Thursday, 9 June 2011

တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ တတိယပိုင်း (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
Posted: 06 Jun 2011 02:28 AM PDT
တချိန်က ရွှေထီိးဆောင်းခဲ့တဲ့ မြန်မာကို ရေးနေရင်း တခြား သူတွေက တောင်းဆိုလာလို့ တခြားခေါင်းစဉ်တွေ ကို ရေးပေးရတာရယ် ရွှေထီးဆောင်းခဲ့ရတာတွေက ကျနော်တို့က သိပ်မှီလိုက်တော့ ဂဂဏဏ မသိတာလည်း ပါပါတယ်။ အတော်လေးကို ပြန်စဉ်းစား ရေးယူရတာပါ။ ရန်ကုန်မှာသာရေးရရင် လူကြီးသူမတွေကို မေးပြီး အများကြီး ရေးနိုင်မှာပါ။ ဒီမှာတော့ လူကြီးတွေ ရှိကြပေမယ့် အသွားအလာက ဝေး သိပ်မရောက်ဖြစ်တာလဲ ပါပါတယ်။ ကျနော်ကလဲ ဒီမှာ အဖွဲ့ အစည်းတွေနဲ့ က ခပ်ဝေးဝေးနေတာရယ်။ သူတို့ လုပ်တာတွေ သိပ်အားမရတော့ ကီးမကိုက်ဘူး။ အပြတ်ပြောထားတာ တိုက်ရမယ်ဆိုလာခဲ့မယ်။ ဘာကမ်ပိန်း ညာကမ်ပိန်း ဆိုဆောရီး။ ကမ်ပိန်းဆိုတာ အားမကိုးချင်ဘူး။ ကိုယ်မှာ အစွယ်ရှိတယ်။ အဆိပ်ရှိတယ်။ ကိုယ့်အားကိုယ်ကိုး တိုက်မှလည်းရမယ်။ ကိုယ့်အချိန်ကို အလဟသတ် အဖြစ်မခံနိုင်ဘူး။ ကမ်ပိန်းတွေ လုပ်ပေးနိုင်တာက နိုင်ငံတကာမှာ ပိတ်ဆို့ရေးဖြစ်လာအောင်။ ဒါကိုလည်း ကျနော်က သဘောမကျဘူး။ လမ်းလွှဲနေတယ်မြင်သူ။ (Sanction အကြောင်း ပြန်ဖတ်ချင်ရင် http://www.demowaiyan.co.cc/2011/01/sanction_09.html)အဲဒါကို လက်ကိုင်ထားလို့ န.အ.ဖ လူလို့ ပြောလို့ပိုကောင်းသွားတယ်။ ၂၀၀၈ -မှာ ကမ်ပိန်းတခုမှာ ပိတ်ဆို့ရေးကို ဆန့် ကျင်ပြောလို့  ဗိုလ်မတဦးက Anti-Sanction ကိုဒီမှာလာမပြောနဲ့ပြောလို့ သူတို့ အစည်းအဝေးကို တခါမှ မသွားတော့ဘူး။ အဲမြန်မာတွေဦးစီးတဲ့ ရုံပုံငွေပွဲမှာ သူတို့အလှူလာခံတယ်။ ကျုပ်ကလည်း လူရွတ်။ ခင်ဗျားတို့ ပေးမယ့်အစား ပိုက်ဆံကို ဆွဲဖြဲပြစ်လိုက်မယ်လို့ ပြောလိုက်တယ်။ မတတ်နိုင်ဘူး။

တခါတုန်းက ကျနော် ထိုင်းကုမ္မဏီတခုနဲ့ တော်တော်ကြာကြာလေး အကြံပေး လုပ်ဖူးခဲ့ပါတယ်။ အဲဒီကုမ္မဏီနဲ့ နွယ်လာတဲ့ ကုမ္မဏီတခုက ၁၉၉၀- ခုနှစ်လယ်လောက်မှာ ပျဉ်းမနားသကြားစက်နဲ့ ဇေယျဝတီသကြားစက် စီမံကိန်းတွေကို ကန်ထရိုက်တွေရပါတယ်။ ကန်ထရိုက် စာချုပ်ပြီး မကြာဘူး ပျက်သွားရပါတယ်။ စာချုပ်မှာ ရှင်းရှင်းပြတ်ပြတ်သားသား ရေးချမထားဘူး။ ဗိုလ်ချုပ်စိန်အောင်နဲ့ ပိုင်ရင်ပြီးတယ်ပေါ့။ နားလည်မှု (Understanding) နဲ့ အပိုင်ပေါ့။ ပြီးစာချုပ်လဲချုပ်ပြီးရော အကြပ်ခံရပြိး မျက်ရည်တွေနဲ့ နောက်ဆုတ် သွားကြရရှာပါတယ်။ အဲဒီလို အပြတ်နောက်ဆုတ်ဖို့ ကျုပ်က အပြတ် တွန်းတယ်။ ဒါကို စိန်အောင်သားက ဖုံးဆက်ပြီး မင်းသေချင်လား ဘာလာပေါ့  မင်းကြိုက်တဲ့နေရာ စိန်ခေါ်လိုက် ငါ့လာမစမ်းနဲ့ ပြန်ကောလိုက်တယ်။ မင်းတို့လို သူခိုး (-ီး) ဘဲထင်တယ် အပြတ် ဆဲပေးလိုက်တယ်။ မေးကြည့်ပါ။ သူတို့ကို ပေးထားရတဲ့ စာရင်းက ဒေါ်လာ -၂သန်းကျော်တယ်။ ကျနော့်ဆီမှာ ရှိနေတာ ဘီဘီစီ ပို့ပြီးမှ ချိန်းတာ သွားမလို့။

အဲဒီကုမ္ပဏီက လူတချို့က တရက် ဗွီဒီယို အခွေတခု ကြည့်ငိုကြတယ်။ ပြီးကျနော့်ကို ရှင်းပြတယ်။ ဇာတ်လမ်းက တကယ့်ဖြစ်ရပ်မှန် ရိုမီယို-ဂျူးလီယက် ဇါတ်လမ်း။ ထိုင်းနိုင်ငံ ချင်းမိုင်က မင်းသားလေးတပါးနဲ့ မြန်မာနိုင်ငံ မော်လမြိုင်က ဆေးလိပ်သမလေး မြမြ တို့ ရဲ့ ရင်နင့်ဖွယ် ဖြစ်ရပ်မှန်ဇါတ်လမ်း။ ကာလ ကတော့ ရန်ကုန် မှာ ဂျပ်ဆင်ကောလိပ်ဖွင့်ပြီးစ အချိန် လောက်ကပါ။ ဂျပ်ဆင်ကောလိပ် မှတ်တမ်းတွေထဲမှာ ဒီမင်းသားလေး မှတ်တမ်း ရှိနိုင်ကောင်းပါတယ်။ ကျနော့်ကို ဗွီဒီယိုအခွေ ကိုတောင်းတော့ ပေးပါမယ် ပြောထားတယ်။ နောက်ပျောက်သွားတော့ မရလိုက်တော့ဘူး။


