
ပျောက်ဆုံးလျှက်ရှိသူ ကိုကိုဇော် (ခေါ်) ဇော်ကို၏ ငယ်စဉ်ကဓါတ်ပုံ
Mother long awaited son who was missing since Saffron revolution 2007
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းကတည်းက ပျောက်ဆုံးလျှက်ရှိသည့် သားဖြစ်သူ ကိုကိုဇော်အား မကြာမီ နိုင်ငံရေး အကျဉ်းသား ၄ သုတ်လွှတ်ပေးစဉ် ပြန်လာနိုးဖြင့် မျှော်လင့်နေခဲ့သည်ဟု မိခင်ဒေါ်ဖြူဖြူမြင့်က YPI သို့ပြောသည်။
သားဖြစ်သူ ကိုကိုဇော် (ခ) ဇော်ကိုမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် သူငယ်ချင်းနှင့်အတူ ရန်ကုန်မြို့လယ်သို့ သွားရောက်ခဲ့သည်။ ထို့နောက် မြို့တော်ခန်းမ အနီးလူအုပ်ကြားထဲ သူငယ်ချင်းနှင့် ကွဲသွားခဲ့ရာမှ ထိုနေ့ည ၎င်းတည်းခိုရာ သူငယ်ချင်းအခန်းသို့ ပြန်မလာတော့သည်မှာ ယနေ့ထိဖြစ်သည်ဟု မိခင်ဖြစ်သူက ပြောသည်။
ကိုကိုဇော်မှာ ထိုစဉ်က အသက် ၂၁ နှစ်အရွယ်ရှိပြီး မကွေးမြို့ စီးပွားစီမံ ပထမနှစ်ကျောင်းသားဖြစ်ကာ ရန်ကုန်မြို့တွင် အလုပ်အကိုင်ရှာဖွေရန် လာရောက်နေထိုင်နေစဉ် ရွှေဝါရောင် သံဃာ့အရေးအခင်း ဖြစ်ပွားလာပြီး ယင်းကဲ့သို့ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
မိခင်ဖြစ်သူက သူ့အနေဖြင့် မျှော်လင့်နေသည်ကို "သူများတွေ လွှတ်တယ်လွှတ်တယ်ဆိုတော့ ကိုယ့်သားလေးများ ပါမလားပေါ့၊ မျှော်တာပေါ့၊ နောက်တသုတ်ပြီး တသုတ်၊ ၄ သုတ်လောက်လွှတ်ပြီး ပါမလာဘူးဆိုတော့ စိုးရိမ်လာတာပေါ့" ဟု YPI သို့ပြောသည်။
ကိုကိုဇော် ပြန်ရောက်မလာသည့် နောက်ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် နေထိုင်သည့် အဒေါ်ဖြစ်သူ ဒေါ်မော်မော်မြင့်က ရန်ကုန်ဆေးရုံကြီးနှင့် ရင်ခွဲရုံတို့သို့ သွားရောက်ကာ စုံစမ်းခဲ့သော်လည်း တူဖြစ်သူနှင့် ပတ်သက်သည့် သဲလွန်စ မရရှိခဲ့ဟု မိခင်က ပြောပြသည်။
"သိသိချင်း သူ့အဒေါ်တွေက ဆေးရုံတွေလိုက်တယ်၊ ရင်ခွဲရုံတွေသွားမေးတယ်။ ဆေးရုံဆရာဝန်မက ဒီမှာ သေနတ်မှန်တဲ့ လူနာမရှိဘူးလို့ ပြောတယ်၊ ရင်ခွဲရုံသွားတော့ ကုလားလေးက အမတို့လူနာက ဘာဝတ်ထားလဲပေါ့၊ အဲလိုအဲလိုဝတ်ထားတယ်ဆိုတော့ မရှိဘူးလို့ဖြေတယ်၊ အထဲထိတော့ ပေးမ၀င်ဘူးပေါ့ " ဟုထိုစဉ်က လိုက်လံစုံစမ်းခဲ့သည့် အဖြစ်ကိုပြန်လည်ပြောပြသည်။ယင်းသို့ စုံစမ်းသော်လည်း သဲလွန်စမရသဖြင့် အဖမ်းခံရပြီး အကျဉ်းကျနေသည်ဟု မိခင်နှင့် အဒေါ်ဖြစ်သူတို့က မျှော်လင့်ထားခဲ့ကြာရာ ရွှေဝါရောင်သံဃာ့အရေးအခင်းနှင့် ပတ်သက်သူများ လွတ်မြောက်လာသည့် အခါတိုင်း သားဖြစ်သူ ပြန်လာနိုးဖြင့် မျှော်လင့်ခဲ့ရကြောင်းကို မိခင် ဒေါ်ဖြူဖြူမြင့်ကပြောသည်။
"သားက တကယ်လို့ တခြားကိုထွက်သွားမယ် ရှောင်သွားမယ်ဆိုရင်လည်း သူ့မှတ်ပုံတင်နဲ့ ပိုက်ဆံလောက်တော့ ပြန်လာယူမှာပဲ၊ ကျွန်မအဲလိုစဉ်းစားတယ် " ဟုပြောသည်။
အောက်တိုဘာလ နောက်ပိုင်းတွင် ရဲစခန်း၌ လူပျောက်တိုင်ကြားခဲ့သော်လည်း မည်သည့်အကြောင်းပြန် ချက်မှ မရကြောင်း သူ့အနေဖြင့်လည်း အစိုးရ၀န်ထမ်း တဦးဖြစ်သည့်အတွက် ထိုစဉ်က ပေါ်ပေါ်ထင်ထင် မစုံစမ်းရဲပဲ ရှိခဲ့ရာမှ ယခုအခါ အနည်းငယ်ပွင့်ပွင့်လင်းလင်း ဖြစ်လာသည့်အတွက် ယခုကဲ့သို့ အဖြစ်အပျက်ကို ထုတ်ပြောရခြင်းဖြစ်သည်ဟု ဆိုသည်။
ရွှေဝါရောင် သံဃာ့အရေးအခင်းတွင် အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၄ ဦးသာရှိခဲ့သည်ဟု ထိုစဉ်က ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီက အဖြစ်အပျက်ဖြစ်ပွားပြီးမကြာမီ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပီညဲရိုးလာရောက်စဉ် တရားဝင်ပြောဆိုခဲ့သည်။
သို့ရာတွင် ယင်းအရေးအခင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ထုတ်ပြန်သည့် အစီရင်ခံစာတွင် အနည်းဆုံး ၃၀ ကျော်သေဆုံးခဲ့ရသည်ဟု ဖေါ်ပြထားခဲ့သကဲ့သို့ အမေရိကန် ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Right Watch အဖွဲ့က ထုတ်ပြန်သည့် Crackdown အမည်ပေးထားသည့် အစီရင်ခံစာတွင် အနည်းဆုံး သေဆုံးသူ ၃၂ ဦးရှိသည်ဟု ဖေါ်ပြပါရှိသည်။ ။
Yangon Press International

No comments:
Post a Comment