Friday, 13 April 2012







သင်္ကြန် သင်္ကြန်  သင်္ကြန်

ဒီရာသီရောက်တိုင်း
သူရာနံ့ရတယ်
မူယာနံ့ ရတယ်
ပိတောက်နံ့ရတယ်
အခြောက်နံ့ ရတယ်
မုန့်လုံးရေပေါ်နံ့ ရတယ်
အကုန်လုံးဖေါ်နံ့ ရတယ်
မြေသင်းနံ့ရတယ်
သေမင်းနံ့ ရတယ် . . .

အရင်လို
ညောင်ရေအိုး နဲ့ သပြေ
ငွေဖလား နဲ့ ပိတောက်
ယဉ်ကျေးမှု့စည်းစောင့်ကြတဲ့ခေတ်မဟုတ်
ရေပိုက်က တရာ့ငါးဆယ်
မဏ္ဍပ်အကျယ် ပေရှစ်ဆယ်
ပရောဂျက် ၀မ်း တူး သရီး
အမူးသောက်ပြီး အရူးဂေါက်ကြမယ်ဆိုသလိုကိုး . . .

ဟုတ်ပ ကိုယ့်ဆရာ ဟုတ်ပ
တားဆီးလို့မရတဲ့ ခေတ်ကာလမို့
မဏ္ဍပ်ပေါ်တိုင်ယဲ့ယဲ့မှာ
ယိုင်နဲ့နဲ့ကနေတဲ့မဒီပျိုကိုလည်း အားပေးကြ
ဂျစ်ကားငယ် ဂျုံးဂျုံးကျမှာ
ကုန်းကုန်းကွကွ ကနေတဲ့ ကညာပျိုကိုလည်း အားပေးကြ
အဲ့နေရာမှာသာ အဟုတ် ကိုယ့်ဆရာနှမ ဆို
ဒုတ်ကိုင်ကာ ဗြင်း လိုက်မယ်ဖြစ်ခြင်း
ကိုယ်ချင်းစာတရားဟာ ခေတ်ကာလရေတွေမှာ ပါပါသွားတယ် . . .

တောင်သမန်အင်းနဲ့ မန္တလေးလည်း
အိတ်ဇောပြုတ်ဆိုင်ကယ်သံ တဗျင်းဗျင်းအောက်မှာ ငုပ်
လှပျိုဖြူပေါတဲ့ ရန်ကုန်လည်း
နားကွဲမတတ်ဆူနေတဲ့ မဏ္ဍပ်ပူတွေအောက်မှာ ငူ
သင်္ကြန်ကို စထွင်ခဲ့သူတွေသာ
ဒီအခြင်းအရာကို မြင်မယ်ဆိုရင်
အလိုလေး လို့ အော်မလား
မြတ်စွာဘုရား လို့တမလား
ပုဂံသားတွေ ဆိုတော့ ကျိန်နည်းအမျိုးမျိုးထွက်လာမယ်ထင်ရဲ့
အခုလို နှစ်သစ်အခါမယ် . . .

အသက်အရွယ် မကြီးသေးတော့လည်း
ငါတို့ ခေတ်က ဒီလိုမဟုတ်လို့ ပြောမရ
အသက်အရွယ် မငယ်တော့လည်း
ငါတို့ ခေတ်က ဒီလိုပဲ လို့ ပြောမရ
အသက်၂၄ အရွယ် မှာ သင်္ကြန်ဟာ
ပြောင်းလဲ လာတယ်
ပြောင်းလဲ နေတယ်
ပြောင်းလဲ သွားတယ်
ပြောင်းလဲ ဦးမယ် . . .


 မာဃလုလင်


No comments:

Post a Comment