Tuesday, 22 May 2012




Posted: 20 May 2012 11:06 AM PDT
ယနေ့ မေလ(၂၀)ရက်နေ့ညမှာတော့ မန္တလေးမှာ လျှပ်စစ်မီးဒုက္ခကို နေ့စဉ်ခံစားနေရတဲ့ ပြည်သူလူထုမှ
 ၂၄နာရီ လျှပ်စစ်မီးရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေကြပါပြီ...။ မြန်မာပြည်မှာတော့ နှစ်စဉ်မရိုးနိုင်တဲ့
 ၂၄နှစ်တာ ကာလအတွင်း ဆောက်လိုက်တဲ့ ဆည်တွေ၊ ဆောက်လုပ်ဆဲ ဆောက်လုပ်ပြီး ရေအားလျှပ်စစ်၊
သဘာဝဓာတ်ငွေ့ စီမံကိန်းတွေ နေ့စဉ်သတင်းစာမှာ ဖော်ပြလိုက် ရုပ်မြင်သံကြားမှာ အနုပညာရှင်တွေ
ကပြအသုံးတော် ခံလိုက်နဲ့ နေ့စဉ် မရိုးနိုင်တဲ့ မြင်ကွင်းတွေပါ..။

အထက်ဖော်ပြပါ ဓာတ်ပုံဟာ ရွှေလီ(၁)ရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ် ဓာတ်အားသွယ်တန်းတဲ့
တာဝါတိုင်များအား စိုက်ထူနေပုံဖြစ်ပါတယ်။ တိတိကျကျပြောရရင်တော့ တာဝါတိုင် အမှတ် (၆၃) စိုက်ထူနေတဲ့
 လုပ်ငန်းခွင်ပါ။ ဧပြီလ (၂)ရက်နေ့က ယခုလိုအားကြိုးမာန်တက် သွယ်တန်းစိုက်ထူနေတဲ့ အဆိုပါ ဓာတ်အားလိုင်း
သွယ်တန်းမှုဟာ အများပြည်သူအတွက် လျှပ်စစ်မီးဖြန့်ဖြူးပေးဖို့ သွယ်တန်းပေးတယ်လို့ ထင်မယ်ဆိုရင် မှားပါလိမ့်မယ်..။
တရုတ်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ တရုတ်ပြည်ကို အဓိက ပို့ဆောင်နေတဲ့ ရွှေလီဓာတ်အားပေး စက်ရုံမှ လျှပ်စစ်ဓာတ်အားကို
တရုတ်နဲ့ ဖက်စပ် တကောင်းတောင် နီကယ်စီမံကိန်းကို ပေးပို့ဖို့ သွယ်တန်းနေတာပါ..။
အစိုးရသတင်းစာတွေမှာ တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခံရလို့ ရန်ကုန်မြို့မှာ ဓာတ်အားပေး
မလုံလောက်သယောင် ထုတ်ပြန် ကြေငြာနေပါတယ်။ တာဝါတိုင်တွေ ဖျက်ဆီးခံရလို့ ကောက်ခါငင်ခါ
 မီးမရတာလား ယခင်ကတည်းက မီးမလာတာလား ဆိုတာ ကွဲကွဲပြားပြား ထုတ်ပြန်စေလိုပါတယ်..။
 တာဝါတိုင် အမှတ်(၆၃) ကြိုးသွယ်တန်းမှု လုပ်ငန်းခွင် မြင်ကွင်း..
နှစ်စဉ် နိုင်ငံနဲ့အဝှမ်း ဓာတ်အား မလုံလောက်မှုဟာ ပြည်သူတွေအတွက် ရေမီး၊ အခက်အခဲမှ စတင်ကာ
 မလိုလားအပ်တဲ့ အမှုအခင်းများ၊ မီးလောင်မှု၊ ယာဉ်တိုက်မှုစတဲ့ ပြဿနာပေါင်းစုံကို  ဖြစ်ပေါ်စေယုံ သာမက
 နိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားကို ကျစင်းစေသလို ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုနဲ့အတူ ပြည်သူလူထုအတွက်
ဝန်ထုတ် ဝန်ပိုးများကို ဖြစ်ပေါ်စေပါတယ်...။ ထို့အတွက်ကြောင့် ပိုလျှံနေလို့
ဓာတ်အားတွေ ထုတ်ရောင်း နေရပါတယ်ဆိုပြီး ပေါ့ပျက်ပျက် စကားလုံးတွေနဲ့ စော်ကားခဲ့တဲ့ အမှတ်(၁)
 လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းနဲ့ အစိုးရ အဖွဲ့တခုလုံးမှာ တာဝန်ရှိပါတယ်..။ အဓိကတာဝန်ရှိတဲ့ နေရာယူပြီး
တာဝန်မယူနိုင်တဲ့ အမှတ်(၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းတာဝန်ယူ မဖြေ
ရှင်းပေးနိုင်ဘူးဆိုရင်တော့  ရာထူးမှ နှုတ်ထွက်ပေးဖို့ တောင်းဆိုအပ်ပါတယ်..။
ဧပြီလ လဆန်းပိုင်းက ရွှေလီ(၁)ရေအားလျှပ်စစ် စက်ရုံမှ တရုတ်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ တကောင်းတောင် နီကယ်စီမံကိန်းကို ပေးပို့မယ့် တာဝါတိုင် အမှတ်(၆၃) စိုက်ထူနေတဲ့ လုပ်ငန်းခွင် မြင်ကွင်းများ..
သတင်း၊ ဓာတ်ပုံ ... ဒီမိုဝေယံ
သတင်း၊ ဓာတ်ပုံများ ဆက်လက်ဖော်ပြပါမည်..

ရွှေလီ(၁) ရေအားလျှပ်စစ် စီမံကိန်းမှ တရုတ်ပြည်နဲ့ ပြည်တွင်းသို့ ဓာတ်အားပို့လွှတ်နေမှုများ
 အသေးစိတ် အစီရင်ခံစာ ပြန်ဖတ်လိုလျှင် http://www.demowaiyan.org/2012/04/blog-post_20.html
ရွှေလီ(၁)ရေအားလျှပ်စစ် စီမံကိန်း အသေးစိတ် ပြန်လေ့လာလိုလျှင်.. ပိုစ့်အောက် ရွှေလီ ရေအားလျှပ်စစ်စက်ရုံကို နှိပ်ပြီး
 ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
 သွေးနှင့် ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲ အခမ်းအနား (ဓာတ်ပုံ၊ သတင်း)
Posted: 20 May 2012 10:28 AM PDT
၂၀-၅-၂၀၁၂ ရက်နေ့က NLD-BG အသက်ကယ် သွေးအကူအညီပေးရေးနှင့် အသိပညာ၊အတတ် ပညာ၊ အသက်မွေး
ဝမ်းကျောင်း သင်ကြာပေးရေး ပညာဒါနကျောင်းအတွင်း၌ သွေးနှင့် ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲကို NLD-BG ပညာဒါ
နကျောင်း တာဝန်ခံကိုညီညီ၊ NLD-BG အရေးပေါ်အသက်ကယ် သွေးအကူညီပေးရေး တာဝန်ခံ
ဒေါ်သီတာဝင်းအောင်၊ ယုဇနဥယျာဉ်မြို့တော် ရောင်ခြည်သစ် ပညာဒါနကျောင်း တာဝန်ခံဒါရိုက်တာနှင့်
NLD-BG ပညာဒါနကျောင်း ကျန်းမာရေးတာဝန်ခံ Dr.ကျော်စွာဦး၊ Dr.ကျော်မောင်မောင်ဟိန်း၊
Dr.ကျော်ဇင်လင်းတို့မှ ဦးစီးကျင်းပခဲ့ပါသည်..။ အခမ်းအနားအား ယနေ့နေ့လည် ၁ နာရီမှ
စတင်ဖွင့်လှစ်ကာ အနယ်နယ်အရပ်ရပ်မှ သွေးအလှူရှင်များနှင့် NLD-BG အဖွဲ့အသီးသီးက သွေးတာဝန်ခံများ၊
 လူငယ်များ၊ ပညာရေးတာဝန်ခံများ အားလုံး ဧည့်ပရိတ်သတ်ပေါင်း
ခြောက်ဆယ်ခန့်လောက် တက်ရောက် ဆွေးနွေးပြီး သွေးနှင့်ပတ်သက်သော
 အမေး၊ အဖြေများကိုလည်း ပြုလုပ်ခဲ့ကာ နေ့လည်၃း၃၀ အချိန်၌ အခမ်းအနားအား ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရပါသည်။
NLD-BG ကျောင်း တာဝန်ခံဒါရိုက်တာ ကိုညီညီနှင့် အခမ်းအနားသို့ သွေးပညာပေး ဟောပြောပေးရန်
တက်ရောက်လာကြသော ဆရာဝန်များ၊

ယုဇနဥယျာဉ်မြို့တော်ရောင်ခြည်သစ် ပညာဒါနကျောင်း တာဝန်ခံဒါရိုက်တာနှင့် NLD-BG ပညာဒါနကျောင်း
 ကျန်းမာရေးတာဝန်ခံ Dr. ကျော်စွာဦးမှ သွေးပညာရပ်များ ဟောပြောနေစဉ်၊

 
သွေးပညာပေး ဟောပြောပွဲသို့ တက်ရောက်လာကြသော ဧည့်ပရိသတ်များ
သတင်း၊ ဓာတ်ပုံ ညီငယ်လင်းဆက်..


NLD (BG) သွေးအကူအညီပေးရေးအဖွဲ့ ၏ လူမှုရေး လုပ်ငန်းများမှာ ပါဝင်လှူဒါန်းလိုလျှင်
ဆက်သွယ်ရန် လိပ်စာကတော့
အမှတ်-၈၃၉၊ (ခ)။ မြရည်နန္ဒာလမ်း၊ ၁၉-ရပ်ကွက်၊ဒဂုံ-တောင်၊ (ကျန်းမာရေးမှတ်တိုင်) ဖုန်း-၀၉-၇၃၁၂၅၈၈၅ ဖုန်း-၀၉-၇၃၁၇၀၁၆၅ ဖုန်း-၀၉-၄၂၁၀၈၀၃၆၁
Posted: 20 May 2012 09:54 AM PDT

သို့
စစ်ထောက်ချုပ်ဆိုသည့် စစ်ဗိုလ်နှင့် နိုင်ငံတော်အကြီးအကဲများ

ကျွန်တော် ကျွန်မတို့သည် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အမှတ်(၂)ဘိလပ်မြေစက်ရုံ
(တန် ၄၀၀၀)မှ ၀န်ထမ်းမိသားစုများ ဖြစ်ပါသည်။ ကျွန်တော်/ကျွန်မတို့သည် မိမိတို့စက်ရုံအပေါ်တွင်သာ
 မှီခိုပြီး မိမိတို့စက်ရုံ ကောင်းကျိုးရှိမှ ကျွန်တော်/ကျွန်မတို့ ကိုယ်တိုင်လည်း အဆင်ပြေရမည့် ၀န်ထမ်းမိသားစုများ ဖြစ်ပါသည်။

၁၈.၅.၂၀၁၂ ရက်နေ့တွင် ကျွန်တော်/ကျွန်မတို့ ၀န်ထမ်းမိသားစုများအားလုံးအတွက် ထိတ်လန့်ဖွယ်၊
 စိတ်မကောင်းဖြစ်ဖွယ် သတင်းတစ်ခုအား စက်ရုံအာဏာပိုင်များမှ ထုတ်ပြန်ခဲ့ပါသည်။ ၎င်းသတင်းမှာ
 လက်ရှိ ကျွန်တော်/ကျွန်မတို့၏ အားကိုးရာ မိဘဖြစ်သည့် အဘစက်ရုံမှူးကြီး ဒုတိယဗိုလ်မှူးကြီး သန်းလွင်အား
 ယခင်ကျွန်တော်/ ကျွန်မတို့အပေါ်တွင် အာဏာရှင်ဆန်ဆန် ကြိုးနီစနစ်ဖြင့် အုပ်ချုပ်ခဲ့သူ ဦးတင်စိုးဖြင့်
 အစားထိုးလဲလှယ်မည့် သတင်းပင်ဖြစ်ပါသည်။ အထက်ပါ စက်ရုံမှူးနှစ်ဦး၏ စိတ်နေသဘောထား ကွာခြားမှု၊
လက်အောက် ၀န်ထမ်းများအပေါ် စာနာနားလည်မှု၊ လူမှုရေး/ဘာသာရေး လုပ်ငန်းများတွင်
 စေတနာထက်သန်စွာ စည်းရုံးနိုင်မှုတို့သည် အပေါ်မှ အုပ်ချုပ်သူ လူကြီးများ လက်တွေ့လာရောက်
 မေးမြန်းပါက သိရှိနိုင်မည် ဖြစ်ပါသည်။ အထက်ပါ ဦးတင်စိုး လက်ထက်တွင် ကျွန်တော်/ကျွန်မတို့အား
 ကိုယ်စိတ်နှလုံး အဖက်ဖက်မှ ဆင်းရဲခြင်း ကြီးအောင် အားရပါးရ နှိပ်စက်ခဲ့ပြီး ဖြစ်ပါသည်။

လက်တွေ့အကျိုးဆက်အားဖြင့် မိမိတို့စက်ရုံမှ အားထားရသည့် Installation ၀န်ထမ်းများ
 ဖြစ်သည့် ဦးသန်းထွဋ်ဦး(အငယ်တန်းအင်ဂျင်နီယာ)၊ ဦးစိုးပြည့်(အလုပ်ရုံစုမှူး)၊ ဦးအေးမင်း(အလုပ်ရုံစုမှူး)၊
 ဦးလှမျိုး(စတိုးမန်း)၊ ဦးနိုင်နိုင် (လက်ထောက်အင်ဂျင်နီယာ)များနှင့် ဗိုလ်ကြီးချိုလွင် (လက်ထောက်စက်ရုံမှူး)တို့
 သာမက စက်ရုံမှူးဟောင်း ဗိုလ်မှူးကြီး သိန်းတန်တို့ပါ စက်ရုံအား စွန့်ခွာခဲ့ကြရပြီး ဖြစ်ပါသည်။

ယခုအခါတွင် ကျွန်တော်/ကျွန်မတို့၏ ကျေးဇူးရှင်ဖြစ်သည့် အဘဦးသန်းလွင် ရောက်ရှိလာပြီးမှ ကျွန်တော်/ကျွန်မတို့
လူမှုရေး၊ ဘာသာရေးနှင့် စားဝတ်နေရေးများ ပြည့်စုံကောင်းမွန်လာခဲ့ရသည်မှာ တစ်နှစ်ကျော်ခန့်မျှသာ ရှိပါသေးသည်။
 ထိုကဲ့သို့ ဒဏ်ရာများ ကောင်းစွာ မပျောက်သေးသည့် ကျွန်တော်/ကျွန်မတို့အပေါ်တွင် ဆိုးဝါးရက်စက်သည့်
 ဦးတင်စိုးကဲ့သို့ စက်ရုံမှူးတစ်ဦးအား ပြန်လည် ခန့်အပ်ခြင်းသည် ၀န်ထမ်းများအားလုံး စက်ရုံအား စွန့်ခွာပြီး
အခြား ဘိလပ်မြေစက်ရုံ၊ နယ်စပ်များတွင်  သွားရောက်လုပ်ကိုင်ပါရန် ဖိအားပေးသည်နှင့် အတူတူပင်ဖြစ်ပါသည်။

(အထက်အဖွဲ့အစည်းများအား ဖိအားပေးခြင်းမဟုတ်ပါ၊ မိမိတို့ရင်ဆိုင်နေရသည့် ကြီးစွာသော
အခက်အခဲအား တင်ပြခြင်း ဖြစ်ပါသည်)။ လူကြီးမင်းများအနေဖြင့် မျိးဆက်ဖြုတ် သတ်ဖြတ်ရေး စစ်ပွဲကြီး
ဆင်နွဲနေသည် ဆိုပါကလည်း စက်ရုံမှ ၀န်ထမ်းများ(မှီခိုသူမပါ အင်အား ၁၀၀၀ ကျော်)အား
အနည်းငယ် ငဲ့ကွက်သင့်ပါသည်ခင်ဗျား။ 

လူကြီးမင်းတို့အနေဖြင့် လက်တစ်ဆုပ်စာ သာဖြစ်သည့် သူ့လူ/ကိုယ့်လူ သတ်ဖြတ်/အပ်သည့်
လုပ်ငန်းများအား ယခုခေတ်အချိန်အထိ ဆက်လက် လုပ်ဆောင်နေဦးမည်ဆိုပါက ကျွန်တော်/ကျွန်မတို့
 စိတ်မကောင်းရုံမျှအပ မည်သို့မျှ မတတ်နိုင်ပါခင်ဗျား၊ တိုက်ရိုက်သက်ဆိုင်သူ (အမိန့်ပေးအပ်သူ) လူကြီး၊ 
လူကောင်းအနေဖြင့် စားဝတ်နေရေး အခက်အခဲရှိပါက ယခုကဲ့သို့ ပြုလုပ်ရန် မလိုအပ်ပဲ မိမိတို့ဝန်ထမ်း ၁၀၀၀ ကျော်မှ 
လစာ၏ ၂၀ ရာခိုင်နှုန်းအား ပေးသွင်း သွားပါမည်ဖြစ်ကြောင်းနှင့် လက်တွေ့လုပ်ငန်း အောင်မြင်ရေးအား ရှေးရှုသည့်
 ကာလတွင် ပဒေသရာဇ်၊ ကွန်မြူနစ်၊ ကြိုးနီစနစ်များအား မျက်ဝါးထင်ထင် မြင်ခဲ့ရပါသဖြင့် ကျေးဇူးတင် ရှိပါကြောင်းနှင့်
 မိမိတို့သည် အထက်လူကြီးများအပေါ်တွင် စော်ကားလိုခြင်းမရှိပဲ လက်တွေ့ဆိုးရွားစွာ ခံစားရပါသဖြင့်
နားလည်ပေးလိမ့်မည်၊ စာနာပေးလိမ့်မည်၊ ခွင့်လွှတ်ပေးလိမ့်မည်ဟု ယူဆပါကြောင်း ရိုသေလေးစားစွာ
 တင်ပြ(သို့) ရင်ဖွင့်အပ်ပါသည်။

အမှန်အလုပ်လုပ်သည့် ၀န်ထမ်းများ
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment