Thursday, 21 July 2011



Posted: 19 Jul 2011 12:59 PM PDT
ကိုယ်တော် ကရုဏာ
(ဆောင်းပါးရှင် အရှင်ဥက္ကဋ္ဌ)
ပြီးခဲ့သည့် ရက်ပိုင်းလောက်ကအမေရိကန်နိုင်ငံတွင် ခေတ္တရောက်ရှိနေကြသည့် ဗန်းမော်ဆရာတော်ကြီး ဦးကုမာရာဘိဝံသနှင့် ဆရာတော်ကြီးများထံသို့ သာသနဥသျှောင်အဖွဲ့နှင့် သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ထုတ်ဝေသည့် စာအုပ် တစ်အုပ်နှင့် ပန်ကြားလွှာတစောင်တို့ကို ဆက်ကပ်ခဲ့ကြသည်ဟု ကြားသိခဲ့ရသည်။ ဗန်းမော်ဆရာတော်ကြီး ဦးကုမာရာဘိဝံသနှင့်အတူ မစိုးရိမ်ဆရာတော်ကြီး ဦးရာဇဓမ္မာဘိဝံသ၊ ဓမ္မဘေရီဆရာတော်ကြီး ဦ၀ီရိယ အစရှိသည့် ဆရာတော်ကြီးများလည်း အဆိုပါအခမ်းအနားတွင် ပါဝင်ခဲ့ကြသည်။ ဆက်ကပ်ခဲ့သည့် စာအုပ်အမည်မှာ "သံတိုင်နောက်ကမှတ်တမ်းများ" ဖြစ်ပြီး စစ်အစိုးရမှ ဖမ်းဆီးထောင်ချခြင်းကိုခံခဲ့ကြရပြီး နှိပ်စက်မှုများကို ခံခဲ့ကြရသော သံဃာတော်များ၏ ကိုယ်တွေ့ မှတ်တမ်းစာအုပ် ဖြစ်သည်ဟုသိရသည်။ ပန်ကြားလွှာထဲတွင် နိုင်ငံတော် ငြိမ်းချမ်းသာယာရေးအတွက် အယူအဆမတူသူတို့ သင့်မြတ်စွာ လက်တွဲပြီး တွေ့ဆုံဆွေးနွေးအဖြေရှာကြရန်၊ အယူအဆ ကွဲလွဲမှုများကြောင့် ဖမ်းဆီး ချူပ်နှောင်ခြင်း ခံထားရသော နိုင်ငံရေး အကျဉ်းသားများနှင့် ရဟန်းသံဃာတော်များ လွတ်မြောက်စေရန် နိုင်ငံတော် အစိုးရသစ်ကို မေတ္တာရပ်ခံပေးပါရန် ဟူသည့် စာများပါဝင်သည်ဟု သိရသည်။ ဆက်ကပ်ခဲ့သည့် စာအုပ်နှင့် ပန်ကြားလွှာများအရ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ နစ်နာစေနိုင်သည့် အပြုအမူမျိုး မပါဝင်သည့်အပြင် တိုင်းပြည်နှင့် လူမျိုးအကျိုး သာသနာအကျိုးတို့ကို ဦးစားပေးထားသည်ကို သတိထားမိသည်။

ယင်းကိစ္စများနှင့် ဆက်စပ်ပြီး ကြားသိရသူတို့အကြားတွင် လုပ်သင့်/ မလုပ်သင့် စသည့်ဝေဖန်မှု အမျိုးမျိုးထွက်ပေါ်ခဲ့သည်။ လူတိုင်းကိုယ်စီတွင် ခံယူချက်အမျိုးမျိုး ယုံကြည့်ချက် အမျိုးမျိုးရှိကြသည်မို့ သဘောထား ကွဲလွဲပိုင်ခွင့် ရှိကြပေသည်။ သို့သော် သဘောထားကွဲလွဲပိုင်ခွင့်ရှိသည်ဆိုတိုင်း မိမိအယူအဆမှ အမှန်ဟု ဆုပ်ကိုင်ထား၍မရနိုင်ပေ။ အကြောင်းဟုတ်၏ မဟုတ်၏၊ ဖြစ်နိုင်၏ မဖြစ်နိုင်၏စသည်တို့ကို အရာရာထောက်ဆပြီး အမှန်လမ်းကြောင်းကို လျှောက်လှမ်းဖို့လိုအပ်လှပေသည်။ အထက်တွင်ဖော်ပြခဲ့သည့် လုပ်ရပ်အပေါ် ဘ၀င်မကျဖြစ်နေပုံပေါ်သည့် ဆောင်းပါးရှင်သီတလကဆိုလျှင် "တစ်ခုသတိပြုစေချင်တာက ဗန်းမော်ဆရာတော်ဘုရားကြီးဆိုတာဟာ ငယ်စဉ်ကာလကတည်းက စာပေပညာဘက်ကိုပဲ တစိုက်မတ်မတ်နဲ့ ကြိုးစားအားထုတ်ပြီးပရိယတ် ပဋိပတ်တွေထဲမှာပဲစိတ်ကို နှစ်မြုပ်ထားတဲ့ဆရာတော်ကြီး ဖြစ်တယ်ဆိုတာပါ။ အခြားထွေလီကာလီကိစ္စတွေမှာ စိတ်ပါဝင်စားခြင်း ရှိတော်မူတယ် လို့တော့ ကျွန်တော် မကြားမိပါဘူး" ဟု ရေးထားသည်ကို ဖတ်လိုက်ရသည်။ (http://www.demowaiyan.co.cc/2011/07/blog-post_2104.html)။

