Monday 5 September 2011

မြန်မာတို့ ရဲ့ လက်ရေတပြင်တည်း




`လက်ရေတပြင်တည်းရယ်နဲ့ နှီးဒေါင်းလန်းဝယ် ၀ိုင်းဖွဲ့ကာ စားကြပြန်တယ် ... မြ၀တီခင် ခပ်ငယ်ငယ်တုန်းက ... မြူးပျော်ကြ .... တေးဆိုကြ ... ဟေ့သူငယ်ချင်းရေ ... ဒို့နယ်တခွင် ... မိုးသက်ကယ်ဆင် .... ရှစ်ခွင်က မည်း ... အို ... ရွာမလိုလိုနဲ့ပဲ ... ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရေတပြင်တည်း ရှေးကထက်ပို ချစ်ကြတယ်´´
          လက်ရေတပြင်တည်းသီချင်းဆိုရင် တော်တော်များများ ကြားဖူးကြမှာပါ။ သူငယ်ချင်းတို့အနေနဲ့ ဘယ်လို ခံစားမိမယ်တော့ မပြောတတ်ပါဘူး။ ကျွန်တော့်မှာတော့ ဒီသီချင်းကြားတိုင်း ရင်ထဲကို နူးညံ့တဲ့ လှိုင်းလေးတစ်ခုက သိမ့်ကနဲ ရိုတ်ခတ်သွားလေ့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သီချင်းလေးမှာကိုက မြန်မာတို့ရဲ့ ချစ်စရာစိတ်ရင်းလေးကို မြင်ရလို့ပါ။
          ရှေးတုန်းက ထမင်းစားကြတဲ့အခါ မျက်နှာဝ နှစ်ပေ နှစ်ပေသာသာရှိတဲ့ ဒေါင်းလန်းကြီးကို အလယ်မှာချပြီး မိသားစု ၀ိုင်းဖွဲ့ထိုင်ကြပါတယ်။ ပြီးတော့ ဒေါင်းလန်းထဲမှာပဲ ကိုယ့်ရှေ့မှာ ကိုယ့်ထမင်း ကိုယ်ပုံပြီး စားကြတာဖြစ်ပါတယ်။ ဟင်းဆိုလဲ ကိုယ့်ထမင်းပုံပေါ် ကိုယ်ဆမ်းပြီး စားကြတာဖြစ်လို့ ဟင်းရည်ရွှဲရွှဲဆမ်းစားကြတဲ့အခါ ထမင်းပုံပေါ်က ဟင်းရေတွေဟာ ဒေါင်းလန်း ထဲမှာ စီးကျသွားပါတယ်။ လက်ကြားတွေဆီကလဲ စီးကျလို့ပေါ့။ ဒီလို သူ့လက်ကိုယ့်လက် စီးကျတဲ့ဟင်းရည်တွေဟာ ဒေါင်းလန်းထဲမှာ အတူပေါင်းဆုံပြီး တပြင်တည်းဖြစ်သွားတာကိုပဲ လက်ရည်တပြင်တည်းလို့ ခေါ်တာဖြစ်ပါတယ်။
          ခုခေတ်အမြင်အားဖြင့် ရွံစရာကောင်းလိုက်တာလို့ နှာခေါင်းရှုံ့စရာဖြစ်ပေမယ့် မြန်မာတို့ရဲ့ unity ဖြစ်တဲ့ စိတ်ရင်းလေးကို မြင်ယောင်မိရင်တော့ ချစ်စရာဓလေ့လေးတစ်ခုအဖြစ် မြတ်နိုးမိသွားမှာ သေချာပါတယ်။ လက်ရည်တပြင်တည်းဟာ မရှိအတူ ရှိအတူဆိုတဲ့ မျှတတဲ့စိတ်ရင်းကို ပေါ်လွင်စေပါတယ်။ တစ်ဦးနဲ့တစ်ဦး အယုတ်အလတ်အမြတ် လူတန်းစားမခွဲခြား တသားတည်းဖြစ်စေတာကို သက်သေပြရာ ရောက်ပါတယ်။ အခွင့်ထူးခံမရှိ၊ တစ်ဦးကို တစ်ဦး ငဲ့ညှာထောက်ထားခြင်းဆိုတဲ့သရုပ်ကို ပီပြင်စေပါတယ်။
          အဲဒီအချိန်ကတည်းက လက်ရည်တပြင်တည်း အေးအတူပူအမျှစားသောက်နေထိုင် လာတဲ့ မြန်မာ့စိတ်ဓာတ် ဟာ သွေးထဲမှာကို ပျော်ဝင်ခိုအောင်းနေတာဖြစ်တဲ့အတွက် ယနေ့အချိန်ထိ တစ်ဦးကိုတစ်ဦး ကူညီချင်စိတ်၊ ယိုင်းပင်းချင်စိတ်၊ အားငယ်သူကို အားပေးလိုစိတ်၊ လမ်းပျောက်နေသူကို လမ်းပြပေးလိုစိတ်တွေဟာ သားစဉ်မြေးဆက်တိုင်အောင် ပါလာတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
