Friday 25 May 2012

မျှဝေခံစားပေးကြပါအုံးဗျာ


စစ်သားရဲ့အလုပ်က တိုင်းပြည်နဲ့ လူမျိုးကိုကာကွယ်ဖို့ ပဲ - တိုင်းပြည်နဲ့ လူမျိုးကို အမိန့် ပေးဖို့ မဟုတ်ဘူး။ စစ်တန်းလျှားစိတ်ဓါတ်နဲ့ တိုင်းပြည်ကိုအုပ်ချုပ်လို့  မရဘူး။ ဖါးတုလို့ ခရုခုံကြေးဆိုရင် အိုင်ပျက်ချင်ပျက်မယ် အခွံကျွတ်ရင်ကျွတ်မယ် ... တခုမှကောင်းတာဖြစ် မလာနိုင်ဘူး ... (ကိုယ့်နေရာကိုယ်သိကြဖို့ လိုတယ်) သည်နေ့ ကမ္ဘာကြီးမှာစစ်ယူနီဖေါင်းဝတ်တွေ အုပ်ချုပ်လို့  ခေတ်မှီတိုးတက်ကြီးပွါးတဲ့ တိုင်းပြည်ဆိုတာ တခုမှမရှိသေးဘူး။ စစ်တပ်အုပ်ချုပ်လို့  ဖွတ်တက်အောင် မွဲပြီး လူမူဒုက္ခတွေနဲ့ ဆင်းရဲစုတ်ပြတ် နေတဲ့ တိုင်းပြည်တွေပဲရှိတယ်။


တိုင်းပြည်ကို နျူကလီယာနည်းပညာတွေပိုင်စေချင်သလို၊ စစ်တပ်ကြီး ခေတ်မှီစေချင်သလို၊ မိမိလူမျိုးချင်း
တယောက်တပြန်စစ်မခင်းချင်သလို၊ ပြည်သူနဲ့ သာသနာကိုစော်ကားခဲ့သူတွေကို လက်တုန့် မပြန်ချင်သလို၊  မိမိတို့ မှာရှိတဲ့သယံဇာတတွေကို ကုန်ချောတွေထုတ်စေချင်သလို၊ ကျနော်တို့ ရဲ့အမျိုးကောင်းသမီးတွေနိုင်ငံတာမှာ မိန်းမပျက်မဖြစ်စေချင်သလို၊ ကျနော်တို့ လူမျိုးအချင်းချင်း ခုံရုံးမတင်စေချင် သလို၊ ကျနော်တို့ ရဲ့
အမျိုးကောင်းသားတွေကမ္ဘာပတ်ပြီး ကျွန်မခံ စေချင်သလို - တိုးတက်တဲ့လမ်းကြောင်းပေါ် ရောက်ဖို့ 
(စား - ၀တ် - နေ) ဆိုတဲ့ လူဖြစ်ဖို့ အတွက် အခြေခံအကျဆုံး သုံးရပ် (အသက်ရှင်ဖို့ အစားအစာ - အရှက်လုံဖို့ အ၀တ် - နေစရာနေရာ/အိမ်) အရင်ပြည့်စေချင်တယ်။ အဲသည်သုံးခုကိုမြန်မာ့ရေမြေသဘာဝကလည်း
ဘိုးစဉ်ဘောင်ဆက်ပြည့်ဆည်းနိုင်ခဲ့ပါတယ်။ (တိုင်းတပါးသားတွေမြန်မာပြည်ကိုလိုချင်တပ်မဲ့ခဲ့တဲ့အထိပေါ့)။
အခုကျနော်တို့ မြန်မာတွေBasic Needs ဖြစ်တဲ့ ... အစာ - အ၀တ် - နေစရာနေရာ .... မလုံမလောက်ဖြစ်နေရခြင်းဟာ .... ပြဿနာအားလုံးရဲ့အခြေခံပဲ။

(မြန်မာပြည်သားဆိုတာ ယဉ်ကျေးမူကြီးခဲ့တဲ့လူမျိုးတွေ - Self sufficient ဖြစ်ပြီး မိမိရေမြေသဘာဝ သယံဇာတနဲ့ ကုံလုံကြွယ်ဝခဲ့တဲ့သူတွေ) အခု ကျနော်တို့  Self sufficient မဖြစ်တော့ဘူး။ လူဦးရေသန်းသုံးရာကို ထမင်းကြွေးလို့ ရတဲ့မြန်မာပြည်မှာ သန်းခြောက်ဆယ်ထမင်းမ၀တော့ဘူး၊ လူလိုမနေရတော့ဘူး။ ဘာတွေမှလေကြီးမိုးကြီးတွေ ပြောမနေကြပါနဲ့  - မိမိပြည်တွင်းကပြည်သူတွေ စား - ၀တ် - နေ မူ အခြေခံ basic needs သုံးရပ်ကို ... (ကိုယ့်အိပ်ထဲ့အသားကုန်ထည့်နေတာတွေရပ်ပြီး) အရင် ဦးစားပေးကြပါဦးဗျာ။ ဦးနေ၀င်းနဲ့  (၈၈) သမိုင်းဟာ အဲသည်အခြေခံပဲ။ (၈၈) မှာ ပြည်သူဟာ ဘာကြောင့်လမ်းမတွေပေါ်တက်ဆန္ဒပြခဲ့ကြတာလဲ ....။  ခင်ဗျားတို့  မျှဝေခံစားကြပါဦးဗျာ။

တိုင်းပြည်နဲ့ လူမျိုးဘက်ကို ခင်ဗျားတို့ တချက်လောက်ငဲ့ကြည်ကြပါဦး။
ကျနော်တို့ ရန်သူတွေမဟုတ်ဘူး။ တကယ့်တိုင်းပြည်ကိုချစ်တဲ့ (၈၈)ကျောင်းသားတွေက တိုင်းပြည်ကိုပြန်ပြီးဆွမ်းကြီးလောင်းမဲ့သူတွေ မဟုတ်ဘူး။ သည်အဆိုးသံသယာကြီးကနေလွတ်ချင်တာ တကယ့်စိတ်ရင်းခံပဲ။ခင်ဗျားတို့ ရောစိတ်ချမ်းသာရလို့ လားဗျာ။ (မျှဝေခံစားကြပါဦး)။တိုင်းပြည်မှာ Crony နှစ်ကျိတ်နဲ့  ဝေစားမျှစားမိသားစု ငါးထောင်လောက် နတ်စီးစိမ် ခံစားနေရတာကို
(ဇိမ်ကျသူ - အားကျသူ - ကြောက်လန့် သူ - အရိုးကိုက်သူ နဲ့  တော်လှန်သူ.... ဆိုပြီး) အတန်းအစားခွဲပြီး သ္ခင် နဲ့ ကျွန်ခွဲပြီး သည်အတိုင်းသွားကြတော့မှာလား။

ကျနော်မေးချင်တယ်ဗျာ ... (ဦးသန်းရွှေကလွဲရင်) ဦးသောင်း ဦးကျော်ဆန်း ဦးဇော်မင်း ဦးအောင်သောင်း
ဦးအောင်သိန်းလင်း အပါအ၀င် ငွေကို ဂိုထောင်ထဲမှာလှောင်ထားတဲ့သူတွေ ... လူသားချင်းစာနာပြီး ....
တိုင်းပြည်နဲ့ လူမျိုးအပေါ် (မူလ ... စစ်သားစိတ်ဓါတ်ဖြစ်တဲ့ "ပြည်သူကိုကာကွယ်တဲ့ မျှဝေခံစားတဲ့စိတ်" ကလေး မသေခင်ထားပေးသွားကြပါ။မျှဝေခံစားပေးကြပါလို့  ... ကျွန်တော် လေးစားစွာတင်ပြအပ်ပါတယ်)။

လှိုင်ဘွား/၈၈
(လေးစားစွာဖြင့်)











No comments:

Post a Comment