Wednesday, 31 August 2011



 


မြစ်ရေစီးသံ နာခံလော့

Posted: 29 Aug 2011 10:32 AM PDT

ဗမာပြည်ကတော့ ထွေလာဆန်းကြယ်တွေ တမျိုးပြီးတမျိုး ပေါ်နေတော့တာပဲ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာကြီး ကင်တာနား ဗမာပြည်သွားလိုက်မှဘဲ ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ တပ်ကုန်းက NLD ခေါင်းဆောင် ကိုဖိုးထောင်တို့ ပြည့်ပြည့်ဝဝ ထောင်ကျသွားတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံပွဲကလည်း (သူတို့အပြောအရ) ကျေနပ်စရာကောင်းနေတဲ့အချိန် သွားတာဆိုတော့ ကော်မရှင်နာကြီးရဲ့ ခရီးကို ပရိတ်သတ်အပေါင်းက မျှော်လင့်ချက်ကောင်းကောင်းနဲ့ စောင့်ကြည့်နေ လိုက်တာ ကင်တားနားလည်း ဖင်ကားယားနဲ့ အဆုံးသတ်သွားတော့မှ ဟာခနဲ ဖြစ်ကျန်ခဲ့ရတယ်။

ရယ်လည်းရယ်စရာ၊ မောလည်းမောစရာ မင်းကိုနိုင်ရဲ့စကားလေးကို သတိရမိတယ်။ အရင် ကုလကိုယ်စား လှယ်တော်ကြီး ဂမ္ဘာရီလက်ထက်ကပေါ့။ ထောင်ထဲမှာ အကျဉ်းသားတွေအကြား ဂမ္ဘာရီလာမယ်၊ ထူးမယ်၊ ဂမ္ဘာရီပြန်ရင် ထူးမယ်နဲ့ မျှော်လိုက်ရတာ ဂမ္ဘာရီသာ လာလိုက်ပြန်လိုက်နဲ့ သူ့တာဝန်သာ ပြီးဆုံးသွားတယ် ဘာမှ ထူးမလာဘူး။ အခု ကင်တားနားလည်း ရယ်စရာမောစရာနဲ့ဘဲ ပြီးသွားပြန်ပြီ။ ဒီတခါကတော့ မတူတာတွေ ဘေးထားပြီး တူတာတွေ အတူလုပ်ကြမယ်ဆိုတဲ့ စကားသံတွေကြောင့် အကောင်းမျှော်လင့်နေ ချိန်မှာဆိုတော့ မောစရာက ပိုကြီးသွားတော့တယ်။ လူထုအပေါင်းခင်ဗျာ ရင်ခေါင်းလောက်အထိ တက်လာတဲ့ ဝမ်းမြောက်ချင်တဲ့ သဒ္ဓါစိတ်ကလေးတွေ ဖုတ်ခနဲဖုတ်ခနဲ ပြုတ်ကျသွားရရှာတော့တယ်။

ဒါလားဟဲ့ စစ်ဗိုလ်ချုပ်များရဲ့ စိတ်ကောင်းစေတနာ၊ ဒါလားဟဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ မျိုးချစ်စိတ်။

ကြက်တူရွေးလွှတ်တော်ဥက္ကဋ္ဌကြီးဗိုလ်ချုပ်ကြီး(အရပ်ဝတ်)ရွှေမန်းတို့၊ခင်အောင်မြင့်တို့က နိုင်ငံရေး အကျဉ်းသား တွေကိုလွှတ်ချင်ပါတယ်။ အခုတော့မလွှတ်နိုင်သေးဘူး။ အခြေအနေကောင်းမှ လွှတ်မယ်လို့ ကော်မရှင်နာကြီး ကိုပြောလိုက်သတဲ့။ (၂၃)နှစ်ရှိနေတာတောင် အခြေအနေတွေက မကောင်းသေးဘူး လား။ သူတို့အုပ်ချုပ်မှ ဘယ်ခေတ်နဲ့မှ မတူအောင်ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်နေပြီလို့ တစာစာပြောခဲ့တဲ့ ခေါင်းဆောင်ကြီးတွေ ရဲ့စကားတွေ ဘယ်ပျောက်ကုန်ပြီလဲ၊ ကြက်တူရွေးဥက္ကဋ္ဌကြီးတွေရဲ့ အခြေအနေကောင်းမှ လွှတ်မယ်ဆိုတော့ အခုကအခြေအနေ မကောင်းသေးဘူးလို့ဆိုတဲ့ အဓိပ္ပါယ်ပေါ့၊ ဒါဆို အဘက်ဘက်က ဘယ်ခေတ်နဲ့မှမတူအောင် တိုးတက်နေပြီလို့ပြောခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေ လိမ်တာ ပေါ့။ မတူတာတွေ ဘေးထားပြီး တူတာတွေ တွဲလုပ်ကြမယ်ဆိုတာကော တကယ်ပဲလား၊ လိမ်တာလားလို့ မေးရင် ဘယ်လိုဖြေ မလဲ။ ဒါလဲ နောက်ကွယ်က လူလိမ်ကြီးတွေ ခိုင်းတဲ့အတိုင်း ပြောရတာပါလို့ ပြောဦးမယ် ထင်ပါရဲ့။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မဟုတ်သေးပါဘူး။ ပခုံးနဲ့ရင်ဘတ်မှာ သူရသတ္တိဆိုင်ရာဘွဲ့ တံဆိပ်တွေ အပြည့်ချိတ်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ သတ္တိကောင်းလိုက်ပုံက ဒီနိုင်ငံရေးအကျဉ်းသားတွေက လွှတ်ပေးပြီးရင် လမ်းမတွေပေါ်တက်ပြီး ဆန္ဒမပြကြဘူးလို့အာမခံမှ လွှတ်ပေးမယ်လို့ပြောလိုက်ပြန်သေးတယ်။ ပြောရဲပေ့ မောင်ကာဠုရယ်။ ကံကုန်ခါနီးတော့ဉာဏ်ထုံဆိုသလို ဒီစကားပြောရင် အာရပ်ကမ္ဘာကစခဲ့တဲ့ ကမ္ဘာ့ ဒီမိုကရေစီလှိုင်းတံပိုးကြီး ဗမာပြည်ကိုကူးစက်ရိုက်ခတ်မှာ စိုးရိမ်ကြောက်လန့်နေတဲ့ သူတို့အတွင်းသဘော ပေါ်သွားလိမ့်မယ်ဆိုတာတောင်မစဉ်းစားနိုင်ကြရှာတော့ဘူး။ ဖြစ်ရရှာပေ စစ်ဗိုလ်ချုပ်တွေရဲ့ဘဝ။ ပြောပဲ ပြောရဲ နိုင်လွန်းလိုက်တာ။ ဆာလို့ငိုတဲ့ကလေးကိုရိုက်ပြီး အရိုက်မခံချင်ရင်မငိုနဲ့လို့ပြောသလို ဖြစ်နေပြီ။ ကလေး ဆာတာကို ရှာကြံကျွေးမယ်လို့ စိတ်မကူးဘူး။ ဒါလားဟဲ့ မိဘနဲ့တူတဲ့ နိုင်ငံတော် အကြီးအကဲများဆိုတာ။

ဒါကို အဟုတ်လုပ်ပြီး ကော်မရှင်နာကြီးကလည်း အတိုက်အခံ နိုင်ငံရေးသမားတွေကို ခင်ဗျားတို့ ကြားဝင် အားမခံပေးမလားလို့ မေးရဲပြောရဲသလို၊ သူပြောရင် လိုက်လျောမယ်ဆိုတဲ့ အကျင့်စွဲနေတဲ့ နိုင်ငံရေးသမား ဆိုသူများကလည်း ကျနော်တို့ ကြိုးစားပါ့မယ်လို့ ပြောလိုက်ပြန်တယ်။ ပြီးတော့ စစ်ဗိုလ်ချုပ်ကြီးတွေ အကြိုက် နိုင်ငံရေးအကျဉ်းသားဆိုတဲ့စကားလုံးကို မသုံးဘဲ ယုံကြည်ချက်ကြောင့် အကျဉ်းချခံသူများလို့ နာမည်ပြောင်း သုံးပြီး အသနားခံကြမယ်ဆိုပါလား။ တိုင်းပြည်ကောင်းဖို့ ကိုယ့်အမြင်ကိုယ်ပြော၊ ကိုယ်ယုံကြည်ရာကို ဘယ်သူ့ကိုမှ မထိခိုက်စေဘဲလုပ်တာ နိုင်ငံရေးလုပ်တာမဟုတ်လား။ ဒီလိုပြော ဒီလိုလုပ်လို့ အဖမ်းခံရ အကျဉ်းချထားခံရသူဟာ နိုင်ငံရေးအကျဉ်းသား မဟုတ်ဘူးလား။ ပုဂံမင်း မိဖုရားဖြစ်လာတဲ့ အရပ်သူ မယ်နုက သူ့နာမည်ကို ပြည်သူပြည်သားတွေ မခေါ်ရ မသုံးရလို့ မတော်တရော် ကမောက်ကမ အမိန့်ထုတ်လို့ အရပ်သားတွေ မကျည်းရွက်နု၊ ဟင်းရွက်နုကို မကျည်းရွက်ထွတ်၊ ဟင်းရွက်သစ်လို့ ပြောခဲ့ကြ သုံးခဲ့ကြရတာကို သတိရစရာပဲ။ သမိုင်းစဉ်ဆက် ရယ်စရာကို ဖြစ်ရောပဲ။

ကြုံလို့ ပညာရှိသူတော်ကောင်းတွေရဲ့စကား နားခါးတတ်တဲ့စစ်ဗိုလ်ချုပ်တွေကို ကျွဲပါးစောင်းတီး လုပ်ပါဦးမယ်။ ဆရာကြီး ဒေါက်တာသန်းထွန်းက သမိုင်းဆိုတာ မအ အောင်လို့သင်တာလို့ဆိုတယ်။ သမိုင်းထဲမှာ သင်္ခန်းစာ ယူစရာတွေအပြည့်ရှိတယ်။ ဒါ့ကြောင့် ဆရာကြီးကဒီစကား မှာထားခဲ့တာပဲ။ ပုဂံမင်းဆိုတာ ဒီနေ့ စစ်ဗိုလ်ချုပ်မင်းတွေနဲ့အတော်တူတဲ့ ကုန်းဘောင်ခေတ်ကမင်းဆိုးမင်းညံ့တယောက်ပဲ။ ပြည်သူတွေဆီက အခွန် အကောက်ရထားတဲ့ ကောက်ပဲသီးနှံတွေကို သူ့မိဖုရားတွေက ငတ်နေတဲ့ပြည်သူကို ပြန်ရောင်စားတဲ့သူပဲ။ တိုင်းသူပြည်သားတွေအရေး တစက်ကလေးမှထည့်မစဉ်းစားဘဲ ကြက်တိုက်ငှက်တိုက်နဲ့ သောက်စားမူးယစ် အချိန်ဖြုန်းတယ်။ သူ့ဝါသနာဆိုးကို ကောင်းကောင်းဖြည့်ဆီးပေးနိုင်လို့ ကြက်သမား၊ နွားတိုက်သမား ကုလား ဘိုင်ဆတ်ကို မြို့ဝန်ခန့်တယ်။ လူပေါ့လူသွမ်း ကုလားဘိုင်ဆတ်က မြို့ဝန်အာဏာနဲ့ တိုင်းပြည်သူသားတွေကို နှိပ်စက်ညှင်းပန်းလွန်းလို့ နောက်ဆုံးသူကိုယ်တိုင်အမိန့်ထုတ် သတ်ပစ်ရတယ်။ အခု စစ်ဗိုလ်ချုပ်များက အရပ်ပျက် ကလေကဝတွေကို ကြံ့ဖွတ်တို့ စွမ်းအားရှင်တို့ဆိုပြီး လက်သပ်မွေး အာဏာပေးထားတာနဲ့ တပုံစံတည်းပဲ။ အခုတော့ ဗမာပြည်က ထောင်ထဲထားရမဲ့သူတွေကို အာဏာပေး၊ တိုင်းပြည်အုပ်ချုပ်ရမဲ့သူတွေကို ထောင်ထဲထဲ့နဲ့ တကဲ့ကို ကမောက်ကမတိုင်းပြည်။ အုပ်ချုပ်မင်းလုပ်သူတွေ တရားမဲ့ရင် ပြည်ပျက်တာပဲ။ သူ့လက်ထက်မှာ အောက်ဗမာပြည်ကို အင်္ဂလိပ်တွေ အလွယ်လေးသိမ်းသွားတာ ခံလိုက်ရတယ်။ ပြည်သူပြည်သားတွေ မခံမရပ်နိုင်လို့ ညီတော် မင်းတုန်းမင်းသားက ထီးနန်းသိမ်းလိုက်ရတယ်။ ပုဂံမင်းလည်း အရူးဘဝနဲ့ ဇာတ်သိမ်းသွားရတယ်။

