Wednesday, 7 September 2011

ဒေါ်အောင်ဆန်းစုကြည်နဲ့The Messenger ဂျာနယ်အင်တာဗျူး

ယနေ့ခေတ် လူငယ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်


(အနှစ် ၂၀ ကျော်အတွင်း ပြည်တွင်းမီဒီယာမှာ ပထမဆုံး ဖော်ပြခွင့်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး ဖြစ်ပါတယ်။ The Messenger ဂျာနယ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက ကူးယူပါတယ်။ အခုနောက်ဆုံး သိရတဲ့ သတင်းများအရ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးပါပြီးနောက် The Messenger News Journal ဂျာနယ်ကို စာပေစိစစ်က နောက်ဆက်တွဲ သတင်းရုံးတင်ခွင့်နဲ့ မျက်နှာဖုံးမှာ နောက်ဆုံးရ သတင်းဦးများ ဖော်ပြခွင့်ပိတ်ပင်လိုက်ကြောင်း သတင်းဆိုးကို ကြားသိရပါကြောင်း ...)

ဒေါ်အောင်ဆန်းစုကြည်နှင့် The Messenger ဂျာနယ်တို့ တွေ့ဆုံမေးမြန်းခွင့်ရခိုက် သူမဖြေကြားခဲ့သည်များအနက်မှ လူငယ်များနှင့် ပတ်သက်သည့် သဘောထားအမြင်တချို့ကို စာဖတ်သူများသိရှိစေရန် ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

M- လူငယ်တွေနဲ့ပတ်သက်ရင် တိုင်းပြည်ရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့မျှော်လင့်ချက်ဖြစ်တဲ့အကြောင်း အရင်ကပြောခဲ့ဖူးတယ်။ အခုနေအိမ်အ ကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက်မှာရော၊ လူငယ်တွေအပေါ်ဘယ်လိုမြင်ပါသလဲ။

DS- အခုခေတ်လူငယ်တွေကတော့ လွန်ခဲ့တဲ့ ခုနစ် နှစ်ကထက်စာရင် တိုးတက်လာတယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ 1988 ခုနှစ်လောက်တုန်းက လူငယ်တွေ အခုခေတ်ကလူငယ်တွေလောက် အခွင့်အရေးမရခဲ့ကြဘူး။ အဓိက က IT ပေါ့။ အခုခေတ်လူငယ်တွေ ကမ္ဘာနဲ့ဆက်သွယ်ဖို့ အခွင့်အရေး အရမ်းများသွားပြီ၊ ဒါက ဘယ်လိုမှတန်ဖိုးဖြတ်လို့ မရတဲ့တိုးတက်မှုပဲ၊

M- မိသားစု စားဝတ်နေရေး၊ မိသားစုနောက်ခံအရေးတွေကြောင့် ဘ၀အတွက်လိုအပ်တဲ့ အတတ်ပညာ၊ အသိပညာတွေရှာဖွေဖို့၊ အခက်အခဲ ရှိနေတဲ့လူငယ်တွေအတွက်ရော ဘယ်လိုအကြံပြုချင်ပါသလဲ။

DS- ဒါတွေက လူငယ်တွေရဲ့ အားနည်းချက်ချည်းသက်သက်လို့ ပြောလို့မရဘူး။ ကျွန်မတို့လူမှုအဖွဲ့အစည်းရဲ့ အားနည်းချက်လို့ပြောရမယ်။ စားဝတ်နေရေး၊ မိသားစုအရေးတွေထက် ရုန်းကန်နေရတယ်ဆိုတာကိုက စီးပွားရေးအခြေအနေအရ ရုန်းကန်ရမယ့်အခြေအနေရောက်နေ လို့ပါ။ အမှန်အတိုင်းပြောရရင် ကိုယ့်ဝီရိယစိုက်နိုင်သလောက်၊ ကိုယ်အပင်ပန်းခံနိုင်သလောက်ပဲ တိုးတက်မှာပဲ၊ ကံ ကံ၏အကျိုးဆိုတာ ဒါပဲ။ ကိုယ်လုပ်သလောက်ပဲ ဖြစ်မှာပဲ၊ အဲဒီတော့ မိသားစုရဲ့စီးပွားရေးအခြေအနေကြောင့် ဘ၀ကိုရုန်းကန်နေရတဲ့ ကြားကပဲ တိုးတက်မှုကို ရအောင်ရှာတဲ့လူငယ်တွေလည်းအများကြီးရှိတယ်။ ခပ်တိုတိုပြောရရင်အိပ် ချိန်လျော့ပေါ့။ အလုပ်ပြီးလို့ရှိရင် ထပ်ပြီးစာကျက်ကြပေါ့။ တိုးတက်ဖို့လုပ်ကြပေါ့။ ဒါရိုးရိုးလေးပြောတာပါ။ တစ်ဖက်ကတော့ အနစ်နာ ခံ၊ အပင်ပန်းခံရမှာပေါ့။

M- နိုင်ငံရေးနဲ့ စီးပွားရေးဆက်စပ်မှု အခြေအနေက လူငယ်တွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိတယ်လို့ထင်ပါသလဲ။

DS- အခုခေတ် လူငယ်တွေပိုပြီး အမြင်ကျယ်လာတယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုဆက်သွယ်ရေးလမ်းကြောင်း က ကောင်းလာတယ်။ နောက်တစ်ခုက လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်ကထက်စာရင် ဂျာနယ်၊ မဂ္ဂဇင်းတွေ အရမ်းများလာတယ်။ အရင်ကဆို ရင်အများစုက အလှအပအကြောင်း၊ ရုပ်ရှင်အကြောင်း၊ မော်ဒယ်လ်တွေအကြောင်း အဲဒီဟာတွေပဲ ပိုများတယ်။ အခုက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေနဲ့ ပတ်သက်တဲ့ဆောင်းပါးတွေကို ပိုဇောင်းပေးတဲ့ ဂျာနယ်၊ မဂ္ဂဇင်းအတော်များလာတယ်။ အဲဒါတွေက ကိုယ့်မြန်မာ နိုင်ငံအကြောင်းတွေလည်းပါတယ်။ မြန်မာနိုင်ငံက အကြောင်းတွေမပါဘဲ တခြားနိုင်ငံတွေအကြောင်းပါတယ်ဆိုရင်တောင် မှ မျက်စိဖွင့်၊ နားဖွင့်ပေးတယ်။ ဒါကြောင့် ပိုတိုးတက်ဖို့ပဲရှိတယ်လို့ပဲ မြင်တယ်။ ဟန်းဖုန်းကိုင်တယ်ဆိုရင်တောင် ကိုယ်ဆက်ချင်တဲ့သူဆီ ဆက်လို့ရတယ်။

M- တချို့ လူငယ်တွေက လက်ရှိကိုယ့်ဘ၀ကို အားမရကြပါဘူး။စကားပြောတဲ့အခါမှာလည်း မျှော်လင့်ချက်မဲ့တဲ့စကားတွေ ပြောတတ် ကြတယ်။ အဲဒီလိုလူမျိုးတွေအတွက် ဘယ်လိုအကြံပြုချင်ပါသလဲ။

DS- တစ်ခုပြောချင်တာက ကိုယ့်ကိုယ်ကိုယ်ပိုပြီးတော့ တန်ဖိုးထားပြဖို့၊ ကိုယ့်ကိုယ်ကိုယ်အဲဒီလောက် လျှော့မတွက်ပါနဲ့၊ ညံ့တယ်လို့မ ထင်ပါနဲ့။ ငါဘာလုပ်နိုင်တယ်ဆိုတာကို သိဖို့ဆန္ဒရှိရာကနေ လမ်းစရသလိုမျိုးပေါ့။ တကယ်ပဲလုပ်ချင်တဲ့ ဆန္ဒရှိရင် လုပ်ချင်တဲ့လမ်း က ပေါ်လာမှာပဲ။ အရေးကြီးတာက လူငယ်တွေ စာဖတ်ဖို့လိုတယ်။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေထဲမှာ ဆောင်းပါးတွေပါတယ်မဟုတ်လား။ ဘယ်သူကတော့ဖြင့် ဘာမှမရှိဘဲ ဘယ်လိုလုပ်ုသွားတာ၊ သူ့ချွေးနဲစာနဲ့ ဘယ်လိုစီးပွားရေးလုပ်ငန်းကြီး ထူထောင်သွားတာ၊ ဘယ်လိုဇွဲနဲ့ သူ့ကိုယ်သူ ဘယ်လိုအနုပညာရှင်ကြီးဖြစ်အောင်လုပ်သွားတာ။ အဲဒါတွေဖတ်ရင် စိတ်ဓာတ်ခွန်အားလည်းရတယ်။ နည်းလမ်းလည်းရ တယ်။ တွေးခေါ်စရာတွေလည်း အများကြီးဖြစ်တယ်။ အဲဒီတော့ စာဖတ်ဖို့လိုတယ်လို့ထင်တယ်။ လူတိုင်းအင်တာနက်မသုံးနိုင်ရင်တောင် မှ အင်တာနက်မှာပါတဲ့အကြောင်းအရာတွေ တော်တော်များများဂျာနယ်တွေထဲမှာ ပါပါတယ်။ အဲဒီတော့ စာကောင်း၊ ပေကောင်းဖတ်နိုင် လို့ရှိရင် အခွင့်အရေးတွေအများကြီးရလာမှာပါ။ အဲဒီအခွင့်အရေးတွေကို အသုံးချပေါ့။ လူဆိုတာ ကိုယ်ရတဲ့အခွင့်အရေးကို ကောင်းတဲ့ ဘက်ကိုရောက်အောင်အသုံးချရမှာပေါ့။ တရားစကားနဲ့ပြောရင် ဆန္ဒပေါ့။ အောင်မြင်ခြင်းတရားလေးပါးက ဆန္ဒနဲ့စတယ်။ ဆန္ဒပြီးရင် ၀ီရိယပါလာတယ်။ ဆန္ဒရှိပြီးတော့ ၀ီရိယမထုတ်လို့မရပါဘူး။ နောက်ပြီး စိတ်ဓာတ်ကလည်းရှိရမယ်။ ပညာကလည်းရှိရမယ်။ ဒါက အခုမှ ပေါ်လာတဲ့စကားမဟုတ်ပါဘူး။ ရှေးကတည်းက တရားတော်တွေထဲမှာ ပါတဲ့အောင်မြင်ခြင်းတရားတွေပဲ။ အဲဒီဟာတွေအတိုင်း လုပ်သွားမယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့နေရာကိုရောက်ရမှာပေါ့။ အားလျှော့တာ၊ ဘ၀ကိုလက်မြှောက်တယ်ဆိုတာ၊ လူငယ်တွေမလုပ် သင့်ပါဘူး။ လူငယ်တွေမှာ အချိန်တွေအများကြီးရှိတယ်။

M- အခုခေတ်မှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ တစ်ဖက်ကစိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေပိုများလာတယ်လို့လဲ တချို့ကသုံးသပ်ကြတယ်။ တစ်ဦးနဲ့တစ်ဦးထားတဲ့ မေတ္တာတရားတွေအားနည်းလာတယ်လို့လဲ ပြောကြတယ်။ အဲဒီအပေါ်မှာ သုံးသပ်ပြော ပြပေးပါဦး။

DS- အခုခေတ်က လိုချင်စရာတွေ၊ ရုပ်ပိုင်းဆိုင်ရာတွေ သိပ်များတယ်။ ကျွန်မတို့ငယ်ငယ်တုန်းက သူဌေးဆိုရင် တိုက်နဲ့ကားပဲရှိတယ်။ အခုကဒီလောက်နဲ့မရဘူး။ ကျွန်မတို့ငယ်ငယ်က မိဘတွေချမ်းသာလို့ ကိုယ်ပိုင်ကားစီးတဲ့လူမရှိခဲ့ဘူး။ မိဘမှာပဲရှိတာ၊ အဲဒီတော့ တင်း တိမ်ရောင့်ရဲနိုင်တယ်။ လိုချင်စရာနည်းတာကိုး၊ အခုကသိပ်များတယ်။ လူငယ်တွေလိုချင်တာကိုလည်း သိပ်တော့အပြစ်မဆိုချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြော်ငြာဆိုတာလိုချင်တဲ့စိတ်ကိုဆွပေးတာပဲ၊ ဒါမှစီးပွားဖြစ်မှာ၊ အဲဒီတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို တစ်ခါတည်း မြှင့်တင်သွားရမယ်။ ရုပ်ပိုင်းဆိုင်ရာသိပ်တိုးတက်ပြီး၊ စိတ်ဓာတ်ပိုင်းမတက်ရင် အဲဒီလိုပဲဖြစ်မှာပဲ၊ နိုက်ကလက်သွားတယ်ဆို တာလည်း လူငယ်သဘာဝပျော်ရွှင်ချင်လို့ သွားတာ အပြစ်မမြင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့အသိုက်အ၀န်းကို မြင်ဖို့လိုတယ်။ တတ်နိုင်တဲ့သူ တတ်နိုင်သလိုလုပ်တာကို အပြစ်မပြောချင်ပါဘူး။ ဒါပေမဲ့ လူမှုရေးနဲ့ပတ်သက်လို့ လိပ်ပြာသန့်ခြင်း၊ မသန့်ခြင်းကို လူတိုင်းကိုယ်စီနည်း နည်းတော့ဆင်ခြင်သင့်တယ်။ အထူးသဖြင့် ကျွန်မတို့နိုင်ငံမှာပေါ့ အဲဒါ ငယ်ငယ်ကတည်းက မိဘတွေရဲ့သွန်သင်ဆုံးမမှုနဲ့လည်း အများကြီးဆိုင်တယ်။ ငယ်ငယ်ကတည်းက ကျောင်းမှာ ပြည်သူ့နီတိတို့ ဘာတို့သင်တာမျိုးပေါ့။ အဲဒီလိုအချက်တွေ ပညာရေးပိုင်းမှာမပါ ဘူးဆိုရင်စာပေလောက၊ သတင်းမဂ္ဂဇင်းလောက ကလူတွေမှာ ပိုပြီးတာဝန်ရှိတယ်။ ဘယ်လိုလုပ်ရမလဲဆိုရင် မီဒီယာသမားတွေလုပ်ကြ လို့ ပြောရမယ်။ ကျွန်မတို့လည်း ကိုယ်ပြောနိုင်သလောက်ပြောမယ်။ မီဒီယာသမားတွေဘက်ကလည်း လုပ်နိုင်သမျှလုပ်ရ မယ်။ ဆောင်းပါးတွေ၊ ဥပမာတွေနဲ့ပေါ့။ တန်ဖိုးရှိတဲ့လူသားဆိုတာ ဘာလဲဆိုတာမျိုးပေါ့။ အခုခေတ် လူတော်တော်များများက လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ သူ့လက်ထဲမှာရှိတဲ့ ပိုက်ဆံနဲ့ သူ့ရဲ့ရုပ်ဝတ္ထုပိုင်ဆိုင်မှုတွေလို့ ထင်ကြတယ်။ ရေရှည်မှာ မဟုတ်ဘူးဆိုတာ ပြောရမယ်။ တန်ဖိုးရှိရုံတင်မကဘူး၊ ကျေနပ်လောက်တဲ့ဘ၀ရှိရမယ်။ ကိုယ့်ဘ၀ကို ကိုယ်ကျေနပ်မှုရှိရမယ်။ တချို့လူငယ်တွေထဲမှာ ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေပြည့်စုံပေမယ့် စိတ်မချမ်းသာတဲ့လူငယ်တွေ အများကြီးရှိတယ်။ စိတ်ရောဂါရတဲ့ လူငယ်တွေရှိတယ်ဆိုတာ အားလုံးအသိပဲ။ အဲဒီတော့ ဒီဟာတွေကို မီးမောင်းထိုးပေးဖို့လိုတယ်။ စာနယ်ဇင်းလောက က တတ်နိုင်သမျှ လုပ်ရမယ်။

M- လူငယ်တွေအနေနဲ့ ဘယ်လိုစာအုပ်မျိုး ရွေးဖတ်သင့်တယ်ဆိုတာကို စာဖတ်ဝါသနာပါသူတစ်ယောက်အနေနဲ့ လမ်းညွှန်ပေးပါဦး။

DS- စာဖတ်တဲ့ကိစ္စကိုတော့ ဒီလိုဖတ်ရမယ်။ ဟိုလိုဖတ်ရမယ်လို့ မပြောချင်ဘူး။ ကျွန်မဆို ငယ်ငယ်က ကလေးစာအုပ်တွေစဖတ်ခဲ့ရတာ။ တဖြည်းဖြည်းမှ လူကြီးဆန်တဲ့ စာအုပ်တွေဖတ်လာတာ၊ အခုအသက်ကြီးလာတော့ အတ္ထုပတ္တိစာအုပ်မျိုးကို ပိုစိတ်ဝင်စားလာတယ်။ အလုပ်နဲ့ပတ်သက်တာမျိုးကို ပြောတာမဟုတ်ပါဘူး။ အပြင်စာပေတွေကို ပြောတာ၊ နောက်ပိုင်းရင့်ကျက်လာပြီး တစ်ခြားလူတွေ၊ ဘ၀တွေအကြောင်း ပိုသိချင်လာတာလည်းပါတယ်။ သမိုင်းကိုလည်း စိတ်ဝင်စားတယ်။ ခရီးသွားစာပေလည်း ဖတ်တယ်။ နောက်ပြီး အသက်ကြီးလာတော့ ကဗျာကိုပိုစိတ်ဝင်စားတယ်။ ကဗျာဆိုရင် တစ်ကြောင်းတည်းမှာကို အတွေးအခေါ်တွေအများကြီးပါတယ်။ စာအုပ်တစ်အုပ်လုံးထက်တောင် ပါချင်ပါမယ်။ အဲဒီတော့ စာဖတ်တာကို အလေ့အကျင့်လုပ်ရမယ်။ နောက်ပြီး ကိုယ့်ရဲ့အသိဥာဏ်၊ ဦးနှောက်ကိုစိန်ခေါ်တဲ့ စာမျိုးကိုဖတ်ရမယ်။ အလွယ်အပေါ့တွေ မဖတ်နဲ့ပေါ့။ တစ်ခါတလေ အပျော်သဘောနဲ့ စိတ်ပြေလက်ပျောက်ဖတ် တာမပြောလိုပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့အသိဥာဏ်ကို စိန်ခေါ်တဲ့စာမျိုး၊ ကိုယ့်ရဲ့ အတွေးအခေါ်ကို ဦးနှောက်ကို စိန်ခေါ်တဲ့စာမျိုးကိုယ် လည်း ရွေးဖတ်ရမယ်။ ဦးနှောက်ကိုအလုပ်ပေးတဲ့စာမျိုးကို အတိုင်းအတာတစ်ခုအထိဖတ်ရမယ်။

M- မြန်မာလူငယ်တွေ အများဆုံးအသုံးပြုနေတဲ့ Social Website တွေထဲက Facebook မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်နာမည်နဲ့ Account တွေအများကြီးပဲရှိနေတာ တွေ့ရတယ်။ ကိုယ်တိုင် Account တစ်ခုဖွင့်ထားတာရှိပါသလား။

DS- အဲဒါတွေက ကျွန်မဖွင့်ထားတာ မဟုတ်ပါဘူး။ တခြားသူတွေဖွင့်ထားကြတာပါ။

ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

No comments:

Post a Comment