Saturday 17 March 2012
ယနေ့ ပြုလုပ်တဲ့ ဒဲရစ်မစ်ချယ် သတင်းစာရှင်းလင်းပွဲ
Posted: 15 Mar 2012 04:18 AM PDT
အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်ကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးတွင် ယနေ့ မွန်းလွဲ ၂ နာရီ၌ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်
အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့်မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးတွင် ယနေ့ မွန်းလွဲ ၂ နာရီ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် နေပြည်တော်တွင် အသုံးဝင်ပြီးအကျိုးလည်းရှိသည့်တွေ့ဆုံဆွေးနွေးမှုများ ဖြစ်မြောက်ခဲ့သည့်အတွက် မြန်မာအစိုးရကို ကျေးဇူးတင်ပါကြောင်း၊ ထို့သို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာတွင် ကန့်သတ်ထားသည့်အရေးကိစ္စများ မရှိပါကြောင်း၊ ယင်းအတွက် ၀န်ကြီးများနှင့် အခြားတာဝန်ရှိသူများအား ကျေးဇူးတင်ပါကြောင်း၊ ယင်းသည် နှစ်နိုင်ငံဆက်ဆံရေးတိုးမြင့်ရေးကိုလည်း ကူညီရာရောက်ပါကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ လူ့အခွင့်အရေး၊ အလုပ်သမားရေးရာ၊ ဖွံ့ဖြိုးရေး၊ လူမှုရေး စသည့်အခန်းကဏ္ဍတို့တွင် မည်ကဲ့သို့ ကူညီမှုများ ပြုလုပ်နိုင်မည်နည်းဆိုသည်ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပါကြောင်း၊ ကချင်ပြည်နယ်တွင် ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်းနေရသူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေး ဆွေးနွေးခဲ့ပါကြောင်း၊ တိုင်းရင်းသားလူနည်းစုဒေသများတွင် ပြီးခဲ့သည့်လများ၊ သီတင်ပတ်များအတွင်း တိုးတက်မှုများ ရှိလာသည်ကို တွေ့ရပါကြောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ဆောင်ရွက်နေကြောင်းကို မြန်မာအစိုးရက ပြောကြားပါကြောင်း၊ ကချင်ပြည်နယ်ရှိ ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်းနေရသူများအတွက် စိုးရိမ်မိပါကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်းနေရသူများအတွက် ကူညီထောက်ပံ့ရန် အကန့်အသတ်ရှိနေသည်ကို သိရှိရပါကြောင်း၊ ယင်းအတွက် မိမိတို့အနေဖြင့် ကူညီဆောင်ရွက်ပေးလိုပါကြောင်း၊ ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်းနေရသူများအား ကူညီထောက်ပံ့နိုင်ရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ထောက်ပံ့သွားမည်ကို ယခုဒီနေရာမှ ကြေညာပြောကြားလိုကြောင်း၊ လာမည့်ကြားဖြတ်ရွေးကောက်ပွဲများ လွတ်လပ်ပြီး တရားမျှတကာ ထင်သာမြင်သာရှိမှု ဖြစ်ဖို့လိုကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲရလဒ်သည် အရေးကြီးကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။
EMG  (Facebook)
Posted: 15 Mar 2012 03:56 AM PDT
မြင်းခြံမြို့ရှိကားဂိတ်များမှ ဘတ်စ်ကားကုန်ကားများအား အငှားယာဉ်တာဝန်ပေးအပ်ခြင်း
 ခေါင်းစဉ်တပ်ပြီး မထသ မှ ၁၆.၃.၂၀၁၂ နေ့တွင်နွားထိုးကြီး ကြံ့ခိုင်ရေး
ရုံးသို့ပူးတွဲပါစာဖြင့်ကားအစီး
ရေ(၆၀)အားဆင့်ခေါ်ထားပါသည်။
ဂိတ်ပိုင်များနှင့်ကားပိုင်များကလည်းမသွားလိုကြပါ၊ထို့အတူ နွားထိုးကြီးမြို့နယ်
 ရပ်ကွက်ကျေးရွာများမှလူထုအားလည်း တစ်အိမ်တစ်ယောက် မလိုက်မနေရ
 မြို့နယ်လူထုနှင့်နိုင်ငံတော်အဆင့်ငြိင်းချမ်းရေးဖေါ်ဆောင်မှုခေါင်းဆောင်
များတွေ့ဆုံရန်လိမ်လည်ဆင့်ခေါ်ထားပြန်ပါသည်။
နွားထိုးကြီးမြို့တွင်ဧပြီလ(၁)ေ
န့ရွေးကောက်ပွဲနှင့်ချိန်ကိုက်ပြီးကြံ့ခိုင်ရေးပါတီမှ
အတင်းအကျပ် ရွေးကောက်ပွဲဥပဒေကို အာဏာအလွဲသုံးပြီး
Myanmar News Now
အတင်းအဓမ္မဆင့်ခေါ်စာ
ဆင့်ခေါ်ခံရတဲ့ မြင်းခြံမြို့ က ကားအစီးရေ
Posted: 15 Mar 2012 03:28 AM PDT
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး မှစစ်ဆေးတွေ့ရှိခဲ့သော ပြည်ထောင်စု ၀န်ကြီးဌာနအချို့နှင့်ပတ်သက်သည့် အချက်အလက်များကို ပြည်ထောင်စု လွှတ်တော်သို့ တိုက်ရိုက်တင်ပြသွားမည်ဖြစ်ပြီး ကျန်ဝန်ကြီးဌာနများကို လည်း ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်က ပြောကြားခဲ့သည်။ပြည်သူ့လွှတ်တော် ပြည်သူ့ ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က''ပြည်သူ့ငွေစာရင်းကော်မတီက စစ်ဆေးတွေ့ရှိခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးဌာန ခြောက်ခုရဲ့ အချက်အလက်တွေကို ပြည်ထောင်စု လွှတ်တော်ကို တိုက်ရိုက် တင်ပြသွားမှာပါ။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက တခြားဝန်ကြီးဌာနတွေကို ထပ်မံစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်တွေကို ထပ်မံတင်ပြလာရင် အခုရရှိထားတဲ့ အချက်အလက်တွေနဲ့ ပေါင်းပြီး ပြည်ထောင်စု လွှတ်တော်ကို ထပ်မံတင်ပြပေးသွားဖို့ ရှိပါတယ်။ ကျွန်တော်တို့ကတော့ လွှတ်တော်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး အရေးယူမှုအပိုင်းကတော့ အုပ်ချုပ်ရေးဘက်က ဆောင်ရွက်ရမှာပါ''ဟု ပြောကြားခဲ့သည်။ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များကို စာအမှတ် စဆ/၂၂၁ (၆/၂၀၁၂)နှင့်စဆ- ၃/၆၀၃၅(၈၂/ ၂၀၁၂)တို့ဖြင့် ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီသို့ အစီရင်ခံစာ ပေးပို့ခဲ့ရာတွင် အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သမ၀ါယမ၀န်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့၏ ယခင်အစိုးရလက်ထက်မှ ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်း မလိုက်နာမှုများကို ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
EMG
Posted: 15 Mar 2012 03:00 AM PDT
 မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ရေပိုင်နက် အငြင်းပွားမှုကို ပင်လယ်ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံး ITLOS က ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ချက်၍ ပင်လယ်ပြင်ရေပိုင်နက်ကို အပြီးပြတ် သတ်မှတ်
ပေးလိုက်ပြီဟု ITLOS မှ သတင်းထုတ်ပြန်သည်။
ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အခြေစိုက် ITLOS ရေပိုင်နက် သတ်မှတ်မှုအရ ရခိုင်ပြည်နယ် မောင်တောမြို့ အနီးရှိ
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကို ပိုင်းခြားထားသော နယ်စပ်မြစ်ဖြစ်သည့် နတ်မြစ်စီးဝင်ရာ ဘင်္ဂလား ပင်လယ်အော် ရှိ အခြေခံမျဉ်းမှ အနောက်တောင်ဘက် ရေမိုင် ၂ဝဝ အထိ ဘင်္ဂလားဒေ့ရှ်က သီးသန့် စီးပွားရေးဇုန် အဖြစ် ပိုင်ဆိုင် မည် ဖြစ်သည်။
ITLOS သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပင်လယ်ပြင်ရေပိုင်နက် အကျယ်အဝန်း ၆၆,၄၈၆ မိုင် ပိုင်ဆိုင်သင့်ကြောင်း တင်ပြ
တောင်းဆိုခဲ့ပြီး ITLOS မှ ၆၈,၉၇၂ မိုင် ပိုင်ဆိုင်ခွင့်ရရှိမည်ဟု ဆုံးဖြတ်ချက်ချခဲ့ခြင်းကြောင့် "မိမိတို့ ရည်မှန်းချက်
အောင်မြင်သည်" ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က ဘင်္ဂလားဒေ့ရှ် နိုင်ငံအခြေစိုက် bdnews24 အွန်လိုင်း သတင်းဌာနသို့ ပြောကြားသည်ကို အဆိုပါသတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ဖေါ်ပြသည်။
ITLOS ၏ ကမ်းရိုးတန်းအလျား သတ်မှတ်ပေးမှုတွင် ဘင်္ဂလားဒေ့နိုင်ငံအတွက် ရခိုင်ပြည်နယ် မောင်တောမြို့အနီး အခြေခံမျဉ်းမှ ဧရာဝတီတိုင်း မော်တင်စွန်းအထိ ၃၆၄ မိုင်အထိ သတ်မှတ်ပေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်မူ အဆိုပါ အခြေခံမျဉ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Mandabaria ကျွန်းအထိ ၂၅၆ မိုင် ပိုင်ဆိုင်သည်ဟု သတ်မှတ်ပေးခဲ့သည်။
ITLOS
ITLOS သို့ တက်ရောက် လျှောက်လဲခဲ့ကြသည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့ (Photo:: itlos)
ITLOS သတ်မှတ်ပေးသည့် ရေပိုင်နက် (Photo:: itlos) မြန်မာ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတမ်း ပိုင်ဆိုင်မှုပြ မြေပုံ (Photo:: itlos) မြန်မာနှင့် ဘင်္ဂလာဒေ့ရှ်တို့ အငြင်းပွားကြသည့် ရေပိုင်နက် အကျယ်အဝန်း (Photo:: itlos)
ဘင်္ဂလာဒေ့ရှ်နှင့် မြန်မာတို့ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေသည့် စိန့်မာတင်ကျွန်းမှာမူ ITLOS သတ်မှတ်ပေးသည့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ၆၈,၉၇၂ မိုင်တွင်း ပါဝင်သွားခြင်းကြောင့် အဆိုပါကျွန်းကိုပါ မြန်မာတို့ လက်လွှတ်လိုက် ရပြီ ဖြစ်သည်။
ဟမ်းဘတ်မြို့တွင် ကြားနာစစ်ဆေးသည့် ရေပိုင်နက် အငြင်းပွားမှုကို မြန်မာဘက်မှ ပြည်ထောင်စု ရှေ့နေချုပ်
ဒေါက်တာထွန်းရှင် အပါအဝင် ရှေ့နေများဖြစ်သည့် Prof. Alain PELLET, Sir Michael Wood, Prof. Mathias FORTEAU, Mr. Daniel Muller နှင့် Mr. Coalter Lathrop, Professor Mathias Forteau, ကိုယ်စားလှယ်များ
ဖြစ်သည့် ဦးကျော်စန်း၊ ဒေါ်လှမျိုးနွယ်တို့ တက်ရောက် လျှောက်လဲခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်ဘက်မှ နိုင်ငံခြားရေးဝန်ကြီး Dipu Moni အပါအဝင် ကိုယ်စားလှယ် ၁၀ ကျော်တို့ တက်ရောက်
လျောက်လဲခဲ့ကြသည်။
ITLOS ၏ တရားသူကြီး ၂၂ ဦးပါဝင် ဆုံးဖြတ်ခဲ့သည့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု အမှုအမှတ်မှာ ၁၆ ဖြစ်သည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေပိုင်နက် အငြင်းပွားမှုမှာ မြန်မာအစိုးရ၏ သဘာဝဓာတ်ငွေ့ ရှာဖွေခွင့် ရရှိထားသည့်
ဒေဝူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်းမှ ရခိုင်ကမ်းလွန်ဒေသ လုပ်ကွက် AD 7 တွင် ရေနံအစမ်းတွင်း တူးဖော်ရေး လုပ်ငန်းများ ၂ဝဝ၈ ခုနှစ်အတွင်း စတင်လုပ်ဆောင်ရာမှ နိုင်ငံကြား တင်းမာမှု စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
လုပ်ကွက် AD 7သို့ ရေနံတွင်းတူးစင်ကို ဆွဲယူလာသည့် ဆွဲသင်္ဘောတစင်းကို စောင့်ရှောက် လိုက်ပါလာသော
မြန်မာရေတပ် သင်္ဘောကို ဘင်္ဂလားဒေ့ရှ် အစိုးရ ရေတပ်သင်္ဘော BNS Nirvoy မှ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် တွေ့ရှိခဲ့ရာမှ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဒါကာရှိ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး ကန့်ကွက်လွှာပေးခဲ့သည်။ ထိုကန့်ကွက်မှုအပြီး နှစ်နိုင်ငံတပ်ဖွဲ့များကို နယ်စပ် တလျှောက် တပ်လှန့် တပ်စွဲထားမှုများလည်း ပြုလုပ်ခဲ့သည်။
ထိုစဉ်က အဆိုပါ တင်းမာမှုနှင့် ပတ်သက်၍ "ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိ သဖြင့် ပယ်ချခဲ့ကြောင်း ထို့အပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD 7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန်ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ
မြန်မာ့အလင်းမှ တဆင့် မြန်မာအစိုးရက တုန့်ပြန်ခဲ့ဖူးသည်။
ချင်းမိုင် (မဇ္ဈိမ) ။        ။
Posted: 15 Mar 2012 02:50 AM PDT
ရန်ကုန်၊ မတ် ၁၃
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ်နှစ်သိန်းဖြင့် ရောင်းချပေးမည့် GSM ဖုန်းများကို ရန်ကုန်တိုင်း ဒေသကြီးတွင် ဧပြီလ ၉ ရက်နေ့မှ စတင်ကာ ABC ၃ ဖုန်းအရောင်းဆိုင်က ဘဏ်စာရင်းဖွင့်ထားခြင်း အပါအဝင် အာမခံပေးမည့်သူ ရှိရင် မလိုဘဲ အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း ဆိုင်ရှင် ဦးအဂ္ဂက The Voice Weekly သို့ ပြောကြားသည်။
နှစ်သိန်းတန်ဖုန်းနှင့် သုံးသောင်းတန်ဖုန်းဟန်းဆက် ပူးတွဲအတွက် ကျပ်နှစ်သိန်း သုံးသောင်း၊ ဝန်ဆောင်ခ အဖြစ် လစဉ် ကျပ်တစ်သောင်း၊ စုစုပေါင်း ကျပ်နှစ်သိန်း ခုနှစ်သောင်းကို လေးလအတွင်း အရစ်ကျ ပေးရမည် ဖြစ်ကြောင်း၊ စတင်ဝယ်ယူသည့် လတွင် ခြောက်သောင်းကျပ် ပေးသွင်းရန် လိုအပ်ပြီး လစဉ် ၅၂၅၀၀ ပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ယင်းစနစ်ဖြင့် ဖုန်းဝယ်ယူလိုသူများ မတ်လ ၁၂ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့အထိ မြေနီကုန်း (ဓမ္မာရုံလမ်း)၊ အလုံ (ဆင်မင်းလမ်း) နှင့် ကျောက်တံတား မြို့နယ် ဆိပ်ကမ်းသာလမ်းရှိ ABC ဆိုင်ခွဲများတွင် လူကိုယ်တိုင် ကြိုတင်စာရင်း ပေးသွင်းရမည် ဖြစ်ပြီး မတ်လ ၁၂ တစ်ရက်အတွင်း စာရင်းပေးသွင်းသူ ၈၅ ဦး ရှိပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
"အဲဒါဆိုရင် ကောင်းတာပေါ့၊ ပုံမှန်လစာရှိတဲ့ ဝန်ထမ်းတွေ ဝယ်နိုင်တော့မှာပေါ့၊ အိမ်က သားကို ဝယ်ခိုင်းရမယ်" ဟု ရန်ကုန်မြို့တော် လှိုင်မြို့နယ်နေ အစိုးရ ဝန်ထမ်း၏ ဇနီးသည်က ပြောဆိုသည်။ အာမခံသူ ထောက်ခံပေးမည့်သူ မရှိဘဲ ရောင်းချရာတွင် ငွေများ ပုံမှန် မပေးသွင်းပါက ဖုန်းလိုင်းကို ပိတ်မည် ဖြစ်ကြောင်း အဆိုပါ ဖုန်းအရောင်းဆိုင်ထံမှ သိရသည်။ ကျပ်ငါးသိန်းတန် ဖုန်းများ ရောင်းချစဉ်ကပင် အရစ်ကျစနစ်ဖြင့် ဖုန်းရောင်းချခြင်းများကို ရန်ကုန် မြို့တော်တွင်းရှိ နာမည်ကျော် ဖုန်းအရောင်းဆိုင်ကြီးများနှင့် ဘဏ်များ ချိတ်ဆက်ကာ ရောင်းချ ပေးခဲ့ရာတွင် အာမခံမည့် ဘဏ်စာရင်းရှိသူ တစ်ဦး လိုအပ်သည်။
ယခု နှစ်သိန်းဖုန်း ကိုလည်း ၎င်းတို့က ယခင်အတိုင်း ဆက်လက် ရောင်းချပေးမည် ဖြစ်ကြောင်း DO CO MO၊ လူကြီးမင်း၊ ဖလားဝါး မိုဘိုင်းလ်၊ E-lite စသည့် ဖုန်းအရောင်းဆိုင်များနှင့် ဘဏ်များထံမှ စုံစမ်းသိရှိ ရသည်။ အဆိုပါဆိုင်ကြီးများက ရောင်းချမည့် ယင်းစနစ်တွင်လည်း ဝယ်ယူမည့် ငွေ၏ ၃၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း စသည်ဖြင့် ဘဏ်ပေါ် မူတည်ကာ ကနဦး ပေးသွင်းရပြီး ကျန်ငွေကို ၆ လအတွင်း ပေးချေရသည့် စနစ်ပင် ဖြစ်သည်။
The Voice Weekly
Posted: 15 Mar 2012 02:32 AM PDT
ပြည်ခိုင်းဖြိုးကိုယ်စားလှယ်လောင်း ဒေါက်တာစိုးမင်းကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကော့မှုးမြို့နယ်တွင်းရှိ ကျေးရွာတစ်ရွာတွင် ဒေသခံများအား မဲဆွယ်ဟောပြောနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
အရှိန်အ၀ါကြီးမားလှတဲ့ ပြိုင်ဘက်နဲ့ ယှဉ်လိုက်ရင် သူ့မှာ လှိုက်လှိုက် လဲလဲနဲ့ ကြိုဆိုနေတဲ့ ပရိသတ်မရှိပါဘူး။ ဒါပေမယ့် လာမယ့်ဧပြီလ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်အရွေးချယ်ခံမယ့် လက်ရှိအာဏာရ ပါတီရဲ့ ကိုယ်စားလှယ်လောင်းအနေနဲ့ ရှုံးနိမ့်မှုဆိုတဲ့ စကားမျိုးကိုတောင် ပြောဖို့ အချိန်မရှိပါဘူး။
စစ်တပ်ဆရာဝန်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ ဒေါက်တာစိုးမင်းတစ်ယောက် ကတော့ တစ်ရွာပြီးတစ်ရွာလှည့်လည်ရင်း ဆေးအခမဲ့ကုသပေးရင်းနဲ့ပဲ သူ့ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံကြဖို့ သတင်းစကားကို ဖြန့်ဝေ ပေးနေပါတယ်။
ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး စည်းရုံးရေးခရီးစဉ်တိုင်းမှာ ထောင်ပေါင်းများစွာသော လူထုကြီးကို ဆွဲဆောင်နိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ရ ခြင်းရဲ့ စိန်ခေါ်မှုကြီးကိုတော့ သူက အေးဆေးစွာပဲ တုံ့ပြန်ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူနဲ့ ကျွန်တော်တို့ဟာ မိသားစုတစ်ခုတည်း လိုပါပဲ။ ကျွန်တော်တို့ဟာ မိသားစုတွေပါ။ ပြည်သူ တွေဟာ ကျွန်တော်တို့ရဲ့ အမိ အဖတွေပါ။ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့ရဲ့ အစ်မကြီးပါ" လို့ ဒေါက်တာ စိုးမင်းက အေအက်ဖ်ပီကိုပြောပါ တယ်။
"ကျွန်တော်က ကျွန်တော့ကို တိုင်းပြည်က အပ်နှင်းထားတဲ့ တာဝန်ကို ကျေချင်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်ပြိုင် အနိုင်ယူချင်လို့မဟုတ်ပါဘူး။ ကျွန်တော့ကိုယ်ကျွန်တော်ပြိုင်နေတာပါ" လို့ သူက သူ့ထက် အသက် ၁၇ နှစ် ကြီးတဲ့ ဒေါ်အောင်ဆန်း စုကြည်နာမည် ရှေ့မှာ လေးလေးစားစားနဲ့ ဒေါ်တပ်ခေါ်လို့ ပြောပါတယ်။
အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာ စိုးမင်းဟာ လွန်ခဲ့တဲ့ ခြောက်နှစ်က တပ်မတော်က အနားယူခဲ့ပြီး အခုတော့ ပြည်ခိုင်ဖြိုးက ဖွင့်ထားတဲ့ အခမဲ့ဆေးခန်းမှာ သူဟာ အမြဲမြင်တွေ့နေကျပုံရိပ် တစ်ခု ဖြစ်နေပါပြီ။
ပြည်ခိုင်ဖြိုးဝတ်စုံဖြစ်တဲ့ ရှပ်အဖြူနဲ့ ပုဆိုးအစိမ်းကို ၀တ်ဆင်ထားပြီး လက်ထဲ မှာ နားကြပ်ကိုကိုင်ထားတဲ့ သူဟာ ဖုန်ထူ ထူသူ့ ဇာတိမြို့လေးမှာ ကျန်းမာရေး အသိတွေပြောပြပေးရင်း လူတွေကို ကျန်းမာရေး စစ်ဆေးပေးတာတွေကို ပါတီရဲ့ ခြင်္သေ့တံဆိပ် အောက်ကနေ ဆောင်ရွက်ပေးနေပါတယ်။
တစ်ခါတစ်ရံမှာလည်း သူ့ကိုမဲပေး မယ့်သူတွေဖြစ်လာနိုင်တဲ့ တိုင်းရင်းသား တွေနဲ့ လူနာတွေနဲ့ တွေ့ဆုံချိန်တွေမှာ ကရင်အမျိုးသား ၀တ်စုံကို ၀တ်ဆင်ထား ပါသေးတယ်။
ကော့မှူးမြို့နယ်က ကျေးလက်မဲဆန္ဒ နယ်တွေကို ဒေါက်တာစိုးမင်းသွားတဲ့ အချိန်တွေမှာ လမ်းမပေါ်မှာ သူတစ်ယောက်တည်းပါ။
ဒါဟာ အင်န်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခဏလောက်မြင်တွေ့ခွင့် ရဖို့သွားရာ လမ်းဘေးတစ်လျှောက် လာရောက်စုရုံးနေတဲ့ လူထုကြီးနဲ့ ယှဉ်မယ်ဆိုရင်တော့ ဆန့်ကျင်ဘက် မြင်ကွင်းတစ်ခုပေါ့။
ပြည်ခိုင်ဖြိုးကို မဲပေးမယ့်သူတွေကို သူပေးတဲ့သတင်းစကားကတော့ ပြည်ခိုင်ဖြိုးကိုပေးတဲ့ မဲတစ်မဲဟာ ခေတ်မီ ဒီမိုကရက်တစ် နိုင်ငံတည်ထောင်ဖို့၊ အချုပ်အချာအာဏာကို ထိန်းသိမ်းဖို့ နဲ့ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ တိုင်းရင်း သားတွေရဲ့ နယ်စပ်ဒေသတွေမှာ စည်းလုံးညီညွတ်ရေးကို ပြန်လည်တည် ဆောက်ဖို့ အထောက်အကူဖြစ်မယ် ဆိုတာပါပဲ။
၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရခဲ့ ပါဘူး။
အဲဒီအချိန်တုန်းက သူဟာ နေအိမ်မှာအကျယ်ချုပ် ကျခံနေရတဲ့ အချိန်ပါ။
ဆယ်စုနှစ်နှစ်ခုလောက် အထိန်းသိမ်းခံခဲ့ရတဲ့ သူမဟာ ရွေးကောက်ပွဲအပြီး ရက်အနည်းငယ် အကြာမှာ လွတ်မြောက်လာပါတယ်။
နှစ် ၅၀ လောက် စစ်တပ်အုပ်စိုးမှုကို ရပ်တန့်သွားစေခဲ့တဲ့ အာဏာရအရပ် သားအစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်တိုက် ဆောင်ရွက်ခဲ့ပြီး ဝေဖန်သူတွေကို အံ့အားသင့်စေခဲ့ပါတယ်။
အကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခဲ့ပြီး အင်န်အယ်လ်ဒီ ကိုလည်း နိုင်ငံရေးလုပ်ငန်းစဉ်ကြီးထဲ ပြန်ဝင်လာဖို့ ဖိတ်ခေါ် ခဲ့ပါတယ်။
လေ့လာသူတွေကတော့ အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ နိုင်စေချင်တယ်လို့ဆိုကြ ပါတယ်။
ဒါမှသူတို့ရဲ့ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းတွေဟာ အသိအမှတ်ပြုခံရပြီး အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုတွေ လျော့ကျ သွားစေမှာ ဖြစ်ပါ တယ်။
လက်ရှိအချိန်မှာတော့ လွှတ်တော် တွင်းမှာ နေရာလေးပုံတစ်ပုံက တပ်မတော်သားကိုယ်စားလှယ်တွေဖြစ်ပြီး ကျန်နေရာတွေရဲ့ ၈၀ ရာခိုင်နှုန်း လောက်ကို ပြည်ခိုင်ဖြိုးအမတ်တွေက လွှမ်းမိုးထားပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲဝင်လာခြင်းဟာ ထူးခြား ပြီး အတိုက်အခံတွေဟာလည်း ဥပဒေပြု ရေးလုပ်ငန်း စဉ်မှာ တရားဝင်နေရာ တစ်ခု ရလာမှာဖြစ်ပါတယ်။
"အင်န်အယ်လ်ဒီခေါင်းဆောင် ဒေါ်စုကို ကျွန်တော်တို့ ထောက်ခံသွားမှာပါ။ သူ့ကိုကျွန်တော်တို့ ယုံကြည်တယ်" လို့ လယ်သမားကြီး ကိုအေးလှိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်တဲ့ လွပ်လပ်ရေးခေါင်ဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဓာတ်ပုံရှေ့မှာ မတ်တပ် ရပ်ရင်း ပြောပါတယ်။
ဒေါက်တာစိုးမင်းကတော့ မဲဆွယ်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး လူနာတွေဟာ သူ့ကို ထောက်ခံမဲပေးကြမယ် လို့ မျှော်လင့်ထား ပါတယ်။
"ကျွန်တော်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ကျွန်တော်နှစ်နှစ်ကာကာ ယုံကြည်ပါတယ်။ ကျွန်တော်တို့ပါတီနိုင်မှာပါ"လို့ သူက ဆိုပါတယ်။
ရစ်ချက်ဆာဂျင့်
(အေအက်ဖ်ပီ)
ဆန်းဦး ဘာသာပြန်သည်။ (မြန်မာ့တိုင်းမ်)
Posted: 15 Mar 2012 02:25 AM PDT
၂၀၁၀ရွေးကောက်ပွဲတွင် မဲမပေးခဲ့သော်လည်း ယခုနှစ်ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် မဲပေးမည်ဟု ဆုံးဖြတ်ထားသူ ၊ အန်အယ်လ်ဒီပါတီအတွက် မဲဆွယ်စည်းရုံးရေးများကိုပါ ပြုလုပ်ပေးမည့် ကိုလူမင်းနှင့် တွေ့ဆုံမေးမြန်းချက်များကို စုစည်းတင်ပြအပ်ပါသည်။
မေး။              ။ ကိုလူမင်း ၂၀၁၀ရွေးကောက်ပွဲမှာ မဲပေးခဲ့ပါလား ။
ဖြေ။              ။ ကျွန်တော်မပေးခဲ့ပါဘူး။
မေး။              ။ အကိုဘာလို့ မဲမပေးခဲ့တာပါလဲ။
ဖြေ။              ။ မဲမပေးဘူးဆိုတာက သိပ်လဲ စိတ်မ၀င်စားဘူး ပြီးရင် ဒီလိုဘဲဖြစ်မယ်ဆိုတာ ကြိုသိနေတော့ မဲပေးခြင်း မပေးခြင်းအပေါ် စိတ်လဲ မ၀င်စားဘူး ပြီးတော့ ထင်တဲ့အတိုင်းပဲ ဖြစ်သွားတာပဲ။
မေး။              ။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲမှာရော ကိုလူမင်း မဲထည့်ဖို့ ဆုံးဖြတ်ထားပါသလား။
ဖြေ။              ။ မနှစ်က မဲမပေးတာက စိတ်မ၀င်စားလို့ အခုတော့ မဲပေးမှာပါ ။
မေး။              ။ မဲပေးဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းအရင်းရှိရင် ပြောပြပေးပါ။
ဖြေ။              ။ အမေစုကလဲပြောတယ် မဲပေးတဲ့လူတိုင်းက ကိုယ့်မဲတစ်မဲသွားမထည့်ရုံနဲ့ ဘာမှ မဖြစ်ပါဘူး ဆိုတဲ့ အတွေးမျိုးမတွေးရဘူး ကိုယ့်မဲတစ်မဲဟာ အဆုံးအဖြတ်ပေးနိုင်တဲ့ မဲဖြစ်တယ်လို့ ခံယူထားရမယ် ဆိုတဲ့အတိုင်း ဒီကြားဖြတ်ရွေးကောက်ပွဲကတော့ အမေစုတို့လဲ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုတော့ ကိုယ့်မဲတစ်မဲကြောင့် နစ်နာသွားတာမျိုး ကိုယ့်မဲတစ်မဲသည် တိုင်းပြည်ကောင်းစားသွားအောင် ထောက်ပံ့ပေးနိုင်မဲ့ မဲတစ်မဲ အဲ့လိုခံယူပြီးတော့ ပေးဖြစ်အောင်ကို ပေးမှာပါ။
မေး။              ။ ကိုလူမင်းအနေနဲ့ ယခင်က တရားမျှတမှုမရှိခဲ့တာကို သိနေလို့ မဲမပေးခဲ့ဘူးပေါ့နော် ယခုလာမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာရော တရားမျှတမှုရှိဖို့ဆိုရင် ဘာတွေလိုအပ်တယ်လို့ မြင်ပါသလဲ။
ဖြေ။              ။ မဲပေးတဲ့အချိန်မှ မဟုတ်ဘူး မဲမပေးခင်အချိန်မှာကိုက ဒီလိုမဲဆွယ်စည်းရုံးတဲ့အချိန်မှာ မှစပြီး တရားမျှတဖို့ လိုအပ်တယ်။ ဘာလို့လဲဆိုတော့ အရင်က ပါတီအချို့က အာဏာပိုင်အဖွဲ့အစည်းက လူတွေဖြစ်တဲ့အတွက် အဲ့အရှိန်အ၀ါတွေနဲ့ ဆက်သွားနေတဲ့လူဖြစ်နေတာကို တွေ့နေမြင်နေရတယ်။ ဒါတွေက တစ်နည်းအားဖြင့် မဲဆွယ်တာမဟုတ်ဘဲ မဲဝယ်တာဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ် ဆိုတာတွေကို ကြားသိနေရတယ်ဆိုတော့ အဲ့ဒါတွေပါ တရားမျှတဖို့ လိုအပ်တယ် ။
မေး။              ။ ကိုလူမင်းတို့ အနုပညာရှင်တွေ စုစည်းပြီးတော့ နယ်တွေကိုအန်အယ်လ်ဒီပါတီအတွက်မဲဆွယ်စည်းရုံးရေးတွေ ပြုလုပ်ပေးမယ်လို့ ကြားသိရပါတယ် ဘယ်တွေကိုသွားရောက်မှာပါလဲ။
ဖြေ။              ။ အကိုတို့ အကြမ်းဖျင်းသိထားတာ အကိုတို့သွားမဲ့နေရာဒေသက ပြင်ဦးလွင်  ၊ မုံရွာ ၊ ပခုက္ကူ ကိုပါ။
မေး။              ။ဘယ်လို ပုံစံမျိုးနဲ့ စည်းရုံးရေးတွေ ပြုလုပ်သွားမှာပါလဲ။
ဖြေ။              ။ ဘယ်လိုပုံစံလဲဆိုတော့ မဲပေးတဲ့အခါ ပြည်သူတွေ အလေးအနက်ထားဖို့ ဘယ်လိုပေးရတယ် ဘယ်လိုမျိုးလေးတွေလုပ်ရင် မဲတစ်မဲက ပယ်မဲဖြစ်သွားရင် ဘယ်လိုဆုံးရှုံးတယ်ဆိုတာ မဲကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုကို အဲ့လိုနဲ့ ပညာပေးဖို့ပေါ့ နောက် ကျွန်တော်တို့အပိုင်းက ပြဇာတ်ကဖို့လုပ်ထားတယ် ၊ သီချင်းလဲဆိုကြမှာပါ အဲ့လိုပုံစံမျိုးနဲ့ စည်းရုံးရေးလုပ်မှာပါ။
မေး။              ။ ကိုလူမင်း အန်အယ်လ်ဒီပါတီဝင်ပြီးပါပြီလား ၊ မ၀င်ရသေးရင် ၀င်ဖို့ အစီအစဉ်ရှိပါသလား။
ဖြေ။              ။ မ၀င်ရသေးပါဘူး ၊ မရှိဘူးလို့လဲ မပြောနိုင်ပါဘူး။
မေး။              ။ ကိုလူမင်းတို့ အနုပညာရှင်တွေအနေနဲ့ပေါ့ အန်အယ်လ်ဒီပါတီဝင်မဟုတ်ပဲ စည်းရုံးရေးဆင်းတဲ့အခါမှာ အခက်အခဲတွေ အတားအဆီးတွေ ရှိလာနိုင်တယ်ပေါ့နော် အဲ့အတွက် ကြိုတင်ပြင်ဆင်ထားတာတွေရော ရှိပါသလား။
ဖြေ။               ။ အကိုတို့ရဲ့ ရပ်တည်ချက်က ရှင်းတယ် အမေစုကို အကြွင်းမဲ့ယုံကြည်တယ် အမေစုကို ပံ့ပိုးချင်တယ် အမေစုကို ပံ့ပိုးတယ်ဆိုတာ အန်အယ်လ်ဒီကို ပံ့ပိုးတာနဲ့အတူတူပဲ။ အန်အယ်လ်ဒီကို ပံ့ပိုးတယ်ဆိုတာ ကိုယ့်တိုင်းပြည်ကောင်းစားရေးအတွက် တစ်ခန်းတစ်ကဏ္ဍပံ့ပိုးတာနဲ့ အတူတူပါဘဲ ၊ အဲ့ယုံကြည်မှု ရထားတဲ့အတွက် လုပ်သင့်လုပ်ထိုက်တာတော့ လုပ်သွားမှာပါဘဲ။
မေး။               ။ ကိုလူမင်း နိုင်ငံရေးကို စိတ်ဝင်စားဖြစ်လာတဲ့အကြောင်းအရင်းနဲ့ ဒေါ်အောင်ဆန်စုကြည်နဲ့ တွေ့ပြီးတဲ့နောက်ပိုင်း ခံစားရတဲ့ ခံစားချက်ပြောပြပေးပါ။
ဖြေ။                ။ နိုင်ငံရေးကတော့ အကိုတို့က ၈၈ကို ဖြတ်သန်းခဲ့တဲ့ လူတွေဆိုတော့ အဲ့ဒီကတည်းက စိတ်ဝင်စားပြီးသား အမေစုနဲ့ တွေ့တဲ့အခါကျတော့ ဟိုတုန်းကတည်းက အမေစု မိန့်ခွန်းတွေ အမေစုရဲ့ သဘောထားတွေ သူ့ရဲ့ခံယူချက်တွေ ရှင်းပြစရာမလိုအောင် သိထားနေတာပဲ အဲ့တော့ နိုင်ငံရေးနဲ့ ပတ်သက်ရင် ကိုယ့်တိုင်းပြည်နဲ့ ပတ်သက်ရင်တော့ အမေစုကို အကြွင်းမဲ့ယုံကြည်တယ်လေ နဂိုကတည်းက အကိုတို့က ဗိုလ်ချုပ်အောင်ဆန်းကို လေးစားအားထားတဲ့လူဆိုတော့ အမေစုကို ပထမဆုံး စတွေ့လိုက်တဲ့အချိန်တုန်းက ဆိုရင် ကိုယ်တို့လေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသမီးဘ၀နဲ့ တွေ့လိုက်ရသလိုကို ခံစားရတယ် ။
မေး။              ။ ၂၀၁၅ခုနှစ်မှာ ပြည့်မယ့် ဗိုလ်ချုပ်အောင်ဆန်းအတ္တုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးမှာ ကိုလူမင်းလဲပါတယ်ဆိုတော့ ဘယ်လိုအခြေအနေထိ ပြီးမြောက်ပါပြီလဲ။
ဖြေ။                 ။ ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္ထိ ဇာတ်ကားဖြစ်မြောက်ရေးအတွက်က အခုဇာတ်ညွှန်းရေးတဲ့အဖွဲ့တွေ ဖွဲ့ပြီးတော့ ဇာတ်ညွှန်းအချက်အလက်တွေ စတင်စုဆောင်းပြီးတော့ ညှို့နှိုင်းတိုင်ပင်နေပြီ ဗိုလ်ချုပ်နဲ့ပုံစံတူ သရုပ်ဆောင်တွေ အခုလျှောက်လွှာခေါ်နေပြီ ပြီးရင် နောက်တစ်ဆင့် ဒေါ်ခင်ကြည်နဲ့ ပုံစံတူတဲ့ ပုံစံတူ လျှောက်လွှာတွေ ထပ်ခေါ်ဖို့ရှိတယ် ။
ကိုလူမင်းကို မြစ်မခမီဒီယာမှ ကျေးဇူးတင်ပါတယ်။      
Posted: 15 Mar 2012 01:28 AM PDT
ဧရာဝတီတိုင်း မြောင်းမြမြို့နယ်တွင်းရှိ ကျေးရွာ အချို့တွင် ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး မန်းသန်းရွှေက တအိမ်တ ယောက် မလာမနေရ ဆင့်ခေါ်ကာ ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) ကိုမဲထည့်ကြရန် စည်းရုံးကြောင်း ဒေသခံများက ပြောသည်။
ရန်ကုန်မြို့တွင် မတ်လ ၇ ရက်နေ့က မဲဆွယ် စည်းရုံးရေး လုပ်နေသော ကြံ့ခိုင်ရေး ပါတီဝင်များ (ဓာတ်ပုံ - Reuters)
မြောင်းမြမြို့နယ် ငှက်ပျောတော ကျေးရွာ အမှတ် ၁၀၁ မူလတန်းကျောင်းတွင် ယခုလ ၁၀ ရက်နေ့က ရွာခံများကို အစည်း အဝေး ပြုလုပ်ရန်ဟု ခေါ်ယူကာ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ကြံ့ခိုင်ရေး ပါတီက မြောင်းမြမြို့နယ်ကိုယ်စားပြုပြီး ဝင်ရောက် ရွေးချယ်ခံမည့် ဦးဖြိုးကိုကိုတင်ဆန်း ကို မဲထည့်ပေးကြရန် စည်းရုံးပြောဆိုသွားကြောင်း ရွာခံများက ဧရာဝတီသို့ ပြောဆိုကြသည်။
"သူပြောတာက ပြည်ခိုင်ဖြိုးပါတီက လက်ရှိအာဏာရအစိုးရ ဖြစ်တယ်ပေါ့။ သူတို့ပါတီကပဲ ဒီဒေသရဲ့လိုအပ်ချက်တွေကို လုပ်ပေးနိုင်မယ်တဲ့။ အခုဒီဒေသ ဖွံ့ဖြိုးရေးတွေကိုလည်း ဦးဖြိုးကိုကိုတင့်ဆန်းကပဲ ငွေကုန်ကြေးကျခံပြီး လုပ်ပေးနေတာ ဖြစ်တဲ့အတွက် သူ့ကိုပဲ မဲပေးရမယ်တဲ့ အဲလိုပြောသွားတာ" ဟု ငှက်ပျောတော ရွာသား တဦးက ဧရာဝတီသို့ ပြောသည်။
အလားတူ မတ်လ ဒုတိယ ပတ်ထဲတွင် မြောင်းမြမြို့နယ် လပွတ်ကုလား ကျေးရွာရှိ ကျိုက်မောင်းဘုရားကြီး၊ သီရိပစ္စရာ ဓမ္မာရုံတွင် လည်း ရွာခံများကို အစည်းဝေး ခေါ်ယူကာ ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီကို မဲပေးကြရန် တိုက်တွန်း ခဲ့ကြောင်း အစည်းအဝေး တက်ရောက်သူ ရွာခံများထံမှ စုံစမ်းသိရှိရသည်။
ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း တဦးသည် ရွေးကောက်ပွဲ အသုံး စရိတ်အဖြစ် ကျပ် သိန်း (၁၀၀) အထိ သုံးစွဲနိုင်ကြောင်း ပါတီ မှတ်ပုံတင်ဥပဒေ က ပြဌာန်းထားသော်လည်း မြောင်းမြမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်း မှာ မဲဆွယ်စည်းရုံးရေး ကာလအတွင်း ကျပ်သိန်း (၁၀၀) ကျော်သုံးစွဲပြီးဖြစ်ကြောင်း လပွတ်ကုလား ရွာတွင် ပြုလုပ်သော အစည်းအဝေးတွင် ဝန်ကြီး မန်းသန်းရွှေ က ထုတ်ဖေါ်ပြောဆိုကြောင်း ရွာခံများကပြောသည်။
"ဦးဖြိုးကိုကိုတင့်ဆန်း က ရွေးကောက်ပွဲ အသုံးစရိတ် သိန်း တစ်ရာကျော် သုံးပြီးပြီတဲ့ အစည်းအဝေးမှာ မန်းသန်းရွှေ က ပြော တယ်။ ဒါကြောင့် ခင်ဗျားတို့ရွာတွေဖွံ့ဖြိုးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး လတ်တလော ထပ်လုပ်ပေးနိုင်ဦးမှာ မဟုတ်သေး ဘူးတဲ့ အဲသလိုပြောတယ်" ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးက ဧရာဝတီသို့ ပြောသည်။
မန်းသန်းရွှေသည် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ကြံ့ခိုင်ရေး ပါတီ ကိုယ်စားပြု၍ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေမှ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်လာခဲ့သည်။
ဝန်ကြီးတဦးအနေဖြင့် ကျေးရွာခံများကို တအိမ်တယောက် မလာမနေရ ခေါ်ယူကာ ကြံ့ခိုင်ရေးပါတီအတွက် မဲပေးခိုင်းခြင်းကို မကျေနပ်သည့် လပွတ်ကုလားနှင့် ငှက်ပျောတော ကျေးရွာခံများက မြောင်းမြမြို့ပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရုံးသို့ စာပို့တိုင်တန်းမှုများ ရှိသကဲ့သို့ ကာယကံရှင်များကိုယ်တိုင်လည်း သွားရောက်တိုင်တန်းမှုများပြုလုပ်ခဲ့ကြသည်ဟုဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရွာခံများတိုင်းတန်းချက်များကိုစုပေါင်းကာ မြောင်းမြခရိုင် ကော်မရှင်ရုံးသို့ ယခုလ ၁၂ ရက်နေ့က တိုင်တန်းထားကြောင်း မြောင်းမြမြို့နယ် NLD မဲအောင်နိုင်ရေး ခေါင်းဆောင် ဦးဝင်းဆွေ က ဧရာဝတီသို့ ပြောသည်။
"ဝန်ကြီးလိုက်စည်းရုံးတဲ့ ရွာတွေက မကျေနပ်တဲ့လူတွေက ကျနော်တို့ဆီကို တရားဝင် စာတွေနဲ့တိုင်ကြားလာတာတွေရှိတယ်။ အဲဒါကို ကျနော်တို့ကလည်း တရားဝင် ခရိုင်ကော်မရှင်ရုံးကို တနင်္လာနေ့က စာနဲ့ပြန်တင်ပြထားတယ်"ဟု ဦးဝင်းဆွေ က ပြောသည်။
မြောင်းမြခရိုင် ကော်မရှင်ရုံးသို့ ဧရာဝတီ က ဆက်သွယ်မေးမြန်းရာတွင် စိစစ်နေဆဲဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သော်လည်း အသေးစိပ် ဖြေကြားခြင်းမရှိပေ။
အလားတူ မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဗိုလ်မှူးဟောင်း ဦးမင်းထူးကျော် က ကြားဖြတ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီအား အနိုင်ရရှိရေး နီးစပ်ရာ စည်းရုံးပေးရန် သူ၏လက်အောက်ခံဝန်ထမ်းများကို တနင်္လာနေ့တိုင်း ပြုလုပ်သော အပတ်စဉ် ရုံးအစည်း အဝေးတွင် တိုက်တွန်းပြောကြားကြောင်း ဝန်ထမ်းမိသားစုဝင် တဦးက ဧရာဝတီသို့ ပြောသည်။
"ဝန်ထမ်းတွေရဲ့မိသားစုတွေ၊ နီးစပ်ရာဆွေမျိုးအသိုင်းဝိုင်းတွေကို ကြံ့ခိုင်ရေးပါတီကို မဲထည့်ကြဖို့ တတ်နိုင်သလောက် စည်းရုံး ခိုင်းတယ်။ တကယ်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးမနိုင်ဘူးဆိုရင် သူကိုယ်တိုင်ရာထူးကနေ နုတ်ထွက်မယ်လို့ကို ပြော တာ"ဟု သူက ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ မြောင်းမြ မဲဆန္ဒနယ်တွင် ကြံ့ခိုင်ရေးပါတီမှ ဦးဖြိုးကိုကိုတင့်ဆန်း၊ NLD ပါတီမှ မန်းဂျော်နီနှင့် အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီမှ ဦးအောင်မျိုးလှိုင်တို့ ဝင်ရောက် ရွေးချယ်ခံကြမည်ဖြစ်သည်။ ကြံ့ခိုင်ရေး ပါတီ၏ ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်း သည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ သားဖြစ်သည်။
ဖေဖော်ဝါရီ ၇ ရက်နေ့က NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ မြောင်းမြမြို့ စည်းရုံးရေး ခရီးစဉ်၌ စည်းရုံးဟောပြောမည့် ဘော လုံးကွင်းများကို ငှားရမ်းအသုံးပြုရန် တောင်းဆိုရာတွင် ဦးတင့်ဆန်းက တားမြစ်၊ ပိတ်ပင်ခဲ့သေးသည်။
ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတသောရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကြီးကြပ်ပေးသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ယခုလ ၈ ရက်နေ့ က နေပြည်တော်တွင်ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဧရာဝတီ
Posted: 15 Mar 2012 01:19 AM PDT
လှော်ကား(ရေကူး)ရေပေး လွှတ်သည့်ရေပိုက်လိုင်းအကြီးစား ပေါက်ခဲ့သည့်အတွက် ရန်ကုန် မြို့တွင်း နေရာအနှံ့ရေပေး ဝေမှုပြတ် တောက် ခဲ့ကြောင်း သိရ သည်။ယင်းရေပေးလွှတ်သည့်နေရာ သည်ရွှေပြည်သာမြို့နယ်၊  စစ်အကျဉ်း ထောင်နောက်ဘက်ခြမ်းရှိအချင်း  ၆၆ လက်မရှိ ကွန်ကရစ်ပိုက်လိုင်း မတ်လ ၁၂ရက် နေ့မွန်းလွဲ၂နာရီခွဲကပေါက် ခဲ့ခြင်း ဖြစ်ပြီးရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရေ နှင့် သန့်ရှင်းရေး (အင်ဂျင်နီယာဌာန) မှ အမြန်ဆုံးပြုပြင်ခဲ့ရာ  ၁၅ရက်နေ့တွင်ပုံမှန် အတိုင်းရေပြန်လည်ပေးဝေသွား မည်ဖြစ် ကြောင်းသိရသည်။ ရေနှင့်သန့်ရှင်းမှု(အင်ဂျင် နီယာဌာန)မှဌာနစုမှူးဦးတင့်ဇော် က''ရေပိုက်တွေက တပ်ဆင်ထား တာ နှစ်အတော်ကြာပြီ ၊အဂင်0x081တေပိုက် လိုင်း တွေ ဆိုတော့ ဆွေးမြေ့ပြီး ပေါက်တာဖြစ်တယ်။   အဲဒီပေါက်တဲ့ နေရာကိုလူအင်အားသုံးပြီးအမြန်ဆုံး ပြန်ပြုပြင်ပေးထား တယ်။ ၁၅ရက်နေ့ မနက်မှာ  ရေပြန်ပေးဝေနိုင်မှာပါ ''ဟု ပြောသည်။
warter11_1.jpgလှော်ကား(ရေကူး)ရေပေး လွှတ်သည့်ရေပိုက်လိုင်းအကြီးစား ပေါက်ခဲ့မှု ပြင်ဆင်နေသည့် မြင်ကွင်းယင်းသို့ရေပို့ လွှတ်သည့် ပိုက်လိုင်း ပြင်ဆင်နေ ရချိန်အတွင်း မဂင်0x081လာဒုံ၊ မရမ်းကုန်း ၊ရန်ကင်း ၊ဗဟန်း၊လှိုင် သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ကမာရွတ်၊ လှိုင်၊ တာမွေ၊ သဃင်0x081န်းကျွန်း၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊  ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်း၊ မဂင်0x081လာ တောင်ညွှန့်၊ လမ်းမတော် အစရှိ သည့်မြို့နယ်များတွင်  ရေပေးဝေမှု ရပ်ဆိုင်းထားခဲ့ရကြောင်းသိရ သည်။ ''လှော်ကား မှ ဒီရေပိုက် လိုင်းကနေ  နေ့စဉ်၅၄သန်း ပေးလွှတ် နေတယ်။ အနိမ့်ပိုင်းကျ တဲ့နေရာတွေ ကပိုက်လိုင်းပေါက်တာ တွေပိုအဖြစ်များတယ်။ ပြုပြင်တဲ့ စရိတ်ကုန်ကျမှုကိုစာရင်း မချုပ်ရ သေး တော့ ပြောလို့မရသေး ဘူး။  လူတွေကရေမ ရရင် မရတာဘဲ သိတယ်။ ကျွန်တော်တို့  လည်း အမြန်ဆုံးပြု ပြင်ပေးတာပါဘဲ '' ဟု ဦးတင့်ဇော် ကပြောသည်။အဆိုပါ ပိုက်လိုင်း သည်လှော်ကား ရေတွန်းစက်ရုံမှရန်ကုန်မြို့တွင်းမြို့  နယ်များကိုအဓိကရေပေးဝေသည့် ပိုက်လိုင်းဖြစ်ပြီးယခင်က၅ကြိမ် ခန့် ရေပိုက်ပေါက်ဖူး ခဲ့ကြောင်းသိရ သည်။ ကျောက်တံတား မြို့နယ်နေ ဒေါ်သင်းသင်းက''ဂျိုးဖြူရေဆိုတော့ ဒီနေ့တင်ဒီနေ့သုံးဘဲ။၂ရက်လောက် ရေမရလိုက်တော့ချိုးစရာရေတောင် မရှိတော့ဘူး။ ထမင်း၊ဟင်းချက်တာ ရေသန့်ဝယ်ပြီးချက်ပြုတ်နေရတယ်''ဟု ပြောသည်။  ယခုရေပေးဝေမှု ပြတ်တောက် ခဲ့ရာ၌ ရန်ကုန် အရှေ့ပိုင်းမြို့နယ်မပါ ဝင်ကြောင်း  ရန်ကင်းမြို့နယ်ကို  အချိန် ပိုင်းနှင့်ရေပေးဝေခဲ့ကြောင်းသိရ သည်။
ရန်ကုန်တိုင်းမ်
Posted: 15 Mar 2012 01:12 AM PDT
နှစ်ပေါင်း ၃၀၀ ကျော်တိုင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်း တည်နေရာကို အတိအကျ တွေ့ရှိပြီ
By Flower News Journal
ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်တောင်ချောင်းတို့ ဆုံရာအလယ်တွင် နှစ်ပေါင်း ၃၀၀ ကျော်တိုင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်းကို အမေရိကန်နိုင်ငံမှ လွှတ်တင်ထားသော နာဆာ Land Sat 7 ဂြိုဟ်တုဖြင့်  ခေါင်းလောင်းပုံရိပ်ကို အတိအကျ တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ "လွန်ခဲ့တဲ့ ငါးရက်လောက်က ကြည့်ဖြစ်ခဲ့တာ ဘယ်နေရာမှာ ခေါင်းလောင်း ရှိတယ်၊ ဘယ်နေရာမှာ သင်္ဘောပျက် ရှိတယ် ဆိုတာတွေကို အတိအကျ မြင်နေရပါတယ်။ ဓမ္မစေတီခေါင်းလောင်းကို ရေထဲကနေ ပြန်လည်ဆည်ယူဖို့ ခန့်မှန်းခြေ ဒေါ်လာငါးသိန်း ဝန်းကျင်လောက် လိုတယ်။ အခုလက်ရှိတော့ အဲဒီဓမ္မစေတီ ခေါင်းလောင်းကို ဆယ်ယူဖို့ နိုင်ငံတော်အနေနဲ့ ဘယ်သူ့ကိုမှ လုပ်ပိုင်ခွင့် မပေးသေးဘူး" ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒ အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းက ပြောသည်။
အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းကို ပြီးခဲ့သည့် နှစ်များအတွင်းက သြစတြေးလျနိုင်ငံမှ ပညာရှင်များက Sonar System နှစ်မျိုး ဖြစ်သည့် Lowlarce HDS 7 Structure Scan Star Fish Side Scan စနစ်တို့ကို အသုံးပြုပြီး လာရောက်စမ်းသပ် ဖော်ထုတ်ခဲ့ကြရာ ခေါင်းလောင်း ရှိမည့် နေရာနှစ်နေရာကို စမ်းသပ်ဖော်ထုတ်ခဲ့ကြသော်လည်း နေရာ အတိအကျကိုမူ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိကြောင်း ယင်းက ထပ်မံပြောသည်။ သြစတြေးလျနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုက ခေတ်မီ ပစ္စည်းကိရိယာများ အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ခေါင်းလောင်းတော်ကြီး၏ ပုံရိပ်ဟု ယူဆရသော နေရာနှစ်နေရာကို ဖမ်းယူရရှိခဲ့ကြောင်း၊ သို့သော် သေချာစွာ အတည်ပြု ပေးနိုင်ရေးအတွက် ရေငုပ်စမ်းသပ် အတည်ပြုရန် လိုအပ်ကြောင်း သိရသည်။
"သြစတြေးလျ ပညာရှင်တွေက ဓမ္မစေတီခေါင်းလောင်း ရှိမယ့်နေရာကို အသံလှိုင်းနဲ့ စမ်းသပ်ခဲ့ကြတာ။ ကျွန်တော်က မြစ်အတွင်းမှာ ရှိတဲ့ သံဓာတ် အနည်းအများ ပမာဏကို Land Sat 7 နာဆာဂြိုဟ်တုနဲ့ ကြည့်ရှုစမ်းသပ်ပြီး ခေါင်းလောင်းကို ဖော်ထုတ် တွေ့ရှိခဲ့တာပါ" ဟု ဦးစိုးသိန်းက ပြောသည်။ ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့်တွင် လူအများ အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဖူးမြော်စေချင်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ Land Sat 7 နာဆာဂြိုဟ်တုဖြင့် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်ဟု ယင်းက ထပ်မံ ပြောသည်။ "ဓမ္မစေတီ ခေါင်းလောင်းကြီး အကြောင်းကို လူကြီးသူမတွေ ပြောတာပဲ ကြားဖူးတယ်။ တစ်ခါမှ မမြင်ဖူးဘူး။ အခုလို ဂြိုဟ်တုနဲ့ ခေါင်းလောင်းပုံရိပ်ကို အတိအကျ မြင်ရပြီဆိုတော့ ဘယ်အချိန် ကုန်းပေါ်ကို ပြန်ရောက်မလဲဆိုတာ စိတ်ဝင်စားမိတယ်" ဟု အဆိုပါ ခေါင်းလောင်းအကြောင်းကို စိတ်ဝင်စားသည့် ပုဇွန်တောင်မြို့နယ်နေသူ တစ်ဦးက ပြောသည်။
ကျော်မြတ်ဇံ
kmzan@yangonmedia.com
Posted: 15 Mar 2012 12:38 AM PDT
မတ်လ ၁၅  -  ၂၀၁၂ နေ့ ထုတ် 7Day News Journal
11-2
Posted: 15 Mar 2012 12:34 AM PDT
လာမယ့် ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲ လွတ်လပ် တရားမျှတမှု ရှိအောင် ကြိုတင် ပြင်ဆင်နေမှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို ကို ဆက်သွယ် မေးမြန်းထားပါတယ်။
ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို
ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို ခင်မျ ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲ ဖြစ်အောင် ဘယ်အပိုင်းတွေ မှာ ဘယ်လို  ပြင်ဆင် ထားပါသလဲ။
"ပထမ တပိုင်းကတော့ မဲစာရင်းတွေကို အတတ်နိုင် ဆုံး မှန်ကန်အောင် လုပ်ပေး ထားတယ်။ နိုင်ငံရေး ပါတီတွေ၊ မဲဆန္ဒရှင်တွေ တောင်းဆို တာတွေ။ သူတို့ ဖြည့်စွက်ပေးဖို့ တောင်းဆို လာ တာတွေ၊ ပြင်ဆင်ပေးဖို့ တောင်းဆိုတာတွေ ရယ်။ မဲစာရင်းမှာ မပါသင့်ဘူး ဆိုပြီးတော့ ကန့်ကွက် တာတွေ အဲဒါတွေ အားလုံး ကို သေသေ ချာချာ ပြန်လည် စိစစ်ပြီးတော့ ဥပဒေနဲ့ အညီ ဖြစ်အောင် မဲစာရင်းမှာ ပြန်ဖြည့် ပေးထားတယ်။ ဒါက မဲစာရင်းနဲ့ ပတ်သက်လို့ပေါ့။
နောက်တခါ မဲစာရင်းပြီးပြီ ဆိုတဲ့အခါကျတော့ အများစိတ်ဝင်စားတဲ့ ကြိုတင်မဲပေါ့နော်။ တကယ် မဲမပေးခင် ကြိုတင်မဲ လုပ်ငန်း လာမှာပါ။ လုပ်ငန်း ၃ ပိုင်း ပိုင်းလိုက်ရင် မဲစာရင်း ပြုစုတဲ့ အပိုင်းက အခုန အန်ကယ် ပြောပြီးပြီ။ နောက် ကြိုတင်မဲ အပိုင်းဖြစ်မယ်။ ကြိုတင်မဲအပိုင်းမှာလည်း  အန်ကယ်တို့အနေဖြင့် ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲက ဆောင်ရွက်ရတဲ့ ကြိုတင်မဲနဲ့ ပတ်သက်လို့ ရှိရင် နည်းလမ်း အမျိုးမျိုးနဲ့ ထိန်းချုပ်ပြီးတော့ တရားမျှတမှု ရှိအောင် အန်ကယ်တို့ ဆောင်ရွက်ထားတယ်။ နံပါတ် ၁ က ရပ်ကွက် ကြိုတင်မဲ ပေးရမယ့် ရက်နဲ့ အချိန်ကို သတ်မှတ်ပေးထားတယ်။ အဲဒီရက်နဲ့ ဒီအချိန်ထဲမှာ မဲပေးရမယ်။ နောက် ရပ်ကွက်ကြိုတင်မဲ ပေးရမယ့် နေရာကိုလည်း သတ်မှတ် ထားတယ်။ အဲဒီ့ နေရာမှာပဲ ပေးရမယ်။ ပြီးတော့ ရပ်ကွက်ကြိုတင်မဲ လက်မှတ်တွေကို သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာကော်မရှင် အဖွဲ့ခွဲတွေကို ထုတ်ပေးတဲ့အခါမှာ အကြာကြီး အကန့်အသတ် မရှိ အစောကြီး ကြိုထုတ် မပေးတော့ဘဲနဲ့ နီးမှ ကပ်ပြီးတော့ ထုတ်ပေးတဲ့ စနစ်ကို ကျင့်သုံးပါတယ်။ ဒီ မဲလက်မှတ် ထုတ်ပေးတဲ့နည်းနဲ့ ကန့်သတ်ထားတာလည်း ရှိတယ်။ နောက်ပြီးတော့ ရပ်/ကျေး ကြိုတင်မဲတွေ အားလုံး ပေးပြီးပြီဆိုတဲ့ အခါကျတော့ မဲရုံကိုသွားပြီး ပို့တဲ့အခါမှာ အချိန်နဲ့ ကန့်သတ်ပေးထားသလို ထိန်းချုပ်ထားတယ်။ ဒါက ဘာလဲဆိုတော့ မဲရုံဖွင့်ချိန် မနက် ၆ နာရီ ထိုးပြီးမှ ရောက်လာတဲ့ ရပ်ကွက် ကြိုတင်မဲဆိုရင် အန်ကယ်တို့ လက်မခံတော့ဘူး။ မဲရုံမဖွင့်ခင် ကြိုပို့မှ လက်ခံမယ်။
အဲဒီလို ပေးထားတဲ့ ကြိုတင်မဲတွေ မဲရုံပို့တဲ့ အချိန်နဲ့လည်း အန်ကယ်တို့ ထိန်းချုပ် ထားတယ်။ နောက်ပြီးတော့ ရပ်ကွက် ကြိုတင်မဲ ပေးတဲ့အခါကျတော့ အန်ကယ်တို့ ပုံစံ ၁၃ နဲ့ မဲစာရင်း ပြုစုရတယ်။ ကြိုတင်မဲစာရင်း သီးသန့် ပြုစုရပါတယ်။ အဲဒီ ကြိုတင်မဲကိုလည်းပဲ မဲစာရင်း ပေးပြီးတိုင်း တနေ့ တနေ့ ကုန်ဆုံးလို့ ရပ်ကွက်ကြိုတင် မဲ ပေးပြီး တိုင်း၊ ပေးပြီး တိုင်း အဲဒီမဲစာရင်းကို အန်ကယ်တို့က စစ်ဆေးမယ်။ ရပ်ကွက်ကြိုတင်မဲ ပေးခွင့် ရှိတဲ့ သူတွေ၊ ပေးခွင့်ရှိတဲ့ အမျိုးအစားတွေ သေချာသလား၊ ပေးခွင့် မရှိတဲ့ အမျိုးအစားတွေ ပါနေသလား ဆိုတာကို အန်ကယ်တို့ စစ်မယ်။ ရပ်ကွက် ကြိုတင်မဲ ပေးခွင့် မရှိတဲ့ အမျိုးအစားတွေ ပါနေလို့ ရှိရင် အန်ကယ်တို့က အဲဒီမဲကို ပယ်မဲ လုပ်ပစ်လိုက်မယ် လက်မခံဘူး။ အဲဒီ့လို နည်းတွေနဲ့ပေါ။ သေသေချာချာ ကြီးကြပ် ထိန်းချုပ်ပြီး လုပ်ထားခြင်းအားဖြင့် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ အန်ကယ်တို့ ယုံကြည်တယ်။ အတတ်နိုင်ဆုံး အန်ကယ်တို့ လုပ်ထားတယ် ပေါ့နော်။"
အစောပိုင်းတုန်းက တင်ပြသွားတဲ့ အထဲမှာပါတဲ့ မဲစာရင်း ပြဿနာတွေပေါ့။ အခုတလော ပါတီ ကိုယ်စားလှယ်လောင်းတွေ ကလည်း သူတို့ စည်းရုံးရေး ဆင်းတဲ့အခါမှာ မဲစာရင်းတွေ မှားနေတာတွေ တွေ့ရတယ် ဆိုပြီး သူတို့ တိုင်ကြားချက်တွေ တက်တာ၊ တင်တာ ကြားရပါတယ်။ အန်ကယ်တို့လည်း ဖြေရှင်းပေးနေတယ်လို့ ကြားရပါတယ်။ ကျနော် သိထားသလောက် ရန်ကုန်တိုင်းမှာက မဲဆန္ဒနယ် ၆ ခု ရှိပါတယ်။ အဲဒီမှာ မဲဆန္ဒနယ် တနယ် တနယ်ကို အနည်းဆုံး ၇ သောင်းခွဲ လောက်ကနေ ၁ သိန်းခွဲ လောက် ထိအောင် ရှိတဲ့ မြို့နယ်တွေ တွေ့ရပါတယ်။ အဲဒီတော့ လူဦးရေများတဲ့ နေရာတွေမှာ မဲစာရင်းပြဿနာကို အခုကျန်ခဲ့တဲ့ ရက်ပေါင်း ၂၀ လောက် အတွင်းမှာ အချိန်မီ ဖြေရှင်း နိုင်ပါ့ မလား။
"အန်ကယ်တို့ အခု တော်တော် များများ ဖြေရှင်းပြီးပါပြီ။ အန်ကယ်တို့ မဲစာရင်း ကြေညာတာက ၂၉ ရက် နေ့က ကြေညာတယ်လေ။ အဲဒီ ဖေဖော်ဝါရီ ၂၉ ရက် ကနေ ပြီးတော့ မတ် ၆ရက် နေ့ အထိဆိုရင် ၇ ရက်ပြည့်တယ်။ အဲဒီ ရက်အတွင်းမှာ သက်ဆိုင်ရာ မဲဆန္ဒရှင်တွေ နောက် မိမိတို့ စည်းရုံးထားတဲ့ လူတွေ ပါ၊ မပါ သက်ဆိုင်ရာ ပါတီတွေကနေပြီးတော့ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲကို သူတို့ လာပြီး ပြောရပါမယ်။ အစီရင်ခံတာ လုပ်ရပါမယ်။ အဲဒီလို လုပ်လို့ရှိရင် အန်ကယ်တို့ အဲဒါကို စိစစ်ပြီးတော့ ထည့်ပေးသင့်ရင် ထည့်ပေးပါတယ်။ နောက် သူတို့က ပြင်ဆင်ခိုင်းတာ ဆိုရင်လည်း ပြင်ဆင်သင့် ရင် ပြင်ဆင်ပေး ပါတယ်။ ဒီ ၇ ရက် အတွင်းမှာ အလုပ် လုပ်မယ် ဆိုလို့ ရှိရင် ဘာမှ မခက်ခဲပါဘူး။
ဥပမာ-အန်ကယ်တခု ပြောပြမယ်။ မရမ်းကုန်းမြို့နယ်မှာ ၂၉ ရက်နေ့ က ပြည်ခိုင်ဖြိုးပါတီ ကနေပြီးတော့ သူတို့ စည်းရုံးထားတဲ့လူတွေ မူလ မဲစာရင်းမှာတုန်းက ပါပြီးတော့ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ပါမလာတဲ့ လူတွေ ရှိပါတယ် ဆိုပြီးတော့ အဲဒီ မဲစာရင်း ကပ်တဲ့ နေ့မှာပဲ သူတို့ လာပြီးတော့ သတင်းပို့တယ်။ သတင်းပို့တော့ အန်ကယ်တို့ နောက် တရက်မှာ ချက်ချင်း အစည်းအဝေးထိုင်၊ ချက်ချင်းပြန်စစ်ပြီးတော့ အန်ကယ် တို့ ဆောင်ရွက်ပေးလိုက်တာ ကျန်ရစ်ခဲ့တဲ့ လူ သောင်းနဲ့ ချီပြီးတော့ အန်ကယ်တို့ ဒီ ၇ ရက် အတွင်းမှာ အားလုံး လုပ်ပေးလိုက် ပါတယ်။
အလားတူပဲ ကော့မှူးဘက်မှာ ဆိုလိုရှိရင်လည်း အန်အယ်လ်ဒီက နေပြီးတော့ သူတို့ မဲတွေ ကျန်ရစ်ခဲ့ပါတယ်။ သူတို့ စည်းရုံးထားတဲ့ လူတွေ မဲစာရင်းမှာ မပါ ပါဘူး ဆိုပြီး မြို့နယ် ကော်မရှင်ကို သူတို့ တင်ပြထားတယ်။  တင်ပြတဲ့ အတွက် မြို့နယ်ကော်မရှင်က အန်ကယ်ဆီ ထပ်သတင်းပို့တော့ အန်ကယ်တို့ ဒါကို စိစစ်ပြီး သေချာ စစ်ဆေးပြီးတော့ လုပ်ပေးခိုင်းတဲ့အခါမှာ ၂၀၀၀ နီးပါးလောက် သူတို့ ပြန်ထည့်ပေး လိုက်ပါတယ်။ မင်္ဂလာတောင်ညွန့်မှာ ဆိုလို့ရင်လည်းပဲ သူတို့ ကျန်ရစ်ခဲ့တယ် ဆိုပြီးတော့ ပြောတာတွေ အားလုံး အန်ကယ်တို့ ထောင်နဲ့ချီပြီးတော့ အန်ကယ်တို့ ပြန်ထည့်ပေး လိုက်ပါတယ်။ ဒီမြို့နယ် ၆ ခုမှာ အန်ကယ်တို့ ထည့်ပေးနိုင် သလောက် အားလုံး ထည့်ပေးပြီးပါပြီ။
အားလုံးပေါင်းလိုက်လို့ရှိရင် အန်ကယ်တို့ ဖြည့်ပေးလိုက်တာ ဒီ မဲဆန္ဒနယ် ၆ ခု ပေါင်း ဆိုရင် ၃ သောင်းနဲ့ ၄ သောင်း ကြားထဲမှာ ရှိပါလိမ့်မယ်။ ဒါတွေ အားလုံးကို ၇ ရက် အတွင်းမှာ အန်ကယ်တို့ လုပ်ပြီးသွားပြီ။ ကျန်တာကတော့ မပြောပလောက်တော့ပါဘူး။ ကျန်တာရှိရင်လည်း အန်ကယ်တို့ ပုံစံ ၃၊ ပုံစံ ၄ နဲ့တော့ အန်ကယ်တို့ လုပ်ပေးလို့ မရတော့ပါဘူး။ သူက ၇ ရက်ကျော် သွားတဲ့အတွက် ဒါကို အန်ကယ်တို့ လုပ်ပေးလို့ မရတော့ဘူး။ သို့သော် ကော်မရှင် ဥပဒေမှာ နည်းဥပဒေ ၁၄(က) အရ ခရိုင်ကော်မရှင် အဖွဲ့ခွဲကနေပြီးတော့ ဖြည့်ပေးနိုင်တဲ့ နည်းလမ်းတခု ကျန်ပါသေးတယ်။ တကယ်လို့ ကောက်သင်းကောက် ကျန်နေသေးတယ် ဆိုလို့ရှိရင် ခရိုင်ကော်မရှင်ကို ထပ်ပြီးတော့ ပြောနိုင်ပါသေးတယ်။ ဒါကတော့ ရွေးကောက်ပွဲ မတိုင်ခင် ၇ ရက်အလို မတ်လ ၂၄ ရက်နေ့အထိ ဒါကို လုပ်ခွင့်ရှိပါတယ်။ ဒါကြောင့် ရပ်ကွက် နဲ့ ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲ အနေနဲ့ မဲစာရင်းမှာ ထပ်ပြီးတော့ ဖြည့်ပေးဖို့ သူတို့ လုပ်မပေး နိုင်တော့ပေမဲ့ ခရိုင်ကော်မရှင် အဖွဲ့ခွဲအနေနဲ့ နည်းဥပဒေ ၁၄(က) အရ လုပ်ပေးလို့ ရပါတယ်။ ၂၄ ရက် နေ့ အထိဘဲ။ ရွေးကောက်ပွဲ မတိုင်ခင် ၁ ပတ် အလိုထိ လုပ်ပေးလို့ ရပါတယ်။ အဲဒီနည်းမျိုးနဲ့ ဖြေရှင်းရင် ဘာမှ မပြေလည်စရာ အကြောင်း မရှိပါဘူး။"
ဒီလောက် သောင်းနဲ့ချီပြီးတော့တောင် မဲစာရင်းတွေ ကွာဟတာက ဘာကြောင့် ပါလဲ၊ ပြောပြပေးနိုင် မလား။
"ဒါက ဒီလိုရှိတယ်။ အန်ကယ်တို့ ဥပဒေ ရှိပါတယ်။ ဘာလဲ ဆိုတော့ ရွေးကောက်ပွဲကြီး ကာလ တခု အတွင်းမှာ အကြောင်းကြောင်း ကြောင့် ကြားဖြတ်ရွေးကောက်ပွဲ တခု လုပ်မယ် ဆိုရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲရဲ့ မူလ မဲစာရင်းကို အခြေခံပြီးတော့ မှ ဖြည့်သင့်တာ ကိုဖြည့် နှုတ်ပယ်သင့် တာ နှုတ် လုပ်ရမယ်လို့ ဥပဒေမှာ ပြဌာန်းထားတယ်။ ဥပဒေ အတိုင်း မြို့နယ်၊ ရပ်/ကျေး ကော်မရှင်တွေက ဆောင်ရွက်ကြတဲ့ အခါမှာ တချို့က အဓိပ္ပာယ် အယူအဆ လွဲမှားသွားတယ်။ အဓိပ္ပာယ် အယူအဆ လွဲမှားသွားတယ် ဆိုတာက မှတ်ပုံတင်တို့ ဘာတို့မှာ အဓိပ္ပာယ် အယူအဆ လွဲမှားပြီးတော့ မူလ မဲစာရင်းမှာ ပါနေတဲ့ သူတွေကို သူတို့က ထားခဲ့တယ်။ ထားခဲ့တဲ့အတွက် တော်တော်များများလေး ကျန်ရစ်ခဲ့တယ် ဆိုတာကို တွေ့ရတယ်။ အန်ကယ်တို့ ရပ်/ကျေးကော်မရှင်တွေရဲ့ ဥပဒေ အပေါ်မှာ အဓိပ္ပာယ်ကောက် လွဲမှားမှုကြောင့် ကျန်ရစ်ခဲ့တာ ဖြစ်တယ်။ အဲဒီ နည်းမျိုးနဲ့လည်း ကျန်ရစ်ခဲ့ပါတယ်။ ဒါတွေကိုလည်း ပြင်ပြီး ပါပြီ။
နောက်တခုက ဘယ်လို ဖြစ်နိုင်သေးလဲဆိုတော့ ပြီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်းမှာလည်း သူတို့ မပါဘူး။ သို့သော် ဒီမဲဆန္ဒနယ်မှာတော့ သူတို့နေတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ မူလ မဲစာရင်းမှာ သူတို့ မပါဘူး။ မဲပေးရကောင်းမှန်းလည်း မသိဘူး။ မဲမပေးရလည်းပဲ ကိစ္စမရှိဘူး။ အဲဒီလို လူမျိုးတွေ ရှိတယ်။ အဲဒီလူတွေက ရန်ကုန်မြို့ပေါ်မှာ လာပြီးတော့မှ ကျပန်း အလုပ်တွေ လုပ်နေတဲ့ လူတွေက အများကြီး ရှိပါတယ်။ အဲဒီလူတွေက ရန်ကုန်မြို့ပေါ်မှာ ကျူးကျော် ရပ်ကွက်တွေ ဘာတွေမှာ ၊ နောက် ဆောက်လုပ်ရေး ဆိုက်တွေ ဘာတွေမှာ လာလုပ်နေတဲ့ လူတွေ ရှိပါတယ်။ အထွေထွေ ရွေးကောက်ပွဲတုန်းက တော်တော်များများသော ပါတီတွေကလည်း ဒီလို လူတွေကို မရှာတတ်ကြဘူးပေါ့။ အခု ကြားဖြတ်ရွေးကောက်ပွဲကျတော့ မဲဆန္ဒနယ်ကလည်း နည်းတယ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း နိုင်ငံရေး ပါတီတွေကိုပါ ကိုယ်စည်းရုံးထားတဲ့ လူတွေ မဲစာရင်းမှာ ပါ၊ မပါ ကြည့်ပါ ဆိုပြီး တော့ ပြောတယ်။ ပြောလာတဲ့ အခါကျတော့ ဘာသွားတွေ့လဲ ဆိုတော့ ဥပမာ-ကော့မှူးတို့ ဘာတို့ပေါ့။ ရန်ကုန်အပြင်ဘက်က မြို့နယ်တွေမှာ ဆိုရင် သူတို့ မြို့နယ်တွေမှာ အနေပြရုံလေးပဲ ပြထားတာ။ အိမ်တွေမှာ တကယ်တော့ မရှိဘူး။ သူတို့က ရန်ကုန်မြို့ပေါ် တက်ပြီး အခြားနေရာတွေမှာ သွားပြီး အလုပ် လုပ်နေကြတာ။ ဒါပေမဲ့ သူတို့ရဲ့ အိမ်တွေကတော့ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ ရှိတယ်။
အဲဒီ့လူတွေ အများကြီးကို စုပြီးတော့မှ ခေါ်လာတယ်။ ခေါ်လာပြီးတော့မှ မဲစာရင်း မပါဘူးဆိုပြီး တိုင်တန်းချက် တက်တာတွေလည်း ရှိတယ်။ တကယ်က သူတို့က နေတာကတော့ အဲဒီ မဲဆန္ဒနယ်ထဲမှာ မှန်တယ်။ ဒါပေမဲ့ သူတို့ အသိနဲ့ သူတို့ လာတာမဟုတ်ဘူး။ ခုနလို ပါတီတွေ စည်းရုံးပြီးတော့ ရန်ကုန်မြို့ပေါ်က လူတွေကို ခေါ်ပြီးတော့မှ ဒီမှာ ရောက်နေတဲ့လူပေါ့။ ရန်ကုန်မြို့မှာ အလုပ် လုပ်ဖို့ ရောက်နေတဲ့ လူတွေ အများကြီးကို ခေါ်ပြီးတော့မှ သက်ဆိုင်ရာ သူတို့ မွေးမြေရပ်ကို ပြန်ပြီးတော့မှ မဲစာရင်း ထည့်ခိုင်းတာလည်း ရှိတယ်။ ဒီလိုမျိုး မဲစာရင်းမှာ အများကြီး ကွာဟတယ် လို့ ဖြစ်သွားတာ။
သူတို့က မူလ မဲစာရင်းမှာကိုက မပါဘူး။ သို့သော် အန်ကယ်တို့ စိစစ်ပြီးတော့ ထည့်ပေးသင့်တယ် ဆိုလို့ရှိရင် အဲဒါလည်း ထည့်ပေးလိုက်ပါတယ်။ နောက်တခုကလည်းပဲ သက်ဆိုင်ရာ အစိုးရဌာနတွေ အပါအ၀င် တချို့ စက်ရုံတို့ ဘာတို့ အဲဒါမျိုးလေးတွေ တချို့ အနည်းအကျဉ်း ရှိပါတယ်။ အန်ကယ်တို့ မဲစာရင်း ကောက်တုန်းက သက်ဆိုင်ရာ ဌာနအကြီးအမှူးတွေက မဲစာရင်း မပေးလိုက်ဘူး ကျန်ရစ်ခဲ့တယ်။ ဒါပေမဲ့ အခုလို နီးတဲ့အခါ ကျမှ သူတို့ကလည်း မဲစာရင်း ကြေညာပြီးပြီ။ ၇ ရက်ကျော်ပြီး ဆိုတော့မှ သူတို့လည်း မဲစာရင်း မထည့်ရသေးပါဘူး ဆိုပြီး ဒါ ဌာန ဆိုင်ရာတွေရဲ့ အားနည်းချက် တွေလည်း ရှိတယ်။ အဲဒါကတော့ သိပ်မများဘူး။
အဲဒါက ၉၀၊ ၁၀၀ လောက်ပဲ ရှိတယ်။ အန်ကယ်တို့က ပြန်ထည့်ပေးရပါတယ်။ အဲဒီလို အကြောင်းမျိုးစုံ ကြောင့်မို့လို့ ဒီလောက် ကွာဟသွားတယ်လို့ ဖြေချင်ပါတယ်။"
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားတဲ့ စည်းမျဉ်း ဥပဒေတွေနဲ့ အညီ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အဆင့်တွေမှာ ကျတော့ မကျင့်သုံးသွားဘူး။ မကျင့်သုံးတဲ့ အတွက်ကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှာ မလိုလားအပ်တဲ့ ကြိုတင်မဲကိစ္စတွေ ဖြစ်ပေါ်ခဲ့တယ် ဆိုပြီး တချို့ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီတွေက ပြောတာရှိပါတယ်။
ဒီ ကြားဖြတ်ရွေးကောက်ပွဲမှာရော နေပြည်တော် ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ ဥပဒေစည်းမျဉ်း စည်းကမ်းအတိုင်း ရပ်/ကျေးတွေက လိုက်နာ ကျင့်သုံးအောင် အန်ကယ်တို့ ဆောင်ရွက် ထားရှိမှု အပိုင်းပေါ့။ အဲဒါလေးကို တင်ပြ၊ ပြောပြပေးပါလား။
"ဒီပြင် ပြည်နယ်၊တိုင်းတွေတော့ အန်ကယ်မပြောတတ်ဘူး။ ရန်ကုန်တိုင်းဒေသကြီး ထဲမှာတော့ အန်ကယ်ကိုယ်တိုင် မဲဆန္ဒနယ် ၆ ခုကို ပထမအကြိမ် ကွင်းဆင်းပြီး မြို့နယ် ကော်မရှင်အဖွဲ့ခွဲ၊ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲ ၀င်တွေရော  အစောပိုင်းက တကြိမ် တွေ့ပြီးပါပြီ။ အခု လောလောဆယ် ဒီနေ့က စပြီးတော့ ဒုတိယ အကြိမ် အန်ကယ် ကွင်းဆင်းနေပါတယ်။ ဥပဒေအတိုင်း လုပ်ဖို့၊ ဘက်မလိုက်ဖို့ အန်ကယ် အားလုံး ညွန်ကြားထားပြီးပြီး။ မဲရုံမှူးတွေ အတွက်တော့  အန်ကယ်တို့ တကြိမ် ကွင်းဆင်းပြီး ပါပြီ။ ခဏ ခဏ ကွင်းဆင်းလို့ မရဘူး။ သူတို့က များသောအားဖြင့် ပညာရေးဝန်ထမ်းတွေ များတယ်။ အခု ၁၀ တန်း စာမေးပွဲတွေကလည်း လုပ်နေပြီး ဆိုတော့ သူတို့ အားတဲ့အချိန်မှပဲ အန်ကယ်တို့က ကွင်းဆင်းရတယ်လေ။ အဲဒီတော့ မဲရုံမှူးတွေနဲ့ ပတ်သက်လို့ကတော့ သင်တန်းတွေလည်း တကြိမ်စီတော့ ပေးပြီးပါပြီ။ သူတို့နဲ့လည်း အန်ကယ် ထိတွေ့ပြီးပါပြီ။ အဲဒီလိုမျိုးလည်း အန်ကယ်တို့ လုပ်ထားပါတယ်။ လုပ်ထားခြင်း အားဖြင့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့၊ ကော်မရှင်နဲ့ ပတ်သက်တဲ့ ဥပဒေ၊ နည်းဥပဒေ လုပ်ငန်း လမ်းစဉ်၊ နောက် ညွှန်ကြားချက်တွေ အတိုင်း လိုက်နာဆောင်ရွက်ဖို့ အတွက် မောင်းနှင်ပေးနေပါတယ်လို့ အန်ကယ် ဖြေချင်ပါတယ်။" 
ဒီဗွီဘီ
Posted: 15 Mar 2012 12:29 AM PDT
မတ်လ ၁၅၊ ၂၀၁၂ (YPI )
(ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ အကျဉ်းကျခံနေရာမှ နိုင်ငံတော် သမ္မတကြေညာတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နှင့် လွတ်မြောက်လာသည့် ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ (ဦး)ကိုကိုကြီး နှင့် ကချင်၊ အထက်မြန်မာနိုင်ငံ ခရီးစဉ်အပြီး ဖေဖေါ်ဝါရီလကုန်ပိုင်းက မန္တလေးမြို့တွင်ခရီးစဉ်၊ လက်ရှိနိုင်ငံရေး အပေါ်သုံးသပ်ချက်များကို YPI ကတွေ့ဆုံမေးမြန်းထားပါသည်။ ယင်းမေးမြန်းချက်များကို အောက်တွင်ဖေါ်ပြလိုက်ပါသည်။)
YPI - ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ခရီးစဉ်အားလုံးရဲ့ အဓိက ရည်ရွယ်ချက်လေးကို သိချင်ပါတယ်။
 ဖြေ       - ကျွန်တော်တို့က နံရံလေးဘက်ကြားထဲမှာ ၁၀ စုနှစ် (၂)ခုလောက်အထိ နေခဲ့ရတော့ ပြည်သူတွေ နိုင်ငံသားတွေနဲ့ တလျှောက်လုံးထိတွေ့လို့ မရခဲ့ပါဘူး။ အဲဒီတော့ အခုလို ပြန်လွတ်လာတဲ့အချိန်မှာ အဓိကအားဖြင့် ဒေသအသီးသီးကပြည်သူတွေနဲ့ ထိတွေ့ချင်တယ်။ နောက်ပြီးတော့ သူတို့ရဲ့ရင်ခုန်သံတွေကို နားထောင်ချင်တယ်။ သူတို့ခံစားနေရတာတွေကို မျှဝေခံစားချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခရီးတွေထွက်ဖြစ်တာပါ။
YPI      - အခုလိုသွားဖြစ်တဲ့ ခရီးစဉ်တွေအပေါ်မှာကော ပြည်သူတွေရဲ့ ထောက်ခံမှုတွေ ရရှိရဲ့လား၊ ကျေနပ်မှုကော ရှိရဲ့လား။
ဖြေ        - ရှိပါတယ်။ အထူးသဖြင့်ကတော့ ပြည်သူတွေရဲ့ထောက်ခံမှုဆိုတာ အခုမှ ထောက်ခံမှုရတာတော့ မဟုတ်ပါဘူး။ တလျှောက်လုံးပေါ့၊ ပြည်သူတွေဆိုတာ တချို့ကတော့ပြောတယ်၊ လူထုကြီးက ဘာမှမသိဘူး။ လူထုကြီးကို ဒါလုပ်၊ ဒါမလုပ်နဲ့ဆိုတာကို အုပ်ချုပ်တဲ့သူတွေက ပုံစံချပေးမှ လုပ်တယ်ဆိုတဲ့အတွေးအခေါ်ကို ကျွန်တော်တို့ ဘယ်တုန်းကမှ လက်မခံခဲ့ပါဘူး။ လူထုတွေက သိပါတယ်။ သူတို့သိတဲ့အသိတွေက ခမ်းခမ်းနားနားစကားလုံးတွေနဲ့ မဟုတ်ပေမယ့်လို့ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်ဆိုတာ၊ ဘယ်ဟာတရားတယ်၊ ဘယ်ဟာမတရားဘူးဆိုတာ သူတို့သိပါတယ်။ ဒါပေမယ့် ထောက်ခံခွင့်မရတဲ့အချိန်မျိုး၊ နောက်ပြီးတော့ ဖိနှိပ်မှုတွေများနေတဲ့ အချိန်မျိုးမှာ သူတို့ခံစားမှုတွေကို မြိုသိပ်ထားခဲ့ကြပါတယ်။ အခုတော့ နည်းနည်းလေးပွင့်လင်းလာပြီဆိုတော့ သူတို့ရဲ့ရင်ထဲက အမှန်တွေကို မြတ်နိုးတဲ့ စိတ်ဆန္ဒတွေကို ဖော်ထုတ်ပြသကြတာပါ။ အခုမှဖြစ်လာတဲ့ စိတ်ခံစားမှုမျိုး မဟုတ်ပါဘူး။ သူတို့ မြိုသိပ်ထားတာကို ထုတ်ဖော်ခွင့်ရတဲ့အချိန်မှာ ထုတ်ဖော်ကြပြီးတော့ နွေးနွေးထွေးထွေး ကြိုဆိုကြတယ်လို့ပဲ ခံစားရပါတယ်။
YPI      - ဒေသအသီးသီးကိုရောက်တဲ့အခါ ဒေသခံပြည်သူတွေရဲ့ အခြေအနေတွေရယ်၊ ဒေသတွေရဲ့ အခြေအနေတွေကို မျက်မြင်ဘယ်လို ခံစားမိပါသလဲ။
ဖြေ        - ကျွန်တော်တို့ ထောင်ကလွတ်လာပြီးတဲ့နောက် ဥပမာအနေနဲ့ပြောရရင်တော့ ရန်ကုန်မြို့ရဲ့ အနေအထားပေါ့။ စပြောရင်တော့ လွတ်လာချင်း လေဆိပ်မှာတွေ့ရတဲ့မြင်ကွင်းက သတင်းထောက်တွေ၊ နောက်ပြီး မျိုးဆက်သစ်မီဒီယာသမားတွေ အများကြီးနဲ့ လေဆိပ်မှာ တွေ့လိုက်ရတဲ့အတွက် ထူးခြားတဲ့ တိုးတက်မှုတစ်ခုလို့ မြင်ခဲ့ပါတယ်။ နောက် ကျွန်တော်တို့ ရန်ကုန်မှာလုပ်ဖြစ်တဲ့ သတင်းစာရှင်းလင်းပွဲကို လုပ်တော့လည်း အာဏာပိုင်တွေဘက်က အနှောက်အယှက်မရှိဘဲနဲ့ လုပ်နိုင်ခဲ့တယ်။ နောက်ဆုံးတော့ ပုံနှိပ်ထုတ်ဝေနိုင်တဲ့အထိ လုပ်နိုင်ခဲ့တယ်။ ပြီးတော့ ပဲခူးတိုင်းဒေသကြီးမှာလည်း ပဲခူးမြို့မိ၊မြို့ဖတွေနဲ့ တွေ့ဆုံဂုဏ်ပြု နှုတ်ဆက်ပွဲကိုလည်း သွားနိုင်ခဲ့တယ်။ နောက်ပြီးတော့ ဧရာဝတီဘက်မှာရှိတဲ့ ဟင်္သာတ ခရီးစဉ်မှာလည်း လူထုဟောပြောပွဲပုံစံမျိုးကို လုပ်နိုင်ခဲ့တယ်။ မကွေးတိုင်းဒေသကြီးခရီးစဉ်ဖြစ်တဲ့ သရက်နဲ့အောင်လံမှာလည်း အနှောင့်အယှက်ကင်းကင်းနဲ့ လူထုနဲ့ ထိတွေ့ခွင့်ရခဲ့တယ်။ မန္တလေးတိုင်းဒေသကြီး ခရီးစဉ်မှာလည်း အနှောင့်အယှက်ကင်းခဲ့ပါတယ်။ ဒါတွေအားလုံးက တိုးတက်မှုတွေအဖြစ် အသိအမှတ်လည်းပြုပါတယ်။
YPI      - ဦးကိုကိုကြီးအနေနဲ့ လွှတ်တော်နိုင်ငံရေး၊ လွှတ်တော်ပြင်ပနိုင်ငံရေးရှိတဲ့ အနက်မှာ ဘယ်အပိုင်းကို အလေးထားပါသလဲ၊ ဘယ်အပိုင်းကို ပိုစိတ်ဝင်စားပါသလဲ။ ဘာကြောင့်လဲဆိုတာ သိပါရစေ။
ဖြေ        - တကယ်ကတော့ ပါတီစုံဒီမိုကရေစီအသားကျသွားတဲ့ နိုင်ငံတွေမှာဆိုရင်တော့ လွှတ်တော်နိုင်ငံရေးက ပင်မအဓိကအခန်းကဏ္ဍဖြစ်လာမှာပါ။ အခုကတော့ အကူးအပြောင်း ကာလဖြစ်နေတဲ့အတွက် လွှတ်တော်နိုင်ငံရေး အခန်းကဏ္ဍက အခြေတကျမဖြစ်သေးပါဘူး။ မခိုင်မာသေးပါဘူး။ အဲဒီတော့ လူထုဒီမိုကရေစီအခန်းကဏ္ဍက ဆက်ရှိနေဘို့ လိုအပ်မယ်လို့ မြင်တဲ့အတွက်ကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တာမျိုး မလုပ်ဘဲနဲ့ (၈၈)မျိုးဆက် ကျောင်းသားများအနေနဲ့လည်း ဆက်ပြီးတော့ရပ်တည်နေမှာပါ။
YPI      - နိုင်ငံရေးလှုပ်ရှားမှုပုံစံအမျိုးမျိုး၊ အသုံးအနှုန်းအမျိုးမျိုးရှိတဲ့အနက် လူထုခေါင်းဆောင်ဆိုတဲ့ အသုံးအနှုန်းရယ်၊ နိုင်ငံရေးသမားတစ်ယောက်ဆိုတာရယ် ဘယ်လိုခွဲခြားသိမြင်သလဲဆိုတာ သိပါရစေ။
ဖြေ        - ဒီနေရာမှာ နိုင်ငံရေးသမားဆိုတာ ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားလို့ ဆိုလိုတာနဲ့တူတယ်။ ပြောရမယ်ဆိုရင် ပရော်ဖက်ရှင်နယ်နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးလုပ်ငန်းတစ်ခုတည်းကို ဇောက်ချပြီးတော့ သူ့ရဲ့ကျွမ်းကျင်မှု လုပ်ငန်းအဖြစ်နဲ့ ဆောင်ရွက်နေတဲ့သူကို ခေါ်ဝေါ်တဲ့အသုံးအနှုန်းဖြစ်တယ်လို့ နားလည်ထားပါတယ်။ နိုင်ငံရေးသမားထဲကဘဲ တပြိုင်နက်တည်းဖြစ်နိုင်တယ်။ လူထုခေါင်းဆောင်ဆိုတာကတော့ ပြည်သူလူထုက ယုံကြည်လေးစားတဲ့၊ အားကိုးထောက်ခံတဲ့သူက လူထုခေါင်းဆောင်ဖြစ်နိုင်ပါတယ်။
YPI      - ဦးကိုကိုကြီးအနေနဲ့ အကျဉ်းထောင်က လွတ်လာပြီးကာလအတွင်းမှာ နိုင်ငံတကာ သံတမန် အဖွဲ့အစည်းတွေ၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေ၊ ဒေသအသီးသီးကပြည်သူတွေနဲ့ တွေ့ပြီးတဲ့နောက်ပိုင်းမှာ လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေ၊ နိုင်ငံရေးအခြေအနေတွေကို ဘယ်လိုထင်မြင်သုံးသပ်မိပါသလဲ။
ဖြေ        - အခုအခြေအနေကတော့ စပ်ကူးမတ်ကူးကာလ အသွင်ကူးပြောင်းနေတဲ့ ကာလလို့ဘဲ မြင်ပါတယ်။ အဲဒီအကူးအပြောင်းကလည်းဘဲ ထိပ်ပိုင်းက အုပ်ချုပ်သူတွေကနေပြီး ဦးဆောင်ပြီးတော့ ကူးပြောင်းတဲ့ နိုင်ငံရေးပုံစံဖြစ်တယ်လို့ပဲ မြင်ပါတယ်။ ဒါပေမဲ့ ဒီထိပ်ပိုင်းက ပြုပြင်ပြောင်းလဲတယ်ဆိုတာကလည်း ၁၉၈၈ ခုနှစ်ကနေစပြီးတော့ အောက်ခြေပြည်သူလူထုတစ်ရပ်လုံးရဲ့ လိုလားချက်၊ တောင်းဆိုချက်ကို မလွန်ဆန်နိုင်လို့ ပြောင်းလဲရတဲ့ ပြောင်းလဲမှုလို့မြင်ပါတယ်။ ထိပ်ပိုင်းကနေစပြီး ပြောင်းလဲနေတယ်ဆိုတော့ တစ်ဖက်ကကျတော့ လွှတ်တော်ပုံသဏ္ဍာန်ပေါ်လာတယ်။ လွှတ်တော်ကနေ ရွေးကောက်တင်မြှောက်တဲ့ အစိုးရပုံသဏ္ဍာန်ပေါ်လာတယ်။ ဒါပေမဲ့ အခုချိန်ထိက လွှတ်တော်က အသွင်သဏ္ဍာန်အားဖြင့်သာ ရှိသေးပြီး၊ တကယ့် အနှစ်သာရပြည့်ဝတဲ့ ဒီမိုကရေစီပုံစံမျိုး မရောက်သေးဘူးလို့ မြင်ပါတယ်။
YPI      - အနာဂါတ်မှာ ကြုံတွေ့လာနိုင်မဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲမှုပုံသဏ္ဍာန်ကို ဘယ်လို ထင်မြင်သုံးသပ်ထားပါသလဲ။
    ဖြေ    - အနာဂါတ်နိုင်ငံရေးဆိုတာကတော့ ဗေဒင်ဟောသလိုမျိုး အတိအကျဟောလို့တော့ မရပါဘူး။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှုတွေကို သိမ်သိမ်မွေ့မွေ့နဲ့ ပြောင်းလဲဖို့ဆိုတာကတော့ ကဏ္ဍအသီးသီးမှာ တာဝန်ရှိပါတယ်။ လက်ရှိစစ်တပ်အသိုင်းအ၀ိုင်းကော၊ နိုင်ငံရေးအင်အားစုတွေကော ဘယ်လောက်ထိ နားလည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်နိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။ အဲလိုမှမဟုတ်ဘူးဆိုရင်တော့ အဆိုးဆုံးခြေအနေကို ပြန်ရောက်သွားနိုင်တယ်။
YPI      - နိုင်ငံတနိုင်ငံမှာ တည်ငြိမ်အေးချမ်းဖို့အတွက် ဘယ်ကဏ္ဍက အဓိကအကျဆုံးနဲ့ အခြေခံအကျဆုံး ဖြစ်သလဲဆိုတာ ဦးကိုကိုကြီးရဲ့အမြင်ကို ပြောပြပေးပါ။
ဖြေ        - နိုင်ငံတနိုင်ငံမှာ အခြေခံအကျဆုံးကတော့ တရားဥပဒေစိုးမိုးမှုပါ။ နိုင်ငံတနိုင်ငံမှာ လူပုဂ္ဂိုလ်ကအုပ်ချုပ်တဲ့ နိုင်ငံမဟုတ်ပဲနဲ့ တရားဥပဒေကအုပ်ချုပ်တဲ့ နိုင်ငံဖြစ်မှ အဲဒီနိုင်ငံက တည်ငြိမ်အေးချမ်းတယ်၊ တရားဥပဒေစိုးမိုးတယ်လို့ ပြောလို့ရမှာဖြစ်တယ်။
YPI      - ၈၈ မျိုးဆက်ကျောင်းသားတွေကို နိုင်ငံရေးပါတီတွေက ပါတီဝင်တွေအဖြစ် ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဘယ်လိုများ သဘောထားမလဲမသိဘူး။
ဖြေ        - ၈၈ မျိုးဆက်ဆိုတာ တစ်ဦးချင်းတသီးပုဂ္ဂလအနေနဲ့ စုစည်းထားတာပါ။ တစ်ယောက်ချင်းရဲ့ ရွေးချယ်မှုအပေါ် မူတည်ပါတယ်။ သူတို့ကို ဘာမှချည်နှောင်ထားတာ မရှိဘူး။ သူတို့ယုံကြည်တဲ့ ပါတီရှိရင် လွတ်လွတ်လပ်လပ်ဝင်ရောက်နိုင်တဲ့ အခွင့်အရေးတွေရှိပါတယ်။
YPI      - ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့အနေနဲ့ စုပေါင်းပြီးတော့ လာမယ့်(၁)နှစ်၊ (၂)နှစ် ကာလအတွင်းမှာ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ဖို့စီစဉ်ထားလားဆိုတာ သိပါရစေ။
ဖြေ        - အဲဒီအဖြေကတော့ လာမယ့် (၁)နှစ်၊ (၂)နှစ်ကျမှ ပြောကြတာပေါ့။ ( ရယ်လျှက် )
YPI      - နောက်ဆုံးအနေနဲ့ ပြည်သူတွေကို ဘာတွေပြောချင်နေပါသလဲ။
ဖြေ        - ပြည်သူတွေကို အဓိကပြောချင်တာကတော့ ''နိုင်ငံရေးဆိုတာ နိုင်ငံရေးသမားတွေအတွက် အလုပ်ပဲ၊ ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့" အတွေးအခေါ်အမြင်တွေကို စပြောင်းလဲသင့်နေပါပြီ။ ပြောင်းလဲဖို့ဆိုတာကလည်း ပြည်သူတွေကိုယ်တိုင် ပြောင်းလဲရမှာဖြစ်သလို နိုင်ငံရေးတက်ကြွသူတွေကလည်း လူထုကြားထဲမှာ နိုင်ငံရေး နိုးကြွမှုရှိလာအောင် ၀ိုင်းပြီးတော့ကြိုးစားကြရမှာပါ။ အဓိကအကျဆုံးအနေနဲ့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပြဠာန်းချက်တစ်ခုကိုပဲ ကိုးကားပြီးပြောရပါလိမ့်မယ်။ နိုင်ငံတော်၏ အချုပ်အချာအာဏာသည် နိုင်ငံသားများမှ တိုက်ရိုက်ဆင်းသက်သည်လို့ ပါရှိတယ်။ အဲဒီဥပဒေရဲ့ အဓိပ္ပါယ်အနှစ်သာရက အစိုးရကို ပြည်သူစိတ်ပေါက်လာအောင် ပြောင်းလဲရမယ်။ ပြည်သူတွေကို အစိုးရစိတ်ပေါက်လာအောင် ကြိုးစားရမယ်၊ အဲဒါ အရေးကြီးတဲ့အချက်ပါပဲ။
Posted: 15 Mar 2012 12:12 AM PDT
တိုင်းပြည်၏ အပြောင်းအလဲ တိုးတက်မှုအရာအားလုံး အတွက် ပြည်သူတစ်ဦးချင်းစီ၏ မဲတစ်မဲက အရေးကြီးကြောင်း ရွေးကောက်ပွဲ ပညာပေးခရီးတွင် လိုက်ပါမည့် ချစ်သုဝေက ပြောသည်။  စတိတ်ရှိုးတွေဆက်တိုက် သီဆိုဖို့ရှိတဲ့ ၄င်းအနေဖြင့်မတ်လ ၁၁ ရက်တွင် မြို့လေးမြို့ကို ပညာပေး အနေနဲ့သွားမှာဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်လည်းပါဝင်သလို ပြဇာတ်ပါ ကမည်ဖြစ်ကြောင်း သိရသည်။ "အစ်မတို့ မြန်မာနိုင်ငံမှာနေတဲ့ လူတွေအားလုံးက မြို့နေလူတန်း စားထက် ကျေးရွာမှာနေတဲ့လူက များတယ်။ မြို့မှာနေတဲ့ အစ်မတို့တောင် သိပ်မသိကြဘူး။ တကယ့်ရွေးကောက်ပွဲရဲ့ အနှစ်သာရကို မသိကြတာ များတယ်။ ဗဟုသုတမှာ တအား အားနည်းကြတယ်။ အဲဒီအတွက် ပညာပေးဖို့လိုအပ်တယ်။ ပြည်သူတွေအတွက် အရေးကြီးတဲ့နေ့၊ ပြည်သူတွေနိုင်တဲ့နေ့၊ ကိုယ်ဘယ်သူ့ကို ထောက်ခံချင်ချင်၊ ကိုယ့်ဆန္ဒအမှန်တွေကို   ထောက်ခံတာပဲဖြစ်သင့်တယ်"ဟု ၄င်းက ပြောသည်။ ၄င်းအနေဖြင့် ပညာပေး အစီအစဉ်ဆိုပါက ကျန်းမာရေးနှင့် သက်ဆိုင်ပါကလည်း သွားမည်ဖြစ်ပြီး   နိုင်ငံမှာ ပညာတတ်မှ၊ အသိ တရားရှိမှဦးဆောင်နိုင်မှာဖြစ်ကြောင်း၊ ယခု ဦးဆောင်နိုင်သည့် ဖွံ့ဖြိုးပြီး နိုင်ငံများအားလုံးမှာ ပညာနှင့်ဦးဆောင်ပြီး နှစ်အနည်းငယ်အတွင်း တိုးတက် သွားကြခြင်းဖြစ်သည့် အတွက် ကိုယ့်နိုင်ငံက မသိသေးသော လူများကို ကိုယ်တတ်သလောက် ပညာတွေဖြန့်ဝေရန် လိုအပ် ကြောင်း ၄င်းကဆိုသည်။ အဆိုပါ အနုပညာရှင် များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် မသွားရေက်နိုင်သော ဒေသများသို့ ရွေးကောက်ပွဲ ပညာပေးဖျော် ဖြေရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၁ ရက်တွင် ပြင်ဦးလွင်၊ ၁၂ ရက်တွင် စစ်ကိုင်း၊ ၁၃ ရက်တွင် ပုလဲနှင့် ၁၄ ရက်နေ့တွင် ပခုက္ကူ မြို့များတွင် ဖျော်ဖြေမည်ဟု သိရသည်။
 ခိုင်ဝေလွင် (ပေါ်ပြူလာ)
Posted: 15 Mar 2012 12:17 AM PDT
(ရန်ကုန်၊ မတ် ၁ဝ )
အင်းစိန် မြို့နယ်၊ ကမ်းနား အနောက် ရပ်ကွက်၌ နေထိုင်သူ အသက် ၃၄ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦးက ၄င်း၏ မယားဘက်မှ ပါလာသော အသက် ၁၄ နှစ် အရွယ် ရှိ မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှု တစ်ရပ် အင်းစိန်၌ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်း က အင်းစိန်မြို့နယ်၊ ကမ်းနား အနောက်ရပ်ကွက်၊ ချမ်းမြေ့ သာယာလမ်းတွင် နေထိုင် သူ ဒေါ်…..သည် ဈေးရောင်း ရာ မှ နေအိမ်သို့ ပြန်လာစဉ် အသက် ၁၄ နှစ် အရွယ်ရှိ ၄င်း၏ သမီးဖြစ် သူ မ …. မှာ ငိုယိုလျက် ရှိနေသည်ကို တွေ့ရသည့် အတွက် အကျိုးအကြောင်း မေးမြန်းရာ မ…က ၄င်းသည် မိခင်ဖြစ်သူ ဈေးသွားရောင်းနေခိုက် နေအိမ် အတွင်း အိပ်ပျော်နေခဲ့ကြောင်း၊ ထိုသို့ အိပ်ပျော်နေစဉ် ပထွေးတော်သူ ထွန်းထွန်းနိုင်က ၄င်းအား သား မယား အဖြစ် အဓမ္မ တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ မိခင်ဖြစ်သူနှင့် ၄င်း၏ ပထွေး ဖြစ်သူတို့ အိမ်ထောင်ကျပြီး နောက်လွန်ခဲ့သော သုံးနှစ်ခန့် အချိန်မှစ၍ ၄င်း အား လေး ငါးကြိမ် ခန့် သားမယား အဖြစ် ပြုကျင့်ခဲ့ဖူးကြောင်း၊ ၄င်းမှ မိခင်ဖြစ်သူအား ပထွေးဖြစ်သူ၏ အဓမ္မပြုကျင့်မှုကို ပြောပြရန် ကြိုးစားခဲ့သော်လည်း ပထွေး ဖြစ်သူမှ ထိုကိစ္စ အား အခြား သူများသို့ ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည့် အတွက် ၄င်း မှာ မပြောရဲ ခဲ့ကြောင်း ယခုမှသာ အိမ်တွင် ပထွေး မရှိခိုက် မိခင်ဖြစ်သူ အား ပြောကြားခြင်း ဖြစ်ကြောင်း  သိရသည်။
ဆက်လက်၍ ဒေါ်….မှာ ၄င်း၏ ခင်ပွန်းဖြစ်သူအား မ..နှင့် ပတ်သက်သော ကိစ္စအား မတ်လ ၆ ရက်နေ့တွင် မေးမြန်းခဲ့ရာ ၄င်းက ဟုတ်မှန်ကြောင်း ပြောသည့် အတွက် သမီးဖြစ်သူအား သား မယားအဖြစ် ပြုကျင့်သူအား အရေး ယူပေးရန် အင်းစိန် ရဲစခန်းသို့ တိုင် ကြားခဲ့သည့် အတွက် အင်းစိန် ရဲစခန်းမှ ထွန်းထွန်းနိုင် အား (ပ) ၃၆၅/၁၂ ပုဒ်မ (၃၇၆) ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် များအရ ယခု နှစ် မတ်လ ၈ ရက်နေ့ အထိ ရန် ကုန်တိုင်း ဒေသကြီး အတွင်း၌ အရွယ် မရောက်သေးသော မိန်း ကလေးငယ် များအား အဓမ္မပြုကျင့် ရန် ကြံစည်အားထုတ်မှု (၃) မှုနှင့် အဓမ္မ ပြုကျင့်မှု (၂) မှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
သူရထွန်း  (ပေါ်ပြူလာဂျာနယ်)
Posted: 15 Mar 2012 12:02 AM PDT
ရန်ကုန်၊ မတ် ၁၂
စီးပွားဖြစ် ထုတ်လုပ်ခြင်းကြောင့် သစ်တောပြုန်းတီးမှု အများဆုံးဖြစ်ခဲ့ကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကျွမ်းကျင်သူ ဦးစည်သူလွင်က ပြောသည်။
မြန်မာနိုင်ငံ၏ သစ်တောဖုံး လွှမ်းမှုအခြေအနေသည် ၂ဝဝ၃ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၅၃ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၇ နှစ်အကြာ ၂ဝ၁ဝခုနှစ်တွင် ၄၁ ရာခိုင်နှုန်း အထိ လျော့နည်းကျဆင်း ခဲ့ရကြောင်းနှင့် ထိုကဲ့သို့ အလျင်အမြန်ပျောက်ကွယ် ခဲ့ရခြင်းမှာလည်း စီးပွားဖြစ် သစ်ထုတ်လုပ်ခြင်းကြောင့် ဖြစ်သည်ဟု FAO က ၂ဝ၁ဝ ခုနှစ်တွင် ထောက်ပြပြောဆို ခဲ့ကြောင်း ဦးစည်သူလွင် က ဆိုသည်။
အင်္ဂလိပ်အစိုးရသည် မြန်မာ နိုင်ငံ သစ်တောများကို ရေရှည် ထုတ်သုံးနိုင်ရန်အတွက် 'မြန်မာ့ရွေး ချယ်ခုတ်လှဲမှု' စနစ်ကို အသုံးပြုခဲ့သဖြင့် ၁၉၂၅ ခုနှစ်တွင် သစ်တော ဖုံးလွှမ်းမှုသည် ၆၅ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိနေခဲ့ရာမှ တောမီးလောင်ကျွမ်းခြင်း၊ စိုက်ပျိုးမြေတိုး ချဲ့ခြင်း၊ စားကျက်အလွန်အကျွံ ချဲ့ထွင်ခြင်း၊ ဆီအုန်းစိုက်ပျိုးခြင်း၊ ပုစွန်မွေးမြူရေးကန်များ တူးဖော်ခြင်း၊ စီးပွားဖြစ်သစ်ထုတ်ခြင်း၊ သတ္တု၊ ကျောက်မီးသွေး၊ ရတနာမိုင်းတူးဖော်ခြင်း၊ လမ်းဖောက်ခြင်း၊ မီးသွေးထုတ်လုပ်ခြင်း၊ ထင်းထုတ်လုပ်ခြင်း စသည်တို့ကြောင့် ၁၉၅၈ ခုနှစ်တွင် ၅၇ ဒသမ ၂ ရာခိုင်နှုန်း၊ ၁၉၇၅ ခုနှစ်တွင် ၅၂ ဒသမ ၇ ရာခိုင်နှုန်း၊ ၂ဝဝ၃ ခုနှစ်တွင် ၅၂ ဒသမ ၃ ရာခိုင်နှုန်း၊ ၂ဝ၁ဝ ခုနှစ်တွင် ၄၁ ရာခိုင်နှုန်းသို့ အဆင့်ဆင့် ကျဆင်း ခဲ့ခြင်းဖြစ်ကြောင်း ဦးစည်သူလွင်က ဆက်လက်ပြောသည်။
သစ်တော ပြုန်းတီးမှုများနှင့် ပတ်သက်၍ မြန်မာ့သစ်လုပ်ငန်းမှ အငြိမ်းစား အကြီးတန်းအရာရှိတစ် ဦးက "သစ်လုပ်ငန်းဆိုတာ သစ် ထုတ်မယ်ဆိုရင် သစ်တောဦးစီးဌာ နက ခွင့်ပြုတဲ့ ဧရိယာကိုပဲ ထုတ် လုပ်ခွင့်ရှိတာပါ။ နောက်ပိုင်း သစ် ထုတ်လုပ်မှုကို တိုးချဲ့ဖို့အတွက် သစ်လုပ်ငန်းက ငွေကြေးမလုံလောက် တဲ့အခါ ကန်ထရိုက်တွေကို ငှားရ တယ်။ အဲဒီအခါ ကန်ထရိုက်တွေ ကလည်း သစ်များများ ထုတ်နိုင် ဖို့၊ ပိုက်ဆံများများ ရဖို့ကိုပဲ အာရုံ စိုက်လာကြတော့ သစ်တောပြုန်း တီးမှုတွေ ပိုဖြစ်လာရတယ်" ဟု အင်တာဗျူး တစ်ခုတွင် ပြောခဲ့သည်။
၎င်းကပင် ဆက်လက်၍ ထိုကဲ့သို့ ဖြစ်ပေါ်နေရခြင်းသည် လူတစ်စု၏ ဝိသမလောဘကြောင့်ဖြစ်ကြောင်း၊ ယင်းဝိသမလောဘကို ပေါ်လစီနှင့် ထိန်းပေးရမည်ဖြစ်ပြီး ပေါ် လစီကလည်း ထိန်းချုပ်နိုင်မည့်ဥပဒေဖြင့် တားဆီးရမည်ဖြစ်ကြောင်း၊ တားဆီးရန်လည်း စည်းမျဉ်း၊ စည်းကမ်းများ အားလုံးရှိပြီးသားဖြစ်ပြီး တကယ်လုပ်ရန်သာ လိုအပ်ကြောင်း အကြံပြု ပြောကြားခဲ့သည်။
မင်းချစ်နိုင် (ပေါ်ပြူလာဂျာနယ်)
Posted: 14 Mar 2012 11:57 PM PDT
ရန်ကုန်၊ မတ် ၁၂
အစိုးရမှ ချပေးသော ဘတ်ဂျက်ငွေ မလုံလောက်ခြင်းကြောင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေကြောင်း ပြုပြင်ထိန်းသိမ်းရေးကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းရခြင်းဖြစ်ကြောင်း နေပြည်တော် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
"လောလောဆယ် သူတို့ ရင်းနှီးစိုက်ထုတ်ထားပြီး နောက်မှ သင်္ဘောတွေဆီက ရေလမ်းဖြတ် သန်းခကို ပြန်ကောက်ခံရမှာပါ။ သူတို့ ဘယ်လိုကောက်ခံရမလဲဆိုတာ မသတ်မှတ်ရသေးဘူး။ ရေလမ်းကြောင်းတွေက တစ်ခုနဲ့တစ်ခု ရင်းနှီး မြှုပ်နှံမှုငွေကလည်း တူမှာမဟုတ်ဘူး" ဟု ၄င်းက ဆိုသည်။
အဆိုပါ မြစ်နှစ်ခု၏ မြစ်ကြောင်း ထိန်းသိမ်းရေးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်သွားမည်ဖြစ်ပြီး စိတ်ဝင်စားသော ကုမ္ပဏီများကို မတ်လ ၁၄ ရက်နေ့တွင် ပို့ဆောင်ရေး ဝန်ကြီးဌာနရုံး၌ တွေ့ဆုံညှိနှိုင်းရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
"စိတ်ဝင်စားလို့ မေးမြန်းတဲ့ ကုမ္ပဏီတွေ ရှိနေပါပြီ။ ကုမ္ပဏီဘယ်နှခု ဆိုတာတော့ အတိအကျ ပြောလို့မရသေးဘူး"ဟု အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။
မြစ်ကြောင်းများ ထိန်းသိမ်းရန် စိတ်ဝင်စားသော ကုမ္ပဏီများအနေဖြင့် အစည်းအဝေး တက်ရောက်သည့်နေ့တွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ အမျိုးသား စီ မံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင် တည်ထောင်ထားသော ကုမ္ပဏီဖြစ်ကြောင်း၊ မြစ်ကြောင်းရေလမ်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံနိုင်မှု ပမာဏ၊ အထောက်အထား၊ ရေကြောင်းပြုပြင်ခြင်းဆိုင်ရာ ရေဘက်ဆိုင်ရာ အင်ဂျင်နီယာ လုပ်ငန်းများအတွက် ကျွမ်းကျင်သည့် နည်းပညာ၊ ပညာရှင်၊ လုပ်သားအင်အားနှင့် စက်ယန္တရားဆိုင်ရာများ ပိုင်ဆိုင်မှုနှင့် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်မှုအခြေအနေ၊ သက်ဆိုင်ရာဒေသ အာဏာပိုင်၏ ထောက်ခံချက်နှင့် မြစ်ကြောင်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း အတွေ့အကြုံ ရှိမှုများကို မတ်လ ၁၄ ရက်နေ့ နံနက် ၁ဝ နာရီတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ နေပြည်တော်သို့ ယူဆောင်လာရမည် ဖြစ်ကြောင်း သိရသည်။
ယခင်က မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများအတွက် တစ်နှစ်စာအသုံးပြုမည့် ဘတ်ဂျက်ကို သတ်မှတ်ထားခြင်း မရှိကြောင်း ရန်ကုန်ရေမြစ်ဖြိုးမှ တာဝန်ရှိသူက ဆိုသည်။
မေမြန်မာ (ပေါ်ပြူလာဂျာနယ်)
Posted: 14 Mar 2012 07:51 PM PDT
မတ်လ ၁၃ ရက်နေ့မှ စတင်၍ ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများအား ရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော် မြို့များတွင်သာမက နယ်မြို့များ၌ပါ ရောင်းချပေးမှု ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း Elite Tech Service  မှ သတင်းရရှိသည်။
အဆိုပါ CDMA 800 MHz ဖုန်းအား ကျပ်နှစ်သိန်းခွဲ၊ CDMA 450 MHz ဖုန်းအား ကျပ်နှစ်သိန်းဖြင့် မတ်လ ၁၄ ရက်နေ့မှ စတင်၍ ဈေးနှုန်း လျော့ချသတ်မှတ်ပေးမည်ဟု ကြေညာခဲ့ပြီး၊ ယခုအခါတွင် ကျပ်ငါးသိန်းဖြင့် ချထားပေးမှုအား ခေတ္တ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ လျော့ဈေးဖြင့် ရောင်းချပေးနိုင်မည့် ကာလအား ထပ်မံကြေညာပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ CDMA 800 နှင့် 450 MHz ဖုန်းများမှာ တည်ဆောက်ထားသည့် လိုင်းအင်အား ပြည့်နေပြီးဖြစ်သဖြင့် လတ်တလောကာလတွင် ရောင်းချပေးနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
EMG
Posted: 14 Mar 2012 07:39 PM PDT
သယံဇာတ ရင်းမြစ်ကြွယ်ဝသော ပင်လယ်ပြင် ဧရိယာတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြား ပိုင်ဆိုင်မှု အငြင်းပွားနေခြင်းကို အဆုံးအဖြတ်ပေးသည့်အနေဖြင့် နှစ်နိုင်ငံကြား ပင်လယ်နယ်နိမိတ်သစ်တစ်ခုကို ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ အထူးခုံရုံး (International Tribunal for the Law of the Sea) က မတ်လ ၁၄ ရက်နေ့တွင် သတ်မှတ်ပေးလိုက်သည်။
ဂျာမနီနိုင်ငံ၊ မြောက်ပိုင်း ဟမ်းဘတ်မြို့ရှိ ITLOS တရားရုံးက ချမှတ်ခဲ့သည့် အမိန့်အရ ပင်လယ်ပိုင်း နယ်နိမိတ်သစ်ကို တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ ဟိုဆေးလူးဝစ်ဂျီးဆပ်စ်က တင်ပြခဲ့သည်။ နှစ်နိုင်ငံစလုံးအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ ကမ်းဦးရေတိမ်ပိုင်းနှင့် ပတ်သက်၍ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၎င်းက အမိန့်ချခဲ့သည်။ နယ်နိမိတ်အား တိုင်းတာရာတွင် မြန်မာ၏ နည်းလမ်းကို ထောက်ခံခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်က ဧရိယာပိုမိုရရှိခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်ပါ တချို့အစိတ်အပိုင်းများအပေါ် တရားသူကြီးအချို့ သဘောထား ကွဲလွဲခဲ့သော်လည်း ဆုံးဖြတ်ချက်ကိုမူ တစ်ကမ္ဘာလုံးမှ တရားသူကြီး ၂၃ ဦးက တညီတညွတ်တည်း ချမှတ်ခဲ့ခြင်းဖြစ်သည်။ ''နှစ်ဖက်စလုံးဟာ တစ်စုံတစ်ရာကို ရရှိခဲ့ကြသလို တစ်စုံတစ်ရာကိုလည်း ဆုံးရှုံးခဲ့ကြပါတယ်''ဟု ဂျာမန်တရားသူ ကြီး ရူဒီဂျာဝိုလ်ဖရမ်က ပြောကြားခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်မှာ နှစ်ဖက်စလုံးအတွက် အောင်ပွဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက ပြောကြားခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က အနိုင်ရရှိခဲ့သော နေရာတွင် သဘာဝဓာတ်ငွေ့နှင့် ရေနံ တူးဖော်နိုင်ပြီဟုလည်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ သီးသန့် စီးပွားရေးဇုန် ရေမိုင် ၂၀၀ ကို တရားရုံးကသတ်မှတ်ပေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က ပိုင်ဆိုင်သည်ဟု တောင်းဆိုထားသည့် စိန့်မာတင်ကျွန်း တစ်ဝိုက်နေရာတစ်ခုကိုလည်း အတည်ပြုပေးခဲ့သည်။
ပိုင်နက်အငြင်းပွားမှုမှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီး မြန်မာသည် အငြင်းပွားရေပိုင်နက်တွင် သဘာဝဓာတ်ငွေ့ တူးဖော်နေသည်ဟု ဘင်္ဂလားဒေ့ရှ်က စွပ်စွဲခဲ့သည့် ၂၀၀၈ ခုနှစ်က နှစ်နိုင်ငံမှာ စစ်ရေးပဋိပက္ခ ဖြစ်လုနီးပါး အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ ဘင်္ဂလားပင် လယ်အော်တွင် ကြီးမားသည့် သဘာဝဓာတ်ငွေ့သိုက်များ မြန်မာက တွေ့ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က ပိုင်ဆိုင်သည်ဟု ပြောကြားထားသည့်နေရာတစ်ခုတွင် နောက်ထပ်တူးဖော်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့် အလားတူ ပင်လယ်ပိုင်နက် အငြင်းပွားမှု ပြဿနာကို ၂၀၁၄ ခုနှစ်တွင် ဖြေရှင်းရန် မျှော်လင့်ထားသည်။
EMG
Posted: 14 Mar 2012 07:37 PM PDT
မတ်လ ၁၄၊ ၂၀၁၂ (YPI)
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးသို့ ဗီဇာလျှောက်ထားကြရာတွင် ခရီးသွားအကျိုးဆောင်များက အချက်အလက်အတုများဖြင့် လျှောက်တင်မှုကြောင့် အကျိုးဆောင်များမှ တဆင့် ဗီဇာလျှောက်တင်လာခြင်းအား သံရုံးမှ ယာယီ ရပ်ဆိုင်း ထားသည်ဟု သံရုံးဗီဇာဋ္ဌာနမှ ပြောသည်။
" Fake Doucument (စာရွက်စာတမ်းအတု) တွေနဲ့တင်လို့ပါ။ တနင်္လာနေ့ကစပိတ်တာပါ။ အဲကိစ္စတွေကို ထိုင်းသံရုံးကို အေးဂျင့်က စာတင်ထားတာနဲ့ ပတ်သတ်လို့ ဘန်ကောက်ရုံးရဲ့ အဆုံးအဖြတ်ကို စောင့်နေပါတယ်" ဟု ထိုင်းဗီဇာဋ္ဌာနမှ YPI သို့ ပြောကြားသည်။
ယခုကဲ့သို့ ခေတ္တရပ်ဆိုင်းခြင်းကို အဂါင်္နေ့ နံနက်ပိုင်းတွင်မှ အတိအကျ သိရှိကြရသဖြင့် အကျိုးဆောင်များဖြင့် ဗီဇာလျှောက်ထားသူများ အခက်အခဲဖြစ်ကြရသည်ဟု ထိုင်းဗီဇာလျှောက်ထားသူများက ပြောသည်။
ယခုရက်ပိုင်းအတွင်း ဗီဇာလျှောက်ထားသူ အန်ဂျီအိုဝန်ထမ်းတဦးက " မနေ့ကထိုင်းသံရုံးကို ဖုန်းဆက်တော့ ဘာမှမပြောဘူး။ နောက်Visa Officer နဲ့စကားပြောဖို့ တောင်းဆိုတော့ သူတို့က ဖက်စ်ထိုးခိုင်းတယ်။ နောက်ဗီဇာအရာရှိနဲ့ စကားပြောတော့ သူတို့က အေဂျင်စီနှစ်ခု (ခရီးသွားအကျိုးဆောင်) ပဲ ပိတ်တာလို့ ပြောတယ်။ လေယဉ်လက်မှတ် အတုနဲ့တင်လို့တဲ့။ နောက်တော့ ဗီဇာကို ချက်ချင်းထုတ်ပေးတယ်။ အဲဒီမှာ ကိုယ်တိုင် လာတင်တဲ့လူတွေလဲ တွေ့တယ်။ အဲဒီလူတွေကိုတော့ ထုတ်ပေးတယ်။ အေးဂျင့်ကိုအပ်ထားတဲ့ လူတွေတော့ ဒုက္ခရောက်တာပေါ့" ဟု ၀ိုင်ပီအိုင်သို့ ပြောသည်။
အကျိုးဆောင်ဖြင့် လျှောက်ထားခိုင်းရာမှ မရသဖြင့် ကိုယ်တိုင် လာရောက်ရသူ အခြားတဦးကလည်း "ပထမတော့ အေးဂျင့်နဲ့တင်တာ မရဘူးဆိုတော့ ကိုယ်တိုင်လာလျှောက်ရတယ်။ မနက် ၇ နာရီမှာ တိုကင်လာယူတာ နံပါတ်က ၁၀၄ ရောက်နေပြီ။ အရေးကြီးကိစ္စနဲ့ ထိုင်းနိုင်ငံသွားဖို့ လိုတယ်လို့ ဗီဇာဌာနကို ပြောတော့ နေ့ချင်းလုပ်ပေးလို့ ညနေ ၄နာရီခွဲမှာ ဗီဇာရတယ်" ဟု ပြောသည်။
ထိုင်းနိုင်ငံသည် ပြည်ပခရီးသည်များကို ဆွဲဆောင်သည့်အနေဖြင့် ပြည်ဝင်ခွင့်ဗီဇာကြေး ကင်းလွတ်ခွင့် ပြုသည့် အစီအစဉ်များကို မကြာခဏ ပြုလုပ်ပေးနေသော်လည်း မြန်မာနိုင်ငံသားများ အနက်ထိုင်းဗီဇာ ရရန်ခက်ခဲ ဆဲဖြစ်သည်။ ထိုင်းနိုင်ငံသို့ ပထမဆုံးသွားရောက်မည့် မြန်မာနိုင်ငံသားများ အနေနှင့် မြန်မာနိုင်ငံသို့ ပြန်လာမည့် အိမ်ခြံမြေ ဖုန်း ကား အစရှိသည်တို့ကို ပြသနိုင်မှ ထိုင်းဗီဇာ ရရှိနိုင်သည်။
"ထိုင်းနိုင်ငံက မြန်မာနိုင်ငံနဲ့ ဒီလောက်ဆက်ဆံရေး ကောင်းအောင် လုပ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံသားတွေ ရဲ့ပိုင်ဆိုင်ခွင့်ကို  ပြခိုင်းထားတယ်။ ပြီးတော့ အာရှမှာ ထိုင်းက ဆိုက်ရောက်ဗီဇာ မပေးတာ မြန်မာ တနိုင်ငံထဲ ရှိတယ်လို့ ကြားတယ်။ ကမ္ဘောဒီးယားကိုတောင် ဆိုက်ရောက်ဗီဇာ ၁၅ရက်ပေးတယ်လို့ ကြားဖူးတယ်" ဟု အဆိုပါ ထိုင်းဗီဇာလျှောက်သူ အန်ဂျီအိုဝန်ထမ်းက ပြောသည်။
Posted: 14 Mar 2012 07:33 PM PDT
မတ်လ ၁၄၊ ၂၀၁၂ (YPI)
တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေသည့် ကာလအတွင်း ပါတီအချို့က အသံချဲ့စက်သုံးသည့် မဲဆွယ် စည်းရုံးမှုများကို ရပ်နားထားကြောင်း ယင်းပါတီ ကိုယ်စားလှယ်လောင်းများကပြောသည်။
မဲဆွယ်စည်းရုံးမှု ရပ်နားထားသည့် ပါတီတချို့မှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ် (NNDP) ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ဖြစ်သည်။
ယခုလ ၁၂ ရက်နေ့မှ ၂၂ ရက်နေ့အထိသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုချိန်ဖြစ်သဖြင့် ဆူညံသည့် မဲဆွယ် စည်းရုံးမှုများက စာမေးပွဲ ဖြေဆိုသူများ အနှောင့်အယှက် မဖြစ်စေရန် ရပ်ထားခြင်းဖြစ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောသည်။
"မဲဆွယ်စည်းရုံးရေးရက်တွေကတော့ နည်းသွားတာပေါ့။ ခုတောင် ကမန်းကတန်း လုပ်နေရတာလေ။  ဒါပေမယ့် စာမေးပွဲဖြေမယ့် ကလေးတွေ အနှောင့်အယှက်ဖြစ်မှာ စိုးလို့ပါ "ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ကိုယ်စားလှယ်လောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။ယခုလို ရပ်နားသည့် အစီအစဉ်မှာ မိမိသဘောဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး သက်ဆိုင်ရာက ညွှန်ကြားထားခြင်း မဟုတ် ကြောင်း သိရသည်။
ယင်းကာလ၌ ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးရာဇ၀င်များ၊ ပါတီမူဝါဒများနှင့် လုပ်ဆောင်ချက်များ ပါသော လက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်း စသည့် မဲဆွယ်စည်းရုံးမှုများကို အိမ်တိုင်ရာရောက် လုပ်ဆောင်လျှက်ရှိပြီး မဲစာရင်းများ စစ်ဆေးခြင်းလည်း ဆောင်ရွက်မည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။
ဆူညံသည့် မဲဆွယ် စည်းရုံးမှုများကိုမူ စာမေးပွဲအပြီး နောက်တနေ့ မတ်လ ၂၃ ရက်နေ့မှစ၍ ၃၁ ရက်နေ့အထိ ပြန်လည် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
"ဆယ်တန်းကလေးတွေ စာမေးပွဲပြီးရင်တော့ မဲဆွယ်စည်းရုံးမှုတွေကို အင်တိုက်အားတိုက် ဆောင်ရွက်သွား မှာပါ" ဟု အမျိုးသားဒီမိုကရေစီပါတီသစ်မှ တာဝန်ရှိသူ ကိုမျိုးထွန်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဒဂုံဆိပ်ကမ်းမြို့နယ် ကိုယ်စားလှယ်လောင်း ဦးကြီးမြင့်က "မတ်လ ၁၀ ရက်နေ့ ကနေ ၂၃ ရက်နေ့အထိ နားထားတယ်။ ယုဇနဥယျာဉ်မြို့တော်က အထက်တန်းကျောင်း ဘေးမှာ လည်း ဆယ်တန်းစာမေးပွဲဖြေနေသည် ဆူဆူညံညံမလုပ်ရလို့ ရေးထားတယ်။" ဟု ပြောသည်။
ယင်းပါတီအားလုံးသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲမဖြေဆိုမီအချိန်က သက်ဆိုင်ရာမြို့နယ်များ၌ အသံချဲ့ စက်များဖြင့် မဲဆွယ်သီချင်းများဖွင့်ကာ လှည့်လည်ခြင်း၊ ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးရာဇ၀င်များ အား မိတ်ဆက်ခြင်း၊ စည်းရုံးဟောပြောခြင်း တို့ကို လေးကြိမ်ခန့်  လုပ်ဆောင်ခဲ့ကြပြီးဖြစ်သည်ဟု ပါတီ တာဝန်ရှိသူများက ပြောကြသည်။
ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများ၏ မဲဆွယ်စည်းရုံးရေး ကာလကို သတ်မှတ်ထားခြင်း မရှိသဖြင့် မဲဆွယ်စည်းရုံးရာတွင် စတင်သည့် ကာလနှင့် ပြီးဆုံးသည့်ကာလတို့မှာ ပါတီတစ်ခုနှင့်တစ်ခုကြား မတူညီကြပေ။      ။
Posted: 14 Mar 2012 06:51 PM PDT
ရန်ကုန်မြို့တော်စည်ပင်သာယာ၏ အဆောက်အအုံသစ်များ၏မြေညီထပ်တွင် ကားပါကင်ထည့်သွင်းဆောက်လုပ်ရမည့် အမိန့်အား အထက်မှညွှန်ကြားချက်အရ 
၁၄ရက် ၊ ၃လ ၊ ၂၀၁၂ တွင် ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိပါသည်။
Myanmar News Now
ရန်ကုန်မြို့ မှ ကန်ထရိုက်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကို တွေ့ ရစဉ်
Myanmar News Now မှ တင်ပြခဲ့တဲ့  YCDC ကားပါကင် ပြဿနာ  အောက်မှာပြန်လည်
ဖော်ပြပေးလိုက်ပါတယ်။
စည်ပင်ရဲ့ ကားပါကင်ကြောင့် အိုးအိမ်မဲ့ဖြစ်သူပေါင်း ၃၀၀ကျော်ရှိ   
ရန်ကုန်မြိုတော်စည်ပင်မှာ အိမ်ဟောင်းများကို ဖျက်ပြီး အဆောက်အဦးဆောက်လုပ်ခွင့်တင်ရာ
မှာ အဆင့်နှစ်ဆင့်တင်ရပါတယ် ။ ပထမအဆင့် Proposal ဒုတိယအဆင့်ပုံစံကြီး ဖြစ်ပါတယ် ။ 
ပထမအဆင့်Proposal အောင်ပြီးရင် မူလနေထိုင်ရာ အိမ်အဟောင်းကို ညဖြိုဖျက်ဖယ်
ရှားရပါတယ် ။ အဲဒီအချိန်ကစလို့ မြေပိုင်ရှင်မိသားစုများ  ၊ အိမ်ငှားနေထိုင်သူမိသားစုများဟာ ကန်ထရိုက်တာအိမ်ဆောက်မပြီးမချင်း မိမိတို့ကိုယ်ပိုင်ငွေကြေးဖြင့် တလလျှင်
အနည်းဆုံး ၇၀၀၀၀ ကျပ်ခန့် အကုန်အကျခံပြီးတိုက်ခန်းငှားနြေ
ကရပါတယ် ။ 
၂၀၁၂ခုနှစ် ဇန်န၀ါရီလအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်အတွင်းမြို့နယ်အားလုံးမှာ အသင့်ဆောက်လုပ်မည့် အဆောက်အဦးများမြေညီထပ်မှာ လူနေထိုင်ခွင့်မပြုတော့ဘဲ 
ကားများရပ်နားရန် ကားပါကင်ပြုလုပ်ရမည်လို့ ညွှန်ကြားလာပါတယ် ။ 
အဲဒီအမိန့်ဟာ လွန်ခဲ့သော သုံးလေးလကတည်းက Proposalအောင်ပြီး  မြေပိုင်ရှင်များလည်း အကျုံးဝင်ကြောင်း ထုတ်ပြန်သဖြင့် မြေရှင်ရော ကန်ထရိုက်ပါ အခက်အခဲဖြစ်ကြရပါတယ် ။ စည်ပင်အမိန့်နှင့်ပတ်သက်ပြီး အနည်းငယ်ရှင်းပြလိုပါတယ် ။ 
ရန်ကုန်မြို့မှာ အိမ်ဟောင်းဖျက်ပြီး အိမ်သစ်ဆောက်လုပ်ခွင့်တင်သောမြေကွက်များ၏ 
၇၅%မှာ ၂၅ပေ×၅၀ပေ မြေကွက်များဖြစ်ပါတယ် ။ စည်ပင်ဥပဒေအရ ရှေ့နောက်ဝဲယာ တစ်ပေစီချန်ခိုင်းထားအတွက် မျက်နှာစာ၂၃ပေ×ရှေ့နောက်၄၈ပေ ဆောက်ကြရပါတယ် ။ 
ရပ်ကွက်အခေါ် ရင်ခွဲ အငယ်မှအုတ်နံရံချားပြီး နှစ်ခန်းတွဲဆောက်ကြတာ များပါတယ် ။ 
 အလည်တည့်တည့် အဆင်းအတက်လှေကား အကျယ်ရှစ်ပေနှုတ်ခဲ့ရင် ၊ ဘေးနှစ်ဘက်က ကွန်ကရစ်တိုင်နှစ်တိုင်နုတ်ခဲ့ရင် ကားအ၀င်အထွက်အတွက် ခြောက်ပေခွဲပင်
မကျန်တော့ပါ ။ 
ကားဝင်လို့ရတယ်ထားဦး ကားသုံးစီးရှေ့နောက်တန်းစီရပ်လျှင် ၀ဲယာနှုတ်ခမ်းအတွက် ကားခြောက်စီးကျပ်ကျပ်တည်းတည်းရပ်လို့ရပါတယ် ။ မှတ်ချက် - ကားတွေမှာ ဘက်မှန်ပါရင်တော့ ၀င်လို့မဆံ့ပါ ။------
 ပြသနာက အတွင်းထဲကကားထွက်ချင်ရင် နောက်ကားနှစ်စီးပိုင်ရှင်တွေကို ဘယ်မှာလိုက်ရှာမလဲ ။ ညနက်သန်းခေါင်အရေးပေါ်လို့ အတွင်းကကား အပြင်ထွက်ချင်ရင် ဘယ် လိုလုပ်မလဲ ။ 
အဲဒါကို မြေရှင်များနဲ့ ကန်ထရိုက်များ မဖြစ်နိုင်ကြောင်း ယာ/အုံ ဌာနမှူးထံ စုပေါင်းတင်ပြခဲ့ရာ 
ဌာနမှူးက "" ကျုပ်လဲမသိဘူး ၊ အထက်က လုပ်ခိုင်းလို့လုပ်တာ""ဟု ဖြေပါသည်  ။ တဖန် မြို့တော်ဝန်ထံဆက်လက်ပြီး စာများ ပုံများဖြင့် တင်ပြကြရာတွင် ထိုအကြောင်းအရာမှာ
 အပေါ်ကချပေးတဲ့ အမိန့်ကြောင့် ညွှန်ကြားတာဖြစ်ကြောင်း ပြောပါသည် ။
 ရန်ကုန်မြို့မှာ ထိုအကြောင်းကြောင့် အိုးအိမ်မဲ့ဖြစ်သူပေါင်း ၃၀၀ကျော်ရှိပါသည် ။ စည်ပင်နှင့်ဆက်နွယ်သော ဆောက်လုပ်ရေးလုပ်ငန်းများမှာ၈၀% လျောု့ကျသွားပါသည် ။ ဆောက်လုပ်ရေးလုပ်သားများ သောင်းချီပြီး အလုပ်လက်မဲ့ဖြစ်ကြရပါသည်။
ကန်ထရိုက်ဆောက်လုပ်ရေးသမားတဦး ရေးသားပေးပို့ ထားတာဖြစ်ပါတယ်။
Myanmar News Now
Posted: 14 Mar 2012 05:31 PM PDT
 ၂၀၁၂ ခု မတ်လ ၁၄ ၇က်
ပြည့်ဖြိုးတေဇနဲ့ ဦးတေဇ
မြန်မာစစ်အစိုးရနဲ့ စီးပွားလုပ်ပြီး အကျိုးအမြတ်ရနေသူ ဦးတေဇရဲ့သား ကိုပြည့်ဖြိုးတေဇကို အီးယူက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့စာရင်းမှာထည့်သွင်းထားတာ ပယ်ဖျက်ပေးရေးအတွက် ကိုပြည့်ဖြိုးတေဇက အီးယူကိုတရားစွဲတာ ကိုပြည့်ဖြိုးတေဇကို မတ်လ ၁၃ ရက်နေ့က အနိုင်ပေးလိုက်ပြီဖြစ်ပါတယ်။
အောက်ရုံး(General Court) က ပယ်ချထားတဲ့ စီရင်ချက်ကို ပလပ်ပေးဖို့ အထက်ရုံး European Court of Justice (ECJ) ကို ကိုပြည့်ဖြိုးတေဇက အယူခံဝင်ထားတဲ့အမှုကို အီးစီဂျေက မတ်လ ၁၃ ရက်နေ့မှာ အနိုင်ပေးလိုက်တဲ့အကြောင်း ကိုပြည့်ဖြိုးတေဇရှေ့နေတွေက သတင်းထုတ်ပြန်ထားပါတယ်။
ကိုပြည့်ဖြိုးတေဇပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားရေး အီးယူရဲ့ တားမြစ်ချက်တွေကို အထက်ရုံး European Court of Justice (ECJ) က ပယ်ဖျက်လိုက်ပြီး ကိုပြည့်ဖြိုးတေဇဘက်က ကုန်ကျထားတဲ့ တရားရုံးစရိတ်တွေကို အီးယူကောင်စီက ပေးဆောင်ဖို့ပါ စီရင်ချက်ချလိုက်ပါတယ်။
အီးယူကိုတရားစွဲတာ ကိုပြည့်ဖြိုးတေဇနိုင်သွားတဲ့အတွက် ကိုပြည့်ဖြိုးတေဇမနေနဲ့ နာမယ်ပျက်စာရင်းကလွတ်သွားသလို အီးယူဒဏ်ခတ်မှုကလဲ လွတ်သွားပြီဖြစ်ပါတယ်။ ဒါ့ပြင် အီးယူ ၂၇ နိုင်ငံကို ကိုပြည့်ဖြိုးတေဇ အချိန်မရွေး သွားရောက်လည်ပတ်ခွင့်ရရုံမက အဲဒီနိုင်ငံတွေမှာ ပညာသင်ကြားခွင့်၊ စီးပွားလုပ်ကိုင်ခွင့်စတဲ့ အခွင့်အရေးတွေ ရသွားပြီင်္ဖြစ်ပါတယ်။
-----------------------------------------------------------------------------------
ပြည်လည်ဖော်ပြချက် (ROHINGYA BLOGGER မှ)
==========================
အမှုနောက်ခံအချက်အလက်များ
ဦးတေဇသား အီးယူကို တရားစွဲတာ တရားပြိုင်ရှေ့နေက ထောက်ခံပြီ
FRIDAY, DECEMBER 09, 2011  ROHINGYA BLOGGER  NO COMMENTS
ရန်နောင် (ဗဟိုတရားရုံးရှေ့နေ) ပြုစုသည်။
နိဒါန်း
စစ်အစိုးရနဲ့ပေါင်း စီးပွားရေးအကျိုးအမြတ်တွေ ရယူနေတယ်ဆိုပြီး အီးယူဒဏ်ခတ်ထားတာကို မကျေနပ်တဲ့အတွက် ဦးတေဇရဲ့သား ကိုပြည့်ဖြိုးတေဇက အီးယူ နာမယ်ပျက်စာရင်းက သူ့အမည် ဖယ်ရှားပေးရေးအတွက် လန်ဒန်က အင်္ဂလိပ် ရှေ့နေတွေငှားပီး အီးယူကို တရားစွဲခဲ့ပါတယ်။
ဒါပေမဲ့ အောက်ရုံး(General Court) က ပယ်ချထားတဲ့ စီရင်ချက်ကို ပလပ်ပေးဖို့ အထက်ရုံး European Court of Justice (ECJ) မှာ အယူခံထားဆဲအချိန်မှာ ECJ တရားရုံးဆိုင်ရာ အမြဲတန်း ဥပဒေရေးရာ အကြံပေးရှေ့နေ Advocate General တဦးက ထောက်ခံပီး တရားသူကြီးထံ တင်ပြအကြံပေးထားပါတယ်။ မကြာခင် ECJ တရားရုံးကနေ စီရင်ချက် ချတော့မှာ ဖြစ်ပါတယ်။
အမှုဖြစ်စဉ်
ဒီအမှုနဲ့ပတ်သက်ပီး ဖခင်ဖြစ်သူ ဦးတေဇက နိုင်ငံခြားငွေ အမြောက်အများ အကုန်ခံပီး လန်ဒန်မြို့ရှိ နာမယ်ကြီး ရှေ့နေကုမ္ဗဏီ Carter-Ruck ကို ငှားပါတယ်။ အမှုကို ပထမ ဥရောပ လပ်ဇင်ဘတ်မြိုမှာ ရှိတဲ့ အီးယူ အောက်ရုံး General Court တရားရုံးကို ဦးတေဇငှားထားတဲ့ အင်္ဂလိပ် ရှေ့နေတွေက ဦးတိုက်လျှောက်ထားပါတယ်။
General Court တရားရုံး
General Court ဆိုတာ European Court of Justice တရားရုံးကြီးနဲ့ တွဲထားပေမဲ့ လွတ်လပ်တဲ့ တရားရုံးတခုဖြစ်ပီး လပ်ဇင်ဘတ်(Luxembourg) နိုင်ငံမှာ အခြေစိုက်ပါတယ်။ မြန်မာနိုင်ငံ အောက်ရုံးသဘောမျိုးမို့ (အတိအကျမဟုတ်သည့်တိုင် ဖတ်ရလွယ်အောင်) အောက်ရုံးလို့ ယာယီ သုံးပါမယ်။ Court of First Instance လို့အရင်ကခေါ်တဲ့ General Court တရားရုံးကို အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံက တရားသူကြီး တဦးကျစီနဲ့ စုစုပေါင်း တရားသူကြီး ၂၇ ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ECJ လို အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီး Advocate General တွေ ခန့်မထားပါဘူး။
ဥပဒေရေးရာ အကြံပေးရှေ့နေကြီး Advocate General ဆိုတာ
Advocate General ဆိုတဲ့ ဥပဒေအကြံပေး ရှေ့နေတွေဟာ အထူးသဖြင့် ဥရောပတရား စီရင်ရေးစနစ်မှာ အရေးပါသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ တရားရုံးအမြဲတန်းအဖွဲ့ဝင်တွေဖြစ်ပေမဲ့ တရားသူကြီး မဟုတ်သလို တရားရုံးတွေမှာ အမှုသည်ကို ကိုယ်စားပြုသူတွေလဲ မဟုတ်ပါ။ တရားစွဲလက်စ အမှုတွေနဲ့ ပတ်သက်ပီး တရားသူကြီးတွေကို ဥပဒေရေးရာ အကြံပေးရသူတွေ ဖြစ်ပါတယ်။ ရာဇ၀တ်မှုနဲ့ တရားမမှုတွေမှာ အစိုးရရှေ့နေပုံစံမျိုးတာဝန်လဲ ယူကြပါတယ်။
အမြင့်ဆုံး အီးယူတရားရုံးဖြစ်တဲ့ ECJ ခေါ် ဥရောပတရားရုံးဟာ အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံက တရားသူကြီး၂၇ ဦးနဲ့ဖွဲ့ထားပီး ဒီတရားရုံးကို စောစောကပြောတဲ့ Advocate General ဆိုတဲ့ရှေ့နေ ၈ ဦးက ဥပဒေရေးရာ အကြံပေးနေတာ ဖြစ်ပါတယ်။
အောက်ရုံးမှာ နှစ်ဘက်ကြားနာ
တရားလို ကိုပြည့်ဖြိုးတေဇဘက်က ရှေ့နေများအဖြစ် ဗြိတိသျှရှေ့နေတွေဖြစ်တဲ့ D Anderson, M. Lester နဲ့ G. Martin တို့ ၃ ဦးက လိုက်ပါဆောင်ရွက်ပါတယ်။ တရားပြိုင်တွေကတော့ အီးယူကောင်စီအပြင် အင်္ဂလိပ်အစိုးရ၊ မြောက်အိုင်ယာလန်အစိုးရနဲ့ ဥရောပကော်မရှင်တို့ ပါဝင်ပါတယ်။
နှစ်ဘက်လျှောက်လဲရာမှာ ကိုပြည့်ဖြိုးတေဇဘက်က
-ဒဏ်ခတ်ထားတဲ့ အီးယူနာမယ်ပျက်စာရင်းကနေ သူ့နာမယ်ကို ဖယ်ထုတ်ပေးသင့်ကြောင်း၊
-သူနဲ့ ပတ်သက်တဲ့ အီးယူ ဒဏ်ခတ်ထားတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို ပယ်ဖျက်ပေးသင့်ကြောင်းနဲ့
-တရားရုံးစရိတ်တွေကို အီးယူကောင်စီက ပေးဆောင်စေသင့်ကြောင်း လျှောက်ထားခဲ့ပါတယ်။
တရားပြိုင် အီးယူကောင်စီကလဲ တရားရုံးကနေ ကိုပြည့်ဖြိုးတေဇ လျှောက်ထားချက်ကို ပယ်ဖျက်သင့်ကြောင်း၊ တရားရုံးစရိတ်အတွက် ကိုပြည့်ဖြိုးတေဇကို ပေးဆောင်ရန်အမိန့်ချသင့်ကြောင်း လျှောက်ထားခဲ့ပါတယ်။
ထူးခြားချက်က ကိုပြည့်ဖြိုးတေဇလျှောက်ထားချက်ကို တရားရုံးက ပယ်ချသင့်ကြောင်း အဓိက တရားပြိုင်မဟုတ်တဲ့ အင်္ဂလန်နဲ့ မြောက်အိုင်ယာလန်အစိုးရတွေက လျှောက်လဲခဲ့ပြီး ဥရောပ ကော်မရှင်ကလဲ ကိုပြည့်ဖြိုးတေဇ လျှောက်လဲချက်ကို ပယ်ချသင့်ကြောင်း၊ တရားရုံးစရိတ်တွေကို ကိုပြည့်ဖြိုးတေဇကသာ ကျခံစေသင့်ကြောင်း လျှောက်ထားခဲ့ပါတယ်။
ဒီနေရာမှာ အင်္ဂလန်အစိုးရ မြောက်အိုင်ယာလန်အစိုးရနဲ့ ဥရောပကော်မရှင်တို့က အယူခံရုံးမှာ intervenor (Intervener လို့လဲ သုံးပါတယ်) အနေနဲ့ လျှောက်လဲခဲ့တာဖြစ်ပါတယ်။ အဓိကအချက်ကတော့ အမှုတခု စီရင်ချက်ကြောင့် တရားလို တရားပြိုင်မဟုတ်တဲ့ နိုင်ငံ အဖွဲ့အစည်းတွေရဲ့ အခွင့်အရေးကို ထိခိုက်မဲ့အလားအလာရှိတယ်လို့ ယူဆရင် intervenor အနေနဲ့ လျှောက်ထားခွင့်ပေးထားတဲ့ သဘော ဖြစ်ပါတယ်။
ရှည်လျားတဲ့ ဥပဒေကြောင်းဆိုင်ရာ နှစ်ဘက်လျှောက်ထားမှုတွေ ကြားနာအပြီးမှာ လပ်ဇင်ဘတ် အီးယူ အထွေထွေ တရားရုံးကနေ စီရင်ချက်ချပါတယ်။
စီရင်ချက်မှာ -
-ကိုပြည့်ဖြိုးတေဇ လျှောက်ထားချက်ကို ပယ်ချကြောင်း၊
-တရားရုံးစရိတ်နဲ့ ပတ်သက်ပီး ကိုပြည့်ဖြိုးတေဇ စရိတ်အတွက် သူကိုယ်တိုင်ကျခံရမှာဖြစ်သလို အီးယူကောင်စီရဲ့ တရားရုံးစရိတ်တွေလဲ
ကျခံပေးရမှာဖြစ်ကြောင်း၊
-အင်္ဂလန်အစိုးရ မြောက်အိုင်ယာလန်အစိုးရနဲ့ ဥရောပကော်မရှင်တွေကတော့ သူတို့ တရားရုံးစရိတ်ကို သူတို့ဘာသာ ကျခံစေဆိုပီး ၂၀၀၉ ခု မေလ ၁၉ ရက်နေ့က အမိန့်ချခဲ့ပါတယ်။
ကိုပြည့်ဖြိုးတေဇဘက်က အယူခံတက်ပြီ
လပ်ဇင်ဘတ် အထွေထွေ တရားရုံး စီရင်ချက်ကို မကျေနပ်တဲ့ ကိုပြည့်ဖြိုးတေဇ ရှေ့နေတွေက ၂၀၀၉ ခု ဇူလိုင် ၂၇ ရက်မှာ လပ်ဇင်ဘတ်ရှိ အမြင့်ဆုံး အီးယူတရားရုံးဖြစ်တဲ့ European Court of Justice (ECJ) ကို အယူခံဝင်ပါတယ်။
European Court of Justice ဆိုတာဘာလဲ
European Court of Justice (ECJ) ဆိုတာ အီးယူဥပဒေရေးရာတွေနဲ့ ပတ်သက်ပြီး အီးယူမှာ အမြင့်ဆုံး တရားရုံုးုဖြစ်ပါတယ်။ လပ်ဇင်ဘတ်မှာ အခြေစိုက်ပါတယ်။ ECJ တရားရုံးကြီးမှာ အီးယူ ၂၇ နိုင်ငံက တရားသူကြီး တဦးကျစီ စုစုပေါင်း တရားသူကြီး ၂၇ ဦး ပါဝင်ပါတယ်။
တရားရုံးအမြဲတန်းအဖွဲ့ဝင် ဥပဒေအကြံပေး Advocate General ရှေ့နေကြီး ၈ ဦးကလဲ တာဝန်ပေးတဲ့အမှုအတွက် ဥပဒေရေးရာ ထင်မြင်ချက် အကြံပေးချက်တွေကို တရားသူကြီးတွေထံ တင်သွင်းရပါတယ်။
ကိုပြည့်ဖြိုးတေဇဘက်က အဓိက အယူခံ လျှောက်ထားတာကတော့-
-အီးယူ General Court အောက်တရားရုံးက စီရင်ချက်ကို ပလပ်ပေးဖို့၊
-ကိုပြည့်ဖြိုးတေဇနှင့် ပတ်သက်တဲ့ ၂၀၀၈ခု ဖေဖော်ဝါရီ ၈ ရက် အီးယူဒဏ်ခတ်မှု စည်းမျဉ်း ၁၉၄/၂၀၀၈ ပါ စည်းနှောင်ထားမှုများကို ပျက်ပြယ်ကြောင်း ကြေငြာပေးရန်နဲ့
-အီးယူတရားရုံးချုပ် အယူခံစရိတ်နဲ့ အီးယူ General Court တရားရုံးစရိတ်တွေကို ဥရောပကောင်စီက ကျခံစေဖို့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
တရားသူကြီးဥပဒေအကြံပေးရှေ့နေကြီးက ကိုပြည့်ဖြိုးတေဇကို ထောက်ခံပြီ
ဒါပေမဲ့ ၂၀၁၁ ခုနှစ် ပီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာတော့ ECJ တရားရုံးရဲ့ အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီးတဦးဖြစ်တဲ့ Advocate General မန်ဂိုးဇီးက ကိုပြည့်ဖြိုးတေဇ ရှေ့နေတွေဘက်က အယူခံလျှောက်လဲချက်တွေကို ထောက်ခံဆွေးနွေးထားတဲ့ ဥပဒေရေးရာ ထင်မြင်သုံးသပ်ချက်ကို ECJ တရားရုံးမှာ တင်သွင်းပါတယ်။
ECJ အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီး Advocate General မန်ဂိုးဇီးရဲ့ ထောက်ခံချက်တွေကတော့-
-ကိုပြည့်ဖြိုးတေဇအပေါ် အီးယူ General Court ကဆုံးဖြတ်ထားတဲ့ စီရင်ချက်ကို ပယ်ဖျက်ပေးသင့်ကြောင်းအပြင် ကိုပြည့်ဖြိုးတေဇနဲ့ ပတ်သက်တဲ့ အငြင်းပွားနေတဲ့ အီးယူဒဏ်ခတ်မှု စည်းမျဉ်းတွေထဲက ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ရေးဆိုင်ရာ စည်းနှောင်မှုတွေကို ပယ်ဖျက်ပေးသင့်ကြောင်း ဖော်ပြထားပါတယ်။
-အီးယူဒဏ်ခတ်မှုဆိုင်ရာ ဥပဒေ အသက်ဝင်မလာခင် မိမိအမည် ဒဏ်ခတ်စာရင်းမှာပါကြောင်း ကြိုတင်အကြောင်းကြားမှုမရှိတဲ့ပြင်
ဒီအကြောင်းခုခံပြောဆိုနိုင်အောင် မည်သည့် ကြားနာခွင့် အခွင့်အရေးကိုမျှ ကိုပြည့်ဖြိုးတေဇ မရခဲ့ပါကြောင်းလဲ
မန်ဂိုးဇီးက ထောက်ပြထားပါတယ်။
ကိုပြည့်ဖြိုးတေဇအနေနဲ့ သူ့အမည် အီးယူဒဏ်စာရင်းမှာ မပါခင်ကဖြစ်စေ ပါပြီးနောက် ဘယ်လိုအကြောင်းကြောင့် သူ့ကို အီးယူဒဏ်ခတ်စာရင်းမှာပါသလဲ နောက်ဆက်တွဲ မေးတဲ့အချိန်မှာဖြစ်စေ သူ့နာမယ်ကို ဘာအကြောင်းကြောင့် ခုလို ဒဏ်ခတ်စာရင်းမှာ ထဲ့သွင်းထားသလဲ ဆိုတာလဲ သိခွင့်မရခဲ့ပါ။
-အီးယူဒဏ်ခတ်စာရင်းမှာ အမည်ဖော်ပြထားတဲ့ ကုမ္ဗဏီ မန်နေဂျင်းဒါရိုက်တာ ဦးတေဇရဲ့သား အဖြစ်သာ ဖော်ပြထားပြီး အခြား မည်သည့်အချက်မျှ ဖော်ပြမထားပါလို့ Advocate General မန်ဂိုးဇီးက သုံးသပ်ထားပါတယ်။
ECJ အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီး မန်ဂိုးဇီးရဲ့ ဥပဒေရေးရာ သုံးသပ်ချက် နိဂုံးပိုင်း
-အငြင်းပွားနေတဲ့ အီးယူဒဏ်ခတ်မှု စည်းမျဉ်းဆိုင်ရာ ဥပဒေအခြေခံအရ မှားယွင်းတဲ့ ဥပဒေကို အခြေခံထားတာ ဖြစ်တဲ့အတွက် အီးယူတရားရုံး General Court ရဲ့ စီရင်ချက်ကို ပလပ်သင့်ပါသည်။
-ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ရေးဆိုင်ရာနဲ့ပတ်သက်ပီး မည်သည့်အတွက် ထိန်းချုပ်ရသည်ဆိုသည့် အကြောင်းပြချက် ဖော်ပြရန်တာဝန်ကို အီးယူကောင်စီဘက်က ချိုးဖောက်ခဲ့သည်။
-ကိုပြည့်ဖြိုးတေဇ မည်သို့မျှပြုပြင်ပြောင်းလဲရန် တတ်နိုင်စွမ်းမရှိသည့် မိသားစုဝင်တဦးဖြစ်ရုံမျှနှင့် ပြင်းထန်သည့်အကျိုးဆက်များကို ကိုပြည့်ဖြိုးတေဇက ခံရမည်ဆိုသည်မှာ တရားမျှတမှု မရှိပါ။
-အီးယူက ဒဏ်ခတ်လိုတဲ့ တတိယနိုင်ငံအစိုးရတခုရဲ့ စီးပွားရေးပေါ်လစီကနေ အကျိုးအမြတ်ရနေတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ အရွယ်ရောက်တဲ့ သားးသမီးတွေကို မိဘတွေကြောင့်ဆိုတဲ့ အကြောင်းတခုတည်းထဲနဲ့ ပစ်မှတ်ထား ဒဏ်ခတ်တာမျိုး မလုပ်သင့်ပါ ဆိုပီး ထောက်ခံ သုံးသပ်ထားတာ ဖြစ်ပါတယ်။
ကိုပြည့်ဖြိုးတေဇ အယူခံတာ နိုင်တော့မလား
ECJ တရားရုံးရဲ့ စီရင်ချက် မချမှတ်သေးတဲ့အတွက် ကိုပြည့်ဖြိုးတေဇ အယူခံထားတဲ့အမှု နိုင်ပီလို့ မပြောနိုင်သေးသလို အနိုင်ရဘို့များတယ် နည်းတယ်လို့လဲ မပြောသင့်သေးဘူးလို့ မြန်မာရှေ့နေကြီးတဦးက မှတ်ချက်ပေးပါတယ်။ ECJ အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီး Advocate General မန်ဂိုးဇီးက ကိုပြည့်ဖြိုးတေဇ အယူခံထားတဲ့အမှုကို ထောက်ခံထားတဲ့အဆင့်သာ ရှိပါသေးတယ်။
ကိုပြည့်ဖြိုးတေဇအမှုနဲ့ပတ်သက်တဲ့ ECJ တရားရုံးရဲ့ ဥပဒေအကြံပေးရှေ့နေ Advocate General မန်ဂိုးဇီးရဲ့ ဥပဒေရေးရာ သဘောထားတွေဟာ ECJ တရားရုံးရဲ့ စီရင်ချက်နဲ့ စည်းနှောင်ထားခြင်းမရှိပါလို့ ကိုပြည့်ဖြိုးတေဇငှားထားတဲ့ လန်ဒန်ရှေ့နေရုံး ၀က်ဆိုက်ကလဲ မှတ်ချက်နဲ့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ တာဝန်ပေးထားတဲ့ အမှုတခုအတွက် တရားရုံးကို ဥပဒေရေးရာ ဖြေရှင်းချက် အဆိုပြုတင်ပြရတာဟာ ECJ အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီး Advocate General တွေရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်လို့လဲ ဖော်ပြထားပါတယ်။
ခုအခါ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ကိုပြည့်ဖြိုးတေဇဟာ အီးယူဒဏ်ခတ်စာရင်းမှာ သူ့အမည်စပါတဲ့အချိန် ၂၀၀၃ ခုနှစ်က အသက် ၁၆ နှစ်သာရှိပါသေးတယ်။
ဒါပေမဲ့ ၂၀၀၅ ခုနှစ် ပိုင်ဆိုင်မှုထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းတွေမှာ ဖော်ပြထားတာက အသက် ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသား ကလေးတွေကိုသာ ဒဏ်ခတ်စာရင်းမှာ အီးယူကောင်စီက ထည့်ရမယ်လို့ ပြဌာန်းထားတာကို ECJ အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီး Advocate General မန်ဂိုးဇီးက သူ့ရဲ့ ဥပဒေရေးရာ သုံးသပ်ချက်မှာ ထောက်ပြပါတယ်။
ခုလို အီးယူက ဒဏ်ခတ်ရတာကလဲ မြန်မာနိုင်ငံက စစ်အစိုးရကို ဦးတည်တာဖြစ်ပီး အခြေခံ လူ့အခွင့်အရေးတွေကို လေးစားဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
လန်ဒန်က Carter-Ruck ရှေ့နေကုမ္မဏီကြီးကနေ ကိုပြည့်ဖြိုးတေဇကိုယ်စား အီးယူကို တရားစွဲတာက အီးယူအဖွဲ့အစည်းတွေဟာ ကိုပြည့်ဖြိုးတေဇရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့အတွက် ဥပဒေအာဏာမရှိဘူးဆိုတဲ့ အချက်ပေါ်မှာ အခြေခံပီး ကိုပြည့်ဖြိုးတေဇနဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းတွေကို ပယ်ဖျက်ရေးနဲ့ အငြင်းပွားနေတဲ့ အီးယူစည်းမျဉ်းတွေဟာ ကိုပြည့်ဖြိုးတေဇကို မျှတတဲ့ ကြားနာခွင့်မျိုးရနိုင်မဲ့အခြေခံ လု့အခွင့်အရေးကို ချိုးဖောက်တဲ့အချက်စတာတွေပေါ် အခြေခံခဲ့တာ ဖြစ်တယ်လို့ Carter-Ruck ရှေ့နေကုမ္မဏီကြီးက ယူဆပါတယ်။
သုံးသပ်ချက်
မြန်မာစစ်အစိုးရအပေါ် အီးယူကဒဏ်ခတ်တဲ့နေရာမှာ စစ်ခေါင်းဆောင်ပိုင်းနဲ့ စစ်အစိုးရအဖွဲ့ဝင်တွေသာမက နောက်ပိုင်းမှာ စစ်အစိုးရနဲ့ စီးပွားဆက်ဆံပြီး အကျိုးအမြတ်ရှိသူတွေပါ ဒဏ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
သားဖြစ်သူကို အီးယူက ဒဏ်ခတ်တာ မကျေနပ်တဲ့အတွက် မြန်မာလူမျိုး မိဘလုပ်ငန်းရှင်တဦးက အီးယူတရားရုံးအဆင့်ဆင့်ထိ အီးယူကိုတရားစွဲဆိုတာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
အများအားဖြင့် စစ်အစိုးရနဲ့ စီးပွားဘက်နေတဲ့ မိဘတွေရဲ့လုပ်ငန်းတွေမှာ သားသမီးအများစု ပါဝင်ပတ်သက်လေ့ရှိပေမဲ့ ကိုပြည့်ဖြိးတေဇဟာ အီးယူဒဏ်ခတ်တဲ့အချိန်မှာ အသက်မပြည့်သေးတဲ့အရွယ်ဖြစ်နေခြင်း၊ မိဘလုပ်ငန်းနဲ့ ဆက်စပ်လုပ်ကိုင်ခြင်းမရှိတာကို သက်သေပြနိုင်ခြင်းစတဲ့ ခြွင်းချက်တွေပေါ် အခြေခံပြီး လူ့အခွင့်အရေးနစ်နာမှု ရှုထောင့်ကနေ ကိုပြည့်ြုဖိုးတေဇငှားထားတဲ့ လန်ဒန်ရှေ့နေတွေက အီးယူကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။
ကိုပြည့်ဖြိုးတေဇအမှုအတွက် ဖခင်ဖြစ်သူ ဦးတေဇက နိုင်ငံခြားငွေ အမြောက်အများ အကုန်ခံပြီး အင်္ဂလိပ်ရှေ့နေတွေငှား တရားစွဲနိုင်ခဲ့တဲ့အချက်၊ ငှားထားတဲ့ လန်ဒန်ရှေ့နေကုမ္ပဏီ Carter-Ruck ကလဲ ကိုပြည့်ဖြိုးတေဇအမှုနဲ့ အလားတူ အမှုဖြစ်တဲ့ ယာဆင်းကာဒိ နဲ့ ECJ စီရင်ထုံးအမှုအတွက် လိုက်ပါခဲ့တုံးက ECJ တရားရုံး တရားသူကြီး ၂၇ ဦးအနက် ၁၄ဦး (ထက်ဝက်ကျော်) ကို အောင်အောင်မြင်မြင် အယူခံဝင်နိုင်ခဲ့တဲ့ စီရင်ထုံးကိုပါ ကိုးကားခဲ့တဲ့ အတွေ့အကြုံတွေကလဲ အီးယူဆန်ရှင်ကို အာခံဖို့ အင်အားဖြစ်ခဲ့တာ တွေ့ရပါတယ်။
နောက်ဆုံး ECJ တရားရုံးရဲ့ ဥပဒေအကြံပေးရှေ့နေ Advocate General မန်ဂိုးဇီးကနေ တရားလို ကိုပြည့်ဖြိုးတေဇဘက်က ရှေ့နေတွေ အယူခံထားတဲ့အချက်တွေကို ထောက်ခံပြီး ECJ တရားရုံး တရားသူကြီးထံ တင်ပြပေးရတဲ့ထိ တိုးတက်လာတာ ဖြစ်ပါတယ်။
ဦးတေဇကို ယခင်စစ်အစိုးလက်ထက် စစ်ခေါင်းဆောင်တွေ အကျိုးစီးပွားအတွက် လုပ်ကိုင်ပေးရာက ခေတ်ပျက်သူဌေးဖြစ်လာသူလို့ အီးယူနဲ့ အများပြည်သူက မြင်ကြပေမဲ့ ဦးတေဇက သူ့သားကို အီးယူဒဏ်ခတ်မှုကနေ လွတ်မြောက်အောင် ဥပဒေကြောင်းနဲ့ အီးယူကို တရားစွဲနိုင်ခဲ့တာဟာ မြန်မာရှေ့နေတွေ လေ့လာထိုက်တဲ့ နိုင်ငံတကာ ဥပဒေအတွေ့အကြုံတခု ဖြစ်ပါတယ်။
အီးယူဒဏ်ခတ်စာရင်းမှာ ကိုပြည့်ဖြိုးတေဇလို အသက်မပြည့်ဘဲ မိဘလုပ်ငန်းနဲ့ မပတ်သက်ဘဲ ဒဏ်ခတ်ခံရသူ သားသမီးတွေရှိခဲ့ရင် ဦးတေဇလို အီးယူအပေါ် တရားစွဲခွင့်ရှိပေမဲ့ ဦးတေဇလို နိုင်ငံခြားငွေအမြောက်အများ အကုန်ခံ တရားစွဲနိုင်ဖို့ မလွယ်ပါ။
ဦးတေဇ တရားစွဲတဲ့အမှု နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ အီးယူဒဏ်ခတ်မှု ဥပဒေမှာ အားနည်းချက်တွေ ဥပဒေယိုပေါက်တွေ ရှိနေတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။
အီးယူဒဏ်ခတ်စာရင်းကို ပြန်ကြည့်တဲ့အခါ တခြားဝန်ကြီးတွေပါသလို စက်မှုတစ်ဝန်ကြီး ဦးအောင်သောင်းအပြင် သူမိသားစုဝင်တွေ မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေပါ ဒဏ်ခတ်စာရင်းမှာ ထဲ့ထားတာ တွေ့ရပါတယ်။
ဦးအောင်သောင်းရဲ့သား ဗိုလ်မှူး မိုးအောင်နဲ့ဇနီး၊ ဦးအောင်သောင်းရဲ့သား အောင်ရီဖြိုးကုမ္ပဏီနဲ့ အိုင်ဂျီအီးကုမ္ပဏီ ဒါရိုက်တာ ဦးနေအောင်၊ ဦးအောင်သောင်းရဲ့သားလဲဖြစ် အိုင်ဂျီအီးကုမ္ပဏီဒါရိုက်တာလဲဖြစ် ဒု ဗိုလ်ချုပ်မှူးကြိးမောင်အေးသမက်လဲဖြစ်တဲ့ ဗိုလ်မှူးပြည့်အောင်၊ ဦးအောင်သောင်းသမီး ခင်ငုရည်ဖြိုး၊ ဦးအောင်သောင်းသမီး ဒေါက်တာ သုနဒ္ဒအောင်၊ ဦးအောင်သောင်းသမီး အေးမြတ်ဖြိုးအောင်အပြင် ဦးအောင်သောင်း မိသားစုပိုင်တဲ့ အောင်ရီဖြိုးကုမ္ပဏီနဲ့ Queen Star ကွန်ပြူတာကုမ္ပဏီတွေပါ ၂ဝဝ၉ ခုနှစ် အီးယူ ဒဏ်ခတ်စာရင်းမှာ ပါနေတာ တွေ့ရပါတယ်၊
ဒါကြောင့် ဦးအောင်သောင်းဟာ ဦးတေဇလို ငွေတတ်နိုင်တဲ့တိုင်အောင် ဦးတေဇလို အီးယူကို တရားစွဲရင် ဦးအောင်းသောင်းဖြစ်စေ သူ့သားသမီးတွေဖြစ်စေ ရှုံးဖို့သေချာနေပါတယ်။
 by Swe Swe Kyi (Facebook)
Posted: 14 Mar 2012 05:28 PM PDT
ဖြိုးဖြိုး
ရန်ကုန်၊ မတ်-၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ရွှေမင်းဝံ သာသနာ့ရိပ်သာလမ်းရှိ ခြောက်ထပ်ကြီးဘုရားကျောင်းဝင်းအတွင်း တည်ရှိသော ဇေယျသုခကာရီကျောင်းတိုက်တွင် မတ်လ ၁၄ ရက် နံနက် ၁၀ နာရီ ၂၅ မီနစ်အချိန်က ကျောင်းတိုက်အတွင်းရှိ မီးအားမြှင့်စက်အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါကျောင်းတိုက်အတွင်းရှိ သံဃာတော်များက မိန့်ကြားသည်။
မီးလောင်ကျွမ်းခံခဲ့ရသောကျာင်းတိုက်သည် သစ်သားကျောင်းတိုက်ဖြစ်ပြီး သက်တမ်း ၇၀ ကျော်ရှိပြီဖြစ် ကာ ကျောင်းတိုင်ဆရာတော်အပါအ၀င် သံဃာတော် ၅ ပါးသတင်းသုံးနေထိုင်လျက်ရှိသည်။
အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၁၂ သိန်းဝန်းကျင်ခန့်ရှိမည်ဟု အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိနေသော မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ခန့်မှန်ပြောကြားသည်။
မီးလောင်ခံရသော ကျောင်းတိုက်အား မီးလောင်းကျွမ်းပြီးနောက်တွေ့ရစဉ်။
ဖြိုးဖြိုး - by The Express Times
Posted: 14 Mar 2012 05:06 PM PDT
မစ္စတာ Derek Mitchell ဟာ ဒီကနေ့ မွန်းလွဲပိုင်းက ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားတွေ ဆောင်ရွက်နေတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဆောင်ရွက်ချက်တွေအကြောင်း မေးမြန်းခဲ့သလို ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တဲ့အကြောင်း ပြောပြတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။
RFA
ရှေ့ဆက်ရမည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက်တွေ့ဆုံကြသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် တွေ့ရစဉ်။ (Photo courtesy of Messenger News Journal)
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲဟာ တစ်နာရီခန့်ကြာတယ်လို့ သိရပါတယ်။ ဒီပွဲမှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဘက်က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီနဲ့ မနီလာသိန်းတို့ တက်ရောက်ခဲ့ပါတယ်။
မစ္စတာ ဒဲရက်မစ်ချယ်နဲ့အဖွဲ့ဟာ မနေ့က ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေနဲ့ မြန်မာ အမေရိကန်ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မစ္စတာ ဒဲရက်မစ်ချယ်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံလွှတ်တော်က လုပ်ဆောင်နေတာတွေ၊ နိုင်ငံသား အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှာ သံမှူးအဆင့်အထိ ပြန်လည်ခန့်အပ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတရင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို တဆင့်ချင်း လျှော့ချသွားဖို့ရှိတယ်လို့ ပြောဆိုနေကြပါတယ်။
RFA
You are subscribed to email updates from သစ်ထူးလွင် Myanmar News Now
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
No comments:
Post a Comment