အခု စစ်ဗိုလ်ချုပ်များခေတ်မှာလည်း ဗမာပြည် ခေါင်းပြတ်တော့မလို ဖြစ်နေပြီ။ ဗမာပြည်ရဲ့ မိခင်မြစ်ကြီး ဧရာဝတီလည်း ဖုတ်လိုက်ဖုတ်လိုက် အသက်ငင်နေပြီ။ ဒီတော့ စစ်ဗိုလ်ချုပ်တွေမှာ မျိုးချစ်စိတ်ကလေး နည်းနည်းကျန်သေးရင် ပုဂံမင်းအဖြစ်ကို င်္သခန်းစာယူပြီး လက်တွဲသင့်တဲ့သူနဲ့ လက်တွဲ၊ ပြင်စရာရှိတာတွေကို ပြင်ပြီး အမိဗမာပြည်ကို ကယ်တင်ရမဲ့ အချိန်ပဲဖြစ်တယ်။

ဒီနေ့စစ်ဗိုလ်ချုပ်တွေအနားမှာရှိတဲ့ ပြည်တွင်းပြည်ပကအသင်းအပင်းတွေကြားမှာ စစ်ဗိုလ်ချုပ်တွေကို ကြည်သာ နှစ်လိုလို့ပေါင်းနေတဲ့မိတ်ဆွေတယောက်မှမပါဘူး။ သူတို့ လိုဘ တခုတည်းအတွက် မချစ်သော်လည်း အောင့်ကာနမ်းနေကြတယ်ဆိုတာ စစ်ဗိုလ်ချုပ်တွေအသိဆုံးပါ။ ဒီနေ့ခေတ် ကမ္ဘာ့အခင်းအကျင်းကြီးမှာ ဒီတခါ တိုင်းပြည်နွံနစ်ရင်တော့ကမ္ဘာ့သုဉ်းတဲ့အထိကျွန်ဖြစ်ကြဘို့ဘဲရှိတော့တယ်။ နိုင်ငံရေး အကြပ်ဆိုက်လာမှ ဟိုလူနဲ့ တွေ့ပြလိုက်၊ ဒီလူကို ကတိကဝတ်ပြုလိုက်၊ နိုင်ငံရေးအကျဉ်းသားလေး မဆိုစလောက် လွှတ်ပြလိုက်။ ပြီးတော့ အသက်ရှူချောင်လာရင် ရူးချင်ယောင်ဆောင်လိုက်နဲ့ တသက်လုံးဘိန်းစွဲသလိုစွဲလာတဲ့ နိုင်ငံရေးကလိန် ကကျစ် မျက်လှည့်ပွဲတွေရပ်သင့်ပါပြီ။ မင်းမှာသစ္စာ လူမှာကတိ ဖြစ်အောင် ကြိုးစားပြင်ဆင်ဖို့ လိုပါပြီ။

ဒီနေ့ စစ်ဗိုလ်ချုပ်တွေ လုပ်နေတဲ့ နိုင်ငံရေးစတန့်တွေကို ဘာကြောင့်လုပ်တယ်။ ဘာလိုချင်လို့ လုပ်တယ်ဆိုတာ နည်းနည်း အကင်းပါးတဲ့သူတိုင်းမြင်ပါတယ်။ သူတို့ခြေလှမ်းက (၈၈) အရေးအခင်းပြီးစမှာ လူမျိုးစု လက်နက် ကိုင်အဖွဲ့တွေကို မရ ရတဲ့ဈေးနဲ့ စေ့စပ်ထားပြီး ပြည်တွင်းကဒီမိုကရေစီအင်စားစုတွေကို အာရုံစိုက်ဖိနှိပ် ကွပ်ညပ်ခဲ့သလို အခုတခါ ပြောင်းပြန်တဆစ်ချိုးပြီး ပြည်တွင်းကအင်အားစုတွေနဲ့ ဟန်ပြနားလည်မှုယူပြီး လူမျိုး စုလက်နက်ကိုင်အဖွဲ့တွေကို အာရုံစိုက်ချေမှုန်းဘို့ဟန်ပြင်တာပါပဲ။ ဒီဖော်နည်းကားကဒီတခါ အသုံးမဝင်နိုင် တော့ဘူး။ ခေတ်ကပြောင်းသွားပြီ။ လူထုဆက်သွယ်ရေးနည်းပညာတွေတိုးတက်လာလို့ အင်အားစုတွေ တခုနဲ့ တခုအကြား သတင်းဆက်သွယ် အမြင်ဖလှယ်နိုင်တာတွေက သိပ်ကိုအားကောင်းနေပြီ။ တနေရာတည်းမှာ နှစ်ခါချောင်းတဲ့မုဆိုးဟာ သားကောင်ဖြစ်တတ်တယ်။ ဒီတခါဖြစ်မယ့်သားကောင်က စစ်ဗိုလ်ချုပ်တွေတင်မကပဲ တိုင်းပြည်နဲ့ လူမျိုးပါ ရောပါသွားမှာပဲ။

နောက်အာရပ်ကမ္ဘာကစလိုက်တဲ့ ကမ္ဘာ့ဒီမိုကရေစီလှိုင်းကြီး ဗမာပြည်ကိုရိုက်ခတ်ပြီး လူထုအုံကြွမှာကိုကြောက် တယ်။ စစ်တပ်အောက်ခြေ အများစုကလည်း အရင်လို ခိုင်းမရတော့မှာကိုသိနေတယ်။ ဒါဟာ မြစ်တစင်းထက် အင်အားပြင်းတဲ့ လူထုရဲ့ဆန္ဒဖြစ်တယ်။ ဧရာဝတီကိုပိတ်ဆို့လို့ ရကောင်းရမယ်။ (၂၃) နှစ်တိုင်တိုင် ဖိနှိပ်ဖျောက်ဖျက်လို့ မရတဲ့အပြင် ပြင်းသထက်ပြင်းလာတဲ့ လူထုဆန္ဒကိုတော့ ဖိနှိပ်ပိတ်ဆို့လို မရနိုင်ဘူး။ ရနေတယ်ဆိုတာက အခိုက်အတန့်သာဖြစ်တယ်။ ဒါကြောင့် မြစ်ရေစီးသံကို နာခံဘို့ လိုပါတယ်။

ဒီနိုင်ငံရေးစတန့်တွေလုပ်ရတဲ့နောက်တချက်က စစ်အုပ်စုဟာတဖက်မှာလည်း အတုအယောင်ရွေးကောက်ပွဲက ထင်သလောက်ခရီးမပေါက်ပဲ နိုင်ငံတကာဝင်ဆံ့ဖို့အကြံမမြောက်ဖြစ်နေတယ်။ အာဆီယံဥက္ကဋ္ဌနေရာရဖို့ဆိုတာ ဒီအကြံအစည်းရဲ့ပထမခြေလှမ်းပဲ။ ဒီက တဆင့်တိုးပြီး နိုင်ငံတကာကို ဝင်ဆံ့လာရာကနေ နောက်ဆုံး အရေးယူ ပိတ်ဆို့မှု ဆန်ရှင်တွေရုတ်သွားဖို့ပဲဖြစ်တယ်။ စစ်ဗိုလ်ချုပ်တွေ အရူးအမူးဆန်ရှင်ပြုတ်စေချင်တာကလည်း တိုင်းပြည်နဲ့လူမျိုးအကျိုးထက် သူတို့ အတ္တအကျိုးကပိုပါတယ်။ ဆန်ရှင်ပြုတ်မှလည်း သူတို့ရဲ့နည်းပေးလမ်းပြ ခေါင်းကိုင်အဖ ဝဲစားကြီးဗိုလ်နေဝင်းနဲ့ နိုင်ငံတကာကအာဏာရှင်များလို ပြည်သူတွေဆီက ခိုးဆိုးလုယက် စုဆောင်းထားတာတွေကို ဆွစ်ဇာလန်ဘဏ်လို နိုင်ငံခြားဘဏ်တွေမှာ ဆွေစဉ်မျိုးဆက် သုံးစားနိုင်ဖို့ ပြောင်းရွှေ့သိုဝှက်နိုင်မှာ ဖြစ်တယ်။

အချုပ်ပြောရရင်တော့ ဗမာတပြည်လုံး ဘက်ပေါင်းစုံမှာ အကြပ်အတည်းပေါင်းစုံ ဆိုက်နေတယ်။ တိုင်းပြည် အနာဂါတ်ကို ခြိမ်းခြောက်ခံရပြီ။ လူမျိုးစုံ ပြည်သူတွေအကြား အမျိုးသားရင်ကြားစေ့ရေးကတဆင့် အမျိုးသား ညီညွတ်ရေးနဲ့ အမိဗမာပြည်ကို ဝိုင်းဝန်းကယ်တင် စောင့်ရှောက်ကြဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်တယ်။ သေချာတာကတော့ အမျိုးသားရင်ကြားစေ့ရေးတို့ အမျိုးသားစည်းလုံးညီညွတ်ရေးတို့ဆိုတာ (၂၀၀၈) စစ်ကျွန် ဖွဲ့စည်းပုံဘောင်ထဲမှာ လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့အချက်ပဲ။ (၂၀၀၈) အဖွဲ့စည်းပုံဟာ စစ်ခေါင်းဆောင်တွေ အချင်းချင်းကြားတင်မက စစ်တပ်နဲ့ လူမျိုးစုံပြည်သူတွေအကြား ထာဝရစိတ်ဝမ်းကွဲစေပြီး ပဋိပက္ခတွေ တခြိမ်းခြိမ်း ထုတ်လုပ်ပေးနေမယ့် ယန္တရားဖြစ်တယ်။

လူမျိုးစုံ ပြည်သူတွေအကြား အမျိုးသားရင်ကြားစေ့နိုင်ဖို့ဆိုတာက သမမျှတတဲ့ အပေးအယူ ညှိနှိုင်း သဘောတူညီမှုတွေနဲ့မှသာဖြစ်နိုင်ပါတယ်။ ငါက အသာစီးရလို့ မတော်မတရား သဘာဝမကျတဲ့ တောင်းဆိုမှု တွေကိုတောင်းဆို၊ ပြေလည်ချင်ဇောနဲ့ သဘာဝမကျတဲ့လိုက်လျောတဲ့သဘောတူညီမှုတွေဆိုတာ သမမျှတမှု မရှိတဲ့ အပေးအယူညိနှိုင်းသဘောတူမှုတခုပဲဖြစ်တယ်။ ဒီလို မတော်မတရားသဘာဝမကျတဲ့ စေ့စပ်ဆွေးနွေးပွဲ က ရလာတဲ့ အဖြေဆိုတာကလည်း တိုင်းပြည်အနာဂါတ်အတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။

စစ်ဗိုလ်ချုပ်တွေတိုင်းပြည်ကို တကယ်ကောင်းစေချင်၊ ပြောင်းလဲချင်ရိုးမှန်ရင်တော့ ပညာရှိ သတိမမူ ဂူမမြင် ဖြစ်မှာစိုးရိမ်လို့ မဟတ္တမဂန္ဒီကြီးရဲ့ စကားတခုကို မျှဝေလိုက်ပါတယ်။ ဂန္ဒီကြီးက စေ့စပ်ဆွေးနွေးရေးနဲ့ ဆက်စပ်ပြီး အောက်ကအတိုင်း ပြောခဲ့ပါတယ်။

"စေ့စပ်ဆွေးနွေးမှု မှန်သမျှဟာ အပေးအယူကို အခြေခံပေမယ့်၊ အခြေခံမူ ကျောရိုးကိုတော့ အပေးအယူလုပ်လို့ မရဘူး။ အခြေခံမူ ကျောရိုးကို အပေးအယူလုပ်တဲ့ စေ့စပ်ညိနှိုင်းမှုဆိုတာ လက်နက်ချခြင်းတမျိုးဖြစ်တယ်။ အရာအားလုံးကို အချည်းအနှီးပေးလိုက်ခြင်းဖြစ်တယ်။" (All compromise is based on give and take, but there can be no give and take on fundamentals. Any compromise on mere fundamentals is a surrender. For it is all give and no take.)



ရဲဘော်ကျော်သန်း

၂၉၊ ၈၊ ၂၀၁၁။


ဒေါ်အောင်ဆန်းစုကြည်ရေးသည့် ဆောင်းပါး စီစစ်ရေး ဖြတ်ခံရ၍ မဖေါ်ပြနိုင်

Posted: 29 Aug 2011 09:13 AM PDT

ပြည်သူ့ခေတ် ဂျာနယ်တွင် ဖေါ်ပြရန် ပေးအပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသားသည့် ခရီးသွားဆောင်းပါး၏ အစိတ်အပိုင်းအချို့အား စာပေစိစစ်ရေးမှ ဖြတ်တောက်ခဲ့ခြင်းကို ဆောင်းပါးရေးသူက လက်မခံနိုင်သဖြင့် ယခုလောလောဆယ် ဖေါ်ပြနိုင်ခြင်း မရှိသေးကြောင်း ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ ဆရာမောင်ဝံသ က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်သည့် သတင်းဖေါ်ပြထားသည့် သတင်းဂျာနယ်များ၊ ( နိုဝင်ဘာ ၂၀၁၀ ခုနှစ်) ဓါတ်ပုံ YPI

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပုဂံခရီးသွားဆောင်းပါး ရေးသားပေးခြင်း ဖြစ်သည်ဟု သိရှိရသည်။ အဆိုပါ ဆောင်းပါးကို လွန်ခဲ့သော ၂ ပတ်ခန့်က ပြည်သူ့ခေတ်ဂျာနယ်မှ ပုံနှိပ်ဖေါ်ပြရန် စာပေစိစစ်ရေးသို့ တင်ပြခဲ့သည်။ စာပေ စိစစ်ရေးမှ အဆိုပါဆောင်းပါး၏ အစိတ်အပိုင်း အချို့ကို ဖြတ်တောက်ပြီးမှသာ ဖော်ပြရန် ခွင့်ပြုခဲ့သည်။

ဂျာနယ် အနေဖြင့် ထိုအဖြစ်အပျက်ကို ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည် အသိပေးခဲ့ရာ ဖြတ်တောက် ထားသည့် စာမူကို ဖေါ်ပြခြင်းမပြုရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည် ဟု ဆရာမောင်ဝံသက ဆောင်းပါးကိစ္စနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစု ကြည် ငြင်းဆိုခဲ့ပုံကို ရှင်းပြသည်။

"ကျွှန်တော်တို့ကဒီလိုပဲဖြုတ်ခိုင်းထားတယ် လက်ခံမလားဆိုတော့ သူကအဲဒါတွေဖြုတ်ရမယ်ဆိုရင် သူ့ဆောင်းပါး မထည့်နဲ့လို့ ပြောတယ်။" ဟု မောင်ဝံသက ဆိုသည်။

အဆိုပါဆောင်းပါးကို လာမည့်အပတ်တွင် အပြည့်အစုံ ဖော်ပြခွင့်ပြုရန် စာပေစိစစ်ရေးရုံးသို့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း ပြည်သူ့ခေတ်ဂျာနယ်၏ အယ်ဒီတာချုပ် ဦးဖေမြင့်က ပြောသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ု မြန်မာနိုင်ငံ စာပေစိစစ်ရေးမှ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ စာပေစိစစ်ရေးမှ သတင်းဆောင်းပါးများနှင့် ပတ်သတ်၍ ယခုနောက်ပိုင်း လုံးဝဖြုတ်လိုက်ခြင်းမျိုး မပြုတော့ဘဲ ဆိုင်းငံ့ထားသည့် အခြေအနေများသာ ရှိနေကြောင်း နောက်ပိုင်းသတင်းများနှင့် ပတ်သက်၍ ထူးခြားလာမည့် အခြေအနေ ရှိလာမည်ဖြစ်ကြောင်းကို ဖြေကြားခဲ့သည်။

"အခုက လူကြီးတွေရဲ့ သဘောထားတွေလည်း ပျော့ပြောင်းလာတယ်လေ အခုဒီကိစ္စ (ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးကိစ္စ) လည်း ထူးခြားလာမှာပါ"ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးမှာ ဂျာနယ်များတွင် ဖော်ပြလေ့ရှိသော ဆောင်းပါးပုံစံ ဖြစ်ပြီး စာပေစိစစ်ရေးမှ မည်သည့်စာပုဒ်များအား ဖြုတ်ပယ်ခဲ့သည်ကို မေးမြန်းခဲ့ရာ ဆရာမောင်ဝံသမှ ပြန်လည် ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။

ပြည်သူ့ခေတ်ဂျာနယ်သည် ရွေးကောက်ပွဲမတိုင်ခင် လပိုင်းအလို ၂၀၁၀ ဇူလိုင်လတွင် စတင်ထုတ်ဝေခဲ့ သော နိုင်ငံရေး သတင်းနှင့် ဆောင်းပါးများအား ဦးစားပေးဖေါ်ပြသည့် ဂျာနယ် တစ်စောင် ဖြစ်သည်။

လွန်ခဲ့သည့် သီတင်းပတ်များအတွင်း ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် ပုဂံခရီးစဉ်နှင့်ပတ်သက်သည့် ဆောင်းပါးအချို့ကို ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ နေ့စဉ် သတင်းစာတွင် ဖေါ်ပြခဲ့သည်။

Yangon Press International



You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment