂုဏ်ပြုခဲ့ကြတာပါ...။

ယနေ့ကျရောက်တဲ့ အာဇာနည်နေ့မှာတော့ တိုကျိုမြို့ ရှိနာဂါဝရပ်ကွက်ရှိ မြန်မာသံရုံးခေါ် စစ်အခွန်ရုံးမှာတော့ အလံတိုင်ကို တိုင်တဝက်သို့ လျှော့ချ လွှင့်ထူရမည့်အစား ပုံမှာ မြင်ရတဲ့အတိုင်း တိုင်အပြည့် လွှင့်ထူထားတာကို သံရုံးမျက်နှာစာနဲ့ သံရုံးအဆောက်အဦးအပေါ်ရှိ အလံတိုင်(၂)ခုလုံးမှာ မြင်တွေ့ကြရမှာပါ...။ ဒါဟာ လွတ်လပ်ရေးဖခင်ကြီးနဲ့ အာဇာနည်ကြီးတွေကို အလေးမမူ စော်ကားတာလား...။ ဒါမှမဟုတ် နေပြည်တော် အားရ တိုကျိုသံရုံး ပါးဝစေတဲ့ လုပ်ရပ်လားဆိုတာ လုပ်ဆောင်သူတွေ အသိဆုံးပါပဲ..။

ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အခန်းကဏ္ဍအား တစတစ မှေးမှိန်ပျောက်ပျက်အောင် လုပ်ဆောင်နေကြတဲ့ စစ်အာဏာရှင်များနှင့်  တိုကျိုမြန်မာသံရုံး၏ လုပ်ရပ်အား အပြင်းအထန် ကန့်ကွက် ရှုံချပါသည်...။

ယနေ့ အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ (၆၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှ အလံတိုင် မြင်ကွင်း
(ဓာတ်ပုံ AP)
ဓာတ်ပုံ ဦးသန်းဝင်း၊ ဒီမိုဝေယံ
Posted: 19 Jul 2011 01:55 AM PDT


အလေးပြုပါတယ်.... (မေလှမြိုင်)
(၆၄)နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ 

အာဇာနည် ခေါင်းဆောင်ကြီးများအား 
အလေးပြုပါတယ်...
ကိုသော်ကြီး ခံစားတင်ပြသည်...
Posted: 18 Jul 2011 10:38 AM PDT

အာဇာနည်နေ့ တေးသီချင်းများ... (မသီတာ DVB)

မနက်ဖန် အာဇာနည်နေ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် မနက် ၅ နာရီ အာရုံဆွမ်းကပ်လှူဒါန်းမည်။ နံနက် ၈ နာရီမှ ၁၀ နာရီအတွင်း ကျင်းပပြုလုပ်မည့် လက်ရှိ အစိုးရ အစီအစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ကုန်းသို့ သွားရောက်ပြီး လွမ်းသူ့ပန်းခြင်း ပို့ဆောင်မည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် အာဇာနည်နေ့ အခမ်းအနား ကို နံနက် ၁၁ နာရီတွင် စတင် ကျင်းပမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦးတို့က အမှာစကား ပြောကြားမှာ ဖြစ်ပါသည်။ နိုင်ငံခြား သံတမန်များကိုလည်း အခမ်းအနားသို့ ဖိတ်ကြားထားပါသည်။ ရုံးတွင်လည်း ဆွမ်းကပ်လှူဒါန်းပွဲလည်း ပြုလုပ်မ​ည် ဖြစ်ပါသည်။ 

ရုံးချုပ်မှာ စုရပ်ထားပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူဦးရေ ၁၀၀ ဦးခန့်က အာဇာနည် ဗိမာန်ကို ချီတက် လွမ်းသူ့ပန်းခွေချမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီအင်အားစုနဲ့ လူငယ်ကွန်ယက်တို့ တွဲပြီး၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်များ၊ ၀ါရင့် နိုင်ငံရေးသမားများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ လိုက်ပါကြမည်ဖြစ်ပါတယ်။ လူဦးရေ စာရင်းနဲ့ ပြည်ထဲရေးကို တင်ပြညှိနှိုင်းတာ ပြည်ထဲရေးက လူ ၁၀၀ ဦး လွမ်းသူ့ပန်းခွေ ကိုင်ဆောင်ပြီး အာဇာနည်ကုန်းသို့​ ချီတတ်ကြမည်ကို ခွင့်ပြုပေးသည်ဟု သိရပါသည်။ ဒါကြောင့် မနက်ဖြန် အာဇာနည်နေ့တွင် အေးချမ်းစွာဖြင့် အာဇာနည်ကြီးများကို ဂုဏ်ပြု ဦးညွတ်နိုင်လိမ့်မည် ဖြစ်ကြောင်း သိရပါသည်။

ပေးပို့သူ ကောင်းစုလင်းအား ကျေးဇူးတင်ပါသည်....။






သတိယပါတယ်... (ဝင်းဦး) 
ကိုသော်ကြီးခံစား တင်ပြသည်...။
Posted: 18 Jul 2011 07:59 AM PDT
၁၉၄၇ ခုနှစ် ဇန္နဝါရီလ ၂၇ရက်နေ့က အင်္ဂလန်နိုင်ငံသို့ အောင်ဆန်း အက်တလီစာချုပ်ချုပ်ဆိုရန် အမှတ်(၁၀) ဒေါင်းနင်းလမ်းသို့ ရောက်ရှိလာတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့အား 
ဝန်ကြီးချုပ် အက်တလီမှ ကြိုဆိုစဉ်မြင်ကွင်း ရုပ်သံ..
ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?o6a4hb9gnj9kalx
အမျိုးသားခေါင်းဆောင်ကြီး သို့မဟုတ် နှလုံးသားလှပတဲ့ သူရဲကောင်း
(ဆောင်းပါးရှင် ဗမာ့သွေး)
တိုင်းပြည် တာဝန် အမြင့်မားဆုံး စွမ်းဆောင်ကာ မိမိတို၏ အသက်ကို ပဓါန မထားဘဲ တိုင်းပြည် အတွက် ဆောင်ရွက်ရင်း ကျဆုံးခဲ့ရလို့ အာဇာနည်လို့ သတ်မှတ်ကာ တတိုင်းပြည်လုံးက အမြတ်တနိုးနဲ့လေးစားချစ်ခင်ကာ ပြည်သူလူထုနှလုံးသားမှာ ကဗ္မည်းမော်ကွန်း တင်ထားခဲ့တဲ့ သူရဲကောင်းတွေရဲ့ ပုံရိပ်တွေက ကမ္ဘာတည်အောင် တည်တံ့နေမှာ အမှန်ပါဘဲ။ ထိုအထဲကမှ သူရဲကောင်းတို့ အခေါင်ထွဋ်ဖျား ၊ မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင် တပ်မတော်သားတို့ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဘာကြောင့် သူတပါးတွေထက် ပိုမို ကျော်ကြားကာ ထင်ရှားနေရသလည်း ဆိုတာကို အဖြေရှာကြည့်ရင် သူရဲ့ လှပသော နှလုံသား အကြောင်းကိုလည်း မေ့ထားလို့ ရမယ် မထင်ပါဘူး ။


တိုင်းတပါးကျွန် ဘ၀မှာ နေရတာထက် သေရတာ ပိုမြတ်ပါတယ် ခံယူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ရာထူးကိုလည်း မမက် အာဏာကိုလည်း မခင်တွယ် ၊ အခွင့်အရေးမှန်သမျှကိုလည်း ရှောင်ရှားကာ တိုင်းပြည် အတွက် ကြိုးစားပုံလေးများထဲက ကျနော် ကြားနာ မှတ်သား ဖူးတာလေးများကို ပြန်လည် ဝေမျှလိုက်ပါတယ် ။

1940 ပြည့်နှစ် ဇန်န၀ါရီလ မှာ ဒို့ဗမာ့ အစည်းအရုံးရဲ့ အလုပ်မှုဆောင် အစည်းအဝေးကို မန္တလေးမြို့မှာ ကျင်းပလေသည် ။ ထိုအချိန်မှာ ဗြိတိလျှ လေဘာပါတီ ခေါင်းဆောင် ဆာ စတက်ဖို့ကရစ် က ဗမာနိုင်ငံ အခြေအနေကို လေ့လာဖို့ ရောက်လာခိုက်နဲ့ ကြုံလို့ ဒို့ဗမာ့အစည်းအရုံးဝင် များနဲ့တွေ့ဆုံခဲ့စဉ်က ထိုလေဘာပါတီ ခေါင်းဆောင်က သခင်အောင်ဆန်းတို့ အဖွဲ့ကို အခုလို ပြောပါတယ် ။

ဗမာပြည်ကို မရောက်ခင်က ခင်ဗျာတို့ အစည်းအရုံးဟာ လူရမ်းကားလေးတွေ ၊ ဆင်ခြင်တုံတရား ကင်းမဲ့ကာ သူပုန်ထဖို့ ကြိုးစားနေသူတွေ ၊ ပညာလက်မဲ့ အလုပ်လက်မဲ့တွေ စုပေါင်းနေတဲ့ အဖွဲ့အစည်းကြီးလို့ သိထားရတာ။ ဒီကိုရောက်မှ အားလုံး အမြီးနဲ့ခေါင်း လွဲနေသလို ဖြစ်နေတယ် ဆိုတာကို ပြောရင်း သဘောကျစွာ ဟားတိုက် ရီနေပါတယ်။

ထိုအခါ သခင်အောင်ဆန်းက ရယ်မောလျှက် ဒါက ဓမ္မတာပါဘဲ ။ အုပ်စိုးသူ အစိုးရ ဆိုတာ အုပ်ချုပ်ခံ လူတန်းစား အပေါ်မှာ အခုလို သဘောထားလေ့ရှိပါတယ် ။ အထူးသဖြင့် ကျနော်တို့က အတိုက်အခံ လုပ်နေတော့ သူတို့တွေ ဒီလို သတင်းလွှင့်ကြမှာပါဘဲ ။
တခုပြောချင်တာက ဗမာပြည်မှာ ရှိတဲ့ လူငယ်လူရွယ်တွေ ပညာမဲ့ အလုပ်လက်မဲ့ လူပေလူတေ လေးတွေ ဖြစ်ရတယ် ဆိုရင် ဘယ်သူ့ အပြစ်လည်း ။
ဗြိတိသျှ အုပ်စိုးခြင်း အောက်မှာ ဖြစ်ရတဲ့ အခုလို အဖြစ်အပျက် အတွက် ဗြိတိသျှ လူမျိုးတွေ ရှက်စရာ ကောင်းတာပေါ့ လို့ပြန်ပြောပါတယ် ။

ကရစ်ပ် ။ ။ တခုလောက် မေးစမ်းပါရစေ ၊ စပ်စုတယ်လည်း သဘောမထားပါနဲ့ ၊ ရင်းနှီးလို့ အခုလို မေးရဲတာပါ ။ ခင်ဗျာတို့က
အင်္ဂလိပ် လက်အောက်ခံ ဘ၀က လွတ်မြောက်ဖို့ ကြိုးစားနေကြတယ်။ ဘယ်လိုနည်းနဲ့လွတ်မြောက်အောင် လုပ်ကြမှာလည်း ။

သခင်အောင်ဆန်း ။ ။ နည်းကတော့ ကျန်ာတို့ တရားတယ် ထင်တဲ့ နည်းလမ်းနဲ့ ရအောင် ပြန်ယူမှာပါဘဲ ။

ကရစ်ပ် ။ ။ မစ္စတာ အောင်ဆန်း ပြောတာ သိပ် နားမလည်ဘူး ၊ ထပ်ရှင်းစမ်းပါအုံး ။

သခင်အောင်ဆန်း ။ ။ ရှင်းပါတယ် ။ တရားတယ် ထင်တဲ့ နည်းလမ်း ဆိုတာ ရရာ နည်းလမ်းနဲ့ လုပ်ရမယ်လို့ ဆိုတာပါဘဲ ။ ဥပမာဗျာ ခင်ဗျား အိပ်ထဲက ဖောင်တိန်လေးဟာ ကျနော်ပိုင်တဲ့ ဖောင်တိန် ဆိုပါတော့။ ခင်ဗျားက ကျနော့်ဆီက အနိုင်ကျင့်ပြီး လုယူသွားတယ် ထားပါတော့ ။ ဒီတော့ ကျန်ာက ခင်ဗျားကို ပြန်လည် တောင်းပန်ပြီး ပြန်ပေးပါလို့ ချော့တောင်းမယ် ၊ မရရင် နောက်တနည်းနဲ့ ပြန်တောင်းမယ် ။ ဒီလိုမှ မရတဲ့ အဆုံးကျတော့ မပေးဘူးလား ပေးမလား ဆိုပြီး ခြိမ်းခြောက်တောင်းမယ် ။ ဒါနဲ့မှ မရရင် ဟောဒီလို အတင်းလုမယ် ။

သခင်အောင်ဆန်းသည် ပြောပြာဆိုဆို ကရပ်စ်ဖို့ ၏ အိပ်ကပ်ထဲက ဖောင်တိန်ကို ဆွဲယူလိုက်ရာ ကရပ်စ်၏ ကုတ်အကျီ်အိပ်ကပ်ကြီးပါ ပြဲ၍ ပါလာတော့သည် ။

သခင်အောင်ဆန်းမှာ ဧည့်သည်တယောက်၏ အကျိံင်္ီ ပြဲသည်ကိုပင် အားမနာတတ် ၊ အလိုက်မသိတတ်ဘဲ ဆက်ပြောလိုက်သေးသည် ။ ကဲ အဲဒီနည်းဟာ ကျနော်တရားတယ် ထင်တဲ့နည်းဘဲ ။ ကျနော့် ဖောင်တိန်ပြန်ရတာ လိုရင်းဘဲ ။ ကရပ်စ်မှာ ဘာမှ မပြောနိုင်ဘဲ အားရပါးရ ဟားတိုက်၍ ရယ်မောနေတော့သည် ။

သခင်အောင်ဆန်းက ဆက်ပြီး ကဲ . အခုလို လုပ်ယူရတော့ ကောင်းသေးရဲ့လား ။ ကျနော့်မှတော့ ဖောင်တိန်ပြန်ရပါရဲ့ ခင်ဗျားမှာတော့ အင်္ကျီအိပ်ကပ် အပြဲခံရတာသာ အဖတ်တင်သာပေါ့ ။ စောစောကသာ ပေးလိုက်ရင် အင်္ကျီလည်း မပြဲဘူး ။ ကျနော့်လက်တောင် တော်တော် နာသွားတယ်။ ခု ကျနော် ပြောနေတာတွေက အပိုပြောတာလည်း မပါဘူး ။ ခြိမ်းခြောက်တာလည်း မဟုတ်ဘူး ။ တကယ်ဖြစ်လာနိုင်တာကို ပြောပြတာဘဲ ။

ကရပ်စ်မှာ ဘာမှ မပြောနိုင် ။ အူတတ်မတတ် ဖြစ်နေရှာသည် ။ နောက် အတန်ကြမှာ အို ချစ်စရာ ကောင်းတဲ့ အောင်ဆန်း ၊ ချစ်စရာ ကောင်းတဲ့ အောင်ဆန်းဟူ၍သာ ထပ်ကာထပ်ကာ ရေရွတ်၍ နေရှာပါတော့သည် ။

၎ရက် ၁ရက်၁၉၆၃ ခုနှစ် ကြေးမုံ သတင်းစာပါ သခင်တင်မောင် (ကျုံမငေး) တင်ပြထးတဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာမှ ကောက်နူတ်ချက်

ကိုယ်ပိုင် အုပ်ချုပ်ရေး နှင့် လွတ်လပ်သော တိုင်းပြည် အဖြစ်သို့ ရောက်ရှိစေရေး အတွက် ရန်သူကို ထိုသို့ သဘောထားကာ သံမဏိ စိတ်ဓါတ်ဖြင့် ဆက်ဆံခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် တကယ်တော့ နှလုံးသား လွန်စွာ လှပကာ ကိုယ်ချင်းစာ တရားဖြင့် လွန်စွာမှ ဂရုဏာ အားကြီးသည့် ပုဂ္ဂိုလ်ပင် ဖြစ်လေသည်။

စစ်သေနာပတိကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ရန်သူတွေနဲ့ ဆက်ဆံတဲ့ အခါ ကြမ်းတမ်းခက်ထန်သလောက် သူ့ရဲ့ နှလုံးသားက ဘယ်လောက် နူးညံ့သလည်း ဆိုတာကို ထိုစာလေးက ဖော်ပြနေတယ် ။

တိုင်းပြည်ရဲ့ အကြီးမားဆုံး ရာထူးကို ယူထားတဲ့ ဗိုလ်ချုပ်ဟာ ပဲပြုတ်နဲ့ နံပြားစားချင်တာကို အိပ်ပျော်နေတဲ့ သူ့ရဲ့ ချစ်ဇနီး အိပ်ရေးပျက်မှာ စိုးလို့ မနိုးရက်ဘဲ စာတိုလေးရေးပြီး မှာကြားထားတာလေးက တကယ့်ကို လေးစားဖွယ် ကောင်းတဲ့ နှလုံးသား အလှပိုင်ရှင်ပါဘဲ.....။ ငါက အိမ်ထောင်ဦးစီး ၊ တိုင်းပြည်ရဲ့ အကြီးအကဲ ဆိုတာတွေ မေ့ဖျောက်ပြီး အာဏာပါဝါ ကို အသုံးမချဘဲ ချစ်ဇနီးကို ချစ်ခင်မြတ်နိုးသည့် စိတ်ထဲက ဆန္ဒကို ရိုးသားစွာ ဖော်ပြထားတဲ့ ထိုစာလေးကို မြင်တိုင်း ကျနော် မျက်ရည်ဝဲခဲ့ရလို အိမ်ထောင်ဖက် အပေါ်ကို ထားရှိတဲ့ စေတနာက ယောက်ျားလေးတိုင်း အတုယူသင့်တယ်လို့ထင်မြင်ယူဆ မိပါတယ် ။

