Friday, 10 August 2012






 လွတ်တော်ပွဲဦးထွက်မှာ လူမျိုးရေး ထောက်ဂျောက်ကို ရှောင်ကွင်းနေရတဲ့ ဒေါ်စု




ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အလ်ဒီ)ပါတီက အပျက်အသက် အနိုင်ရလိုက်တာဟာ ကြံ့ဖွံ့ပါတီကို တုန်လှုပ်သွားစေခဲ့တယ်။ ကြားဖြတ်ရွေးကောက်ပွဲဟာ တချိန်က ပြည်သူတွေရဲ့ တခဲနက်အားပေးထောက်ခံမှုကို ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အရှိုင်အဝါကို စမ်းသပ်လိုက်တဲ့ ပွဲလည်းဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ ကျော် စစ်အစိုးရက ကြိုးပမ်းစည်းရုံးခဲ့တာတောင် လက်တစ်ဆုတ်စာ လူတစ်စုလောက်ကသာ ကြံ့ဖွံ့အမာခံတွေဖြစ်လာပြီး ပြည်သူလူထုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အားကိုးနေဆဲဖြစ်တယ်ဆိုတာ ထင်းထင်းကြီးပေါ်ထွက်လာပါတယ်။ တဆက်တည်းမှာဘဲ ဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကိုလည်း အန်အလ်ဒီပါတီက သိမ်းကျုံးယူသွားနိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။ လွတ်တော်ထဲမှာ စစ်တပ်က ၂၅% ပါတဲ့ကိစ္စကို အတိုက်အခံတွေဘက်က အာရုဏ်စိုက်နေတဲ့အချိန်မှာ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ နေရာဖယ်ပေးရတော့မယ့် ကြံ့ဖွံ့ပါတီခေါင်းဆောင်တွေကလည်း အကြံကြီးထုတ်နေခဲ့ပါတယ်။ တစ်ခုခုလုပ်ကြလိမ့်မယ်ဆိုတာကိုလည်း အတိုက်အခံတွေက ထွက်ထားကြပါတယ်။

ဒီပဲယင်းကလို ဒေါ်စုကို ဘယ်အချိန် ချောင်းရိုက်မလဲဆိုတာ စိုးရိမ်တသသဖြစ်နေကြရတယ်။ ဒါပေမယ့် ပြောင်းလဲမှုကို တစိုက်မှတ်မှတ်လုပ်နေတဲ့အစိုးရအဖြစ် နာမည်ကောင်းရလာတော့ စစ်ဝတ်နဲ့နေတုန်းကလို တဇောက်ကန်းတော့ လုပ်လို့ မရပြန်တော့ဘူး။ ပရိယာရ်များတဲ့ မြန်မာ့ တပ်ထွက် ခေါင်းဆောင်တွေကတော့ လွယ်လွယ်နဲ့ အလျှော့ပေးမှာမဟုတ်ပါဘူး။ လွတ်တော်အဝင်မှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အန်အလ်ဒီပါတီအမတ်တွေကို ရခိုင်-ရိုဟင်ဂျာလူမျိုးရေး ပြနာနဲ့ ကြိုဆိုလိုက်တာဟာ လူကို မသတ်ဘဲ နိုင်ငံရေးကို သတ်ဖို့အတွက် ကြံစည်နေကြတယ်ဆိုတာ ထင်ပေါ်နေပါတယ်။

ဒေါ်စုဟာ နိုင်ငံခြားသား ခရစ်ယာန်ဘာသာဝင်တစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့တာက ဒေါ်စုရဲ့နိုင်ငံရေးလောကအတွက် ထိခိုက်မှုမရှိခဲ့ပေမယ့် တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို ထောက်ခံလိုက်ရင်တော့ ၂၀၁၅ ရွေးကောက်ပွဲကို ထိခိုက်စေတဲ့ အထိဖြစ်နိုင်ပါတယ်။ ဒါပေမယ့်ငြိမ်းချမ်းရေးနိုဘလ်ဆုရှင်တစ်ယောက်နေနဲ့ လွတ်တော်ထဲရောက်နေတာတောင်မှ ကမ္ဘာပေါ်မှာ အဖိနှိပ်ခံရဆုံး လူမျိုးဖြစ်တဲ့ ရိုဟင်ဂျာလူမျိုးတွေအပေါ် ဖိနှိပ်မှုတွေ ပြုလုပ်နေတာကို မပြောလို့လည်းမဖြစ်။

သာမာန် ပြည်သူတွေက ဗုဒ္ဓဘာသာနဲ့ မွတ်စလင်၊ ရခိုင်နဲ့ဘန်ဂါလီ၊ တိုင်းရင်းသားနဲ့နိုင်ငံခြားသား အကြားဖြစ်နေတဲ့ ပြနာလို့ နားလည်းထားကြတယ်။ အစိုးရရဲ့လှည့်ကွက်အကြားမှာ သတင်းမှားတွေကြားပြီး ရိုဟင်ဂျာကို ဘန်ဂါလီလို့ထင်တဲ့သူတွေ၊ အစိုး၇က နိုင်ငံသားအသိအမှတ်မပြုတာကို နိုင်ငံခြားသားလို့ စွပ်ဆွဲသူတွေ၊ လူမျိုးမတူ-ဘာသာမတူတဲ့ ရိုဟင်ဂျာတွေကို နေရင်းထိုင်ရင်းမုန်းတီးနေကြသူတွေ အများအပြားရှိသလို ပြနာကို ကျိုးကြောင်းမဆင်ချင်ဘဲ မိမိနဲ့လူမျိုးချင်း ဘာသာချင်းတူသူတွေဘက်က မျက်စိပိတ်ထောက်ခံကြသူတွေလည်း မြန်မာနိုင်ငံတဝှမ်းပြည့်နက်နေပါတယ်။

တစ်ဖက်မှာလည်း အာဏာရှင်စနစ်လက်အောက်မှ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံလူ့အခွင့်အရေးတွေချိုးဖောက်ခံကြရတဲ့အပြင် ရိုဟင်ဂျာလူမျိုးတွေဟာ မြန်မာနိုင်ငံမှာ မွေး မြန်မာနိုင်ငံမှာကြီးပြင်းကြသူတွေဖြစ်လျက်နဲ့ မွေးရာပါ နိုင်ငံသားဖြစ်ခွင့် ကို ပိတ်ပင်ကန့်ကွက်ခြင်းခံရသူတွေဖြစ်တယ်။ မိမိနိုင်ငံအတွင်း အာဏာပိုင်တွေက အသိအမှတ်မပြုတဲ့ အတွက် အမိဇာတိမြေ ကိုယ့်မြို့ကိုယ့်ရွာမှာနေရင်း တရားမဝင်နေထိုင်သူတွေဖြစ်ကြရတယ်။ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ ပညာရေး စတဲ့ အရေးကိစ္စ အဝဝကို နှစ်ပေါင်းများစွာ ပိတ်ပင်ခြင်းခံခဲ့ရတဲ့ အတွက် လူနေမှုဘဝ နှိမ့်ကျနေရသူတွေဖြစ်တယ်။ ဗိုလ်ချုပ်နေဝင်းလက်ထက်ကတည်းက အကြိမ်ကြိမ်ရွေ့ပြောင်းစေခြင်းခံရသူတွေဖြစ်တယ်။ မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရဆုံးဖြစ်တဲ့ ရိုဟင်ဂျာလူမျိုးစုအပေါ်ဦးသိန်းစိန်အစိုးရက ထက်မံဖိနှိပ်မှုတွေပြုလုပ်နေတာဟာလည်း ဒေါ်စုကို စိန်ခေါ်နေတာဖြစ်ပါတယ်။ ဒေါ်စုအတွက် သတိနဲ့လျှောက်လမ်းဖြတ်ကျော်ရမယ့် ထောင်ဂောက်တစ်ခုဖြစ်ပါတယ်။

ဒေါ်စု အနေနဲ့ ပြည်သူ့အကြိုက်လိုက်ပြီး နှစ်ပေါင်းများစွာ ဖိနှိပ်ခံနေရတဲ့ ရိုဟင်ဂျာတွေကို ဆန့်ကျင်လိုက်ရင် ညစ်ညမ်းတဲ့ နိုင်ငံရေးသမားတစ်ယောက်လို အမည်းစက်တွေစွန်းထင်သွားမှာ ဖြစ်သလို ကမ္ဘာ့ စံပြလူအခွင့်အရေးခေါင်းဆောင်တစ်ယောက်ရဲ့ သမိုင်းကလည်း ကမ္ဘာ့နိုင်ငံတွေရဲ့အလယ်မှာ အကျည်းတန်စွာနဲ့ နိဂုံးချုပ်သွားနိုင်ပါတယ်။ ရိုဟင်ဂျာလူမျိုးတွေကို မတရားအနိုင်ကျင့်နေတာ သိသိရက်နဲ့ အမှန်တရားကို ဝင်ပြောကြရင် မျက်ကန်းမျိုးချစ်တွေနဲ့ ရခိုင်အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးရရှိဖို့အတွက် ရှေ့တန်းက တိုက်ပွဲဝင်နေခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင် တွေတောင် ဟိုလူပြောနိုးနိုး ဒီလူပြောနိုးနိုးနဲ့ ရိုဟင်ဂျာ အရေးကိစ္စကို ဘယ်သူမှ မထိရဲကြပါဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ စောင့်ကြည့်ခြင်းခံနေရတဲ့ ဒေါ်စုအနေနဲ့ကတော့ မထိလို့မရပါဘူး။ ဒါကို ကြံ့ဖွံ့ ကလည်း သိတယ်။ ဦးသိန်းစိန်ကဖန်တီးတယ်ပြောပြော၊ ဦးခင်ညွန့်က ကြိုးကိုင်တယ်ပြောပြော၊ ကြံ့ဖွံ့က မီးလောက်ရာလေပင်တင်ပြောပြော ဦးနေဝင်းတပည့်တွေရဲ့ အကြံက မသေးလှပါဘူး။

ဒီကိစ္စကို ပါးပါးနှပ်နှပ်ကိုင်တွယ်ဖို့ ဒေါ်စုကြိုးစားနေပေမယ့် ဥပဒေရေးရာ ပေါ်လစီရေးရာကို ကိုင်တွယ်ဖို့ အပြင် လက်တလောဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လိုက်တွေ့ကျကျ တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှာတွေ့သေးပုံမပေါ်ပါဘူး။ လွတ်တော် ပွဲဦးထွက်မှာ လူမျိုးရေးထောက်ဂျောက်ကို ရှောင်ကွင်းနေရတဲ့ ဒေါ်စုရဲ့ အခြေအနေက မလွယ်ကူလှသလို အကြမ်းဖက်မှုတွေနဲ့ ယှဉ်ဆိုင်နေရတဲ့ ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာတွေရဲ့ ဘဝအခြေအနေကလည်း အကြပ်အတည်းတွေနဲ့ နေ့စဉ်နဲ့အမျှဆက်လက်ရင်ဆိုင်လျက်ရှိနေပါတယ်။
__._,_.___
Recent Activity:
.

__,_._,___



No comments:

Post a Comment