Wednesday, 14 September 2011



ပြည်တော်ပြန်ရန် ကမ်းလှမ်းချက်ကို ပြည်ပရောက်အုပ်စုများ သတိကြီးစွာထား

Posted: 14 Sep 2011 12:02 AM PDT

(IRIN သတင်းမှ 12 Sept 2011 ရက်စွဲပါ "Myanmar exiles cautious on return offer" ကို ဘာသာ ပြန်ဆိုသည်)

ပြည်ပရောက် မြန်မာအုပ်စုများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက သမ္မတဦးသိန်းစိန်ထံမှ ပြည်တော်ပြန်ရန် ဖိတ်ခေါ်မှုအပေါ် သတိကြီးစွာ ထား၍ လေ့လာနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

"အမှန်တကယ်ပြန်လာစေချင်တာဆိုရင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးသင့်တာပေါ့။ လူတိုင်းကတော့ အိမ်ကို (မြန်မာနိုင်ငံကို) ပြန်ချင်ကြတာပဲ။ ဒါပေမဲ့ ပြန်သွားတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် အာမခံချက်မရှိပါဘူး" ဟု ထိုင်းနိုင်ငံအခြေစိုက် သတင်း အယ်ဒီတာ တစ်ဦးဖြစ်သူ ကျော်စွာမိုးက ပြောသည်။

ကျော်စွာမိုးသည် ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားသူ ထောင်ပေါင်းများစွာအား ပြည်ပသို့ ရောက်ရှိသွားစေခဲ့သည့် သွေးစွန်း သော ပြည်လုံးကျွတ်လူထုအုံကြွမှုကာလအတွင်း ပါဝင်လှုပ်ရှားခဲ့ခြင်းကြောင်း ထောင်ဒဏ် ၈ နှစ် ကျခံခဲ့ရသူဖြစ်သည်။

နေပြည်တော်တွင် လုပ်ငန်းရှင်ကြီးများအား ဩဂုတ်လက အလွတ်သဘော ပြောဆိုခဲ့မှုကို အတည်ပြုသည့် မူဝါဒအကြောင်း ပြောဆိုနေကြ သော်လည်း တကယ့်လွတ်ငြိမ်းချမ်းသာခွင့် စားပွဲပေါ်တွင် ရောက်နေသည်ဟု ယုံကြည်သူ အနည်းငယ်သာ ရှိသည်။

"တချို့သူတွေ ထောင်ထဲရောက်နေတဲ့ အချိန်မှာ ကျန်တဲ့တချို့ကို သမ္မတကြီးက ဘယ်လိုကြိုဆိုမှာလဲ" ဟု မေးခွန်းထုတ်လိုက်သူမှာ ချင်းမိုင် အခြေစိုက် Human Rights Education Institute of Burma(HREIB) မှ ဒါရိုက်တာ အောင်မျိုးမင်းဖြစ်သည်။ အောင်မျိုးမင်းသည်လည်း လွန်ခဲ့သော ၂၃ နှစ်က ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင် လှုပ်ရှားခဲ့ပြီးနောက် ဇာတိနိုင်ငံကို စွန့်ခွာလာခဲ့ရသူဖြစ်သည်။

"ကျွန်တော်တို့က ကျွန်တော်တို့ပြည်သူတွေ အကျိုးရှိအောင် ကျွန်တော်တို့နိုင်ငံမှာ ကောင်းသော ပြောင်းလဲခြင်း ဖြစ်အောင် လုပ်ဖို့ ပြင်းပြတဲ့ ဆန္ဒရှိသူတွေပါ၊ ရာဇဝတ်မှုတွေနဲ့ ပတ်သက်သူတွေနဲ့ မတူပါဘူး။ ဒါကြောင့် မြန်မာပြည်ကို သိက္ခာရှိရှိပဲ ပြန်ချင်ပါတယ်" ဟု ယင်းက ဆိုသည်။

သမ္မတကြီးက ပြောကြားရာတွင် ရာဇဝတ်မှုကျူးလွန်ခြင်း မရှိသူများကို ပြန်လာခွင့်ပြုရန် လျှော့ပေါ့၍ စဉ်းစားပေးမည်ဟု ဆိုခဲ့ရာ သတ်မှတ် ချက်များကို ပြည်ပရောက်မြန်မာအုပ်စုများက ပယ်ချလိုက်ကြသည်။ "ကျွန်တော်တို့ကို လျှော့ပေါ့စဉ်းစားပေးမယ်လို့ သမ္မတဦးသိန်းစိန်က ပြောတာဖြစ်လို့ ကျွန်တော်တို့ အိမ်ကိုပြန်ဖို့ မစဉ်းစားနိုင်သေးပါဘူး။" ဟု ပြောကြားသော ညီညီအောင်မှာ ၁၉၈၈ အရေးတော်ပုံအပြီး မြန်မာနိုင်ငံမှ လွတ်မြောက်သွားကာ အမေရိကန်နိုင်ငံသားဟု ခံယူထားသူဖြစ်ပြီး ၂ဝဝ၉ ခုနှစ်က မြန်မာနိုင်ငံသို့ ခေတ္တပြန်လာစဉ် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး ယခု အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ရောက်ရှိနေသူဖြစ်သည်။ "တကယ်လို့ နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးပြီး တိုင်းရင်းသား အုပ်စု အားလုံးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ပြန်လည် သင့်မြတ်မှုရရှိပြီ၊ မြန်မာနိုင်ငံဟာလည်း ဒီမိုကရေစီ ပြောင်းလဲရေးလမ်းပေါ် ရောက်နေပြီ ဆိုရင်တော့ ကျွန်တော် ပြန်မှာပါ" ဟု ညီညီအောင်က ဆက်လက် ပြောဆိုသည်။

ပြည်ပရောက်မြန်မာများသည် ယင်းတို့၏ နိုင်ငံမှ ထွက်ခွာလာပြီးနောက်ပိုင်း လွတ်လပ်သွားသကဲ့သို့ လွတ်လပ်စွာ နေထိုင်ခွင့် ရှိကြမည်ဟု အာမခံချက် ရှိပါက ဝမ်းမြောက်ပျော်ရွှင်ကြပါလိမ့်မည်။

"ကိုယ့်နိုင်ငံ ကိုယ် ပြန်သွားတဲ့အချိန်မှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ရနိုင်ပ့ါမလားဆိုတာကို ကျွန်တော် စိုးရိမ်မိပါတယ်" ဟု ကျော်စွာမိုး က ဆိုသည်။

တင်းတင်းကြပ်ကြပ် ထိန်းချုပ်မှုများ

မြန်မာနိုင်ငံသည် ၂ဝဝ၈ အခြေခံဥပဒေတွင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ထည့်သွင်းထားသော်လည်း ကမ္ဘာပေါ်တွင် လွတ်လပ်စွာ ပြောဆိုခွင့်ကို အတင်းကြပ်ဆုံး တားမြစ်ထားသော နိုင်ငံတစ်ခု ဖြစ်သည်။

ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးအုပ်စု Freedom House က ထုတ်ပြန်သော ၂ဝ၁၁ သတင်းစာလွတ်လပ်ခွင့် စစ်တမ်းတွင် မြန်မာနိုင်ငံ သည် ကမ္ဘာ၌ သတင်းစာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ အဆိုးဝါးဆုံး ၁ဝ နိုင်ငံ စာရင်းဝင်ဖြစ်ကြောင်း အဆင့်သတ်မှတ်ခံထားရသည်။

"သတင်းထောက်တစ်ယောက် အနေနဲ့ အစိုးရကို မဝေဖန်ဘဲ ငြိမ်မနေနိုင်ပါဘူး။ အခုချိန်ထိတော့ ပြည်တွင်းမှာ သတင်းစာလွတ်လပ်ခွင့် မရှိသေး ဘူးဆိုတော့ ကျွန်တော်တို့ဒီမှာ (ထိုင်းနိုင်ငံ) မှာ လုပ်နေသလို ဝေဖန်ရေးဆောင်းပါးတွေ ရေးခွင့်ရမှာ မဟုတ်ပါဘူး" ဟု ထိုင်းနိုင်ငံရောက် မြန်မာ အယ်ဒီတာက ဆိုသည်။

ထို့အပြင် နိုင်ငံရေးလှုပ်ရှားမှုဖြင့် အပြစ်ပေးခံရသူများ အပါအဝင် အကျဉ်းသားအားလုံးကို ပြစ်ဒဏ်ကာလ တစ်နှစ်လျှော့ပေးမည်ဟု အစိုးရက မေလအတွင်း ကြေညာခဲ့ခြင်းသည် ဒီမိုကရေစီနိုင်ငံသစ် အဖြစ် ပွဲထွက်လာချိန်တွင် ယောက်မ မြင်းစီးပြလိုက်သည့် လုပ်ရပ်ဖြစ်ကာ ဆယ်စုနှစ်များစွာ ထောင်ဒဏ် အပြစ်ပေးခံရသူ နိုင်ငံရေးအကျဉ်းသားများအတွက်လည်း ပြောပလောက်အောင် သက်သာသွားခြင်း မရှိပါ ဟုလည်း ယင်းက ဆိုသည်။ မေလက လွတ်ငြိမ်းချမ်းသာခွင့်သည် "ကုလသမဂ္ဂကို ပါးရိုက်ခြင်း" ဖြစ်ကြောင်း Human Rights Watch က ပြောဆိုသမုတ်ခဲ့သည်။

ပြည်ပြေးဟုခေါ်သော ပြည်ပရောက်မြန်မာများကို ရှေးယခင်ကလည်း အလားတူ ကမ်းလှမ်းမှုများ ရှိခဲ့ဖူးသည်။ လွတ်လပ်ရေးရပြီးခေတ် မြန်မာ နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ပြည်ပြေးဦးနုကို ၁၉၈ဝ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဟောင်းနေဝင်းက ပထမဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးကာ ဖိတ်ခေါ်ခဲ့ဖူးသည်။ ၁၉၈၈ အရေးတော်ပုံအပြီးတွင်လည်း တောခိုသွားသော ကျောင်းသားနိုင်ငံရေးသမားများကို ယခင် တပ်မတော်အစိုးရက သူတို့၏ စောင့်ကြည့်မှုအောက်တွင် ထားရန် ရည်ရွယ်ကာ ပြန်လာကြရန် ဖိတ်ခေါ်ခဲ့ဖူးသည်။ ပြန်လာသူ အများစုမှာ နိုင်ငံရေးကြေညာချက်များ ထုတ်ပြန်သည်နှင့် တစ်ပြိုင်နက် ပြန်လည် အဖမ်းဆီးခံကြရလေတော့သည်။

ရှစ်လေးလုံးအရေးတော်ပုံတွင် ကျောင်းသားလှုပ်ရှားသူဖြစ်ခဲ့ပြီး ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်နေသော မြန်မာ့ရေးရာ ပညာရှင် ဝင်းမင်းက "ဒီမှာတော့ ဘယ်လိုစစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မျိုးမှ မလိုဘဲ နေလို့ ရပါတယ်၊ တံခါးတောင် ပိတ်စရာမလိုပါဘူး" ဟု ပြောကြား သည်။
yangonchronicle


ယုဇနကုမ္မဏီ၊ရွှေခရုကုမ္မဏီမှလယ်တောင်ယာများအဓမ္မမသိမ်းယူမီတွေ့ရသောမြင်ကွင်းဓာတ်ပုံများနှင့်တိုင်ကြားစာ

Posted: 13 Sep 2011 09:37 AM PDT

ff
ပေးပို့သော လူ့အခွင့်အရေးစောင့်ကြည့်ရေးကွန်ယက် (H.R.W.D.N)အားကျေးဇူးတင်ရှိပါသည်..


ဧရာဝတီကိုအသေသတ်မည့် ဦးဇော်မင်းအားအရေးယူပေးပါရန်

Posted: 13 Sep 2011 08:34 AM PDT


မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၏ပြောပြချက်အသံဖိုင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ(၄၅)

နိုင်ငံတော်သည်သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ထိန်းသိမ်းစောင့် ရှောက်ရမည်။
The Union shall protect and conserve natural environment.

အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၀န်ကြီးဖြစ်သူ ဦးဇော်မင်းသည် နိုင်ငံတော်၏အခြေခံမူများ အခန်းပါ ပုဒ်မ(၄၅)ကိုကျူးလွန်ဖေါက်ဖျက်ခဲ့ ပါသည်။"အဲဒီတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တွေကကန့် ကွက်နေလို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတခုမေးပါတယ်။နောက်မဆုတ်ပါဘူး။ဆက်လုပ်မှာဖြစ်ပါတယ်"ဟုပြောဆိုခဲ့ ခြင်းသည်သက်သေထင်ရှားအများရှေ့ မှောက်တွင်ပြောဆိုခဲ့ ခြင်းဖြစ်ပါသည်။


ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း(၈)ပုဒ်မ(၃၉၀)


နိုင်ငံသားတိုင်းသည် အောက်ဖေါ်ပြပါ ကိစ္စရပ်များတွင် နိုင်ငံတော်အား ကူညီရန် တာဝန်ရှိသည်။

(က)အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့် ရှောက်ခြင်း။

(ခ)သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့် ရှောက်ခြင်း။

(ဂ)လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေး မြင့် မားလာစေရန် ကြိုးပမ်းခြင်း။

(ဃ)အများပြည်သူပိုင်ပစ္စည်းများကိုထိန်းသိမ်းစောင့် ရှောက်ခြင်း။

390. Every citizen has the duty to assist the union in carrying out the following matters:


(a)preservation and safeguarding of cultural heritage:

(b)environmental conservation:

(c)striving for development of human resources:

(d)protection and preservation of public property:



ကျွန်ူပ်တို့ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများဖြစ်သည့် အတွက်ဖွဲ့ စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့၏တာဝန်ကိုထမ်းဆောင်ရန်ကြိုးစားခြင်းကိုလည်း၊ပြက်ရယ်ပြုခြင်း။တားဆီးရန်ကြိုးစားခြင်းများပြုလုပ်ခဲ့ သည်ကိုလည်းထင်ရှားတွေ့ ရှိရပါသည်။

အထက်ပါအချက်များအရလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏၀န်ကြီးဦးဖော်မင်းသည်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ပြဌာန်းချက်များအား


(၁)ကိုယ်တိုင်ကျူးလွန်၊ဖေါက်ဖျက်ခြင်း။

(၂)နိုင်ငံသားတို့ ၏တာဝန်ကိုကျေပြွန်စွာထမ်းဆောင်လိုသူများအားခြိမ်းခြောက်ခြင်း။

ပြစ်မှုများကိုကျူးလွန်ကြောင်းတွေ့ ရှိရပါသဖြင့် စည်းကမ်းပြည့် ဝသောဒီမိုကရေစီစံနစ်သို့  ဦးတည်နေသော

နိုင်ငံတော်အစိုးရ ၏ဥပဒေများကိုချိုးဖေါက်သူ ဦးဇော်မင်းအား ဥပဒေအရ အရေးယူပေးနိုင်ပါရန် လေးစားစွာ တင်ပြတိုင်ကြားအပ်ပါသည်။

ဦးဝင်းချို နိုင်ငံသားမှတ်ပုံတင်အမှတ်၁၂/ရကန(နိုင်)၀၄၅၁၅၉

တိုက်(B)6 D ကံ့ ကော်အိမ်ယာ အမှတ်(၆၀)ဘိုရာညွန့် လမ်း။ယောမင်းကြီးရပ်ကွက်။ဒဂုံမြို့ နယ်။
ရန်ကုန်တိုင်းဒေသကြီး။
ဆက်သွယ်ရန်ဖုံး။၀၁-၃၉၃၁၅၅လိုင်းခွဲ၂၆၄။၀၉-၈၀၃၃၅၅၄

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ လျှပ်စစ်ဝန်ကြီး၏ ရှင်းလင်းချက်အပြည့်အစုံ


အခု တစ်လလောက်အတွင်းမှာဖြစ်နေတဲ့ ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများရဲ့ မေးခွန်းတွေနဲ့ ကာတွန်းတွေ၊ အခုဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆောင်ဖို့ ရှိပါသလား၊ ဘယ်အဆင့်ရောက်နေပြီလဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်ပါမယ်။ ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။ ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတော့ အခုချိန်မှာတော့ ကျွန်တော်တို့က အကြိုအင်ဂျင်နီယာ လုပ်ငန်းတွေဖြစ်တဲ့ စီမံကိန်းတည်ဆောက်မယ့် ဧရိယာကို ရှင်းလင်းခြင်းလုပ်ငန်းတွေ၊ စီမံကိန်းဧရိယာထဲမှာ ရှိတဲ့လူတွေကို ပြန်လည်နေရာချထားတဲ့ လုပ်ငန်းတွေ၊ နောက်တစ်ခါ လုပ်ဆောင်စရာရှိတဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ အင်ဂျင်နီယာလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။ မိုးတွင်းကာလဖြစ်တဲ့အတွက် အဲဒီနေရာကလည်း weather window အရ တစ်နှစ်မှာ ခြောက်လလောက်ပဲ လုပ်လို့ရတဲ့အတွက် မိုးတွင်းမှာတော့ လုပ်ငန်းရပ်နေတယ်။ နွေရာသီ open season စတာနဲ့ ဒီလုပ်ငန်းကို ဆက်လုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ကျွန်တော်တို့စလုပ်တဲ့ အချိန်ကစပြီးတော့ ရှစ်နှစ်အတွင်းမှာ အပြီးလုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ နောက်မဆုတ်ပါဘူး။ အဲဒီတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတစ်ခုမေးပါတယ်။ နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာဖြစ်ပါတယ်။ UN က ထပ်မံစစ်ဆေးဦးမှာလား၊ UN နဲ့ ဒီကိစ္စနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်တော်တို့နိုင်ငံနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်တို့သည် ကျွန်တော်တို့နိုင်ငံရဲ့ လျှပ်စစ်မီးရရှိရေးဟာ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ဖြစ်ပါတယ်။ ဒီအမျိုးသားအကျိုးစီးပွားကို ဆက်ပြီးအောင်မြင်အောင် လုပ်မှာဖြစ်ပါတယ်။ ကျန်တာ ကိစ္စတွေကတော့ နောက်မှရှင်းပြမယ်"

ဒီမှာ တက်ရောက်သောသူများ နည်းနည်းလေး ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး Knowledge လေးရအောင် ကျွန်တော် နည်းနည်းရှင်းပြပါမယ်။ ရေအားလျှပ်စစ်စီမံကိန်း တစ်ခုလုပ်ဖို့ဆိုသည်မှာ အနည်းဆုံးသုံးနှစ်လောက် လေ့လာရပါတယ်။ သုံးနှစ်လောက် လေ့လာတဲ့အတွင်းမှာ ဒီမြစ်ဝှမ်းကြီးတစ်ခုမှာ ဘယ်နေရာတွေမှာ စီမံကိန်းတွေ ဘယ်လိုလုပ်လို့ရတယ်ဆိုတာ သူရဲ့ Geology အနေအထား၊ သူရဲ့ရေစီးရေလာ Hydrology အနေအထား အကုန်လုံး သုံးနှစ်လောက် လေ့လာရပါတယ်။ သုံးနှစ်လောက် လေ့လာပြီးတဲ့အခါကျတော့မှ ဘယ်နေရာတွေမှာ လုပ်ရင်တော့ ဖြစ်နိုင်ပါတယ်ဆိုတာ proposal လေးတစ်ခုရလာတယ်။ အဲဒီလို proposal လေးရလို့ရှိရင် ဘယ်နေရာဟာ အကောင်းဆုံး ဖြစ်မလဲဆိုတာ ထပ်ပြီးတော့ လေ့လာရပါတယ်။ အကောင်းဆုံးဖြစ်မယ့် တစ်နေရာကို ရွေးပြီးတော့ အဲဒါကို ထပ်လေ့လာတာ၊ အသေးစိတ် ထပ်လေ့လာတာ တစ်နှစ်လောက်ကြာပါတယ်။ အဲဒါပြီးတော့မှ ဒီလုပ်မယ့်နေရာနဲ့ ပတ်သက်တဲ့ design အသေးစိတ်ဆွဲရပါတယ်။ ဒီဥစ္စာတွေအားလုံးဟာ အနည်းဆုံး သုံးနှစ်၊ လေးနှစ် မကြာဘဲနဲ့ စီမံကိန်းတစ်ခု မဖြစ်ပေါ်လာဘူး။ စီမံကိန်းသစ်ကို လုပ်ဆောင်တိုင်းမှာ Tactical အရ ဒါတွေလေ့လာရတဲ့အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အကျိုးသက်ရောက်မှု ဘာတွေရှိမလဲ ဒါကိုလည်း တစ်ချိန်တည်းမှာ လေ့လာရတယ်။ ဒီသက်ရောက်မှုတွေ အားလုံးဟာ ကျွန်တော်တို့ ၀န်ကြီးဌာနက မလေ့လာဘူး။ ကျွန်တော်တို့က ပိုက်ဆံပေးငှားပြီး လေ့လာပါတယ်။ ဥပမာ မြစ်ဆုံကို ပြောတာပေါ့။ မြစ်ဆုံကို လေ့လာတာ ဆိုရင် BANCA က လေ့လာတယ်။ BANCA ကို ကျွန်တော်တို့ ဘယ်လောက်ပေးရလဲဆိုရင် ၁ ဒသမ ၂၅ သန်း အမေရိကန်ဒေါ်လာ ပေးရတယ်။ ဒီဟာတွေဟာ ကျွန်တော်တို့ ၀န်ကြီးဌာနက လေ့လာတယ်ဆိုရင် ကိုယ့်ဖာသာကိုယ် လေ့လာပြီးတော့ ကိုယ့်ဖာသာကိုယ် လုပ်သလို ဖြစ်မှာစိုးတဲ့အတွက် Third Party ဖြစ်တဲ့ အဖွဲ့အစည်းကိုလေ့လာခိုင်းပါတယ်။ Tactically အရ နည်းပညာအရ လေ့လာမယ်ဆိုရင်လည်း ကမ္ဘာမှာရှိတဲ့ နိုင်ငံကျော်ဒီဇိုင်းနဲ့ Institute တွေကို ငှားပြီးတော့ လေ့လာရပါတယ်။ ဒါမှသာလျှင် တစ်နေရာ တစ်နေရာမှာ အင်မတန် သေချာတဲ့ စီမံကိန်းတစ်ခု ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ လေ့လာခဲ့တဲ့ စီမံကိန်းဟာ Environmental အရရော၊ Tactically အရရော သေချာလေ့လာပြီးသား လုပ်တဲ့စီမံကိန်းဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ဘူး ဆက်လုပ်မှာ ဖြစ်ပါတယ်။ ရောဂါဆန်းဖြစ်နေတဲ့ ဟာတွေကို ရှင်းသွားအောင်ပြောတာ၊ ဆက်လုပ်မယ်ဆိုတာကိုဒုတိယအချက်ကတော့ ကျွန်တော်တို့ ဘီလူးချောင်းရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ပြီး လျှပ်စစ်ထုတ်ပေးခဲ့အခါ ဒီနေ့အထိ going strong ဖြစ်ပါတယ်။ သူသည် ၅၂ နှစ် ရှိပါပြီ။ ဘီလူးချောင်းစီမံကိန်းကြောင့် ဘီလူးချောင်းကြီး ပျက်စီးသွားပြီလို့ ဒီလိုမျိုးတွေ ညီအစ်ကို မောင်နှမတွေ ကြားဖူးသလား။ မကြားဖူးပါဘူး။ ဒီတော့ ပေါင်းလောင်းစီမံကိန်း မဂ္ဂါဝပ် ၂၈၀ ရှိပါတယ်။ ပေါင်းလောင်းစီမံကိန်းကြီးကြောင့် ပေါင်းလောင်းချောင်းကြီး ပေါင်းလောင်းမြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ရဲရွာစီမံကိန်း မြန်မာနိုင်ငံမှာ လက်ရှိမှာ အကြီးဆုံးစီမံကန်း ရဲရွာစီမံကိန်းပါပဲ။ လျှပ်စစ်ဓာတ်အားလည်း ပေးနေပါတယ်။ ရဲရွာစီမံကိန်းကြောင့် ဒီနေ့ဒီအချိန်ခါမှာ ပြီးခဲ့တဲ့နှစ်ကာလများထက် လျှပ်စစ်သုံးဆလောက် ပေးနိုင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ပေးနေတဲ့ လျှပ်စစ်မဂ္ဂါဝပ် ၁၅၀၀ လောက် ပေးပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ လောက်က ၅၀၀၊ ၆၀၀ လောက်တောင် အနိုင်နိုင် ပေးနေရတာ ဖြစ်ပါတယ်။ ဒါဟာ အဲဒီရဲရွာစီမံကိန်းကြောင့် ဒုဋ္ဌ၀တီ မြစ်ကြီး၊ မြစ်ငယ်မြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ဒါဟာ အားလုံးအမြင်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဒီ environmental နဲ့ ပတ်သက်ပြီးတော့ ဒီအယူအဆနဲ့ ပြောနေဆိုနေကြတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ environmental အကျိုးသက်ရောက်မှု ရှိလား မရှိဘူးလား၊ ရှိပါတယ်။ ဒီ သဘာဝကို ဆန့်ကျင်ပြီးတော့ မြစ်ချောင်းတစ်ခု ပိတ်လိုက်ရင်၊ အဲဒီမြစ်ချောင်း မှာ Reservoir ဆိုတာ ဖြစ်သွားပါတယ်။ Reservoir ဖြစ်သွားလို့ရှိရင် Reservoir အနီးမှာ နေထိုင်တဲ့ သားရဲတိရစ္ဆာန်လေးတွေ ငှက်ကလေးတွေ နေရာမရှိဘူး၊ ဘာဘူး ညာဘူး။ သစ်ပင်ပန်းမန်တွေ ပျက်စီးတယ်စသည် ဖြင့်ပေါ့လေ။ လူတွေ စိုက်ဧက နည်းနည်းပါးပါးတွေ ပျက်စီးတယ်၊ လူတွေနေရာ ရွှေ့ပေးရတယ် စသည်ဖြင့် အချက် လေး၊ ငါး၊ ရှစ်ချက်လောက် ရှိပါတယ်။ environmental နဲ့ ပတ်သက်ရင်၊ environmental ပျက်စီးသွားတဲ့ဥစ္စာကြောင့် ခံစားရမယ့် အကျိုးသက်ရောက်မှုနဲ့ မိမိတို့နိုင်ငံကရရှိမယ့် အကျိုးအမြတ်ရရှိမှု ဘယ်ဟာက ပိုများသလဲ။ ပိုများတဲ့ အပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့က ရေအားလျှပ်စစ်လုပ်ငန်းကို လုပ်ပါတယ်။ အဲဒီတော့ ကျွန်တော်ခုနက ပြောခဲ့တဲ့ ရဲရွာစီမံကိန်းတစ်ခု လုပ်လိုက်တယ်။ မြစ်အထက်မှာရော၊ မြစ်အောက်မှာရော အခုချိန်မှာ ဘယ်လောက်များ ပျက်စီးသွားပြီးတော့ လူတွေက ဒုက္ခသုက္ခ ရောက်နေကြလို့လဲ။ ဒီဧရာဝတီမြစ်မှာလည်း ၎င်းအတိုင်းပါပဲ။ ပျက်စီးမှုနည်းနည်း ပါးပါးရှိပါတယ်။ ဒီဥစ္စာလူတွေက ထိန်းသိမ်းစောင့်ရှောက်ပေးလို့ ကျွန်တော်တို့က ၀ိုင်းဝန်းကူညီပေးလို့ ဒါတွေနဲ့ ဒီအကျိုးသက်ရောက်မှုဟာ နှေးနှေးသွားပြီးရင် မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ သန်း ၅၀၊ သန်း ၆၀ရဲ့ အကျိုးကျေးဇူးအများကြီးပြန်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ မြစ်ဆုံစီမံကိန်းကို လူတွေကဘာတွေ ပြောလဲဆိုတော့ မြစ်ကြီးပိတ်လိုက်ရင် မြစ်ကြီးကခြောက်သွားပြီ၊ ဧရာဝတီမြစ်ကြီးက သေသွားပြီ၊ ကျွန်တော်တို့က မြစ်ကြီးကို ချစ်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီမြစ်ကြီး အသေမခံနိုင်ပါဘူးဆိုတဲ့သူတွေပေါ့။ ဧရာဝတီမြစ်မှာ စီးဆင်းတဲ့ရေရဲ့ ၇% ကျွန်တော်တို့ ဖမ်းပါတယ်။ နှစ်တိုင်း နှစ်တိုင်း မဖမ်းခင်တုန်းက ဧရာဝတီ မြစ်ရဲ့ရေက ဘယ်သွားလဲ။ ပင်လယ်ထဲကိုသွားတယ်။ ကျွန်တော်တို့က ဧရာဝတီမြစ်ရဲ့ ရေကို ၇% ဖမ်းတယ်။ ၉၃% ဆက်လက်စီးဆင်းနေတဲ့အတွက် မြစ်ရဲ့ရေစီးကြောင်းက ဘာမှပြောင်းလဲစရာမရှိဘူး။ ၇% ဖမ်းထားတဲ့ရေကို စက်မောင်းပေးတယ်။ ကျွန်တော်တို့ရဲ့ ရေအားလျှပ်စစ်ဆိုတာက ဂက်စ်တာဘိုင်လို ဂက်စ်ထည့်ရတာ၊ ဒီဇယ်တာဘိုင်လို ဒီဇယ်ထည့်ရတာ မဟုတ်ဘူး။ ရေထည့်မောင်းရတာ။ အဲဒီရေနဲ့ မောင်းလိုက်ရင် အဲဒီရေက မြစ်ထဲပြန်စီးသွားမယ်။ အဲဒီတော့ဘာတစ်ခုမှ ရေစီးရေလာ ပြောင်းသွားစရာမရှိပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားရေး၊ National Interest နဲ့ ပတ်သက်ရင် ဘယ်ဟာက အကျိုးရှိသလဲ။ ဘယ်ဟာက အကျိုးယုတ်သလဲ အဲဒီပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ အကျိုးအမြတ်များရင် ကျွန်တော်တို့ ဆက်လုပ်မှာ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ကြီးပျက်စီးရင် ကျွန်တော်ခုနက ဖတ်တဲ့ကာတွန်းလို၊ ဒီမှာအများစု ပညာရှင်တွေပါတယ်။ မဟာဗန္ဓုလ အရိုးအိုးစေတီ ဘယ်နားမှာ ရှိသလဲ သိကြသလား။ မသိနိုင်ဘူး။ မဟာဗန္ဓုလ အရိုးအိုးစေတီအစစ်က မင်းလှမှာ၊ မလွန်မင်းလှမှာ ရှိတယ်။ ခွေးသာချောင်းဆိုတဲ့ ခွေးသာချောင်းနဲ့ ဧရာဝတီမြစ်ဆုံတဲ့ နေရာမှာ ရှိပါတယ်။ အဲဒီအရိုးအိုးစေတီကို ကျွန်တော် တိုင်းဥက္ကဋ္ဌဘ၀က ရွှေ့ပေးခဲ့ရတယ်။ လွန်ခဲ့တဲ့ ၉ နှစ်၊ ၁၀ နှစ်လောက်က၊ ကမ်းပါးပြိုမှာစိုးလို့ ရွှေ့ပေးလိုက်ရတယ်။ မြစ်က နှစ်ပေါင်း ၁၀၀၊ ၂၀၀ ဘယ်သူမှမထိန်းသိမ်းလို့ ပျက်စီးတာ။



မြစ်ကြီးကို ဘယ်သူမှ မထိန်းသိမ်းခဲ့လို့ မြစ်ကြီးက ပျက်စီးတာ ရေကစီးချင်တဲ့နေရာ လျှောက်စီးနေတာ။ ဒီမြစ်ကို ထိန်းသိမ်းရေးလုပ်မယ့်လူ ဘယ်သူမှ မရှိခဲ့ဘူး။ ရေက စီးချင်တဲ့နေရာ လျှောက်စီးနေတာ။ ဆိုပါတော့ ဧရာဝတီမြစ်က အရင်က ကိုက် ၁၀၀ ကျယ်တယ်ဆိုပါတော့၊ အခု ကိုက် ၅၀၀ ကျယ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေက စီးချင်တဲ့ နေရာ လျှောက်စီးနေလို့။ ဒါကို နိုင်ငံမှာ ဓနအင်အားကြောင့်ရော၊ စိတ်ဝင်စားမှုကြောင့်ရော ဘယ်သူမှ မထိန်းသိမ်းခဲ့ဘူး။ မထိန်းသိမ်းခဲ့တဲ့အတွက် ကိုက် ၁၀၀ စီးရမယ့် ရေက ကိုက် ၅၀၀ စီးနေတဲ့အခါ ရေအနက် ပေ ၁၀၀ ရှိရမယ့်နေရာမှာ ပေ ၅၀ ပဲ ရှိမှာပေါ့။ ရေအနက် ငါးပေ ရှိရမယ့်နေရာမှာ ရေကတစ်ပေပဲရှိမှာပေါ့။ ဒါဟာ ဒီမြစ်ကြီးတစ်လျှောက်လုံး ဘယ်သူမှမထိန်းသိမ်းခဲ့လို့ ဖြစ်ပါတယ်။ သွားရမယ့် issue က ဘယ်ကို သွားရမယ့် issue လဲဆိုတော့ ဒီမြစ်ကြီး သေသွားမယ်မဟုတ်ဘူး။ ဒီမြစ်ကြီးကို ဘယ်လို ၀ိုင်းဝန်းထိန်းသိမ်းမလဲဆိုတဲ့ issue ကို သွားရမှာ။ အဲဒီတော့ ဟိုမှာ ဒီတစ်ခါ ကျွန်တော်တို့ သတင်းစာထဲမှာ ဘာတွေပြောလဲဆိုတော့ တရုတ်ကအကျိုးရှိတဲ့ စီမံကိန်းလို့ပြောတယ်။ တရုတ်အကျိုးရှိတယ်။ မြန်မာပြည် အကျိုးမရှိဘူးလို့ပြောတယ်။ ဒီစီမံကိန်းတွေ လုပ်တိုင်းလုပ်တိုင်းမှာ ကျွန်တော်တို့ နိုင်ငံမှာ ပိုက်ဆံမရှိလို့ လုပ်တာ။ ပိုက်ဆံရှိရင် ကိုယ့်ဟာ ကိုယ်လုပ်မှာပေါ့။ ဒါ နံပါတ်တစ်။ ပိုက်ဆံရှိလို့ ကိုယ့်ဟာကိုယ် လုပ်ပြီးရင် ဒီလျှပ်စစ်ကို ဘယ်သူကသုံးမှာလဲ။ ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။ လုပ်မယ့်လူလာရင် ၀ယ်သုံးရမှာ။ ဒါ market ရဲ့ သဘောပဲ။ ကျွန်တော်တို့ဟာ ကိုယ်တိုင် မလုပ်နိုင်တဲ့အခါ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုကို ခေါ်ပြီးတော့ JVDI နဲ့လုပ်ကြတယ်။ ကျွန်တော်တို့က free power ၁၀% အလကားရတယ်။ ဒီကောင်က ၁၈၀၀၀ ထွက်ရင် ကျွန်တော်တို့က ၁၈၀၀ အလကားရမယ်။ free ရတယ်။ နောက်တစ်ခါ သူ့ဆီက သူက လာရောက်ရင်းနှီး မြှုပ်နှံတယ်။ ကျွန်တော်တို့ရဲ့ resource ကိုသုံးတာ ဖြစ်တဲ့အတွက် ၁၅% အရင်းထည့်ပေးရတယ်။ ကျွန်တော်တို့အရင်း၊ ကျွန်တော်တို့ free share ၁၅% ရတယ်။ ဒီလျှပ်စစ်က Both Country သုံးခွင့်ရှိတဲ့အတွက် နှစ်နိုင်ငံလုံး သုံးခွင့်ရှိတဲ့အတွက် ကျန်တဲ့ဟာကို ကျွန်တော်တို့ ကြိုက်သလောက် ၀ယ်သုံးလို့ရတယ်။ နောက်တစ်ခုက ရောင်းတိုင်း ရောင်းတိုင်းမှာ ၈% Commercial Tax ရတယ်။ နောက်တစ်ခါ မြတ်တဲ့ဟာရဲ့ ၃၀%။ ကျွန်တော် အမြတ်ဝေစုအဖြစ် ခွဲဝေရရှိတယ်။ တစ်ခါ အခြား မြတ်တဲ့အမြတ်ရဲ့ ၃၀% ခွဲဝေ ရရှိတယ်။ withholding tax ရတယ်။ သူ့ကို perception period တစ်ခုပေးလိုက် ပြီးတဲ့အချိန်မှာ ပြီးပါပြီ၊ ကုန်ပြီ၊ မင်းပြန်တော့ ဒါကြီးထားခဲ့တော့။ ကိုယ့် နိုင်ငံအပိုင်ဖြစ်တယ်။ ဒီထက် အကျိုးရှိတဲ့ဟာ ဘာရှိမလဲ။ လျှပ်စစ်ဆိုတာ ကွန်တိန်နာနဲ့တင်ရောင်းလို့ မရဘူး။ ကြိုးနဲ့ သွယ်ရောင်းလို့ရတယ်။ ဒီ neighboring country မှတစ်ပါး လျှပ်စစ်ရောင်းလို့မရဘူး။ တရုတ်ကိုရောင်းလို့ရမယ်၊ ထိုင်းကို ရောင်းလို့ရမယ်။ အိန္ဒိယကို ရောင်းလို့ရတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောင်းလို့ရမယ်။ လျှပ်စစ်က ကွန်တိန်နာနဲ့မှ ပို့လို့မရဘဲကိုး



လျှပ်စစ်က ထုတ်ထားပြီးရင်လည်း သိမ်းထားလို့မရဘူး။ ထုတ်ထားပြီးရင်သုံးမှ မသုံးနိုင်ရင် ရောင်းမှ။ ဒီ Idea တွေ ဒီဟာတွေက ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံ စက်မှုနိုင်ငံ ဖြစ်ထွန်းဖို့ကိစ္စမှာ လျှပ်စစ် အလွန်အရေးကြီးတယ်။ လျှပ်စစ်ရဖို့ က နည်းမျိုးပေါင်းစုံနဲ့ ကြိုးစားနေတဲ့ အချိန်မှာ ခုနတုန်းကပြောတဲ့ မလိုလားအပ်တဲ့ တခြားတစ်မျိုးတစ်မည် ကြံစည်မှုတွေ၊ ဒီစီမံကိန်းတွေ ပျက်ပြားအောင်ဆိုပြီးတော့ environmental အကြောင်းပြပြီး လျှောက်ပြောနေခြင်းသည် ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားအပေါ် ထိခိုက်စရာကလွဲလို့ ဘာမှမရှိပါဘူး။ ဒါက ရှင်းရှင်းလေးပါပဲ။ အဲဒီတော့ လူတစ်စုတစ်ဖွဲ့ရဲ့ အကျိုးစီးပွားရေးကိုပဲ ကျွန်တော်တို့က နားယောင်ပြီး လုပ်လိုက်ကြမလား။ ကျွန်တော်တို့ နိုင်ငံရဲ့ လူဦးရေ သန်း ၅၀၊ ၆၀ ရဲ့ အကျိုးကို ကြည့်ပြီးတော့ ဆောင်ရွက်မလား။ ဒါလေး ၀ိုင်းစဉ်းစားဖို့ပါပဲ။ ကျွန်တော်တို့ကတော့ ခုနကပြောတဲ့အတိုင်းပဲ ဒီစီမံကိန်းကို ဆက်လုပ်မှာ ဖြစ်ပါတယ်။ ဒီ BANCA နဲ့ တရုတ်ပညာရှင်တွေ၊ ဒီတရုတ်ပညာရှင်တွေ ဘာလုပ်ရသလဲဆိုတော့ ဒီစီမံကိန်း ကြီး တကယ်ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတဲ့ Tactically Investigation တွေ အများကြီး လုပ်ရတယ်။ သုံးနှစ်၊ လေးနှစ် လုပ်ရပါတယ်။ BANCA သည် ရှစ်လ၊ တစ်နှစ်လောက် ကောင်းကောင်း environmental နဲ့ ပတ်သက်ပြီးတော့ လေ့လာပြီးတော့ ကျွန်တော်တို့ကို သူက ဘာလုပ်ရလဲဆိုရင် ဘာတွေတွေ့ရှိပါတယ်။ ဘာတွေ အကျိုးသက်ရောက်မှုရှိတယ်။ ဘာတွေ ဖြစ်ပျက်နိုင်တယ် ဒီ့အတွက် ခင်ဗျားတို့ ဘာတွေလုပ်ပါ။ ဘာတွေ လုပ်သင့်ပါတယ်ဆိုတာ BANCA က recommendation ပေးရတယ်။ သူ့ recommendation ကျွန်တော်တို့ လိုက်လုပ်ရတယ်။ ဒီဟာ International Practice ပဲ။ ဒီအတိုင်းပဲ ကျွန်တော်တို့ လုပ်ပါတယ်။ BANCA နဲ့ပတ်သက်ရင်လည်း BANCA ကို ကျွန်တော်တို့က တစ်သန်းခွဲနီးပါးလောက် လုပ်ခပေးပြီး ငှားထားတာဆိုတော့ ကိုးရိုးကားယား မလုပ်ရဲဘူး။ နောက် ဒုတိယအချက် ခင်ဗျားတို့ မီဒီယာတွေက ပြောနေကြတဲ့ အချက်ပေါ့။ အင်တာနက်မှာ တင်ထားတဲ့ report က စာမျက်နှာ ၅၀၀ လောက်ရှိတယ်။ အဲဒီထဲမှာ ရေးထားတာ မြန်မာအစိုးရက မလိုက်နာဘူးလို့ ပြောကြတယ်။ BANCA က ဒီ report ကို တင်လို့ မရဘူး။ BANCA ကို ကျွန်တော်တို့က စာချုပ်နဲ့ ငှားထားတာ၊ မင်းတို့ ဒါလုပ်၊ ပြီးရင် အဲဒီ report ငါ့ပေး။ ဒါက Trade Secret ဖြစ်တယ် ပြောလို့မရဘူး။ ဒါခုနက စီးပွားရေးအကြောင်း နည်းနည်းပါးပါး ပြောပြလိုက်တယ်။ ဒါက trade secret ဖြစ်တယ် ပြောလို့မရဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတော့လည်း ပါးစပ်ပိတ်ပြီး မနေနိုင်ဘူး ပြောတာပေါ့လေ။ ဒါ Trade Secret ဖြစ်တယ်။ ပြောလို့ မရဘူး။ ကျွန်တော်တို့က လျှို့ဝှက်ထားတာ။



လာမယ့်အပတ် စနေနေ့မှာ ဧရာဝတီမြစ်ဝှမ်းစီမံကိန်းများကြောင့် ဧရာဝတီမြစ်ပေါ်မှာ အကျိုးသက်ရောက်မှု ဘယ်လိုရှိသလဲဆိုတဲ့ ဒါတော့ Technical Workshop ပါပဲ။ ဒါတော့ စီမံကိန်းတိုင်း စီမံကိန်းတိုင်း မှာတော့ဒီ workshop လုပ်ပါတယ်။ သို့သော်လည်း ဒီ workshop မှာတော့ မီဒီယာကလည်း စိတ်ဝင်စားတယ်။ ပညာရှင်တွေလည်း စိတ်ဝင်စားတယ်။ ဒီ workshop မှာတော့ မီဒီယာတွေရော၊ ပညာရှင်တွေရော ဖိတ်ထားတယ်။ လာနားထောင်ကြည့်လိုက်။ လာနားထောင်ကြည့်ရင် ဘာလဲဆိုတာ သိသွားလိမ့်မယ်။ နို့မို့ဆိုရင် သေချာမသိဘဲနဲ့ ဟိုပြောဒီပြောဆိုရင်တော့ မကောင်းဘူးပေါ့လေ။ ကျွန်တော်တို့ ဒါလေးကို သိအောင်ဆိုပြီးတော့ ပြီးခဲ့တဲ့လ ၉ ရက်နေ့က ဆောင်းပါးလေးတစ်ပုဒ် ရေးပြီးတော့ သတင်းစာမှာ ထည့်ခိုင်းလိုက်တယ်။ ဒီဆောင်းပါးကို ကျွန်တော်ပဲ တည်းဖြတ်ပြီး ကျွန်တော်ပဲရေးပြီး ကျွန်တော်ပဲ ထည့်ခိုင်းလိုက်တာ။ ဒါပေမယ့် ဆောင်းပါးပြီးတဲ့နောက် သိပ်ရက်မကြာဘူး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမလုပ်ခင်မှာ ဂျာနယ်တစ်စောင်က ဘာရေးလဲဆိုတော့ ဒီဆောင်းပါးရေးတဲ့ကောင် ဘယ်လောက်တတ်လို့လဲ၊ ဒီကောင်က ဘာအဆင့်ရှိလဲဆိုတော့၊ ကျွန်တော် မပြောတော့ဘူး။ ညွှန်ချုပ် မင်းရေးတယ်ပြောလိုက်၊ ငါရေးတယ်မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူ မရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲရေးတယ်ပြောလိုက်၊ ငါရေးတယ်ဆိုလို့ရှိရင် မကောင်းဘူးဖြစ်သွားမယ်။ အမှန်ကတော့ ကျွန်တော်ပဲ ရေးလိုက်တာ။ ဆိုတော့ ခင်ဗျားတို့မေးတဲ့မေးခွန်းတွေ၊ ကျွန်တော် အသာလေးဖြေနိုင်ပါတယ်။ ဒီဥစ္စာ နိုင်ငံအကျိုးရှိမယ့်ကိစ္စ၊ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား National Interest ကိစ္စ၊ ဒီဥစ္စာကို ၀ိုင်းဝန်းကာကွယ်ရမှာ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ခင်ဗျားတို့မှာ တာဝန်ရှိတယ်။


"ဦးအိမ်ခင်"

Posted: 13 Sep 2011 08:25 AM PDT

ပြိုးပြိုးပြက်ပြက် ၀ိုးဝိုးဝင်းဝင်းရှိလှတဲ့ ပြည်သူ့လွှတ်တော် အဆောက်အအုံကြီးဟာဖြင့် ရုပ်မြင်သံကြားထဲမှာတောင် ရှုမငြီး ကြည့်မ၀အောင် ကျက်သရေရှိလှပါပေတယ်။ အဟုတ်ပြောတာပါ။ အခုရက်ပိုင်းအတွင်းမှာဆို ပိုလို့တောင် ကြည့်မ၀ဖြစ်ရတာပေါ့။ ကြည့်လို့မှ မ၀သေးခင် မီးကပြတ်ပြတ်သွားလို့ ဆက်ကြည့်ချင်တာတောင် မကြည့်နိုင်တော့ဘူး။ နဂိုကမှ တနေ့လုံးမှာ မီးက ညဘက်သုံးနာရီသာ လာတာမဟုတ်လား။ ဆီချွေတာလိုက်လို့ ဟိုဘက်ဒီဘက် ၁၅မိနစ်စီလောက် အခိုးခံရလည်း ၂ နာရီခွဲဆို ရုပ်ရှင်တစ်ကားစာလောက်တော့ ကြည့်လို့ရသလေ။ ဘာအလုပ်မှမလုပ်ပဲ မီးလာချိန်ကို ရည်းစားနဲ့ ချိန်းတွေ့သလို အပြည့်ချန်ထားရတာပေါ့။ အခုတော့ တစ်ညကို နှစ်နာရီသာ ပေးပါတော့မယ်တဲ့။ ယနေ့မှစ နှစ်တစ်ရာတိုင်သည် ဖြစ်သွားရင်တော့ ဒုက္ခပါပဲ။ သတင်းစာရှင်းလင်းပွဲလို သတင်းအရှည်ကြီးတွေ လာတဲ့နေ့ဆို ဇာတ်သိမ်းခန်းလေးတောင် မီလိုက်မှာ မဟုတ်ဘူးဆိုပြီး စိတ်မကောင်းဖြစ်ရတယ်။ တကယ်။ တကယ်။ လွှတ်တော်ထဲမှာ ခင်းပြတဲ့ ဆဒ္ဒါန်ဆင်မင်းဇာတ်တော်ကြီးဆိုလည်း သောနုတ္ထိုရ်ငိုချင်းနဲ့တင် `ကန့်လန့်ကာကြီးရယ် နေပါဦး ကလို့ကောင်းနေတုန်း´ လုပ်ရတော့မယ်။ တို့ရွာသားတွေ အားလုံးသုံးတဲ့ ဓူဝံအင်ဗာတာကြီးတောင် ဖျော့တော့လှုပ်ခတ်တဲ့ ဓါတ်အားလေး မစို့မပို့နဲ့ အားသွင်းရတော့ နွားပိန်ကို အစာဝအောင်မကျွေးပဲ လှည်းကြမ်းဆွဲခိုင်းသလိုဖြစ်ပြီး တာ့တာပြသွားရှာပေါ့။ လူတွေကိုက ခက်ပါတယ်လေ။ ရေရှည်ကို မကြည့်တတ်ကြဘူး။ ကိုယ်လည်းပါတယ်။ အခုနေ ခနတဖြုတ် မီးပျက်တာကလေးပဲ ရိုးမယ်ဖွဲ့နေကြတယ်။

နောင်ကျရင် ဓါတ်အားတွေ လျှံကျလာတာကို ကြိုတွေးပြီး မုဒိတာပွားထားနှင့်ပါလား။ အခုဆို အမ်းချောင်းရေအားလျှပ်စစ်စီမံကိန်းကြီးကို နိုင်ငံတော်က တည်ဆောက်နေတာ နှစ်တောင် အတော်ကြာပေါ့။ ပြီးသွားရင် မီးလာမယ်။ အခုတော့ သည်းညည်းခံထားဦး။ အားလုံးကောင်းဖို့ လုပ်နေတာပါ။ ဟုတ်တယ်မလား။ မီးလာတဲ့အချိန်တွေ နည်းသွားရင် မီတာခတွေ သက်သာသွားမယ်လေ။ ဒါဆို အဲဒီငွေတွေကို စုမိဆောင်းမိအောင်ကြိုးစား၊ ဆင်း ရဲနွမ်းပါးမှုတွေ လျော့ကျသွားမှာပေါ့။ ခွိ ခွိ။ ပြောရင်းနဲ့တောင် ရယ်ချင်လာပြီ။ မီးသာမလာတာ မီတာခက မသက်သာတာ အံသြကုန်နိုင်ဖွယ်ဗျ။ အမ်းမှာ မီးသီးမီးချောင်းထွန်းရုံ တစ်ည သုံးနာရီရတဲ့မီတာခဟာ လောက်ကိုင်မှာ ၂၄ နာရီ ထမင်းဟင်းချက်၊ ရေတင်၊ အဲယားကွန်းဖွင့်၊ မီးပူတိုက် သုံးချင်တိုင်းသုံး မီတာခနဲ့ အတူတူပဲဗျာ။ မယုံမရှိကြနဲ့။ အပိုမပြောပါဘူး။ ဒီ့ထက်ပိုပြီး ရယ်စရာကောင်းတာ ပြောပြရဦးမယ်။ နဂိုက တစ်ညသုံးနာရီရနေတဲ့ လျှပ်စစ်မီးဟာ အခု တစ်ညနှစ်နာရီ ဖြစ်သွားရတဲ့အကြောင်းကတော့ ´၂၄ နာရီ မီးအလင်း၊ ကြိုက်သလောက်သုံး၊ ကျသလောက်ရှင်း´ဆိုတဲ့ စံနစ်ကို ကူးပြောင်းရင်း ဖြစ်သွားတာပါတဲ့။ နိုင်ငံတော်က အစိုးရနှုန်းထားနဲ့ နှစ်နာရီပေးမယ်။ ကျန်တာ ကိုယ့်ဘာသာ အပြင်နှုန်းထားနဲ့ရှင်း ဆိုတဲ့စံနစ်ကြီးကြောင့် အစိုးရဆေးရုံကြီးတွေကပေးဆောင်ရတဲ့မီတာခတွေဟာ ကြောက်ခမန်းလိလိတက်သွားပါတယ်။ (ဒါတောင် တစ်နာရီပဲ ပိုသုံးသေးတာ) လူနာတွေမှ ဆင်းရဲတာမဟုတ်ဘူးလေ။ ဆရာဝန်တွေလည်း ဆင်းရဲတာပဲ။ ဆေးရုံကြီးလည်း ဆင်းရဲတာပဲ။ မီးလာရုံနဲ့ ပလပ်ပေါက်ထဲ လက်ထိုးပြီး ကိုယ့်ဗိုက်ထဲ အားဖြည့်လို့ ရတာလည်းမဟုတ်။ နောက်ဆုံးတော့ ဆီမီးတစ်ထောင် လှူမယ့်ကတိတွေပေးပေးပြီး ခနခနလိုချင်တာတွေ လာလာဆုတောင်းတဲ့အမျိုးသမီးကြီးကို လူရွှတ်တစ်ကောင် သောလွှတ်လိုက်သလို `မှောင်မှောင်ပဲ နေပါရစေတော့ တကာမကြီးရယ်´ လို့ ပြောချင်လာတယ်။ လောကသဘာဝ အလင်းရှိရင် အမှောင်လည်း ရှိရတာပဆိုပြီး သဘာဝရဲ့ ရင်သွေးငယ်လုပ်နေတယ်လေ။ လမင်းကြီးထိန်ထိန်သာနေရင်တောင် ဆရာငြိမ်းသီချင်းထဲကအတိုင်း `မှောင်မိုက်မိုက် ချောင်ကြိုက်လှတဲ့အခါဝယ် လောကွတ် ချော်တော်မူအားတယ်´ လို့ မာမာအေးအလွမ်းပြေ ဟစ်လို့လည်း ကောင်းတာပဲ။

ဒီစာကိုဖတ်နေတဲ့အချိန်မှာ အမေကြီးကား၊ စင်္ကာပူ၊ သြစတြေးလျား က သူငယ်ချင်းတွေကတော့ `ကောင်းတယ်။ နည်းတောင် နည်းသေး။ တို့လိုမှ စွန့်စွန့်စားစား အပြင်ထွက်ကြိုးစားချင်စိတ်မှ မရှိတာ´ လို့ ပြုံးစိစိဖြစ်ကုန်ကြရော့မယ်နော်။ ဟုတ်တော့ ဟုတ်ပါရဲ့လေ။ ဘူတန်လို နိုင်ငံသေးသေးလေးသွားတုန်းကတောင် အပြတ်အတောက်မရှိတဲ့ မီးကို မီတာခမပေးရပဲ (ကျွန်တော့်အိမ်ကို မီတာဘီလ် လုံးဝမလာပါ) ကမုတ်ပေါ်ထိုင်ချတ်တင်လုပ်ခဲ့တာဆိုတော့ အဲဒီအရသာတွေ တသသနဲ့ ဘယ်မေ့ပါ့မလဲ။ `သူတို့ဆီနဲ့ ကိုယ့်ဆီ လူဖြစ်ကျိုးနပ်ပုံချင်း တယ်ကွာလှသကိုး´ လို့လည်း အံ့ချီးမကုန် ရှိခဲ့ပါရဲ့။ လူမွှေးလူတောင်ဆိုတဲ့ အဆောင်အယောင် အခွင့်အရေးတွေကိုလည်း ခုံမင်အားကျ ဖြစ်ခဲ့ပါရဲ့လေ။

သို့သော်ငြားလည်း ကိုယ်မတတ်နိုင်တဲ့ ကိစ္စတွေမှာ `တရားနဲ့ဖြေ။ တရားနဲ့ဖြေ´ လို့ သူများတွေကို ဖျောင်းဖျခဲ့သလို ကိုယ့်ဘာသာလည်း တရားလေးနဲ့ ဖြေနိုင်အောင် ကြိုးစားရပါတယ်။ အံ့သြစရာကြီးဗျာ။ တကယ်ပြေတယ်ဗျို့။ ဒါကြောင့်မို့လို့ ကိုယ့်လိုပဲ အမှောင်ထဲမှာ ချွတ်ခြုံကျနေတဲ့သူတွေကိုပါ တရားနဲ့ ဖြေနိုင်အောင် ဓမ္မလက်ဆောင်ပေးလိုက်ရပါတယ်။ ဒီတခါဟောမယ့် ဇာတ်တော်ကတော့ နိဂမ၀ါသီတိဿ မထေရ်ကြီးရဲ့ ဇာတ်ကြောင်းပါပဲ။ ကဲ .. တရားနာပရိသတ်ကြီးရေ။ အနန္တငါးပါး အရင် ကန်တော့လိုက်ကြပါဦး။

အဲဒီမထေရ်ကြီးရဲ့ ဘွဲ့မည်ဟာ `ကျေးရွာနိဂုံး၌သာ နေထိုင်သူ´ လို့ အဓိပ္ပါယ်ရပါသတဲ့။ မြတ်စွာဘုရားရှင် လက်ထက်တော်က တောကျောင်းမှာ သီတင်းသုံးနေတဲ့ တိဿမထေရ်ကြီးဟာ ရဟန်းဝါ ငါးဝါရကတည်းက ဘုရားရှင်ထံ ကမ္မဋ္ဌာန်းတရားများ တောင်းယူပြီးတော့ မိမိမွေးဖွားကြီးပြင်းရာ တောရွာကလေးကိုပြန်လို့ တရားအားထုတ်တော်မူသတဲ့။ သာဝတ္ထိပြည်မှာ အနာတပိဏ်သူဋ္ဌေးကြီး အလှူကြီးပေးတုန်းကလည်း မလာဘူး။ ၀ိသာခါကျောင်းအမကြီး အလှူကြီးပေးလည်း မကြွဘူး။ ကောသလမင်းကြီးကိုယ်တိုင် အလှူကြီးတွေ ပေးတာတောင် တစ်ခါမှ ကြွမလာပါဘူးတဲ့။ ဒါကြောင့်မို့လို့ သူ့ကို တောမှာပဲ နေတဲ့ဘုန်းကြီး `ဦးအိမ်ခင်´ ရယ်လို့ ငေါ့တော့တော့ နံမည်ပေးထားကြပါသတဲ့။

တကယ်တော့ မထေရ်ကြီးဟာ ရပ်ရွာသံယောဇဉ်ကြီးလွန်းလို့၊ မွေးရပ်ကမခွာနိုင်လို့ အိမ်သတိရပစ္စယော လုပ်ပြီး တောကမခွာ နေတာ မဟုတ်ပါဘူးတဲ့။ ရဟန္တာအလောင်းအလျာမို့ တွယ်တာမှုသံယောဇာဉ်ဆိုတာလည်း သူ့မှာ မရှိသလောက်ပါပဲတဲ့။ သူ့စိတ်ထဲမှာ စွဲမြဲခံယူနေတာ တစ်ခုတော့ ရှိပါသတဲ့။

`သဓမ္မော မိမိ၏မျိုးနွယ်၊ ရပ်ရွာ၊ ရိုးရာ၊ ယဉ်ကျေးမှုတို့သည၊် ပိဂုဏော ဂုဏ်မဲ့သည်ဟု ထင်ရစေကာမူ၊ သုနိဋ္ဌိတာ အဆများစွာ ပို၍တိုးတက်သည်ဟု ထင်ရသော၊ ပရဓမ္မာ သူတပါးတို့၏ မျိုးနွယ်၊ ရပ်ရွာ၊ ရိုးရာ ယဉ်ကျေးမှုတို့ထက်၊ သေယျော မြတ်၏´ လို့ ဆိုပါသတဲ့။ `သေရောဟယ် သေရော သေရော´ လို့ပြောရင် `မြတ်လေစွ မြတ်လေစွ မြတ်လေစွ´ လို့ အနက်ပြန်ရမယ်နော်။ စောစောက စကားကိုတော့ မန္တလေးသားတွေက ၀မ်းသာအယ်လဲ ထောက်ခံကြပါလိမ့်မယ်။ ရဟန္တာဖြစ်ခါနီးတာတောင် ဒေသစွဲက မကင်းသေးပဲကိုးလို့ အထင်လွဲကုန်ရင် ငရဲကြီးကုန်မှာစိုးလို့ ဆက်ရှင်းပြပါရစေဦး။

မထေရ်ကြီးရဲ့သဘောထားက သည်လိုပါတဲ့။ သူဟာ ဤဒေသ ဤနိဂုံး ဤမိဘမျိုးနွယ်၌ လူဖြစ်လာရခြင်းမို့ အဲဒီဒေသ အဲဒီနိဂုံးက မိဘဆွေမျိုးတွေကို ကျေးဇူးတုန့်ပြန်ရပါမယ် တဲ့။ မိမိအကျိုးစီးပွားအတွက် အဲဒါတွေကို ပစ်ပယ်ပြီး သာသည့်မြေသို့ ကြွသွားခဲ့ရင် ကျေးဇူးကန်းရာရောက်တယ် လို့ မြင်ပါသတဲ့။ ဘယ်လိုကျေးဇူးဆပ်သလဲဆိုတော့ အရပ်တပါးမသွားပဲ အဲဒီရပ်ရွာမှာတင် ရဟန်းကိစ္စပြီးမြောက်အောင် တရားအားထုတ်လို့ နေပါသတဲ့။ ဒီမှာလည်း ရပ်ရွာကျေးဗူးဆပ်ပေးဖို့ဆိုပြီး `ဆေးရုံဆောက်ပေးပါ။ လမ်းခင်းပေးပါ။ ကျောင်းဆောက်ပေးပါ။´ လို့ ဟိုလူ့ပူဆာ ဒီလူ့ပူဆာ မလုပ်ဘူးနော်။ ဘုန်းကြီးပီပီ ဘုန်းကြီးကိစ္စကိုသာ လုပ်ပြီး ကျေးဇူးဆပ်တာ အင်မတန် အတုယူစရာကောင်းပါတယ်။ (ဘုန်းကြီးစာချတယ်လို့ ကလော်တုပ်ခံရတော့မှာပဲ)

ဒီနေရာမှာ နည်းနည်းလောက်တော့ နားထောင်ကြည့်ပါ ဟစ်ဟော့ပ်သီချင်းလို့ အလေးအနက်ထားပြောချင်တာကတော့ အရင်တခေါက်ကပြောခဲ့သလို မထေရ်ကြီးရဲ့ ရဟန်းအလုပ်၊ အသက်မွေးမှု၊ ၀မ်းရေးနဲ့ ပတ်သက်တဲ့ ခံယူချက်သဘောထားပဲ ဖြစ်ပါတယ်။ အောင်မယ်လေး။ လိုရင်းရောက်အောင် မနည်းရုန်းယူရတယ်။ နို့မို့ ဗုဒ္ဓစာပန်းချီတွေ ရေးမလို့လားလို့ အငေါ့ခံရဦးမယ်။ လူတွေဟာ အလုပ်လုပ်ကြတဲ့အခါ၊ အသက်မွေးမှုပြုတဲ့အခါ၊ ၀မ်းစာရှာတဲ့အခါ ဆက်စပ်လာတဲ့ အကျိုးတရားသုံးပါးရှိပါတယ်တဲ့။ လာဘလို့ခေါ်တဲ့ ငွေကြေးဥစ္စာရယ်၊ သက္ကာရလို့ခေါ်တဲ့ အများကအသိအမှတ်ပြုရိုသေလေးစားမှုရယ်၊ သိလောကလို့ခေါ်တဲ့ ထင်ရှားကျော်ဇောမှုရယ်ပါတဲ့။

လောကမှာ လူရယ်လို့ဖြစ်လာရင် သူသူကိုယ်ကိုယ် ပစ္စည်းဥစ္စာနဲ့ ပြည့်စုံချင်ကြတဲ့သူချည့်ပါပဲတဲ့။ အဲသလိုပြည့်စုံဖို့ တောင့်တရုံတင်မဟုတ်ဘူး။ အားထုတ်ကြိုးစားကြတာလည်း ဓမ္မတာပါပဲတဲ့။ သို့သော်ငြားလည်း အဲသလို ကြိုးစားအားထုတ်ရာမှာ တရားသဖြင့်ရအောင် အားထုတ်တာမဟုတ်ပဲ အတင်းအဓမ္မကြိုးစားအားထုတ်လာခဲ့ရင်တော့ အဲဒါ သမ္မာအာဇီဝ မမည်တော့ပါဘူးတဲ့။ တချို့ကတော့ ငွေကြေးထက် ရာထူးဋ္ဌာနန္တရကို အရေးစိုက်အားထုတ်ပါသတဲ့။ ဒီနေရာမှာလည်း တရားသဖြင့်ကြိုးစားတာနဲ့ အတင်းအဓမ္မကြိုးစားတာ နှစ်မျိုးကွဲပြန်တာပဲ။ မရသေးသော စည်းစိမ်ဥစ္စာတွေ ရအောင် ကြိုးစားတာတင် ဘယ်ကပါ့မလဲ။ ရပြီးသောစည်းစိမ်ဥစ္စာတွေ သူများလက်ထဲ လွှဲပေးရမှာစိုးလို့ ဘယ်လောက်ပင်ပန်းကြီးစွာနဲ့ မင်းတို့ပရိယာယ် ရွှေဥာဏ်ခြယ်လုပ်နေကြရသလဲဆိုတာလည်း သဘောပေါက်တယ်နော်။ သံဝေဂယူကြ။ တချို့ကျတော့ ငွေကြေးလည်း မမက်ပါဘူး။ ရာထူးလည်း မမက်ပါဘူး။ ဒါပေမယ့် နံမယ်လေးတော့ ကြီးချင်သေးတာတဲ့။ သူများမြှောက်ပေးတိုင်း ပေါက်ကရတွေ ရေးရေးနေတဲ့ ဆရာဝန်ကလေးတစ်ယောက်လိုပေါ့။ ဟိုလူကသိ၊ ဒီလူကသိဆို သူ့မှာ သွားကြီးကိုဖြီးလို့၊ သောက်ညင်ကပ်တဲ့သူတွေ ဘယ်လောက်ပေါသလဲဆိုတာကျတော့ မသိချင်ယောင်ဆောင်နေတာ။ အဲဒီထင်ပေါ်ကျော်ကြားမှုအတွက် အတင်းအဓမ္မလုံ့လစိုက်ပြီး ကြော်ငြာလိုက်ဝင်နေပြန်ရင်လည်း အဲဒါ မဟုတ်သေးပါဘူးတဲ့ဗျား။

တကယ်လို့များ အဲဒီအကျိုးတရားသုံးပါးဟာ တရားသဖြင့်ရလာတာမဟုတ်ပဲ ကာယဒုစရိုက် ၀ဇီဒုစရိုက် မနောဒုစရိုက်တွေနဲ့ရလာခဲ့တယ်ဆိုရင် လောကချမ်းသာကိုရတယ်လို့ ကိုယ့်ဘာသာထင်ဦးတော့ အဲဒီချမ်းသာထဲမှာ ကိုယ့်ကို ဖြိုဖျက်မယ့် သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿတို့ အစဉ်တွဲလျက်ပါလာပါသတဲ့။ ဒါကြောင့်မို့လို့ စစ်မှန်သော အကျိုးစီးပွားကို လိုလားသူတိုင်းဟာ အဲဒီအကျိုးသုံးပါးအပေါ် အယုတ်အလွန်မရှိ၊ မျှတရုံနဲ့ ကျေနပ်ရပါသတဲ့။ ဘယ်လောက်များ ကောင်းလိုက်တဲ့ အယူအဆ အဆုံးအမတရားတော်ပါလိမ့်ဗျာ။ ဒါကြောင့်မို့ တရားနဲ့ဖြေတာ ကောင်းတယ်လို့ပြောတာ။ အဲဒီမထေရ်ကြီးကတော့ လာဘ၊ သက္ကာရ၊ သိလောကဆိုတဲ့ တရားသုံးပါးစလုံးအပေါ် မျှတရုံနဲ့ ကျေနပ်နိုင်လို့ မွေးရပ်ဇာတိက မခွာပဲ တုန့်ပြန်ကျေးဖူးပြုနိုင်အောင် ရဟန်းတရားများ အားထုတ်နေခဲ့ခြင်းပါတဲ့။

ကဲ.. ဇာတ်တော်ပေါင်းကြပါစို့။ နိဂမ၀ါသီတိဿမထေရ်ကြီးကို ဦးအိမ်ခင်ကြီးရယ်လို့ စကားတင်းဆိုကြတဲ့ သံဃာအပေါင်းတို့ကို ဘုရားရှင်က သုဝကျေးမင်းဇာတ်ကို ဟောတော်မူပါသတဲ့။ မွေးဖွားကြီးပြင်းရာ ရေသဖန်းပင်ကြီးပေါ်မှာ သဖန်းသီးများကုန်တော့ သဖန်းညွန့်၊ သဖန်းညွန့်ကုန်တော့ သဖန်းရွက် သဖန်းခေါက်တို့ကို မှီဝဲနေထိုင်တဲ့ အလောင်းတော်ကျေးမင်းကို အရှင် အာနန္ဒာအလောင်း သိကြားမင်းက ဟင်္သာအသွင်ဖန်ဆင်းပြီး `အသင်ကျေးမင်း ဤလောက၌ စိမ်းစိုသော အရွက်ရှိသည့် အပင်များစွာရှိပါလျက် ရေသဖန်းငုတ်တို၌ အဘယ်ကြောင့် ပျော်မွေ့ရပါသနည်း´ လို့ မေးသတဲ့။ ဒီအခါ ကျေးမင်းက`ဤသဖန်းပင်ကြီး စည်ပင်ဝေဖြာကြီးမားသောအခါ၌ ငါတို့သည် ပျော်ရွှင်မြူးတူးစွာ စားသောက်ခဲ့ကြကုန်၏။ ယခုမူ ငါတို့ကြောင့်ပင် သီးကင်းခြောက်သွေ့ရချေပြီ။ ထိုအခါမှ ရေသဖန်းပင်ကို စွန့်ပစ်သွားမည်ဆိုပါက ရေသဖန်းပင်အပေါ်၌ ကျေးဇူးကန်းရာ ရောက်ပေလိမ့်မည်။ ထို့ကြောင့် ငါ့အတွက် အာဟာရတို့ကို မျှတအောင် ရရှိသုံးဆောင်နိုင်သမျှ ကာလပတ်လုံး ဤသဖန်းပင်ကို စွန့်မည်မဟုတ်။´ လို့ ဖြေပါသတဲ့။ တရားတော်အဆုံးမှာတော့ မထေရ်ကြီးလည်း ရဟန္တာဖြစ်သွားပါတော့တယ်။

လက်စသတ်တော့ စင်ရော်မောင်မောင်နဲ့ ပေါ်လစီကားလာရိုက်နေတာကိုး လို့ သဘောပေါက်ကုန်ကြပြီ။ ဟုတ်သားပဲ။ ကိုစိုးသူတောင် လေဆိပ်က ဆိုင်းဘုတ်ကြီးမြင်တာနဲ့ ဆူဇီနိုက်ကြီးကို ပစ်ပြီး လှည့်ပြန်လာသေးတာပဲ။ (အပြင်မှာ တကယ်ထွက်သွားတော့ အဲဒီဆိုင်းဘုတ်ကြီး ဘယ်ရောက်နေပါလိမ့်) တတိယနှစ်တုန်းက ဆရာကြီးဦးသန်းအေး ပြောဖူးတဲ့ စကားတစ်ခွန်းကို ခုထိမှတ်မိနေပါသေးတယ်။ `တဆိတ်ရှိ brain drain, brain drain နဲ့။ What about undrained brain? တဲ့။ အလို့ နလို့ အစွမ်းအစမရှိလို့ သတ္တိမရှိလို့ လို့များ ထင်နေသလားမသိပါဘူးနော်။ ပြောမနာဆိုမနာ သူငယ်ချင်းတွေက `အဲဒီကောင် သောက်ရူးမို့လို့ အဲဒီမှာ ဒုက္ခခံနေတာ´လို့ အားပေးလာရင် ´ကျွန်တော် သောက်ရူး မဟုတ်ပါဘူးခင်ဗျာ။ သောက်ကောင်းပါ။ သောက်ကောင်းပါ။´ လို့ ပြောပြလိုက်ချင်ပါတယ်။ နောက်တစ်ဘွဲ့ရဖို့ ဘုန်းကြီးဝတ်မယ်ဆိုရင်တော့ နီးစပ်နေပြီလား မပြောတတ်ပါဘူး။
Soe Min Facebookမှ


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment