Friday, 1 July 2011

[Freedom Burma] New Doc: ၁-၇-၁၁ နေ့မနက်သတင်းနှင့်ဆောင်းပါးများ




created the doc: "၁-၇-၁၁  နေ့မနက်သတင်းနှင့်ဆောင်းပါးများ"
UZa Wana created the doc: "၁-၇-၁၁ နေ့မနက်သတင်းနှင့်ဆောင်းပါးများ"

                   ဒေါ်အောင်ဆန်းစုကြည် သားနှင့်အတူ ပုဂံသို့ ဘုရားဖူးသွားမည်

လင်းသန့် Thursday, 30 June 2011 17:20

 

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မိသားစုခရီစဉ်အဖြစ် သားဖြစ်သူ ကိုထိန်လင်းနှင့်အတူ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း ပုဂံ ဒေသသို့ ဘုရားဖူး သွားရောက်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေး ကိစ္စများ တာဝန်ယူ ဆောင်ရွက်နေသည့် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်(NLD) ပါတီခေါင်းဆောင်တဦးဖြစ်သည် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို မေးမြန်းရာ ခရီးစဉ် မှန်ကန်ကြောင်း ပြောဆိုအတည်ပြုသော်လည်း အသေးစိပ်ပြောဆိုရန် ငြင်းဆိုခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်းတို့သည် လာမည့် ဇူလိုင်လ ၄ ရက်နေ့တွင် ပုဂံ ဒေသသို့ လေယာဉ်ဖြင့် သွားရန် စီစဉ်ထားကြောင်း သိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နေပြည်တော် အပါအ၀င် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့များတွင် တချိန်တည်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အတွက် စိုးရိမ်မှုများ တိုးပွားစေခဲ့သည်။

 

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ ရန်ကုန်ပြင်ပခရီးထွက်မည့်အပေါ် အစိုးရသတင်းစာ တစောင်တွင် လုံခြုံရေး နှင့်ပတ်သက်ပြီး သတိပေးထားသည့် စကားရပ်များ ဖော်ပြထားသည်။ ထို့အပြင် ပြည်ထဲရေးဝန်ကြီးကလည်း အကြောင်း ကြားစာပို့ထားသည်များကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။

 

ယမန်နေ့ထုတ် အစိုးရ ကြေးမုံ သတင်းစာတွင် ဆောင်းပါးရှင် ပြည့်စုံအောင် ၏ "ရွေးချယ်ခွင့်က လက်ထဲမှာ"ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည် မကြာခင် နယ်ခရီးထွက်မည်ဆိုသည့်အပေါ် "မည်သို့ ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည် နယ်ထွက် လာလျှင် မြောက်မြား လှစွာသော ယခင့်ယခင် သာဓကများနည်းတူ ရုတ်ရုတ်သဲသဲ လှုပ်လှုပ် ရှားရှားတွေ ဖြစ်လာမှာကို ကျ နော်တို့ စိုးရိမ်မိသည်။ စိုးရိမ်လောက်စရာ အကြောင်းတွေလည်း အခိုင်အမာပင်ရှိနေသည်"ဟု ဖော်ပြထားသည်။

 

အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ၏ ဇွန်လ ၂၈ ရက် နေ့စွဲဖြင့် ဥက္ကဌ ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ထံ ပေးပို့ လာသော စာနှင့် ပတ်သက်ပြီး (NLD) အား အင်အားသုံး ဖျက်သိမ်းလာမည်ကိုအထူး စိုးရိမ်သော်လည်း ရင်ဆိုင်ရမည် ဖြစ်ကြောင်း NLD ခေါင်းဆောင်တဦး ဖြစ်သည့် ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

 

"သူတို့လုပ်ခဲ့ဖူးတဲ့ ဟာတွေလည်း ရှိတဲ့အခါကျတော့ စိုးရိမ်တာပေါ့။ သတင်းစာတို့ဘာတို့က ခြိမ်းခြောက်တယ်၊ ပုတ်ခတ် တယ် ဆိုတာက ကြုံနေကြဆိုတော့ သိပ်မထူးလှဘူး။ အခုဟာက ၀န်ကြီးဌာန ကိုယ်တိုင်လုပ်တာဆိုတော့ တော်တော် စိုးရိမ် ပူပန်တာပေါ့"ဟု ဦးဝင်းတင်က  ပြောပြသည်။

 

ယခုကိစ္စသည် အချိန်ကိုက်လုပ်ခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် စီစဉ်ထားသည့် မကြာခင်သွားမည့် နယ်ခရီးစဉ်နှင့် လည်း တိုက်ဆိုင်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအပါအ၀င် ဒီမိုကရေစီအရေး ထောက်ခံကြသူများ၊ တက်ကြွလှုပ်ရှားသူများကိုပါ ခြိမ်းခြောက်မှုဖြစ်ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

 

"ဒီဖြစ်ရပ်နောက်ကွယ်မှာ အခု အစိုးရထဲမှာ သဘောထားတင်းမာသူနဲ့ ပျော့ပြောင်းသူတွေကြားမှာ အားပြိုင်နေတယ်လို့ တ ထစ်ချသုံးသပ်တယ်။ သူတို့ဘက်က အဖြစ်နိုင်ဆုံး လုပ်နိုင်တာတွေက ပါတီခေါင်းဆောင်တွေကို ဖမ်းမယ်။ နေအိမ် အကျယ် ချုပ် ချမယ်။ ထောင်ချမယ်။ ပါတီရုံးတွေ ပိတ်ပြီး ပစ္စည်းတွေ သိမ်းမယ်။ ဒါမျိုးတွေပဲ သူတို့ လုပ်နိုင်တာ။ ပြင်ဆင်လည်း ဘာမှ ထူးတာမဟုတ်ဘူး"ဟု ဦးဝင်းတင်က ဆိုသည်။

 

NLD သည် တရားဝင် ပါတီမဟုတ်ကြောင်းနှင့် NLD လက်ရှိလုပ်ဆောင်နေမှုများသည် တရားဥပဒေနှင့် ဆန့်ကျင်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို လက်မှတ်ရေးထိုးထားသော အကြောင်းကြားစာကို အစိုးရ အရာရှိ တဦး ကိုယ်တိုင် လာရောက်ပေးခဲ့ခြင်းဖြစ်သည်။

 

ထို့ကြောင့် NLD ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ဖြင့် ဒု ဗိုလ်ချုပ်ကြီး ကိုကို ထံ လိပ်မူပြီး NLD သည် နိုင်ငံရေးပါတီ အဖြစ် တရားဝင်ရပ်တည် နေကြောင်းနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဆွေးနွေးလိုကြောင်း ဇွန် လ ၂၉ ရက်နေ့စွဲဖြင့် အကြောင်းပြန်စာကို သက်ဆိုင်ရာသို့ NLD က လူကိုယ်တိုင် သွားရောက်ပေးပို့ခဲ့သည်။

 

"သို့ပါ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တူညီသောလိုလားချက်များအပေါ်အခြေခံ၍ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင် စု ၀န်ကြီးနှင့် တွေ့ဆုံပြီး တရားဥပဒေစိုးမိုးရေးအတွက် ညှိနှိုင်းလိုပါသဖြင့် စီစဉ်ပေးပါရန် မေတ္တာရပ်ခံပါသည်"ဟု ပြည်ထဲရေး ၀န်ကြီးထံ ပေးပို့တုံ့ပြန်သော ယမန်နေ့က စာတွင် ဖော်ပြထားသည်။

 

NLD အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အမှတ် -၄/၈၈ အရ ၁၉၈၈ ခုနှစ်က တရားဝင်မှတ်ပုံတင်ခဲ့ပြီး ပြဌာန်းချက်များကို လည်း ချိုးဖောက်ခဲ့ခြင်း မရှိကြေင်း၊၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့ထုတ် ဥပဒေ အမှန်-၂/၂၀၁၀ အရလည်း ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ပြန်လည်လျှောက်ထားခြင်းမရှိသဖြင့် ဥပဒေအရ ပျက်ပြယ်ခြင်းမရှိကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ-၄၄၆ အရလည်း NLD သည် တရားဝင်ခြင်းမှ ပယ်ဖျက်နိုင်သည့်အခွင့် အာဏာ မရှိသည့်အတွက် တရားဝင်ပါတီအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ နေပြည်တော် တရားရုံးချုပ်၏ ပါတီအား ဖျက် သိမ်းလိုက်ခြင်းသည် တရားမ၀င်ကြောင်း NLD ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

 

ထို့ကြောင့် NLD အနေနှင့် ထပ်မံ မှတ်ပုံတင်ရန်မလိုအပ်ကြောင်းလည်း ထောက်ပြထားသည်။

                   KIO နှင့် အစိုးရတပ် တွေ့ဆုံဆွေးနွေး

သန်းထိုက်ဦး Thursday, 30 June 2011 13:14

 

အစိုးရ တာဝန်ရှိသူများနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ခေါင်းဆောင် တချို့ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ယနေ့ တွေ့ဆုံဆွေးနွေးရာ နေ့လယ်ပိုင်းတွင် ဆွေးနွေးပွဲပြီးဆုံးကြောင်း KIO က ပြောသည်။

 

ယင်းဆွေးနွေးပွဲ၌ အစိုးရဘက်မှ ကချင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်၍ ကချင်ပြည်နယ် အမျိုးသား လွှတ်တော် အမတ် ဦးခက်ထိန်နန် အပါအ၀င် ၃ ဦး လာရောက်ကြောင်း၊ KIO က ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်ပြီး ၆ ဦး တွေ့ဆုံကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာ၌ KIO ဘက်က တရားဝင် အထောက်အထေား ခိုင်ခိုင်မာမာ ပြရန် တောင်းဆိုရာတွင် အစိုးရဘက်က အထက်ကို တင်ပြမည်ဟု ပြန်လည် ပြောဆိုကြောင်း KIO ပြောသည်။

 

အမှန်တကယ် အပစ်ရပ်ကြောင်း အစိုးရအဖွဲ့အစည်းက တာဝန်ရှိ ပုဂ္ဂိုလ် သို့မဟုတ် စစ်ဘက်ဆိုင်ရာ အရာရှိတဦးက အာမခံ ချက်ပေးရန် မကြာသေးခင်ကပင် KIO က ပြောဆိုထားသည်။

 

ယခုဆွေးနွေးပွဲသည် ပဏာမ ဆွေးနွေးပွဲအဆင့်ဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်၏ ပြောကြားချက်အရ သိရသည်။ မည်သည့် နေ့ရက်၌ ထပ်မံ ဆွေးနွေးမည်ကို မသိရသေးဘဲ အစိုးရဘက်က အကြောင်းပြန်မည်ဖြစ်သည်ဟုလည်း ဆိုသည်။

 

ကချင်ပြည်နယ် KIO ထိန်းချုပ်ဒေသ လဂျားယန်နှင့် အစိုးရတပ်နယ်မြေ အကြား တွေ့ဆုံ၍ အပစ်အခတ်ရပ်စဲရေး နှင့် ပတ်သက်ပြီး ဆွေးနွေးခြင်းဖြစ်ကြောင်း KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။

 

ပြီးခဲ့သည့် ၁၇ ရက်နေ့ကKIO ကို အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် အစိုးရက ကချင် အတိုင်ပင်ခံကောင်စီ ကိုယ်စားလှယ်များ မှ တဆင့် ကမ်းလှမ်းခဲ့ပြီး နောက်ပိုင်း ဒုတိယ အကြိမ် ဖြစ်သည်။

 

အစိုးရက ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံကိန်း အနီးရှိ ကချင်လွတ်လပ်ရေး တပ် မတော် (KIA) တပ်များအား လုံခြုံရေး အရ စိတ်မချရဟု အကြောင်းပြကာ ထွက်ခွာရန် ပြောဆိုခဲ့ပြီး ဇွန် ၉ ရက်နေ့က စတင်၍ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ ကြသည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံ ထောင်နှင့်ချီ၍ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရ သည်။

 

ယခင် စစ်အစိုးရနှင့် KIO သည် ၁၉၉၄ ခုနှစ်က စတ၍ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။ ယမန်နှစ် အောက်တိုဘာလ အတွင်းက အစိုးရ သတင်းစာများ၌ KIA ကို "သောင်းကျန်းသူ"ဟု ပြန်လည်သုံးနှုန်းခဲ့ ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်ခဲ့သည်။

 

ကချင်ပြည်နယ်ရောက် ဧရာဝတီ သတင်းထောက် ဘကောင်း နှင့် ပူးတွဲ ရေးသားသည်။

                   မြန်မာနည်းပြချုပ် အထုတ်ခံရဖွယ်ရှိ

ဟိန်းသူ Thursday, 30 June 2011 16:08

 

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပထမအကျော့ဖြစ်သည့် မွန်ဂိုလီးယား အိမ်ကွင်းတွင် ယမန်နေ့က မြန်မာအသင်း တဂိုး ဂိုးမရှိ ရှုံးသွားသဖြင့် အသင်းနည်းပြချုပ် ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိနေသည်ဟု သိရသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ (Max Myanmar ကုမ္ပဏီ ပိုင်ရှင်) ဦးဇော်ဇော်က ဆားဘီးယား နိုင်ငံသား နည်းပြဆရာ မစ္စတာ ဇီဗာဒီနိုဗစ်ကို ယခုပွဲ အနိုင် မရလျှင် တာဝန်မှ ဖယ်ရှားမည်ဟု မွန်ဂိုလီးယားသို့ ထွက်ခွာစဉ် ရန်ကုန်မြို့၊ မင်္ဂလာဒုံ လေယာဉ်ကွင်းတွင် သတိပေးလိုက်သည်ဟု ဆိုသည်။

 

ဦးဇော်ဇော်က "အနိုင် ဆိုတဲ့ ရလဒ်ပဲ လိုချင်တယ်။ ဘယ်လို ဆင်ခြေမျိုးကိုမှ မလိုချင်တော့ဘူး။ ဒီအသင်းကို မနိုင်ရင် အရာရာ ပြီးဆုံးသွားပြီ။ တကယ်လို့ မွန်ဂိုးလီးယားမှ မနိုင်ရင် ဇီဗာဒီနိုဗစ် မြန်မာပြည် ပြန်မလာနဲ့တော့" ဟု  ပြောခဲ့ကြောင်း Soccer Myanmar အင်တာနက် စာမျက်နှာတွင် ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်ကို ကိုးကား ဖော်ပြထားသည်။

 

ဆားဘီးယားနည်းပြအား ထုတ်ပယ်ရေးမှာ ၈၀ ရာခိုင်နှုန်းခန့် သေချာနေကြောင်း ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။

 

"ကျနော်တို့ စာချုပ် ချုပ်ကတည်းက ၆ လအတွင်း အောင်မြင်မှု မရရင် စာချုပ် ဖျက်သိမ်းမယ်လို့ ပါပါတယ်။ ဒါကြောင့် သူ့ကို ထုတ်ပယ်တော့မှာပါ" ဟု သူက ရှင်းပြသည်။

 

ဘောလုံးအဖွဲ့ချုပ်တွင် စည်းကမ်း ထိန်းထိမ်းရေးမှူးအဖြစ် ဆောင်ရွက်နေသော ၀ါရင့် အားကစား ကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) က ဒုတိယ အကျော့ ပြီးမှသာ နည်းပြချုပ်ကို ထုတ်ပယ်ဖွယ်ရှိသည်ဟု ဆိုသည်။

 

"ဒီပြိုင်ပွဲကို မ၀င်ခင် ကတည်းက မှတ်ပုံတင်ထားရတယ်လေ။ အဲဒီလိုဆိုတော့ ပထမ အကျော့မှာ ရှုံးတာနဲ့ ထုတ်ပယ်ဖို့ ဆိုတာ မဖြစ်နိုင်သေးပါဘူး" ဟု ဦးခင်မောင်ထွေးက ပြောသည်။

 

ခြေစစ်ပွဲတွင် မွန်ဂိုလီးယားအသင်းမှ ကွင်းလယ် ကစားသမား ကူရယ်ဘာတာက ပွဲချိန် ၄၈ မိနစ်တွင် အနိုင်ဂိုး သွင်းယူသွားခဲ့ပြီး ပွဲချိန် မိနစ် ၉၀ တွင် မြန်မာအသင်းဘက်မှ တိုက်စစ်မှူး ကျော်ကိုကို တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ်ချက်တွင် မွန်ဂိုလီးယားအသင်းသည် မြန်မာအသင်းထက် အဆင့် ၁၀ ကျော် နိမ့်ကျသည့် အသင်း ဖြစ်သည်။ မွန်ဂိုလီးယားအသင်းက ကမ္ဘာ့အဆင့်  ၁၇၉ တွင် ရှိနေပြီး  မြန်မာအသင်းက ၁၆၇ တွင် ရပ်တည်နေသည်။

 

မြန်မာဘောလုံးလောကကို အပျော်တမ်းမှ ဆုကြေးစား အဖြစ် အသွင်မပြောင်းမီ ၂၀၀၉ ခုနှစ်က အဆင့် ၁၄၀ တွင် ရပ်တည်နိုင်ခဲ့သည်။

 

အသက် ၆၆ နှစ်ရှိ နည်းပြ ဇီဗာဒီနိုဗစ် မြန်မာလက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့သည်မှာ ၅ လ ရှိပြီ ဖြစ်သည်။

 

မြန်မာအသင်းသည် ဇီဗာဒီနိုဗစ်၏ လေ့ကျင့်မှု အောက်တွင် အဓိက ဖလားပြိုင်ပွဲ ၇ ပွဲ ကစားထားရာ နိုင်ပွဲတပွဲမှ မရှိဘဲ ၂ ပွဲသရေ ကျ၊ ၅ ပွဲရှုံးသည်အထိ အခြေအနေ ဆိုးနေသည်။

 

မြန်မာအသင်းအတွက် အရေးပါသော ဖလား ပြိုင်ပွဲ ၂ ခုဖြစ်သည့် AFC Challenge Cup နှင့် AFF Suzuki Cup ပြိုင်ပွဲ တို့တွင်  အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည်။

 

ချစ်ကြည်ရေး ခြေစမ်းပွဲများတွင်လည်း အနိုင် မရသေးပေ။

 

ဇူလိုင်လ ၃ ရက်နေ့တွင် မြန်မာအသင်းသည် မွန်ဂိုလီးယားနှင့် ရန်ကုန်မြို့ သုဝဏ္ဏ ကွင်းတွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအကျော့အဖြစ် ထပ်မံ ကစားဦးမည် ဖြစ်သည်။ နောက်တဆင့်တက်သော အသင်းက အိုမန်အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

 

မွန်ဂိုလီးယားအသင်းသည် ဇူလိုင် ၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

                   ထိုင်း-မြန်မာ နယ်စပ် တံတားသစ် တည်ဆောက်ရေး ဆွေးနွေး

ဧရာဝတီ Thursday, 30 June 2011 18:21

 

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကလမ်းကြောဖြစ်သည့် မဲဆောက်-မြ၀တီ နယ်စပ်တွင် မကြာမီ အသစ်ထပ်မံ တည်ဆောက်မည့် တံတားနှင့် ပတ်သက်၍ ထိုင်းနှင့် မြန်မာ တာဝန်ရှိသူများ ယမန်နေ့က မဲဆောက်မြို့တွင် တွေ့ဆုံဆွေးနွေးသည်။

 

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းတင့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ လမ်းတံတားနှင့် နည်းပညာဌာန ညွှန်ကြားရေးမှူး နိုင်ကစိမ်စိဝပ်နော တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးကြသည်။

 

ထိုင်းညွန်ကြားရေးမှူးက "ဒီနေ့ ကျနော်တို့ နှစ်ဘက်တာဝန်ရှိသူတွေ မကြာခင်အချိန်မှာ ဒုတိယမြောက် တံတားကို မဲဆောက်မြို့နယ်ဘက်မှာရှိတဲ့ ၀မ်တခင်းရမ်းရွာနဲ့ မြ၀တီမြို့နယ်ဘက်မှာရှိတဲ့ ရေပူရွာဘက်ကို တံတားတစင်း ထပ်ဆောက်မှာ ဖြစ်တယ်။ ဒီကိစ္စကို ကျနော်တို့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ဆွေးနွေးကြတာပါ။ ဒီကိစ္စကို မြန်မာဘက်ကလည်း သဘောတူထားပြီးဖြစ်တယ်" ဟု ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။

 

နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့သည် တံတားတည်ဆောက်မည့် နေရာများဖြစ်သည့် ထိုင်းနှင့် မြန်မာ နှစ်ဘက်နယ်စပ်မြို့များနှင့် နယ်ခြားသောင်ရင်းမြစ်ကြောင်းကို သွားရောက်ကြည့်ရှုခဲ့ကြပြီး တံတားဆောက်လုပ်မည့် အပြီးသတ် အနေအထားများနှင့် ပတ်သက်၍ ထိုင်းဘက်က မြန်မာဘက်သို့ အကြောင်းကြားရမည်ဟု သိရသည်။

 

ထပ်မံဆောက်လုပ်မည့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အခြေအနေများနှင့် ပတ်သက်၍ သတင်းဌာနများက မေးမြန်းလိုသည်များကို မြန်မာကိုယ်စားလှယ်အဖွဲ့က ဖြေဆိုရန် ငြင်းပယ်ခဲ့သည်ဟု ထိုင်းသတင်းထောက်တဦးက ပြောသည်။

 

ထိုင်းနိုင်ငံဘက်မှ အကုန်အကျခံ၍ တည်ဆောက်ပေးမည့် ဒုတိယမြောက် ချစ်ကြည်ရေးတံတား၏ ထိုင်းဘက်ခြမ်းတွင် ထိုင်းက စီးပွားရေးဇုန် တည်ဆောက်မည်ဖြစ်ပြီး တံတား တည်ဆောက်မှုသည် လာမည့်နှစ်ဆန်းတွင် ဖြစ်နိုင်ကြောင်း ထိုင်းတာဝန်ရှိသူတဦးက ခန့်မှန်းပြောဆိုသည်။

 

လက်ရှိအသုံးပြုနေသည့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားသည် သောင်ရင်းမြစ် ရေစီးအားပြင်းထန်မှုကြောင့် ၂၀၀၆ ခုနှစ်ဇူလိုင်လ ၂၅ ရက်နေ့က ထိုင်းဘက် တံတားပိုင်တိုင်အမှတ် ၈ နှင့် မြန်မာဘက်ပိုင်တိုင်အမှတ် ၆ တို့ ၉ လက်မခန့် ရွဲ့စောင်းခဲ့ပြီး မြောက်ဘက်သို့ ၂ လက်မခန့် နိမ့်ကျခဲ့သည်။ ထို့နောက်ပိုင်း တံတားကြံ့ခိုင်မှု မရှိတော့သဖြင့် ၁၀ ဘီးတပ် ကုန်တင်ယာဉ်များ သွားလာနိုင်ခြင်း မရှိတော့ဘဲ ၁၂ တန်အောက် ကုန်တင်ကားများကိုသာ သွားလာခွင့်ပြုခဲ့သည်။

 

တံတားကြံ့ခိုင်မှုမရှိသဖြင့် မြန်မာနိုင်ငံသို့ တင်ပို့မည့် ထိုင်းကုန်ပစ္စည်းအများစုကို ချစ်ကြည်ရေးတံတား ဘေးဝဲယာရှိ လှေဆိပ်များမှတဆင့် တင်ပို့ရသောကြောင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် ထိခိုက်နစ်နာမှုများရှိသည်ဟု ထိုင်းနှင့်မြန်မာကုန်သည်များက ပြောသည်။

 

ယခု ထပ်မံတည်ဆောက်မည့် တံတားသည် အနည်းဆုံး တန်ချိန် ၆၀ ကျော်ဖြတ်သန်း သွားလာနိုင်မည့် တံတားအမျိုးအစားဖြစ်သည်ဟု ထိုင်းဘက်က ပြောသည်။

 

လက်ရှိ မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားကို ၁၉၉၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယမန်နှစ် ဇူလိုင်လမှစ၍ နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် မြန်မာဘက်က ချစ်ကြည်ရေးတံတား အပါအ၀င် တံတားဘေးဝဲယာရှိ လှေဆိပ် ၂၀ ကျော်ကို ပိတ်လိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားခဲ့သည်။

 

ချစ်ကြည်ရေးတံတား မပိတ်မီက မဲဆောက်-မြ၀တီ တရားဝင် နယ်စပ်ကုန်သွယ်ရေးတွင် ထိုင်းကုန်ပစ္စည်းများ တင်ပို့မှုမှာ တလလျှင် ဘတ်သန်း ၃၀၀၀ ကျော်ရှိပြီး မြန်မာဘက်မှ ထိုင်းဘက်သို့ ပို့ကုန်ပမာဏမှာ ဘတ်သန်း ၁၅၀၀ ခန့်ရှိသည်ဟု ထိုင်းနှင့်မြန်မာ ကုန်သည်ကြီးများက ခန့်မှန်းကြသည်။

 

နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မှုကြောင့် နှစ်ဘက်ကုန်သည်များက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကုန်သွယ်ကြရာ လစဉ် ထိုင်းဘက်မှ ကုန်ပစ္စည်း ဘတ်ငွေ သန်း ၇၀၀ ဖိုးခန့် မြ၀တီဘက်သို့ တင်ပို့ကြပြီး မြန်မာဘက်မှ မြန်မာ ကုန်ပစ္စည်း ဘတ် သန်း ၄၀၀ ဖို့ခန့်ကို မဲဆာက်ဘက်သို့ တင်သွင်းကြကြောင်း သိရသည်။

 

မြန်မာဘက်က နယ်စပ်ပိတ်လိုက်သောကြောင့် ထိုင်းနယ်စပ် မဲဆောက်မြို့မှတဆင့် မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့နေကြသည့် ကုန်သည်ကြီးများသည် ထိုင်းနယ်စပ် မယ်ဆိုင်-တာချီလိတ်၊ ရနောင်း-ကော့သောင်း စသည့် ကုန်းလမ်းရေလမ်းများမှတဆင့် ကုန်ပစ္စည်းများကို မြန်မာဘက်သို့ တင်ပို့နေရသည်ဟု မဲဆောက်ရှိ အထည်အလိပ် ပို့ကုန်လုပ်ငန်းရှင်တဦးက ပြောသည်။

                   ဗဟိုချုပ်ကိုင်မှု ပြန်ကျင့်သုံးပြီ

ခင်ဦးသာ Thursday, 30 June 2011 17:50

 

ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်အာဏာ များအား ပြည်ထောင်စုအစိုးရ (ဗဟိုအစိုးရ) က ပြန်လည် ချုပ်ကိုင်တော့ မည် ဖြစ်ကြောင်း ပြည်နယ်၊ တိုင်းဒေသကြီးများ၏ လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရန်ကုန်မြို့ လမ်းဖွင့်ပွဲတခုတွင် မိန့်ခွန်းပြောနေသော အစိုးရသစ်ခေါင်းဆောင် ဝန်ကြီးချုပ် ဦးသိန်းစိန်ကို တွေ့ရစဉ် (ဓာတ်ပုံ - အေပီ)

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်အဖွဲ့ တာဝန်ယူပြီး ရက် ၉၀ ပြည့်မြောက်ချိန်တွင် ကျင်းပသော ပြည်နယ်၊ တိုင်း လွှတ်တော်များ၏ အထူးအစည်းအဝေးများ အပြီး ၎င်းအစီအစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

 

"ရန်ကုန်တိုင်း အစိုးရ အဖွဲ့ဆိုရင် စီးပွားရေးဌာနက လွဲလို့ ကျန်တဲ့ဌာန လုပ်ပိုင်ခွင့်တွေ အကုန်လုံးကို နေပြည်တော်က တိုက်ရိုက် လုပ်ဆောင်တော့မယ့်အနေအထား ဖြစ်သွားပါပြီ" ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ဧရာဝတီကို ပြောသည်။

 

ရန်ကုန်တိုင်း ၀န်ကြီးဌာနများတွင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနမှ အပ ကျန် ၀န်ကြီးဌာနများကို ဗဟိုမှ ချုပ်ကိုင်သည့် စနစ်ဖြင့် ဆောင်ရွက်သွားနိုင်သည်ဟု သူက ဆိုသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ရန်ကုန်တိုင်းတွင် ပထမပိုင်း၌ ပါရှိခဲ့သော်လည်း ယခုမပါရှိတော့ပေ။ ရန်ကုန်တိုင်းရှိ ဝန်ကြီးဌာန ၉ ခုမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ၊ စည်ပင်သာယာရေး၊ ဘဏ္ဍာအခွန်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ စီမံကိန်းနှင့် စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု၊ လူမှုရေး ၀န်ကြီးဌာန၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီးဌာနတို့ဖြစ်သည်။

 

၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ်၊ တိုင်းအစိုးရ အဖွဲ့များ ပေါ်ပေါက်လာပြီးနောက် လုပ်ပိုင်ခွင့်တချို့ ရခဲ့သော်လည်း ထိရောက်သော လုပ်ဆောင်နိုင်မှု မရှိ၍ ဗဟိုမှ ချုပ်ကိုင်သည့် စနစ် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တချို့က ဆိုသည်။

 

ဇွန်လ ၂၉ ရက်နေ့တွင် ကချင်ပြည်နယ် လွှတ်တော် ကျင်းပခဲ့ပြီးနောက် ကချင်ပြည်နယ်၏ ၀န်ကြီးဌာန အပြောင်းအလဲနှင့် ၀န်ကြီးအသစ် ခန့်အပ်ခြင်းကို သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ပြုလုပ်ခဲ့ကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများ၌ ရေးသားထားသည်။

 

တခြားသော ပြည်နယ်၊ တိုင်း လွှတ်တော် အစည်းအဝေးများအား ဇွန် ၂၉၊ ၃၀ ရက်များ၌  ဆက်လက်ကျင်းပကာ ၀န်ကြီးဌာန အများအပြား၏ အမည်များကို ပြောင်းလဲမှု လုပ်ဆောင်ခဲ့သည်။

 

"အရင်လိုပဲ ၀န်ကြီးဌာန ၉ ခုရှိပေမယ့် စစ်တပ်ကိုယ်စားလှယ် ကိုင်ထားတဲ့ နယ်စပ်ရေးရာလို ဌာနပဲ မပြောင်းလဲတာပါ။ အစည်းအဝေးက ၇ မိနစ်လောက်ပဲ ကြာပါတယ်" ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

 

ဝန်ကြီးဌာန အပြောင်းအလဲ လုပ်ခြင်းသည် အရာအားလုံးနီးပါးကို ဗဟိုမှ ပြန်လည် ချုပ်ကိုင်ထားလိုသည့် သဘောကြောင့်ဟု ထင်မြင်ကြောင်း၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော အစိုးရအဖွဲ့ဝန်ကြီး များ၏ လုပ်ဆောင်ချက် အားနည်းခြင်း ရှိသကဲ့သို့ လုပ်ဆောင်နိုင်မှု တချို့လည်း ရှိကြောင်း ကိုယ်စားလှယ်များက ဆိုသည်။

 

"ရန်ကုန်အစိုးရ အဖွဲ့ထဲမှာတော့ အပြောင်းအလဲ တချို့ တွေ့ရပါတယ်။ ဥပမာ - စည်ပင်ဝန်ကြီး ဆိုရင် အမှိုက်သိမ်းတာတွေ၊ မြောင်းဖောက်တာတွေ ပိုလုပ်လာတယ်။ မြို့တော်ခန်းမကြီးလည်း ပြန်ပြီးတော့ ဆေးသုပ်ထားတာ တွေ့ရတယ်" ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။

 

ရန်ကုန်တိုင်း၌ ပညာရေးဝန်ထမ်း တချို့၏ လာဘ်ပေး၊ လာဘ်ယူမှုကိစ္စတွင်လည်း အပြောင်းအလဲ တချို့ ဖြစ်သွား သေးကြောင်း ၎င်းက ဆိုသည်။

 

ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် အစိုးရအဖွဲ့တို့၏ လုပ်ဆောင်ချက်များသည် ၃ လ ပြည့်မြောက်သည့်တိုင် အပြောင်းအလဲ မတွေ့ရသေးကြောင်း ဒေသခံ နိုင်ငံရေး ခေါင်းဆောင်များ၏ ပြောပြချက်အရ သိရသည်။

 

"အရင်လူတွေ လုပ်ခဲ့တာကို ဆက်ပြီးသွားနေတဲ့ သဘောပါ။ လက်ရှိဝန်ကြီးတွေကိုယ်တိုင် လုပ်လို့ ပြောင်းလဲလာတာ ဘာမှမတွေ့ ရသေးဘူး။ ဗဟိုကချုပ်ကိုင်ထားပြီး ဖွဲ့စည်းပုံမှာလည်းပဲ ပြည်နယ်၊ တိုင်း အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်တွေ ပေးမထားတော့ သိပ်ပြီးတော့ လုပ်ရဲ ကိုင်ရဲတဲ့ သတ္တိတွေမရှိကြဘူး" ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဧရာဝတီကို ပြောသည်။

 

ပြည်နယ်၊ တိုင်း အစိုးရများအနေဖြင့် ဗဟိုမှ လမ်းညွှန်မှု ပေးခြင်းကို စောင့်နေရန် မလိုဘဲ လုပ်ဆောင်စရာ ရှိသည်ကို တာဝန်ယူမှု ရှိရှိဖြင့် လုပ်ဆောင်သွားရန် တာဝန်အပြည့် ပေးအပ်သည်ဟု သမ္မတဦးသိန်းစိန်က ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့ဝင်များနှင့် ဧပြီလအတွင်း တွေ့ဆုံရာ၌ ပြောဆိုခဲ့သည်။

 

"အထက်က အမိန့်ပေး စနစ်နဲ့ သွားတာမျိုး မဟုတ်ဘဲ၊ အောက်ခြေက တာဝန်ယူမှုရှိပြီး အောက်ကအပေါ်ကို လာတဲ့စနစ်နဲ့ သွားကြဖို့၊ ရဲရဲဝံ့ဝံ့ တာဝန်ယူ လုပ်ဆောင်ကြဖို့ လိုတယ်" ဟု ဦးသိန်းစိန်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

နိုင်ငံရေး ခေါင်းဆောင်တချို့ကမူ သမ္မတဦးသိန်းစိန်၏ စကားသည် ၀ါဒဖြန့်ရန်အတွက် အပြောသက်သက် လုပ်ဆောင် ခြင်းသာ ဖြစ်သည်ဟု တုန့်ပြန်ပြောဆိုကြသည်။

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော လက်ရှိအစိုးရ ကျင့်သုံးနေသည့် စနစ်သည် ဖက်ဒရယ် ပြည်ထောင်စု စနစ် မဟုတ်သည့်အတွက် ပြည်နယ်၊ တိုင်းအစိုးရ၏ လုပ်ပိုင်ခွင့်အား ဗဟိုမှ ပြန်လည်ချုပ်ကိုင်ခြင်းမှာ အထူးအဆန်း မဟုတ်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်က ဆိုသည်။

 

သမ္မတ ဦးသိန်းစိန်သည် လက်ရှိအာဏာရပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ သမ္မတ ဖြစ်လာ၍ ပြည်နယ်၊ တိုင်းအစိုးရ အဖွဲ့ကိုလည်း ၎င်းစိတ်ကြိုက် ခန့်ထားခြင်းသာ ဖြစ်သည်ဟု ဦးအေးသာအောင်က ဆက်ပြောသည်။

 

ရန်ကုန်တိုင်းအစိုးရအဖွဲ့၌ ၀န်ကြီးဌာန ၉ နေရာတွင် ကြံ့ဖွံ့ပါတီက ၀န်ကြီးဌာန ၈ နေရာ ရရှိထားပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) က ၁ နေရာ ရရှိထားကြောင်း ဒေါက်တာ ညိုညိုသင်းက ဆိုသည်။

                   မန္တလေးတွင် ဗုံးလန့်

ရန်ပိုင် Thursday, 30 June 2011 17:39

 

မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် ၈၁ လမ်းပေါ်ရှိ အထက (၁) ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဆိုသည့် ကောလာဟလ သတင်းကြောင့် လူအများ အထိတ်တလန့်ဖြစ်ကာ ရုတ်ရုတ်သဲသဲဖြစ်သွားကြောင်း သတင်းရသည်။

ဗုံးလန့်ချိန်သည် နေလည် ၁ နာရီခန့်တွင် ဖြစ်ပြီး ကျောင်းသားများ လပတ်စာမေးပွဲ ဖြေဆိုနေစဉ် ဖြစ်ကြောင်း၊ ကျောင်းသားများကို ပြန်လည်ခေါ်ယူရန် မိဘများ လာရောက်ချိန်တွင် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ အခြေအနေကို ထိန်းသိမ်းလိုက်ကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

 

"ဗုံးကွဲတယ်ဆိုလို့ ကလေးကို သွားခေါ်တော့ မဟုတ်ဘူးတဲ့၊ တွေ့တာဖြစ်ပြန်ရော။ အားလုံးကစိုးရိမ်နေတယ်"ဟု ၎င်းကဆိုသည်။

 

အဆိုပါ အထက (၁) သည် ယောက်ျားလေး သီးသန့်ကျောင်းဖြစ်ပြီး အနီးတွင် အမှတ် (၈) နှင့် အမှတ် (၄) မိန်းကလေး သီးသန့်ကျောင်းများ ရှိသည်။

 

ယခုအခါ မန္တလေးမြို့တွင် နေထိုင်သူများသည် စားဝတ်နေရေးအတွက် သွားလာနေရသော်လည်း ဗုံးအန္တရာယ်ကို ကြောက်ရွံ့နေကြကြောင်း တခြားမန္တလေးမြို့ခံတဦးကလည်း ဆိုသည်။

 

ထိုအပြင် ပြီးခဲ့သည့် ဗုံးကွဲမှုများနှင့် ပတ်သက်၍ ခေါ်ယူစစ်ဆေးမှုများ၊ စောင့်ကြည်မှုများ၊ လုံခြုံရေး တင်းကျပ်မှုများကိုလည်း အာဏာပိုင်များက ပြုလုပ်နေကြောင်း၊ စစ်ကိုင်းတံတား စသည့် မြို့အ၀င်အထွက် နေရာများတွင် တင်းကျပ်သော စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

 

ယမန်နေ့ နေ့လည်က နေပြည်တော်ရှိ အမှတ် (၂) အထက်တန်းကျောင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဆိုသော သတင်းများထွက်ခဲ့သော်လည်း ကောလဟလသာ ဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ငူမြို့များ ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ရာ လူအသေအပျောက် မရှိခဲ့ပေ။

 

ယခုကဲ့သို လူသေပျောက် မရှိ၊ ဒဏ်ရာရရှိမှု နည်းသည်ကို ကြည့်ခြင်းအားဖြင့် ဗုံးဖောက်ခွဲမှု ပြုလုပ်သူများသည် ခြောက်လှန့်ရန် သက်သက် ပြုလုပ်ခြင်းဖြစ်သည်ဟု မန္တလေးတိုင်း မှုခင်းသတင်းတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦးက သုံးသပ်သည်။

                   ရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာ ဘာသာရေးအရ ကန့်ကွက်မှုများဖြစ်ပေါ်

ခင်ဦးသာ Thursday, 30 June 2011 11:56

 

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ အနောက်ရပ်ကွက်၏ အုပ်ချုပ်ရေးမှူး နေရာအတွက် အစ္စလမ် ဘာသာဝင် တဦး ကို ခန့်အပ်လိုက်၍ ဒေသခံများနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ကန့်ကွက်နေကြကြောင်း သိရသည်။

 

ကျိုက္ကဆံ အနောက် ရပ်ကွက်သည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၃၇ ကျောင်းနှင့် ဆရာတော်၊ သံဃာတော်များ၊ သီလ ရှင်များ အပါအ၀င် ဗုဒ္ဓဘာသာဝင် အများဆုံးနေထိုင်သော ရပ်ကွက်တခုဖြစ်ကြောင်း၊ ထို့ကြောင့် ဘာသာခြား တဦးအား အုပ် ချုပ်ရေးမှူး ခန့်ထားခြင်းသည် ဘာသာရေးအရ ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း သင်္ဃန်းကျွန်းဒေသခံ ဆရာတော် တပါး က မိန့်ကြားသည်။

 

"ဗုဒ္ဓဘာသာတွေ အများဆုံးနေတဲ့ ရပ်ကွက်မှာ အစ္စလမ် ဘာသာဝင်တဦးကို အုပ်ချုပ်ရေးမှူးခန့်ထားတဲ့ကိစ္စကို စဉ်းစား မရ အာင်ဘဲ၊ ခန့်တဲ့သူကကော ဗုဒ္ဓဘာသာဝင်ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ရမယ်"ဟု ဆရာတော် က ဧရာဝတီကို မိန့်ဆိုသည်။

 

ရပ်ကွက် အုပ်ချုပ်ရေးမှူးတာဝန်ပေးခံရသော အစ္စလမ်ဘာသာဝင် ဦးဝင်းသိန်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ  (ကြံ့ဖွံ့ပါတီ)၏ ရပ်ကွက်ပါတီ စိစစ်ရေးမှူး တာဝန်အား လက်ရှိအချိန်အထိ ထမ်းဆောင်နေသူ တဦးလည်း ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

 

ဇွန်လ ၂၇ ရက်နေ့တွင် မြို့နယ် သံဃနာယက အဖွဲ့ဝင်များ၊ ဘုန်းကြီးကျောင်း ၃၇ ကျောင်း မှ ဆရာတော်၊ သံဃာတော်များ၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများက ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး၊ လွှတ်တော် ကိုယ်စားလှယ် များထံ တိုင်ကြားစာများ ပေးပို့၍ ကန့်ကွက်ကြကြောင်း ဦးသိန်းညွှန့် က ဆိုသည်။

 

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော အစိုးရ အဆက်ဆက်သည် နိုင်ငံရေးထွက်ပေါက် နည်းလမ်းမရှိတော့သည့် အချိန်၌ ကုလား-ဗမာ အဓိကရုဏ်းပုံစံမျိုး ဖြစ်ပွားစေရန် လုပ်ဆောင်ခဲ့ကြကြောင်း၊ ဗုဒ္ဓဘာသာဝင်အများဆုံးနေထိုင်သည့် ရပ်ကွက်၌ အစ္စလမ် ဘာသာဝင်အား အုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်းကပင် ပြည်သူများကို မထီမဲ့မြင် ပြုရာ ရောက်ကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ၌ သီတင်းသုံးနေသော ဆရာတော်တပါးက မိန့်ကြားသည်။

 

အစ္စလမ်ဘာသာနှင့် အစ္စလမ်စာပေများအား တရားဝင် သင်တန်းကျောင်းဖွင့်၍ သင်ကြားပေးနေသော (ABEC) သင်တန်း ကျောင်းမှ ကျောင်းဆရာ ဦးမြင့်သိန်းက အစ္စလမ်ဘာသာဝင်ဖြစ်၍ အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ခြင်း မပြုရဟုဆိုခြင်း သည် ဘာသာရေး၊ လူမျိုးရေးအရ ခွဲခြားခြင်း သာဖြစ်ကြောင်း၊ လွတ်လပ်ရေးမရမီက နိုင်ငံရေး၊ အုပ်ချုပ်ရေး ကဏ္ဍများ၌ 

အစ္စလမ် ဘာဝင်များအနေဖြင့် အဆင့်မြင့်တာဝန်များကို ထမ်းဆောင်ခဲ့သည့် သမိုင်းများရှိခဲ့ကြောင်း ဧရာဝတီ ကို ပြောသည်။

 

အုပ်ချုပ်ရေး၊ နိုင်ငံရေး ကိစ္စဆောင်ရွက်ရာ၌ ဘာသာရေး၊ လူမျိုးရေး မခွဲခြားဘဲ အရည်အချင်းရှိသော မည်သည့်ဘာသာ၊ မည် သည့် လူမျိုး မဆို ပြည်သူလူထု ကောင်းကျိုးဆောင်ရွက်နိုင်ပါက တာဝန်ပေးသင့်သည်ဟုလည်း ဦးမြင့်သိန်းက ဆိုသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း မန္တလေးမြို့၌ တရုတ်လူမျိုးများနှင့်မြန်မာလူမျိုး များအကြား လူမျိုးရေးအရ ပြဿနာဖြစ်ပွားခဲ့၍ လူမျိုးရေး မုန်းတီးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများ က ပြောဆိုသည်။

                   ရော့စ် ဒန်ကလေအမှု ပြတ်ပြီ

ဧရာဝတီ Thursday, 30 June 2011 16:23 သတင်းတိုများ

 

မြန်မာတိုင်းမ် ဂျာနယ် CEO မစ္စတာ ရော့စ် ဒန်ကလေအား မခိုင်ဇာလင်းကို သာမန်နာကျင်စေမှုအတွက် ထောင်ဒဏ် ၁ လ၊ လူဝင်မှု ကြီးကြပ်ရေး (လဝက) ဥပဒေ အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မ (၁၃/ ၁) အရ ထောင်ဒဏ် ၆ လ (သို့မဟုတ်) ဒဏ်ငွေ ကျပ် ၁ သိန်း ပေးဆောင်ရန် ကမာရွတ်တရားရုံးက ယနေ့ အမိန့်ချမှတ်လိုက်သည်။ မစ္စတာ ရော့စ် ဒန်ကလေသည် ချုပ်ရက် ၄၄ ရက် ကျခံထားပြီးဖြစ်သောကြောင့် မခိုင်ဇာလင်းကို နာကျင်စေမှုဖြင့် ထောက်ဒဏ် ကျခံစရာ မလိုတော့ဘဲ လဝက အမှုအတွက် ကျပ် ၁ သိန်း ဒဏ်ငွေပေးဆောင်လိုက်ခြင်းဖြင့် အမှုပြီးပြတ်သွားပြီဖြစ်ကြောင်း သိရသည်။

                   ကမမောင်းတွင် အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် တိုက်ပွဲဖြစ်

ဧရာဝတီ Thursday, 30 June 2011 12:23 သတင်းတိုများ

 

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းတွင် ယမန်နေ့ညက ဗိုလ်ပိ ဦးဆောင်သည့် နယ်ခြားစောင့် တပ်ဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲ ဖြစ်ပွားကြောင်း သိရသည်။ တိုက်ပွဲအတွင်း နယ်ခြားစောင့်တပ်က တံတားတစင်းကို ချိုးလိုက်သည်ဟု ကြားသိရသော်လည်း ပျက် စီးဆုံးရှုံးမှု နှင့် သေဆုံး ဒဏ်ရာရ စာရင်း အတိအကျကို မသိရှိရသေးကြောင်း ကရင် လွတ်မြောက်ရေး တပ်မတော် တာဝန်ရှိသူ တဦးက ပြောသည်။

                   မြန်မာအစိုးရနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုဟု ဒဲရက် မစ်ချယ်ပြော

ဧရာဝတီ Thursday, 30 June 2011 11:51 သတင်းတိုများ

 

မြန်မာနိုင်ငံ မူဝါဒဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်အဖြစ် သမ္မတ အိုဘားမားက အမည်စာရင်း တင်သွင်းခံရသူ ဒဲရက် မစ်ချယ်က မြန်မာအစိုးရနှင့် "တိုက်ရိုက် ပွင့်ပွင့်လင်းလင်း" ဆွေးနွေး ဆွေးနွေးနိုင်ရန် အခွင့်အလမ်းရှာမည်ဟု အမေရိကန် လွှတ်တော် ကြားနာမှုတွင် ပြောဆိုလိုက်သည်။ အမေရိကန်ဘက်ကလည်း ပျော့ပြောင်းစွာ တုံ့ပြန်ရန်လိုပြီး မြန်မာအစိုးရဘက်မှ လမ်းခင်းပေးသည့် အခွင့်အလမ်းကို အလျင်အမြန် ဆုပ်ကိုင်ရန် လိုကြောင်းလည်း ဒဲရက် မစ်ချယ်က ပြောသွားသည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ တရုတ်၊ အိန္ဒိယတို့နှင့် ပူပေါင်းလုပ်ဆောင်နိုင်ရေး ကြိုးပမ်းမည်ဟု သိရသည်။

                   တရားဥပဒေ စိုးမိုးရေးဆွေးနွေးရန် ပြည်ထဲရေးဝန်ကြီးထံ NLD စာပို့

ဧရာဝတီ Thursday, 30 June 2011 11:53 သတင်းတိုများ

 

တရား ဥပဒေ စိုးမိုးရေးအတွက် ဆွေးနွေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ယမန်နေ့ ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို ထံ စာတစောင် ပေးပို့လိုက်သည်။ ယခုစာမှာ ဇွန်လ ၂၈ ရက် နေ့က NLD ခေါင်းဆောင် များဖြစ်သည့် ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်သို့ ပြည်ထဲရေး ၀န်ကြီးဌာနက NLD ၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်း များ ရပ်ဆိုင်းရန်နှင် ဥပဒေနှင့်အညီ လိုက်နာရန် သတိပေးချက်ကို ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ဖြင့် တုံ့ပြန်သည့် စာဖြစ် သည်။ ယင်းစာကို အများပြည်သူ သိရှိရန် ကြေညာချက်အဖြစ်လည်း NLD ထုတ်ပြန်ထားသည်။

                   သောကြာစကားဝိုင်း ရပ်နားပြီ

ဧရာဝတီ Thursday, 30 June 2011 16:58 Announcements

 

ဧရာဝတီ သောကြာစကားဝိုင်း ထုတ်လွှင့်ပြီးတဲ့နောက်မှာ RFA ကဧရာဝတီ စကားဝိုင်းနဲ့ Dateline Irrawaddy၊ Face to Face (Irrawaddy) တို့ အပါအဝင် ရုပ်/ သံ အစီအစဉ်တွေကို တိုးချဲ့ ထုတ်လွှင့်နိုင်ခဲ့တဲ့အတွက် ၁ နှစ်ကျော်ခန့် တင်ဆက်ခဲ့တဲ့ ဧရာဝတီ သောကြာစကားဝိုင်း အစီအစဉ်ကို ရပ်နားတော့မယ် ဆိုတဲ့အကြောင်း ဧရာဝတီ ပရိသတ်ကို အသိပေးအပ်ပါတယ်။

http://www.irrawaddy.org/bur/

 

 

                   Thursday, June 30, 2011

                        တခုခုတော့ လွဲနေပြီ (၂)

at Thursday, June 30, 2011

 

 

ကျားပေါက်၊ ဇွန် ၃၀၊ ၂၀၁၁

 

ကချင်အရေးအခင်း အဓိက ဇာတ်ကောင်ထဲမှာ ပေါက်ဖော်ကြီးဟာ ကချင်နဲ့ ဦးသိန်းစိန်ပြီးရင် အရေးအကြီးဆုံးပါပဲ။ ပေါက်ဖော် သစ်ကုမ္ပဏီကြီးတွေ၊ ကူမင်းရေအားလျှပ်စစ်၊ ကျောက်စိမ်းတွင်း လေလံဆရာကြီးများ၊ သတ္တုတွင်း ပိုင်ရှင်ကြီးများက ယူနန်အစိုးရအပေါ် အားကိုးမရလို့ ပီကင်းအထိသွားပြီး Lobby လုပ်ရပါတယ်။

 

KIO နဲ့ ဦးသိန်းစိန် စစ်မီးပွားက ရှန်ဟိုင်း စတော့မားကက်ကို ထိခိုက်စေပါတယ်။ ယူနန်သား ၃ သောင်းလောက် အလုပ်လက်မဲ့ ဖြစ်စေပါတယ်။ ယူနန်ရဲ့ စီးပွားရေး ကုန်သွယ်မှု ၅ ရာခိုင်နှုန်းလောက် ထိခိုက်စေနိုင်ပါတယ်။ ဒုက္ခသည် ၅ သောင်းကနေ တသိန်းအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေမှာ နေရာပေး ထမင်းကျွေးရပါတော့မယ်။ပေါက်ဖော်ကြီးရဲ့ မဟာဗျူဟာ စီမံကိန်းတွေ ရပ်ရပါတော့မယ်။ 

 

ဒါနဲ့ပဲ ကိုသိန်းစိန်ကို မေလ ၂၆ ရက်နေ့မှာ ဖိတ်ပြီး ဖိအားပေးပါတော့တယ်။ ဗိုလ်ချုပ် မင်းအောင်လှိုင်ကတော့ တန်းမတူလို့ မလိုက်တာဘဲလားမသိ၊ ကျန်းမာရေး အကြောင်းပြပြီး မလိုက်ပါ။ ပေါက်ဖော်က ချောကလက် (ချေးငွေ) နဲ့ မြှားပေမယ့်လည်း တဖက်မှာ ကချင်မှာ သေနတ်မပေါက်ဖို့ သမ္မတကရော ဝန်ကြီးချုပ်ကပါ ဖိအားပေးပါလေရော။ သတင်းစာထဲ ပါသလို မဟာဗျူဟာ မိတ်ဆွေတွေပါလို့ မျက်နှာ မပျက်အောင် ကြည့်ပြောပြီး ပြန်လာပေမယ့် အစည်းအဝေးတွေမှာ "ပေါက်ဖော်၊ ခင်ဗျား အမိန့်ပေးတိုင်း မလုပ်နိုင်ဘူး" ဆိုတဲ့ မျက်နှာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

 

 

ပေါက်ဖော်ကြီးလည်း မိတ်ဆွေဟောင်း၊ ဝန်ကြီးချုပ်ဟောင်း၊ သမ္မတသစ် ကိုသိန်းစိန်တို့ လူသိုက်ရဲ့ မျက်စိမျက်နှာ မကောင်းတာကြောင့် ကိုသိန်းစိန် နေပြည်တော် ပြန်ရောက်ပြီး ၄ ရက် အကြာ ပါတီအကြီးအကဲကို လွှတ်ပြီး ကိုသိန်းစိန်၊ ဒုသမ္မတ တင်အောင်မြင့်ဦး (ရေအားလျှပ်စစ် အကျိုးတူ)၊ ကိုရွှေမန်းနဲ့ တပ်ချုပ် မွေးစားသား ကိုဌေးဦးတို့ကို အချိန်မီ ထိန်းဖို့ ပြည်ခိုင်ဖြိုး-တရုတ် ကွန်မြူနစ်ပါတီ ညီညွတ်ရေး စာချုပ်လက်မှတ် ထိုးစေပါတယ်။

 

အချိန်မမီလိုက်ပါ။ မြန်မာသတ္တိ တရုတ်သိအောင် ပြရမှာပေါ့လို့ ဗိုလ်ချုပ် မင်းအောင်လှိုင်ဆီကို ညွန်ကြားစာ ရောက်တယ်လို့ ဆိုပါတယ်။

 

နေပြည်တော်မှာ နေရာ၊ အာဏာ ဝင်ငွေအတွက် အလုပ်များနေချိန်မှာ KIO က ကွပ်ကဲရေးရုံးကို ပေါက်ဖော် မျက်နှာ မပူရအောင် တတိယနိုင်ငံကို ရွှေ့ထားတာ၊ တပ်အိမ်ထောင်သည် လိုင်းတွေကို ရွှေ့နေတာ၊ နအဖရဲ့ ဖြတ်လေးဖြတ်ကို စုတုပြုပြီး ဆက်သွယ်ရေး လမ်းကြောင်းတွေကို ရပ်စေတာတွေဟာ ဦးသိန်းစိန်ရဲ့ ဗွေဆော်ဦး အရှုံးရလဒ်တခုလို့ ပြောနိုင်ပါတယ်။

 

တပ်ချုပ်ရဲ့ ဦးစားပေးတွေထဲမှာ ဒေါ်စုကို အာရုံစိုက်ဖို့၊ အာရပ်နွေဦးလို မဖြစ်စေဖို့၊ တည်ငြိမ်တဲ့ အင်အားစုကြီး ၄ ရပ် (ပါတီ၊ အစိုးရ၊ တပ်နဲ့ လွှတ်တော်) ကိုပဲ အာရုံစိုက်ရတော့ စစ်ပြင်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအတွက် စစ်ရေး၊ နိုင်ငံရေး အသာစီးရသွားပါတယ်။

 

အတွေ့အကြုံရှိတဲ့ ထိပ်တန်း ၇ ယောက်ကို တပ်နဲ့ ခွဲလိုက်တဲ့ အတွက်အတွေ့အကြုံနည်းသေးတဲ့ ဗိုလ်ချုပ် မင်းအောင်လှိုင်ကို အကြံပေးဖို့ ခက်နေတယ်လို့ ဆိုပါတယ်။

 

ဗိုလ်ချုပ် နေဝင်းကို ဦးနုတို့က မိန်းမလိုက်စားတဲ့၊ မြင်းလောင်းတဲ့ ဗိုလ်ချုပ်ဖြစ်တဲ့အတွက် နိုင်ငံရေးအာဏာကို ဂရုစိုက်မှာ မဟုတ်လို့ သုံးသပ်ပေမယ့် ဗိုလ်ချုပ်သန်းရွှေက ဗိုလ်ချုပ်နေဝင်းလို ဖြစ်လာရတာ KNDO ကြောင့်ပါလို့ ခွဲခြားပြခဲ့ပါတယ်။ KNDO နဲ့ အလံဖြူ မရှိရင် ဗိုလ်ချုပ် နေဝင်းရယ်လို့ ဖြစ်မလာဘူးကွ ဆိုတာကို နားနဲ့ ဆတ်ဆတ် ကြားလာသူတယောက် ပြောပြချက်ပါ။

 

ဗိုလ်ချုပ် မင်းအောင်လှိုင်လည်း အသက်ငယ်၊ အတွေ့အကြုံ နုသေးပေမယ့် KIO စင်တင်ပေးနေပြီလို့ ယူဆရမလား။

 

တပ်နဲ့ အစိုးရကို ခွဲပြီး တပ်ချုပ်က အရံအင်အားအနေနဲ့ နောက်က ကြိုးကိုင်နိုင်ပေမယ့် နေ့စဉ်စစ်ရေး ပြဿနာမှာ ကိုသိန်းစိန်တို့နဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှ တင်ပြပေမယ့်လည်း တပ်အပြင် တိုင်းပြည် အကျပ်အတည်းကို ဗိုလ်ချုပ်လေးအတွက် နိုင်ငံရေးစင်မြင့်သစ် ဖြစ်နေပြီလား။

 

ဗိုလ်ချုပ်လေး လုပ်နေတာ ပေါက်ဖော်ကို သင်ခန်းစာပေးနေတာလို့လဲ ဆိုပါတယ်။ တပ်ချုပ်ရဲ့ အစိုးရသစ်က အရင်ကလို ပေါက်ဖော်ကို ခယအားကိုးရမယ့် အခြေအနေ မဟုတ်တော့တာတော့ အမှန်ပဲ မဟုတ်လား။ ပေါက်ဖော် … ခင်ဗျား ပေးချင်သလောက်ပေး၊ ကျနော်တို့က ဈေးကွက်စီးပွားရေးကို ဦးတည်နေပြီ၊ ဈေးကိုက်ရင် ရောင်းမယ်၊ ဒါမှမဟုတ် ပိုပေးတဲ့သူဆီကို ရောင်းမယ်ဆိုတဲ့ ဗျူဟာလို့ ယုံကြည်ရပါတယ်။

 

 

                   Thursday, June 30, 2011

                        KIA ရဲ့ အမျိုးသမီး စစ်သည်များ

at Thursday, June 30, 2011

 

 

ကျွန်ုပ်တို့၏ သတင်းထောက် ယနေ့ ရိုက်ကူး ပေးပို့သော ဓာတ်ပုံတချို့

 

KIA female soldiers (photos by Irrawaddy)

သေနတ်လွယ် ဓားလွယ်ထားတဲ့ ကချင်ဒေသ အမျိုးသမီး စစ်သည်

 

လက်နက်ငယ်နဲ့

အေကေ ၄၇ နဲ့

နံရံမှာ ပြေတီဦး ပိုစတာ ကပ်ထားတယ်

 

 

                   Thursday, June 30, 2011

                        ကချင်ဒေသ အပစ်ရပ်ရေး ဆွေးနွေးပြီ

at Thursday, June 30, 2011

 

 

ရက် ၂၀ ၀န်းကျင် ပစ်ကြခတ်ကြပြီးတဲ့နောက် ကေအိုင်အေ နဲ့ အစိုးရ ပြန် ညှိနှိုင်း ဆွေးနွေးနေပါပြီ။ (ဓာတ်ပုံများ-ဧရာဝတီ)

 

ဘယ်တုန်းကလဲ

ဒီနေ့

 

ဘယ်မှာလဲ

ကချင်ပြည်နယ် လဂျားယန် ကျေးရွာ။

 

မြန်မာအစိုးရဘက်က

ကချင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်၊

ကချင်ပြည်နယ် အမျိုးသား လွှတ်တော် အမတ် ဦးခက်ထိန်နန် တို့ ပါဝင်တယ်။

 

ကေအိုင်အေဘက်က

ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့

 

ကေအိုင်အေ ဘာပြောသလဲ

အပစ်အခတ်ရပ်စဲလိုကြောင်း တရားဝင် အထောက်အထား ခိုင်ခိုင်မာမာ ပြပါ

 

ဗိုလ်မှူးကြီး သန်းအောင် ဘာပြောသလဲ

အထက်ကို တင်ပြပါမည်

 

ဗိုလ်မှူးချုပ် ဂွမ်မော် ပြောကြားချက် -

ဒါဟာ ပဏာမ အဆင့် ဆွေးနွေးပွဲ ။

ဘယ်နေ့ ထပ်တွေ့မယ် ဆိုတာ မသိရသေး၊ အစိုးရဘက်က အကြောင်းပြန်လိမ့်မယ်။

 

 

 

 

သတင်းအပြည့်အစုံ - irrawaddy.org/bur/index.php/news/6730-kio-

 

 

                        တရားမဝင်မီးစက်တွေ ဖယ်ရမယ်

at Thursday, June 30, 2011

 

 

မြို့လယ်က မီးစက်ကြီးတလုံး (ဓာတ်ပုံ - ပေါ်ပြူလာ သတင်း ဂျာနယ်)

မြန်မာပြည်မှာ သတင်းစာဖတ်ရင် ဓာတ်လိုက်မှာ ကြောက်ရပေမယ့် အပြင်မှာတော့ မီးက မမှန်တာ အထူးပြောဖို့ မရှိပါဘူး။ မီးမမှန်တော့လည်း မီးစက် ဝယ်သုံးကြပေါ့။ ပေါ်ပြူလာသတင်းဂျာနယ်မှာ ဖတ်လိုက်ရတာကတော့ ပလက်ဖောင်းပေါ်က တရားမဝင် မီးစက်တွေ ဖယ်ရှားရမယ်လို့ ဆိုပါတယ်။

 

မြို့တွင်းက ပလက်ဖောင်းတွေမှာ ကြီးကြီးငယ်ငယ် တွေ့ရတတ်တဲ့ မီးစက်တွေထဲက ၉၀ ရာခိုင်နှုန်းဟာ တရားမဝင် နေရာ ယူထားတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တရားဝင် ခွင့်ပြုတာက မီးစက် ၁၀ လုံးပေမယ့် တရားမဝင် နေရာယူထားတာက အလုံး ၁၀၀ ရှိပါသတဲ့။ အဲသလို ရှိနေတာကိုလည်း မသိခဲ့ဘူးတဲ့၊ အခု ပလက်ဖောင်းဈေးသည် စစ်ဆင်ရေးလုပ်မှပဲ သိလာရပါသတဲ့။ (အရင် မြို့တော်ဝန် ဦးအောင်သိန်းလင်း ဘယ်လို စီမံခန့်ခွဲသွားတယ်တော့ မသိပါ။)

 

ရန်ကုန်မြို့မှာ လုပ်ငန်းတခုစာ လည်ပတ်ဖို့ မီးစက်ကြီးတွေဆိုတာကလည်း လူတရပ်စာမက မြင့်တဲ့ အကြီးကြီးတွေပါ။ ပလက်ဖောင်းပေါ် လမ်းလျှောက်ရင် မီးစက်ကြီးတွေနားကျ လမ်းကကျဉ်းလို့ တိုးဝှေ့ သွားနေရတာပါ။ ဒါကြီးတွေ တရားမဝင်လို့ ဖယ်ရမယ်ဆို ဘယ်နေရာများ သွားထားကြမလဲဆိုတာ မတွေးတတ်အောင်ပါပဲ။

 

 

http://www.irrawaddyblog.com/

 

 

                   မြောက်ကိုရီးယား ကင်ချီ ရန်ကုန်မှာ ဝယ်လို့ရတော့မယ်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇွန်လ ၃၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ အာရှတိုက်မှာ ကိုရီးယား အစားအစာက အလုံးအရင်းနဲ့ကို ထိုးဖောက်နေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်း ရန်ကုန်က ကိုရီးယား စားသောက်ဆိုင်ကတော့ နားလည်သူတချို့အတွက် အံ့အားသင့်စရာ ဖြစ်နေပါတော့တယ်။

 

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ်ရဲ့ ပုံကိုပဲဖြစ်ဖြစ်၊ သူ့အဖေရဲ့ ပုံကိုပဲဖြစ်ဖြစ် ဘယ်သူကမှ မမြင်ကြပေမယ့်လည်း မြန်မာပြည်ရောက် ကော်ရိုစားသောက်ဆိုင်က ပြုံယမ်းရဲ့ ပထမဆုံး ရသာစုံ စားတော်ဆက်

 ဖြစ်လိမ့်မယ်လို့ မြန်မာအစိုးရနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

 

ရန်ကုန်မှာ ကိုရီးယားစားသောက်ဆိုင် အမြောက်အမြား ရှိတာပါ။ ဒါပေမဲ့ ဒီဆိုင်ကတော့ မြောက်ကိုရီးယားက လာဖွင့်တဲ့ ပထမဆုံးဆိုင် ဖြစ်ပါလိမ့်မယ်။ ဒီဆိုင်ကို ဘယ်သူက ဖွင့်ထားတယ်ဆိုတာ မေးစရာတောင် မလိုတဲ့ အလုပ်ပါ။ ဆိုင်နာမည်ကကို အဖြေပေးပြီးသား။

 

မြောက်ကိုရီးယားမှ ပထမဆုံး လာရောက်ဖွင့်လှစ်သည့် ကော်ယို

Koryo စားသောက်ဆိုင်အား

 တွေ့ရစဉ် (မဇ္ဈိမ)

 

" ကော်ယို Koryo ဆိုတာက မြောက်ကိုရီးယားတို့က သူတို့နိုင်ငံနာမည်ကို ချိုစွန် Chosun ဆိုတာအပြင်

 နောက်တမျိုးခေါ်တာ ဖြစ်တယ် " လို့ မြန်မာနဲ့ မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူဖြစ်တဲ့ ဘာတေးလင်တနာက မဇ္ဈိမကို ချင်းမိုင်မှာ ပြောပါတယ်။

 

" ဥပမာ လေကြောင်းလိုင်းဆိုလည်း ကော်ရိုလေကြောင်းလိုင်းလို့ သုံးတယ်။ ပြုံယမ်းမှာရှိတဲ့ ဟိုတယ်ဆိုလည်း

 ကော်ရိုဟိုတယ်လို့ သုံးတယ်။ တောင်ကိုရီးယားမှာတော့ သူတို့နိုင်ငံကို ဟန်ကွတ် Hankuk လို့ ခေါ်တယ်။ ဒါကြောင့် ဒီဆိုင်ဟာ မြောက်ကိုရီးယားက ဖွင့်ထားတယ်ဆိုတာ သေချာတယ်" ဟု သူက ပြောပါတယ်။

 

နှစ်နိုင်ငံလုံးကို လျှို့ဝှက်ဝင်ရောက် သွားလာဖူးတဲ့ ကျွမ်းကျင်သူ အနည်းငယ်အနက် ဘာတေးလင်တနာလည်း ပါဝင်ပါတယ်။ ပြုံယမ်း အစားအသောက်သည် ရန်ကုန်က မြန်မာလူမျိုးတွေကို လျှာရင်းမျက်အောင် ချက်ကျွေးတော့မယ် ဆိုတဲ့ သတင်းကို သူကတော့ မအံ့သြပါဘူး။

 

" မြောက်ကိုရီးယားအစိုးရတို့၊ နိုင်ငံရပ်ခြားမှာရှိတဲ့ သူတို့သံရုံးတွေက ဒီလိုပဲ ဒေသတွင်း ကိုရီးယား စားသောက်ဆိုင်တွေ ဖွင့်ထားတတ်ကြတာပဲ " လို့ သူက ပြောပါတယ်။ ဒါပေမဲ့ ဘန်ကောက်နဲ့ ပတ္တရားရှိ ဆိုင်တွေ အခု မရှိတော့ဘူးလို့ သူက ဆိုပါတယ်။

 

" အခုတော့ ဆိုင်သစ်တွေက ခတ္တမန်ဒူးနဲ့ ဒါကာမှာ လာဖွင့်ထားကြတယ်။ ဗီယန်ကျင်းနဲ့ ဗလာဒီဗော့စတော့မှာလည်း ရှိတယ် "

 

" ကော်ရိုစားသောက်ဆိုင်က ကိုရီးယားရဲ့ နာမည်ကျော် စူးရှရှအရသာရှိတဲ့ ဟင်းသီးဟင်းရွက် အသုပ်စုံ ကင်ချီ Kimchi အပါအဝင် အရသာရှိလှတဲ့ ဟင်းလျာတွေပဲ ရောင်းမှာလား။ ဒါမှမဟုတ် ဟင်းလျာစာရင်းထဲ မပါတဲ့ တခြားပစ္စည်းတွေကော ရောင်းဦးမှာလား "

 

ဒီဆိုင်ဟာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဆရာစံ လမ်းမပေါ်မှာ ရှိပြီး ပြိုင်ဘက် တောင်ကိုရီးယားဆိုင် ဒဲဝုန်ဂတ် Dae Wong Gat ကနေဆို မီတာရာဂဏန်းတချို့ပဲ ဝေးတာပါ။

 

မဇ္ဈိမက စုံစမ်းကြည့်တော့ ဆိုင်မှာ ရှိနေသူတွေဟာ မြောက်ကိုရီးယားကနေ လာတဲ့ သူတွေပါလို့ ဆိုင်ဝန်ထမ်း တဦးက ပြောပါတယ်။ ဒါပေမဲ့ ဘယ်သူက လာဖွင့်ထားတယ်ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိသေးပါဘူး။ ဒေသခံတွေ ပြောတာကတော့ ပြင်ဆင်နေတဲ့ ဆိုင်မှာလုပ်နေတဲ့ သူတွေဟာ နိုင်ငံခြားသားတွေလို့ ဆိုပါတယ်။ ဆိုင်းဘုတ်မှာ ကိုရီးယားလို ရေးထားတာကို မဇ္ဈိမက ဘာသာပြန်လိုက်ပါတယ်။ ဘာသာပြန်အရ ဆိုင်းဘုတ် စာသားဟာ `ပြုံယမ်းချုံယူးကွမ်ရန်ကုန် ဆိုင်ခွဲ´ Pyongyang Chon Ryu Kwan Yangon Branch ဖြစ်တယ်လို့ သိရပါတယ်။

 

စားသောက်ဆိုင်ဖွင့်ဖို့ ကိစ္စကို မြောက်ကိုရီးယားသံရုံးဟာ ၂ဝ၁ဝ စက်တင်ဘာကတည်းက စတင် ဆောင်ရွက်ခဲ့တယ် လို့ အဲဒီ သတင်းရပ်ကွက် အပြောအရ သိရပါတယ်။ ဆိုင်အဆောက်အအုံအတွက် ၂ဝ၁၁ မတ်လမှာ ၅ နှစ်စာချုပ်နဲ့ ငှါးရမ်းခဲ့တာပါ။ ဆိုင်ကို အခုနေမှာ အချောသပ်ပြင်ဆင်နေပြီး ဆိုင်အလုပ်သမားအဖြစ် အခုအထိ မြောက်ကိုရီးယား

 နိုင်ငံသား ၁၅ ဦးကို ငှါးရမ်းထားပြီးပြီလို့ ဆိုပါတယ်။

 

ရန်ကုန်မြို့မှာ မြောက်ကိုရီးယား စားသောက်ဆိုင်တဆိုင် ဖွင့်လှစ်နေတဲ့ကိစ္စကို ရန်ကုန်မှာရှိတဲ့ တောင်ကိုရီးယား သံရုံးက အတည်မပြုပေးသလို ငြင်းဆိုတာလည်း မလုပ်ပါဘူး။

 

မြောက်ကိုရီးယားဟာ စီးပွားရေးလုပ်ငန်း လုပ်ရာမှာ နိုင်ငံထဲမှာ စိတ်ပျက်ဖွယ် ကောင်းလောက်အောင် မအောင်မြင်ဖြစ်ပြီး၊ လူထုကိုလည်း ဝလင်အောင် မကျွေးမွေးနိုင်ပေမယ့်  အာရှမှာ စီးပွားရေးလုပ်ငန်းတွေကို ချဲ့ထွင်လုပ်ကိုင်လာနေရာမှာ အတော့်ကိုပဲ ထည်ဝါခံ့ညားတဲ့ လုပ်ငန်းတွေ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီဆိုင်တွေဟာ  စီးပွားရေးသက်သက်အတွက်ပဲလား၊ ဒါမှမဟုတ်  မြောက်ကိုရီးယား ထောက်လှမ်းရေးဌာနရဲ့ ထောက်လှမ်းရေး လုပ်ငန်းတွေအတွက်လား ဆိုတာတော့ မကြာခဏကိုပဲ မရှင်းလင်းတဲ့ ကိစ္စတွေ ဖြစ်နေပါတယ်။

 

မကြာသေးခင်က အာရှတိုင်း သတင်းစာမှာ ဘာတေးလင်တနာက `မြောက်ကိုရီးယား၏ ကျောချမ်းဖွယ် လိပ်သွား သွားနေသော အရင်းရှင်စနစ်´ ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ရေးခဲ့ပါတယ်။ ဒီဆောင်းပါးမှာ မြောက်ကိုရီးယားရဲ့ အရင်းရှင်စနစ်ဟာ နိုင်ငံခြားမှာ ဖွံ့ဖြိုးထွန်းကားနေပြီး၊ အများစုကတော့ မသင်္ကာစရာ ကောင်းလို့ စောင့်ကြည့်ခံ

 နေရတယ်လို့ ဆိုပါတယ်။

 

မြောက်ကိုရီးယားမှ ပထမဆုံး လာရောက်ဖွင့်လှစ်သည့် ကော်ယို

Koryo စားသောက်ဆိုင်အား

 တွေ့မြင်ရစဉ် (မဇ္ဈိမ)

 

" မြောက်ကိုရီးယားသည် အရှေ့နှင့် အရှေ့တောင် အာရှတွင် တရားဝင်ကော၊ တရားမဝင် တဝင်ပါ ဟန်ပြကုမ္ပဏီ အများအပြား ဖွင့်လှစ်လာခဲ့သည်။ ငွေမာအရေးတကြီး လိုအပ်နေသော အစိုးရအတွက် ငွေရှာပေးနေခြင်း

 ဖြစ်သည်။ တွေ့မြင်ရသော လက္ခဏာ အားလုံးအရ အဆိုပါ စီးပွားရေး လုပ်ငန်းများမှာ ဖြစ်ထွန်း အောင်မြင်နေသည် " လို့ ရေးပါတယ်။

 

ဒီလိုအစားအသောက် ဆိုင်အားလုံးဟာ မသင်္ကာစရာတွေပဲလား။ နေပြည်တော် အစိုးရ သတင်းရပ်ကွက် တခုရဲ့ အပြောအရဆိုရင် ဒီမြောက်ကိုရီးယား စားသောက်ဆိုင်ဟာ နိုင်ငံခြားကနေ အလုပ်သမား ၃ဝ လောက်

 ခေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရထံက ခွင့်ပြုချက်ရပြီးပြီလ


No comments:

Post a Comment