ကျနော်တို့ ဗိုလ်ချုပ် ရဲ့ လုပ်ဆောင်ချက်များကို ကြည်ညိုလေးစားလွန်းသေားကြောင့် စားဝတ်နေရေး ကြပ်တည်းနေတဲ့ သခင်အောင်ဆန်းကို အကူအညီပေးချင်လို့ ဒီရွှေထုပ်လေးကို အပ်နှံလာတဲ့ လူကို လုံးတီးဆန်ကို စုံကန်မြောနေရတဲ့ သခင်အောင်ဆန်းက ကျနော့် အတွက်က သိပ်အရေးမကြီးမလှပါ ။ အဖွဲ့ချုပ်မှာ ရန်ပုံငွေ လိုအပ်နေလို့ အဖွဲ့ချုပ်ကိုသာ သွားလှူလိုက်ပါလို့ အကြံပေးတော့ ရွှေထုပ်လာပေးတဲ့ ပုဂ္ဂိုလ်က သိပ်သဘောမကျပေမယ့် ဗိုလ်ချုပ်ကို ချစ်တော့ သူ့စကားကို မဆန့်ကျင်ဘဲ အဖွဲ့ချုပ်ကိုဘဲ သွားလှူပေးလိုက်ပါတယ်တဲ့ ။ အဲဒီအချိန်က သခင်အောင်ဆန်းအိမ်မှာ ဘယ်လို ဖြစ်ပျက်နေလည်း ဆိုတာ အောက်က အဖြစ်အပျက်လေးကို ဖတ်ကြည့်လိုက်ရင် ခင်ဗျားတို့ ပိုမို နားလည်သွားကြမှာပါ ။

ဗိုလ်ချုပ်အလုပ်သွားခါနီး သူ့ဇနီးသည်က သူ့အတွက် ပြင်ဆင်ပေးထားတဲ့ ထမင်းဖြူလေးနဲ့ ၀က်အူချောင်း ငါးတုံး လောက် မနက်စာကို စားတော့မယ့် အချိန်မှာ ဗိုလ်ချုပ်ရဲ့ အနားကို သူရဲ့ ရင်သွေးငယ် နှစ်ဦးက လာထိုင်လို့ ဗိုလ်ချုပ်ကိုယ်တိုင် ထမင်းခွန့်ကျွေးခဲ့ဘူးတယ်.....။
သားကြီးကို ခွန့်လိုက် သားငယ်ကို ခွန့်လိုက်နဲ့ သူ့ကိုယ်တိုင်တော့ တလုပ်မှ မစားရသေးပါဘူး ။ ရှိနေတဲ့ ဟင်းက ၀က်အူချောင်းလေး ငါးတုံး သူ့အတွက် ဆိုတာ ဘာမှ မကျန်တော့ပေမယ့် မိဘမေတ္တာကြောင့် ဗိုလ်ချုပ်ဟာ သူ့အတွက်ကို မေ့ထားပုံရပါတယ် ။ ဒီမြင်ကွင်းကို ကြည့်ရင်း သူ့ဇနီးသည်က အရမ်းကို ၀မ်းနည်းလို့ မျက်ရည်ရွှဲလဲ နဲ့ ငိုချင်နေပေမယ့် သူ့ ခင်ပွန်းသည် သိမှာ စိုးလို့ လိုက်ကာလေး အကွယ်က တိတ်တိတ်လေး ငိုကြွေးရင်းက အဖေ့အလုပ်သွားတော့မှာ သားတို့ရယ် .....မင်းတို့ အဖေကို မနှောက်ယှက်ပါနဲ့လို့ လှမ်းပြောလိုက်တယ်တဲ့.။

အဲဒီအချိန်မှာ သူတို့ မိသားစု ဖြစ်ပျက်နေပုံလေးကို အစ်ကိုကြီး အရင်းဖြစ်တဲ့ ကိုအောင်သန်းက သူတို့ အိမ်ကို ရောက်အလာမှာ မြင်တွေ့ရလို့ချုံးပွဲချကာ ငိုကြွေးပြီး ညီငယ်မိသားစုကို ကူညီဖို့ အရေး အတွက် သူ့ဇနီးသည်ကို ငွေမှာပြီး ပေးခဲ့ပြန်တယ် ။

တနိုင်ငံလုံးရဲ့ စစ်သေနာပတိ ရာထူးကို ယူထားကာ အမျိုးသား ခေါင်းဆောင်ကြီး ဖြစ်တဲ့ ညီငယ်ဟာ ထမင်းတောင် တူတူတန်တန် မစားရဘဲ ဖြစ်သလို စားနေရတာကို မြင်ရတော့ သူ့ရင်မှာ မချိခံစားရတယ်တဲ့ဗျာ.။ ကျနော်တို့သာ ဗိုလ်ချုပ်နေရာမှာ ဆိုရင် အဲဒီလို နေနိုင်ပါ့မလား လို့ တွေးမိရင်းက လေးစားလွန်းလှသလို ဒီလို စိတ်ရင်းစေတနာနဲ့ ပြည့်စုံတဲ့ ကျွန်ူပ်တို့ ဗိုလ်ချုပ်ဘ၀ ကို သနားချစ်ခင်ကာ ကျနော်လည်း မျက်ရည်တွေ ကျဆင်းခဲ့ရဘူးပါတယ် ။

လက်နက်တိုက်ထဲက လက်နက်တွေ ထုတ်သွားလို့ စိတ်ပူနေတဲ့ လူအများက ဗိုလ်ချုပ် လုံခြုံရေး အတွက် စိတ်ပူလို့ လုံခြုံရေး ပေးတော့ ကျနော်တို့ ဗိုလ်ချုပ်က သူ့အတွက် အပန်းမကြီးစေချင်လို့ ပြန်လည် ရုပ်သိမ်းခိုင်းတယ်ဗျာ.....။ ငါက မဟုတ်တာ မလုပ်တော့ လုပ်ကြံသူ ရှိမှာ မဟုတ်ပါဘူး တဲ့ ငါ့ကလေးတွေ အတွက် တော့ ငါစိတ်ပူတယ်ကွာ ဆိုပြီး ညီငယ်တစ်ယောက်လို ချစ်ခင်တဲ့ ကိုနေ၀င်းကို ဖွင့်ပြောတယ်တဲ့.။

သူ့မိသားစု အတွက် ၊ အထူးသဖြင့် သူ့ကလေးတွေ အတွက် တော့ စိတ်ပူရှာလို့ သူ့အိမ်မှာ လုံခြုံရေး ယူထားတဲ့ သူတွေကို လက်နက်ထုတ်ပေးဖို့ စီစဉ်ခိုင်းတယ်ဗျာ.....။ ကိုယ့်အတွက်တော့ မစဉ်းစားဘဲ သားသမီးတွေ အတွက် တွေးပူတတ်တဲ့ သူရဲကောင်းကြီးက ဖခင်ပီသတဲ့ စိတ်ဓါတ်လေးနဲ့ သူ့မိသားစု အပေါ်မှာတော့ အင်မတန်မှ ချစ်ခင်တဲ့ ယောက်ျားကောင်း ယောက်ျားမြတ်ကြီးပါလားဆိုပြီး အရိုအသေပေးမိပြန်ပါသေးတယ် ။

ကိုယ့်အသက်ထက် သားသမီးအရေး စဉ်းစားပေးခဲ့တဲ့ နှလုံသားလှတဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တကယ်ဆို သူသေမှာကို သိနေခဲ့သူဆိုတာ အောက်ပါ အဖြစ်အပျက်လေးက သက်သေခံထားပါတယ် ။

တိုင်းပြည်အတွက် နောက်ဆုံး အကြိမ် အရေးဆိုဖို့ အင်္ဂလန်ကို ရောက်နေတုန်း ညတညမှာ ဗိုလ်ချုပ်ဟာ ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အရေးတကြီး တွေ့ခွင့်တောင်းခဲ့ပါတယ်။ တိုင်းပြည် အရေးကို ဆွေးနွေးဖို့ ထင်မှတ်တဲ့ ဒေါ်မန်စမစ်က လက်ခံ တွေ့ဆုံတဲ့ အခါ ဗိုလ်ချုပ်က ဘာပြောသလည်း ဆိုတော့... ကျနော် အထီးကျန် ဖြစ်လွန်းလို့ ခင်ဗျားနဲ့ စကားပြောချင်လို့ပါ ပြောတဲ့ အခါ ဆာဒေါ်မန်စမစ် က အံ့သြသွားတယ် ။

တိုင်းပြည် တပြည်လုံးရဲ့ မျက်စိမျက်ဆန်လို ဖြစ်နေတဲ့ ခင်ဗျားလို့ အမျိုးသား ခေါင်းဆောင်ကြီးက အထီးကျန်ဆန်တယ်လို့ ပြောတော့ ကျနော်စိတ်ထဲမှာနားလည်လို့ မရဘူးလို့ ဆာဒေါ်မန်စမစ်က ပြန် ပြောတဲ့ အခါ ဗိုလ်ချုပ်အောင်ဆန်းက မျက်နှာက ချက်ချင်း တင်းသွားပြီး ကျနော် တိုင်းပြည်ကို လွတ်လပ်စေချင်လို့ နိုင်ငံရေးလုပ်ခဲ့တာပါ အမျိုးသားခေါင်းဆောင် ဖြစ်ချင်လို့ နိုင်ငံရေး လုပ်ခဲ့တာ မဟုတ်ဘူး ၊

ကျနော်တို့ တိုင်းပြည်ရဲ့ အမျိုးသားခေါင်းဆောင်ဘ၀ဟာ ဒီလောက် အထီးကျန်ဖြစ်လိမ့်မယ်လို့ တခါမှ မထင်ထားခဲ့ဘူး ။ ဒီမယ် ကျုပ်တို့ တိုင်းပြည်ရဲ့ အမျိုးသား ခေါင်းဆောင် ဘ၀က သက်တမ်း ဘယ်လောက် ရှိလိမ့်မယ် ထင်လည်း ။ အလွန်ဆုံး သုံးနှစ်ဘဲ ၊ အခု ကျနော် ၁၈ လ ရှိပြီ နောက်နေရလှ ၁၈လ ပါဘဲ လို့ ပြောရင်း ဗိုလ်ချုပ်က မျက်ရည်တွေ ကျဆင်းလာတယ် ။

ဆာဒေါ်မန်စမစ်က ဘာပြောသလည်း ဆိုရင် တကယ်ဆို သူဟာ သေမှာကို အတိအကျနီးပါး သိနေခဲ့သူပါ ။ ဗိုလ်ချုပ် မန္တလေးကို စည်းရုံးရေး ဆင်းသွားတော့ ရဟန်းပညာ ရှိ ၊ လူပညာရှိတွေက ဗိုလ်ချုပ်ဇာတာကို တွက်ချက်ကြည့်တဲ့ အခါ မကြာခင် လုပ်ကြံခံရလိမ့်မယ်လို့ တညီတညွတ်တည်း ထွက်ဆိုထားတာရယ် ၊ သူ့ရဲ့ ပင်ကိုယ် ဗီဇ ကြောင့်ရယ်လို့ သိနေရတဲ့ အကြောင်းအရင်း နှစ်ခု ရှိနိုင်တယ်တဲ့ ။

တကယ်ဆို ဗိုလ်ချုပ် မျက်ရည် ကျတာဟာ သူသေမှာကို ကြောက်လို့ မဟုတ်ပါဘူး ၊ အရမ်းရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ရှေ့မှာ ရင်ဖွင်ပြတဲ့ သဘောနဲ့ မျက်ရည်ကျသွားတာပါလို့ ဆာဒေါ်မန်စမစ်က သူရေးထားတဲ့ စာအုပ်ထဲမှာ ရှင်းလင်းပြခဲ့ဘူး တယ်.....။

ဗိုလ်ချုပ်ဟာ သူသေရမှာကို သိနေပေမယ့် တိုင်းပြည်အရေး ဆောင်ရွက်စရာ တွေ နှောင့်နှေးကုန်မှာ စိုးလို့ လွတ်လပ်ရး ဆိုတဲ့ ပန်းတိုင်အတွက် အရာအားလုံးကို ဥပက္ခပြုပြီးချီတက်သွားတဲ့ အမြင့်မြတ်ဆုံး သူရဲကောင်း တစ်ယောက်ပါ ။ ကျနော်တို့ တတွေ ဗိုလ်ချုပ်ကို တကယ်ချစ်တယ် ဆိုရင် ဗိုလ်ချုပ် ဖြစ်စေချင်တဲ့ ဆန္ဒများကို အမြန်ဆုံး အကောင်အထည်ဖော်ပေးနိုင်အောင် ကြိုးစားကြရလိမ့်မယ် ။

ကျနာ် စဉ်းစားမိတာ တခုက ဗိုလ်ချုပ်လို ရဲရဲတောက် သူရဲကောင်းကြီး တစ်ယောက်ကို တောင် မျက်ရည်ကျလောက်အောင် အတိုက်အခံ လုပ်ကြတဲ့ လူအများက ယခင်က ရှိခဲ့ကြ ပေမယ့် သူ့ရဲ့ ဦးတည်ချက် ဖြစ်တဲ့ လွတ်လပ်သော နိုင်ငံ အဖြစ်သို့ ရောက်အောင် ချီတက်သွားတာပါဘဲ ။ အတိုက်အခံများက နောက်ဆုံးနည်းလမ်းကို ကျင့်သုံးကာ လုပ်ကြံသတ်ဖြတ်ခဲ့လို့ မြန်မာနိုင်ငံ အတွက်ဆိုတာ အသာထား ကမ္ဘာမှာတောင် နှစ်တရာ အတွင်းမှာ တကြိမ်သာ ပေါ်ထွန်းနိုင်တဲ့ ကြယ်တပွင့် ရင်နင့်ဖွယ်ရာ ကြွေကျခဲ့ရပါတယ် ။

ယခုလည်း သူ့ရဲ့ ရင်နှစ်သည်းချာ တိုင်းပြည်ရဲ့ ရတနာတပါးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးမျိုး ၀ိုင်းဝန်း ထိုးနှက်နေကြတာဘဲ ။ ဒါတွေကို ကြည့်ပြီး တကယ် စိတ်မကောင်း ဖြစ်မိပါတယ် ။ ကိုယ့်အမှားကို ကိုယ်သိပြီး ပြင်ကြရင် အချိန်မှီတန် ကောင်းပါ့ရဲ့ဗျာ.။


ဗိုလ်ချုပ်အောင်ဆန်းက ပြောထားတဲ့ စကားလေး
တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာ ကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်မှာသာ အကျိုးရှိ နိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်"

ဒါပေမယ့် အခုချိန်မှာ လူတစုက ပြည်တွင်းပြည်ပလည်း ခွဲခြား ၊တိုင်းရင်းသား မျိုးနွယ်စုများကိုလည်း မသိမသာ သွေးခွဲနဲ့ စိတ်ပျက်စရာ သိပ်ကို ကောင်းတယ်ဗျာ.........။ အဲဒီလူတွေကဘဲ တော်လှန်ရေး ဆိုတဲ့ အသံကို လူတွေက မုန်းတီးနေကြကာ ပြည်သူလူထု နစ်နာပါတယ်လို့ အကြောင်းပြပြီး လက်ရှိအစိုးရ လုပ်ရပ်များကို မသိမသာ အားပေးကြပြန်တယ် ။ ။တကယ်ဆို တော်လှန်ရေး ဆိုတာ လူ့သမိုင်းတလျှောက်မှာ အင်မတန်မှ အရေးပါတဲ့ အခန်းဂဏ္ဍက ရပ်တည်ခဲ့တယ် ဆိုတာ သမိုင်းမှာ အထင်အရှားပြခဲ့ပါတယ် ။


မဟုတ်လျှင် မခံ ၊ မတရားလျှင် တွန်းလှန် ၊ ဖိလျှင် ကြွမည် ၊ ထိလျှင် ချမည် ဟူသော အမှန်တရားဘက်က ရဲရဲရင့်ရင့် ရပ်တည်ကာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်အောင် ကျနော်တို့ တိုင်းပြည်မှာ ကြီးစိုးနေတဲ့ အာဏာရှင် စနစ်ဆိုးကို ၀ိုင်းဝန်းတိုက်ထုတ်ကြပါစို့လို့ အသိပေးရင်း လေးစားစွာ နိုးဆော် တိုက်တွန်းရင်း ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား ဦးညွှတ်ကာ ဂါရ၀ပြုလျှက် ...။


ဒီဆောင်းပါးလေးနဲ့ပါတ်သက်ပြီး ပြောကြားစရာ များရှိခဲ့ရင် အောက်ပါလင့်လေးကို နှိပ်ကာ လာရောက် ရင်ဖွင့်ကြဖို့ လေးစားစွာ မေတ္တာရပ်ခံပါတယ် ခင်ဗျာ ။

ခင်မင်လေးစားလျှက်
ဗမာ့သွေး


Posted: 18 Jul 2011 07:59 AM PDT
ပုသိမ် ကန်သုံးဆင့်မှ ဗိုလ်ချုပ်ကြေးရုပ် (ဓာတ်ပုံ မြို့တော်ပုသိမ် သတင်းစာ)
တနေ့က မြို့တော်ပုသိမ် သတင်းစာ ဝက်ဆိုဒ်ကို ဝင်ကြည့်မိရင်းက ပုသိမ်မြို့ရဲ့ နာမည်ကျော် ကန်သုံးဆင့် မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်ကို တွေ့မိတော့ ၁၉၈၉ခုနှစ် နှစ်ဆန်းပိုင်းက ပုသိမ်ရောက်ရှိစဉ် အဖြစ်အပျက် တချို့ကို အမှတ်ရလိုက်မိပါတယ်...။

၁၉၈၈ခုနှစ် အရေးအခင်းပြီးလို့ ကျောင်းတွေပိတ်ထားချိန် ၁၉၈၉ခုနှစ် နှစ်ဆန်းပိုင်းက အမျိုးတွေရှိရာ ပုသိမ်ကို ခေတ္တရောက်ရှိခဲ့ပါတယ်...။ (ခေတ္တရောက်ရှိတယ် ဆိုတာထက် မိဘတွေ အစိုးရိမ်ကြီးစွာနဲ့ နယ်ပို့လိုက်တာပါ) ဆယ်ကျော်သက် အရွယ်ပေါ့..။ ပုသိမ်ကို ရောက်ရှိပြီး  ပုသိမ် သင်္ဘောဆိပ်မှ ကန်သုံးဆင့်အနီး တည်းခိုရာနေအိမ်ကို သွားရာမှာ  မြင်ရတဲ့ မြင်ကွင်းကတော့ မြို့လယ်လမ်းမကြီး ဖြစ်တဲ့ ပုသိမ်၊ မုံရွာကားလမ်းမ တလျှောက်မှာ စစ်မြေပြင် တစ်ခုကို ရောက်ရှိနေတဲ့ အလား မြင်တွေ့လိုက်ရတာပါ...။ လမ်းဆုံ လမ်းခွတိုင်းမှာ သဲအိတ်တွေချပြီး ကွန်မာန်ဒို စစ်သားတွေက အသင့် နေရာယူထားတဲ့ ပုံစံနဲ့ အင်အားပြနေကြတာပါ..။

ကားပေါ်ပါလာတဲ့ ဝမ်းကွဲညီကို မေးကြည့်ရာမှာတော့ ဟုတ်တယ် လာမယ့်ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်အတွက် ပုသိမ်လာမှာလေတဲ့ အဲ့အတွက် အင်အားပြနေတာတဲ့...။ ဧရာဝတီတိုင်း အဖွဲ့ချုပ်ရုံးကို ဖြတ်ကျော်သွားတဲ့ အခါအခါမှာတော့ ပင်နီတိုက်ပုံဝတ် အဖွဲ့ချုပ်လူငယ်တွေကို မျက်နှာဖုံး စွပ်ပြီး အာဏာပိုင်တွေက ကားပေါ်တင်ခေါ်သွားတာ အမှတ်တမဲ့ မြင်လိုက်ရတဲ့ အချိန်မှာတော့ ညီအကို(၂)ဦးလုံး တောက်ခေါက်သံ တပြိုင်တည်း ထွက်လာခဲ့ပါတယ်...။ ရန်ကုန်က မထွက်ခင်ကြားလာခဲ့တဲ့ သတင်းအရ ထိုစဉ်က တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင် ကြိမ်းဝါးထားသံကတော့ မြန်မာတပြည်လုံး ဒီမိုကရေစီ ရရချင်ရမယ်... ဧရာဝတီတိုင်းမှာ မရစေရတဲ့ သခင်အားရ ကျွန်ပါးဝလေသံ ပစ်ထားပါတယ်...။ ပုသိမ်ရောက်ရှိစဉ်မှာ ကြားလိုက်ရတဲ့ အသံကတော့ ပုသိမ်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာရင် လမ်းပေါ်ထွက် မကြိုဆိုရတဲ့ ကြိုဆိုတဲ့သူတွေ အရေးယူမယ်တဲ့...။ ထိုစဉ်က ညမထွက်ရ အမိန့်တွေ တနိုင်ငံလုံး ထုတ်ထားတဲ့ အချိန်ပေါ့...။


နဝတ ဗိုလ်ချုပ်တွေ တနိုင်ငံလုံး ထုံးသုတ်၊ ပန်းခြံတွေလုပ်နဲ့ အလုပ်များတဲ့ပုံ ခိုးနေချိန်ပေါ့.. ပုသိမ်ကန်သုံးဆင့်ကိုလည်း ပန်းခြံအဖြစ် ပြန်လည်မွမ်းမံနေသလို ပန်းခြံမှာ ထားမယ့် ဗိုလ်ချုပ်ကြေးရုပ်ကိုလည်း တည်းခိုရာနေအိမ်ရဲ့ မလှမ်းမကမ်း နေအိမ်မှာ သွန်းလုပ်နေတဲ့ အချိန်ပါ...။ မှတ်မှတ်ရရ ပုသိမ်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာတဲ့နေ့မှာ သွားကြိုမယ် အားခဲထားခဲ့ပေမယ့် မြို့အစွန်မှာ ရောက်ရှိနေတဲ့ ကျွန်တော်တို့အတွက် ကြားလိုက်ရတဲ့ သတင်းက နေ့မထွက်ရ အမိန့်တဲ့ဗျာ...။ ဘယ်နိုင်ငံတွေမှာ ထုတ်ပြန်ဖူးသလဲ မသိပေမယ့် မြန်မာပြည် ပုသိမ်မြို့မှာ ထုတ်ပြန်ခဲ့တာတော့ ရှိခဲ့တာ အသေအချာပါပဲ...။ သဘောင်္ဆိပ်ကို မသွားနိုင်တော့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ်မြို့ခံတွေ ကြိုဆိုတာ ကမ်းလုံးညွှတ်ပါပဲ။ ပုသိမ်ဆိပ်ကမ်းမှာ တာဝန်ကျတဲ့ မိတ်ဆွေတစ်ဦးရဲ့ အကို ဗိုလ်ကြီးတယောက် ပြောပြတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မြင်လိုက်ရတဲ့ အချိန်မှာ လေးစားကြည်ညိုစိတ်ကြောင့် Salute(အလေးပြု) ချင်တာ မနည်းထိန်းထားရတဲ့ အကြောင်း ပြောပြပါတယ်...။ ထိုဗိုလ်ကြီးလည်း နောက်ပိုင်း နယ်ပြောင်းခံလိုက်ရပါတယ်...။ Salute ပေးချင်တဲ့ စိတ်ကို မနည်းထိန်းပြီး ထမင်းဆိုင်ထဲ အမြန်ဝင်ထိုင်လိုက်ရတဲ့ အတွက်.. တာဝန်ချိန်မှာ ပျက်ကွက်မှုနဲ့ နယ်ပြောင်းခံရတာလို့ ညီဖြစ်သူက ပြန်ပြောပြပါတယ်..။

အဲ့ဒီ့နေ့မနက်က ပုသိမ်ဆိပ်ကမ်းက အခြေအနေတွေကို ကန်သုံးဆင့်ဘက်က ကျွန်တော်တို့ မြင်ခွင့်သိခွင့်မရခဲ့ပါ...။ သဘောင်္ဆိပ်ကိုသွားရင်း အနီးအနားက သစ်ထုတ်လုပ်ရေး ဝန်ထမ်းနေအိမ် တခုအတွင်း ခြံထဲမှာ နေ့မထွက်ရအမိန့်နဲ့ ပိတ်မိနေတာပါ...။ ခြံထဲမှာတော့ သစ်ထုတ်လုပ်ရေး ဝန်ထမ်းတွေရဲ့ TE 11 ဖယ်ရီကားလည်း နေ့မထွက်ရအမိန့်နဲ့ အတူပိတ်မိနေတာပါ..။ ဝန်ထမ်းတွေလည်း ကားပေါ်မှာ ငုတ်တုတ်ပေါ့ လမ်းပေါ်မှာ ပုသိမ်ပြည်သူ့ဆေးရုံမှာ ဆေးရုံတက်နေတဲ့ သမီးအတွက် ထမင်းသွားပို့မယ့် အမေအို တဦးရဲ့ မျက်ရည်တစမ်းစမ်းနဲ့ ခြံရှေ့ကို ရောက်လာတဲ့ မြင်ကွင်းတခုကို ယနေ့ထက်တိုင် အမှတ်ရနေပါတယ်...။ အမေအိုကို နေ့မထွက်ရ အမိန့်ကြောင့် ဆေးရုံ ထမင်းသွားပို့ခွင့် မပြုဘူးတဲ့ဗျာ...။ စဉ်းစားသာ ကြည့်ပါတော့.... ရိုင်းစိုင်းလိုက်ပုံတွေကတော့။ ဒါကတော့ ကိုယ့်မျက်စိရှေ့ လက်တကမ်းအကွာမှာ မြင်တွေ့နေရတဲ့ မြင်ကွင်းပါ..။ နေ့မထွက်ရ အမိန့်ကြောင့် တခြားနေရာတွေမှာလည်း ဒီလို ဒုက္ခရောက်နေသူတွေ အများအပြားပါ...။  တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်ရဲ့ အာဃာတ တရားကြီးမားတဲ့ ရှုးကြောင်ကြောင် လုပ်ရက်ကြောင့် အားလုံး ဒုက္ခရောက်ကြရတာပါ...။

နေ့လည်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်မှ ပုသိမ်မှာ နေ့မထွက်ရအမိန့်နဲ့ ပိတ်ထားတဲ့ လမ်းတွေကို လမ်းဆင်းလျှောက်ပြီး သစ်ထုတ်လုပ်ရေးဝန်း ရှေ့တည့်တည့်က အထက်ပါ ဗိုလ်ချုပ်ကြေးရုပ် ထုလုပ်နေတဲ့ နေအိမ်ခြံဝန်းအတွင်း ရောက်ရှိလာပြီး ထုလုပ်နေတဲ့ ဗိုလ်ချုပ်ကြေးရုပ်ပုံ ဗိုလ်ချုပ်နဲ့တူမတူ လာရောက် ကြည့်ရှု အကြံပြုသွားပါတယ်..။ လမ်းပေါ်မထွက်ရတဲ့အတွက် လှမ်းမြင်ရတဲ့ နေရာကနေပဲ လက်ခုပ်တီး အားပေးကြတဲ့ ပြည်သူတွေ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲ..။ ဒေါ်အောင်ဆန်းစုကြည် စစ်တပ်က ပိတ်ထားတဲ့နေရာတွေမှာ လမ်းဆင်းလျှောက်ပြီး ဝင်လာတဲ့အတွက် လမ်းတွေကို အာဏာပိုင်တွေက ဖွင့်ပေးလိုက်ရပါတယ်....။ နေ့မထွက်ရ အမိန့်လည်း အလိုလို ပျက်သွားပါတယ်...။

ကျွန်တော် ပုသိမ်ရောက်ရှိစဉ်မှာ ညနေတိုင်း မရိုးနိုင်အောင်မြင်ရတဲ့ မြင်ကွင်းကတော့ ကန်သုံးဆင့် အနီးက ဂေါက်ကွင်းကို ဂေါက်လာရိုက်တဲ့ ဗိုလ်ချုပ်မြင့်အောင်ပါ..။ အနောက်တောင်တိုင်း စစ်ဋ္ဌာနချုပ်ကနေ ဂေါက်ကွင်းကို လာရာလမ်းမှာတော့ ရှေ့ပြေး မော်တော်ပီကယ် ဆိုင်ကယ်နှစ်စီး စစ်ကားနှစ်စီးခြံရံပြီး ထိုစဉ်က 929 ကားအနက်ရောင်စီးပြီး အစောင့်အကြပ်များစွာနဲ့ ဂေါက်လာရိုက်တတ်ပါတယ်...။ တကယ့် အာဏာရှင်ဆန်ဆန် အခြံအရံနဲ့ ဂေါက်လာရိုက်တာပါ..။ ဘေးမှာ ဋ္ဌာနဆိုင်ရာ ဝန်ထမ်းအရာရှိတွေကလည်း ဘုရင်တဆူအလား အရိုအသေပေးပေါ့..။ ဧရာဝတီတိုင်း တခုလုံးကို ဒုက္ခပေးခဲ့တဲ့ ဗိုလ်ချုပ်မြင့်အောင်ရဲ့ ဘဝနောက်ဆုံး ဇာတ်သိမ်းကလည်း တဏှာရာဂ ဆေးတခု သုံးစွဲရင်း ဇာတ်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်...။ ထိုစဉ်က အဖြစ်အပျက်တွေကိုတော့ ယနေ့တိုင် မေ့မရပါဘူး...။ နေ့မထွက်ရအမိန့်တဲ့... မယုံမရှိပါနဲ့ လွန်ခဲတဲ့ ၂၂နှစ်ခန့်က တကယ်ဖြစ်ပျက်ခဲ့တာပါ...။ ပုသိမ်မြို့ခံတွေ သိကြမှာပါ...။

ပြောရရင်တော့ အာဏာရှင်တွေဟာ တကယ်တန်းကြတော့ အင်မတန် ကြောက်တတ်တဲ့ သူတွေဆိုတာပါပဲ..။ သူတပါးကို မယုံတော့ မိမိကိုယ်ကိုယ်လည်း မယုံတော့ပါဘူး...။ အရာရာကို အာဏာကိုထိပါးမယ် ဆိုတဲ့ အတွေးတွေ လွှမ်းမိုးနေတဲ့ အတွက် အခြေအနေမှန်ကို မသိနိုင်၊ မမြင်နိုင် လက်မခံနိုင် ဖြစ်နေကြရရှာတဲ့ ယဉ်ယဉ်လေးရူးနေတဲ့ စိတ္တဇ ဝေဒနာရှင်တွေပါပဲ...။ နေ့မထွက်ရ အမိန့်ကြောင့် ပြည်သူတွေ ဒုက္ခရောက်ကြမယ့် အရေးကို ကြိုတင်မစဉ်းစား မဆင်မခြင်ပဲ လတ်တလော ဆေးမြီးတိုနဲ့ ထင်ရာမြင်ရာ လုပ်ဆောင်တတ်ကြတဲ့ အာဏာရှင်တွေရဲ့ ရူးနှမ်းမှုပါပဲ..။ လတ်တလော အားဖြင့် ကင်ဆာကို ဘာမီတွန်နဲ့ ပျောက်အောင် ကုနေတဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်ကြောင့် တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေက သာဓကပါပဲ..။

အချုပ်အားဖြင့် ဆိုရရင်တော့ ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိ မကြားဘူးတဲ့ နေ့မထွက်ရအမိန့်ဆိုတာ ၁၉၈၉ခုနှစ်က မြန်မာပြည်ရဲ့ စပါးကျီ ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မြို့ကြီးမှာ နဝတတိုင်းမှူး ဗိုလ်ချုပ်မြင့်အောင် လက်ထက်မှာ ဧကန်အမှန် ဖြစ်ပျက်ခဲ့ကြောင်း  ကိုယ်တွေ့၊ မြင်တွေ့ခဲ့ရတာကို တင်ပြလိုက်ရပါတယ်။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment