ကမ္ဘာလောကကြီးရေ
ကျွန်မသား စကော့ နေသည့်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အရေးကြီးသော ကိစ္စတစ်ခုပြောလို၍ အိမ်သို့ လာရောက်လိုကြောင်းနှင့်၊ တွေ့ ဆုံနိုင်မည့်အချိန်ကို ပြန်ကြားပေးပါရန် ဖုန်းဆက်ပြောဆိုသည်။
စကော့၏ ကျောင်းဆင်းပွဲကလည်း ရက်သတ္တပတ်အနည်းငယ်သာ လိုတော့သည်ဖြစ်ရာ ကျောင်းအုပ်ကြီးဆက်သွယ်ခြင်းမှာ ယင်းကိစ္စနှင့် ဆက်စပ်ပတ်သက်လိမ့်မည်ဟု ကျွန်မယူဆ မိလေသည်။ သို့သော် စကော့တစ်ယောက် ကျောင်းမှာ မဟုတ်သရုတ် တစ်ခုခုများလုပ်ခဲ့လေသလား ဟူ၍လည်း စိတ်ထဲတွေးပူမိသေး၏။ သို့ နှင့် သတင်းကောင်းပဲ ကြားပါရစေဟု ကျိတ် ဆုတောင်းကာ ဆရာကြီးအလာကို စောင့်မျှော်နေခဲ့သည်။
သတင်းကသတင်းကောင်းအစစ်ဖြစ်သည်။ ကျောင်းဆင်းပွဲတွင် ကျောင်းသားများကိုယ်စား နှုတ်ဆက်စကားပြောကြားရန်အတွက် စကော့အား ရွေးချယ်အပ်နှင်းကြောင်းကြားသိရသည်။ ထို့နောက် ဆရာကြီးက သား၏အောင်မြင်မှုကို ဂုဏ်ပြုသောအားဖြင့် ကျောင်းဆင်းပွဲနှင့် စပ်လျဉ်းသည့် အမှတ်တရ စာတစ်ပုဒ်ရေးသားပေးပါရန် ကျွန်မအား မေတ္တာရပ်ခံသည်။ ကျွန်မကလည်း ၀မ်းမြောက်ဝမ်းသာ ဆောင်ရွက်ပေးနိုင်ပါကြောင်း ပြန်၍ ပြောလိုက်သည်။ သားအတွက် ကျွန်မ တကယ်ပင် ၀မ်းမြောက်ဂုဏ်ယူခဲ့ခြင်းဖြစ်သည်။
` လက်နှိပ်စက်ရှေ့မှာထိုင်ကာ စကော့ဖြတ်သန်းခဲ့ရသည့် ဘ၀ခရီးလမ်းအကြောင်းပြန်ပြောင်းတွေးတောရင်း သူ့ဘ၀အတွက် သည်ကျောင်းဆင်းပွဲ၏ ထူးခြားအရေးပါလှပုံကို ကျွန်မ ထင်လင်းစွာ မြင်လာသည်။ စကော့နှင့် သူ၏အတန်းဖော်သူငယ်ချင်းများသည် သူတို့အတွက် လုံးဝစိမ်းနေသေးသည့် လက်တွေ့လူ့ လောကကြီးအတွင်းသို့  ၀င်ရောက်ကြရတော့မည်ဖြစ်သည်။ သူတို့ကို ကျွန်မတို့ နေစဉ်ပုံမှန် လိုက်လံထိန်းကျောင်းပေးနေနိုင်မည် မဟုတ်တော့၊ အကြံပေးခြင်း၊ ဖေးမကူညီခြင်းများလည်း မပြတ်လုပ်နေနိုင်မည် မဟုတ်တော့။
သို့ နှင့် သူတို့ နဖူးတွေ့  ဒူးတွေ့  တွေ့ ကြရတော့မည့် ကမ္ဘာလောကကြီးထံ ကျွန်မ စာတစ်စောင် ယခုလို ရေးဖြစ်ခဲ့သည်။
@ @ @ @ @ @
ကမ္ဘာလောကကြီးရေ…
` တို့ ကလေးတွေ ဒီနေ့ကျောင်းဆင်းကြတော့မယ်။ ကာလအတန်ကြာတဲ့အထိ မင်းကို သူတို့ နားလည်နိုင်ဦးမှာ မဟုတ်ဘူး။ မင်း သူတို့ ကို ကြင်ကြင်နာနာ ဆက်ဆံပေးပါ လို့ ငါ မေတ္တာရပ်ခံချင်တယ်။
မင်းသိတဲ့အတိုင်း သူတို့က လောလောဆယ်အချိန်ထိ ကိုယ့်အိမ်မှာကိုယ် ဗိုလ်လုပ်နေခဲ့ကြတာ။ သူတို့ခံစားချက်တွေ၊ ဝေဒနာတွေမှန်သမျှ မိဘက မပြတ်အကဲခတ်ပြီး ဖြေဖျောက်ပေး ကုစားပေးနေခဲ့တာ။ နက်ဖန်သဘက်ခါက စပြီး အခြေအနေတွေက လုံးဝခြားနားသွားတော့မှာ။ အရင် တစ်ခါမှ မကြုံဖူးတဲ့ စွန့်စားခန်းအသစ်တွေ၊ ၀မ်းနည်းကြေကွဲစရာတွေလည်း ကြုံရလိမ့်မယ်။ သူနိုင်ငါနိုင် ယှဉ်ပြိုင်ရတဲ့ တိုက်ပွဲတွေလည်း ဆင်နွှင်ရလိမ့်မယ်။ ဒီခရီးလမ်းကို လျှောက်လှမ်းနိုင်ဖို့အတွက် သူတို့မှာ ယုံကြည်မှုတွေ၊ မေတ္တာတရားတွေ၊ ခံနိုင်ရည်တွေ၊ သိနားလည်မှုတွေ အများကြီးလိုအပ်ပါလိမ့်မယ်။
ဒါကြောင့်မို့  သူတို့ လေးတွေကို ကြည့်ရှု့ စောင့်ရှောက်ပေးဖို့  မေတ္တာရပ်ခံနေရတာပဲ ကမ္ဘာလောကကြီးရေ…
သူတို့ သိသင့်သိထိုက်တဲ့ အရာတွေ သိအောင်တတ်အောင် သင်ပြပေးစမ်းပါ။ ဒါပေမယ့် ကျေးဇူးပြုပြီး တတ်နိုင်သမျှ ညှာညှာတာတာတော့ ကိုင်တွယ်ပါနော်။
လောကကြီးမှာ လူတိုင်း သမာသမတ်ရှိတာမဟုတ်ဘူးး။ တရားသဖြင့် လုပ်နေတာမဟုတ်ဘူး။ မမှန်မကန်တဲ့ လူတွေလည်းရှိတယ်ဆိုတာ သူတို့သိဖို့ လိုသေးတယ်။ ဒါပေမယ့် လူဆိုးတစ်ယောက်ရှိတိုင်း ဇာတ်လိုက် လူစွမ်းကောင်းတစ်ယောက်တော့ ရှိတယ်။ လိမ်ညာကောက်ကျစ်တဲ့ နိုင်ငံရေးသမားတစ်ယောက်ရှိတိုင်း လေးစားကြည်ညိုစရာကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်ကောင်းတစ်ယောက်ရှိတယ်။ ကိုယ့်ကို ဒုက္ခပေးမယ့် ရန်သူတစ်ယောက်ရှိတိုင်း ကိုယ့်ကို ကူညီရိုင်းပင်းမယ့် မိတ်ဆွေတစ်ယောက်တော့ရှိတယ် ဆိုတာလည်း သင်ကြားပေးစေချင်တယ်။
အချိန်တော့ပေးရမှာပေါ့ လောကကြီးရယ်။ ဒါပေမယ့် ကိုယ်တိုင်ရှာ ငွေတစ်ကျပ်ဟာ အလကားရတဲ့ ငွေတစ်ရာထက် တန်ဖိုးရှိတယ်ဆိုတဲ့အကြောင်း၊ အရှုံးကို အပြုံးမပျက်ခံယူတတ်မှ အောင်နိုင်ချိန်မှာ ပြည့်ပြည့်၀၀ ပျော်ရွှင်နိုင်မယ် ဆိုတဲ့ အကြာင်းတွေလည်း သူတို့ သိနားလည်အောင် ဆောင်ရွတ်ပေးစေချင်တယ်။
ဖြစ်နိုင်ရင် သူတို့မှာ ၀န်တိုမစ္ဆေရစိတ်တွေ ကင်းစင်အောင်၊ သူတစ်ပါးရဲ့အဆင်ပြေမှု၊ အောင်မြင်မှုအတွက်လည်း မုဒိတာပွားတတ်အောင် သင်ကြားပေးစေချင်တယ်။ မအောင်မြင်မှု နဲ့ ကြုံရတဲ့အခါမျိုးမှာ အရှူံးဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ ဇွဲသတ္တိရှိဖို့နဲ့ အောင်မြင်တဲ့အထိဆက်ကြိုးစားမယ်ဆိုတဲ့ စိတ်ဆန္ဒ ဆက်လက်ပြင်းပြနေတတ်ဖို့လည်း သင်ကြားပေးပါ။ သိမ်မွေ့ သူကို သိမ်မွေ့ စွာ ဆက်ဆံတတ်ဖို့၊ မာကျောသူနဲ့ တွေ့ တဲ့အခါ ကိုယ်လည်းမာကျောနိုင်ဖို့  လမ်းညွှန်ပေးပါ။
အများနောက် ရောယောင်မလိုက်ဘဲ ကိုယ့် အသိဥာဏ်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ အလုပ်လုပ်တတ်ဖို့ ၊ ဘယ်သူ့ စကားကိုမှ နားပိတ်မထားသော်လည်း ကြားသမျှကိုတော့ အမှန်တရားဆိုတဲ့ ဆန်ခါ နဲ့ စစ်ပြီးမှ လက်ခံမှတ်သားတတ်ဖို့၊ ၀မ်းနည်းကြေကွဲချိန်မှာလည်း အပြုံးမပျက်နေတတ်ဖို့  ၊ သို့သော် မျက်ရည်ကျခြင်းကိုလည်း ရှက်စရာလို့ မယူဆဖို့ ၊ ပြီး တစ်ခါတစ်ရံ ရှုံးနိမ့်ခြင်းမှာလည်း ဂုဏ်ကျက်သရေရှိနေတတ်ပြီး အောင်မြင်လျက် စိတ်ပျက်ရခြင်းဆိုတာမျိုးလည်းရှိကြောင်း သိရှိဖို့ ကိုပါ သင်ကြားပေးစေချင်ပါတယ်။
ကိုယ့်ရဲ့ ဦးနှောက်နဲ့ ကြွက်သားကို ကြေးအမြင့်ဆုံးပေးသူထံ ရောင်းချတတ်ဖို့၊ ဒါပေမယ့် နှလုံးသားနဲ့ ၀ိညာဉ်ကိုတော့ ဘယ်တော့မှ ဈေးနှုန်းမသတ်မှတ်ဖို့တွေလည်း သင်ဖို့ လိုလိမ့်မယ်။
အကယ် ၍ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်နဲ့ သူတစ်ပါး နှိုင်းယှဉ်တာမျိုး မလုပ်ဖို့လည်း သင်ပြပေးစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ လောကကြီးမှာ ကိုယ့်ထက် ကြီးကျယ်တဲ့လူ၊ ကိုယ့်ထက် နိမ့်ပါးတဲ့လူတွေဆိုတာ အမြဲရှိနေမှာ မဟုတ်လား။ ကိုယ့်စံချိန် ကိုယ်ချိုးနိုင်အောင်၊ ကိုယ့် ယခင်ဆောင်ရွက်ချက်တွေထက် ထူးခြားသာလွန်အောင် ပြိုင်ဆိုင်ကြိုးစားဖို့သာ သူတို့ကို သင်ကြာူစေချင်တယ်။
ပြီးတော့ လောကကြီးမှာ တစ်ခါတစ်ရံ အလောင်းအစားလုပ်ရတဲ့ အခါမျိုးရှိသလို အံစာတုံးကို လက်လွှဲပေးလိုက်ရတဲ့အခါမျိုးလည်း ရှိတယ်ဆိုတာ သူတို့ သိဖို့ လိုလိမ့်မယ်။
လောကကြီးရေ… သူတို့ကို ကြင်ကြင်နာနာ ဆက်ဆံပါကွာ။ ဒါပေမယ့် အလိုတော့မလိုက်နဲ့၊ သိပ်လည်း မျက်နှာသာမပေးနဲ့၊ ဘာကြောင့်လဲဆိုတော့ မီးဒဏ်ကို နာနာခံပြီးမှ အသားကောင်းတဲ့ သံမဏိ ဖြစ်မှာကိုး။ ဒီအတွက် သူတို့မှာ မိမိကိုယ်ကို ယုံကြည်တဲ့စိတ်ထက်သန်ပြင်းပြစွာရှိဖို့ မွေးမြူလေ့ကျင့်ပေးပါ။ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ရှိမှ လူသားတစ်ရပ်လုံးအပေါ် ယုံကြည်တဲ့စိတ် သူတို့မှာ ကိန်းအောင်းလာလိမ့်မယ်။
မှာလိုက်တာတွေက သိပ်များနေပြီလားပဲ လောကကြီးရေ။ ဒါပေမယ့် မင်းတတ်နိုင်သမျှတော့ လုပ်ပေးနော်။ သူတို့ က နုနယ်သေးတဲ့ လူငယ်လေးတွေ…၊ ငါတို့ ရဲ့ ကလေးတွေပါ။
ဖေမြင့်
(မူရင်း- Avril Johannes ၏ Dear World)
No comments:
Post a Comment