          အဲဒီလက်ရည်တပြင်တည်းစိတ်ကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံတဲ့အခါမှာ မေတ္တာအပြည့်အ၀နဲ့ ဆက်ဆံကြတာဟာ ယနေ့ထိအောင်ပါပဲ။ အလုပ်ရှင်ဟာ အလုပ်သမားကို အဖိုးအခနဲ့ ငှားထားတာဖြစ်ပေမယ့် ရေနွေးကြမ်းချိန်တန်ရင် ရေနွေးကြမ်း၊ အဆာပြေချိန်တန်ရင် အဆာပြေ၊ ကွမ်းဆေးလက်ဖက် စုံလင်အောင် ကျွေးမွေးလေ့ရှိပါတယ်။ အလုပ်သမားဘက်ကလဲ အခနဲ့လုပ်လို့ တာဝန်ကျေပြီးရောဆိုတာထက် ငါလုပ်တာ သူများထက်သေသပ်တယ်၊ မြန်ဆန်တယ်ဆိုတာ အလုပ်ရှင်တွေ သိသွားစေရမယ်ဆိုတဲ့ စေတနာမျိုးနဲ့ လုပ်ပေးကြတာ များပါတယ်။ အဲဒါကြောင့် အလုပ်ရှင် အလုပ်သမားဆက်ဆံရေးဟာ များသောအားဖြင့် နွေးထွေးချစ်ကြည်တာ များပါတယ်။
          အခု ကျွန်တော်နေတဲ့ဆီမှာ အလုပ်သမားတွေကို ကျွန်တော်အုပ်ချုပ်ရပါတယ်။ အလုပ်သမားအများစုဟာ ဆင်းရဲကြပါတယ်။ လူဆင်းရဲသလို စေတနာကလည်း တော်တော်ကို ဆင်းရဲကြပါတယ်။ တစ်ယောက်စားရလျှင် အများက မနာလိုဖြစ်တတ်ပါတယ်။ တခါက အဆင်းရဲဆုံး အလုပ်သမားအဖိုးကြီးကို ကျွန်တော်မစီးတော့တဲ့ ဖိနပ်အဟောင်းလေးတစ်ရန် ပေးလိုက်ဖူးပါတယ်။ ဖိနပ်က ကျွန်တော့်ဆီမှာတောင် တစ်နှစ်ခွဲနှစ်နှစ်လောက် စီးထားတော့ ခုံတွေတောင် သိပ်မကောင်းတော့ပါဘူး။ ဆေးနဲ့ တိုက်ချွတ် ထားလို့ ပြောင်တော့ ပြောင်နေတာပေါ့။ ကျွန်တော်တို့ မြန်မာတွေသာဆို ဆင်းရဲတဲ့အဖိုးကြီးရသွားရှာတာပဲဆိုပြီး ၀မ်းသာနေကြမှာပါ။ ဒါပေမယ့် သူတို့မှာ အဲဒီစိတ်မျိုး မရှိပါဘူး။ ကိုယ့်လူမျိုးကို နိုင်ငံခြားသားကတောင် သနားတာပဲရယ်လို့ မရှိပါဘူး။ မနာလိုဖြစ်ပြီး အလုပ်ခိုင်းတဲ့အခါမှာ တွက်ကတ်လာပါတယ်။
          အဲဒီအဖိုးကြီးကိုယ်တိုင်ကရော ...။ ကျေးဇူးတင်သလားဆိုတော့ ဝေးပါတယ်။ သူ့ရဲ့ သုံးဆက်မြောက်ဇနီး မီးဖွားတဲ့အခါ သနားလို့ ကျွန်တော် ငွေပေးခဲ့ပါတယ်။ အဲဒါကို မှတ်ထားပြီး နောက် ဘာကိုပဲ ခိုင်းခိုင်း မန်းနီးမန်းနီးဆိုပြီး တောင်းတတ်လာပါတယ်။ သနားတာကို အခွင့်အရေးယူချင်တဲ့စိတ်ပါ။ တစ်ဦးမှာမေတ္တာ တစ်ဦးမှာစေတနာဆိုတာ မရှိပါဘူး။ သူတို့ရဲ့အဘိဓာန်မှာ စေတနာရယ် အားနာတာရယ် မရှိပါဘူး။ အခွင့်အရေးယူမယ်၊ ညစ်မယ်ဆိုတဲ့စိတ်မျိုးတွေပဲ အများစုမှာ တွေ့ရပါတယ်။ အလုပ်လုပ်ရာမှာလဲ လစ်ရင် လစ်သလို ခိုကတ်နေလေ့ရှိကြပါတယ်။ အလုပ်ချိန် နံနက် ၈ နာရီဆိုပေမယ့် ဘယ်တော့မှ ၈ နာရီ မရောက်ပါဘူး။ ပြန်ချိန်သာ မှန်တတ်တဲ့ လူမျိုးပါ။ အဲဒီလိုလူမျိုးတွေကို salary နဲ့ ပေးလို့ မရပါဘူး။ နေ့စားနဲ့ပဲ ရှင်းရပါတယ်။ လစာအနေနဲ့သာပေးရင် တစ်ပတ်ကို ၂၉ ရက်လောက် ခွင့်ယူကြမယ့်သူတွေချည်းပါပဲ။ နောက်ဆုံးတစ်ရက်သာ လစာထုတ်ဖို့ လာကြမှာပါ။
          ကျွန်တော်ဆိုလိုချင်တာက တခုခု ဘ၀င်မကျတာရှိရင် မြန်မာ့စိတ်ဓာတ် အောက်တန်းကျလိုက်တာလို့ ကိုယ့်လူမျိုးကို ကိုယ်နှိမ်ပြောတတ်ကြတာတွေ တွေ့ရပါတယ်။ ဒီကလူမျိုးတွေကိုသာ မြင်ရတွေ့ရ ဆက်ဆံရရင် အဲဒီလူတွေ အလိုလို ပါးစပ်ပိတ်သွားကြမှာသေချာတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အသွေးထဲ အသားထဲ ရိုးတွင်းခြင်ဆီထဲ ၀င်နေတဲ့ မြန်မာတို့ရဲ့ လက်ရည်တပြင်တည်းစိတ်ဓာတ်ကိုသာ မြတ်နိုးလျက် ရှိပါကြောင်းးးးးးးးးးးး
                                                                              ကိုတင့်




No comments:

Post a Comment