Saturday 17 March 2012



အန်အယ်ဒီ ဘာတွေအားနည်းနေသလဲ   (၁) ???

--
           မြန်မာနိုင်ငံတွင် အလိုအပ်ဆုံးကဒီမိုကရေစီဟု ပြောကြပါ၏ ။ ဟုတ်သည် . . . မြန်မာနိုင်ငံတွင်အလိုအပ်ဆုံးက ဒီမိုကရေစီပင်ဖြစ်သည် ။ ပြည်သူများ အပေါ်အကြောက်တရားကြီးစိုးချိန်မှာ ကြာခဲ့ပါပြီ . . . မြန်မာပြည်သူများသည်
ဆယ်အိမ်ခေါင်းမှ အစ တိုင်းမှုးအထိ ကြောက်ခဲ့ကြရသည် ။ ပွင့်လင်းစွာပြောလိုပါသည် . . . နအဖ မှ အစ ကြံ့ဖွံ့ပါတီဝင်များကို ခေါင်းငုံ့လျိုနေခဲ့ကြရသည် ။ ဒီလိုအဖြစ်ဆိုးတွေက လွတ်အောင် ဘယ်လိုလုပ်ကြရမည်နည်း . . . ? ။

အန်အယ်ဒီပြန် ပေါ်လာသည် ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ပြန်လည်လွတ်မြောက်လာသည် ။ ပြည်သူများမှာ အရှေ့နေ၀န်းထွက်သည့်ပမာ ပျော်ရွင်ခဲ့ကြသည် . . . ၀မ်းမြောက်ခဲ့ကြသည် ။ စာရေးသူကိုယ်တိုင်ပင် မျက်ရည်ဝဲအောင်ဝမ်း
သာခဲ့ပါသည် ။ သို့သော် စာရေးသူ ယုံကြည်သော ပါတီ ၊ ခေါင်းဆောင် များကို ပြည်သူ့အတွက်အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်သော သူရဲကောင်းများပမာသာ ဖြစ်စေချင်ပါသည် ။ဟေလာမောင်ရို့ဝါး . . . ဟူသော ဝေလေလေ လူမျိုးများ
မဖြစ်စေလိုပါ ။ထိုအချိန်မှ စ၍ အန်အယ်ဒီဝေဖန်ရေးဆောင်းပါးများရေးဖြစ်ခဲ့ပါသည် ။

" မင်းဘာဖြစ်လို့ ကြံ့ဖွံ့ ကို ကြတော့ မဝေဖန်ပဲနဲ့ အန်အယ်ဒီကိုပဲ ဝေဖန်နေတာတုန်း " ဟုမေးပါက ဖြေရန် အဖြေအဆင်သင့်ရှိပါသည် ။ ကြံ့ဖွံ့သည် စာရေးသူ ယုံကြည်သော ပါတီမဟုတ်ပါ . . . စာရေးသူယုံကြည်သော အဖွဲ့အစည်းသည်
အန်အယ်ဒီ သာ ဖြစ်ပါသည် ။ထိုကြောင့် အန်အယ်ဒီ ဆောင်ရန်ရှောင်ရန် ဆောင်းပါးများ ရေးဖြစ်ပါသည် ။ ထိုကြောင့် ပါဆင်နယ်မေးလ်များပို့၍ ဆဲဆိုခြင်းကိုလည်း မေ့လျှော့လိုက်ပါသည် . . . ကဲ့ရဲ့ ချုံ့ချ ခြင်းကိုလည်း သည်းခံလိုက်ပါသည် ။
စာရေးသူ သည် ကိုယ့်လိပ်ပြာကိုယ်လုံလျှင်ပြီး ပြီဟု ယူဆသော တစောက်ကန်းတယောက်လည်း ဖြစ်နေပြန်သည် ။

ပထမဆုံး စာရေးသူ မကြိုက်သော အချက်ကို စပြောပါမည် ။ အမေစု ( သို့ ) ဒေါ်အောင်ဆန်းစုကြည် အပေါ် ပါဆင်နယ်ပိုင်းဆိုင်ရာ အယုံကြည်လွန်ကဲနေခြင်း ၊ အကြည်ညိုလွန်ကဲခြင်းကိုမနှစ်ခြိုက်ပါ ။ စစ်မှန်သော ဒီမိုကရေစီတွင် ပါဆင်နယ်
အီလစ်များအပေါ်တွင် အလွန်တရာ အားထားခြင်းမရှိ ။ ဒီမိုကရေစီသည် လူပုဂိုလ်တစ်ယောက်အပေါ်တွင်တည်ရှိခြင်းမဟုတ် ။ ဒီမိုကရေစီသည် ပြည်သူများအပေါ်တွင် မူတည်နေခြင်းသာ ဖြစ်ပါသည် ။ အမေစုအား ဒီမိုကရေစီကို ရှေ့ဆောင်
လမ်းပြသော သူရဲကောင်းဟု လူထုက ယူဆနေကြခြင်းကို လည်းနားလည်ပါသည် ။ သို့သော် ၂၁ ရာစု ဒီမိုကရေစီိလိုက်ဇေးရှင်းတွင်ကား ဤကဲ့သို့ယူဆစရာမလိုဟု ထင်မြင်မိသည် ။ စာရေးသူပြောချင်သည်ကား ယုံတော့ယုံပါ . . . မပုံနှင့်
ဟူ၍ဖြစ်သည် ။ သူရဲကောင်းခေတ်သည် လွန်ခဲ့ပြီ . . . သူရဲကောင်းကိုမျှော်၍လည်း မြန်မာပြည်သားတို့ နာခဲ့ပေါင်းများလှပြီ . . . အဆိုးရွားဆုံးဝေဖန်ရလျှင် မြန်မာပြည်သားများသည် ဒီမိုကရေစီကို သေချာကျနစွာသဘောမပေါက်သေး . . .
လွတ်လွတ်လပ်လပ် နေချင် ခြင်းသာ ရှိကြသည် ။

ဝေဖန်ခြင်းနှင့် အပုတ်ချခြင်းမှာမတူညီပါ . . . ဒီမိုကရေစီလိုလားသူများသည် ဒီမိုကရေစီလိုလားသူများလို ကျင့်ကြံကြရမည် ။ လက်ရှိအခြေအနေအရ ထိုသို့မဟုတ် . . . လူထုတွင် မပြည့်ဝသူများကို အများအပြားတွေ့မြင်ကြရသည် ။ လူလတ်
တန်းစား အီလစ်များ ရှင်သန်ကြီးထွားသော ရန်ကုန်မြို့ကြီးမှာပင် အမြင်မတော်ဆင်တော်နှင့်ခလောက်ဟူသော ဆန့်ကျင်ဘက်များကို မြင်တွေ့နေရသည် ။ နအဖ စစ်အာဏာရှင်များမှိုင်းတိုက်ခဲ့၍ ဟူသော အကြောင်းပြချက်သည် အမှန်တကယ်ဖြစ်ပျက်နေသော . . . စည်ကမ်းမဲ့မှု့နှင့် ညဏ်ရည်ညဏ်သွေး မပြည့်ဝမှု့များကို တဖက်စောင်းနင်းဖုံးဖိရာကြပါလိမ့်မည် ။ အန်အယ်ဒီကို မတန်မဆ ၀န်ထုပ်ဝန်ပိုးပေးခြင်းကားမဟုတ် ။ အန်အယ်ဒီသည် ပြည်သူ့ပါတီဖြစ်သည့်
အတွက် နယ်မြေအရပ်ရပ်သို့ အောင်နိုင်ရေး စည်းရုံးရေးဆင်းသည်သာမက . . . အခြေခံပြည်သူလူထုများ အပေါ် အတွေးအမြင်ပွင့်လင်းမှု့ရှိလာအောင် ကေဒါများလွှတ်လျှက် ဆောင်ရွက်သင့်သည် ဟု ယူဆမိသည် ။

ဒုတိယ အချက်ကို ပြောပါမည် ။ အန်အယ်ဒီသည် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှီခိုလွန်းအားကြီးသည် ။ အန်အယ်ဒီသည် ပါတီမူပိုင်လှုပ်ရှားမှု့ဟူ၍ မရှိ . . . ရှိခဲ့သော်လည်း မထိရောက် ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် တစုံတရာဖြစ်ခဲ့လျှင်
ဆက်ခံမည့် ခေါင်းဆောင်မရှိ . . . ရှိခဲ့လျှင်လည်း ဒေါ်အောင်ဆန်းစုကြည် ၏ အီမိုးရှင်း ပါဝါ နော့လစ်ခ်ျ ကို မမှီ ။ ဆက်ပြောရလျှင် အင်မတန်ခွကျပါမည် . . . စာရေးသူလည်း တော်တော်အဆဲခံရမည့်လမ်းကိုမြင်ပါသည် ။ ပါတီသည် လီဒါအပေါ်
မှီခိုလွန်းအားကြီးသည့်အတွက် . . . ဟိုးရှေးယခင်က ၀ါဒမှိုင်းဖြန့်ခဲ့ကြသလို  အန်အယ်ဒီ အသံကြားသည်နှင့် အမေစုကိုသာ မြင်ယောင်ကြတော့သည် ။ ကောင်းပြီ . . . အမေစု ဆက်လက်ရှိနေလျှင် အကြောင်းမဟုတ် . . . အမေစု မတော်တဆ
တစုံတခု ဖြစ်ခဲ့ပါမူ . . . တပ်မတော်ကိုယ်စားလှယ် နှင့် ကြံ့ဖွံ့ အမတ်များကြားတွင် အန်အယ်ဒီ လှုပ်မရ ရှားမရ . . . ငုတ်တုတ်မေ့ချေတော့မည် . . . ပြည်သူများ ဤနွံထဲမှ လွတ်တော့မည့်လမ်း ကို စာရေးသူ မမြင် . . .။

တတိယအချက်ကိုပြောပါမည် ။ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်ခိုင်မာလွန်းသည် ။ ကြားဖြတ်ရွေးကောက်ပွဲသာမက လာမည့်ရွေးကောက်ပွဲတွင် အန်အယ်ဒီနေရာအများစု အောင်နိုင်ပါစေဦး . . . ကွန်စတီကျူ့ရှင်းကိုပြောင်းလဲနိုင်မည်ဟုမမြင်
မြန်မာပြည်သာ စစ်တပ် သြဇာအောက်ကျရောက်ဆဲပင်ဖြစ်သည် ။ ကျရောက်နေဦးမည် . . . ဤကဲ့သို့အခြေအနေတွင်ပင် အတိုက်အခံများကြားတွင် စည်းရုံးမှု့မရှိ . . . ယခင်က ဒုတိယ အန်အယ်ဒီဟု အမည်ခံထားသော အန်ဒီဖက်ဖ်နှုင့်
အန်အယ်ဒီကြားခမောက်လုနေကြသည် . . . စကားစီးချင်းထိုးနေကြသည် ။ ပါတီအများအပြားသည် အန်အယ်ဒီ အရိပ်အောက်တွင် မခိုလှုံ . . . ပါတီပိုင် ပြည်သူ့ကိုယ်စားလှယ်များကို အားပြူလျှက် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြဌန်း ပုံစံ
မျိုးနှင့်နေနေကြသည် ။ အန်အယ်ဒီသည် ထိုအတိုက်အခံ ပါတီဝင်များကို စည်းရုံးရမည့်အစား အန်အယ်ဒီအောက်ခြေနှင့် အလယ်အလတ်တချို့က ပါတီငယ်လေးများကို ရန်ထောင်နေသည် ။ တိုင်းရင်းသားပါတီများကို မဟာမိတ်လိုက်မဖွဲ့
ပဲသွေးကြီးနေသည်ဟု ယူဆမိပါသည် ။ စာရေးသူအထင်မှားနိုင်ပါသည် . . . စာရေးသူသည်နိုင်ငံရေးသမားမဟုတ်သည့်အတွက် ပြည်သူတဦးလိုသာ မြင်မိပါသည် ။

စတုတ္တအချက်မှာ အန်အယ်ဒီ ပါတီရုံးခွဲများသည် လှုပ်ရှားမှု့မရှိ ။ နေရာတိုင်းသို့မရောက် ။ပါတီဝင်ချင်သူများသည် မည်ကဲ့သို့ပါတီဝင်ရမှန်းမသိ ။ ပါတီဝင်ချင်ရင် ရုံးကိုသွားဟု လွယ်လွယ်ပြောလျှင်ရနိုင်ပါသည် . . . သို့သော်အရေးကြီးသော
ဤ အခြေအနေတွင် ပါတီဝင် အမာခံများသည် ရပ်ကွက်များသို့ ရောက်နေရမည် . .  .ကျေးရွာများသို့ရောက်နေရမည် . . . နေရာတကာသို့ ဗိုင်ဗရိတ်ဖြစ်ရေရမည် ။ နိုင်ငံတကာ မှ ပါတီများသည် ပါတီဝင်အင်အားပြည့်ဝဖို့အတွက် အိမ်သာ
အထိ လိုက်လံ အင်အားဖြည့်ခဲ့ကြသော သာဓက ရှိခဲ့ဖူးသည် ။ ယခုသော် အိမ်သာမဆိုနှင့် အိမ်ဦးခန်းသို့ပင်မရောက် ။ ယခုအချိန်တွင် အန်အယ်ဒီကို ဝေဖန်သော စာရေးသူအား အမြင်စောင်းသော်လည်း လက်ခံနိုင်ပါသည် ။ ယခုစာရေးသူ
တင်ပြသော အချက်များအား စာဖတ်သူများ စဉ်စားစေလိုပါသည် ။ အကျိုးလို၍ ညောင်ပင်ရေလောင်းသည် . . . ပတ်ထမ်းနှင့်တွေ့သော်လည်း ၀မ်းမနည်း ။




 မာဃလုလင်
      
ွ  (http://margaluelin.blogspot.com/)

No comments:

Post a Comment