အဲဒီအချိန်က ထိုင်းမှာ အင်္ဂလိပ်တွေ ရောက်နေပါပြီ။ အင်္ဂလိပ်နဲ့ ကုန်သွယ်ရေး ရွှေလမ်းငွေလမ်း ပေါက်နေကြပါပြီ။ ထိုင်းမှာ (THE KING & I) ဇါတ်လမ်းဟာ ကမ္ဘာကျော် ဇာတ်လမ်းဖြစ်ပြီး ရုပ်ရှင်ကို နှစ်ကြိမ် ပြန်ရိုက်ယူထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ မြန်မာနဲ့ရှိခဲ့တဲ့ ဇာတ်လမ်းကတော့ ထိုင်းနိုင်ငံမှာ အတော်လေး သိကြပါတယ်။ သီချင်းတွေ လည်းရှိကြတယ်။ ဇာတ်လမ်းလည်း ရှိကြပါတယ်။ အဲဒီအချိန်လောက်က ထိုင်းမင်းမျိုး မင်းနွယ်တွေ တချို့က အနောက်နိုင်ငံတွေအထိ ပညာသင် သွားကြသူတွေ ရှိသလိုတချို့က မြန်မာပြည်ကိုလာပြီး ပညာသင်ခဲ့ကြပါတယ်။

အဲဒီအချိန်ကတည်းက မြန်မာဟာ ထိုင်းထက် ရှေ့ကနေ ပြေးနေတာပါ။ အဲဒီမင်းသားလေးဟာ မော်လမြိုင်သူ မြမြနဲ့က ရန်ကုန်မှာ ဆုံကြလေသလား ဒါမှမဟုတ် ရန်ကုန်အလာ မော်လမြိုင်ကို ဖြတ်သန်းရလို့  မော်လမြိုင်မှာဆုံကြလေသလားတော့ မသိတော့ပါဘူး။ မင်းသားလေးဟာ မြမြကို နှစ်နှစ်ကာကာ တကယ်ကိုချစ်ရှာပါတယ်။ သူပညာစုံတော့ ချင်းမိုင် ကိုပြန်ပြီး မြမြကို လက်ထပ်ခွင့်ပြုရန် သူ့မိဘတွေကို ပန်ကြားရှာပါတယ်။ မိဘတွေက ဗမာလူမျိုး ဖြစ်တော့ ရန်စရှိတာက တပိုင်း သာမန်အရပ်သူလို့ နားလည်ထားကြတော့ သဘောမတူကြဘူး။

ဒါနဲ့ မင်းသားလေးက မြမြကို လာခေါ်ပြိး ချင်းမိုင် ကို ခေါ်သွားပါတယ်။ ဟိုရောက်တော့ သဘောမတူကြလို့ ဇွတ်ခွဲပြီး မြမြကို ဇွတ်အတင်းအဓမ္မ မော်လမြိုင်ကို ပြန်ပို့လိုက်ပါတယ်။ မင်းသားလေးဟာ မြမြစိတ်နဲ့ ရင်ကွဲနာကျပြီး သိပ်မကြာခင် ဖျားနာလာပါတယ်။ နောက်တော့ လူကြီးတွေက မြမြကို ပြန်ခေါ်စေပါတယ်။ ဒါပေမဲ့ သူတို့ ရောက်လာချိန်မှာ မြမြ ဟာလဲ ရင်ကွဲနာကျလို့ ဆုံးသွားရှာပါပြီ။  အဲဒါကို မင်းသားလေးက သိရတော့ ဖြေမဆည်နိုင်ဘဲ ရင်ကွဲနာနဲ့ဘဲ ကွယ်လွန်သွားပါတယ်။ သူက သူမသေခင်လေးမှာ သူ့ကို မြမြ နဲ့အတူ တဂူထဲ သဂြိုလ်ပေးရန် အထပ်ထပ် ပန်ကြားပြီး ဆုံးသွားရှာပါတယ်။

အဲဒိနောက် သူ့အလောင်းကို မော်လမြိုင် သယ်လာသည်လား မြမြအရိုးကို ချင်းမိုင် သယ်သွားသည်လားတော့ မမှတ်မိတော့ပါ။ သူတို့ကို တဂူထဲမှာ သဂြိုလ်ပေးလိုက်ပါတယ်။ အဲဒါကို သူတို့မြမြနဲ့ ထိုင်းသံ နှောနှောနဲ့ တမြမြ မြမြ နဲ့ဆိုရင်း ငိုကြတာပါ။ သူတို့က ရိုမီယို-ဂျူးလိယက်ဆိုတာ စိတ်ကူးယဉ်ဇါတ်လမ်း ဒါကမှ တကယ့် အဖြစ်အပျက်တဲ့။ ပြီးတော့ ဟိုက အိပ်ဆေးနဲ့ လွှဲပြီး အဆိပ်သောက်သေကြတာ။ အချိန်ခန တဖြုတ်အတွင်းကာလ။ ဒီက အချိန်နဲ့ကုစားတာကို နှစ်ဦးစလုံး ရင်ကွဲနာကျသေတာဆိုပြိး တကယ့်အဖြစ်မှန် ရီုမီယို-ဂျူးလီယက် ဆိုပြိး တကယ်ကြိုက်နှစ်သက်ကြတာပါ။  ရျိုမီယို မှာကလဲ ခေတ်အပြိုင် တိုင်းနှစ်ခု လူမျိုးရေး နယ်ပယ် စိတ်တွေကြောင့် သဘောမတူလို့ အဆိပ်သောက် သေလိုက်ကြတာ။ ဒီမှာကလည်း နှစ်နိုင်ငံ ရန်သူတွေ ဖြစ်ခဲ့ကြတော့ ရန်အငြိုးနဲ့ တကယ့် အချစ်စစ်စစ်ကို ခွဲခဲ့လိုက်ကြတာ။ ဒီကတော့ အချစ်စစ်ဒါဏ်နဲ့ တကယ့် ရင်ကွဲနာကျ သေရှာရတာ။ တကယ့်ဖြစ်ရပ်အမှန်။ စိတ်ကူးယဉ် ဇါတ်လမ်းမဟုတ်ဘူး။

ကနေ့ ထိုင်းနိုင်ငံမှာ ပညာသင်နေတဲ့ တက္ကသိုလ် ကျောင်းသား/သူတွေနဲ့ ချင်းမိုင်ရောက် ကျောင်းသူ/သားတွေဆို ပိုသိကြမယ် ထင်ပါတယ်။ အနုပညာ စိတ်ဝင်စားသူတွေ နှလုံးသား အချစ်အစစ်ကို တန်ဖိုးထားသူတွေ တက္ကသိုလ် စာတမ်းပြုစုလိုသူတွေ လေ့လာသင့်ရင် ကောင်းမယ်လို့ ယူဆမိပါတယ်။  မြန်မာဇာတ်သဘင် အတွက် သော်လည်းကောင်း အချစ်စစ် ဇာတ်လမ်း ရိုက်ကူးလို သူတွေအတွက် လည်းကောင်း အကျိုးရှိမည်ဟု ယူဆမိပါတယ်။ ထိုင်းမြန်မာ နှစ်နိုင်ငံပူပေါင်း ရိုက်ကူးလိုက်ရရင် ကမ္ဘာကျော် ရုပ်ရှင် ဇာတ်လမ်းတခု အဖြစ် ရောက်သွားနိုင်ပါတယ်။ နောက်ပြီး မြန်မာတွေ သန်းနဲ့ ချီပြီး ထိုင်းမှာ ရောက်နေတယ်။ အလုပ်လုပ်သူကော ပညာသင်သူတွေပါ တပုံကြီး။ သူတို့မှာလည်း နှလုံးသား ဇာတ်လမ်းတွေ တပုံကြီး ရှိကြပါမယ်။ သူတို့နဲ့တင် အများကြီး အားပေးကြမှာပါဗျာ။


အဲဒါ အင်္ဂလိပ် အုပ်ချုပ်ရေးကာလကကို မြန်မာက ထိုင်းရဲ့ရှေ့ကပြေးနေတာပါ။ ကနေ့ကျနော်တို့ မြန်မာလူငယ်လေးတွေ ပညာကောင်းကောင်း ရလိုသူတွေ ကျောင်း စစ်စစ်ကို တက်လိုသူတွေ စင်ကာပူ အင်္ဂလန် သွားနေကြရပါတယ်။ အနောက်နိုင်ငံကြီးတွေ ခြေမလှမ်းနိုင်သူတွေ ထိုင်းမှာ သွားပြီး တက္ကသိုလ် တက်နေကြရပါတယ်။ ဘယ်လောက် ရင်နာဖို့ကောင်းပါသလည်း။ တကယ်လို့ ဦးနေ၀င်းအာဏာ မသိမ်းဘူးဆိုရင် ကျနော်တို့ ပညာရေးဟာ အာရှမှာ (အာရှတခုလုံးနော်) ထိပ်ဆုံး အဆင့်မှာ ရှိနေတာပါ။ ကျနော်တို့ဟာ ပညာရောင်းစားနေတဲ့ နိုင်ငံတခုအဖြစ် ကမ္ဘာမှာ လက်မထောင်နေရမှာပါ။ ဘယ်သူမှ ပညာရေးမှာ ကျနော်တို့ကို မကျော်နိုင်ပါဘူး။

အဓိက က ကျနော်တို့ရဲ့ အင်္ဂလိပ်စကားသံကို ပီသမှုဟာ အာရှမှာ ဘယ်နိုင်ငံကမှ အခုချိန်အထိ မယှဉ်နိုင်ပါဘူး။ ဘယ်နိုင်ငံမှ မယှဉ်နိုင်တာ အခုချိန်အထိပါ။ အခုကျနော်တို့ Australia မှာ နိုင်င်ငံစုံကလူတွေ နဲ့ဆုံရပါတယ်။  ကျောင်းတက်နေတုံးကရော အလုပ်ထဲမှာပါ။ မကြာခဏ မေးတတ်တယ်။ ဘိုတွေကအစ ခင်ဗျားတို့ မြန်မာတွေက ဘိုကို ပီသအောင် ခနလေးအတွင်းပြောတတ်ကြတယ်။ မြန်မာမှန်ရင် ဘိုလိုမတတ်သူ ရှားတယ်ပေါ့။ IELTS အမှတ်ကြည့်ရင်လဲ မြန်မာတွေကထိပ်  နောင်ကိုလဲ အင်္ဂလိပ်စကားအသံမှာ မြန်မာကို အာရှနိုင်ငံတွေမှီဖို့ မလွယ်ပါဘူး။ နောက် မ.ဆ.လ နှစ်ဦးပိုင်းတွေမှာ မြန်မာနိုင်ငံမှာ တက္ကသိုလ် လာတက်နေကြတဲ့ မလေးရှား စင်ကာပူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

စကားချပ်( မနှစ်က ၉လပိုင်း စင်ကာပူ ရောက်စဉ်က မြန်မာပြည်မှ ခေတ္တရောက်ရှိလာတဲ့ ကျွန်တော် အလွန်လေးစားရတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးနဲ့ တွေ့ခွင့်ရပါတယ်..။ အဲ့ဒီ့ဘဘဟာ သူလွတ်လပ်ရေးရပြီးစ စကာင်္ပူကို စစ်မစ်ရှင်အဖွဲ့နဲ့ ခေတ္တရောက်ရှိစဉ်မှာ စင်ကာပူလူမျိုးတွေ လာရောက် နှုတ်ဆက်ပြီး လာရောက်ဂါရဝ ပြုကြပါတယ်တဲ့..။ လာရောက်ဂါရဝ ပြုကြတဲ့ စင်ကာပူပညာရှင်တွေရဲ့ မြန်မာပြည်က တက္ကသိုလ်တွေ သင်တန်းတွေမှာ လာရောက် ပညာသင်ကြားခဲ့ကြတဲ့ စင်ကာပူလူမျိုးတွေ ဖြစ်ပါတယ်..။ သူတို့ မြန်မာပြည်မှာ ပညာသင်ကြားခွင့်ရတဲ့ အတွက် ကျေးဇူးတင်ကြောင်း လာရောက် ပြောဆိုနှုတ်ဆက်ကြတာပါ...။ ထိုစဉ်က ရန်ကုန်တက္ကသိုလ်က ဘွဲ့ရတဲ့ စင်ကာပူ၊ မလေးရှားလူမျိုးတွေဟာ သူတို့နိုင်ငံမှာ လခကောင်းကောင်း နေရာဋ္ဌာန ကောင်းကောင်းမှာ အလုပ်အကိုင်တွေ ရကြပါတယ်တဲ့။ ထိုကာလမှ အနှစ်၆၀ တဖန် စင်ကာပူကို ပြန်ရောက်လာတဲ့ အချိန်မှာတော့ စုပ်တသပ်သပ်နဲ့ နိုင်ငံအတွက် အထူးယူကျုံးမရ ဖြစ်ရကြောင်း ခံစားချက် အပြည့်နဲ့ ပြောဆိုသွားခဲ့တာ ကြားခဲ့ရပါတယ်..)

အာဏာမသိမ်းခင်ကာလနဲ့ သိမ်းပြီးစကာလတွေမှာ မြန်မာပြည်က ထွက်တဲ့ နိုင်လွန်အထည်တွေ ဂျော်ဂျက်ဆိုလား အစတွေက ထိုင်း၊ မလေးကို တင်ပို့ နေရတာပါ။ ထိုင်းမင်းသမီးတွေက မြန်မာအထည်တွေ နဲ့ရုပ်ရှင်ရိုက်ကြရတာပါ။ (ဟံသာအေး အမှတ်တံဆိပ်များကိုသာ မေးဝယ်ကြပါ) ဆိုတာ ကျနော်တို့ ငယ်ငယ်က ရေဒီယိုအပေါ်က ကြားနေကြရတာပါ။ ဂျစ်ကား အပိုပစ္စည်းတွေ ဘက်ထရီတွေ ရာဘာဖိနပ် တွေက မြန်မာကနေ ထိုင်းကို သွားနေကြရတာပါ။

နောက်ဆုံးဗျာ မြန်မာပြည်မှာ ဦးနေ၀င်းခေတ်က ရေဒီယိုဇါတ်လမ်းလေးတခု မကြာခန ပြန်လွှင့်တတ်တယ်။ သားလုပ်သူက အင်္ဂလန်ကို သွားပညာသင်တယ်။ အဖေ လုပ်သူက ဆေးတံကြိုက်တတ်တော့ အင်္ဂလန်မှာက အဲဒီတုန်းက ဆေးတံက သိပ်နာမည်ကြီးတာ။ အဲဒီတော့ အင်္ဂလန်က ပြန်ခါနီး ဖခင်အတွက် ဘီလူးကျွန်း (မော်လမြိုင်) ကထုတ်တဲ့ (ရွာလွတ်ရွာ) ဆေးတံက အင်္ဂလန်များ အတော်ကို နာမည်ကြီးနေတာ။  အဲဒါကို သူက ကိုယ့်ပြည်ကိုယ့်ရွာ နံမည်တွေ မသိတော့ အင်္ဂလိပ်လို (YA-LUTT) ဆေးတံဆိုပြိး အင်္ဂလန်က အပြန် အဖေကို တမြတ်တနိုး လက်ဆောင်ပေးပါလေရော။ အဖေလုပ်သူက တဟားဟားရယ်ပြီး ရှင်းပြလိုက်တာပါ။

အဲဒိတုန်းက ရေဒီယိုမှာ တနင်္ဂနွေဆိုရင် တခန်းရပ် ပြဇာတ်လေးတွေ လာတတ်တယ်။  သရုပ်ဆောင်သူတွေရဲ  နာမည်တော့မေ့ကုန်ပြီ။ တနင်္ဂနွေဆိုရင် လူအတော်များများ နားထောင်ကြတဲ့ ရွာလွတ်ဆေးတံ ဇာတ်လမ်းက အတော်ကို နာမည်ကြိးတာပါ။ မောင် - မြနဲ့ အတော်ကို လူကြီးလူငယ်တွေ ကြိုက်နှစ်သက်ကြပါတယ်။ ဦးနေ၀င်းဟာ အဲဒီရွာလွတ်ဆေးတံကို သူဘဲ ပျက်စိးအောင်ဖျက်လိုက်ပြီး ဈေးကွက်ကြီး အခိုင်အမာရထားတာကို သ/မ၀ါယမ စံနစ်နဲ့ လုပ်လိုက်တာ တခါထဲ မျိုးကန်းသွားပါလေရော။ သူက သူဖျက်လိုက်တာကို ရှက်ရမှန်းမသိဘူး။ အဲဒီဇါတ်လမ်းကို သူက တော်တော်လေး ကြိုက်တော့ ရေဒီယိုမှာ ခနခန လွှင့်ပေးတတ်တယ်။ အသိက အဲဒီလောက်အထိ ခေါင်တာ။

မြန်မာထွက်ကုန်တွေက ဒါတင်ဘဲလားဆိုတော့ အဲဒီတုန်းက အခုရွှေပုဇွန်မိသားစုရဲ့ ငါးပိငံပြာရည် ငါးခြောက်လုပ်ငန်း ပုသိမ်ညွှန့်ဘက်က (ပွင့်ကောင်း) ဟာအနောက်နိုင်ငံတွေအထိ ပေါက်နေပါပြီ။ ဦးနေ၀င်း အာဏာသိမ်းတာက တသက်လုံးမွေးလာတဲ့ ကြက် တမနက်နဲ့ ရိုက်ချက်ပါဘဲ။ အခုချိန်အထိ အင်္ဂလန်၊ ကနေဒါ၊ ဂျာမဏီတို့မှာ မြိတ်(MERGUI SALTED FISH, MERGUI PRAWN PASTE)  မြိတ်ငါးပုတ်ခြောက် မြိတ်ပုဇွန် (မျှင်)ငါးပိဆိုတာကို ထိုင်းကလုပ်စားနေတုံးပါ။ အခုချိန်အထိလဲ MEGUI BLACK PRAWN မြိတ်ကျားပုဇွန် - ဆိုတာ ကမ္ဘာမှာ ဈေးအကြိးဆုံး ပုဇွန်ထုပ်ကြီးတွေကို ထိုင်းက အတည်ပေါက်နဲ့ ဈေးကွက်ကို လုပ်စားနေတုန်း။ ရောင်းချနေတုံးပါ။ မယုံရင် အခုမြန်မာတွေ ထိုင်းမှာ တပြုံကြီး ရောက်နေကြပါပြီ။ မေးကြည့်ပါ။ အခုထိုင်းတွေ လုပ်တဲ့ ငပုတ်ခြောက် (MERGUI SALTED FISH) ဆိုတာ ခဲထုပ်နဲ့ ထုပ်ထားတာပါ။ ဖုတ်ပြီးသား ဆီစိမ်စားရုံပါ။ ဈေးကြီတော့ တော်ရုံမြန်မာတွေ မကပ်နိုင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ မြန်မာကလုပ်တဲ့ တကယ့်ကောင်းတဲ့ ငါးပုတ်ခြောက်ကို နည်းနည်းလေးတောင် မမှီပါဘူး ။

ဒါတင်ဘဲလားဆိုတော့ မြန်မာပြည်က မန္တလေးဘီယာဟာ အခု နံမည်ကြီးနေတဲ့ ထိုင်းက စင်ဂါဘီယာ ဖိလစ်ပိုင် ဘီယာတွေ ကိုဘယ်သူမှ နှစ်ပုလင်း တပုလင်း အလိုက်ပေးရင်တောင် မကြိုက်ကြပါဘူး။ မန္တလေးဘီယာဟာ ၁၉၇၄ ဦးသန့် အရေးအခင်း ဖြစ်ချိန်အထိ  နိုင်ငံခြားသားတွေက ကမ္ဘာ့အဆင်မြင့်ဆုံး ဘီယာတွေထဲမှာ စာရင်းသွင်းထားပါတယ်။ အဲဒါကို ဘီယာ ကုန်ကြမ်းအားလုံးက အများစု ဂျာမဏီကနေ ၀ယ်ယူတင်သွင်းရတာကို တချို့အပင်တွေ မြန်မာပြည်မှာစိုက်တယ်။ ကုန်ုကြမ်းကို ပြည်တွင်းဖြစ်နဲ့ အစားထိုးပေါ့။ နိုင်ငံခြားငွေ ချွေတာရေးလုပ်တယ်။ တခါ တချို့ကုန်ကြမ်းကို အများကြီးဝယ်တော့ ဈေးသက်သာတယ်ဆိုပြိး အများကြီးဝယ်တယ် မြန်မာပြည်မှာတင် သိမ်းတော့ ပိုးတက်ထိုးပါလေရော။ ကမ္ဘာမှာကို နာမည်ရနေတဲ့ ဘီယာ ၇၄-ခုနှစ်လောက်မှာတင်ဗြုးံကနဲ တခါထဲ ပျက်စီးရတော့တာပါဘဲ။

Mandalay brewery


Crown Prince Ka Naung
Crown Prince Ka Naung
Mandalay plant was established in 1859 by the last Crown Prince Ka Naung for producing cannons, but has been changed by British into Beer Factory in 1886.

Edward Dyer was the first brewer . Since that time the factory was known as Dyer , Meakin ( Burma ) Brewery .

Takasago Beer Company from Japan ran the brewery in a short space of time of japanese occupation ( 1941-1945 WWII ) , so they renamed it to Takasago brewery , which later was converted into a miso and soy-sauce factory when raw materials came into short supply.

ဒီနေရာမှာမန္တလေးဘီယာရဲ့ရာဇဝင်လေးကို လူငယ်လေးတွေကို မျှချင်ပါတယ်။ မန္တလေးဘီယာရဲ့ အစက ရန်ကုန်ကပါ။ ဗြိတိသျှတွေက မြန်မာနိုင်ငံ အောက်ပိုင်းကို သိမ်းပြီးတာနဲ့ ရန်ကုန်မှာ ဘီယာချက် စက်ရုံတည်ပါတယ်။ သူတို့က ဘီယာက ရေနွေးကြမ်း သဘောပေါ့။ အဲဒီမှာ အထက်မြန်မာနိုင်ငံကိုလည်း သိမ်းပြီးရော မေမြို့ကို ရှာမတွေ့သေးဘူး။ မန္တလေး ကျုံးရေကို ဘီယာချက်ဖို့ ရန်ကုန်ကို သယ်ပြီး စမ်းသပ်လိုက်တာ ပထမတန်းစားဘီယာ ရလာတော့ ရန်ကုန်ဘီယာချက် စက်ရုံကိုမန္တလေးကို (ချက်ချင်း)  ကိုပြောင်းလိုက်ပါတယ်။ ဒါကြောင့် မန္တလေးဘီယာရဲ့ တံဆိပ်ကိုကြည့်ပါ (ESTABLISHED- 1886-) ဆိုတာ အဲဒါဘဲ။ မန္တလေးကျုံးရေက ထိုစဉ်က မန္တလးအရှေက ရန်ကင်းနဲ့ ရှမ်းရိုးမ တောင်တန်းနေကနေ ကျလာတဲ့ စိမ့်စမ်းရေတွေပါ။ အခုတော့ ကျုံးကို စီးလာတဲ့ ရေနီမြောင်းတလျှာက်မှာ အ၀တ်လျှော်တာ အကြီးအကျယ် လုပ်နေကြတာ ဘီယာချက်နေတဲ့ အစိုးရက ဒါကို တားမြစ်ရမှန်းတောင် မသိကြပါဘူးဗျာ။ အဲဒါကို ပြန်ထိန်းသိမ်းလိုက်ရင် ကမ္ဘာကျော် ဘက်ဝိုက်ဇာ (BUD-WEIZER) ဘီယာအရသာနဲ့တူပြီး ပိုပြင်းရှရှ ရှိတဲ့ ကျနော်တို့ ဘီယာဟာ ကမ္ဘာမှာ ပြန်ဦးမော့လာပါဦးမယ်။

အဲဒီပိုးဟပ်ချီးတွေနဲ့ ကုန်ကြမ်းတွေပါထဲ့ ထုပ်လုပ်လိုက်တာ တခါထဲ (ပလုံ) သွားပါလေရော။ အခု ဘီယာ ချက်ဖို့ ကျုံးရေကို ပြန်စံနစ်တကျ လုပ်နိုင်ရင် နာမည်ဟာ ချက်ချင်းပြန်ထောင်လာပါမယ်။  ဘီယာဆိုတာ ဘီယာမချက်ခင် အလင်ဖေါက်ရတာဆိုတော့ ကျုးထဲက ရေမှော်ပင်တွေ တောင်ကျရေထဲက ပိုးမွှားလေးတွေ ဘက်တီးရီးယားလေးတွေက ဘီယာအလင်အတွက် အကျိုးပြုနေတာပါ။ အလင်ကို အကျိုးပြုနေတာ။ အခုက ကျုံးရေထဲ ဆပ်ပြာရည်တွေ စီးဝင်နေတာ ကမ္ဘာသိရင် ပြီးပါလေရော။ သူတို့ခေါင်းက ရှိသမျှ ဝိုက်ဖို့က နံပတ်တစ် နိုင်ငံရေးသမားတွေကို မလှုပ်နိုင်အောင် ကြည့်လိုက် ညစ်ပတ်နေဖို့  နှစ်ပဲသုံးနေကြတာ။ စီးပွားရေးမှာ မသုံးကျတော့ တိုင်းပြည်ကျတာ ဘာမှမဆန်းပါဘူး။

သြော်သန်းရွှေ တက်တက်ပြီချင်း စားဝတ်နေရေးကို တော်တော်ပူပင်ပါတယ်။  မြို့အ၀င်တွေမှာဧရာမ ဆိုင်းဘုတ် အစိမ်းနောက်ခံပေါ်မှာ စာလုံးက ဆေးအဖြူနဲ့ (စားလို့ရတာ အကုန်စိုက် / စားလို့ရတာ အကုန်မွေး) ရေးထားပါတယ်။ လှည်းကူးမြို့ အ၀င်မှာ ဘယ်သူက လက်ဆော့လိုက်တယ် မသိဘူး။ (စ) လုံးတွေ အလယ်က အဆံလေးကို ဆေးဖြူစုတ်လိုက်တော့ သူ့ဆောင်ပုဒ်က (စါး) ကနေ (ဝါး) ဖြစ်သွားပြီး (ဝါးလို့ရတာ အကုန်ဝိုက်) ဖြစ်သွားပါလေးရော။ ကျနော်တို့ကလည်း လှည်းကူး ငါးဆူတောင်မှာ ခြံလဲရှိ အလုပ်လဲရှိတော့ နေ့စဉ်သွားနေရတာ။ တခါတခါ အဲဒီနားမှာ ထန်းရည်သောက်တတ်တော့ ကျနော်တို့လို့ အထင်ခံရသေးတယ် ။

အော်အော် ရီရတာလေးပါ။ လှိုင်/ သမိုင်းကောလိပ်ဝင်း ရေကန်ဘေးမှာတော့ ဆိုင်းဘုတ် အနီရောင် နဲ့ဆိုင်းဘုတ်က တော်တော်သေးတယ်။ ဦးနေ၀င်းအိမ်ဘက် လှည့်ထားတာ ရေးထားတာက  အဖျက်သမားကို ချေမှုန်းကြတဲ့။ ရေးထားတဲ့အတိုင်း ဆော်ထဲ့တာ ခံလိုက်ရပါတယ်။ တိုင်းပြည်ဖျက်တာ ဘယ်သူလည်း ဆိုတာ ကျနော်တို့ တပ်ချုပ်ကြီး အသိဆုံးပါနော်။ ခင်ဗျားတို့တောင် အခုကျနော်ပြောမှ သိကြတာ မဟုတ်လား။ ဒီဆိုင်းဘုတ်လေး သတိထားမိသူတောင် အလွန်ရှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အိမ်အနားမှာတော့ တပ်နဲ့ ပြည်သူမြဲကြည်ဖြူ သွေးခွဲလာသူ ဒို့ရန်သူ ဆိုတာမျိုးတွေ ရေးထားတာပါ။

ဒါနဲ့ ရွှေထီးဆောင်းတဲ့ခေတ်ကို ရာရာစစ သူခိုးတွေကလဲ တိုင်းပြည်ကို အခုလောက်အထိ ဇက်ရဲလက်ရဲ မခိုးခင်က စိတ်ကူး အိမ်မက် မက်ခဲ့ကြပါသေးတယ်။ ၁၉၉၅-ခုနှစ်က ဒေါ်စုကို ပထမအကြိမ် နေအိမ်အကျယ်ချုပ်က လွှတ်ပေးပြိးခါစကာလ သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ သတင်းစာ ဆောင်းပါးတွေကနေ တောင်ကိုးရီးယား ထိုင်ဝမ်နဲ့ အင်ဒိုနီးရှားမှာ စစ်တပ်က အနှစ်နှစ်ဆယ်လောက် အုပ်ချုပ်လိုက်တာ အဲဒီသုံးနိုင်ငံဟာ အာရှမှာ အာရှကျားကြီးတွေ ဖြစ်လာတယ်ပေါ့။ မြန်မာနိုင်ငံဟာလည်း မကြာခင်ဒီလိုဘဲ အာရှကျား ဖြစ်လာပါတော့မယ်ပေါ့။ ဘယ်ရမလဲ ကျနော်တန်ပြန် ဆောင်းပါးရေး ဖြန့်တာပေါ့ ။ ကျနော်ကဆောင်းပါးရေးပြီး ဖြန့်တဲ့ဇ ရှိသူ အိမ်ကို စာတိုက်တံဆိပ်တုံး အတုနဲ့ ထုတယ် ပြိးအိမ်မှာ ထိုးပေးထားခဲ့တယ်။ သူက ကျနော်ကို ဆရာ ဆောင်းပါးလေး စာတိုက်ကရတယ်ဆိုပြီး ပြန်တောင်ဖြန့့် လိုက်သေးတယ် ။


ကျနော်က ပြန်ဆော်ထဲ့တာ အဲဒီဆောင်းပါးရေးတဲ့ ကလောင်နံမည်- စည်သူငြိမ်းအေး (နောက်မှသိတယ် ထောင်ထဲမှာ ဆုံးသွားတဲ့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးဝင်းအောင်) ကျနော်ရေးထည့် လိုက်တာ စည်သူငြိမ်းအေးဆိုတဲ့ နာမည် တခါထဲ ငုတ်သွားပါတယ်။ သူက ကိုယ်စီးတဲ့ အကောင်ကို စီးသာစီးနေတာ နားရွက်အ၀ိုင်းလား နားရွက်ချွန်ချွန်လား ဆိုတာတောင်မသိရှာဘူး။ သူကိုးကားလိုက်တဲ့ သုံးနိုင်ငံစလုံးက တရုတ်နဲ့ ရန်သူတွေ။ ၁၉၉၅- ရောက်မှ ကိုးရီးယားနဲ့ ထိုင်ဝမ်က တရုတ်နဲ့ သံတမန် စတင် အဆက်အသွယ် လုပ်ကြတာ။ သုံးနိုင်ငံစလုံးက အမေရိကန် ကျောထောက်နောက်ခံနဲ့ စီးပွားထိုးတက်ခဲ့ကြတာ။ သူတို့က အမေရိကန်နဲ့ ရန်ဘက် တရုတ်ဖင်ပေးပေါင်းနေကြတာ။ ဗြောင်းပြန်သွားနေတာကို ရည်ညွှန်းရတယ်လို့ဗျာ။

ဒီသုံးနိုင်ငံ စီးပွားရေး ထောင်တက်လာတာကို မီဒီယာတွေမှာ ရေးနေကြတာကို မသိရှာလို့လား မသိဘူး။  ပြောပြပေးလိုက်ပါတယ်။ ကိုးရီးယားနိုင်ငံမှာက တက္ကသိုလ်ပညာရေးနဲ့ ပတ်သက်လာရင် သူတို့ MICHIGAN တက္ကသိုလ်ကို ဦးစားပေးတယ်။ တောင်ကိုးရီးယား အစိုးရကက် ဘိနက်အဖွဲ့ထဲမှာ အဲဒီမီရှီဂန် တက္ကသိုလ်က ဒေါက်ဘွဲ့ရက တဒါဇင်မကရှိလို့ သူတို့ Dirty Dozen from Michigan မီရှီဂန်က လူစုတ်တဒါဇင်လို့ နောက်ရေးသားကြပါတယ်။ ဒီလိုဘဲ တိုင်ဝမ်မှာကျတော့ သူတို့ MASSACHUSETTS တက္ကသိုလ်ကို တန်ဖိုးထားကြတယ်။ သူတို့ကက်ဘိနက်မှာ မက်ဆာချူးဆက်က ဒေါက်တာတွေက များလွန်းလို့ Massachusetts Crooks မက်ဆာချူးကဘရုတ်တွေလို့ ရေးကြပါတယ်။ အင်ဒိုနီးရှားမှာ ကျတော့ BERKLEY တက္ကသိုလ်ကိုတန်ဖိုးထားကြပြိး အင်ဒိုနီးရှားမှာ ၁၉၉၅-လောက်က အင်ဒိုနီးရှားမှာ ဘာကလေ တက္ကသိုလ်ကဘွဲ့ရထားတဲ့ ဒေါက်တာတွေက ၃၇၀၀/ ကျော်ရှိနေတာမို့ သူတို့ကိုကျတော့ Berkley Mafia ဘာကလေမားဖီးယားလို့ကို ပြောဆိုကြတဲ့အထိ ဒေါက်တာဘွဲ့ရတွေ များတာပါ။ အဲဒီအချိန် မတိုင်မှီလေးမှာ အောက်စဖို့ OXFORD တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည့်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်လိုက်တော့ ဗိုလ်ခင်ညွန့်နဲ့ ဗိုလ်မျိုးညွန့်တို့ စာမေးပွဲလည်း မဖြေဘဲနဲ့ ဒေါက်တာဘွဲ့ ပေးတယ်ဆိုပြီး ဟာသ လုပ်နေကြပါတယ်။ သူတို့ခမျာ ဒေါက်တာဘွဲ့ကို မေးခွန်းတွေဖြေဆိုပြီးမှ ပေးရတယ်လို့ နားလည်ထားကြပုံ ပေါ်နေတယ်။

ကျနော်က အဲဒီ့သုံးနိုင်ငံ တိုးတက်လာတာ တိုင်းပြည် တည်ဆောက်ရေးမှာ ဒေါက်တာဘွဲ့ရတွေ အများကြီး ရှိဖို့လိုတယ် ဆိုပြီးမီးမောင်းထိုးပြလိုက်တာ တခါတည်း မြန်မာနိုင်ငံမှာတင် ပီအိတ်ခ်ျဒီတွေ ပေးဖို့ စတင်တော့တာပါဘဲ။ အခုတော့ ပြောနေကြပြန်တယ် မြင်မြင်သမျှ ပါမောက္ခ ဟိုလူဒီလူ ပါရဂူ လို့ ပြောယူရတဲ့အထိ ဖေါချင်းသောချင်း ပေးချလိုက်ပြန်ပါတယ်။ ကျနော် မြန်မာနိုင်ငံက မထွက်ခင် ပါရဂူဘွဲ့ တက်နေသူ မိတ်ဆွေတွေနဲ့ ဆုံလို့ ခင်ဗျားတို့ ပါရဂူဘွဲ့ ပေးအောင် လုပ်ပေးသူ သိတယ်နော်လို့ နောက်ပြောရင် ခင်ဗျားကလည်းလေ အဖမ်းခံရတာ နည်းတောင်နည်းသေးတယ်လို့ ပြန်ပြောကြပါတယ်။

ဘာဘဲဖြစ်ဖြစ်ပါ ကနေ့ ပါရဂူတွေတော့ မွေးထုတ်နေပါရဲ့ ပါရဂူတွေရဲ့ လစာက အိမ်စားရိတ်တောင် မကာမိနေတာတော့ ပြန်မစဉ်းစားကြဘူး။ ပါရဂူတွေများလာတာနဲ့ တိုင်းပြည်ကြီး တိုးတက်လာမယ် ထင်တာကတော့ ကားဝယ်ထားပြီး ဓါတ်ဆီမထည့်ပဲ ခရီးရောက်ချင်သလို ဖြစ်နေတာပေါ့။  ကနေ့ ပါရဂူတွေ ရတဲ့လစာက အစိုးရက ဓာတ်ဆီဖိုးတောင် မရှိ...။ ကားတစီးကို တလ ဓါတ်ဆီ ခွဲတမ်း- ဂါလံ-၆၀ ကို ၂၅၀၀-ကျပ်ဈေးနဲ့ ပေးပါတယ် ။ ပါရဂူဆိုတော့ ကားရှိသင့်ပြီလေ။ တလဓါတ်ဆီ ခွဲတမ်း- ၆၀- ကိုထုတ်ဖို့ ဓါတ်ဆီဖိုး သက်သက်တင် ၁၅၀၀၀၀/-ကျပ်လိုနေပါတယ် ။ ပေးထားတဲ့လစာက ၈၀၀၀၀/-ကျပ်။

အဲဒါပြောတာပါ။ သန့်ရှင်းသော အစိုးရတရပ် ဖေါ်ဆောင်မယ်ဆိုတဲ့ သမ္မတကြီးကို လစာက သူတို့ ပေးတဲ့ထားတဲ့ ဓါတ်ဆီခွဲတမ်း တ၀က်စာဘဲ ပေးထားပြီး လာဘ်စားတာ အရေးယူမယ်ဆိုတော့ အရပ်ကတို့ သြော်နိုင်ငံတော် သမ္မတ လုပ်သူသည် စစ်ရေးအမြင်ရှိရမည် ဆိုထားသူတွေက ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာဘဲ လိုချင်တယ် ဆိုတဲ့ပုံစံကို မခွာချသေးသမျှ ကျနော်တို နိုင်ငံကြီး ရွှေနိုင်ငံကို လှမ်းဖို့ နေနေသာသာ သူတပါးနိုင်ငံသွား တရားမ၀င် ကျွန်ခံနေရသူတွေ တနေ့တခြား တိုးလာတာဘဲ ကြားရပါမယ်။

သမ္မတကြီးဦးသိန်းစိန်ကို လေးလေးနက်နက် အကြံပြုလိုတာကတော့ ကျနော် မကြာခဏ ရေးတတ်ပါတယ်။  တိုးတက်နေတဲ့ နိုင်ငံတွေကိုပြန်ကြည့်ပါ။ အဲဒီနိုင်ငံတွေရဲ့ ငွေစက္ကူတွေမှာ သူတို့နိုင်ငံရဲ့ သူရဲကောင်းတွေကို ငွေစက္ကူပေါ် တင်ထားပါတယ်။ အဟိတ်ရိစ္ဆာန်ကို ပူဇော်မထားပါဘူး။  တိရိစ္ဆာန်ဆိုတာ လူတွေ ကိုးကွယ်သင့်တာ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာက လူတွေက ငွေစက္ကူတွေကို ကထိန်လို ပွဲသဘင်တွေနဲ့ အလှူတွေမှာဆို ငွေပဒေသာပင်လှည့် ကြတော့ လူတွေက အဟိတ် တိရိစ္ဆာန်ကို ပူဇော်ပသလိုအဖြစ်မျိုး ရောက်နေတော့ လူ့ကံက ကုန်ပါလေရော။ Australia မှာဆို နိုင်ငံအတွက် စွန့်စားသူတွေကို ဂုဏ်ပြုထားတာပါ။ သူတို့မှာ လွတ်လပ်ရေး ရယူပေးရတဲ့ အဖြစ်မရှိတော့ တခြားနည်းနဲ့ သူရဲကောင်းတွေပုံတွေ အများကြီးကို တင်ထားတာပါ။ သတင်းစာတွေမှာလဲ ၀န်ကြီးချုပ်ပုံတောင် ရံဖန်ရံခါလေးမှ ပါလာပါတယ်။ လူတွေ အားကစားသမားတွေကို ဦးစားပေးဖေါ်ပြတာပါ။ အဲဒီလို တော်ကြသူတွေကို အသားပေးဖေါ်ပြတာက ဒီနိုင်ငံရဲ့ တွန်းအား မောင်းနှင် အားကြီး ဆိုတာ သမ္မတကြီး ကိုအသိပေး လိုပါတယ်။

ဒီမှာ သမ္မတကတော် ၀န်ကြိးချုပ်ကတော် ဘုန်ကြီးဆွမ်းကပ်တာ ဘုရားပန်းလှူတာမျိုး လုံးဝမဖေါ်ပြပါဘူး။ အဲဒီတော့ သမ္မတကြီးဦးသိန်းစိန်က တကယ့်ကို နိုင်ငံတော်ကြီး ပြန်ဦးမော့လာစေချင်တယ်ဆိုရင် န.အ.ဖ လက်ထက်ကလို အဟိတိရိစ္ဆာန်ကို ငွေစက္ကူပေးတင်ထားတာကို ပထမဆုံး ဖယ်ရှားပါ။ ပြီးခင်ဗျားတို့ ယုံကြည်ထားတဲ့ လက်ခံထားတဲ့ ကျေးဇူးကြီမားသူ သူရဲကောင်း (လူ) ပုံကိုတင်ပါလို့။ ဗိုလ်ချုပ်ပုံမှလို့ ကျနော် မပြောလိုပါဘူး။ အဟိတ် တိရိစ္ဆာန် ဆင်ဖြူကိုးကွယ်ပြီး နတ်ပြည်တက်ဖို့ မမျှော်မှန်းပါနဲ့လို့။

ဒီလိုဘဲ အားကစားမှာလဲ ပြန်ကြည့်ပါ။ ဗိုလ်နေ၀င်း ဗိုလ်ချုပ်ကို လေးစားတာ မသိမသာ ဘေးရောက်အောင် အောင်ဆန်းအားကစားကွင်းကို စတင် ဖယ်ခွာမှု စတင်ခဲ့တဲ့ ၁၉၇၄- အခု သုဝဏ္ဏ အားကစားကွင်း စီမံကိန်း စတင်လိုက်ကတည်းက ကျနော်တို့ အရှေ့တောင်အာရှအားကစားပွဲတောင် မနိုင်တော့တာပါ။ ကနေ့ အခု အောင်ဆန်းကွင်းကို ပြန်ပြီး တိုးချဲ့ လိုက်ပါ...။ ကျနော်တို့ ဗမာနိုင်ပြီဆိုတာကို ပြန်နားထောင် လာနိုင်ပါမယ်။ သန်းရွှေ ဇွတ်လုပ်လိုက်တဲ့ ကြပ်ပြေးမှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အားကစားကွင်းတွေ ကြိုက်သလောက် ဆောက်ပါ။ နင်တို့ ကြက်ဖရှုံးရှုံး ကြေးဖလားနဲ့ ကြက်ခြေးတုံးဘဲ ဆိုဖို့ပြင်ထားပါ။ မြန်မာနိုင်ပြီ တို့မြန်မာနိုင် ပြီဆိုတာ ပြတိုက်ထဲ သိမ်းထားလိုက်ပါ။

နောက် စီးပွားရေး ဘာလုပ်ရမယ် ပြောလာသူတွေကို ရွှေထီးပြန်ဆောင်းနိုင်ဖို့ လယ်သမားတွေဆန်စပါး ကမ္ဘာကို ယှဉ်ရောင်းနိုင်ဖို့က စပါးတွေကို ဖ.ဆ.ပ.လ ခေတ်ကလို လယ်ယာပိုင်ဆိုင်ခွင့် လွတ်လပ်စွာ စိုက်ပျိုးခွင့် လွပ်လပ်စွာရောင်းချခွင့်နဲ့ တဆက်တည်း စပါးတွေကို ဧရာဝတီတိုင်းမှာတင် ကြိတ်ခွဲ ပြီး ဧရာဝတီတိုင်းကနေဘဲ နိုင်ငံခြားတင်ပို့ဖို့ ဆန်ကို အိတ်မသွတ်ဘဲ သင်္ဘောဝမ်းထဲ တိုက်ရိုက် လောင်းထည့်နိုင်တဲ့ စံနစ်တွေ ဖေါ်ဆောင်ပေးရင်နို င်ငံတကာဆန်ဈေးနုံးကို ရလာပါမယ်လို့ ၁၉၉၅- ကထဲက ဗိုလ်ချုပ်ထွန်းကြည်ကို တင်ပြထားခဲ့ပြီးကြောင်းနဲ့ အခုဆို ထားဝယ်ရေနက်ဆိပ်ကမ်း ပေါ်လာရင် တန်ချိန် ငါးသောင်း တန်ချိန်တသိန်းကို တမနက်တည်း လောင်းထဲ့နိုင်လာရင် သင်္ဘောဆိပ်ကမ်း ကပ်ရလို့ ကြာနေတဲ့ အချိန်တွေ သက်သာသွားရင် (သင်္ဘောငှားခ) သက်သာတာက စပါးဈေးကို ပိုရစေနိုင်တာပါ။

ဒီလိုဘဲ ရန်ကုန်မှာလုပ်ရမယ့် ရုံးအလုပ်တွေကို ကြပ်ပြေး ကိုပြေပြီး ၀န်ကြီး အစည်းအဝေး ဘာညာ စတာတွေကို မရှင်းနိုင်ရင် သူများ တမနက်နဲ့ ပြီးတဲ့ရုံးကိစ္စ ကွန်ပျူတာလေး နှိပ်လိုက်ရင်ပြီးတဲ့ကိစ္စကို မြန်မာတွေက ကြပ်ပြေးကို ခေါက်တုန့် ခေါက်ပြန်ပြေးနေရတဲ့ စံနစ်နဲ့ ချီတက်နေသမျှ ဘွတ်အဲ အော်ဖို့သာ ပြင်ထားကြပါလို့။ ရွှေထီးဆောင်းဖို့ စိတ်တောင်မကူးကြပါနဲ့လို့ အပြတ်ပြောလိုပါတယ်။ ရွှေထီးဆောင်း ဖို့မမျှော်ကြနဲ့။ နေပြည်တော်ဆိုပြီး လုပ်နေတာကို လွှတ်တော်မှာ ပြန်မသုံးသပ်ရဲသေးသမျှ ရွှေထီးကို စကားထဲတောင် ထည့်မပြောကြနဲ့။ ဗိုလ်ရွှေ စိတ်ထင်တိုင်း ရမ်းထားတာကို ပြန်မသုံးသပ်ရဲသမျှ မစ္စတာရွှေ ကို ပြန်မပြောရဲသမျှ မစ္စတာရွှေ(ဟာ) နဲ့ထောင်းနေတာ ခံနေသမျှ ရွှေထီးဆောင်းဖို့  မမျှော်မှန်းကြပါနဲ့။ ကျနော်အဖေက စစ်ကိုင်း မြင်းမူမြို့နဲ့ ညောင်ပင်ဝန်း (မူးမြစ်ကူးတံတား) ကြားက ထီးဆောင်းရွာမှာ မွေးပါတယ်။ ထီးဆောင်းရွာသားပါ။

အားလုံးကို ပြတ်ပြတ်ပြောလိုပါတယ်။ ရွှေထီးဆောင်းတဲ့ခေတ်က ကံကအစ မပြုပြင် မမြှင့်တင်သမျှ လူတွေ မူတွေ မပြင်သမျှကာလပတ်လုံး ဘယ်လောက်ဘဲ ကြိုးစားကြိုးစား တဆယ်ဖိုးလုပ်လို့ ငါးကျပ်ဖိုးအဖတ်တင်ရန် မလွယ်ပါ။ ကံကိုပြန်မြှင့်တင်လိုက်ရင် တကျပ်ဖိုးလုပ်တာ ငါးကျပ်ဖိုး တဆယ်ဖိုးရလာစေရပါမယ်။ ကျနော်ရွှေငါး အကျိုးပေးတာ ကံပါ။ မြန်မာအဆိုတောင် လူတိုင်း ကြားဖူးကြပါတယ်။ ကံမရှိ ဥာဏ်ရှိတိုင်းမွဲ ဆိုတာလိုပါဘဲ ။

ရွှေထီးဆောင်းနိုင်တဲ့ ခေတ်ပြန်ရောက်ဖို့  ကျနော်တို့ တတွေထက် သမ္မတကြီးဦးသိန်းစိန်ရဲ့ အမျှော်အမြင်နဲ့  သတ္တိပေါ်မှာ အများကြီးမူတည်နေပါကြောင်း ပြောကြားရင်း

အားလုံးကိုလေးစားလျှက်
လှိုင်မြင့်
ဒေါက်တာလှိုင်မြင် ဆောင်းပါးများ ပြန်ဖတ်ချင်ရင် Click
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment