Saturday, 3 September 2011

အေဗရာဟမ်လင်ကွန်း၏ နိုင်ငံရေးဥာဏ်ရည်





အေဗရာဟမ်လင်ကွန်း၏ နိုင်ငံရေးဥာဏ်ရည်

 

ဘားရက်အိုဘားမား အမေရိကန်သမ္မတအဖြစ် အရွေးခံရပြီးစတွင် အများအံ့အားသင့်ရသည့်အရာတစ်ခု ပြုလုပ် ခဲ့သည်။ အဲဒါက သူ့ပါတီက သမ္မတလောင်းရွေးကောက်ပွဲတွင် သူနှင့်အကျိတ်အနယ်ယှဉ်ပြိုင်ခဲ့သည့် ဟီလာရိ ကလင်တန်အား သူ့အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

          ပြိုင်ဘက်တစ်ယောက်ကို အဲသည်လောက်ကြီးမားသည့် ရာထူးနေရာပေးအပ်တာ ထူးဆန်းနေသလို တစ်ဖက်လူက သူ့လက်အောက်မှာဝင်ရောက်လုပ်ကိုင်ရန် လက်ခံခဲ့တာသည်လည်း အံ့သြစရာ ဖြစ်ခဲ့သည်။ လူအများစိတ်မှာ ထင်မထားတာတွေ ဖြစ်တာမှန်သော်လည်း သေသေချာချာစဉ်းစားကြည့်သည့်အခါ အံ့သြစရာ မဟုတ်။

          အိုဘားမားက သူ့အဖွဲ့မှာ အရည်အချင်းရှိသူတွေ ပါဝင်စေချင်သည်။ နာမည်အရှိန်အ၀ါပြီးသူတွေ ပါဝင် စေချင်သည်။ အဲဒါမှ တိုင်းပြည်အရေးကိစ္စကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်။ ပြီး၊ ဟီလာရီကလင်တန်ကို ရွေးချယ်ခြင်းဖြင့် သူတို့ပါတီထဲမှာလည်း အုပ်စုတွေမကွဲအောင် ထိန်းသိမ်းနိုင်မည်။ ပြန်ချုပ်လိုက်တော့ သူ့တိုင်းပြည် သူ့ပါတီနှင့် သူကိုယ်တိုင်၏ အကျိုးအတွက်ဖြစ်သည်။ ထို့ကြောင့် ဟီလာရီ ကလင်တန်ကို ဖိတ်ခေါ်ခြင်းသည် လုပ်သင့်လုပ်ထိုက်သော အလုပ်တစ်ခုကို လုပ်လိုက်ခြင်းသာ ဖြစ်သည်။

          ကလင်တန်အဖို့ရော။

          သူ့အနေနှင့် သမ္မတမဖြစ်ရသော်လည်း၊ အမေရိကန်အစိုးရအဖွဲ့ထဲမှာ အရေးပါဆုံးနေရာ တစ်ခုဖြစ် သည့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခွင့်ရသည်မှာ ကြီးမားသော ဆုလာဘ်တစ်ခုပင်ဖြစ်သည်။ စောစောပိုင်းက သူသည် သမ္မတကတော်ဖြစ်ခဲ့၏။ သို့သော် အဲဒါက ခင်ပွန်းသည်၏ အရှိန်အ၀ါဖြင့် ကြီးကျယ်ခဲ့ တာဖြစ်သည်။ ယခုနိုင်ငံခြားရေးဝန်ကြီးဆိုတာက သူကိုယ်တိုင်အနေနှင့် ရမည့်ရာထူး။ သည်ရာထူးမှာ သူ့အရင် အမျိုးသမီးထဲက နှစ်ဦးသာရဖူးသည်ဆိုတော့ ပုဂ္ဂိုလ်တစ်ဦးချင်းအနေနှင့်စဉ်းစားလျှင် သေးသေးမွှားမွှား အောင် မြင်မှု မဟုတ်။

          ထို့ကြောင့်လည်း အိုဘားမား၏ဖိတ်ခေါ်ချက်ကို သူလက်ခံလိုက်ခြင်းဖြစ်သည်။

          အိုဘားမားသည် သူ့အဖွဲ့ထဲတွင် ပါဝင်ရန်အတွက် ပြိုင်ဘက်များထဲမှ ကလင်တန်တစ်ယောက်သာခေါ် ယူသည်မဟုတ်။ နောက်ပြိုင်ဘက်တစ်ဦးဖြစ်သူ ဗီလ်ဆက်(Tom Vilsack) ကို စိုက်ပျိုးရေးဝန်ကြီးခန့်သည်။ သည့်အပြင်နောက်တစ်ဦးဖြစ်သည့် ဘီလ်ရစ်ချတ်ဆင် (Bill Rihaedson) ကိုလည်း ကူးသန်းရောင်းဝယ်ရေးဝန် ကြီးခန့်ရန် အမည်စာရင်းတင်သွင်းသေးသည်။ သို့သော်ရစ်ချတ်ဆင်မှာ ပြဿနာတစ်ခုရှိသဖြင့် သည်ရာထူးကို လက်မခံနိုင်ခဲ့။

          တစ်ဖန်၊

          လောလောဆယ်တွင် အိုဘားမား၏ ဒုသမ္မတဖြစ်နေသည့် ဂျိုးဘိုင်ဒင်သည်လည်း ဒီမိုကရက်တစ်ပါတီ တွင်း သမ္မတလောင်းရွေးပွဲတုန်းက ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသူ တစ်ဦးပင်ဖြစ်သည်။ ပါတီတွင်း ပြိုင်ပွဲမှ စောစောစီးစီး နောက်ဆုတ်သွားခဲ့သည့် ဘိုင်ဒင်အားပါတီစုံပြိုင်ပွဲတွင် မိမိနှင့်အတူ ဒုသမ္မတလောင်းအဖြစ် လက်တွဲပါဝင်ရန် အိုဘားမား ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

          မနေ့ကပြိုင်ဘက်တွေကို သည်ကနေ့ လုပ်ဖော်ကိုင်ဖက် သို့မဟုတ် တစ်ဖွဲ့တည်းသားတွေ ဖြစ်အောင် စည်းရုံးသူကစည်းရုံးပြီး ပါဝင်သူတွေကလည်း ပါဝင်ခဲ့ကြခြင်းသည် ဘာကြောင့်လဲ။

          တိုတိုပြောရသော် ပူးပေါင်းသည့်အတွက် နှစ်ဘက်လုံး အကျိုးရှိကြသောကြောင့်ဖြစ်သည်။

          သို့ဖြစ်လျှင် သည်လူတွေ ပူးပေါင်းကြတာ ဆန်းသလား။

          အဲ၊ ဆန်းတော့ ဆန်းသေးသည်။

          အကြောင်းက လူတိုင်းလူတိုင်း အထက်ကလို အကျိုးသင့်အကြောင်းသင့်စဉ်းစားပြီး အလုပ်မလုပ်နိုင် ကြသောကြောင့်ဖြစ်သည်။ ပူးပေါင်းလျှင်နှစ်ဦးနှစ်ဘက်ရော တစ်ခါတစ်ရံ တိုင်းပြည်အတွက်ပါ အကျိုးထွက်နိုင် မှန်း သိလျက်နဲ့ မပူးပေါင်းနိင်။

          ဘာကြောင့်လဲ။

          တစ်ဖက်က ကိုယ်နှင့်ပြိုင်ဘက်အပေါ် မကြည်ဖြူနိုင်၊ အငြိုးအာဃာတမပြယ်နိုင်သောကြောင့်ဖြစ်သည်။ ငါနိုင်ပြီ။ အဲဒီလူမြောင်းထဲသွားတော့။ သူ့ဘာသာဘယ်လောက်တော်တော် အဲသည်လူကို မခေါ်၊မသုံး။ တခြားရှိ သည့်လူနှင့် အလုပ်လုပ်မည်။

          တစ်ဖက်ကလည်း သူဘယ်လောက်ခေါ်ခေါ် ဒီကောင်နှင့်တော့ ငါအလုပ်မလုပ်နိုင်ဘူး။ သူကဘယ်ကိစ္စ မှာတော့ ခင်ဗျားကိုဆရာတင်ပါတယ်ပြောပြော၊ သူ့အဖွဲ့မှာ ၀င်လုပ်ရင် သူ့လက်အောက်ခံပဲ၊ သူ့တပည့်ပဲ၊ ဘယ်တော့မှ ၀င်မလုပ်ဘူး။

          အဲသည်လိုသဘောထားမျိုးတွေ ရှိကြလျင် ပူးပေါင်းဖြစ်ဖို့မလွယ်ပါ။ တကယ်လည်း နိုင်ငံရေးနယ်ပယ် တွင် များသောအားဖြင့် တွေ့ရတတ်သည်က အဲသည်လို သဘောထားရှိသူတွေပဲဖြစ်သည်။ ဒါကြောင့်လည်း အိုဘားမားနှင့် ကလင်တန်တို့ ဂျိုးဘိုင်ဒင်တို့ ကိစ္စက ထူးခြားနေရခြင်းဖြစ်သည်။

          ဒါဖြင့်လျှင်၊

          သည်လူတွေက သိပ်သဘောထားပြည့်ဝကြလို့လား။ နိုင်ငံရေးအရ သိပ်ရင့်ကျက်ကြလို့လား။ စိတ်ဓာတ်ပိုင်းဥာဏ်ရည် (emotional quotient- EQ) သိပ်မြင့်ကြလို့လား။ စဉ်းစားစရာရှိသည်။

          အင်း၊ အဲဒါတွေလည်း ပါသင့်သလောက် ပါနိုင်ပါသည်။

          သို့သော်၊

          သူတို့ရှေ့မှာ သူတို့အတုယူစရာ နမူနာတစ်ခုတော့လည်း ရှိခဲ့သည်။

          အမေရိကန် နိုင်ငံရေးသမားများ မသိနိုင်စရာမရှိသည့် ထင်ထင်ရှားရှား နမူနာ။

          တိတိကျကျပြောရသော် အမေရိကန်ပြည်ထောင်စု၏ ၁၆ ဆက်မြောက် သမ္မတ အေဗရာဟမ်လင်ကွန်း ပြသွားခဲ့သည့် နမူနာဖြစ်သည်။

          အေဗရာဟမ်လင်ကွန်း သမ္မဖြစ်တော့ သူ့အစိုးရအဖွဲ့ကို ဘယ်သူတွေနှင့် ဖွဲ့ခဲ့သလဲဆိုတာ သမိုင်း ဖတ်သည့် အမေရိကန် နိုင်ငံရေးသမားတိုင်း သိကြသည်။

          သည်အထဲတွင်၊ လင်းကွန်းကို စံနမူနာပြ ပုဂ္ဂိုလ်အဖြစ် လေးစားအတုယူကြသူတစ်ဦးဖြစ်သည့် ဘားရက်အိုဘားမား လည်းပါသည်ပေါ့။

          ဘားရက်အိုဘားမား ၂၀၀၈ ခုနှစ် သမ္မတရွေးပွဲမှာ အနိုင်ရပြီး သမ္မတ ရာထူးလက်ခံယူရန် ၀ါရှင်တန်ဒီစီ သွားရပြီဆိုသည့်အခါ အပြေးအလွှားအလျင်စလို ရှာဖွေသည့် စာအုပ်က၊ သည့်အရင်သုံးနှစ်လောက် ၂၀၀၅ ခုနှစ်က ထွက်ခဲ့သည့် အေဗရာဟမ်လင်ကွန်း အတ္ထုပ္ပတ္တိ သစ်တစ်အုပ်။

          အမေရိကန်ပြည်မှာ လင်းကွန်းအတ္ထုပ္ပတ္တိစာအုပ်တွေ ထွက်ဖူးပေါင်းများလှပြီ။ အမေရိကန် စာကြည့်တိုက်များက အတ္ထုပ္ပတ္တိတွေ တသီတတန်းကြီးရှိနေသည်။

          ဒါကြောင့် ၂၀၀၅ ခုနှစ်မှာ အဲသည်အသစ်တစ်အုပ် ထပ်ထွက်တော့ လင်းကွန်းအကြောင်း ထပ်ရေးဖို့ လိုသေးသလားဟု မေးကြသည်။ သို့သော် အဲသည်စာအုပ် ဖတ်ကြည့်သူ အတော်များများကတော့ လိုသေး သည်ဟု ဆိုကြသည်။

          ဘာကြောင့်လဲ။

          သည်စာအုပ်ပြုစုသူက ယနေ့ခေတ် အမေရိကန်ပြည်မှာ အလွန်ထင်ရှားသည့် သမိုင်းနှင့် အတ္တုပ္ပတ္တိကျမ်းများ ပြုစုသူစာရေးဆရာမ ဂွတ်ဒ်ဝင်း(Noris Kearns Goodwin) ဖြစ်သည်။ ဂွတ်ဒ်ဝင်း ရေးသားသည့် လင်ဒန်ဂျွန်ဆင်၊ ကနေဒီမိသားစု၊ ရုဇဗဲ့ ဇနီးမောင်နှံစသည့် သမ္မတနှင့် သမ္မတမိသားစုများ အကြောင်းစာအုပ်များသည် အတ္ထုပ္ပတ္တိပရိတ်သတ်များအကြား အထူး ရေပန်းစားခဲ့သည်။

          အဲသည် ဂွတ်ဒ်ဝင်းက လင်းကွန်းအကြောင်း ရေးသည့်အခါ သမားရိုးကျ အတ္ထုပ္ပတ္တိများ ပုံစံမရေး။ သူစိတ်ဝင်စားသည့် လင်းကွန်းဘ၀ အစိတ်အပိုင်းတစ်ကွက်ကို အထူးပြု၍ ရေးသည်။

          သူ့စာအုပ်မည်က Team of Rivals: The Poetical Genius of Abraham Lincoln တဲ့။

          ပင်မခေါင်းစဉ်က ပြိုင်ဘက်တွေနှင့်စုစည်းထားသည့် အဖွဲ့။ ခေါင်းစဉ်အမည်ခွဲ သို့မဟုတ် ဖြည့်စွက် ခေါင်းစဉ်က အေဗရာဟမ်လင်ကွန်း၏ ကြီးမားသော နိုင်ငံရေးဥာဏ်ရည်။ သူဦးဆောင်သော အစိုးအရ အဖွဲ့ထဲ မှာ တချိန်က သူ့ပြိုင်ဘက်တွေ ပါဝင်လာအောင်ဖိတ်ခေါ် ထည့်သွင်းခဲ့သည့် လင်ကွန်း၏ နိုင်ငံရေးဥာဏ် ပါရမီ ဟူသော အဓိပ္ပါယ်။

          ခေါင်းစဉ် အဲသလို ပေးထားသည့် အတိုင်းများ စာမျက်နှာ ၇၅၈ မျက်နှာပါသည့် အဲသည် စာအုပ်ထူ ကြီးထဲမှာ တစ်ချိန်က လင်ကွန်း၏ နိုင်ငံရေးပြိုင်ဘက်များ၊ အဲသည်ပုဂ္ဂိုလ်တစ်ဦး၏ အရည်အချင်း၊ ၄င်းတို့၏ သဘောသဘာဝ၊ အဲသည် ပုဂ္ဂိုလ်များနှင့် လင်ကွန်းတို့ တွေ့ဆုံမိကြသည့် ဘ၀အစိတ်အပိုင်းများ၊ လင်ကွန်း အပေါ်ထားရှိသည့် ၄င်းတို့၏သဘောထားများ၊ နိုင်ငံရေးယှဉ်ပြိုင်ပွဲများတွင် အစပိုင်းက နိမ့်ကျခဲသော လင်ကွန်း တစ်ဆင့်ပြီးတစ်ဆင့်အနိုင်ရကာ သမ္မတဖြစ်လာခဲ့ပုံ၊ ထို့နောက်သူ့ပြိုင်ဘက်များကို စည်းရုံးကာ သူ့အစိုးရ အဖွဲ့တောင့်တင်းခိုင်မာအောင် ဖွဲ့စည်းခဲ့ပုံ၊ စသည်တို့ကို ပြည့်ဝစုံလင်စွာ ရေးသားထားသည်။ ဇာတ်ကြောင်းကို အနှစ်ချုပ်ဖော်ပြရသော်၊ လင်းကွန်းသည် ၁၈၆၀ ပြည့်နှစ်ရွေးကောက်ပွဲ တွင်အနိုင်ရကာ သမ္မတဖြစ်လာ သည်။

          သူသည် ရီပတ်ဘလီကန်ပါတီက တင်သည့် သမ္မတလောင်း အဖြစ်ရွေးကောက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။

          အဲသည်လို ၀င်နိုင်ဖို့အတွက် ဦးစွာရီပတ်ဘလီကန်ပါတီတွင်း ပြိုင်ပွဲတွင် ၀ီလျံဆီးဝါ့ဒ်၊ ဆယ်လမန်ချေစ့်၊ အက်ဒ၀ပ်ဘိတ်(စ)စသည့် ပုဂ္ဂိုလ်များနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရသည်။

          ယှဉ်ပြိုင်စအချိန်က အဲသည် ၃ယောက်လုံးသည် တိုင်းပြည်၌ လင်ကွန်းထက်လူသိများသူ၊ တတ်သိ လိမ္မာသူ၊ နိုင်ငံရေး နယ်ပယ်တွင် အခြေစိုက်ပြီးသူများဖြစ်သည်။ လင်ကွန်းက သူတို့နှင့်စာတော့ မထင်မရှား တောင်ပိုင်းဒေသက အောက်တန်း ရှေ့နေတစ်ယောက်၊ တက္ကသိုလ်ပညာမပြောနှင့် ကျောင်းပင်မနေဖူးသူ၊ ကိုယ်ထူကိုယ်ထ နည်းဖြင့်စာတတ်ပေတတ်ဖြစ်အောင် လုပ်ကာပညာတတ်များကြားတိုးဝင် ယှဉ်ပြိုင်နေသူ၊ နိုင်ငံရေးတာဝန်အနေဖြင့် အောက်လွှတ်တော်အမတ်သတ်တမ်း တစ်ကြိမ်သာဆောင်ရွက်ဖူးပြီ၊ အထက် လွှတ်တော်အမတ်ရွေးပွဲတွင်နှစ်ကြိမ်ဆက်တိုက် ရှုံးထားသူ၊….

          ထို့ကြောင့် အဲသည်သုံးယောက်လုံးက လင်ကွန်းကို သူတို့ထက် ညံ့သူ၊ ပြိုင်ဘက်အဖြစ် အရေးမလုပ် လောက်သူဟု၍မှတ်ယူခဲ့ကြသည်။ သို့သော်၊ ပါတီတွင်းမှာ မဲသုံးကြိမ်ပေးကြ၍၊ နောက်ဆုံးအကြိမ်၌ လင်ကွန်း ကမဲအပြတ်အသတ်ဖြင့် အနိုင်ရသွားသည့်အခါ သုံးယောက်သုံးယောက်လုံး အကြီးအကျယ် အံ့အားသင့် ခဲ့ကြရသည်။ သို့သော် အထင်တော့ကြီးမသွား။ အဲသည်နောက်မှာ တခြားပါတီက သမ္မတလောင်းများနှင့် ယှဉ်ပြိုင်၍ လင်ကွန်းအနိုင်ရသွားသည့်တိုင်လည်း ထိုနည်းလည်းကောင်း။

          သည်အချိန်မှာ လင်ကွန်းက ၄င်းတို့သုံးယောက်ကို သူ၏အစိုးရအဖွဲ့မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

          အထက်လွှတ်တော် အမတ်သက်တမ်း ၁၂ နှစ်နီးပါးရှိထားပြီး၊ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဆီဝါဒ့်ကို နိုင်ငံခြားရေးဝန်းကြီးခန့်သည်။

          အလားတူ ၊ အိုဟိုင်းယိုးပြည်နယ်မှ အထက်လွှတ်တော် အမတ်လည်းဖြစ်ပြည်နယ် အုပ်ချုပ်ရေးမှူး လည်းဖြစ်ခဲ့သူ ဆယ်လမန်ချေစ့်ကို ဘဏ္ဌာရေးဝန်ကြီးခန့်ပြီး၊ ရှေ့နေလည်းဖြစ် ၀ါရင့်နိုင်ငံရေးသမားကြီး တစ်ဦး လည်းဖြစ်သူ အက်ဒ၀ပ်ဘိတ်(စ) ကိုမူ နိုင်ငံတော် ရှေ့နေချုပ်ရာထူးပေးအပ်သည်။

          သို့သော်၊ ခန့်ရတာ လွယ်သလောက်ထိန်းရတာ ခက်ခဲခဲ့သည်။ သူတို့အားလုံးက မိမိကိုယ်ကို သမ္မတထက် တတ်သိနားလည်သူဟု မှတ်ယူထားကြသူတွေချည်းဖြစ်သည်။ ထို့ကြောင့် သမ္မတလုပ်ကိုင် ဆောင်ရွက်ပုံတွေကို အမြဲဝေဖန်သည်၊ အပြစ်တင်သည်၊ မလေးမခန့် ပြောသည်။ 

          လင်ကွန်းသမ္မတဖြစ်၍ တစ်လသာသာအချိန်မှာပင် ပြည်တွင်းစစ်စဖြစ်ရာ အစိုးရအဖွဲ့အတွင်း အကြိတ် အနယ် ငြင်းခုံစရာ ပြဿနာတွေကလည်း များပြားခဲ့သည်။   

          သို့သော် လင်ကွန်းက အလွန်စိတ်ရှည်သည်းခံသူဖြစ်သည်။ သူ့အားပြင်းပြင်းထန်ထန် ဝေဖန်ကြသူ များကို ဒေါသဖြင့် တုံ့ပြန်လေ့မရှိ။ သူက နိုင်ငံရေး အငြင်းပွားမှုမှ ပုဂ္ဂိုလ်ရေး ရန်သူဖြစ်သွားမှာကို မလိုလား။ အဲဒါကို သတိထားရှောင်ရှားသည်။ သို့သော်၊ သည့်အတွက်ကြောင့်တော့လည်း မိမိ စဉ်စားချမှတ်ထားသော ပေါ်လစီကို လျှော့ပေးရိုးထုံးစံမရှိ။ တစ်ဖက်လူလောက်မပြင်းထန်သည့် လေသံမျိုးဖြင့်သာ မိမိအယူအဆကို ပြန်လည်ရှင်းလင်းပြောဆိုလေ့ရှိခဲ့သည်။

          နောက်တော့တဖြည်းဖြည်း သဘောပေါက်လာကြသည်။ သည်သမ္မတသည် ဒေါသထွက်တတ်သူ မဟုတ်၊ သို့သော် လူညံ့တော့လည်းမဟုတ်။

          အတူတွဲ အလုပ်လုပ်တာ ကြာလာပြီး၊ အထင်အသေးဆုံးလည်း ဖြစ်ခဲ့သည့် ဆီးဝါဒ့်က စတင်ကာ၊ သည်ပုဂ္ဂိုလ်သည် အလွန်သဘောထား ပြည့်ဝသူ ဟူ၍ရှုမြင်လာသည်။ နောက်တွင်မူ၊ သမ္မတဟာ ကျွန်တော် တို့အထဲမှာအတော်ဆုံးဗျ။ သဘောထားကြီးတဲ့နေရာမှာတော့ သာမာန်လူထက်ကိုလွန်ကဲတယ် ဟူ၍လည်း ကောင်း၊ ကျွန်တော်တွေဖူးသမျှထဲမှာ အတော်ဆုံး၊ ဥာဏ်အမြော်အမြင်အရှိဆုံး ပုဂ္ဂိုလ်ပဲဗျာ ဟူ၍လည်ကောင်း တလေးတစားပြောဆိုလာခဲ့သည်။

          စောစောပိုင်းက လင်ကွန်းကိုအထင်သေးခဲ့သည့် ရှေ့နေချုပ် ဘိတ်(စ)ကလည်း နောက်တွင် ဆီးဝါ့ဒ် လေသံလိုက်ပြီး ချီးကျူးစကားပြောလာသည်။

          ဘဏ္ဍာရေးဝန်ကြီး ချေ့စ်တစ်ယောက်ကတော့ ရာထူးရသည့်တိုင် မကျေနပ်နိုင်။ နောက် ၄ နှစ်တွင် ကျင်းပမည့် သမ္မတရွေးပွဲ၌ ပါတီမှသမ္မလောင်းအဖြစ် လင်ကွန်းအစား မိမိကိုရွေးချယ်ကြရန် စည်းရုံးသည်။ တစ်ဖက်မှာလည်း ပေါ်လစီကိစ္စအငြင်းပွားတိုင်း လင်ကွန်းထံထွက်စာတင်သည်။ ဘဏ္ဍာရေးကိစ္စမှာ သူဆောင် ရွက်ပုံကောင်းတာကိုထောက်ပြပြီး သူ့အပြုအမူတွေ သည်းခံကာ ထွက်စာကိုလက်မခံဘဲ နေခဲ့သည်။

          စတုတ္ထအကြိမ် (ဟန်ဆောင်ပန်ဆောင်) ထွက်စာတင်သည့်အခါမှာတော့ လင်ကွန်းကလက်ခံပြီး၊ နုတ် ထွက်ခွင့်ပေးလိုက်ရာ ချေ့စ်အငိုက်မိသွားသည်။ သို့သော်၊ ၎င်းတို့အုပ်စု၏ ဆန့်ကျင်တိုက်ခိုက်မှုများ လျော့ပါး သွားစေရန် ရည်ရွယ်၍ နောက်တွင် ချေ့စ်အားတရားသူကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

          လင်ကွန်းအစိုးရအဖွဲ့ထဲတွင် သမ္မတကို အထင်မကြီးသူများ ပါဝင်ရုံမက၊ အချင်းချင်း မသင့်တင့်မှုတွေ လည်း တောက်လျှောက်ရှိခဲ့သည်။ အဲသည်အယူအဆမတူသူ ၊ စရိုက်မတူသူ၊ တစ်ဦးချင်း လူလုံးပြချင်သူတွေ ကို သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှု အသေးအမွှားတွေ အသာထားကာ အဓိကကိစ္စကို အာရုံပြုတ်တတ် မှုတို့ဖြင့် ထိန်းသိမ်းကိုင်တွယ်ကာ၊ ၎င်းတို့၏ စုပေါင်းစွမ်းပကားကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့သဖြင့်သာ လင်ကွန်းသည် အမေရိကန်နိုင်ငံရေးသမိုင်းတစ်လျှောက် အကျပ်အတည်း အခက်အခဲဆုံးကာလကို အောင်မြင် စွာဖြတ်သန်းနိုင်ခဲ့ခြင်း ဖြစ်၏။

          ပြည်တွင်းစစ်ကြီး ၄ နှစ်ကြာအောင် ဖြစ်ပွားခဲ့သော်လည်း တိုင်းပြည်ပြိုကွဲခြင်းမရှိအောင် ထိန်းသိမ်းနိုင် ခဲ့သည်။ တိုင်းပြည်အတွက် ဂုဏ်ကျက်သရေ ယုတ်လျော့စေသည့် ကျွန်စနစ်ကြီးကို ရှင်းလင်းပယ်ဖျက်နိုင်ခဲ့ သည်။ ထို့ပြင် မိမိကိုယ်တိုင်လည်း နိုင်ငံရေးအရ အောင်မြင်၍ ဒုတိယသက်တမ်းအတွက် ဆက်လက်ရွေးချယ် ခံခဲ့ရသည်။

          စာအုပ် စာရေးသူ ဂွတ်ဒ်ဝင်းကတော့ လင်ကွန်း၏ "ပြိုဘက်များနှင့် စုစည်းထားသည့် အစိုးရအဖွဲ့" တွင် အရေးပါသော နေရာများမှ ပါဝင်ခဲ့ကြသည့် အထက်တွင် ဝေဖန်ခဲ့သော ပုဂ္ဂိုလ်တို့သည် နိုင်ငံရေးအရည်အချင်း ပြည့်ဝသူ၊ တစ်ဦးချင်းအနေဖြင့် တကယ်လည်း စွမ်းအားကြီးမားကြသူတွေ ဖြစ်တာမှန်သည်။ သို့သော် နောက်ဆုံးတွင်မူ ပရေရီမြက်ခင်းဒေသ စပရင်းဖီးလ်မြို့က လာသည့် တောရှေ့နေ၊ တောအမတ်ကလေး လင်ကွန်းက အားလုံးထဲတွင် စွမ်းအားအကြီးမားဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း ပြသနိုင်ခဲ့သည်ဟု ကောက်ချက်ချခဲ့ပါ သည်။

 

ဆရာဖေမြင့်

ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၅၀

၁-စက်တင်ဘာ-၂၀၁၁




No comments:

Post a Comment