
မီးဘေးကြုံနေရသော သာသနာ (ကဗျာရှင် ဆရာနေရဲနီ)...
Posted: 24 Dec 2011 06:04 AM PST
(ကဗျာရှင် ဆရာနေရဲနီ)
မီးဗျို့မီး မီး ဒေါင်ဒေါင်ဒေါင် ဒင်ဒင်ဒင်
ဝေါ ဝေါ ဝေါဝေါ ပက်ဟ ပက်ဟ
မီးတဲ့ဟေ့ မီးတဲ့ ရှင်မရေ ကလေးတွေရော
ဟေ့မိန်းမဘာငေးနေတာလဲ
အိမ်ကိုမြန်မြန်ပြေး ရနိုင်သမျှထုပ်
မီးက တို့အိမ်နဲ့သိပ်မကွာတော့ဘူး
အကောင်း၊ အဆိုး၊ အယုတ်အလတ် အမြတ်မရွေးနေနဲ့
မျက်စေ့ရှေ့မှာတွေ့တာ အကုန်သာထည့်
မရှိရင် အကုန်ဝယ် ရတာချည်းဘဲ။
တအောင့်ကြာသော်
ဟူးတော်ပါသေးရဲ့ မီးက တို့အိမ်နား ရောက်ကာနီးမှ ငြိမ်းသွားလို့
ကဲ ကဲ ကဲ ရှင်မရေတို့အထုပ်တွေ အိမ်ပေါ်ပြန်တင်ကြစို့
သားတို့သမီးတို့ရေ လာကြ
အထုပ်တွေပြန်တင်ပြီး နေရာပြန်ချကြစို့
အထုပ်များကိုဖြေလေသော်
ဒါက လက်နှီးစုတ် မီးဖိုပေါ်သွား
ဒါကမင့်ထမီ ဘီရိုအောက်ဆင့်သွား
ဒါကငါ့လုံချည် အပေါ်ဆင့်သွား
ဒီဘုရား ဆင်းတုတော်က ဘုရားစင်ပေါ်မှာကြွ
မင့်ဟာက အားလုံးကို စုထည့်ထားတာပါလား။
အိုတော် မီးဟေ့ဆိုတော့ အယုတ်အလတ်အမြတ်
မရွေးနေနှိုင်ပါဘူး အကုန်စုထည့်ရတာဘဲ
မီးငြိမ်းတော့လည်း သူ့နေရာသူပြန်သွားပေါ့။
ကျွန်တော်တို့မြန်မာပြည်၏
ပစ္စက္ခသာသနာတော်သည် ဤသို့ဤနှယ် ဖြစ်တော့သည်။
အကြောင်းသော်ကား
ယခု နရသိန် နန်းစံနေရသော ၀န်ကြီးချုပ်
ဘုန်းတောက်စဉ်က
ဗေဒင် ယတြာ ဓာတ်ရိုက် ဓာတ်ဆင်အရာ၌
နာမည်ကြီးသော ဘုန်းကြီးတစ်ပါးရှိလေ၏။
ဝန်ကြီးချုပ် အရှိန်အ၀ါနှင့် ရှည်လျားသော ဘွဲ့တစ်ခုကို ရလေသောအခါ
ထိုဆရာတော်ဘွဲ့ယူပြီး ပြန်အလာ
ကြိုဆိုဖို့အရေးမ၀တမှ မြို့ပေါ်ကျောင်းတိုက်များမှ ဆရာတော်များ
ကိုယ်တိုင်ထွက်ကြိုရန် လျှောက်ထားလေသည်။
ဆရာတော်များမှလည်း လျှောက်ထားချက်ကို လက္ခံကာထွက်ကြိုကြသည်။
မြို့အ၀င်၌ဘွဲ့ခံဆရာတော်သည် ဝေါယာဉ်ပလ္လင်ပေါ်မှနေ၍
သူ့အားလာကြိုသော ပရိသတ်များ အကြားတွင်
မြို့ပေါ်ကျောင်းတိုက် အသီးသီးမှ ဆရာတော်များကို တွေ့လေသော်
ချွေးဒီးဒီးကျကာ ဦးခေါင်းငိုက်စိုက်နှင့် မျက်နှာပျက်၍နေလေသည်။
အဘယ့်ကြောင့်ဆိုသော် ဘွဲ့ခံဆရာတော်သည်
ငယ်စဉ်ကတည်းက သာသနာ့ဘောင်သို့ ၀င်လာသော ငယ်ဖြူမဟုတ်။
အသက်ကြီးခါမှ ၀တ်သောတောထွက် ရဟန်းဖြစ်လေ၏။
လာကြိုကြသော သက်တူရွယ်တူနှင့် သူ့ထက်အသက်အားဖြင့် ငယ်ကုန်သော
ဆရာတော်အပေါင်းသည် ဝေါယာဉ်အောက် ရောက်နေသော်လည်း
ဝါအားဖြင့်သူက ငယ်နေသောကြောင့်
ဝိနည်းတော်အရ အာပတ်သင့် နေလေပြီ။
ထိုအထဲတွင် မည်သည့် ဘွဲ့ဂုဏ်ပုဒ်ကိုမျှ မမက်မောဘဲ
သာသနာတော်ကို တကယ့်စွမ်းစွမ်းတမံ
ဆောင်ရွက်နေကြသော စာသင်တိုက်များမှ
ကျောင်းထိုင် ဆရာတော်များလည်း ပါဝင်နေရာ
မိမိသည်ကား ရိပ်သာအယောင်ပြ၍ သာသနာတော်ကို ခုတုံးလုပ်ကာ
ဝန်ကြီးချုပ်အရှိန်အ၀ါနှင့် ရသော ဘွဲ့ဖြစ်လေ၍
ပရိတ်သတ်အကြား အနေအထိုင်ပျက်ကာ
ခေါင်းငိုက်စိုက်နှင့် မျက်လွှာချလျှက် ရှိနေလေတော့သည်။
ဇာတ်မင်းသားတစ်ဦး၏သူ့အားချီးကျူးဂုဏ်ပြုသော
သီချင်းသံနှင့် ဆိုင်းသံတို့ကိုလည်း မကြားနိုင်တော့ပြီ
ဝတ်ရွတ်အသင်းအဖွဲ့များမှ ရွတ်ဆိုပူဇော်နေကြသော
ရှစ်လုံးဖွဲ့ ကဗျာသံများကိုလည်း မကြားချင်တော့ပြီ။
သူ၏ရင်တွင်းမှ ခံစားချက်ကို သူသာလျှင် အသိဆုံးဖြစ်ပေတော့မည်။
တို့သာသနာတော်ကြီးက
ခုချိန်မှာတော့ မီးဝိုင်းခံနေရတော့
အယုတ်အလတ် အမြတ် မရွေးအားဘူး
အားလုံးကို စုထည့်ပြီး ထုပ်ထားရတာ
မီးငြိမ်းသွားတော့လည်း သူ့နေရာသူ ပြန်သွားကြပေါ့ကွာ။ ဟူ၍
ကြိုဆိုသည့်အထဲတွင် ပါဝင်သော ဆရာတော်တစ်ပါးက
အထက်ပါ မီးဘေးကြုံရသော ဥပမာကိုပေး၍
သူ၏အတွေ့အကြုံကို ပြန်ပြောင်း ပြောပြလေသည်။
နောက်ပိုင်းတွင်ဝန်ကြီးချုပ် ထောင်နန်းစံရသောအခါ
ထိုဆရာတော်သည်လည်း တဖြေးဖြေး တိမ်မြုပ် သွားလေတော့သည်။
မှတ်ချက်။
တကယ့်အဖြစ်အပျက် ဖြစ်ပါသည်။
နေရဲနီ
|
Posted: 24 Dec 2011 05:19 AM PST
အမေကပြုံး သားကရီပေါ့
အမေက … "ပြုံးရင်လှမှာလား" တဲ့။
လှပါတယ် အမေ … ။ အမေကတော့ ပြုံးပြုံး၊ ရီရီ၊ ငိုငို၊ မဲ့မဲ့ လှမြဲလှဆဲပါအမေ။ အမေက သားတို့အတွက်
အစဉ်အမြဲလှဆဲ၊ ကြည်ညိုဆဲ၊ လေးစားဆဲပါအမေ။ ၂၀၁၂ ခုနှစ်၊ နှစ်သစ်အတွက် ကိုမျိုး(မြန်မာစာ)ကတော့ အမေ့ရဲ့အပြုံးနဲ့ ကြိုဆိုလိုက်တာပေါ့ အမေ။ သား(ကျော်သူ) အနေနဲ့တော့ မပြုံးနိုင်ပါဘူးအမေရယ်။
ဟုတ်တယ်အမေ …. သားနဲ့ သွေးချင်းနီးတဲ့သူတွေလည်း ပြုံးနိုင်မယ် မထင်ပါဘူးအမေ။ လောကသဘာဝရဲ့
အပြုံးဒဿနတွေကို ဖိဆီးနေတဲ့ လူမှုဒုက္ခ သဘာဝထဲ ရုန်းကန်ပေးဆပ်ရင်းနဲ့ သား မပြုံးနိုင်တော့ဘူးအမေ။
အမေခင်းပေးတဲ့လမ်း၊ အမေဦးဆောင်သွားနေတဲ့လမ်း၊ အမေညွှန်ပြတဲ့လမ်း၊ ငြိမ်းချမ်းရေးလမ်းကို သား
လျှောက်လှမ်းရင်း "သေခြင်းဟူသည် ကြီးငယ်မရွေး၊ အချိန်မရွေးနှင့် သက်ဆိုင်သည်" ဆိုတဲ့ အသိတရားတစ်ခုကို သိရှိသွားတဲ့အချိန်မှာ သား မပြုံးပါရစေနဲ့တော့ အမေ။
လောကရဲ့အမှန်တရားကို ရှာဖွေရင်း သားတို့ မပြုံးနိုင်တော့ဘူးအမေ။ လောကရဲ့ သဘာဝကို
ပေးဆပ်ရင်းနဲ့ သား လက်တွေ့ခံစား တွေ့ကြုံခဲ့ရတဲ့ ဆရာကြီးတင်မိုးရဲ့ ကဗျာထဲကိုလို -
(ခွေးမသား) တဲ့ … အပြေးရ မှားပြန်ပြီ (အမေ)၊
(အရူးမသား) တဲ့ … ဘီလူးက ကလို့ ဒူးတကွကွနဲ့ ဆူးတမြမြ စူးရပြန်ပြီ (အမေ)၊
(ဂုဏ်သရေရှိသား) တဲ့ … ယုံကြည်မှုအပြည့်ထားမိပြန်ပြီ (အမေ)၊
(ကမြင်းမသား) တဲ့ … အကျဉ်းဝတံခါးမှာ ထမင်း၀၀စားထားလို့ အကြိမ်းခံရပြန်ပြီ (အမေရယ်)။
ဒါကြောင့် … သား မပြုံးနိုင်တော့ဘူးအမေ။
ဒါပေမယ့် … အမေ့ကို သား ကတိပေးလိုက်ပါတယ်။
"သား အစွမ်းကုန်ကြိုးစားပြီး ပြုံးကြည့်ပါ့မယ်" လို့။
"မရဘူး အမေ … မရဘူး" ပြုံးလို့မရဘူး အမေ။
ရှင်းရှင်းလင်းလင်း ငြိမ်းငြိမ်းချမ်းချမ်းဘ၀မှာ နေသွားချင်လို့ စိတ်ရှင်းရှင်းနဲ့ စိတ်အရည်အသွေးကို
မြင့်မားစွာထားရှိပြီး၊ စိတ်ရဲ့အဆင့်အတန်းကို မြင့်မားအောင် သတိလေးနဲ့ လေ့ကျင့်ပြီး ဘ၀ကြီးကို ရိုးရှင်း စွာပေးဆပ်ခဲ့တဲ့၊ ပေးဆပ်နေတဲ့ "သား" … ထပ်ကြိုးစားပြီး ပြုံးကြည့်လိုက်ပါတယ် အမေ။
"ဟား … ဟား … ဟား … ဟား"
(ဟုတ်တယ် အမေ … အဲဒါ သားပြုံးလိုက်လို့ ထွက်လားတဲ့အသံပါ။)
လှောင်ရီလား … ထေ့ရီလား … ငေါ့ရီလား … ပေါက်ရီလား … ရီလား … ရီလား … တွေလားတော့
မသိတော့ပါ။ သားမသိတော့ဘူးအမေ၊ ဘာကို ဘာမှ မသိတော့ဘူးအမေ။ ဟန်ဆောင်လုပ်ကြံပြီး ရီလိုက်တာ မဟုတ်ဘူးဆိုတာတော့ အသေအချာပဲ အမေ။
ကျေနပ်မှု၊ ၀မ်းသာမှု၊ ၀မ်းနည်းမှု၊ ကြေကွဲမှု၊ နာကျည်းမှု၊ ပေါက်ကွဲမှု … စတဲ့ "အရီကဏ္ဍ" တွေ၊ "အရီဒဿန"
တွေကိုတော့ မခွဲခြားတတ်တော့ဘူးအမေ။ ဒါပေမယ့် …. သားလည်း တာဝန်ကျေသွားပါပြီ အမေ။
အမေကပြုံး … သားကရီပေါ့။
ဒါပေမယ့် …. အမေ့ရဲ့ အပြုံးနဲ့ သားရဲ့ အရီဟာ အဓိပ္ပါယ်အများကြီး ကွာခြားသွားပြီလားလို့။ မည်သို့ဖြစ်စေ
… ၂၀၁၂ ခုနှစ်ကို တိုတောင်းလှတဲ့ ဘ၀ကြီးထဲ သား, ကမ္ဘာမြေပြင်က ပြန်လည် မထွက်သွားခင် သားကို အားပါးတရ ရီမောရင်းနဲ့ ဆက်လက် ပေးဆပ်ခွင့်တွေသာ ပြုလိုက်ပါတော့အမေ။ အမေကပြုံး . . . သားကရီပေါ့။
ကျော်သူ
|
Posted: 24 Dec 2011 03:35 AM PST
"ပြုံးရင်လှမှာလားတဲ့"
-ပြုံးရင်လှမှာလားတဲ့၊
အဲ့ဒီ့ကစလို့ အပြုံးဆိုတဲ့ဝေါဟာရ ပြန်အမှတ်ရခဲ့ရတယ်။
၂၀၁၀
-ပြုံးရင်လှမှာလားတဲ့
ဟန်ဆောင်လို့တောင် မပြုံးတတ်တော့ သူတွေကြား
အပြုံးဒဿနတွေ ဖွေရှာဖို့ လမ်းညွှန်လိုက်တဲ့စကား
ဖိစီးနေတဲ့ လူမှုဒုက္ခကြားမှာ
အပြုံးဆိုတာလည်း မေ့သွားလောက်ရဲ့မဟုတ်လား အမေ။
-ပြုံးရင်လှမှာလားတဲ့
လောကသဘာဝကိုက ပြုံးရင်တော့လှမှာပါပဲ အမေ။
ရုန်းကန်ခဲ့ရ အမေ့ဘ၀ထက်ကိုပဲ
သားတို့ကြုံရ လူမှုဒုက္ခက ဘာပိုမှာလဲ
အမေတောင်ပြုံးနိုင်မှတော့
သားတို့လည်း ပြုံးကြရမှာပေါ့။
၂၀၁၁
-ပြုံးရင်လှမှာလားတဲ့
ပြုံးဖို့ဆုံးဖြတ်တဲ့ အမေ့နှလုံးသား
သွေးချင်းနီးသလိုနဲ့ ဝေးနေသူတွေလည်း ပြန်နားလည်စေချင်ပါရဲ့
အမေယုံကြည်တဲ့ အပြုံးပန်း
ထာဝစဉ်အစွမ်းကုန်လန်းနိုင်မှာပါ
အပြုံးတစ်ချက်ကမ်းလိုက်တိုင်း အပြုံးတွေပြန်ပြန်ရနေတာ
အမေ ဖွေရှာတွေ့ရှိလိုက်တဲ့ အမှန်တရားဖြစ်ပါစေ။
-ပြုံးရင်လှပါတယ် အမေ
အမေလည်းပြုံး သားလည်းပြုံးမယ်
အပြုံးကိုယ်စီနဲ့
သားတို့ကြိုလိုက်ပါမယ်
၂၀၁၂ နှစ်သစ်ကို ။
ကိုမျိုး(မြန်မာစာ)
|
ဓာတ်ပုံ မှတ်တမ်း ...
Posted: 23 Dec 2011 07:12 AM PST
ယနေ့နေပြည်တော်သို့ ပါတီမှတ်ပုံတင်ရန် ရောက်ရှိလာတဲ့ အဖွဲ့ချုပ်ခေါင်းဆောင်များရဲ့ ဓာတ်ပုံ မှတ်တမ်း (ဓာတ်ပုံ AP)
ဤသို့ ပြုံးပြုံးရွှင်ရွှင် မြင်တွေ့ရစဉ်..
ကာကွယ်ရေးဦးစီးချုပ်ဟောင်း အဖွဲ့ချုပ်ခေါင်းဆောင် ဘဘဦးတင်ဦးအတွက် အမှတ်တရလက်ဆောင်အား သူရဦးရွှေမန်းမှ အမေစုမှတဆင့် ပေးအပ်ပါတယ်..
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်တို့ တွေ့ဆုံစဉ်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ တွေ့ဆုံစဉ်
အများမျှော်လင့်နေတဲ့ (၆၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာပြည်အနှံ အကျဉ်းထောင် အသီးသီးက နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်လာပြီး၊ နယ်စပ်ဒေသတွေက ပြည်တွင်းစစ်မီးကြီးကို အစိုးမှ စေတနာစစ်စစ်၊ စေတနာသန့်သန့်နဲ့ ရပ်ဆိုင်းညှိနှိုင်းပေးမယ် ဆိုရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကား.. ကျွန်တော်တို့ ပြည်သူအားလုံး လှိုက်လှဲဝမ်းသာစွာနဲ့ ကြိုဆိုဖို့ စောင့်မျှော်နေကြပါတယ်..။
အမေစု လုံခြုံရေးလိုက်ပါလာတဲ့ ကိုဇေယျာသော်
ဓာတ်ပုံများ AP,GETTY IMAGES
|
Posted: 23 Dec 2011 06:40 AM PST
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ပါတီ မှတ်ပုံတင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဘဘဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်(၇)ဦးတို့ဟာ ယနေ့နံနက်ပိုင်းက လေယာဉ်ခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိပါတယ်..။ နံနက်၁၀နာရီခန့်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ပါတီမှတ်ပုံတင်ရန် လာရောက် လက်မှတ်ရေးထိုးခဲ့ပြီး ကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့် တွေဆုံခဲ့ပါသည်။ ပြီးနောက် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့နှင့် တွေဆုံခဲ့ကြောင်း သိရသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်တို့ တွေ့ဆုံစဉ်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ တွေ့ဆုံစဉ် |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment