Monday 19 March 2012

ဦးဝင်းတင် ဖောင်ဒေးရှင်း ထူထောင်

ယုံကြည်ချက်အကျဉ်းသားများအား ကူညီရန် ဦးဝင်းတင် ဖောင်ဒေးရှင်း ထူထောင်

အေးစံပယ်ဖြူ
အတွဲ ၂၉ ၊ အမှတ် ၅၆၁ (၁၆ - ၂၂ ၊ ၃၊ ၂၀၁၂)

ဦးဝင်းတင်၏ အသက် ၈၂ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်နှင့် ဖောင်ဒေးရှင်း ပထမအကြိမ် ထောက်ပံ့ငွေ ပေးအပ်မှုအဖြစ် ဦးဝင်းတင်က ထောက်ပံ့ငွေပေးအပ်နေစဉ်။
ဓာတ်ပုံ-ဘူးသီး
ယုံကြည်ချက်အကျဉ်းသားများနှင့် ၎င်းတို့ မိသားစုများအား ကူညီ ထောက်ပံ့ရေး လုပ်ငန်းစဉ်များနှင့် ဘ၀တူစာနယ်ဇင်း သမားများအား ကူညီထောက်ပံ့ရေး အစီအစဉ်များကို စေတနာရှင်များ၏ပူးပေါင်း ကူညီမှုဖြင့် ရေရှည်စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ ဗဟန်း မြို့နယ်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင် တွင် ကျင်းပသော ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ဖွဲ့စည်းတည်ထောင်ခြင်း စာနယ်ဇင်းရှင်းလင်းပွဲတွင် ဟံသာဝတီ ဦးဝင်းတင်ကပြောသည်။
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းကို ဟံသာဝတီဦးဝင်းတင်၏ စာအုပ်စာတမ်းများထုတ်ဝေခြင်းနှင့် မူပိုင်ခွင့် တို့မှရရှိသည့်ဝင်ငွေ၊ ပြည်တွင်းပြည်ပ စေတနာရှင်များမှ လှူဒါန်းငွေ၊ ရန်ပုံငွေပွဲ များမှ ရရှိသည့်ငွေ စုစုပေါင်း ကျပ်သိန်း ၁၀၀ ကျော်ဖြင့် မတည် ထူထောင်ခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးမှူး ဦးအုန်းထွန်းက ပြောသည်။
ဖောင်ဒေးရှင်းမှ ကူညီထောက်ပံ့မှုများကို လက်ရှိအကျဉ်းကျခံနေရဆဲ ယုံကြည်ချက်အကျဉ်းသားများနှင့် ၎င်းတို့၏မိသားစုများ၊ ယုံကြည်ချက် အကျဉ်းသားဟောင်းများနှင့် မိသားစု များအနက်မှ အမှန်တကယ်လိုအပ် သူများ၊ စာနယ်ဇင်းသမားများနှင့် မိသားစုများအနက်မှကျန်းမာရေးနှင့် ပညာရေးအတွက်ထောက်ပံ့ရန် လိုအပ် သူများ၊ ဟံသာဝတီဦးဝင်းတင်၏ ဆန္ဒအရ သော်လည်းကောင်း၊ ဖောင်ဒေး ရှင်း လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ (အလုပ်အဖွဲ့) ဆုံးဖြတ်ချက်အရသော် လည်းကောင်း အခြားလိုအပ်မည့် ထောက်ပံ့မှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
"အလွှာအသီးသီးမှာ ဒုက္ခရောက် နေတဲ့ သူတွေအများကြီးရှိပါတယ်။ သူတို့ ကို အကူအညီပေးဖို့လည်း အများကြီး လိုနေတယ်။ ကူညီနေတဲ့အဖွဲ့တွေလည်း အများကြီးရှိတယ်။ အဲဒီအဖွဲ့တွေထဲမှာ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း လည်း တစ်ခုအပါ အ၀င်ဖြစ်လာတဲ့ အတွက် အလွန်ဝမ်းမြောက်ပါတယ်။ ကျွန်တော့ရဲ့ မိတ်ဆွေရဲဘော်ရဲဘက် တွေရဲ့ကူညီဝိုင်းဝန်းမှုတွေနဲ့ ဒီဖောင်ဒေး ရှင်းဖြစ်လာတာပါ။ ကျွန်တော့ကို ထောက်ပံ့ကူညီတဲ့ ငွေတွေ၊ ပြည်တွင်း ပြည်ပက စေတနာရှင်တွေ ပါဝင်လာတဲ့ ငွေတွေ စုဆောင်း လိုက်တဲ့အခါ မတည် ငွေ ကျပ်သိန်း ၁၀၀ ကျော်လောက်ရ ပါတယ်"ဟု ဦးဝင်းတင်က ပြောသည်။
ဟံသာဝတီဦးဝင်းတင်၏ အသက် ၈၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်နှင့် ဖောင်ဒေးရှင်းပထမအကြိမ် ထောက်ပံ့ ငွေပေးအပ်မှု အဖြစ် အကျဉ်းကျခံနေရ သော နိုင်ငံရေးအကျဉ်းသားသုံးဦးနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ငါးဦးတို့ အတွက် ထောက်ပံ့ငွေကျပ် ၃၄ သိန်းကို ပေးအပ်ခဲ့သည်။
"ကျွန်မ ၈၈ ခုနှစ်ကျောင်းသူ ဘ၀ ကစပြီး နိုင်ငံရေး လုပ်ခဲ့ပါတယ်။ ထောင် သုံးခါကျပါတယ်။ ကျွန်မတို့လို လုပ်ဖော် ကိုင်ဖက်တွေ၊ ပါတီဝင်တွေဟာ သူတို့ ထောင်ကလွတ်လာတဲ့ အချိန်မှာ အင်မတန် ဆင်းရဲဒုက္ခရောက်ကြရ ပါတယ်။ မိခင်တွေ၊ ဖခင်တွေ ထောင်ထဲ ရောက်နေတဲ့ အချိန်မှာ သားသမီးတွေက ဘေးပတ်ဝန်းကျင်ရဲ့ ငြိုငြင်မှုတွေခံရ တယ်။ အမေအဖေတွေက တိုင်းပြည် ကောင်းစားရေး အတွက် လုပ်ပေမယ့် သားတွေရဲ့ဘ၀ကတော့ ရည်မှန်းချက် တွေပျက်သွားခဲ့ရတယ်။ ရည်ရွယ်ချက် တွေက ကောင်းနေရဲ့သားနဲ့ ငါတို့ ဘာကြောင့် ပြန်မမတ်နိုင်ရသလဲဆို တာ စဉ်းစားကြည့်တဲ့အခါကျတော့ ကျွန်မတို့ နောက်ကနေ အချင်းချင်း ရိုင်းပင်း ကူညီတဲ့ အင်အားတွေအများ ကြီးလိုတယ်ဆိုတာ တွေ့ရ တယ်။ ကျွန်မ ကိုယ်တိုင်ကလည်း ဆင်းရဲတဲ့အတွက် ဒီလိုကူညီမှုတွေ မလုပ်နိုင် ခဲ့ဘူး။ အခု ဘဘတို့ကဦးစီးပြီးနိုင်ငံရေး အကျဉ်းသား တွေ ပြန်လည်ထူထောင်နိုင်ဖို့ ကူညီပေး နေတယ်ဆိုတော့ ကျွန်မအရမ်းဝမ်း သာ တယ်။ ကျေးဇူးလည်း တင်တယ်။ အားလုံး ကို ၀ိုင်းဝန်းပြီးလုပ်မှရမယ်ဆိုတာ အတွေ့အကြုံတွေအရလည်း နားလည် ခဲ့ပြီ။ ဘဘတို့ ရှေ့ကသွားရင် ကျွန်မတို့က နောက်က ထပ်ကြပ်မကွာလိုက်မှာပဲ" ဟု စာနယ်ဇင်းရှင်းလင်းပွဲသို့ တက် ရောက်ခဲ့သည့် ယုံကြည်ချက် အကျဉ်း သားဟောင်း တစ်ဦးဖြစ်သူ ဒေါ်မာမာဦး ကပြောသည်။
ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း မှ လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား များအဖွဲ့နှင့်ညှိနှိုင်းအကူအညီပေးခဲ့ပြီး နောက်ပိုင်းတွင် အကူအညီလိုအပ်သူ များမှ လျှောက်လွှာပေးပို့မှုများကို စိစစ် ထောက်ပံ့သွားမည်ဖြစ်ကာ ဖောင်ဒေး ရှင်း၏ အလုပ်အမှုဆောင်များ ဖြစ်သော ဦးအုန်းထွန်း ဖုန်း ၀၁-၅၇၈၀၂၇၊ မောင်ဝံသ ဖုန်း ၀၁-၃၇၃ ၂၁၀၊ ၀၉- ၅၀၄၀၉၉၄၊ ဦးကျော်အောင် ဖုန်း-၀၉၇၃၁၂၄၂၂၂ သို့ဆက်သွယ် နိုင် ကြောင်းသိရသည်။

No comments:

Post a Comment