Monday 24 October 2011






သစ္စာဖေါက်ခံနေရဆဲ မျိုးဆက်သစ် မြန်မာ့ လူငယ်များ

လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဖေ့စ်ဘုတ်မှာ မိတ်ဆွေ တယောက် တင်လိုက်တဲ့ သတင်းကိုဖတ်ပြီး တော်တော်လေး စိတ်မအီမသာ ဖြစ်သွားတယ်။ ပညာခေတ်မှာ မြန်မာလူငယ်တွေ ရရှိနေတဲ့ ပညာ အရည်အသွေးနဲ့ ပတ်သက်လို့ပါ။

မောက္ခပညာရေး မဂ္ဂဇင်းမှာ စာတွေရေးဖြစ်၊ ဖတ်ဖြစ်တော့ ကမ္ဘာ့နိုင်ငံ အများစုတွေဟာ ပညာရေးမှာ ရင်းနှီးမြုပ်နှံမှု အပြိုင်အဆိုင် ဖြစ်လာတာကို တွေ့မြင်နေရတယ်။

ကွန်ပျူတာ ကတ်တလောက်စနစ်၊ နောက်ဆုံးထုတ် အင်္ဂလိပ်စာအုပ်များ၊ ကျောင်းသားများအတွက် ဆိတ်ငြိမ် စာဖတ်ရန် နေရာများဖြင့် ထိုင်းနိုင်ငံ၊ ချုလာလောင်ကွန်းတက္ကသိုလ် စာကြည့်တိုက်

ကွန်ပျူတာ ကတ်တလောက်စနစ်၊ နောက်ဆုံးထုတ် အင်္ဂလိပ်စာအုပ်များ၊ ကျောင်းသားများအတွက် ဆိတ်ငြိမ် စာဖတ်ရန် နေရာများဖြင့် ထိုင်းနိုင်ငံ၊ ချုလာလောင်ကွန်းတက္ကသိုလ် စာကြည့်တိုက်

၂၁ ရာစုဟာ နည်းပညာ ပေါက်ကွဲတဲ့ ရာစုနှစ်၊ ပညာရေးက အရာရာကို ဦးဆောင်မယ်ဆိုတဲ့ ခေတ်မှာ ကျနော်တို့ရဲ့ တိုင်းပြည် ခေါင်းဆောင်တွေက တက္ကသိုလ် အဆောင်တွေကို ဟိုတယ်လုပ်မယ့် စီးပွားရေး လုပ်ငန်းရှင်တွေဆီ လေလံပစ် ရောင်းစားတာကို တွေ့ရတော့ တော်တော်လေး စိတ်ထိခိုက်ရပါတယ်။ ကျနော့်တို့ရဲ့ နိုင်ငံခေါင်းဆောင်ဆိုသူများ အသိာဏ် နည်းပါးရလေခြင်းဆိုပြီး ယူကျုံးမရ ဖြစ်မိပါတယ်။ 

ကျနော်တို့ မျိုးဆက်တွေဟာ ၁၉၆၂ ခုနှစ် ကတည်းက အုပ်ချုပ်သူတွေရဲ့ ဖျက်ဆီးမှုကို စနစ်တကျ ခံခဲ့ကြ ရပါတယ်။ နှစ် ၂၀ ကိုမျိုးဆက် တခုအဖြစ် သတ်မှတ်ရင် အခုဆိုရင် မျိုးဆက် သုံးခုလောက်ဟာ မတရား ဖျက်ဆီး ခံလိုက်ရပါပြီ။  

ကျနော်က ၁၉၉၂ ခုနှစ်မှာ စစ်တွေ ဒီဂရီ ကောလိပ်ကို တက်ခွင့်ရပါတယ်။ ကောလိပ်၊ တက္ကသိုလ်တို့ဆိုတာ ကျောင်းသားတွေ သုတေသနလုပ် အသုံးပြုနိုင်ဖို့ စာအုပ်စာတမ်းတွေ သိပ္ပံသုတေသန လုပ်မယ့် ဓါတ်ခွဲခန်းသုံး ကရိယာတွေ ဘယ်လောက်များများ စားစားရှိသလဲဆိုတဲ့ အချက်က အရေးကြီးသလို ပညာရှင်တွေရဲ့ အခန်းကဏ္ဍကလည်း တော်တော်လေး အရေးပါပါတယ်။ ကျနော်တက်ရောက်ခွင့် ရခဲ့တဲ့ ဒီဂရီ ကောလိပ်မှာ စာကြည့်တိုက် Library သီးသန့် မရှိပါဘူး။ ကျောင်းသားတယောက် စာဖတ်ချင်လို့ စာအုပ် ငှားချင်သပဆိုရင် စာအုပ်တအုပ် ရဖို့ နာရီနှင့်ချီ စောင့်ဆိုင်းရပါတယ်။ (၀ါရင့် ကျောင်းသားအချို့၏ သင်ပြချက်အရ စာအုပ်မြန်မြန် လိုချင်ရင် စာကြည့်တိုက် ၀န်ထမ်းများကို မုန့်များဖြင့် လာဘ်ထိုးထားခြင်းဖြင့် မိမိလိုချင်သော စာအုပ်ကို အမြန် ရရှိနိုင်သည်မှာ ကိုယ်တွေ့ဖြစ်ပါသည် )။

တက္ကသိုလ် ကျောင်းသားတယောက်ရဲ့ အဓိက တာဝန်က မိမိဘာသာရပ်နှင့် ဆိုင်တဲ့ စာအုပ် စာတန်းတွေ ရှာဖွေ ဖတ်ရှု ရပါမယ်။ ဒါပေမဲ့ ကျနော်တို့ ကျောင်းနေစဉ် တက္ကသိုလ် ကျောင်းသား အများစုက စာဖတ်တဲ့ အလေ့ အကျင့် မရှိကြပါဘူး။ စာမဖတ်တဲ့ အပြင် စာမေးပွဲမှာ ခိုးချတဲ့ အလုပ်ကို ပါလုပ်ကြပါတယ်။ ကျောင်းပြီးလို့ လူ့လောကထဲ ကျင်လည်ရမယ့် လူငယ်တွေ စာမေးပွဲမှာ ခိုးချနေကြခြင်းဟာ ကျနော်တို့လူအဖွဲ့အစည်း အတွက် ကောင်းသော လက္ခဏာ မဟုတ်ပါဘူး။

ကျနော် ၂၀၀၁ ခုနှစ်မှာ ထိုင်းနိုင်ငံက နာမည်ကျော် ချူလာလောင်ကောင် တက္ကသိုလ်မှာ ပညာသင်နေတဲ့ မိတ်ဆွေ တယောက်ဆီကို အလည်အပတ် ရောက်ပါတယ်။  မြန်မာပြည်က ကျောင်းသားတွေနဲ့ မတူညီတဲ့ အချက်က စာဖတ်တာပါပဲ။ နေ့လည်စာ စားပြီးတာနဲ့ စာကြည့်တိုက် (Library) မှာ စာဖတ်နေရာ တစ်နေရာ ရဖို့အတွက် အပြေးအလွား အလုအယက် ယူရတဲ့ အနေအထားပါ။ ၂၀၀၆ ခုနှစ်မှာ အိန္ဒိယနိုင်ငံက နာမည်ကျော် ဂျဝါဟာလာနေရူး တက္ကသိုလ်ကို ရောက်တော့ အမိမြန်မာပြည်က ကျောင်းသားတွေ ၊ အနာဂတ် ခေါင်းဆောင်လောင်းတွေ ဘယ်အထိ ခေတ်နောက်ကျ ကျန်ခဲ့ပြီလဲဆိုတာ တွေးမိပြီး စိတ်မကောင်းဖြစ်မိပါတယ်။

တက္ကသိုလ် အာဏာပိုင်တွေက စာကြည့်တိုက်ကို ည (၁၂) နာရီထိ ဖွင့်ပေးထားတယ်။ စာကြည့်တိုက်ကြီး ကိုယ်တိုင်က စာပေလေ့လာနေတဲ့ ကျောင်းသား တယောက်ရဲ့ စိတ်ပိုင်း ဆိုင်ရာတွေနဲ့ သင်ယူလေ့လာ ဆည်းပူးလိုစိတ်ကို တက်ကြွနိုးကြား စေပါတယ်။ ကြီးကျယ်တဲ့ တက္ကသိုလ်တွေနဲ့ ကျောင်းစာကြည့်တိုက် ကြီးတွေဟာ အနာဂတ် ခေါင်းဆောင်တွေရဲ့ အလိုအပ်ဆုံးသော၊ မရှိမဖြစ်သော ရတနာသိုက်တွေ ဖြစ်နေပါတယ်။ စာရေးဆရာကြီး မြသန်းတင့်ရဲ့ စကားလုံးကို ငှားသုံးရမယ် ဆိုရင် ဧကရာဇ်တို့ရဲ့ ဘဏ္ဍာတိုက်ပေါ့ဗျာ။ တိတ်ဆိတ် ငြိမ်သက်စွာနှင့် စာပေလေ့လာနေတဲ့ ကျောင်းသားလူငယ်တွေ စာကြည့်ခန်းထဲ မှာအပြည့်။ တွေးတော၊ ဝေဖန်စဉ်းစားရင်း အနာဂတ်ကမ္ဘာကို ကိုယ့်ပညာနယ်ပယ်အလိုက် စိတ်ကူး ပုံဖော် နေကြပုံများက အားရစရာ၊ အားကျစရာပါ။ ရန်ကုန် တက္ကသိုလ်မှာတော့ ကျောင်းသားတွေ စည်ကားတဲ့ နေရာက လက်ဖက်ရည်ဆိုင် ဖြစ်နေဆဲ။

ကျနော်တို့ ရန်ကုန်တက္ကသိုလ် ပင်မ စာကြည့်တိုက်မှာ စာအုပ်ဖတ်နေတဲ့ ကျောင်းသား တယောက်စ နှစ်ယောက်စက လွဲပြီး ကျန်သူတွေကတော့ သမီးရည်းစား ချိန်းတွေ့တဲ့ သူတွေ ဖြစ်နေပါတယ်။  အဓိပတိ လမ်းမဘေးက သစ်ပင်အောက် ခုံတန်းလျားတွေဟာ အတွဲတွေ ချစ်ဇာတ်လမ်းခင်းတဲ့ နေရာမျှသာ ဖြစ်နေတာ စိတ်မကောင်းစရာ ဖြစ်နေပါတယ်။ ကျောင်းသားတွေ ဒီလိုဖြစ်နေအောင် ဖန်တီးထားတာက စစ်အုပ်ချုပ်ရေး အောက်က ပညာရေးစနစ်ပါ။ တွေးခေါ်စဉ်းစားတဲ့၊ ဝေဖန်ပိုင်းခြားတဲ့ လူငယ်တွေ မလိုဘဲ အမိန့်နာခံတတ်မှု တခုအတွက် ရည်ရွယ်တည်ဆောက် ထားတဲ့ နိမ့်ကျတဲ့ ပညာရေး စနစ်ကြောင့် ဖြစ်ပါတယ်။ လူငယ်ထုကို လမ်းကြောင်းလွှဲထားတယ်။ အသိ ပညာဖွံ့ဖြိုးမှုအတွက် အဆင်မပြေတဲ့ တက္ကသိုလ်ပညာရေးပါ။

ကမ္ဘာ့နိုင်ငံ တော်တော်များများက ခေါင်းဆောင်တွေဟာ သူ့တို့နိုင်ငံရဲ့ အနာဂတ် ခေါင်းဆောင်တွေ ဖြစ်လာမယ့် လူငယ်တွေအတွက် ပညာရေး ကဏ္ဍမှာ အကြီးအကျယ် ရင်းနှီးမြုပ်နှံမှု ပြုလုပ်နေကြတာကို နေ့စဉ်နှင့်အမျှ တွေ့မြင်နေရပါတယ်။ (Worldwide Education and Library spending) ၀ဘ်ဆိုဒ် စာမျက်နှာမှာ ဖေါ် ပြချက် အရ အမေရိကန် ပြည်ထောင်စုက ပညာရေး ကဏ္ဍမှာ ဒေါ်လာ ဘီလီယံ (၅၀၀) နဲ့ နံပါတ် တစ်နေရာမှာ ရှိနေပါတယ်။ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်နိုင်ငံတွေက ဒုတိယ၊ တတိယနှင့် စတုတ္တနေရာ အသီးသီးမှာ ရှိနေကြ ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ စာကြည့်တိုက် တခုတည်းမှာ သုံးတဲ့ အသုံးစရိတ်က ဒေါ်လာ ၁၂ ဘီလီယံ ရှိပါတယ်။ ဒီလောက် ရင်းနှီးမြုပ်နှံမှု လုပ်နေတာတောင် ၂၀၀၉ ခုနှစ်က လုပ်တဲ့ (Program for International Student Assessments - PISA) စစ်ဆေးမှုမှာ အမေရိကန် ပြည်ထောင်စုက ကျောင်းသားတွေ နံပါတ် (၁၄) နေရာကို ရောက်သွားတဲ့ အတွက် အုပ်ချုပ်သူတွေ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရပါတယ်။ ပညာရေး ၀န်ကြီး (Arne Duncan) က ဆိုရင် ဒီသတင်းကို ကြားပြီး တုန်လှုပ် ခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

သမ္မတ အိုဘားမားကတော့ (Spunik moment) လို့ ပြောဆိုခဲ့ပါတယ်။ Spunik moment ဆိုတာ ဆီုဗီယက် ပြည်ထောင်စုက ကမ္ဘာပတ် လမ်းကြောင်းထဲကို ဂြိုဟ်တု လွှတ်တင် လိုက်တဲ့အချိန်၊ အမေရိကန်က ခေတ် နောက်ကျ ကျန်ခဲ့ပြီ ဆိုပြီး အမေရိကန် ပြည်ထောင်စုမှာ ဖြစ်ပေါ်ခဲ့တဲ့ သုတေသနနှင့် နည်းပညာလှုပ်ရှားမှု အကြောင်းရည်ညွန်း ပြောသွားတာ ဖြစ်ပါတယ်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ ဆိုရင် (King Abdullah Science and Technology Institute) တက္ကသိုလ် တခုတည်းမှာ ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြုပ်နှံ ခဲ့ပါတယ်။ ဒီအချက်တွေကို ကြည့်ရင် နိုင်ငံ့ခေါင်းဆောင် တွေဟာ ပညာရေးကို ဘယ်အတိုင်းအတာထိ စိတ်ဝင်စားနေတယ် ဆိုတာ သိသာပါတယ်။

ကျနော်တို့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံဆိုရင် အုပ်ချုပ်သူတွေ၊ ပညာရှင်တွေ၊ ကျောင်းအာဏာပိုင်တွေဟာ မကြာခင်မှာ ဖြစ်ပေါ်လာမယ့် (Asean Economic Community - အာဆီယံ စီးပွားရေးကွန်မြူနတီ) ၀င်ဆန့်ဖို့ ကြိုတင် ပြင်ဆင် နေကြတာကို တွေ့မြင်နေရတာ တော်တော် အားကျစရာ ကောင်းပါတယ်။ တာဝန်ရှိသူတွေသာ ပြင်ဆင်တာ မဟုတ်ဘဲ ကျောင်းသားတွေ ကိုယ်တိုင်က လာမယ့်အနာဂတ် ကာလမှာ ဖြစ်ပေါ်လာမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြောင်းလဲမှုတွေ အပေါ် ရင်ဆိုင်ဖို့ ပြင်ဆင် နေကြပါတယ်။ နိုင်ငံတော် ဘတ်ဂျက်ရဲ့ ၂၇ ရာခိုင်နှုန်းကို ပညာရေးကဏ္ဍမှာ သုံးထားပြီး အမျိုးသား ထုတ်ကုန် GDP နှင့် တွက်ရင် ပညာရေး အသုံးစရိတ်က ကမ္ဘာ့နံပါတ် တစ်နေရာမှာ ရှိပါတယ်။

ဒါပေမယ့် ကျနော်တို့မြန်မာနိုင်ငံ၊ စစ်အာဏာပိုင်တွေက နိုင်ငံတခုရဲ့ ကျက်သရေဆောင် အမျိုးသား စာကြည့်တိုက်နှင့် တက္ကသိုလ်တွေကို လေလံတင် ရောင်းချလိုက်၊ ပညာရေး အသုံးစရိတ်ကို အနိမ့်ဆုံးထားလိုက်၊ လူငယ်ထုကို မတွေးခေါ်တတ်အောင် ပိတ်ဆို့လိုက်၊ ထောင်ချလိုက်၊ သင်ရိုးကိုလည်း ပြောင်းလဲပြုပြင်ခွင့် မပေးနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ မမြင်ဖူး၊ မကြားဖူးတဲ့ အလုပ်တွေကို လုပ်နေတာ တော်တော် ရင်လေးစရာ ကောင်းလှတယ်။ ပညာရေးကို ဘယ်ပုံ၊ ဘယ်နည်း တည်ဆောက် ပုံဖော်နေကြသလဲ ဆိုတာ စိုးရိမ်စရာပါ။

နိုင်ငံရဲ့ လူဦးရေ တ၀က်ရှိတဲ့ လူငယ်တွေ ၂၁ ရာစုကို ဘယ်ပညာရေး၊ ဘယ်အတွေးအခေါ်နှင့် ရင်ဆိုင် ဖြတ်သန်းကြမလဲ ဆိုတာ အင်မတန်မှ ရင်လေးစရာ ကောင်းပါတယ်။ မြန်မာနိုင်ငံက မျိုးဆက်သစ် လူငယ်တွေ အုပ်ချုပ်သူတွေ အဆက်ဆက်ရဲ့ သစ္စာဖေါက်ခြင်းကို ခံနေလိုက်ရပြီလားလို့ တွေးမိပါတယ်။                                                                      

 လှရွှေ

 Sources; Think Again, Education (Foreign Policy)

              Worldwide education and library spending

              Ministry of education (Thailand)

http://maukkha.org/index.php?option=com_content&view=article&id=1896&catid=91&Itemid=359

PDF Print

ကမ္ဘာကျော်ကြီးပေမယ့်

မိတ်ဆွေတစ်ယောက်ဆီက လက်ဆင့်ကမ်းလာတဲ့ ကြော်ငြာလေးတစ်ခု  ဓာတ်ချောစာကနေ ဝင်လာတယ်။

ဖတ်ကြည့်လိုက်တော့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တစ်ခုက ကမကထလုပ်ပြီး ကျင်းပမယ့် "အမျိုးသမီးများရဲ့ စကားဝိုင်း" အစီအစဉ်ပါတဲ့။

အဲဒီ့အစီအစဉ်မှာ ပြောမယ့်သူတစ်ယောက်ကြောင့် ကျွန်တော် မျက်လုံးပြူးသွားရပါတယ်။ သူကတော့ ဗြိတိသျှ ရုပ်ရှင်မင်းသမီး အကျော်အမော် အယ်မာ ထော(မ်)ဆင်(န်) ဖြစ်နေပါတယ်။ သူ့ နာမည် မြင်လိုက်တာနဲ့ ခေါင်းထဲမှာ ပေါ်လာတာက "ဂျိန်း အော် စထင်(န်)" ရဲ့ ဂန္ထဝင်ဝတ္ထုကြီးဖြစ်တဲ့ Sense and Sensibility ပါပဲ။ အဲဒီ့ဝတ္ထုကို ရုပ်ရှင်ဇာတ်ညွှန်းအဖြစ် သည်မင်းသမီးကိုယ်တိုင်က ရေးသားခဲ့ပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

အဲဒီ့ဇာတ်ကားအတွက် အကောင်းဆုံး ဇာတ်ညွှန်း အော်စကာဆုကို သူက ဆွတ်ခူးရရှိခဲ့တဲ့အပြင် အော်စကာဆုမဟုတ်ပေမယ့် BAFTA လို့ လူသိများတဲ့ "ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား အနုပညာ ဗြိတိသျှ အကယ်ဒမီ"က ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုလည်း အဲဒီ့ကားနဲ့ပဲ ရခဲ့ပါသေးတယ်။ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်သလို Howards End ဆိုတဲ့ ဇာတ်ကားနဲ့လည်း အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင် အော်စကာဆု  ရရှိထားသူလည်း ဖြစ်ပါတယ်။ တိုတိုပြောရရင် အောင်မြင်ထင်ရှားတဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးပေါ့။

အဲဒီ့မင်းသမီးက သည်အခမ်းအနားမှာ စကားပြောမယ်ဆိုတော့ ကျွန်တော်လည်း အလွန်စိတ်ဝင်စားသွားတယ်။ ကမ္ဘာကျော် မင်းသမီး တစ်ယောက်ကို အပြင်မှာ မြင်ဖူးဖို့ဆိုတာ အိပ်မက်တောင် မမက်ဖူးတာမျိုးပါ။ အခုတော့ ကိုယ့်တိုင်းပြည်ထဲကလည်း တစ်လက်မမှ မထွက်ရဘဲ သူလို မင်းသမီးကို မြင်တွေ့နိုင်တဲ့အခွင့်အရေးမို့ လက်လွတ်မခံတော့ဘဲ သက်ဆိုင်တဲ့ တာဝန်ခံဆီကို ဖိတ်စာပို့ပေးဖို့ ဓာတ်ချောစာနဲ့ပဲ လှမ်း မေတ္တာရပ်ခံလိုက်ပါတော့တယ်။

ဟိုကလည်း မဆိုင်းမတွဘဲ အကြောင်းပြန်တယ်။ နေရာအခက်အခဲကြောင့် ဖိတ်စာကန့်သတ်ထားကြောင်းနဲ့ ဖိတ်စာတွေ အဆင်သင့်ဖြစ်ရင် ကျွန်တော်တို့ ဇနီးမောင်နှံအတွက် ပို့ပေးပါ့မယ်တဲ့။ သည်လိုနဲ့ ဖိတ်စာကလည်း အင်တာနက်ကတစ်ဆင့်ပဲ ရလာတယ်။ ဖိတ်စာကို ပုံနှိပ်ပြီး ယူလာခဲ့ပေးပါလို့လည်း မှာပါသေးတယ်။

သည်လိုနဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက် စနေနေ့မှာ အဲဒီ့အခမ်းအနားကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ အဲဒီ့ အခမ်းအနားက နေ့ခင်း ၃ နာရီမှာ စမှာ။ ၃ နာရီအတိမှာ စချင်တဲ့အတွက် ၂ နာရီ ၄၅ မတိုင်ခင် အရောက်လာပြီး နေရာယူပေးဖို့လည်း ဖိတ်စာမှာ နှိုးဆော်ထားတယ်။ ဖြစ်ချင်တော့ အဲဒီ့နေ့ နေ့လည် တစ်နာရီက သုံးနာရီအတွင်း ကန်တော်ကြီးစောင်းက ဟိုတယ်ကြီးတစ်ခုမှာ ကျင်းပမယ့် မင်္ဂလာအခမ်း အနားအတွက် အခမ်းအနားမှူး လုပ်ပေးဖို့ ကျွန်တော်က လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက လက်ခံထားမိနေတယ်။ အချိန်က နည်းနည်း ကသီလင်တဖြစ်ချင်စရာပေါ့။

တကယ်လည်း ကသီပါတယ်။ မင်္ဂလာဆောင်က ပြန်ထွက်လာတော့ ၂ နာရီ ၁၅ မိနစ်ရှိနေပြီ။ ဖြစ်ချင်တော့ ကျွန်တော့်ကားရှေ့မှာ တခြား ကားတစ်စီးက ပိတ်ရပ်သွားလို့ အဲဒီ့ကားရှင်ကို ရှာရတာနဲ့ အချိန်က ပိုကြာသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကဆုန်စိုင်းပြီး အိမ်ပြန်ပြေးရသေးတယ်။ အဝတ်ပြန်လဲရသေးတာပ။ ပွဲထိုင် အဝတ်ကြီးနဲ့ လန်းလန်းလန်းလန်း လုပ်ပြီး သွားဖို့မှ မတော်ဘဲလေ။

သည်လိုနဲ့ ၂ နာရီ ၄၅မိနစ်အတိမှာပဲ "အမျိုးသမီးများရဲ့ စကားဝိုင်း" ကျင်းပမယ့် ရွှေတောင်ကြားထဲက ဩစတြေးလျသံရုံးရဲ့ အပမ်းဖြေရိပ်သာကို ရောက်သွားပါတယ်။ စိတ်ထဲမှာ သံသယတစ်ခုက ရှိနေသေးတယ်။ သူတို့ကသာ အယ်မာ ထော်(မ်)ဆင်(န်) ပြောမယ်လို့ ပြောတာ။ လူကိုယ်တိုင် မဟုတ်ဘဲ ရုပ်မြင်သံကြားကတစ်ဆင့် ပြောရင်လည်း ဖြစ်နိုင်နေတာပဲလို့ တွေးမိနေရတာပါ။

ဒါပေမယ့် ကျွန်တော် ရောက်ပြီး မကြာခင်မှာပဲ မင်းသမီးကြီး ဝင်လာတာတွေ့လိုက်ရပါတယ်။ အသက် ၅၃ နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ မင်းသမီးကြီးက ချောမောတင့်တယ်လှပါတယ်။ သူနဲ့အတူ ပြောမယ့်သူတွေက အငြိမ်းစား ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်၊ စာရေးဆရာမ ဂျူးနဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းတို့လည်း ပါပါတယ်။ ကျွန်တော့် ကင်မရာက မနားတော့ပါဘူး။

အခမ်းအနားကို သုံးနာရီတိတိမှာ စလိုက်ကြပါတယ်။ စုစုပေါင်း လူ ၇၀ စာ ထိုင်ခုံချထားပြီး ထိုင်ခုံ အားလုံးနီးပါး ပြည့်ပါတယ်။ အများစုက အမျိုးသမီးတွေပါ။ အမျိုးသားရယ်လို့ ဆယ်ယောက်မပြည့်ပါဘူး။ အဖွင့်အမှာစကားကို မြန်မာနိုင်ငံဆိုင်ရာ ဩစတြးလျ သံအမတ် အမျိုးသမီးကြီးက ပြောတယ်။ သူ့နောက်မှာ ကမကထပြုတဲ့ Action Aid အဖွဲ့အစည်းက အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။ အဲဒီ့နောက် ဒေါက်တာ ဒေါ်မြင့်မြင့်ခင်က မြန်မာနိုင်ငံက အမျိုးသမီးများရဲ့ အနေအထားကို ပုဂံခေတ်က အစချီကာ ပြောပါတယ်။ အသံချဲ့စက်မပါတဲ့ အခမ်းအနားမို့ တိုးတိုးသက်သာ ပြောတဲ့ ဆရာမကြီး အသံကို အတော် နားစိုက်ထောင်ရပါတယ်။ ဆရာမကြီးက အင်္ဂလိပ်ဘာသာနဲ့ပဲပြောတာပါ။

နောက် ဆရာမဂျူးအလှည့်ပါ။ ကျွန်တော်နဲ့အတူ မော်လမြိုင်မှာ ဟောတုန်းကထက် သည်မှာ ဒေါ်ဂျူးကပိုပြီး သွက်လက်နေတယ်။ မိန်းကလေးဆိုရင် ဘယ်ကဲ့သို့ ဘယ်ချမ်းသာဆိုပြီး ပုံသေကားချ သတ်မှတ်ချင်ကြတဲ့ သဘောထားကို ပယ်သင့်တဲ့အကြောင်းကို သူက ဆွေးနွေးသွားတာပါ။ သူ့မိခင် ဖခင်တို့ရဲ့ အိမ်ထောင်ရေးဘဝ၊ မိသားစုဘဝကို နမူနာလေးနဲ့ ပုံဖော်သွားတာက စိတ်ဝင်စားဖွယ်၊ နှစ်လိုဖွယ်ပါပဲ။

နောက်တစ်ယောက်က ဖြူဖြူကျော်သိန်းဖြစ်ပါတယ်။ သူကလည်း အင်္ဂလိပ်လိုပဲ ပြောပြန်ပါတယ်။ ရော့(ခ်)အဆိုတော် တစ်ယောက်အဖြစ် သူ လျှောက်လှမ်းခဲ့ရတဲ့ လမ်းကြောင်းလေးနဲ့ အစချီပြီး အမျိုးသမီးများရဲ့ အနာဂတ်အတွက် အခြေခံအကျဆုံးကတော့ ပညာရေးသာ ဖြစ်ကြောင်း သူကလည်း ချက်ချက်ချာချာ ပြောသွားတယ်။

လာပါပြီ။ ကမ္ဘာကျော်မင်းသမီးကြီး။ သည်မင်းသမီးကြီးရဲ့ ဂုဏ်ပုဒ်တွေထဲမှာ သရုပ်ဆောင်မင်းသမီး၊ ဟာသပညာရှင်၊ ဇာတ်ညွှန်းဆရာမ ဆိုတဲ့ ဂုဏ်ပုဒ်သုံးရပ်က တွဲနေပါတယ်။ ဟာသပညာရှင်ပြီပြီ သူ စဝင်လာကတည်းက ပရိသတ်က တသောသောနဲ့ ရယ်မောနေကြရရအောင် ဟန် မာန်အပြည့်နဲ့ လှုပ်လှုပ်ရှားရှား ပြောသွားပါတယ်။ ဟောစင်နောက်မှာ တောင့်တောင့်ကြီး ရပ်ပြီး ဟောပြောတာကို ဘယ်တုန်းကမှ မကြိုက်တတ်သလို ကိုယ်တိုင်လည်း တစ်ခါမှ မလုပ်ဖူးတဲ့ ကျွန်တော့်အတွက်တော့ အယ်မာ့ ပြောပုံ ဆိုလက်နဲ့ ဟန်အမူအရာတွေ၊ အလှုပ်အခတ်တွေက  စွဲမက်စရာ ကောင်းနေပါတယ်။ မင်းသမီးပီပီ မျက်နှာထား၊ အသံနေ အသံထားနဲ့ မင်မောင်းကလည်း အလွန်ကောင်းလှပါတယ်။

သူကလည်း သူဖြတ်သန်းခဲ့ရတဲ့ ဘဝ၊ သူရောက်ခဲ့တဲ့ မြန်မာနိုင်ငံ အပူပိုင်းဒေသမှာ တွေ့ခဲ့ရတဲ့ မိန်းကလေးတွေရဲ့ ဘဝများနဲ့ အစချီရင်း မိန်းမကောင်းဆိုတာ ဘယ်ကဲ့သို့ ဘယ်ချမ်းသာဆိုတဲ့ ခေါက်ရိုးအထပ်ထပ် အချိုးခံပြီး ပုံစံခွက်ထဲ အသွပ်ခံရပုံများကို ပြောသွားပါတယ်။ အဲဒီ့ အစဉ်အလာ အရိုးစွဲအတွေးအမြင်တွေ ပပျောက်အောင် ဆောင်ရွက်ဖို့က လူတိုင်းမှာ တာဝန်ရှိကြောင်းပေါ့။

အားလုံးခြုံလိုက်ရင် စိတ်ဝင်စားစရာ ကောင်းတဲ့ အစီအစဉ်လေးပါပဲ။ ဟောပြောသူတွေကလည်း တစ်ယောက်ကိုတစ်ယောက် ငဲ့ပြီး အချိန်တွေ အများကြီး ယူမသွားဘဲ တိုတိုကျဉ်းကျဉ်းနဲ့ ထိထိမိမိ ပြောသွားကြတာမို့ ကျစ်ကျစ်လစ်လစ် ရှိပါတယ်။ ဒါတောင် အခမ်းအနားပြီးတော့ ငါးနာရီ ထိုးခါနီးနေပါပြီ။ အချိန်ကို ငဲ့ရတာမို့ မူလ အစီအစဉ်အတိုင်း ပရိသတ်ရဲ့ မေးခွန်းတွေကို ဖြေကြားမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်ကြပါတယ်။

ကျွန်တော့်အတွက် နည်းနည်း စိတ်ကသိကအောက်ဖြစ်ဖို့ ကောင်းသွားတာကတော့ အဲဒီ့က တာဝန်ရှိသူ အမျိုးသမီးတစ်ယောက်က ပွဲအလယ်မှာ ကျွန်တော့်ကို သိပ် လမ်းမသလားပါနဲ့လို့ သူ့နားက အဖြတ်မှာ ပြောတာပါပဲ။ လမ်းသလားတာ မဟုတ်ပါဘူး။ ဓာတ်ပုံရိုက်နေတဲ့အတွက် သွားလာလှုပ် ရှားနေရတာပါလို့ ကျွန်တော် ပြောပေမယ့် သူက ဇွတ်ပြောနေပါတယ်။ နိုင်ငံခြားသူတစ်ယောက်ပါ။ စိတ်ထဲမှာ အလွန်မျက်သွားပါတယ်။ အဲဒီ့ပွဲမှာ နိုင်ငံခြားသား လူငယ် ဓာတ်ပုံဆရာတစ်ယောက်၊ မြန်မာ အမျိုးသမီး ဓာတ်ပုံဆရာမတစ်ယောက်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာတစ်ယောက်တို့လည်း ဓာတ်ပုံရိုက်နေကြပါတယ်။ သူတို့ဆိုရင် ပရိသတ်အားလုံးရဲ့ ရှေ့ကနေ မတ်တတ်ရပ်ပြီး ရိုက်ကြတာတွေတောင် ပါသေးတယ်။ ကျွန်တော်ကမှ ဘေးဘက်က ရိုက်တာပါ။ ဆရာမကြီး ဒေါ်မြင့်မြင့်ခင် ပြောနေတုန်းမှာသာ ဆရာမကြီးက ထိုင်ရာက မထဘဲ ပြောတာမို့ အလယ် မင်းလမ်းက သွားရိုက်ရပါတယ်။

ကျွန်တော်ကိုင်တဲ့ ကင်မရာကလည်း အပျော်တမ်း ကင်မရာဆိုပေမယ့် ကချော်ကချွတ်တော့ မဟုတ်ပါဘူး။ အငယ်တမ်း ပညာရှင်သုံး ကင်မရာမျိုးပါ။ တစ်ခုတော့ ရှိသပေါ့။ ကျွန်တော်က ဓာတ်ပုံရိုက်ရင် ဖြည့်စွက်မီးကို သုံးခဲတယ်။ သဘာဝ အလင်းရောင်နဲ့ ရိုက်တဲ့ အကျင့်ရှိတယ်။ မီးခွက်ကြီး တပ်ဆင်မထားတဲ့ ကင်မရာမို့ သူက အထင်သေးသလားတော့ မသိဘူး။ ဓာတ်ပုံရိုက်နေသူ လေးယောက်အနက်မှာ ကျွန်တော့်တစ်ယောက်ကိုပဲ ကွက်ပြီး အဲလိုပြောတော့ စိတ်ထဲ အတော် မျက်သွားပါတယ်။ အခမ်းအနားကလည်း တန်းလန်းမို့ အကျယ်အကျယ် မငြိမ်းဖွယ် မဖြစ်ချင်လို့သာ ကျွန်တော် ရှောင်ထွက်လာခဲ့ပါတယ်။ မဟုတ်လို့ကတော့ သူ့ကို ကောင်းကောင်း ပြန်ပြောဖြစ်သွားမှာ သေချာတယ်။

မြင်ရတွေ့ရခဲလှတဲ့ ကမ္ဘာကျော် မင်းသမီးကြီးကို အားပါးတရ တွေ့ရတာ၊ ဓာတ်ပုံတွေ ရိုက်ခွင့်ရလိုက်တာ၊ စကားပြောခွင့်ရလိုက်တာနဲ့ပဲ အဲဒီ့ အထစ်အငေါ့လေးကို ကျော်လွှားလိုက်နိုင်သွားပါတယ်။ ပွဲအပြီး လက်ဖက်ရည်ဝိုင်းမှာ မိတ်ဆွေတွေကို နှုတ်ဆက်ရင်း ဓာတ်ပုံပြပွဲကို ကြည့်ရပါတယ်။ အဲဒီ့ ဓာတ်ပုံတစ်ပုံဝယ်ရင် အယ်မာ ထော(မ်)ဆင်(န်)ရဲ့ လက်မှတ်ပါတဲ့ ကပ်ခွာလေးတစ်ခု ရမှာမို့ ဓာတ်ပုံနှစ်ပုံ ဝယ်လိုက်ပါတယ်။

ပြီးတော့ အယ်မာနဲ့ ဓာတ်ပုံတွဲရိုက်ပေါ့ဗျာ။ မင်းသမီးကြီးကလည်း သဘောမနော ကောင်းစွာပဲ၊ လူတကာနဲ့ ဖက်လှဲတကင်း ဓာတ်ပုံအရိုက်ခံ ပေးတာမို့ ကြည်နူးစရာ ကောင်းပါတယ်။

အပြန်လမ်းမှာ ကျွန်တော့်အိမ်သူက ပြောပါတယ်။

"ကမ္ဘာကျော်ကြီးပေမယ့် ပဲမများဘူးနော်"တဲ့။

ကျွန်တော်က သူ့စကား နောက်ကွယ်က အနက်ပွားကို ဆင်ခြင်မိရင်း ခေါင်းညိတ်ထောက်ခံလိုက်မိရပါတော့တယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ၁၆၁၀၁၁)

ကနေ့ (၂၀-၁၀-၁၁)ထုတ် Bi Weekly Eleven ဂျာနယ်ပါ စာတစ်ပုဒ်ကို ပြန်လည် တင်ဆက်လိုက်တာပါ။

http://atkbooks.wordpress.com/2011/10/20/womens-talk/



No comments:

Post a Comment