မှန်ပါသည်၊ ဆရာတော်ကြီး၏ သီလ သမာဓိ ပညာတို့မှာ အပြစ်ဆိုစရာ မရှိလောက်အောင်ပင် လေးစားဖွယ်ကောင်းလှပါသည်။ ထို့ကြောင့် ဆရာတော်ကြီး၏ ကိုယ်ကျင့်သိက္ခာ ဂုဏ်အရည်အချင်းတို့နဲ့ ပတ်သက်ပြီး မည်သို့မျှစောဒကမတက်လိုပေ။ သို့သော် ဆောင်းပါးရှင်၏ စာထဲတွင် အသုံးပြုထားသည့် ပရိယတ်နှင့် ပဋိပတ် ဆိုသည့်အချက်ကိုတော့ ကောင်းစွာနားလည် သဘောပေါက်ထားသင့်သည်ဟု ထင်သည်။ ပရိယတ်ဟူသည် သင်ကြားခြင်းဖြစ်ပြီး ဘုရာဟောပိဋကတ်တော်များကို သင်ကြားခြင်းဟု ယေဘုယျအားဖြင့် မှတ်ရပေလိမ့်မည်။ ကျင့်သုံးမှုမပါသည့် သင်ကြားမှုမျိုးသည် နွားကိုသာကျောင်းနေရပြီး နွားနို့အရသာကို မခံစားရသည့် နွားကျောင်းသားပမာ ဖြစ်သည်ဟု မြတ်စွာဘုရားရှင်ကလည်း ဟောကြားထားတော်မူခဲ့သည်။ ကျင့်သုံးမှုဆိုသည်မှာ ပဋိပတ်ပင်ဖြစ်လေသည်။ ထိုကြောင့် မည်သည့်အရာများကို ကျင့်သုံးရမည် ကျင့်သုံးထိုက်သည် စသည်တို့ကို သိနိုင်ကြရန် ဘုရားဟောကျမ်းဂန်များကို ရှေးဦးစွာလေ့လာဖို့ လိုအပ်လှပေသည်။

နောက်တစ်ခုဖော်ပြထားသည့် ဆောင်းပါးရှင်၏ စာထဲတွင် "ဒကာ ဒကာမတွေ ဖူးတွေ့ခွင့်ရတဲ့, သာသနာတော်မှာ ရတောင့်ရခဲ ဆရာတော်ဘုရားကြီးကို ဖူးတွေ့ရတုန်းမှာ နိုင်ငံရေးအရ အပူမကပ်ဘဲ သာသနာရေး ရှုထောင့် တစ်ခုတည်းကပဲချဉ်းကပ်ပြီး ကုသိုလ်ယူကြစေချင်ပါတယ်" ဟု ရေးထားသည်ကိုတွေ့ရပြီး နိဂုံးတွင် "သာသနာရေးသက်သက်ကိုသာ စူးစူးစိုက်စိုက် ဆောင်ရွက်တော်မူကြတဲ့ ဆရာတော်ဘုရားကြီးများကိုလည်း သာသနာရေး ရှုထောင့်အရ လေးစားကြည်ညိုကြရမှာ ဖြစ်ကြောင်းပါခင်ဗျား" ဟုဖတ်လိုက်ရသည်။

ဆောင်းပါးရှင်၏ ဆရာတော်ကြီးများနှင့် စာဖတ်သူတို့အပေါ်ထားသည့် ၄င်း၏စေတနာ မေတ္တာတို့ကိုတော့ အသိအမှတ်ပြု တန်ဖိုးထားရမည်ဖြစ်ပေသည်။ သို့သော် သူစကားထဲတွင် အသုံးပြုထားသော သာသနာဆိုသည့် စကား၏ အကျိုးထိရောက်မှုကို လည်းသိစေချင်သည်။ သာသနာဆိုသည်မှာ အများသိထားကြပြီးဖြစ်သည့်အတိုင်း မြတ်စွာဘုရား၏ အဆုံးအမစကားတော်များဖြစ်ပြီး သာသနာပြုခြင်းဟူသည်မှာ ၄င်းအဆုံးအမ တရားတော်များကို ကိုယ်တိုင်လည်းကျင့်သုံး လူအများကိုလည်း လိုက်နာကျင့်သုံးနိုင်အောင် ဆောင်ရွက်လုပ်ဆောင်ခြင်းဖြစ်သည်။ ယင်းအစဉ်အလာကို ဘုရားရှင်မှစ၍ ရှေးအစဉ်အဆက် ဆရာတော်ကြီးများလည်း လိုက်နာကျင့်သုံးခဲ့ကြသည်ကို တွေ့ရှိရပေသည်။ ဤနေရာတွင် မြတ်စွာဘုရားရှင်၏ နိုင်ငံရေးကိစ္စများတွင် မည်မျှအတိုင်းအတာအထိ ပါဝင်ခဲ့သည် ဆိုသည်တို့ကို ဤဆောင်းပါးရှည်လျားမည်စိုး၍ ဖော်မပြလိုတော့ပေ။ ယင်းအစား မြန်မာနိုင်ငံတွင် ထင်ရှား ကျော်ကြားခဲ့ကြသည့် ဆရာတော်ကြီးများအနက် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် ဘုရားကြီး အရှင်ဇနကာဘိဝံသနှင့် ဝေဘူဆရာတော်ဘုရားကြီးတို့၏ နိုင်ငံနှင့် လူမျိုးအပေါ် ထားရှိသည့် ခံယူချက်အမြင်သဘောထား များစွာထဲမှ တစ်စိတ်တစ်ဒေသမျှကိုသာ တင်ပြလိုသည်။

မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ သဘောထားရပ်တည်ချက်ကို ဆရာတော်ကြီး ကိုယ်တော်တိုင် ရေးထားခဲ့သည့် ထေရုပ္ပတ္တိတစ်နေရာတွင် အောက်ပါအတိုင်း တွေ့ရှိနိုင်သည်။ "တပည့်တော်က သာသနာရေးစိတ်နဲ့ချည်း ကြိုးစားတာမဟုတ်ပါဘူး၊ နိုင်ငံရေးစိတ်နဲ့လည်း ကြိုးစားတာပါ။ ဗုဒ္ဓမြတ်စွာရဲ့ အမွေအနှစ်ဖြစ်တဲ့ သာသနာတော်ကြီးကိုလည်းကောင်း၊ သာသနာတော်ကို ကြည်ညိုထောက်ပံ့ကြတဲ့ ဒကာ ဒကာမတို့နေရာ နိုင်ငံတော်ကိုလည်းကောင်း အင်မတန် သာယာစေလိုတဲ့ ဆန္ဒ တပည့်တော်မှာ ပြင်းပြနေပါတယ်ဘုရား၊ ပြီးတော့လည်းသာသနာတော်ကို အကြောင်းပြပြီး နိုင်ငံပါ အေးချမ်းသာယာတယ်ဆိုတဲ့ ဂုဏ်ကိုအလွန်လိုချင်ပါတယ်"။ ယင်းစာပိုဒ်ကလေးကို ကြည့်ရုံမျှဖြင့် ဆရာတော်ဘုရားကြီး၏ နိုင်ငံနှင့် လူမျိုးချစ်စိတ် တာဝန်သိစိတ်တို့ကို သိရှိနိုင်ပေသည်။

နောက်ထပ် မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားခဲ့သည့် ကျောက်ဆည်မြို့ ဝေဘူဆရာတော်ကြီးကတော့ တစ်ခုသောညနေခင်းမှာ မိမိကျောင်းသို့ ရောက်ရှိနေကြသည့် ဒကာ ဒကာမပရိသတ်တို့အား ထုံးစံအတိုင်း တရားမဟောမှီ သီလပေးအပြီး စကားအဆက်စပ်မရှိပဲ "ဒို့ကိုရှာပါ၊ ဖွေပါ၊ အကုန်ပြနိုင်တယ်၊ ဒို့များဟာ ဘုရားအဆုံးအမ အတိုင်းနေတဲ့ တောထဲက ရဟန်းတွေပါ" ဟု ပထမပြောပြီး ခဏအကြာတွင် "ယခု မင်းလုပ်နေတဲ့သူတွေဟာ တိုင်းသူပြည်သားတွေကို ဆင်းရဲအောင်လုပ်နေတယ်၊ ဒါကြောင့် ဘုရားရှင် သာသနာတော်လဲ ညှိုးနွမ်းရတယ်၊ တိုင်းသူပြည်သားတွေ ချမ်းသာရင် သာသနာလဲ ထွန်းတောက်မှာ အမှန်ပဲ"ဟု ရဲရဲတောက် မိန့်ခဲ့သည်ဟုသိရသည်။

ယင်းကဲ့သို့ပြောလိုက်ခြင်းမှာ ဆရာတော်ကြီးအနေဖြင့် နာမည်ကြီးခါစဖြစ်၍ ဆရာတော်၏နောက်သို့ လိုက်ပြီး စုံစမ်းထောက်လှမ်း သတင်းယူနေကြသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများ ပရိသတ်အတွင်း ရှိနေသည်ကိုသိ၍ ယခုကဲ့သို့ ရဲရဲတောက် ပြောဆိုလိုက်ခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။ မည်သို့ပင်ဆိုစေ ဆရာတော်ကြီးများ အစဉ်ဆက်သည် အမျိုးဘာသာ သာသနာအတွက် ကြောင့်ကြမဲ့ မနေနိုင်ကြပဲ သတ္တ၀ါအများ ချမ်းသာရေးအတွက် စွမ်းအားရှိသမျှ ဆောင်ရွက်တော်မူကြရင်း မိမိတို့နှလုံးသားဝယ် ကိန်းအောင်းနေသည့် မေတ္တာ ကရုဏာတို့ကို ၀စီကံမြောက် ထုတ်ဖော် မြွက်ဟလိုက်ကြခြင်းဖြစ်သည်။ သတ္တ၀ါများအပေါ်ဝယ် ထားရှိသည့် ဆရာတော်ကြီးများ၏ (၀ါ) ကိုယ်တော်တို့၏ ကရုဏာကား စံပြုထိုက်လှပါပေစွ ။ ။

အရှင်ဥက္ကဋ္ဌ
Posted: 19 Jul 2011 12:59 PM PDT
ILBC နှင့် အမေ့အိမ် ( မ/ဥက္ကလာ)

လူကြီးမင်းများ ခင်ဗျား.....

လူကြီးမင်းတို့၏ သားသမီးများ ILBC, TOTAL, MIS ကဲ့သို့ Int'l School များတွင် Air con ခန်းများ၌ အေးချမ်းစွာ ပညာ သင်ကြားနေကြသကဲ့သို့ ကျနော်တို့၏ သားသမီးများလည်း အမေ့အိမ်ကဲ့သို့ အခမဲ့ ပညာဒါန ကျောင်းလေးများတွင် အေးချမ်းစွာ ပညာသင်ကြားခွင့်ပြုပါ။

ကျနော်တို့၏ သားသမီးများသည် S'pore, Austria ကဲ့သို့ ပြည်ပနိုင်ငံများကိုလည်း သွားရောက်ပညာ မသင်ကြားနိုင်ပါ။ ILBC, TOTAL, MIS ကဲ့သို့ ပြည်တွင်းရှိ Int'l School များတွင်လည်း တက်ရောက် ပညာမသင်ကြားနိုင်ကြပါ။ နောက်ဆုံး မိမိတို့ မြို့နယ်အတွင်းရှိ နာမည်ကြီး အစိုးရကျောင်းသို့ပင် အပ်နှံရန် မတတ်နိုင်သော မိသားစုများမှ ကလေးများဖြစ်ကြပါသည်။ အချို့ကလေးများဆိုလျှင် ကျောင်းပင် မနေနိုင်ကြပါ။

လူကြီးမင်းတို့၏ သားသမီးတစ်ယောက် ILBC တွင် တစ်လ ပညာသင်စရိတ်သည် ကျနော်တို့ အမေ့အိမ်ကျောင်းမှ ကလေး အယောက် (၃၅၀) ကို တစ်လ ပညာသင်ကြား ပေးနိုင်ပါသည်။ ထိုကလေးများ၏ အနာဂတ်သည် ကျနော်တို့ တိုင်းပြည်အနာဂတ်၏ တစ်စိတ်တစ်ဒေသ ဖြစ်သောကြောင့် ထိုကလေးများ အနာဂတ်လှပဖို့အတွက် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးနေသော အမေ့အိမ် ပညာဒါန အခမဲ့ကျောင်းလေးများကို ဖိအားပေးခြင်း ၊ပိတ်ပင်ခြင်းများ မပြုလုပ်သင့်ပါ။ 

မ/ဥက္ကလာပ အမေ့အိမ် အခမဲ့ပညာဒါန ကျောင်းလေးသည်.. မည်သူတစ်ဦး တစ်ယောက်မျှ မနေသည့် လမုတောကိုရှင်းပြီး ဆောက်လုပ်ထားခြင်း ဖြစ်ပါသည်။ မည်သူကိုမျှ ထိခိုက်နစ်နာခြင်းမရှိပါ။ အလွန်ဆင်းရဲနွမ်းပါးသော ကလေးများ ကိုပညာသင်ကြား ပေးနေခြင်းသာ ဖြစ်ပါသည်။

လူကြီးမင်းများ ကိုယ်တိုင်လာရောက် လေ့လာကြည့်စေချင် ပါသည်။ အမေ့အိမ် အခမဲ့ပညာဒါန ကျောင်းလေးများသည် တည်ဆဲဥပဒေနှင့် မညီညွတ်ဟု အကြောင်းပြ၍ လည်း မတားဆီးသင့်ပါ။ တာဝန်ရှိလူကြီးများ အပိုင်းမှ ကလေးများရဲ့ အနာဂတ် အရေးအတွက် အလေးအနက်ထားစဉ်းစားပြီး သင့်တော်မည့် နည်းလမ်းဖြစ် ကူညီပေးသင့်လှပါသည်။ ပညာရှိ လူကြီးလူကောင်းများပီသစွာ သားသမီးချင်း ကိုယ်ချင်းစာနာသော မေတ္တာ ဂရုဏာစိတ် ထားသင့်လှပေသည်။

မူအသစ်ဖြစ် ကျနော်တို့ တိုင်းပြည်အားပြန်လည် တည်ဆောက်နေသည့် ယခုလို အချိန်ကာလတွင် အတွေးအခေါ် အသစ်များ၊ အကျင့်အကြံ အသစ်များဖြစ် ပြည်သူအချင်းချင်း ရိုင်းပင်းကူညီ ပူးပေါင်း ဆောင်ရွက်ကြမှသာလျှင် ကျနော်တို့ အားလုံးမျှော်မှန်း သော နိုင်ငံတော်သစ်ကြီးကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း အလေးအနက် တိုက်တွန်းအပ်ပါသည်။

အားလုံးကို လေးစားစွာဖြင့်
ကိုငယ် ( ၀၉ ၅၁၆၂၀၆၀ )

Posted: 19 Jul 2011 12:37 PM PDT
 ဒေါ်အောင်ဆန်းစုကြည်ရဲ့  လွမ်းသူ့ပန်းခွေ ဘယ်မှာလဲ 
(ဆောင်းပါးရှင် အောင်မျိုးထွန်း)
အာဇာနည်နေ့ ရန်ကုန်မြို့ မနက်ခင်းလေး ကြည်ကြည်သာသာ ရှိပါစေလို့ ကျွန်တော့်ဆုတောင်း အမှန် ပြည့်ဝခဲ့ပါတယ်။ မိုးမရွာ နေမပူ နိုင်ငံရေးသမားများအကြိုက် ရာသီဥတုလေးမှာ ရပ်ကွက်ထဲက သူငယ်ချင်း နှစ်ယောက်နဲ့ အတူ နံနက် ၁၀း ၃၀နာရီခန့်၊ လင့်ခ်လမ်းမှတ်တိုင်ကို ဘတ်စ်ကားစီးပြီး ရောက်ခဲ့ပါတယ်။ ကားပေါ်မှာထဲက ဂျင်းဘောင်းဘီရှည်ဝတ် လူငယ်လေးနှစ်ယောက်နဲ့ စကားပြောဖြစ်ပြီး သူတို့လည်း ဗိုလ်ချုပ်ကို အလေးသွားပြုမယ်ပြောလို့ ကျွန်တော် သူတို့နှစ်ယောက်ကို စိတ်ထဲက ချီးကျူးလိုက်လိုက်မိတယ်။ "တို့လူငယ်တို့ ဗိုလ်ချုပ်" မဟုတ်ပါလား။

အာဇာနည်ကုန်းဘက်ကို ကျွန်တော်တို့ ဦးတည်လိုက်တဲ့အခါ လုံခြုံရေးမြောက်မြားစွာကို ရုတ်တရက် တွေ့ လိုက်ရပါတယ်။ ရဲ၊ မီးသတ်၊ ကြက်ခြေနီ၊ အရပ်ဝတ်စုံထောက် ထောင်ဂဏန်းမျှဟာဗိုလ်ချုပ်ကို လာရောက် ဂါရ၀ပြုမယ့် ပြည်သူတွေကို တရံမလပ်ညွှန်ကြားနေပြီး ဝေါ်ကီတော်ကီ၊ မိုဘိုင်းဖုန်း၊ ကင်မရာ အကြီးအသေး မျိုးစုံ၊ စာအုပ်ဘောပင်တွေအသီသီးနဲ့  စောင့်ကြပ်နေပါတယ်။ ပထမအဆင့်မှာ ပါလာတဲ့ ဖုန်း၊ ကင်မရာ၊ အိတ်တွေကို မှတ်တမ်းသွင်းပြီး ထားရစ်ခဲ့ရပါတယ်။ ကျွန်တော်တို့မှာ အဲဒါတွေ ဘာမှပါမလာလို့ နောက်တစ်ဆင့်အနေနဲ့ ကန်လန့်ကာအပြာကြီး ချထားတဲ့အလုံပိတ် တဲရုံလေးထဲ ၀င်ရောက်ပြီး ခန္ဓာကိုယ်ကို စိမ်ပြေနပြေစစ်ပါတယ်။ ကျွန်တော့်ရဲ့ စီးကရက်ဘူးနဲ့ ထီးရှည်ကြီးကို ယူဆောင် သွားခွင့်ပြုတဲ့အခါ အာဇာနည်ကုန်းဝင်းထဲကို သူတို့ သတ်မှတ်ထားတဲ့ ဂိတ်ဝကနေ ၀င်ရောက်ခဲ့ပါတယ်။

ဟိုကြည့်ဒီကြည့်လုပ်၊ နည်းနည်းမတ်တပ်ရပ်လိုက်ရင် ရှေ့ကို မြန်မြန်ဆက်သွားဖို့ လုံခြုံရေးပုဂ္ဂိုလ်များက အမိန့်ပေးနေပါတယ်။ ၀င်လာတဲ့လူမှန်သမျှကို ဗီဒီယိုရိုက်၊ ဓာတ်ပုံရိုက်၊ စာနဲ့ရေးလို့ ၀ိုင်းပြီး ပြူးတူးပြဲတဲ မှတ်တမ်း တင်နေကြတာကို တွေ့ရပါတယ်။ အာဇာနည်ကုန်းပေါ်အတက်မှာ နောက်ထပ် အပြာရောင်မိုးလုံလေလုံ ရုံလေးတစ်ခုထဲ ၀င်ခိုင်းပါတယ်။ စက်ကလေးအောက်ကို ၀င်တော့ တတီတီ အသံလည်း ကြားရပါသေးတယ်။ အတံအပြားကြီးတစ်ခုနဲ့လည်း ကိုယ်ကို အထက်အောက်ဆွဲပြီး အရှာခံရပါတယ်။ ခန္ဓာကိုယ်ကို လက်နဲ့လည်း ကိုင်တွယ်ရှာဖွေပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်သိပ်တွေ့ ချင်တဲ့ အာဇာနည်ဗိမ္မာန်ကြီးကို တွေ့မြင်ခွင့်ရခဲ့ပါတယ်။

ဖြိုးတိုးဖြောက်တောက်လောက်ဘဲ လူတွေလာရောက် အလေးပြုဦးညွှတ်တာ တွေ့ရပြီး လုံခြုံရေးက အဆမတန် များပြားနေတာကို သတိထားမိခဲ့ပါတယ်။ အယောက် ၃၀ လောက် တစ်စု စုပြီး လော်စပီကာကနေ "ကျဆုံး လေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြု" ဆိုပြီး တိုင်ပင် ခေါ်ပေးပါတယ်။ တစ်မိနစ်တောင် မပြည့်လိုက်ဘူး၊ "အလေးမြဲ" လုပ်ခိုင်းပါတယ်။ ပြီးတော့ နောက်လူများ ဂါရ၀ပြုနိုင်ဖို့ဆိုပြီး ထွက်ခွာပေးပါရန် ထပ်လုပ်ပြန်ပါတယ်။ ကျွန်တော်ကတော့လာချ ထားတဲ့ ပန်းခွေတွေကို လျှောက်ကြည့်ပါသေးတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေမိသားစုရဲ့ လွမ်းသူ့ပန်းခွေတွေ နဲ့အတူ ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီ ၄ ပါတီရဲ့ ပန်းခွေတချို့ကို တွေ့ ရပါတယ်။ ဗိုလ်ချုပ်မိသားစုကိုယ်စား သား ဦးအောင်ဆန်းဦးရဲ့ ပန်းခွေကို တွေ့ရပါတယ်။ ပန်းခွေတိုင်းမှာ ကိုယ်စားပြုသူ တွေရဲ့နာမည်၊ အဖွဲ့အစည်းကိုတွေ့ရပြီး ပန်းခြင်း ၂ ခြင်းမှာတော့ ရေးထားတာ မတွေ့ရပါဘူး။ သူတို့ညွှန်ကြားထားတဲ့ လမ်းအတိုင်း ကျွန်တော်တို့ ပြန်ထွက်ခဲ့ပါတယ်။

ရွှေတိဂုံဘုရား ဆောင်းတန်းကနေဆင်းပြီး အုတ်လမ်းမှတ်တိုင်ဘက် လမ်းလျှောက်လာခဲ့ကြပြီး N L D ရုံးချုပ်ဘက် ထွက်ခဲ့ကြပါတယ်။ ရေဒီယိုတွေထဲကနေ ဒေါ်အောင်ဆန်းစုကြည်က နေ့လည်ပိုင်းမှာ အဖွဲ့ချုပ် လူငယ်တွေနဲ့ အတူ အာဇာနည်ကုန်းကို သွားရောက်ဂါရ၀ပြုမယ်လို့ ကြိုသိထားတဲ့အတွက် ကျွန်တော်တို့ ၃ ယောက် စိတ်တူကိုယ်တူနဲ့ ရုံးချုပ်ရှေ့ကို ရောက်လာခဲ့ကြပါတယ်။ ရုံးချုပ်ရှေ့မှာရော၊ ဒီဘက် ကားလမ်း ပလက်ဖောင်းပေါ်မှာပါ လူတွေ တအုပ်တမကြီးကို ဘွားကနဲ မြင်လိုက်ရတော့ ကြက်သီးတောင် ထမိပါတယ်။

အဖွဲ့ ချုပ်မှာ အာဇာနည်နေ့ အခမ်းအနားကျင်းပနေတာကို စိတ်ဝင်တစား လာရောက် နားထောင်နေကြတာ ဖြစ်ပြီး ကျွန်တော့်အထင် အဖွဲ့ ချုပ်ဝင်မဟုတ်တဲ့ ရိုးရိုးပြည်သူတွေရဲ့ အင်အားလည်း မသေးလှဘူး... လို့ ယူဆမိပါတယ်။ ဦးတင်ဦးရဲ့ နိဂုံးချုပ်စကားကို ကြားလိုက်ရပြီး ကား ၃ စီးနဲ့ သတ်မှတ်စာရင်းပေးထား တဲ့ လူတွေ အာဇာနည်ကုန်းကို သွားကြမယ့်အစီအစဉ်ဖြစ်ပါတယ်။ ပန်းခရမ်းပြာ ကိုရဲလွင်ကြီးကိုလည်း ဖြတ်ကနဲတွေ့ လိုက်ရပါသေးတယ်။

ဒေါ်စု ထွက်လာတော့ ရုံးချုပ်ရှေ့က လူအုပ်ကြီးက "ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ"လို့ အော်ဟစ်ဆုတောင်းကြပါတယ်။ အဖွဲ့ချုပ်ရဲ့ ၆၄ နှစ်မြောက် အာဇာနည်နေ့ ကြေညာချက်နဲ့ သဘာပတိမိန့်ခွန်း စာရွက်ကို ၅၀၀ ကျပ်နဲ့ ၀ယ်ယူခဲ့ပါတယ်။ ကျွန်တော်အိမ်က ထည့်လာတဲ့ ရှိစုမဲ့စု ငွေ ၅၀၀ ကျပ်လည်း ကိစ္စချောသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကားပေါ်တက်သွားပြီး ရုံးချုပ်အစီအစဉ်နဲ့ ဆလွန်းတစ်စီး၊ မှန်လုံတောင်းအေ့တစ်စီး၊ ပစ်ကပ် တစ်စီး အဖွဲ့ ချုပ်ရှေ့ က ထွက်ခွာသွားခဲ့ပါတယ်။ ဒေါ်စုက ရှေ့ဆုံး ဆလွန်းကားအဖြူလေးထဲမှာ တက်ရောက် လိုက်ပါသွားတဲ့အခါ အဲဒီမှာ ရှိနေတဲ့ လူအုပ်ကြီးလည်း ကား ၃ စီး နောက်ကနေ အာဇာနည် ကုန်းဘက် ကို ၅ ယောက်တစ်တန်း တန်းပြီး စီစီရီရီ သပ်သပ်ရပ်ရပ် လိုက်ပါသွားခဲ့ကြပါတယ်။ တချို့ မိသားစုအလိုက်၊ တချို့ မိန်းကလေးတွေ တစ်အုပ်၊ တချို့ ဦးဇင်းတွေတစ်စု၊ တချို့အဘိုးကြီးတွေတစ်ဖွဲ့ကြားမှာ ကျွန်တော်တို့ ၃ ယောက်လည်း ဒုတိယမြောက် ရောယှက် လိုက်ပါခဲ့ပြန်ပါတယ်။

ကျွန်တော် ဒီတစ်ခါ သတိထားမိတာက "အင်အား" ကိစ္စဘဲဖြစ်ပါတယ်။ ပထမတစ်ခေါက် အာဇာနည်ကုန်းကို သွားရောက်တဲ့အခါ လုံခြုံရေးတွေရဲ့ ဆက်ဆံပုံနဲ့ ဒေါ်စု နောက်က လူအင်အားများများနဲ့ လိုက်သွားတဲ့အခါ လုံခြုံရေးတွေရဲ့ ဆက်ဆံပုံ အနည်းငယ်ကွာခြားတာကို ပက်ပင်းကြုံလိုက်ရပါတယ်။ ဒုတိယမြောက်ရောက်တဲ့ အခါ ပါသွားတဲ့ပစ္စည်းတွေကို အပ်ထားခဲ့လို့ မရတော့ဘဲ ပြန်လှည့်ထွက်ခိုင်းပြီး ဂိတ်ဝမှာလုံခြုံရေး ဦးရေ နည်းသွားတာ တွေ့ရတဲ့အပြင် ကင်မရာမန်း သတင်းထောက်တွေ ပြည့်နှက်နေပြီး စစ်ဆေး တာကိုလည်း သိပ်ကြပ်ကြပ်မတ်မတ် မလုပ်တော့ပါဘူး။ အာဇာနည်ကုန်းဝင်း ပေါ်မှာတော့ ပုံမှန်အတိုင်း စစ်တယ်ဆိုပေမယ့် မြန်မြန်ဆန်ဆန်နဲ့ လွှတ်ပေးတာတွေ့ ရပါတယ်။

ဗိုလ်ချုပ်အုတ်ဂူရှေ့ မှာ ဒေါ်စုတို့  ကား ၃စီး ဂါရ၀ပြုနေလို့ ဗိမာန်အတက်လှေခါးမှာ ကျွန်တော်တို့ နဲ့ အတူ လူ တစ်ရာလောက် စောင့်နေရပါတယ်။ ဒေါ်စုတို့ကားတွေ ထွက်သွားမှ အပေါ်ကို တက်ခွင့်ရပါတယ်။ ဒီတစ်ခါတော့ အင်အားက များလှပြီး အာဇာနည်ကြီးတွေကို အလေးပြုတဲ့အပြင် ထိုင်ကန်တော့ ခဲ့ပါသေးတယ်။ ကျွန်တော်က ချက်ချင်း ပြန်မဆင်းသေးဘဲ လွမ်းသူ့ပန်းခွေတွေ ထပ် တိုးလာသလားလို့ သိချင်တာနဲ့ ချထားတဲ့ ပန်းခွေတွေ အစအဆုံးကို တစ်ခေါက် ပြန်စစ်လိုက်ပါတယ်။ ထူးထူးခြားခြား တွေ့လိုက်ရတဲ့ မြင်ကွင်းက ကျွန်တော့်ကို ကြက်သေသေ စေခဲ့ပါတယ်။ ပန်းခွေလှလှကြီး ၂ ခု အသစ် ရောက်လာတာ ထပ်တွေ့ ရပြီး လွမ်းသူ့ ပန်းခွေကြီးရဲ့ အလယ်မှာ ဘာစာမှ ရေးမထားဘဲ အဖြူရောင်တိပ်နဲ့ ကြက်ခြေခတ် ဖုံးအုပ်ထားတာ တွေ့လိုက်ရလို့ပါ။ ကျွန်တော်ကြည့်နေတုန်း အနားက အဒေါ်ကြီးတစ်ဦးကလည်း " ဟဲ့.. N L D ရဲ့ ပန်းခွေလည်း မတွေ့ဘူး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းခွေလည်း မတွေ့ရဘူးနော်" လို့သူ့မိတ်ဆွေကို လှမ်းပြောသံ ကြားလိုက်ရပါတယ်။ ထုံးစံအတိုင်း သူတို့ ထွက်ခိုင်းတဲ့ အပေါက်က ကျွန်တော်တို့ ပြန်ထွက်လာခဲ့ပြီး ဘတ်စ်ကားစီးလို့ မြေနီကုန်းဘက် ပြန်ခဲ့ပါတော့တယ်။

၆၄ နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးတွေကို နှစ်ခါနှစ်ခေါက် အလေးပြုဖြစ်ခဲ့တာ ကျွန်တော့်အတွက် အမှတ်တရပါ။ ပိုပြီး အထူးတလှယ် အမှတ်ရနေတာက ဘာမှရေးမထားတဲ့ လွမ်းသူ့ ပန်းခွေကြီး နှစ်ခုပါဘဲ။

ကျွန်တော့်အမြင်ကို ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်နဲ့ လွမ်းသူ့ပန်းခွေကို မတွေ့ရတာ အင်မတန် ထူးခြားပါတယ်။ ဒေါ်စုအနေနဲ့ သူ့ဖခင်အတွက် လွမ်းသူ့ပန်းခွေချ ချင်ပါလိမ့်မယ်။ တလောက ဆရာပါရဂူရဲ့ နာရေးမှာတောင် ဒေါ်စုရဲ့ ပန်းခြင်းကို ကျွန်တော် တွေ့လိုက် ရပါသေးတယ်။ ဗိုလ်ချုပ်ရဲ့ နှစ်ပတ်လည်မှာ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့အဖေအတွက် လွမ်းသူ့ပန်းခွေချ၊ ဂါရ၀ပြုချင်မှာ မြေကြီးလက်ခတ် မလွဲပါဘဲ။

နာမည်ရေးထိုး မထားတဲ့ အင်မတန် လှပတဲ့ လွမ်းသူ့ပန်းခွေကြီး နှစ်ခုကို ဘယ်သူ ပို့ထားတာပါလဲ။ ပန်းခွေကြီး နှစ်ခုရဲ့  နောက်ကြောင်းကိုလည်း သိချင်ပါသေးတယ်။

ကျွန်တော့်မှာလည်း အဖြေတစ်ခု အဆင်သင့်ရှိထားပါတယ်။

အောင်မျိုးထွန်း
၁၉- ၇- ၂၀၁၁
Posted: 19 Jul 2011 11:44 AM PDT
Posted: 19 Jul 2011 08:24 AM PDT
 အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးချိန် မနက် ၁၀နာရီ ၃၇မိနစ်၌ အဖွဲ့ချုပ်ရုံးရှေ့၌ အလေးပြုနေကြစဉ်..
ယနေ့ကျရောက်တဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးတဲ့ (၆၄)နှစ်မြောက် အာဇာနည်နေ့၌ အဖွဲ့ချုပ်ရုံးမှ အာဇာနည်ဗိမာန်သို့ ငြိမ်းချမ်းစွာ.. ချီတက် ဂါရဝပြုပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ပါတယ်...။ 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မနက်ပိုင်းမှာ အစိုးရ အစီအစဉ်ဖြင့် သွားရောက် ဂါရဝပြုခဲ့ပြီးဒုတိယ အကြိမ်အဖြစ်  အဖွဲ့ချုပ် CECအဖွဲ့ဝင်လူကြီးများ၊ CRPP အဖွဲ့ဝင်များ၊ လူငယ်ကွန်ရက် အဖွဲ့ဝင်များ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ ၄ထောင်ကျော်ခန့်မှ ၄ယောက်တတန်း တန်းစီကာ ငြိမ်းချမ်းစွာ ချီတက် ဂါရဝပြုခဲ့ကြပါတယ်...။

သတင်း၊ ဓာတ်ပုံများ အောက်မှာ ဆက်လက်ဖတ်ရှုပါရန်...
BG သွေးအကူအညီပေးရဲ့ အဖွဲ့၏ လွမ်းသူပန်းခွေ
လေးယောက်တတွဲ စည်းကမ်းတကျ တန်းစီကာ ချီတက်လာတဲ့ မြင်ကွင်းတွေကတော့ တဦးနဲ့တဦး ရင်နှီးချစ်ခင်မှုနှင့် အမျိုးသားရေးစိတ်ဓာတ် နိုးကြားတက်ကြွလာတဲ့ မြင်ကွင်းတွေပါပဲ...
Hip Hop အဆိုတော် ကိုဇေယျာသော်နဲ့ လူငယ်ကွန်ယက် အဖွဲ့ဝင်များ...
 ၁၉၉၀ခုနှစ်မှာ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဘက်တွေ ဖြစ်ခဲကြတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ အဖွဲ့ဝင်များ အဖွဲ့ချုပ်ရုံးရှေ့ကို ဖြတ်လျှောက်သွားတဲ့ အခါမှာတော့....
အဖွဲ့ချုပ်အဖွဲ့ဝင်များနဲ့ ပြည်သူလူထုမှ လက်ခုပ်သြဘာတီး အားပေးကြတဲ့ အခါမှာတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ အဖွဲ့ဝင်များမှ ပြန်လည်လက်ဝှေ့ယမ်းပြ အသိအမှတ် ပြုခဲ့ကြပါတယ်...။ အုပ်ချုပ်သူ အာဏာပိုင်များမှ စီစဉ်ပေးမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေးအတွက် မပြေလည်နိုင်တာ မရှိလို့ ယုံကြည်မိသလို...။ ဒီကနေ့ (၆၄)နှစ်မြောက် အာဇာနည်နေ့ဆီမှ ရင်ကြားစေ့ရေးအတွက် အလင်းရောင်လေး ဖြတ်ခနဲ မြင်လိုက်ရလေသလားလို့ ကြည်နှူးဝမ်းမြောက်မှုလေး ဖြစ်ခဲ့ရပါတယ်...။

 ဗိုလ်ချုပ်ကြေးရုပ်မှာ သွားရောက် ဂါရဝပြုခဲ့ကြတဲ့ မျိုးဆက်သစ် လူငယ်လူရွယ်တွေပါ....
 မည်သို့ပင် ဆိုစေကာမူ ဒီကနေ့ကျရောက်တဲ့ (၆၄)နှစ်မြောက် အာဇာနည်နေ့မှာတော့ ၁၉၉၂ခုနှစ်နောက်ပိုင်းကတည်းက ကွယ်ပျောက်ခဲ့ရတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးချိန် ၁၀နာရီ၃၇မိနစ်မှာ စက်ရုံအလုပ်ရုံအချို့မှ ဥသြဆွဲသံကို ပြန်လည် ကြားခဲ့ရပြန်ပါပြီ...။ မနက်ပိုင်း လူထုဒေါ်အောင်ဆန်းစုကြည် အာဇာနည်ဗိမာန်သို့ ရောက်ရှိလာတဲ့ အချိန်မှာ ရဲတပ်ဖွဲဝင်များမှ ကော်ဇော်နီကို ခင်းပေးကြတယ်လို့ ဆိုပါတယ်...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း အာဏာပိုင်များရဲ့ ပူပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်..။

အချုပ်အားဖြင့် ဆိုရသော် ကျွန်တော်တို့ နိုင်ငံမှာ ယနေ့အာဇာနည်နေ့မှသည် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် နိုင်ငံအတွင်းမှီတင်း နေထိုင်ကြတဲ့ တိုင်းရင်းသား ညီအကို မောင်နှမအချင်းချင်း စစ်မှန်တဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ကိုယ့်အချင်းချင်း ညှိနှိုင်း အဖြေရှာကြမယ်ဆိုရင်  ရဟန်းရှင်လူ၊ ပြည်သူအပေါင်းမှ နတ်၊ လူသာဓုခေါ်ကြမှာဖြစ်သလို ကျဆုံးသွားကြရတဲ့ အာဇာနည် ခေါင်းဆောင်ကြီးများ  မြင်သိ၊ ကြားသိ နေရမယ်ဆိုရင်လည်း ဝမ်းသာပိတိဖြစ်မှာ  အသေအချာပါပဲ..။  ထိုကြောင့် တိုင်းပြည် အေးချမ်းသာယာရေးအတွက် ယနေ့ကျရောက်တဲ့ (၆၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှသည် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးသို့ လျှောက်လှမ်း နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...။

ဓာတ်ပုံ၊ သတင်း။...။ ဒီမိုဝေယံ၊
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment