Monday, 23 July 2012





သူနာပြုသောဗုဒ္ဓ (Buddha who nurses the sick)

Posted: 22 Jul 2012 05:27 AM PDT


သူနာပြုသောဗုဒ္ဓ (Buddha who nurses the sick)
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းသည် ကျန်းမာရေးချို့တဲ့သည့် ရဟန်း ရှင်လူ အများပြည်သူတို့အတွက် ဆေးဝါး (အခမဲ့) ကုသပေးနေသကဲ့သို့ မြန်မာပြည် အနယ်နယ် အရပ်ရပ် (ပြည်မြို့၊ မော်လမြိုင်ကျွန်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း) ဒေသများရှိ ကုသိုလ်ဖြစ်ဆေးခန်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ကွန်ယက်သဖွယ် တတ်စွမ်းသ၍ လက်ဆင့်ကမ်း ကုသိုလ်ကောင်းမှု များကို ပြုလုပ်ပေးလျှက်ရှိသည်။

၂၅.၄.၂ဝ၁၂ ရက်နေ့တွင် စတင်၍ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)သည် နာမကျန်းဖြစ်နေသော အများပြည်သူ ရဟန်းရှင်လူတို့အား ဆေးဝါးကုသမှုကို စမ်းသပ်ဖွင့်လှစ်ပေးခဲ့ရာမှ ယနေ့ ၂၂.၇.၂ဝ၁၂ (တနင်္ဂနွေနေ့) နံနက် (၈း၃ဝ) နာရီအချိန်တွင် ပဲခူးမြို့၊ ဒက္ခိဏသာခါရာမကျောင်းတိုက်ဝင်းအတွင်းတွင် "သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)" ဟူ၍ ပဲခူးမြို့ရှိ ဆရာဝန်ကြီးများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများ၊ သူနာပြု များ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကျန်းမာရေးကုသမှုဖွင့်ပွဲအား ကျင်းပပြုလုပ်ခဲ့ပြီ ဖြစ်သည်။ အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် ပဲခူးတိုင်းဒေသကြီး အထွေထွေရောဂါကုဆေးရုံကြီး ပဲခူးမြို့မှ ဆေးရုံအုပ် ဒေါက်တာ နီနီအေး တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့သည်။ ဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားရာတွင် အများပြည်သူတို့၏ ကျန်းမာရေးအား ယခုကဲ့သို့ ဝိုင်းဝန်းကူညီ လှူဒါန်းကုသမှုများ ပြုလုပ်ပေးကြသော အလှူရှင်များ ရပ်မိရပ်ဖများ၊ ဆရာဝန် ကြီးများအား အထူးကျေးဇူးတင်ရှိကြောင်း၊ ဇွန်ပန်းရုံအောက်တွင် လှည်းဘီးနစ်နေသည်။ ကူ၍တွန်းကြပါ ဟု ဆိုစကားရှိသော်လည်း ဘက်ပေါင်းစုံမှ ဝိုင်းဝန်းတွန်းကြပါက လှည်းဘီးသည် နစ်သည်ထက် နစ်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဦးတည်ချက်၊ ရည်ရွယ်ချက်လားရာ တစ်ဘက်တည်းသို့ ဝိုင်းဝန်းညီညွှတ်စွာ တွန်းကြပါမှ မိမိတို့ လိုရာပန်းတိုင်သို့ ရောက်မည်ဖြစ်ကြောင်း ကြွရောက်လာကြသော လူမှုရေးအသင်းအဖွဲ့ များအား အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အထွေထွေရောဂါကုဆေးရုံကြီး ပဲခူးမြို့မှ ဆေးရုံအုပ် ဒေါက်တာ နီနီအေး မှ အမှာစကားပြောကြားရာတွင် ရောဂါဝေဒနာရှင်များအား ကုသ ပေးရင်းနှင့် တပြိုင်နက်တည်း ထိုရောဂါအသီးသီးတို့အား မဖြစ်ပွားအောင် ကာကွယ်နည်း၊ ဂရုစိုက်နည်း ပညာပေးမှုများကို ပြုလုပ်သွားပါက အများပြည်သူတို့၏ ကျန်းမာရေးအတွက် ပိုမိုထိရောက်မည်ဖြစ် ကြောင်းဟူ၍ အဖိုးတန်စကားရပ်အား ချီးမြှင့်ပြောကြားခဲ့သည်။ ထို့နောက် သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး)အတွက် လှူဒါန်းထားသော အလှူရှင်များအား ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ ကျေးဇူးတင် စကားပြောကြားရာတွင် မြတ်စွာဘုရားရှင်လက်ထက်၌ ရဟန္တာတစ်ပါး၏ဖြစ်ရပ်အား သာဓကအဖြစ် ပြောကြားခဲ့ရာ တစ်ပါးသူအား မနာလိုဝန်တိုစိတ်ဖြင့် ပြုလုပ်ခဲ့သော ဝဋ်ကြွေးကြောင့် ဘဝတိုင်း ဘဝတိုင်း အပယ်ဘုံသို့ ကျရောက်ခဲ့ပြီးနောက် လူ့ဘဝသို့ ပြန်လည်ရောက်ရှိချိန်တွင်လည်း ထိုသူ၏ အကုသိုလ် အကျိုးဆက်သည် သူ၏ အနီးအနား ပတ်ဝန်းကျင်တွင်ရှိသော အိမ်ခြေတစ်ထောင်ခန့်အထိ ရိုက်ခတ်ခြင်း ကို ခံခဲ့ရသည်။ ထို့ကြောင့် အကုသိုလ်အကျိုးဆက်သည် အိမ်ခြေတစ်ထောင်အထိ ရိုက်ခတ်ခံခဲ့ရသကဲ့သို့ ကုသိုလ်အကျိုး ဆက်သည်လည်း အိမ်ခြေတစ်ထောင်အထိ ခံစားနိုင်ပါကြောင်း သာဓကအဖြစ် ပြောကြား ခဲ့သည်။ ထို့နောက် ပထမဦးဆုံးသော ခြေလှမ်းအဖြစ် ယခုကဲ့သို့ ပြည်မြို့၊ ပဲခူးမြို့၊ ကြို့ပင်ကောက်မြို့ များတွင် သုခကုသိုလ်ဖြစ်ဆေးခန်း(ခွဲ)များအား ဖွင့်လှစ်ရခြင်းမှာ ထိုဒေသများတွင် ကုသိုလ်ဖြစ်ဆေးဝါး ကုသပေးနိုင်သော ဆရာဝန်ကြီးများရှိခြင်းနှင့် ယင်းမြို့များ၏ အနီးပတ်ဝန်းကျင်ရှိ မြို့များ၊ ရွာများအထိ ကျယ်ပြန့်စွာ ကုသမှုကို ပြုလုပ်ပေးနိုင်ခြင်းကြောင့်ဖြစ်ကြောင်းအပြင် ယခုကဲ့သို့ ကိုယ်ကျိုးမဖက် စေတနာ့ ဝန်ထမ်း ကုသိုလ်ဖြစ်ကုသပေးကြသော ဆရာဝန်ကြီးများ၊ သူနာပြုများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများ အားလုံးတို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)၏ ဥက္ကဋ္ဌ ဦးသူရိန်ဝင်းမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ငွေစာရင်းရှင်းတမ်းအား ဘဏ္ဍာရေးမှူးမှ ရှင်းလင်း ပြောကြားခြင်းတို့ကို ဆက်လက်လုပ်ဆောင်ခဲ့ကာ အခမ်းအနားအား ပထမပိုင်းအစီအစဉ်အဖြစ် ရုပ်သိမ်းခဲ့ ကာ ကြွရောက်လာကြသော ဧည့်သည်တော်များတို့အား သက်သတ်လွတ် သီးစုံထမင်းဖြင့် ဧည့်ခံကျွေး မွေးခဲ့သည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းအဖြစ် ကြွရောက်လာကြသော လူမှုရေးအသင်းအဖွဲ့ (၂ဝ) ဖွဲ့ တို့နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိသူများ၊ ရဟန်းသံဃာတော်များနှင့်အတူ လူမှုရေးနှီးနှော ဖလှယ်ပွဲအား ရင်းနှီးပွင့်လင်းစွာ ဆက်လက်ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် ပဲခူးမြို့တွင် နာရေး ကိစ္စရပ်အား မီးသင်္ဂြိုလ်ခြင်း အခက်အခဲများ၊ ဆေးဝါးကုသရာတွင် ကြုံတွေ့ရသော အခက်အခဲများအား ဝိုင်းဝန်းအကြံပေး ညှိနှိုင်းခဲ့ကြသည်။ ယင်း လူမှုရေးနှီးနှောဖလှယ်ပွဲ၏ ရလဒ်သည် ပဲခူးမြို့တွင် မီးသင်္ဂြိုလ် စက်အသစ် တည်ဆောက်နိုင်ရေးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အတတ်နိုင်ဆုံး ကူညီပံ့ပိုး ပေးမည်ဟု ဆုံးဖြတ်လိုက်သည့်အပေါ် ဒေသခံ ရဟန်းရှင်လူ မိဘပြည်သူအပေါင်းတို့မှ သာဓု .. သာဓု .. သာဓု ဟု အနုမောဒနာ ခေါ်ဆိုလိုက်သံသည် သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး) တည်ရှိရာ ဒက္ခိဏသာခါ ရာမကျောင်းတိုက်ဝင်းအတွင်း မြည်ဟီးသွားခဲ့ပါတော့သည်။

ဂီလာနပုဂ္ဂိုလ်တို့အား ပြုစုစောင့်ရှောက်ခြင်းသည် ငါဘုရားအား ပြုစုစောင့်ရှောက်ခြင်း မည်ပေ၏ ဟူသော မြတ်စွာဘုရားရှင်၏ ဆိုဆုံးမအတိုင်း အနယ်နယ် အရပ်ရပ်ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းများ အနေဖြင့် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့အား (အခမဲ့) ပြုစုစောင့်ရှောက်ကုသပေးခြင်းသည် သူနာပြုသောဗုဒ္ဓ၏ လမ်းစဉ်အတိုင်း လျှောက်လှမ်းကြသော ဗြဟ္မစိုရ်ခြေလှမ်းများပင် ဖြစ်တော့သည်။

ကိုကျော်သူ


လမ်းတခြမ်းခင်း၊ဦးဏှောက်တခြမ်းပဲ့ အောင်သိန်းလင်းက မှတ်သားဖွယ်ရာပေါကြောင်ကြောင်စကားတွေကိုထပ်ပြော

Posted: 22 Jul 2012 04:57 AM PDT


""အရင်တုန်းကဆိုရင်တပ်မတော်သားတွေကို သောင်းသောင်းဖျဖျ ကြိုဆိုခံရတယ်၊ ရှေတန်းပြန် ဆိုပြီး ကြိုဆိုကြတယ်၊ " အဲဒီလိုလူမျိုးတွေကို ဒီကနေ့ တိုင်းပြည်ရဲ့ ရန်သူတွေလို ဖြစ်အောင်ပုံသွင်းတဲ့သူ ပုံသွင်းနေကြတယ်။ သိပ်ဝမ်းနည်းစရာ ကောင်းတယ်။" "ဒါပေမယ့် သေနတ်မှန်ပြီး ၁၃ချက် ချုပ်ရပေမယ့် လူဆိုးပုံ မပေါက်ဘူးမဟုတ်လား။ လူဆိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ လူဆိုးတွေ မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့က စစ်သူရဲကောင်းတွေပါ။ သူရဘွဲ့ နှစ်ခါရထားတာ တိုင်းပြည်အတွက် အမြင့်မြတ်ဆုံး စွန့်လွှတ်ခဲ့တဲ့သူတွေပါ။ အဲဒီလူတွေက ဒီကနေ့ လူဆိုးတွေလိုဖြစ်အောင် ပုံသွင်းနေကြတာကို အလွယ်တကူ မယုံကြပါနဲ့။ လူဆိုးတွေ ဖြစ်အောင် လူရိုင်းတွေ ဖြစ်အောင် ပုံသွင်းနေကြတယ်။ မယုံပါနဲ့။"
လက်ရှိကာလတွင် ပြည်သူများအနေဖြင့် တပ်မတော်သားများ အပေါ်တွင် ယခင်က ချစ်ခင်ကြသလို မဟုတ်တော့ဘဲ အဆိုးမြင်အစွဲများ ရှိလာခဲ့သည်ဟု ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်သိန်းလင်းက ဆိုသည်။ တပ်မတော်သားများ အနေဖြင့် မိမိနိုင်ငံ သူ့ကျွန်ဘဝ မရောက်ရေး အတွက် ပေးဆပ်မှုများစွာဖြင့် ရပ်တည်နေကြကြောင်း ပြောကြားရာတွင်- ""အရင်တုန်းကဆိုရင်တပ်မတော်သားတွေကို သောင်းသောင်းဖျဖျ ကြိုဆိုခံရတယ်၊ ရှေတန်းပြန် ဆိုပြီး ကြိုဆိုကြတယ်၊ တိုင်းပြည်ကိုဖြိုခွဲမယ့်သူ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဖျက်စီးမယ့်သူတွေကို ကျွန်တော်တို့ ကာကွယ်တယ်။ ကျွန်တော်တို့ ရဲဘော်တွေ အသက်ပေးရတယ်။ မိသားစုနဲ့ တကွဲတပြားဖြစ်တယ်။ တိုက်ပွဲမှာ ရဲဘော် ကျသွားတယ်။ သူ့အိတ်ထဲမှာ စာလေး တွေ့ရတယ်။ "အကိုရေဒီတစ်ပတ်ပြန်လာရင်အကို့ သားလေးကရှင်ပြုပေးပါလို့ပြောနေတယ်"ဆိုတဲ့ စာမျိုးလေး တွေ့ရတယ်၊ အဲဒါကို အဲဒီလိုလူမျိုးတွေကို ဒီကနေ့ တိုင်းပြည်ရဲ့ ရန်သူတွေလို ဖြစ်အောင်ပုံသွင်းတဲ့သူ ပုံသွင်းနေကြတယ်။ သိပ်ဝမ်းနည်းစရာ ကောင်းတယ်။ ရှေတန်းမှာ တစ်ရက်နှစ်ရက်လောက် နေကြည့်စမ်းပါ။ ကျွန်တော်တို့ နှစ်နဲ့ချီပြီး နေဖူးတဲ့သူတွေ၊ အဲဒီလူတွေက ဒီနေ့မှာ တိုင်းပြည်ရဲ့ ရန်သူတွေ ဖြစ်အောင်လို့ ပုံသွင်းခံနေကြရပြီလေ။ ကျွန်တော်တို့နေရာက စာနာကြည့်စမ်းပါဗျာ။ ကျွန်တော်ဆိုရင် မျက်စိအရိုးဘေးကနေ နားထင်ကို ဖေါက်သွားတဲ့ ကျည်ဆံအမှန် ခံခဲ့ရတယ်။ နားရွက်ပြတ် ထွက်သွားတယ်။ အရှေ့မြောက်ပိုင်း စစ်ဒေသမှာ ရန်သူနဲ့ အနီးကပ် တိုက်တယ်။ နောက်တိုက်ပွဲတစ်ပွဲမှာ လည်ပင်းကို ဖြတ်ပြီးတော့မှ တစ်ချက်မှန်တယ်။ ပေါင်မှာ တစ်ချက် မှန်တယ်၊ နောက်တိုက်ပွဲတစ်ပွဲမှာ အကြွေစေ့ကို ထိပြီးတော့မှ ကျည်ဆံချော် ထွက်သွားဖူးတယ်၊ ဒါမျိုးတွေပေါ့၊ အဲဒီနေရာမှာသာ အကြွေစေ့မရှိခဲ့ရင် ဒီလွှတ်တော်မှာ ကျွန်တော်မပါနိုင်ဘူးလေ၊ ဒါပေမယ့် သေနတ်မှန်ပြီး ၁၃ချက် ချုပ်ရပေမယ့် လူဆိုးပုံ မပေါက်ဘူးမဟုတ်လား။ လူဆိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ လူဆိုးတွေ မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့က စစ်သူရဲကောင်းတွေပါ။ သူရဘွဲ့ နှစ်ခါရထားတာ တိုင်းပြည်အတွက် အမြင့်မြတ်ဆုံး စွန့်လွှတ်ခဲ့တဲ့သူတွေပါ။ အဲဒီလူတွေက ဒီကနေ့ လူဆိုးတွေလိုဖြစ်အောင် ပုံသွင်းနေကြတာကို အလွယ်တကူ မယုံကြပါနဲ့။ လူဆိုးတွေ ဖြစ်အောင် လူရိုင်းတွေ ဖြစ်အောင် ပုံသွင်းနေကြတယ်။ မယုံပါနဲ့။ တကယ်တန်း ကျွန်တော်တို့ လုပ်လာတာဟာ ကိုယ့်တိုင်းပြည် ကျွန် မဖြစ်အောင်လို့ ကျွန်တော်တို့ ဦးတည်ပြီးလုပ်ခဲ့တာ။ သူများ သြဇာခံ မရောက်ရေးကို ကျွန်တော်တို့ ဦးတည် ကြိုးစားခဲ့ကြတာ။ အခုလည်း တော်တော်လေး ရုန်းကန် နေကြရပါတယ်။ အခုပိုပြီးတော့ ရုန်းကန်နေရတဲ့ သဘောရှိတယ်"" ဟူ၍ တပ်မတော်သားဟောင်း တစ်ဦးဖြစ်သူ ဦးအောင်သိန်လင်းက သတင်းသမားများကို တွေ့ဆုံရာတွင် ပြောကြားသည်။

အနာဂတ် နိုင်ငံရေး အခြေအနေ သုံးသပ် ပြောကြားရာမှာ ""အနာဂတ် နိုင်ငံရေးကတော့ ဒီအထဲမှာပါတဲ့ လူတွေရဲ့စဉ်းစားတွေးခေါ်ပုံမှာပဲ မူတည်ပါလိမ့်မယ့်၊ စဉ်းစားပုံ စဉ်းစားနည်းမှာလည်း မှုတည်ပါလိမ့်မယ်၊ ဒီစဉ်းစားပုံ စဉ်းစားနည်းဟာလည်း အမျိုးမျိုး ရှိနိုင်ကြတာပေါ့၊ အဲဒီတော့ အားကြီးတဲ့အဖွဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ရဲ့ အခြေခံ စဉ်းစားနည်းပေါ်မှာ မူတည်ပြီးတော့မှ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ဖြစ်ပေါ်လာမှာပဲ၊ သို့သော်လည်း ဒီလွှတ်တော်ထဲမှာတော့ လွတ်လပ်မယ်၊ တရားမျှတမယ်၊ ပွင့်လင်း ထင်သာမြင်သာ ရှိတယ်ဆိုတဲ့ အချက်တွေကို ဖေါ်ဆောင်မှပဲ လွတ်လပ် တရားမျှတမှု၊ ပွင့်လင်းထင်သာမြင်သာရှိမယ်။ ပြီးတော့ ဒီမိုကရေစီ စံနှုန်းအရ အများဆုံးဖြတ်တဲ့ဟာတွေဟာ အတည် ဖြစ်မှာပေါ့၊ အနာဂတ်မှာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ကျွန်တော်တို့ ရောက်သွားတော့မှာပါပဲ၊ ဒါပေမဲ့ ဒီမိုကရေစီ လမ်းကြောင်း ရောက်ဖို့ ဆိုတာကလည်း ပြည်သူလူထုတွေရဲ့ ပညာရေး ရေချိန်ပေါ်မှာ အများကြီး မူတည်တယ်၊ သူတို့ရဲ့ စဉ်းစား တွေးခေါ်မှုတွေ မြင့်မားလာမှ၊ မှန်ကန်တဲ့ ရွေးချယ်မှုကို ဒီလိုပဲ လုပ်နိုင်မှာ၊ အဲဒီတော့ ပြည်သူလူထုတွေက စားဝတ်နေရေး ကြပ်တည်းတဲ့ အတွက်၊ ကလေးတွေ ကျောင်းမထားနိုင်ဘူး၊ ပညာရေးကို အားမပေးနိုင်တဲ့ အခါမှာ အဲဒီကလေးတွေ ကြီးလာတဲ့အခါ စဉ်းစားတွေးခေါ်မှု ရေချိန်မြင့်ပါ့မလားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်၊ အဲဒီတော့ ပြည်သူလူထုက အားလုံးရဲ့ စဉ်းစားတွေးခေါ်မှု ရေချိန်မြင့်မားလာတာနဲ့ အမျှ၊ သူတို့က မှန်ကန်တဲ့သူတွေကို လွှတ်တော်ထဲကို ရွေးပြီးထည့်နိုင်မှာပေါ့၊ အဲဒီတော့ ဒီလွှတ်တော်ရဲ့ အနာဂတ်ဟာ တစ်တိုင်းပြည်လုံးရှိတဲ့ လူတွေအားလုံးရဲ့ စဉ်းစားတွေးခေါ်မှုရေချိန်နဲ့ မျိုးချစ် စိတ်ဓာတ်ပေါ်မှာ မူတည်လိမ့်မယ်လို့ ကျွန်တော် အဲဒီလို ထင်ပါတယ်"" ဟုဆိုသည်။

ဦးအောင်သိန်းလင်းသည် ရန်ကုန်မြို့တော်ဝန်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၁ ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပ မြို့နယ်တွင် ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားပြု ဝင်ရောက်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်သူလူထု ဆန္ဒဖြင့် ရွေးချယ်ခံရသည်။

Myanmar Independent News ဂျာနယ်


ဆာကိုင်းငြိမ်းချမ်းရေး ဆုရှင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို လျာထား

Posted: 22 Jul 2012 04:43 AM PDT

Sakai Peace Contribution Award လိုဂို
Sakai Peace Contribution Award လိုဂို

ဂျပန်နိုင်ငံ၊ ဆာကိုင်းမြို့အနေဖြင့် နှစ်နှစ်လျှင် တစ်ကြိမ်ကျ ချီးမြှင့်လေ့ ရှိသော ဆာကိုင်းငြိမ်းချမ်းရေးဆု Sakai Peace Contribution Award ကို အပြည်ပြည်ဆိုင်ရာမှ ငြိမ်းချမ်းရေး အတွက် လှုပ်ရှားဆောင်ရွက်သူများ ကို ရွေးချယ်ချီးမြှင့်ခဲ့ပြီး ၂ဝ၁၂ခုနှစ် အတွက် ဆုရှင်ကို ဒေါ်အောင်ဆန်း စုကြည်အား လျာထားကြောင်း သိရှိရပါသည်။

၂ဝဝ၈ ခုနှစ်တွင် စတင် ချီးမြှင့်ခဲ့သော ထိုဆုအား ပြည်တွင်း ပြည်ပ အဖွဲ့အစည်းပေါင်း ၅ဝဝ ကျော် ၏ ထောက်ခံမှုဖြင့် ရွေးချယ်လေ့ ရှိပြီး ဇူလိုင်လကုန်တွင် ကြေညာလေ့ ရှိပါသည်။ ပထမအကြိမ် ဆာကိုင်း ငြိမ်းချမ်းရေး ဆုရှင်မှာ သီရိလင်္ကာ အန်ဂျီအိုတစ်ခုမှ Mr. Jehan Perera ဖြစ်ပြီး ၂ဝ၁ဝ ခုနှစ်အတွက် ဆုရှင်မှာ ဂျပန်တွင် နှလုံးသားများ မိသားစု အမည်ဖြင့် လူမှုဖူလုံရေးလုပ်ငန်းများ လုပ်ဆောင်နေသူ ကိုရီးယားလူမျိုး Mr. Motor Tauch ဖြစ်ပါသည်။

ဆာကိုင်းမြို့မှာ ဂျပန်နိုင်ငံတွင် လွတ်လပ်မှုနှင့် ကိုယ်ပိုင်အုပ်ချုပ်မှုကို အလေးထားပြီး လူ့အခွင့်အရေးကို လေးစားသော မြို့တစ်မြို့ဖြစ်ကာ လက်ရှိမြို့တော်ဝန်မှာ Mr- Osami Takeyama ဖြစ်ပါသည်။
www.myanmarij.com


တနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲမယ့် ရှစ်လေးလုံးအခမ်းအနားနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင်နဲ့ RFA ဆက်သွယ်မေးမြန်းချက်

Posted: 21 Jul 2012 07:06 PM PDT


စင်ကာပူနိုင်ငံသို့ ဗြဟ္မစိုရ်ခြေလှမ်းတစ်လှမ်း

Posted: 21 Jul 2012 06:38 PM PDT



စင်ကာပူနိုင်ငံသို့ ဗြဟ္မစိုရ်ခြေလှမ်းတစ်လှမ်း
 စင်ကာပူနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း ဂီတဖျော်ဖြေပွဲများ၊ စာပေဟောပြောပွဲများကို လစဉ်အလိုက် ကျင်းပပြုလုပ် ဖျော်ဖြေနေသည့်ကြားမှ ထူးခြားစွာဖြင့် ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လတွင် MAZ Entertainment Group (Singapore)မှ စီစဉ်ဆောင်ရွက်ပြီး "ဗြဟ္မစိုရ်ခြေလှမ်းများ" အမည်ရှိသော မြန်မာပြည်တွင်းရှိ လူမှုရေးသမားများ၏ ပေးဆပ်လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြား၍ ဂီတသံစဉ်များဖြင့် ဖျော်ဖြေမှု တစ်ရပ်အား ကျင်းပပြုလုပ်ခဲ့သည်။ ပြည်ပရောက် မြန်မာမိသားစုများ အမျိုးဘာသာ သာသနာအား မမေ့မလျော့ပဲ လူသားချင်း စာနာစိတ်များ မွေးဖွားလာရန်အတွက် "ဗြဟ္မစိုရ်ခြေလှမ်းများ" ဟူသော အခမ်းအနားတစ်ရပ် ကျင်းပနိုင်ရန် MAZ Entertainment Group (Singapore) အဖွဲ့အား အဖွဲ့ဝင် (၄) ဦးဖြင့် စတင်စီစဉ် ဆောင်ရွက်ကြပြီး အခမ်းအနားမှ ရရှိသည့် ငွေကြေးအားလုံးကို လှူဒါန်းသွားကြမည်ဖြစ်ကြောင်း၊ အခမ်းအနားအတွက် အလှူခံဖို့အတွက် စင်ကာပူနိုင်ငံတွင် တရားဝင်အလှူငွေဖြတ်ပိုင်း ပြုလုပ်ခွင့်မရရှိသည့်အတွက် စက္ကူ သေတ္တာဘူးများများ ပြုလုပ်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းငွေအဖြစ် ကောက်ခံကြရန်၊ နာရေးကူညီမှုအသင်း(ရန်ကုန်)အား ပံ့ပိုးနိုင်ရန်နှင့် စင်ကာပူနိုင်ငံရှိ မြန်မာမိသားစုဝင်များအနေဖြင့် မြန်မာ နိုင်ငံတွင်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများအား တိကျမှန်ကန်စွာ သိရှိနိုင်ရန်အတွက် ရည်ရွယ်၍ အကျိုးဆောင်ပေးနိုင်ရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကာ ၁၅.၇.၂ဝ၁၂ ရက်နေ့တွင် စင်ကာပူနိုင်ငံရှိ Jurong Sports & Culturo Center ခန်းမ၌ နေ့လည် (၃းဝဝ) နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး Tဒေါ်ရွှေဇီးကွက်မှ လူမှုရေးလုပ်ဆောင်မှုအကြောင်း၊ လူမှုရေးသမားများ၏ကျင့်ဝတ် စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကာ ဥက္ကဋ္ဌ ဦးကျော်သူမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုပုံရိပ်မှတ်တမ်းများအား Slide Show ဖြင့် ပြသရှင်းလင်းခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသည့် မြန်မာမိသားစုများနှင့် အမေးအဖြေကဏ္ဍအား ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်တို့မှ မြန်မာမိသားစုများနှင့် နွေးထွေးစွာ ပြုလုပ်ခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အထူးဧည့်သည်တော် အသင်းဝင် ကိုဆောင်းဦးလှိုင်မှ ဥက္ကာဦးသာနှင့် ပူးတွဲ၍ လူမှုရေးပရဟိတစိတ်ဓါတ်များ မြှင့်တင်ပေးသော ဂီတသံစဉ်များဖြင့် ပရိသတ်အား စကားပြောကြားကာ ဥက္ကာဦးသာနှင့်ပူးတွဲ၍ သီဆိုဖျော်ဖြေပေးခဲ့သည်။ ထိုအခမ်းအနားတွင် စင်ကာပူ ရောက် မြန်မာမိသားစုများ၊ မြန်မာ့လူမှုရေးအဖွဲ့အစည်းများ၊ လူမှုရေးသမားများတို့သည် Jurong Sports & Culturo Center ခန်းမအပြည့် လာရောက်အားပေး ကြကာ ပြည်တွင်းရှိ မြန်မာပြည်သူ လူထုတို့အား နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး စသည့် ကူညီမှုများကို ပြုလုပ်ပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်) အား အလှူငွေများ ထည့်ဝင် လှူဒါန်းခဲ့ကြသည်။ ထို့နောက် ၁၇.၇.၂ဝ၁၂ ရက်နေ့ ညဘက်တွင် ဗြဟ္မစိုရ် ခြေလှမ်းများဖြင့် ခရီးသွားကြသော ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ ကိုဆောင်းဦးလှိုင်တို့သည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ၂၁.၇.၂ဝ၁၂ ရက်နေ့ နေ့လည် (၂းဝဝ) နာရီအချိန်တွင် ပွဲစီစဉ်သူ MAZ Entertainment Group (Singapore) မှ ဦးဘိုဘိုဝင်း ဦးဆောင်၍ အဖွဲ့ဝင် (၃) ဦးတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာ ရောက်၍ "ဗြဟ္မစိုရ်ခြေလှမ်းများ" လူမှုရေးဖျော်ဖြေပွဲ၍ ရရှိသည့် အလှူငွေ သိန်း (၈ဝ) ကျပ်တိတိအား လှူဒါန်းခဲ့ကြသည်။ ယင်းလှူဒါန်းပွဲ အခမ်းအနားတွင် ဥက္ကဋ္ဌ ဦးကျော်သူမှ စင်ကာပူနိုင်ငံသို့ ရောက်ရှိစဉ် မိမိသည် ကျန်းမာရေးမကောင်းသည့်အတွက် မိမိအား မိသားစုသဖွယ် အစစ အရာရာ ဂရုတစိုက် ဆေးဝါး ကုသပေးခဲ့သည့် MAZ Entertainment Group (Singapore) အဖွဲ့သားများနှင့်တကွ၊ ကြွရောက်အားပေး ကြသော မြန်မာမိသားစုဝင်များနှင့် စင်ကာပူနိုင်ငံရှိ လူမှုရေးအဖွဲ့သားများ အားလုံးတို့အား ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားခဲ့ပြီး MAZ Entertainment Group (Singapore)မှ ဦးဘိုဘိုဝင်းသည် "ဗြဟ္မစိုရ်ခြေလှမ်းများ" လူမှုရေးဖျော်ဖြေပွဲ ကျင်းပရခြင်းအကြောင်းနှင့် တွေ့ကြုံခဲ့ရသော အခက်အခဲများ အား ရှင်းလင်းပြောကြားကာ မြန်မာပြည်တွင်းရှိ လူမှုရေးလုပ်ငန်းများအား စွမ်းစွမ်းတမံ လုပ်ဆောင်ပေး နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)အား လှူဒါန်းဖြစ်ခဲ့သည့် အကြောင်းအရာများကို ထပ်မံပြောကြား ခဲ့ပြီး အလှူငွေကျပ် (၈ဝ) သိန်းတိတိအား ပေးအပ်ခဲ့သည်။ ထို့နောက် ကိုဆောင်းဦးလှိုင်မှ ကျေးဇူးတင် စကားပြောကြားရာတွင် ယခင့်ယခင် မိမိသည် ပြည်ပနိုင်ငံများသို့ သွားရောက်၍ ဂီတဖျော်ဖြေပွဲများ ကျင်းပခဲ့သော်လည်း ယခုကဲ့သို့ လူမှုရေးဖျော်ဖြေမှုပွဲအား ပထမဦးဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေ ဖြင့် အားပေးသည့်ပရိသတ် နည်းပါးမည်ကို စိုးရိမ်မိကြောင်း၊ သို့သော် ယခုကဲ့သို့ စည်ကားသိုက်မြိုက် စည်းကမ်းရှိစွာဖြင့် အားပေးခဲ့ကြသော စင်ကာပူရောက် မြန်မာမိသားစုဝင်များရှိသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကြွရောက်လာကြသော စင်ကာပူရောက် မြန်မာမိသားစုဝင်များ၊ MAZ Entertainment Group (Singapore) အဖွဲ့သားများ၊ အလှူငွေ ကောက်ခံပေးကြသော လူမှုရေးစိတ်ဓါတ် ပြင်းပြကြသော ညီငယ်၊ ညီမငယ်များအားလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကာ အခမ်း အနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။ ယင်း "ဗြဟ္မစိုရ်ခြေလှမ်းများ" ဖြင့် သွားရောက်ခဲ့သော စင်ကာပူနိုင်ငံ ခရီးစဉ်တွင် စင်ကာပူနိုင်ငံရှိ မြန်မာမိသားစုများ၏ လူမှုရေးစိတ်ဓါတ် ပြင်းထန်မှုများ၊ ပြည်တွင်း/ပ မခွဲခြားဘဲ လူသားချင်းစာနာစိတ်ရှိ မှုများတို့အပြင် စင်ကာပူနိုင်ငံရှိ လူမှုရေးအသင်းအဖွဲ့များအား ရင်းနှီးစွာ ဆွေးနွေးခဲ့မှုများနှင့် စင်ကာပူနိုင်ငံ ရှိ မြန်မာ့ကရုဏာလူမှုရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်မှ စတင်၍ ၁၅.၇.၂ဝ၁၂ ရက်နေ့၌ နာရေး ကူညီမှုအသင်းဟူ၍ စင်ကာပူနိုင်ငံတွင် ပေါ်ပေါက်လာခဲ့မှုတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဗြဟ္မစိုရ် ခြေလှမ်းတစ်လှမ်းအတွက် အောင်မြင်မှုတစ်ရပ်ပင် ဖြစ်ခဲ့တော့သည်။ ကိုကျော်သူ


မြန်မာ့ပညာရေးဘာကြောင့်နိမ့်ကျသွားရသလဲ ၊ ဘယ်လိုမြှင့်တင်ကြမလဲ? - ဆောင်းပါးရှင်-ထွန်းအောင်ကျော်

Posted: 21 Jul 2012 09:04 AM PDT

၁၉၆၂ခုနှစ်တွင်စစ်တပ်မှတည်ဆဲအခြေခံဥပဒေကိုချိုးဖေါက်၍တိုင်းပြည်အာဏာကိုသေနတ်မိုးဒမြ တိုက်ပြီးရယူခဲ့သည်။ ထိုနှစ် ဂျူလိုင် ၇ ရက်နေ့တွင် ကျောင်းသားများက "မင်းတို့သုံးယောက်ပေါင်းမှ ၄တန်းတောင်အောင်ရဲ့လား" ဟုသရော်ပြောင်လှောင်စိန်ခေါ်မှုကိုတုံ့ ပြန်သည့်အနေဖြင့်ဂျာမန်လုပ်ဂျီသရီးစက်သေနတ်အသစ်များကိုအစမ်းသဘောအသုံးပြုပြီးပညာတတ်ကျောင်းသားများကိုရက်စက်နာကျဉ်းစွာပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ထို့အပြင်သမိုင်းဝင်ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအ ဆောက်အဦကြီးကိုဒိုင်းနမိုက်ဖြင့်ဖေါက်ခွဲဖျက်ဆီး ပြစ်ခဲ့သည်။ ထိုအချိန်မှစ၍မြန်မာနိုင်ငံရှိရန်ကုန်တက္ကသိုလ်ကြီးသည်မြန်မာကျောင်သားများနှင့်အရှေ့တောင်အာရှနိုင်ငံများ ရှိကျောင်းသားများ၏ပညာရင်နို့သောက်ဆို့ရာထိပ်တန်းအဆင့်မြင့်တက္ကသိုလ်ကျောင်းကြီးဘဝမှ လျှောကျပြီးစစ်အစိုးရအလိုကျဆိုရှယ်လစ်ပညာရေးခေါင်းစဉ်အောက်တွင်ခေါင်းမပါ သောစစ်ဗိုလ်များ၏လက်ဝါးကြီးအုပ်ချယ်လှယ်မှုကြောင့်အဆင့်အတန်းမမှီသောဘွဲ့ရများကိုသာမွေးထုတ်ပေးသည့်တက္ကသိုလ်ဘဝသို့ကျ ရောက်သွားခဲ့ရသည်။ပညာရေးဝန်ကြီးဒေါက်တာညီညီအပါအဝင်လက်တည့်စမ်းဆိုရှယ်လစ်ပညာရေးစံနစ်အောက်တွင်မြန်မာကျောင်းသားများအလူးအလဲခံစားရင်းတိုင်း ပြည် ကြီးတခုလုံးနိမ့်ကျသည့်ပညာရေးကြောင့်စီးပွါးရေးချွတ်ခြုံကျခါ ကမ္ဘာ့လူမွဲစာရင်းဝင်နိုင်ငံဘဝသို့ ကျရောက်သွားခဲ့ရသည်မှာရင်နာစ ရာပင်ဖြစ်သည်။

ဗိုလ်နေဝင်းသည်တိုင်းပြည်မွဲတေသွားရခြင်းနှင့်ပညာရေးနိမ့်ကျသွားရခြင်း၏အဓိကတရားခံဖြစ်သည်၊အာဏာရစစ်ခေါင်းဆောင်ဘဝတွင်နိုင်ငံခြားတိုင်းပြည်များသို့သွားရောက်၍နှစ်စဉ်ဆေးဝါးကုသခြင်း၊ဇိမ်ခံခြင်းတို့ကိုခံစားရင်းအိမ်နီးချင်းနိုင်ငံများဖြစ်သောထိုင်း၊မလေးရှား၊စင်ကာပူတို့တဖြေးဖြေးတိုးတက်ဖွံ့ဖြိုးလာသည်ကိုမျက်ဝါးထင်ထင်တွေ့မြင်နေသူမှာဗိုလ်နေဝင်းအပြင်အခြားသူမရှိချေ။ ထိုနိုင်ငံများတိုးတက်လာမှုကို သိသော်လည်းမိမိပြည်သူများတိုးတက်မှု၊ တိုင်းပြည်ကမ္ဘာအဆင့် မှီနိုင်ငံဖြစ်ဖို့ထက်မိမိအာဏာတည် မြဲရေးကိုသာဦးစားပေးအလေးထားခဲ့ခြင်း၊လက်ဝဲအစွန်းရောက်များကိုမိမိအစိုးရအဖွဲ့ထည်းတွင်ပါဝင်စေခြင်းကြောင့်ထိုသူများကပညာရေးစံနစ်တွင်မူလတန်းမှစ၍အင်္ဂလိပ်ဘာသာစာပေသင်ကြားမှုကိုအင်္ဂလိပ်မုန်းတီးစိတ်ဖြင့်လျှော့ချပြီးအင်္ဂလိပ်ဘာသာမှလွဲ၍သင်ကြားနေသောဘာသာရပ်အားလုံးတို့ကိုမြန်မာစာနှင့်အစားထိုးသင်ကြားစေသဖြင့် ကျောင်းသားများအင်္ဂလိပ်စာညံ့ဖျင်းလာပြီးဘာသာရပ်အားလုံးကိုလေ့လာရာတွင်ကမ္ဘာအရပ်ရပ်ရှိသိပ္ပံ၊ဝိဇ္ဇာဘာသာရပ်တို့ကိုပြည့်ပြည့်စုံစုံအင်္ဂလိပ်စာဖြင့်ရေးသားထုတ်ဝေထားသောစာအုပ်စာတမ်းများကိုမဖတ်ရှုနိုင်တော့ဘဲရှိခဲ့သည်။ အင်္ဂလိပ်စာနှင့်ထုတ်ဝေထားသောစာပေတို့ကဲ့သို့မြန်မာပြန်စာအုပ်များမရှိခြင်းကြောင့်ယနေ့ မြန်မာ နိုင်ငံသားများကမ္ဘာ့အလယ်တွင်လေ့လာအားနဲလာခဲ့ပြီးဗဟုသုတချို့တဲ့သောလူဆင်းရဲ များအဖြစ် မျက်နှာငယ်ခဲ့ရခြင်းဖြစ်သည်။

ဒုတိယတရားခံမှာဗိုလ်သန်းရွှေဖြစ်သည်၊ဆရာဖြစ်သူကိုအာခံ၍ဆရာ့လမ်းစဉ်အတိုင်းအာဏာကိုင်စွဲရေးလမ်းစဉ်ကိုလိုက်သူမှာလည်း သူပင်ဖြစ်သည်။ ဗိုလ်နေဝင်းနှင့်ဗိုလ်သန်းရွှေတို့သည်အာဏာကိုင်စွဲထားရေးတွင်တူကြသော်လည်းစီးပွါးရေးလမ်းစဉ်တွင်မူလုံးဝကွဲပြားခြားနားကြသည်။ဗိုလ်နေဝင်းကဆိုရှယ်လစ်စီးပွါးရေးဟုကြွေးကျော်ပြီးတိုင်းပြည်တွင်းရှိစီးပွါးရေးလုပ်ငန်းရှင်များအားလုံးကိုအရင်းရှင်တံဆိပ်ကပ်ခါစီးပွါးရေးလုပ်ငန်းအားလုံးကိုပြည်သူပိုင်သိမ်းပစ်ခဲ့သည့်အတွက်အရှေ့ တောင်အာရှ၏ထိပ်တန်းနိုင်ငံဘဝမှလူမွဲနိုင်ငံဘဝသို့နှစ်တိုတိုအတွင်းကျရောက်သွားခဲ့ရသည်။ ဗိုလ်နေဝင်းသည်အမျက်စောင်မာန်ကြီးသည်၊ တကိုယ်ကောင်းဆန်လွန်းသည်၊သူတကိုယ်တည်းတိုင်းပြည်၏အညွန့်ကိုခူးစားရင်းတိုင်းပြည်ကြီးတဖြေးဖြေးဆင်းရဲနွံ့တွင်းသို့နှစ်နေသည်ကို တဆိမ့် ဆိမ့်ကြည့်နေနိုင်သူဖြစ်သည်။ အင်ဒိုနီးရှားအာဏာရှင်ဆူဟာတိုကိုအားကျပြီးအင်ဒိုနီးရှားနိုင်ငံ ကဲ့သို့ ရေနံထွက်မလားဟုတွေးပြီးရေနံဖြင့်ချမ်းသာနိုင်မလားဟုစိတ်ကူးနှင့်ကျိုးစားကြည့်ခြင်းကျွန်းသစ်များ ကိုခုတ်ရောင်းခြင်းမှလွဲ၍တိုင်းပြည်၏သဘာဝသံယံဇာတများတံခါးပိတ်ဝါဒကျင့်သုံး၍ကိုထိမ်းထားခဲ့ သူ ဖြစ်သည်။

ဗိုလ်သန်းရွှေသည်စီးပွါးရေးကိုသူ့လူယုံများအတွက်သာဖွင့်ပေးသည့်ခရိုနီစီးပွါးရေးစံနစ်ကိုဖန်တီးခဲ့ခြင်းသည်ဗိုလ်နေဝင်းနှင့်လုံးဝကွဲသည့်မူဝါဒဖြစ်သည်။ အလီဘာဘာလက်သစ်များဖြင့်ပြည်သူပြည်သား များအားလုံးနှင့်သက်ဆိုင်သောသဘာဝသံယံဇာတများကိုနိုင်ငံခြားသို့ဗြောင်ဈေးပေါပေါနှင့်ရောင်းချခဲ့သဖြင့်အဖိုးတန်ကျွန်းသစ်တောများ၊သစ်မာတောများဗိုလ်သန်းရွှေလက်ထက်တွင်လျှင်မြန်သောနှုန်း ဖြင့်ပြုံးတီးသွားခဲ့ပြီးမိုးခေါင်ရေးရှားမှုဒဏ်၊ရာသီဥတုဖေါက် ပြန်၍ ရေကြီးသည့်ဒုက္ခ၊ စသည်တို့ကို ပြည်သူများခါးစည်းခံခဲ့ကြရသည်။ ခရိုနီခေတ်ပျက်သူဌေးများ၊ နှင့်၎င်းတို့နှင့်ပင်းစားနေသောဗိုလ်ချုပ်များသန်းထောင်နှင့်ချီချမ်းသာလာသော်လည်းပြည်သူတို့ထမင်းနပ် မှန်အောင်မစားနိုင်သည့်အထိ ငတ်မွတ်ဆင်းရဲခဲ့ပြီးဆင်းရဲချမ်းသာကွာဟမှုနက်ရှိုင်းစွာဖြစ်ပေါ်လာခဲ့သည်။

ဗိုလ်နေဝင်းလက်ထက်မှစတင်၍ပညာတတ်လူတန်းစားများကိုနှိမ်ထားပြီး စစ်သားများကအထက်မှနေ ၍အုပ်ချုပ်ထားမှုကြောင့်ပညာတတ်လူတန်းစားများမြန်မာနိုင်ငံမှတစိမ့်စိမ့်ပြည်ပသို့ထွက်ခွါသွားခဲ့ကြသည်။ အခြားအကြောင်းတခုမှာ စက်ရုံအလုပ်ရုံများကိုပြည်သူပိုင်သိမ်းပြစ်လိုက်ခြင်းကြောင့် အလုပ် အကိုင်ရှားပါးလာပြီးအကျိုးဆက်အားဖြင့်ဘွဲ့ရ အလုပ်လက်မဲ့များမှိုလိုပေါက်လာခဲ့သည်၊ တိုင်းပြည်တွင်လိုအပ်နေသည့်ဆရာဝန်ပေါက်စများကအစအလုပ်မရသဖြင့်ပြည်ပသို့ထွက်ကြရသည်။ ပြည်ပသို့ထွက်ကြခြင်းကြောင့်ဥဏှောက်ယိုစီးမှုကိုဖြစ်စေခဲ့သည်။

ဗိုလ်သန်းရွှေလက်ထက်တွင်နဂိုကကျဆင်းနေသည့်ပညာရေးစံနစ်ကိုပြန်လည်မြှင့်တင်ရန်မစဉ်းစားဘဲလူထုနစ်နာချက်များကိုမကြည့်နိုင်တော့သဖြင့်ဆန္ဒပြတောင်းဆိုခဲ့ကြသောကျောင်းသားများကိုအင် အားမစုစည်းနိုင်စေရန်ရည်ရွယ်ပြီးဒေသကောလိပ်များကိုစာသင်ကြားရန်ပစ္စည်းပစ္စယမပြည့်စုံဘဲနှင့် မြို့ပြနှင့်ဝေးသောနေရာများတွင်ဖွင့်၍အင်အားဖြိုခွဲခဲ့ပြန်သည်။ ၁၉၈၈ခုနှစ်မှ၁၉၉၈အတွင်းတက် ရောက်သင်ကြားခဲ့ကြသောကျောင်းသားများသည်တနှစ်တွင်စာသင်ရက် ၄လ ထက်မကျော်ဘဲစာမေးပွဲများကိုလျော့လျော့ပေါ့ပေါ့နှင့်လုပ်ပြီးမြန်မြန်ဘွဲ့ရမြန်မြန်ကျောင်းမှထွက်ဆိုသည့်နိမ့်ကျသည့်အတွေးအခေါ်ဖြင့်ကျောင်းများတွင်ကျောင်းသားများအရည်အချင်းပြည့်ပညာတတ်မြောက်ရေးထက် ကျောင်းများတွင်ကျောင်းသားအင်အားစုများစုပြုံမနေစေရေးကိုရည်ရွယ်ချက်ရှိရှိဖြင့်ပြုလုပ်ခဲ့သည်။ စာမေးပွဲဖြေနိုင်မဖြေနိုင်လက်မှတ်ထိုး၍စာမေးပွဲခန်းသို့ဝင်သောသူတိုင်းကိုအအောင်ပေးခြင်းဖြင့်အ ရည်အသွေးနိမ့်ဘွဲ့ရများကိုတက္ကသိုလ်များမှထုတ်လုပ်ပေးစေခဲ့သည်။ နိုင်ငံလိုအပ်ချက်ဖြစ်သည့်အရည်အချင်းပြည့်မှီသည့်ဘွဲ့ရကျောင်း သားများပေါ်ထွန်းလာရေးထက်၊ အရပ်သားပညာရေးစံနစ်ကိုအရည်အချင်းညံ့ဖျင်းစေရန်အကွက်ချ၍ ထားပြီးတဖက်မှလည်း စစ်တပ် ဦးစီးဖွင့်လှစ်သည့်ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာကောလိပ်တို့တွင်မူ အရည်အသွေးပြည့်မှီသောအသင်အပြကောင်းသောဆရာများ၊ ပြည့်စုံသောဓါတ်ခွဲခန်းပစ္စည်းများ၊ ကျောင်းသုံးစာရွက်စာတမ်း များ၊ လုံလောက်သောသင်ရိုးညွှန်းတန်းစာအုပ်များတို့ကိုထား၍သင်ကြားစေခြင်း ဖြင့် ခွဲခြားထား ခဲ့သည်။

ယခင်ကကျောင်းသားများက"မင်းတို့သုံးယောက်ပေါင်းရင်တောင်၎တန်းအောင်ရဲ့လား"ဟူသော လှောင်ပြောင်မှုကိုလက်စားခြေသည့်အနေနှင့် "မင်းတို့ကျောင်းသားတွေငါတို့စစ်ကျောင်းဆင်းတွေ လောက်အရည်အချင်းမရှိပါဘူးကွာ" ဟုပြောနိုင်ရန်အကွက်ချထားသလားဟုပင်တွေးစရာဖြစ်နေပေသည်။အရပ်သားတက္ကသိုလ်ကျောင်းဆင်းများထက်စစ်ကျောင်းဆင်းများကပိုသိပိုတတ်ပိုတော် ကြောင်းကို ပြသရန်အလွန်ယုတ်ညံ့သည့်အတွေးအခေါ်ဖြင့်အကောင်အထည်ဖေါ်နေခြင်းဖြစ်သည်။ မြေးဖြစ်သူကိုမူစင်ကာပူတွင်နေ့ချင်းပြန်လေယာဉ်နှင့်ကျောင်းထားသည်။ အရပ်သားကျောင်းသားများအတွက်မူထရံကာသက်ကယ်မိုးကောလိပ်များကိုတည်ဆောက်စေ၍၊စာသင်နေချိန်တွင်မိုးယိုခြင်း၊အရည်အချင်းပြည့်ဝသောဆရာများနည်းပါးခြင်း၊သင်ရိုးညွှန်းတန်းစာအုပ်များလုံလောက်စွာမရှိခြင်းကြောင့် ရေရှည်တွင်ပညာရေးအရည်အသွေးရှိသူများမှာစစ်ကျောင်းဆင်းများသာဖြစ်၍တိုင်းပြည်ကိုအုပ်ချုပ်မည့်သူများမှာလည်းစစ်အသိုင်းအဝိုင်းမှပင်ဖြစ်စေရမည်ဟုယုတ်ညံ့စွာစီမံကိန်းချ၍လုပ်ခဲ့သည်ဟုမြင်သည်။

အမှန်စဉ်စစ်တနှစ်တနှစ်တွင်စစ်တက္ကသိုလ်မှကျောင်းဆင်းများ၇၀၀၁၀၀၀ထက်မပိုချေ။ထိုအရည်အတွက်လောက်နှင့်နိုင်ငံတွင်းရှိ ပြည်သူသန်း ၆၀ လိုအပ်ချက်ကိုမဖြည့်ဆည်းပေးနိုင်ချေ။ အမေရိကန်ရှိကော်နယ်တက္ကသိုလ်တခုထည်းတွင်ပင်တနှစ်လျှင် ဘွဲ့ယူသူ ၆၀၀၀ ခန့်ရှိသည်။ အမေရိကန်နိုင်ငံကဲ့သို့တိုးတက်ဖွံ့ဖြိုးသောနိုင်ငံတွင်ပင်အရည်အချင်းရှိသောဘွဲ့ရများနှစ်စဉ်သိန်းနှင့်ချီ ပြီးလိုအပ်လျက်ရှိသည်။တနှစ်တနှစ်တက္ကသိုလ်ပေါင်း ထောင်နှင့်ချီရှိသောထိုနိုင်ငံတွင်နှစ်စဉ်ဘွဲ့ရသူ နှစ်သိန်းခန့်ရှိသည်။ ထိုကြောင့်မဖွံ့ဖြိုးသေးသောမြန်မာနိုင်ငံကိုအရည်အချင်းပြည်မှီသောဘွဲ့ရစစ်ကျောင်းဆင်းလက်တဆုပ်စာနှင့်ဦးဆောင်ရန်စဉ်းစားတွေးခေါ်ပြီးလုပ်နေသောစီမံကိန်းသည်တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက်အလွန်အန္တရယ်ရှိသည်။

ဘယ်လိုမြှင့်တင်ကြမလဲ?
နိမ့်ကျနေသောပညာရေးစံနစ်ကိုမြှင့်တင်ဘို့ကြိုးစားရာတွင်ဘာအားနည်းချက်တွေရှိသလဲဆိုတာကိုအရင်လေ့လာပြီးထိုအားနည်းချက်တွေကိုအားသာချက်ဖြစ်လာရန်ပြောင်းလဲပြစ်ဖို့လိုသည်။

၁။ တကယ်တတ်ကျွမ်းသည့်ဆရာဆရာမများကိုခန့်အပ်ဖို့လိုသည်။ မဆလခေတ်၊ ငြိမ်ပိခေတ်၊ နအဖ ခေတ်တလျှောက်လုံးဆရာ၊ ဆရာမများ၏အရည်အသွေးတိုးမြှင့်ရေးကိုပြုလုပ်ခြင်းမရှိဘဲစားဝတ်နေ ရေး ကြပ်တည်းနေသောဆရာ၊ ဆရာမများကိုလုံလောက်သောလစာတိုးမပေးဘဲရွှေဥာဏ်တော်စူး ရောက်စွာဖြင့် အကျင့်စာ ရိတ္တပျက်စီးယိုယွင်းစေသည့်စာလဲသင်ဈေးလဲရောင်းဆိုသည့်၊ အခွင့်အ ရေး ကိုပေးပြီး ပညာရေးနှင့်လားလားမှမသက်ဆိုင် သည့်ကျောင်းတွင်အပိုဝင်ငွေရရန်ဆရာတပိုင်း၊ ဈေးသည် တပိုင်းဘဝသို့တွန်းပို့ခဲ့သည်။ ထို့ကြောင့်ဆရာများကကျောင်းသားများကိုစာသင်ကြားပေး ရေးတွင်စိတ်မဝင်စားတော့ဘဲကျောင်းတွင်ဈေးရောင်းအိမ်တွင်ကျူရှင်ပြပြီး၊ကျောင်းစာသင်ခန်းထဲတွင်စာကိုဟုတ်တိပတ်တိမသင်ကြားချင်သောအဿပြာဆရာများအဖြစ်ဖျက်စီးပြောင်း လဲပစ်လိုက်ခြင်း ကြောင့် ကလေးသူငယ်များကိုအကျင့်စာရိတ္တကောင်းမွန်ရန်၊ ပြည်သူပြည်သားများကို ကြင်နာသနား ပြီး ရိုးရိုးကျင့်မြင့်မြင့်ကြံစိတ်ဓါတ်ဖြင့်အများအကျိုးဆောင်ရွက်လိုစိတ်ရှိလာအောင်သင် ကြားပေးရ မည့်ဆရာဆရာမများအကျင့်စာရိတ္တပျက်စီးလာသောအခါတိုင်းပြည်ပညာရေးနှိမ့်ကျလာ ခြင်းမှာ အဆန်း မဟုတ်ချေ။ ထို့ကြောင့်အကျင့်စာရိတ္တကောင်းသောဆရာဆရာမများကိုမွေးထုတ်ပေးရ မည်။ အကျင့်စာရိတ္တကောင်းသောဆရာဆရာမများဖြစ်လာစေရန်လခလုံလောက်စွာပေးရမည်။

၂။ ဒုတိယလုပ်ရမည့်အချက်မှာပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများလွတ်လပ်စွာဖွင့်လှစ်သင်ကြားခွင့်ကိုပေး ရမည်။ ဗိုလ်နေဝင်းလက်ထက်အလွတ်ပညာသင်ကျောင်းများအားလုံးကိုပြည်သူပိုင်သိမ်းလိုက်ပြီး နောက်မြန်မာနိုင်ငံပညာရေးအဆင့်အတန်းနိမ့်ကျသွားခဲ့ရသည်။ အကြောင်းမှာပုဂ္ဂလိကကျောင်းများ သည်တော်ပေ့ကျွမ်းပေ့ဆိုသည့်ဆရာ၊ဆရာမများကိုဈေးကြီးကြီးပေးငှားပြီးသင်ကြားစေသဖြင့်ထို ကျောင်းများသို့တက်ရောက်နိုင်သောကျောင်းသားများသည်အစိုးရကျောင်းများထက်အောင်ချက် ကောင်းပြီးစာတော်ကြသည်။ အစိုးရအနေနှင့်နှစ်စဉ်တိုးလာနေသောကျောင်းသားဦးရေအတွက်လိုအပ်သည့်ကျောင်းများဆောက် လုပ်ခြင်း၊ တိုးချဲ့ခြင်းတို့ကိုလုပ်နိုင်သောအင်အားမရှိဘဲနှင့်ပုဂ္ဂလိကကျောင်းများကိုအရင်းရှင်ကျောင်း များဟုကင်ပွန်းတပ်ပြီးပြည်သူပိုင်သိမ်းလိုက်ခြင်းကြောင့်အစိုးရအားနည်းချက်ကိုပုဂ္ဂလိကကျောင်းများမှဝင်ရောက်ပခုံးထမ်းဖြည့်ဆည်းမှုကိုရိုက်ချလိုက်သလိုဖြစ်စေခဲ့သည်။ ဖြစ်သင့်သည်မှာအစိုးရ ကျောင်းများတွင်အရည်အချင်းပြည့်မှီသောဆရာဆရာမများရရှိအောင်ဆရာအတတ်သင်ကောလိပ်များကိုငွေကုန်ကြေးကျခံရင်းနှီးမြှုပ်နှံမှုဖြင့်အထူးကြပ်မတ်ပေးပြီးဆရာကောင်းများကိုမွေးထုတ်ပေးရေးသာဖြစ်သည်၊ ပုဂ္ဂလိကကျောင်းများကိုအစိုးရကျောင်းများထက်သာသဖြင့်လိုက်ပိတ်ပင်နေစရာမလို။ပုဂ္ဂလိကကျောင်းများသည်အစိုးရလိုအပ်ချက်ကွက်လပ်ကိုဖြည့်ဆည်းပေးသည့်ပညာရေးကဏ္ဍ၏အကူဒေါက်တိုင်များဖြစ်သည်ဟုမှတ်ယူနိုင်ရမည်၊ တတ်နိုင်လျှင်အားပေးရမည်။

၃။ ကာကွယ်ရေးအသုံးစားရိတ်ကိုလျော့ချ၍ ပညာရေးအသုံးစားရိတ်ကိုတိုးသုံးခြင်းဖြင့်ပြည်နယ်များ တွင်အထူးလိုအပ်နေသောနေရာများ၌မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများကိုတည် ဆောက် ပေးရမည်။ မြို့ကြီးပြကြီးများတွင်မြို့အင်္ဂါနှင့်ညီညွတ်သောတက္ကသိုလ် ၊ ကောလိပ် များကို တည်ဆောက်ခြင်း၊တိုးချဲ့ခြင်းတို့ကိုပြုလုပ်ခြင်းဖြင့်မြို့ပြများစည်ကားလာခြင်း၊မြို့ပြတွင်ရှိခြင်းကြောင့် အိမ်မှသော်၎င်း၊အဆောင်များမှသော်၎င်းကျောင်းတက်ရာတွင်ဘတ်စကားများ၊ကားများရှိခြင်း ကြောင့် ကျောင်းသို့လွယ်ကူစွာသွားနိုင်ခြင်းတို့ကြောင့်ကျောင်းသားများစိတ်လက်ရွှင်လန်းစွာစာသင်ကြားနိုင်သဖြင့်ထူးချွန်သောကျောင်းသားများဖြစ်လာနိုင်ပေသည်။

၎။ ကျောင်းသင်ရိုးညွှန်းတမ်းများကို နှုတ်တိုက်ထမင်းခွံ့ပညာရေးမှဆွေးနွေးဝေဖန်၍သင်ကြားသော စံနစ်သို့ပြောင်းနိုင်ရေးသည်အလွန်အရေးကြီးသောအချက်တခုဖြစ်သည်။ မြန်မာပြည်ပညာရေးစံနစ်၏ အဓိကပြုပြင်ရမည့်အချက်မှာဆရာပြောသမျှကိုလိုက်မှတ်ပြီး အာဂုံဆောင်အလွတ်ကျက်ဖြေဆိုသော အလေ့အထဖြစ်သည်။ အနောက်နိုင်ငံများတွင်ဆရာကစာသင်သားများအားဖတ်ရှုလေ့လာရမည့်အပိုင်းများ၊ အခန်းများကိုစာ မျက်နှာဖြင့်ဖေါ်ပြပေးပြီးထိုအခန်းများကိုမိမိဖာသာလေ့လာစေသည်။ ထို့နောက်ကျောင်းသားများတဦး ချင်းလေ့လာဖတ်သိသမျှကိုအတန်းတွင်းဆွေးနွေးပြီးသူ့အမြင်ကိုယ့်အမြင်ကိုဖလှယ်စေသည်၊ ကျောင်းသားများအမြင်ဖလှယ်မှုများထဲမှလိုအပ်သည်တို့ကိုဆရာကဖြည့်စွက်ဆွေးနွေးပေးသည်။ တခါတရံဆရာမမြင်သည်တို့မတွေးမိသည်တို့ကိုကျောင်းသားများကသိမြင်ပြီးတင်ပြလာသည့်အခါဆရာဖြစ်သူအတွက်ပါအမြတ်ထွက်သည်လည်းရှိသဖြင့်ထိုသင်ကြားသည့်စံနစ်သည်နှစ်ဦးနှစ်ဖက်အကျိုးရှိသည်။ အကြောင်းအရာတခုကိုဖက်ပေါင်းစုံ၊ရှုဒေါင့်ပေါင်းစုံမှကြည့်၍လေ့လာခြင်းသည်အလွတ်ကျက်စရာမလိုဘဲအမှန်တကယ်မှတ်သားနားလည်မှုကိုရသဖြင့်တန်ဖိုးရှိသည်။

၅။ ကျောင်းသားရပိုင်ခွင့်များကိုကာကွယ်ပေးနိုင်သည့်အပြင်ဘက်စုံပညာရေးတိုးတက်မှုကိုတွန်းအား ပေးနိုင်သည့်ကျောင်းသားသမဂ္ဂများပေါ်ထွန်းလာရေးသည်အရေးကြီးသည်။ ကျောင်းသားသမဂ္ဂခေါင်း ဆောင်များကိုရွေးချယ်ခြင်း၊ သမဂ္ဂအတွင်းနိုင်ငံရေးအရငြင်းခုံခြင်း၊စကားရည်လုခြင်း တိုင်းပြည်အခြေ အနေတို့ကိုသုံးသပ်ခွင့်ရလာခြင်း၊ တို့ကြောင့်နိုင်ငံရေးရည်ကြွယ်ဝလာပြီးတချိန်ချိန်တွင်ပြည်သူများကဘယ်သူကမျိုးချစ်စိတ်ရှိသည်အတွေ့အကြုံရှိသောနိုင်ငံရေးသမားကောင်းဖြစ်သည်ဟုရွေးချယ်နိုင်သဖြင့်တိုင်းပြည်အတွက်အကျိုးရှိသည်။ထို့ပြင်ကျောင်းသားသမဂ္ဂသည်အဆင့်မြင့်ပညာရေးကို ကျောင်းသားများကကျောင်းအုပ်ချုပ်ရေးတွင်ပါဝင်ဆွေးနွေးရွေးချယ်ခွင့်တို့ကိုပြုလုပ်နိုင်သဖြင့်ပညာ ရေးအရများစွာအကျိုးရှိ သည်။

၆။ အဆင့်မြင့်ပညာရှင်များပေါ်ထွန်းရေးတွင်အရေးကြီးသည့်အချက်ကြီးများထဲမှနောက်ဆုံးအချက်မှာ စာကြည့်တိုက်များဖြစ်သည်။ အနောက်နိုင်ငံများတွင်စာကြည့်တိုက်များကိုတက္ကသိုလ်များတွင်အထူးငွေကုန်ကြေးကျခံပြီးထားသည်မှာအလွန်အားရစရာကောင်းသည်။ဥာဏ်အမျှော်အမြင်အလွန်ကြီးသည့်လုပ်ရပ်ဖြစ်သည်။ တက္ကသိုလ် စာကြည့်တိုက်များသည်တက္ကသိုလ်ကျောင်းသားများ၏အဓိကပညာရှာမှီးရာနေရာများဖြစ်သည်။ စာကြည့်တိုက်စံနစ်သည်အလွန်ပွင့်လင်းပြီးကျောင်းသားအရပ်သားမခွဲခြားဘဲမည်သူမဆိုစာကြည့် တိုက်တွင်းသို့ဝင်ရောက်လေ့လာနိုင်သည်။ စာကြည့်တိုက်များ၏ပေါ်လစီသည်အထူးအတုယူစရာကောင်းသည်။

၁။ ကျောင်းသားများအနေနှင့်ကျောင်းသားကဒ်ပြားများဖြင့်စာကြည့်တိုက်မှစာအုပ်စာတမ်းများကိုလ နှင့်ချီ၍ငှားနိုင်ခွင့်ရှိခြင်း။

၂။ မည်သည့်စာကြည့်တိုက်မဆိုစာကြည့်တိုက်တွင်းရှိစာအုပ်စင်များတွင်းသို့အရပ်သားကျောင်းသားမရွေးဝင်ရောက်ပြီးမိမိဖတ်လိုသော စာအုပ်စာတန်းများကိုရှာဖွေရယူပြီးစာကြည့်တိုက်တွင်းရှိ စားပွဲ ကုလားထိုင်များတွင်ထိုင်၍ဖတ်ရှုနိုင်ခြင်း။ အပြင်လူများအနေနှင့်စာကြည့်တိုက်တွင်းရှိစာအုပ်ကိုငှား ရမ်း လိုသော်စာကြည့်တိုက်မှူးများထံတွင် မှတ်ပုံတင်၍ သတ်မှတ်ငွေပေးပြီးငှားနိုင်သည်။

၃။ မိမိစာကြည့်တိုက်တွင်မရှိသည့်စာအုပ်စာတမ်းများကိုလိုချင်ပါကစာကြည့်တိုက်မှူးထံအကြောင်း ကြား၍ဝယ်ခိုင်းနိုင်ခွင့်ရှိသည်။ အကယ်၍မစောင့်နိုင်ပါက (Inter Library Loan) စာကြည့်တိုက် အချင်းချင်းငှားရမ်းခြင်းသဘောတူညီချက်အရစာအုပ်ရှိ သောစာကြည့်တိုက်ကိုအကြောင်းကြား ပြီး လှမ်း၍မှာယူငှားရမ်းနိုင်သည်။

၎။ စာကြည့်တိုက်တွင်းတွင်လိုအပ်သောစာရွက်စာတမ်းများကိုမိမိဖါသာအကြွေထည့်၍ကူးယူနိုင် သောမိတ္တူကူးစက်များစာအုပ်စင်ဒေါင့်များတွင်ထားရှိပေးထားပြီးမည်သည့်စာကိုမဆို မိမိကူးယူလို သောစာများကိုစိတ်ကြိုက်ကူးယူနိင်ခွင့်ရှိသည်။

၅။ စာကြည့်တိုက်တွင်းရှိကွန်ပြူတာခန်းများတွင်ကျောင်းသားများအချိန်မရွေးဝင်ရောက်ပြီးအင်တာ နက်ကိုအသုံးပြုနိုင်သဖြင့်ကမ္ဘာအရပ်ရပ်တွင်ရှိမည်သူနှင့်မဆိုဆက်သွယ်နိုင်သလို၊လေ့လာလိုသော ဘာသာရပ်များကိုလည်းတားဆီးပိတ်ပင်ခံရမှုမရှိဘဲလေ့လာနိုင်ခွင့်ရှိသည်။

၆။ အရေးကြီးဆုံးအချက်မှာစာကြည့်တိုက်မှူးများ၏အခန်းကဏ္ဍဖြစ်သည်။ မှီငြမ်းစားပွဲ (Reference Desk) ရှိစာကြည့်တိုက်မှူးများ၏ တာဝန်မှာကျောင်းသားများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးရေး ပင်ဖြစ်သည်။ ၎င်းတို့သည်ကျောင်းသားများအပြင်၊ ပြင်ပမှလာရောက်လေ့လာသူမည်သူမဆိုကိုလိုအပ်သည့်စာအုပ်စာတမ်းများကိုအကူအညီတောင်းခံလာပါကရှာဖွေပေးခြင်း၊ ဘာသာရပ်အလိုက် မည်သည့်စာအုပ် စင်တွင်ရှိသည်ကိုညွှန် ပြပေးခြင်း၊စာကြည့်တိုက်တွင်းရှိဝင်ရောက်သူများ၏လိုအပ်ချက်ကိုဖြည့်ဆည်းပေးရမည့်တာဝန်ကိုယူ ထားသူများဖြစ်သည်။ ကိုယ်အမူအရာနှုတ်အမူအရာချိုသာပြီးအလွန်ဖေါ်ရွေသူများဖြစ်သည်။ပြုံးပြုံး၊ ပြုံးပြုံး နှင့်ကျောင်းသားများလိုအပ်ချက်များကိုအားတက် သ ရောကွန်ပြူတာမှနေ၍ရှာဖွေပေးခြင်း၊ သွားရမည့်နေရာကိုလမ်းညွှန်ပေးခြင်းတို့ကိုစိတ်ပါလက်ပါ လုပ်ပေးကြသည်။

၇။ စာကြည့်တိုက်များတွင်စာအုပ်စာတမ်းများငှားရမ်းခြင်း၊ ပြန်လည်လက်ခံယူခြင်းတို့ကိုပြုလုပ်သော စားပွဲ ကို Circulationdeskဟုခေါ်သည်။ ကျောင်းသား၊အရပ်သားများကိုစာအုပ်စာတမ်းများရှာဖွေ ပေးသောစာကြည့်တိုက်မှူးများထိုင်နေသောစားပွဲကို Reference Desk ဟုခေါ်သည်။ စာကြည့်တိုက်တိုင်းတွင်လူအများသုံးရန်ခွင့်ပြုထားသောကွန်ပြူတာအခန်းများရှိသဖြင့်ကျောင်းသားများသာမဟုတ်အရပ်သားများပါကျောင်းသားမဟုတ်သော်လည်းကိုယ်စိတ်ဝင်းစားရာကိုလေ့လာနိုင်ခွင့်ရှိသည်။

၈။ အမေရိကန်နိုင်ငံတွင်နိုင်ငံတော်ပိုင်စာကြည့်တိုက်များ၊ တက္ကသိုလ် စာကြည့်တိုက်များ နှင့်အသင်း အဖွဲ့များမှဖွင့်လှစ်ထားသောစာကြည့်တိုက်များလည်းအများအပြားရှိသည်။ နိုင်ငံတော်ပိုင်စာကြည့် တိုက်များတွင်လည်းအသင်းဝင်ပြီးပါကစာကြည့်တိုက်တွင်းရှိ စာအုပ်စာတမ်းများကိုငှားယူနိုင် ခွင့်ရှိ သည်။ အသင်းဝင်ကြေးပေးစရာမလိုဘဲမှတ်ပုံတင်ပြပြီးအသင်းဝင်နိုင်သည်။ စာအုပ်စာတမ်းများအပြင် ဗီဒီယိုခွေများ၊ အသံသွင်း တိတ် ခွေများ လည်းငှားသည်။ စာကြည့်တိုက်တိုင်းတွင်တူညီသည့် အချက် တခုမှာစာကြည့်တိုက်တွင်းရှိမည် သည့်စာအုပ်စင်သို့မဆိုကိုယ်တိုင်သွားရောက် မွှေနှောက်ရှာဖွေခွင့် ရှိခြင်းပင်ဖြစ်သည်။ လေ့လာသူကိုယ်တိုင်စာကြည့်တိုက်တွင်းရှိစာအုပ်စာတမ်းများကိုကြည့်ရှုခွင့်ရှိသဖြင့်မူလကိုယ်ရှာဖွေလိုသောစာအုပ်အပြင်မိမိလေ့လာလိုသောဘာသာရပ်မှမိမိနှင့်သက်ဆိုင်သောအလားတူစာအုပ်စာ တမ်းများကိုတပြုံတခေါင်းကြီးတွေ့နိုင်ပြီးပိုမိုလေ့လာဖတ်ရှူခွင့်ရရှိသွားခြင်းဖြစ်သည်။ ထိုအခါမိမိလေ့လာလိုသောဘာသာရပ်ကိုကျယ်ကျယ်ပြန့်ပြန့်ဖတ်ရှုလေ့လာနိုင်သဖြင့်ဗဟုသုတကြွယ်ဝသူအဆင့်မြင့်ပညာရှင်များဖြစ်လာကြသည်မှာပွင့်လင်းကောင်းမွန်သောစာကြည့်တိုက်စံနစ်ကြောင့် ဖြစ်သည်။

တိုင်းပြည်တခုတွင်ပွင့်လင်းကောင်းမွန်သောစာကြည့်တိုက်အများအပြားရှိခြင်းသည်ပညာရေးတိုးတက်မှု၏အဓိကလိုအပ်ချက်ကြီးပင်ဖြစ်သည်။

ကျွနုပ်၏အတွေ့အကြုံ

၁၉၆၉-၁၉၇၃ တက္ကသိုလ်ကျောင်းသားဘဝကတနေ့တွင်ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်စာကြည့်တိုက် ကြီးသို့သွား ရောက်ပြီးစာကြည့်တိုက်မှူးထံတွင် ၁၉၆၂ ခုနှစ်သတင်းစာများကိုဖတ် ချင်သည့် ကြောင်း တောင်းသည့် အခါစာကြည့်တိုက်ဝန်းထမ်းကအမည်နှင့်ကျောင်းသားကဒ်ကိုတောင်း သည်၊ ထိုနောက်ဘာကြောင့် ကြည့်ချင်သည်ကိုစာရွက်တွင်ရေးခိုင်းသည်။ နောက်အကြောင်းကြားမည်ဟု ပြောလွှတ်လိုက်သည်၊ ကျောင်းပြီးသည့်အထိဘာအကြောင်းကြားစာမှရောက်မလာသလိုစာကြည့်တိုက်ဝန်ထမ်း၏တင်းမာသောမျက်နှာထားကြောင့်စာကြည့်တိုက်သို့ထပ်မရောက်တော့ချေ။ မြန်မာပြည်တွင်ကျောင်းသားများစာကြည့်တိုက်တွင်းရှိစာအုပ်စာတမ်းများကိုဝင်ရောက်ကြည့်ရှုခွင့်လုံးဝမရှိချေ၊ ထိုအကြောင်းအချက်ကလည်းလူနေမှုအဆင့်အတန်းနှင့်ဆိုင်နေမည်လားဟုတွေး စရာရှိ သည်။စာကြည့်တိုက်တွင်းသို့ဝင်ရောက်ပြီးမိမိလိုအပ်သောစာအုပ်စာတမ်းများကိုအနောက်နိုင်ငံများကဲ့သို့ကြည့်ခွင့်ပေးမည်ဆိုလျှင်စာအုပ်ခိုးယူခြင်း၊စာရွက်များဖြဲယူခြင်းများကိုဘယ်လိုပုံစံနှင့်တားဆီးကြမလဲ။ ပေးအပ်ထားသောအခွင့်အရေးကောင်းကိုအလွဲသုံးစားမပြုရန်ဘယ်လိုဥပဒေနည်းဥပဒေတွေနဲ့ ကာကွယ်မလဲဆိုသည်ကိုစဉ်းစာကြရမည်။ အဘယ့်ကြောင့်ဆိုသော်မဆလခေတ်အဆက်ဆက်၊ နဝတ/နအဖခေတ်အဆက်ဆက်စာရိတ္တမဏ္ဍိုင်ကျိုးပေါက်ပျက်စီးနေခဲ့သည့်မြန်မာ့လူမှုရေးအဆောက် အအုံကြီးကိုပြန်လည်တည့်မတ်ရန်မှာလွန်စွာမှပင်ခက်ခဲမည်ဟုယုံကြည်မိပါသည်။ သို့ရာတွင်မမှိတ်မသုံကြိုးစားပါကတနေ့တွင်ကမ္ဘာကလေးစားရသောအကျင့်သိက္ခာနှင့်ပြည့်စုံသော ပညာတတ်လူငယ်များပေါ်ထွန်းလာနိုင်မည်ဖြစ်ပါသည်။

ထွန်းအောင်ကျော်

ဂျူလိုင် ၁၉ ရက် ၊၂၀၁၂ ခုနှစ်


ရိက္ခာ သိက္ခာ လိပ်ပြာ

Posted: 21 Jul 2012 08:36 AM PDT

ရိက္ခာ

လူ့ဘဝမှာ လူသားတစ်ဦးအဖြစ် မွေးဖွား လာခဲ့ရင် စား၊ဝတ်၊နေရေးဟာ အရေးအကြီး ဆုံးမရှိမဖြစ် လိုအပ်တဲ့ အရာတွေပါ။ တစ်နည်း ပြောရရင်လူသားတစ်ဦး အတွက် စား၊ဝတ်၊ နေရေးကို ဖန်တီးပေးနိုင်တဲ့၊ ဖြေရှင်းပေးနိုင် တဲ့ ငွေကြေးဟာ လူ့ဘဝမှာ မရှိမဖြစ်အရေး အကြီးဆုံးအရာဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါ ဘူး။ဒီငွေကြေးကို ရိက္ခာလို့တင်စားပြောချင် ပါတယ်။ ဒါပေမဲ့ လူသားတစ်ဦးရဲ့ ဘဝတစ် ခုကို သူ့ရဲ့ စား၊ ဝတ်၊ နေရေးအတွက်ငွေ ကြေးရိက္ခာကို ရှာဖွေစုဆောင်းရင်းနဲ့ပဲ ဘဝတစ်ခုကို သက်သက်ကုန်ဆုံးသွားစေ ခဲ့မယ်ဆိုရင်တော့ သူဟာ လူဖြစ်ကျိုးမနပ်သေး ပါဘူး။ဒီထက်ပိုဆိုးတာက ဒီရိက္ခာငွေကြေးရဖို့ အရေး

(၁)အရှက်အကြောက် ကင်းမဲ့သဖြင့်လည်းကောင်း

(၂)သူတစ်ပါးထံမှ ကျီးကန်းကဲ့သို့ လုယူရဲသဖြင့် လည်းကောင်း

(၃)သူတစ်ပါး ပျက်စီးအောင် ချောက်တွန်းသဖြင့်လည်းကောင်း

(၄)အခွင့်အလမ်း သာရာသို့ ပြေးဝင်သဖြင့် လည်းကောင်း

(၅)ဘယ်သူသေသေ ငတေမာရင် ပြီးရောဟု ရက်စက်သဖြင့် လည်းကောင်း

(၆)အကုသိုလ်နည်းလမ်းဖြင့်လည်းကောင်း

(ဓမ္မပဒ၁၈၊၆၊၂၄၄)

ငွေကြေးရရင်ပြီးရောဆိုပြီး ဒီနည်းလမ်း တွေနဲ့ရှာဖွေကြမယ် ဆိုရင်တော့ လူဖြစ်ကျိုး မနပ်ရုံမက လူဖြစ်ရှုံးကိုရှုံးပါတယ်။ လူရယ် လို့ ဖြစ်လာတဲ့ ဘဝတစ်ခုကို ငွေရရင်ပြီးရော ဆိုပြီး အရှုံးခံရင်း လူ့ဘဝတစ်ခုကို အရှုံးနဲ့ဖြုန်းတီးပစ် လိုက်တဲ့လူတွေ လူ့ဘဝမှာ အများကြီး ရှိခဲ့ပါတယ်။ ရှိနေပါတယ်၊ ရှိနေဦးမှာပါ။ဒါဟာ ရိက္ခာငွေကြေးကို အလွန်အမင်းဦးစားပေး ကြလို့ လူဖြစ်ကျိုးမနပ်တဲ့ဘဝတွေ၊လူဖြစ် ရှုံးကြရတဲ့ဘဝတွေရဲ့ အကြောင်းတရားတွေပါ။

သိက္ခာ


တချို့တချို့သော လူတွေကတော့ သိက္ခာ ကိုဦးစားပေး အရေးထားတတ်ကြပါတယ်။ သိက္ခာရှိဖို့၊ သိက္ခာတက်ဖို့၊ သိက္ခာမကျ ဖို့ကို အမြဲကြိုးစားလေ့ ရှိကြပါတယ်။လူ့ဘဝရဲ့ အရေးအကြီးဆုံး မရှိမဖြစ် လိုအပ်နေတဲ့ စား၊ ဝတ်၊နေရေး အတွက် ငွေကြေး ရိက္ခာကို ရှာဖွေ ရာမှာလည်း သိက္ခာကျစေမယ့် ရှာဖွေနည်းတွေ ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့ ကြိုးစားဖြစ် ကြပါတယ်။ သိက္ခာရှိမယ်၊ သိက္ခာ တက်မယ် လို့ ယူဆရတဲ့အလုပ်တွေကို မိမိသိက္ခာရှိဖို့၊ သိက္ခာတက်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ကိုင် ဖြစ်လာအောင် ကြိုးစားလေ့ ရှိကြပါတယ်။ ဒါပေမဲ့ လိုတာထက်ပိုပြီး သိက္ခာကို အလွန်အမင်း ဦးစားပေးအလေးထားလွန်းလာတဲ့ သူဟာ သူသိက္ခာတက်ဖို့အရေး သူ့မှာမရှိတဲ့ ဂုဏ်တွေကို ရှိချင်ဟန်ဆောင်တဲ့ သာဌေတွေကို ကျင့်သုံးလာ တတ်ပါတယ်။သူသိက္ခာမကျဖို့အရေး သူ့မှာ ရှိတဲ့ အပြစ်တွေကို ဖုံးကွယ်တဲ့ မာယာတွေကို ကျင့် သုံးလာတတ်ပါတယ်။ တကယ်တော့ သိက္ခာ ဆိုတာ ကိုယ့်ကိုချစ်ခင် လိုလားတဲ့သူတွေက ကိုယ့်ကို သိက္ခာတင်ပေး နိုင်သလို၊ကိုယ့်ကိုမလို မုန်းထားတဲ့သူတွေကလည်း ကိုယ့်ကိုသိက္ခာချ နိုင်တဲ့အရာမို့ လူ့ဘဝမှာ အားမကိုး လောက် တဲ့၊ မခိုင်မြဲတဲ့ အရာတစ်ခုပါ။ သူတစ်ပါးက ကိုယ့်ကိုတင်လို့၊ချလို့ရတဲ့သိက္ခာကို အလေး ဂရုထား လွန်းပြီး နေထိုင်နေမိတဲ့ လူတစ် ယောက်ရဲ့ ဘဝဟာလည်း လူဖြစ်ကျိုး မနပ် သေးပါဘူး။ သူတစ်ပါးရဲ့ အမြင်ပေါ်မှာ မှီခို နေရတဲ့ဘဝဟာ ခိုင်မာမှုမရှိ၊ လုံခြုံမှုမရှိ၊ လွတ်လပ်မှုမရှိတဲ့ဘဝပါ။ ဒါကြောင့် တစ်နည်း လူဖြစ်ရှုံးနေပါသေးတယ်။ ဒါဟာ သိက္ခာကို အလွန်အမင်း ဦးစားပေးကြလို့ လူဖြစ်ကျိုး မနပ်တဲ့၊ လူဖြစ်ရှုံးကြရတဲ့ ဘဝတွေရဲ့ အကြောင်းတရားပါ။

လိပ်ပြာ

တကယ်တော့လူ့ဘဝမှာ တကယ်အနှစ် ရှိတဲ့ အရေးအကြီးဆုံးအရာဟာ ကိုယ့်ရဲ့ စိတ်လိပ်ပြာသန့်စင်နေဖို့ပါပဲ။ မြတ်စွာဘုရား က မေတ္တသုတ်ထဲမှာဖြောင့်မတ်မှန်ကန်ဖို့၊ မိမိ ကိုယ်မိမိ မလိမ်မညာဘဲ ဖြောင့်မတ်မှန်ကန် နေဖို့ သုဇူစ၊ သုဟုဇူစဆိုပြီး နှစ်ထပ်နှစ်ခါ မှာကြား လမ်းညွှန်ခဲ့ပါတယ်။ ဟုတ်ပါတယ်။ သူ တစ်ပါးရဲ့ ပြစ်တင်ကဲ့ရဲ့မှုကိုကြောက်ရွံ့လို့၊ သူတစ်ပါးရဲ့ ချီးမွမ်းမြှောက်စားမှုကို လိုလား လို့ ဟန်ဆောင် သိက္ခာရှိဖို့ ကြိုးစားနေခြင်း ထက်၊ မိမိလုပ်ကိုင်ပြုမူ ပြောဆိုသမျှ အားလုံး ဟာ ဖြူစင်မြင့်မြတ်တဲ့ စိတ်အရင်းခံနဲ့ လုပ် ကိုင်ပြုမူပြောဆိုနေဖြစ်ဖို့က အရေးအကြီးဆုံး ပါ။

မိမိရရှိထားတဲ့ လူ့ဘဝတစ်ခုကို နေထိုင် ဖြတ်သန်းနေစဉ်တစ်လျှောက်မိမိပြုလုပ်သမျှ အလုပ်အားလုံးကို မြတ်စွာဘုရားရဲ့ အဆုံး အမ၊ တရားတော်တွေ အတိုင်း လိုက်နာလုပ်ကိုင် ဖြစ်နေကြစေဖို့ မကောင်းမှု အကုသိုလ် ဒု စရိုက်တွေကို ရှောင်ကြဉ်ရာမှာလည်း ကိုယ့် သိက္ခာ မကျရုံလေး ဟန်ဆောင်ပန်ဆောင် သာဌေလေး နဲ့ မရှောင်ကြဉ်ဘဲ စိတ်လိပ်ပြာ ထဲကကိုမနှစ်မြို့စက်ဆုပ်ရွံရှာလို့ လုံးဝမလုပ် အပ်တဲ့၊ရှောင်ကြဉ်အပ်တဲ့အရာတွေအဖြစ် နက်နက်ရှိုင်းရှိုင်း နားလည်လက်ခံပြီး ရှောင် ကြဉ်တာမျိုး ဖြစ်နေရမှာပါ။ကောင်းမှုကုသိုလ် သုစရိုက်များကို လုပ်ဆောင်ရာမှာလည်း ကိုယ့်သိက္ခာရှိရုံလေး၊ ကိုယ့်သိက္ခာတက် ရုံလေး ဟန်ဆောင်ပန်ဆောင် မာယာလေးနဲ့ မလုပ်ဆောင်ဘဲ၊ စိတ်လိပ်ပြာထဲကကို နှစ် သက်မြတ်နိုးလို့ လုပ်ကိုလုပ်ရမယ့်အရာတွေ အဖြစ် နက်နက်ရှိုင်းရှိုင်း နားလည် လက်ခံပြီး လုပ်ဆောင်တာမျိုးဖြစ်နေရမှာပါ။လူဆိုတာ သူတစ်ပါးကိုညာလို့ရပေမယ့်ကိုယ့်ကိုယ်ကိုယ် တော့လုံးဝ လိမ်ညာလို့မရပါဘူး။ လူ့လောက ကြီးမှာ ကိုယ်လုပ်သမျှ ကုသိုလ်အားလုံး၊ ကိုယ်ရှောင်ကြဉ်သမျှ အကုသိုလ်အားလုံး အတွက် ကိုယ့်ရဲ့စိတ်လိပ်ပြာ လုံခြုံကျေနပ် အားရပြီး နေရတဲ့ဘဝကသာ လူဖြစ်ကျိုးအနပ် ဆုံးဘဝပါ။

ရွှေဇီးကွက်


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment