Posted: 07 Aug 2012 12:05 AM PDT
ပရဟိတ အနုပညာရှင်လူသားတစ်ဦးအား ထုဆစ်ခြင်း
မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များအစည်းအရုံး (မြောက်ဥက္ကလာပမြို့နယ်)မှ ပညာရေးလှုပ်ရှားမှု အစီအစဉ်တစ်ရပ်အဖြစ်ပန်းချီဆရာမောင်မောင် (ခ) ဦးကျော်သူ (နာရေးကူညီမှုအသင်း-ရန်ကုန်) ဥက္ကဋ္ဌ အား ဂုဏ်ပြု၍ ပုံတူပန်းချီနှင့် ပန်းပု လက်တွေ့ရေးဆွဲ ထုလုပ်ခြင်း အခမ်းအနားအား ၅.၈.၂ဝ၁၂ ရက်နေ့ နံနက် (၉း၃ဝ) နာရီအချိန်မှ စတင်၍ နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ တည်ဆောက်ဆဲ ခန်းမဆောင် (အသစ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဦးကျော်သူသည် ပန်းချီပညာရပ်အား ငယ်ရွယ်စဉ် ကျောင်းသားဘဝ ၁၉၇၃ ခုနှစ်မှ ၁၉၇၆ ခုနှစ်အတွင်း နွေရာသီပန်းချီရက် တိုသင်တန်းအား ပန်းချီဆရာကြီး ဦးသောင်းဟန်ထံတွင် ပန်းချီပညာကို လေ့လာဆည်းပူးခဲ့သည်။ ၁၉၈ဝ ခုနှစ်တွင် ဒေသကော လိပ် - ၂ (လှိုင်)၊ တက္ကသိုလ်ပန်းချီပြပွဲ၌ ပန်းချီ မောင်မောင်အမည်ဖြင့် ပိုစတာကာလာ ပန်းချီကားချပ် (၁ဝ) ချပ်ကို ဝင်ရောက်ပြ သခဲ့သည်။ ဒုတိယ အကြိမ် ၁၉၈၆ ခုနှစ်တွင် ယုဒဿန်ခန်းမ၌ ကျင်းပပြုလုပ်သည့် "အဇ္ဈတ္တပန်းချီ" ပြပွဲ၌ "နာကြည်းမှု (ဘဝဈေး) " သရုပ်ဖော်ပန်းချီ ကားချပ်တစ်ချပ် ပြသခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင် ပန်းချီလောကသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ပန်းချီကျော်သူ အမည်ဖြင့် ရေးဆွဲထားသော "မမြင်ချင်၊ မကြားချင်၊ မပြောချင်" ပန်းချီကားချပ်အား စိတ်ကျန်းမာရေး အထူးကုဆေးရုံရှိ ပန်းချီပညာရပ်ဖြင့် ကုသနည်းခန်းမအတွက် လှူဒါန်းခဲ့သလို ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကအား "ကြာလိုလူ" အမည်ရှိ သရုပ်ဖော်ပန်းချီကားချပ်တစ်ချပ် လှူဒါန်းပေးအပ်ခဲ့သည်။ ၂ဝဝ၅ ခုနှစ်တွင် လောကနတ်ပန်းချီခန်းမ၌ "ဆူး" အမည်ရှိ ပေါက်ကွဲမှုပန်းချီကားချပ်တစ်ချပ် ပြသခဲ့ပြီး ၂ဝဝ၉ ခုနှစ်တွင် ကမ္ဘာမြေပြင်ကို အလည်ရောက် ဘဝ … ဘဝတွေကိုဖြတ်သန်း လှော်ခတ်ရင်း ငြိမ်းချမ်းမှု သစ္စာတရားကို ရှာဖွေတွေ့ရှိခဲ့သူ လူသားတစ်ယောက်၏ ပုံရိပ်မှတ်တိုင်များ (သို့) ကျော်သူ၏ Kyaw Thu`s Art Zone အမည်ဖြင့် ကိုယ်ပိုင်ပန်းချီပြခန်းအား ဖွင့်လှစ်ကာ တစ်ကိုယ်တော်ပန်းချီပြပွဲအား ကျင်းပနိုင်ခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင် တစ်ကိုယ်တော် ပန်းချီပြပွဲအား Kyaw Thu`s Art Zone Vol:2 အဖြစ် ဒုတိယအကြိမ်မြောက် ပြသနိုင်ခဲ့သည် ။ ထို့အပြင် ၂ဝ၁၂ ခုနှစ်၊ ဇွန်လတွင်လည်း အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် First Break Out အမည်ဖြင့် ပန်းချီပြပွဲအား ကျင်းပနိုင်ခဲ့သည်။ ပန်းချီမောင်မောင် (ခ) ကျော်သူသည် ယနေ့ချိန်ထိ ပန်းချီကားချပ်များအား ရေးဆွဲလျှက်ရှိသည်။ ထိုကဲ့သို့သော ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတစ်ဦးလည်းဖြစ်သူ ပန်းချီဝါသနာရှင်လည်းဖြစ်သူ လူမှုရေးလောကတွင်လည်း အများအတွက် ပေးဆပ်လုပ်ကိုင်နေသူတစ်ဦးအား ဂုဏ်ပြုသောအားဖြင့် ၅.၈.၂ဝ၁၂ ရက်နေ့ နံနက်တွင် ဦးကျော်သူ၏ ရုပ်ပုံ လွှာအား ပုံတူပန်းချီ၊ ပန်းပုပညာရှင်များက အမှတ်တရဂုဏ်ပြု ရေးဆွဲပွဲအား ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် ပန်းပု ပညာရှင်ဆရာကြီးများ ဖြစ်ကြသော ဦးလွင်မောင်၊ ဦးတင်မြ၊ ဦးကြည်စိန်လေး (ထားဝယ်)၊ ဦးမြမောင်၊ ဦးကျော်ညွန့်၊ ဦးဆန်နီ ညိမ်း၊ စာပေလောကမှ ဦးဝင်းငြိမ်း (ရွှေအမြုတေ၊ အလင်းတန်းဂျာနယ်)၊ ကိုမျိုး-မြန်မာစာ (ပေါ်ပြူလာဂျာနယ်) စာပေပညာရှင် များနှင့် စိတ်ဝင်စားကြသူများ တက်ရောက်အားပေးခဲ့ကြသည်။ ပန်းချီ ပညာရှင်ဆရာများဖြစ်ကြသော ဦးသက်အောင်၊ ဦးသပြေမြင့်သိန်း၊ ဦးဇော်ဝင်း(ငှက်ပျောသီး)၊ ဦးကြင်၊ ဦးဇော်ဝင်းဖေ၊ ဦးရဲမြင့်(ရှေ့သို့)၊ ဦးရွှေမြင့် အစရှိသည့် ပန်းချီ၊ ပန်းပုပညာရှင် (၄ဝ) ဦးခန့်တို့သည် နံနက် (၉း၃ဝ) နာရီအချိန်ခန့်မှ စတင်ကာ ညနေ (၄းဝဝ) နာရီအချိန်ထိ ရေးဆွဲခဲ့ကြကာ ပန်းချီဆရာများ၏ မျိုးဆက်သစ် သမီးငယ်လေးတစ်ဦးမှလည်း ဦးကျော်သူ၏ ဂျိုးငှက်လွှတ်နေသည့်ရုပ်ပုံအား အမှတ်တရ ရေးဆွဲခဲ့ပြီး ပန်းပုပညာရှင် ကိုကျော်ကျော်မင်းမှ ဦးကျော်သူ၏ ပုံတူရုပ်တုအား ထုလုပ်ခဲ့ကြပြီး ပန်းချီ ကားချပ်များနှင့် ရုပ်တုအား ဦးကျော်သူအတွက် အမှတ်တရ ဂုဏ်ပြုပေးအပ်ခဲ့ကြသည်။ ကျော်ကျော်မင်း (ပန်းပုပညာရှင်) ကိုကျော်သူကတော့ မူလအစက ပန်းချီဆရာ မောင်မောင်ဖြစ်ပါတယ်။ ကျွန်တော်တို့လို ပန်းချီ ဆရာတွေထဲကနေ အခုလိုမျိုး ပြည်သူတွေကို အကျိုးပြုတဲ့လူတစ်ယောက် ပေါ်ထွန်းလာတဲ့အတွက် ကျွန်တော်က ဂုဏ်ပြုရေးဆွဲခြင်းဖြစ်ပါတယ်။ ရွှေမြင့် (ပန်းချီ) ဦးကျော်သူလုပ်ခဲ့တာက ရုပ်ရှင်ကိစ္စတို့၊ နာရေးကူညီမှုကိစ္စတွေ သူကလုပ်ခဲ့တော့ ကျွန်တော်တို့က လေးစားတယ်။ လေးစားတော့ ဂုဏ်ပြုပွဲလေးလုပ်ပြီး သူရဲ့ ပေါ့ထရစ် ရေးဆွဲမယ်။ သူ့ရဲ့ပုံစံမျက်နှာက အရမ်းရေးချင်တဲ့ ပုံမျိုးဖြစ်တယ်။ ဇော်ဝင်း (ငှက်ပျောသီး) ဦးကျော်သူကို များသောအားဖြင့် သိကြတာကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)နဲ့ တွဲဖက်ပြီး ဘယ်လိုမှ ခွဲခွာလို့မရပါဘူး။ အဲဒါကြောင့် ဒီနေ့ ကျွန်တော်တို့ ဂုဏ်ပြုရေးဆွဲခြင်း ဖြစ်ပါတယ်။ ဇော်ဝင်းဖေ (ပန်းချီ) အရင်က ကျွန်တော်တို့ ရေးနေကြတာ အမျိုးသမီးပုံတွေ၊ ကိုရင်လေးတွေ ဒါမျိုးလေးတွေ။ အခု နောက်ပိုင်းမှာ တကယ့်အမှတ်တ ရ ဖြစ်နိုင်လောက်တဲ့၊ ဖြစ်စေလောက်တဲ့ ပုဂ္ဂိုလ်တွေကို ရေးဆွဲကြတာ တွေ့ရတယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဦးကျော် သူဆိုတာ အခုအချိန်မှာ ကိုယ်မလုပ်နိုင်တဲ့ ကိုယ် မဖြည့်နိုင်တဲ့ ပါရမီကိုဖြည့်နေတဲ့ လူတစ်ယောက်ကို ကျွန်တော်တို့က ရေးခွင့်ရခဲ့တယ်။ ကြည်စိန်လေး (ထားဝယ်) ဦးကျော်သူလိုပုဂ္ဂိုလ်မျိုး ယခုမြန်မာနိုင်ငံမှာ ကိုယ်ကျိုးစွန့်ပြီးတော့ အများအတွက် အထောက်အကူ ပြုနေတဲ့ လူတစ်ယောက် ကျွန်တော်တို့ မြန်မာမှာရော၊ ကမ္ဘာမှာရော ဂုဏ်ယူစရာ လူတစ်ယောက်အနေနဲ့ ရုပ်တုတစ်ခုထားသင့်တဲ့ အခြေအနေမှာ လည်း ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် ဦးကျော်သူရုပ်တုကို ကျွန်တော်တို့မြန်မာနိုင်ငံမှာ အကောင်းဆုံးရုပ်တုတစ်ခုအနေနဲ့ နိုင်ငံခြားမှာ ဒေါက်တာတွေကို ထုထား သလို ထုချင်တဲ့ဆန္ဒ ပြင်းပြနေလျှက်ရှိပါတယ်။ ဦးဆန်နီညိမ်း (ပန်းပု) ပုံတူဆွဲတယ်ဆိုတာ အနုပညာရှင်တစ်ယောက်ကနေပြီးတော့ နောက်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အကြောင်းကို သူကတစ်ဆင့်ဖော်ပြ တာပဲ။ ကိုယ်နဲ့နီးစပ်ရာတွေ ဒါမှမဟုတ် ကျော်ကြားတဲ့သူတွေ၊ အောင်မြင်တဲ့သူတွေ မှတ်တမ်းတင်ခဲ့ချင်လို့။ မှတ်တမ်းတင်သင့် တဲ့သူတွေကို ဆွဲတာပေါ့။ အခု ကိုကျော်သူကို ပုံတူဆွဲကြတယ်ဆိုတာကလည်း သူ့ဘဝမှာ သူလုပ်ဆောင်ခဲ့တာတွေ၊ သူသယ်ပိုး ခဲ့တာတွေ ကို လေးစားတန်ဖိုးထားပြီးတော့ ပုံဆွဲကြတာပါ။ ဒီကနေပွဲရဲ့ ဖန်တီးမှုကတော့ အားရစရာပါပဲ။ ဦးဝင်းငြိမ်း (အလင်းတန်းဂျာနယ် အယ်ဒီတာချုပ်) လက်တွေ့ရေးဆွဲတယ်။ လက်တွေ့ဓါတ်ပုံရိုက်တယ်ဆိုတာ များသောအားဖြင့် မိန်းမချောချောလေး တွေကို ဆွဲကြတယ်။ ဓါတ်ပုံရိုက်ကြတယ်။ အခုလို ထူးခြားတဲ့ပုံအနေနဲ့ ကိုကျော်သူကို ပန်းချီဆွဲကြတယ်။ ပန်းပုထုကြတယ်။ အင်မတန်ထူးခြားပါ တယ်။ အဲဒါကြောင့် ကျွန်တော်ကြွရောက် ချီးမြှင့်ခဲ့တာပါ။ ပန်းချီ ကိုဇော်ဝင်း(ငှက်ပျောသီး)ဆိုလို့ရှိရင် စတိတ်ရှိုးတွေဆွဲရင် ပေအတော်မြင့်မြင့် ပုံကြီးတွေကို လက်တန်းဆွဲ နိုင်တဲ့ဆရာပါ။ သူဒီမှာလာပြီးတော့ ရေးဆွဲနေတယ်ဆိုတာ အတော်ကို အံ့သြစရာပါ။ ကြည်နူးစရာပါ။ ကိုလင်း (သတင်းထောက်) ဓါတ်ပုံဆရာတွေစုပြီးတော့ မော်ဒယ်(လ်)တွေကို ရိုက်ကြတယ်။ အခုလို ထူးထူးခြားခြား ပန်းချီ လည်းပါတယ်။ ပန်းပုလည်းပါ တယ်။ စိတ်ဝင်စားစရာကောင်းတာက ဘာလည်းဆိုတော့ ကျော်သူက မော်ဒယ်(လ်)သဘောမျိုး ထိုင်နေတယ်ဆိုပေမယ့် ကျော်သူကို ရေးဆွဲကြတာမဟုတ်ဘဲနဲ့ ကျော်သူရဲ့ အတွင်းစိတ်ကို ဖော်ထုတ်ပြီးရေးဆွဲကြတာဆိုတော့ ကောင်းပါတယ်။ ပန်းချီဆရာအချင်းချင်းနဲ့လည်း ရင်းနှီးမှု၊ ချစ်ကြည်မှု၊ တစ်ယောက်ပညာ တစ်ယောက်ရမယ်ဆိုတော့ အင်မတန်ကောင်းပါတယ်။ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက် (နာရေးကူညီမှုအသင်း-ရန်ကုန်) အတွင်းရေးမှူး ကိုကျော်သူကတော့ တစ်ချိန်က အင်မတန်မှ ရုပ်ရည်ချောမောလှပတဲ့ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ပေါ့။ အဲဒီဘဝတုန်းက ဘယ်သူမှသူ့ကို ပန်းချီဆွဲပေးဖို့၊ ပန်းပုထုပေးဖို့ သူ့အလိုလို စိတ်ဝင်စား တဲ့လူမရှိခဲ့ဘူး။ အခုချိန်မှာ သူ့အလိုလို စိတ်ဝင် စားပြီးတော့ ရုပ်ရည်အနေနဲ့တော့ မလှတော့ဘူး။ အများ အကျိုးကို ရွယ်သယ်ပိုးတဲ့လူတစ်ယောက်၊ ဒီလူရဲ့စိတ်ဓါတ်ကို လေးစားလို့ လာရောက်ပြီး ရေးဆွဲကြတော့။ ကျွန်မ ဘာသွားမြင်လည်းဆိုတော့ စိတ်ဓါတ်ရဲ့ အနှစ်သာရက ရုပ်ရည်ပကာသ နထက် ပိုပြီးတော့ အင်အားကြီးတာကိုမြင်တယ်။ ရေးဆွဲကြတဲ့ ပညာရှင်တွေကလည်း အကာနဲ့အနှစ်ကို ခွဲတတ်တဲ့သူလို့ ကျွန်မနားလည်တယ်။ ကျော်ကျော်မြင့် (နာရေးကူညီမှုအသင်း-ရန်ကုန်) အသင်းသား အရင်ကနဲ့ အခုအချိန်မှာ ကွာခြားမှုကတော့ အကြီးကြီးဖြစ်သွားပြီ။ အရင်တုန်းကတော့ မင်းသား တစ်ယောက်အမြင်နဲ့ သိကြတယ်။ အခုက ပြည်သူတွေကို အကျိုးပြုနေတဲ့ ပရဟိတဆိုတော့ မင်းသားနဲ့ ပရဟိတသမား ပြည်သူတွေကိုပေးဆပ်တဲ့ အနေအထားခြင်းလည်း အရမ်းကွာသွားပြီ။ အဲဒီအတွက်လည်း အရမ်းဝမ်းသာပါတယ်။ ဝင်းလဲ့ဇင် (နာရေးကူညီမှုအသင်း-ရန်ကုန်) အသင်းသူ ဒီနေ့မြင်ကွင်းလေးက ကြည်နူးဖို့အရမ်းကောင်းပါတယ်။ ဘာပဲပြောပြော မင်းသားဘဝတုန်းက အခုလိုမျိုးမရှိခဲ့ဘူး။ အခု လိုမျိုး လူမှုရေးလုပ်ငန်းတွေ လုပ်တဲ့အခါကြတော့ သူ့ပုံတူတွေလည်းဆွဲတယ်။ ပန်းပုထုကြတယ်ဆိုတော့ အရမ်းလည်း ဂုဏ်ယူဖို့ကောင်းပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ပန်းချီ၊ ပန်းပုပညာရှင် (၄ဝ) ဦးတို့၏ မတူညီသော ရေးချက်များ၊ ရေးပုံ ရေးနည်း ပညာရပ်များတို့ ကြောင့် ဦးကျော်သူ၏ ပုံရိပ်လွှာများ၊ ပန်းချီကားများသည် ဦးကျော်သူကိုယ်ပွား ရုပ်ပုံလွှာ (၄ဝ) ထွက်ရှိလာခဲ့သော်လည်း ဦးကျော်သူ၏ အတွင်းစိတ်သဏ္ဍာန် ခံယူချက်များသည်ကား ပုံရိပ်လွှာတိုင်းတွင် ထူးခြားစွာဖြင့် တစ်ခုတည်းသော စိတ်အစဉ်ကို ဖော်ပြနေခြင်းအား တွေ့မြင်လိုက်ရ တော့သည်။ ကိုကျော်သူ |
Posted: 06 Aug 2012 04:52 PM PDT
ရှစ်လေးလုံး လူထုအုံကြွမှုကြီး နှစ်ပတ်လည်အခမ်းအနားတွေ ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်း ၂၄ နှစ် တိုင်ခဲ့ပြီ။ ရှစ်လေးလုံး အဖြစ်အပျက်တွေကို ကိုယ်တိုင်သိမီကြုံတွေ့ခဲ့သူများအဖို့ အတိတ်ကာလမြင်ကွင်းတွေအကြောင်း ပြန်တွေးကြည့်မိသောအခါ မနေ့တနေ့က ဖြစ်ပျက်ခဲ့သလို ပုံရိပ်တွေ ပီပြင်ထင်ရှား အသက်ဝင်လှုပ်ရှားနေဆဲ ဖြစ်တုန်းပင်။ ထိုအချိန်က ခေတ်သစ်မြန်မာ့သမိုင်းမှာ အထူးခြားအကြီးကျယ်ဆုံး လူထုလှုပ်ရှားမှုကြီးဖြစ်သည့် ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး တကယ်ဖြစ်လာနိုင်ခြေ ရှိမှရှိပါ့မလားဟု အတွေးသံသယကြီးစိုးနေသူတွေလည်း တပုံတပင်။ ရှစ်လေး လုံးအကြိုကာလလေးမှာပင် ကျနော်နှင့်အိမ်နီးချင်း ဦးစိန်တို့ ဆွေးနွေး ငြင်းခုံခဲ့ဖူးသည်ကို အမှတ်ရ နေမိပါသည်။ အဲဒီတုန်းက အင်းလျားကန်နံဘေး လမ်းနီလေး ကားမှတ်တိုင်အနီးရှိ စက်မှု(၁) ဝန်ကြီးရုံးမှာ ကျနော် နေ့စားဝန်ထမ်းလုပ်နေခဲ့ သည်။ ရန်ကုန်မြို့တွင်းဟိုနေရာသည်နေရာတွေမှာ ကျောင်းသားလှုပ်ရှားမှုတွေ ဖြစ်ပေါ်နေသည့် သတင်းတွေကို မကြာခဏ ကြားသိ ခဲ့ရသည်။ တက္ကသိုလ်ကျောင်းတွေ ပိတ်ထားသည့်တိုင် ကျောင်းသားလှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ အထက်တန်းကျောင်းတွေမှာလည်း ကျောင်းသားတွေ စုရုံး စုရုံး ဖြစ်နေကြသည်။ ကျောင်းသားအဖွဲ့တွေက သြဂုတ်လ ဂ ရက်နေ့မှစ၍ မဆလတပါတီအာဏာရှင်စနစ်ကို တတိုင်းပြည်လုံး ဆန့်ကျင်ဆန္ဒပြကြရန် တပ်လှန့် နှိုးဆော် စာတွေဖြန့်ဝေ ထားသည်။ …………………………………………….(၂)…………………………………… တနေ့.. ရပ်ကွက်ထဲက စက်ချုပ်ရုံတခုမှာ အလုပ်ဝင်နေသော ကျနော့်အမျိုးသမီး အိမ်ပြန်နောက်ကျနေသဖြင့် အလုပ်ရုံရှိရာ ကျနော်လိုက်သွားမိသည်။ ကျနော် လိုက်လာတာကိုတွေ့တော့ အလုပ်ရုံပိုင်ရှင် ဘကြီးလှ က အိမ်ပေါ်တက်ခဲ့ဖို့ခေါ်သည်။ "လာဟေ့.. ဒီနေ့ ဘကြီးမြို့ထဲကပြန်ရောက်တာနောက်ကျလို့ အလုပ်တွေ လက်စမသိမ်းနိုင်သေးဘူး ဖြစ်နေတာ" သူ့ရှေ့မှာ ပိတ်စတွေ ဟိုတပုံ သည်တပုံ.. အမျိုးအစားအလိုက် စစ်ဆေးနေရာချ နေတာဖြစ်သည်။ မြို့ထဲက အသင့်ညှပ်ပြီး အထည်စတွေကို ဘကြီးလှတို့အလုပ်ရုံမှာ အထည်စားပုတ်ပြတ်ဈေးဖြင့် ယူချုပ်သည်။ နောက်နေ့မှာ အသင့်ချုပ်နိုင်အောင် ယခုကတည်းက သူ့အတွဲနှင့်သူ နေရာချထားရသည်။ ထိုင်ခုံအလွတ် တခုပေါ် ကျနော်ဝင်ထိုင်လိုက်သည်ဆိုရင်ပဲ ဘကြီးလှလည်း ကျနော့်ဘေးက ခုံမှာ လာထိုင် သည်။ ပြီးတော့ ကျနော့်ကို လက်တို့ကာ… "ဒီနေ့ ဘကြီး မြို့ထဲကို ပစ္စည်းသွားအပို့.. ကျောင်းသားတွေနဲ့လုံထိန်းတွေ ရုန်းရင်း ဆန်ခတ်ဖြစ်နေတာ တွေ့ခဲ့ရတယ်။ လုံထိန်းတွေ တော်တော်ရက်စက်တယ်ကွာ.. တွေ့ရာလူကို အတင်းသိမ်းကြုံး ရိုက်တာပဲ… ဘေးကလူတွေပါ မခံနိုင်တော့လို့ ကျောင်းသားတွေဘက်က ဝင်ပါကုန်ကြတယ်ကွ… လူအုပ်ကြီး ဖြစ်လာတော့ ကားလမ်းတွေပါ ပိတ်သွားတယ်.. ပြီးတော့ တီအီးကားပေါ်ကို လူတွေအများကြီး တင်ခေါ်သွား တာလည်း တွေ့ရတယ်.. ခက်ပါတယ်ကွာ" "ဟုတ်တယ် ဘကြီးရေ… ဒီလိုပုံစံနဲ့ဆို လူတွေအကုန်လုံး အုံကြွထလာတာ့မှာ" "မင်းကလည်း အရေးထဲ စိတ်ကူးယဉ်နေပြန်ပြီ… ဟိုက တကယ်ပစ်လားခတ်လားလုပ်ရင် ဘယ်သူတွေခံနိုင် မှာလဲ.. မင်း ကျောင်းသားတွေ လက်ထဲမှာ ဘာလက်နက်ရှိလို့လဲ" ကျနော်တို့ ကြားမှာ ရုတ်တရက် ဖြတ်ပြောလိုက်သူက ဦးစိန်။ ဦးစိန်က ဘကြီးလှ ယောက်ဖဖြစ်ပြီး အဲဒီအလုပ်ရုံမှာရှိတဲ့ အပ်ချုပ်စက်တွေ ပြုပြင်ပေးသူ။ သူ့အဆက်အသွယ် နှင့်ပင် ကျနော့် အမျိုးသမီး အလုပ်ရတာဖြစ်သည်။ ဦးစိန်နှင့်ကျနော်က အိမ်နီးချင်းဖြစ်သည့်အပြင် စာဖတ် ဝါသနာတူသူချင်း ဖြစ်သဖြင့် ရင်းနှီးနေကြခြင်းဖြစ်၏။ သူ့အိမ်မှာ ကျနော်ဖတ်ချင်သော စာအုပ်တွေ တပုံတပင် ရှိသည်။ အလုပ်နားရက်များတွင် သူနှင့်ကျနော် လက်ဘက်ရည်ဆိုင်ထိုင်းရင်း စာအကြောင်း ပေအကြောင်းတို့ထိ ဆွေးနွေးဖြစ်ကြသည်။ ဆွေးနွေးသည်ဆိုသော်လည်း စာဖတ်သက်နာပြီး အတွေ့အကြုံရင့်ကျက်သော သူကပင် ဒိုင်ခံပြောတာဖြစ်၍.. ကျနော်က နားထောင်ပေးသူတဦးသာ။ တခါတလေ ကိုယ်သိချင်တာတွေကို သူ့ထံ မေးမြန်းရသည်။ မည်သို့ရှိရှိ ယခုကိစ္စမှာတော့ သူနဲ့ကျနော် အမြင်ကွဲပြားနေပေပြီ။ "ကျနော့်အမြင်ကတော့ လူထုအုံကြွမှုကြီး ဖြစ်ကိုဖြစ်လာလိမ့်မယ် ယုံကြည်နေတယ်ဗျ.. ဘာဖြစ်လို့လဲဆိုတော့ လူတွေသည်းခံ နိုင်မှု ကုန်ဆုံးနေပြီ။ မဆလအာဏာပိုင်တွေ အနိုင်ကျင့်ရက်စက်တာလည်း ကမ်းကုန်နေပြီ.. ဦးစိန် မယုံရင်ကြည့်… ၁၃၀၀ ရာပြည့်အရေးတော်ပုံလိုမျိုး ဖြစ်လာမှာ အသေအချာပဲ" "အေး.. ငါကတော့ မထင်ဘူးကိုယ့်လူ… လူဆိုတာ ဘယ်လောက်နာကျည်းပစေ.. ကိုယ့်အသက်တော့ နှမြောသကွ… သူများပစ်တဲ့ကျည်ဆံရှေ့ အသားလွတ်ရင်ကော့ အသေခံမယ့်သူ ဘယ်နှစ်ယောက်ရှိ မှာတုန်း.. မင်းစဉ်းစားကြည့်ပေါ." "ငတ်နေတဲ့လူတွေက သေဖို့ကြောက်ပါတော့မလား.. ဦးစိန် ကျနော့်ကိုပြောပြဖူးတယ်လေ.. ပြည်တွင်းစစ်ဖြစ်စ တုန်းက မထင်းငတ်နေတဲ့လူတွေ ကျည်ဆံတရွှီရွှီ ကြားထဲမှာ ထမင်းထုပ်လုကြတယ်ဆို" "အဲဒါက ရန်ကုန်ဘဆွေရေးတဲ့ 'နှင်းန'ု ဝတ္ထုထဲမှာ ဖတ်ရတာ.. ခုကာလနဲ့ မတူဘူးကွ" "ကာလမတူပေမဲ့ လူထုဘဝငတ်ပြတ်မွဲတေတာချင်းတော့ မကွာဘူးထင်တယ်ဗျ" "မဖြစ်နိုင်ပါဘူးကွာ… ကျိန်းသေငါပြောရဲတယ်" "ဒါဆို ဦးစိန်နဲ့ကျနော် လောင်းကြေးထပ်မလား" "အံမာ… မင်းဘာကြေးလောင်းချင်လဲ.. ငါ့ဘက်ကတော့ အသင့်ပဲဟေ့" "ကောင်းပြီ… ရှစ်လေးလုံး တိုင်ပင်ခေါ်ထားတဲ့နေ့မှာ တကယ်ဖြစ်မဖြစ် စောင့်ကြည့်ကြတာပေါ့" ……………………………………………….(၃)………………………………………………….. ကျနော် ဦးစိန်နှင့် ယှဉ်ပြိုင်ငြင်းခုံနေရခြင်းမှာ အကြောင်းမဲ့တော့မဟုတ်။ မတ်လ ကျောင်းသားအရေးအခင်း ကာလအတွင်းတုန်းက ကျနော်ရွာမှာပင် ရှိနေသေးသည်။ ဧပြီလထဲမှာ ရန်ကုန်မှာတာဝန် ကျသည့် ကျနော်တို့ရွာက သူနာပြုဆရာမတဦး ရွာကို အလည်ပြန်ရောက်လာသည်။ သူ့ပြောပြချက်အရ မတ်လကျောင်းသား အရေးအခင်းမှာ ဒဏ်ရရခဲ့သည့် ကျောင်းသားတချို့ သူတာဝန်ကျရာ ဆေးရုံသို့ရောက်လာပြီး ကုသပေးခဲ့ရသည့်အကြောင်း သိရသည်။ မရှုမလှဒဏ်ရာရထားသော ကျောင်းသားလူငယ်တွေကိုကြည့်ကာ သူ့စိတ်ထဲမှာ မခံမရပ်နိုင် ဒေါသ ထွက်ခဲ့ ရသည် တဲ့။ "လူနာကုတင်ပေါ်မှာ မချိမဆန့် ဝေဒနာခံစားရင်း ညည်းညူနေတဲ့ကျောင်းသား ကျောင်းသူတွေကို မြင်ရတော့ ဦးနေဝင်း မျက်နှာကို မြင်ယောင်လာပြီး အစိမ်းလိုက်ဝါးစားပစ်ချင်စိတ် ဖြစ်မိတယ်" ပြောရင်း သူ့အသားတွေ တဆတ်ဆတ်တုန်လာပြီး မျက်လုံးတွေ မျက်ရည်ဝဲလာသည်။ သူ့ဘေးနားမှာ ထိုင်နားထောင်နေသည့် ရွာကလူတွေလည်း မျက်နှာမရွင်ပြနိုင်။ ရွာမှာရော ဘာထူးသေးလို့တုန်း… အစိုးရ စပါးတာဝန်ကျေစနစ်ဖြင့် တအိမ်ဆင်းတအိမ် တက် ပုတ်လှန်ကျီလှန်စနစ်ဖြင့် ထင်သလိုအနိုင်ကျင့်တာ ခံနေကြရသည်။ သတ်မှတ်ထားသော တာဝန်ကျေစပါး ပြည့်မီအောင် မပေးသွင်းနိုင်သည့် လယ်သမားတချို့ အဖမ်းခံထားရသည်။ ရွာစဉ်တလျှောက် ခွေးဟောင်သံတစီစီနှင့် မြို့နယ်လုံခြုံစီမံဥက္ကဌ ဦးဆောင်သော စပါးရှာဖွေရေးအဖွဲ့ ခြေရာတွေတင်းကြမ်းထပ်အောင် စပါးရဖို့ ပိုက်စိပ်တိုက်ရှာဖွေကြသည်။ မဆလခေတ်၏ နောက်ဆုံးနေဝင်ချိန်ကား အကြမ်းတမ်း အရိုင်းစိုင်းဆုံး ဘီလူးဆိုင်းတီးကာ အဆုံးသတ်ခရီးနှင် နေလေ၏။ လယ်သမားတွေ ကိုယ်စိုက်တဲ့စပါး ကိုယ်စားဖို့ပင် ချန်ထားခွင့်မရ၊ ကိုယ်ပိုင်တဲ့လယ် အချိန်မရွေး ဆုံးရှုံးရမယ့် အနေအထား၊ ဒီကြားထဲ တရားမဝင်ကြေညာထားသော ငွေစက္ကူတွေက ဘာမှအသုံး မဝင်တော့ လယ်သမားတွေမှာ ဒုက္ခ၊သုက္ခများတွေ တသီကြီးဝေနေတော့သည်။ လယ်သမားတွေ ဒူးနဲ့မျက်ရည်သုတ်နေရချိန်မှာ စပါးဒိုင်မှူးတွေ ငွေတွင်းမောက်နေသည်။ သူတို့ပြောသော ဆိုရှယ်လစ်အသီး အပွင့်ကား လက်တဆုပ်စာ ဆိုရှယ်ဗျူရိုကရက်တွေ အတွက်သာဖြစ်ချေ၏။ ထိုကာလ မြန်မာပြည် အနေအထားမှာ ပူပြင်းရာသီ တောမြိုင်လယ်မှာ သစ်ရွက်ခြောက်တို့ ထူထပ်စွာပြန့်ကျဲနေသည့်နှယ် ဘယ်နေရြာ ဖစ်ဖြစ် မီးပွားကျသည့်နေရာ မီးထတောက်ဖို့ အဆင်သင့်။ ထိုအချိန်မျိုးမှာ မဆလ အစိုးရက ငွေစက္ကူ တရားမဝင်ကြေညာ လိုက်ခြင်းနှင့် စက်မှုတက္ကသိုလ်ကျောင်းသားများကို အကြမ်းဖက်နှိပ်ကွပ်ပြလိုက် ခြင်းဖြင့် မီးစပျိုးပေးလိုက်ခြင်းဖြစ်ပေသည်။ မတ်လ ကျောင်းသားအရေးအခင်းအတွင်း အချုပ်ကားထဲမှာ ငါးပိသပ်ငါးချဉ်သိပ် ပြည့်ညပ်နေသဖြင့် မွန်းကျပ်သေဆုံးနေ သူတွေရော မသေမရှင်ဖြစ်နေသူတွေပါ သင်္ဘောပေါ်တင်ဆောင်သွားပြီး ပင်လယ်ဝမှာ ပစ်ချလိုက်သည် ဆိုသော သတင်းတွေ လည်း ကြားသိထားခဲ့သည်။ ……………………………………………(၄)……………………………………………….. သြဂုတ်လ ၈ ရက်နေ့မနက်ပိုင်းကတည်းက ကျနော့်စိတ်တွေ လှုပ်ရှားနေမိသည်။ ဘာတွေဖြစ်လာမလဲ.. ဘယ်လိုသတင်းတွေ ကြားရမလဲ နားစွင့်နေမိသည်။ အခြေအနေမှာ ညနေစောင်းသည့်တိုင် သိပ်မထူးခြားလှ။ မြို့ထဲမှပြန်လာသူတွေ ပြောတာက မြို့ထဲနေရာတချို့မှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့သည်ဟူ၍သာ။ ကျနော်နေထိုင်ရာ မြောက်ဥက္ကလာပမြို့နယ်က မြို့စွန်ပိုင်းကျသဖြင့် ပုံမှန်အခြေအနေအတိုင်း ဖြစ်နေသည်။ ဒီအတိုင်းဆို ဦးစိန်နဲ့ လောင်းကြေးထပ်ထားတာ ကျနော်ရှုံးရတော့မည့် အခြေအနေ။ ည ၇ နာရီကျော်ကျော်လောက် ကျနော်တို့ထမင်းစားနေတုန်းအချိန် လူအုပ်ကြီး အော်ဟစ်ကြွေးကြော်သံတွေ မသဲမကွဲကြားနေ ရသည်။ အသံတွေကတဖြည်းဖြည်း နီးလာပြီး ပီပီသသဖြစ်လာသဖြင့် လမ်းထိပ်သို့ ထွက်လာခဲ့ရာ မှိန်ပြပြလျှပ်စစ်မီး အ လင်းရောင်အောက်မှာ ခေမာသီလမ်းမကြီးအတိုင်း ချီတက်လာသော ဆန္ဒပြလူတန်းကြီးကို တွေ့လိုက်ရသည်။ မီးတုတ်ကို င်ဆောင်ထားသူများ၊ ခွပ်ဒေါင်းအလံ၊ ကြယ်ငါးလုံးပါအလံ ကိုင်ဆောင် ထားသူများ၊ နဖူးမှာ အဝတ်နီစည်းနှောင်ထားသူများ ကလေးလူကြီး ယောက်ျားမိန်းမ စုံလင်စွာ ပါဝင်သည်။ ဂိတ်ဟောင်းလမ်းဆုံဘက်မှ ပတ်ထွက်လာသော လူတန်းကြီးမှာ ကား လမ်းမအပြည့်နီးပါးဖြစ်နေပြီး ရှေ့ဆုံးက သွားသူတွေ ကန်သာယာလမ်းဆုံဘက်လောက်ရောက်သည့်တိုင် လူတန်းကုန်ဆုံး သွားခြင်း မရှိပေ။ လမ်းမပေါ် ထွက်ကြည့်သူတွေလည်း လူတန်းကြီးထဲမှာ ရောပါသွားကြသည်။ နေ့တွင်းချင်းပင် ရန်ကုန်မြို့ အနှံ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ကူးစက်သွားသည်။ လူထုလှုပ်ရှားမှုကြီး တကယ်ဖြစ်ပြီ။ နောက်နေ့ သြဂုတ် ၉ ရက်မနက်ပိုင်း ကျနော် အလုပ်သွားချိန်မှာ မထသယာဉ်လိုင်းတွေ ပုံမှန်ပြေးဆွဲနေသည်။ နေ့လည်ပိုင်း
ကျနော် အလုပ်မှာရှိနေတုန်း တံတားလေး ခုံးကျော်တံတားအနီးမှာ ပစ်ခတ်မှုဖြစ်ပွားသည်ဟု သိရ၏။ ညနေပိုင်း အလုပ်ပြန်လာချိန်မှာတော့ မြောက်ဥက္ကလာဘက်သို့ပြေးဆွဲသော ယာဉ်လိုင်းများ မရှိ တော့ပြီ။ တံတားလေးလမ်းဝ
(နဝဒေးမှတ်တိုင်) မှာဆင်းပြီး အိမ်သို့ ခြေကျင်လမ်းလျှောက်ပြန်ရန်သာ ရှိတော့သည်။
ကားပေါ်မှဆင်းပြီး ခုံးကျော်တံတားဘက်လျှောက်လာခဲ့ရာ တံတားအဆင်းနားမှာ သံဆူးကြိုးအတားအဆီးများ ချထားသည်ကို
တွေ့ရသည်။ ခုံးတံတား အလယ်တည့်တည့်လောက်မှာ စစ်စိမ်းရောင် တီအီးကားတစီး ရပ်နား ထားသည်။
ခုံးတံတားပေါ်မရောက်မီ (၁)ရပ်ကွက်ဘက်သို့သွားသော လမ်းကြားမှတဆင့် မြို့ပတ်ရထားလမ်းပေါ်တက်၍ ပစ်ခတ်မှု ဖြစ်ပွားသော နေရာကိုလှမ်းကြည့်ရာ မြင်ကွင်းမရှင်းလင်းသဖြင့် ရထားလမ်းအတိုင်း တံတားလေး ဘူတာနား အထိ
လျှောက်လာခဲ့သည်။ ဘူတာစင်္ကြန်လမ်းနှင့် သံလမ်းတလျှောက် ဂုံးတံတားဆီသို့ လှမ်းမျှော် ကြည့် နေသူတွေ အများကြီး။
သူတို့ မျက်ဝန်းတွေမှာ ဝမ်းနည်းကြေကွဲမှု၊ ခံပြင်းဒေါသရိပ်တွေ အထင်းသား ပေါ်လွင် နေ၏။ မိန်းခလေးတချို့ ရှိုက်ငိုနေတာ
တွေ့ရ၏။
ကျနော်လည်းဘူတာနောက်ပိုင်းလူသွားလမ်းမှကတ္တရာလမ်းဘက်ကိုကူးလာပြီး၅လမ်းမှတ်တိုင်ဘက်ကို ပြန်လှည့်လာခဲ့သည်။ အခုမှ မြင်ကွင်းကို သေချာတွေ့ရတော့သည်။ ခုံးကျော်တံတားမှ ၅ လမ်းမှတ်တိုင်ဘက်အဆင်း မှာလည်း သံဆူးကြိုးအတား
အဆီးတွေချထားပြီး သံဆူးကြိုးတွေ နောက်နားမှာ သေနတ်ကိုအသင့်အနေထားကိုင်ကာ ရပ်နေသော စစ်သား သုံးလေးဦးကို
တွေ့ရ၏။ သူတို့နဲ့ မလှမ်းမကမ်းမှာ ဆက်သွယ်ရေးစက်ဖြင့် စကားပြောနေ သူတဦးကိုတွေ့ရလေသည်။
ကတ္တရာလမ်းမပေါ်မှာတော့ ဖိနပ်တွေ၊ ထမင်းထုပ်တွေ၊ မုန့်ထုပ်တွေ၊ အချိုရည်ဗူးတွေ၊ လက်ကိုင်ပုဝါတွေ ကစင့်ကလျားပြန့်
ကျဲနေသည်။ ရှေ့ဆုံးမှပိတ်ကာ ချထားသော သံဆူးကြိုးနှင့် ၁၀ ကိုက်လောက်အကွာမှာ ပေပါပုံးခွံတခု လမ်းဘေးသို့ လိမ့်
ကျနေပြီး သွေးကွက်တွေ စွန်းထင်းနေတာ တွေ့ရပြန်သည်။ လမ်းအလယ်ပိုင်း မှာလည်း သွေးတွေ အကွက်လိုက် အကွက်လိုက်
မြင်မကောင်းအောင် ရှိနေ၏။ သွေးကွက်တခုပေါ်မှာ မှန်ကွဲကြေမွနေသော ဓာတ်ပုံဘောင်တခု။ ပြီးတော့ လမ်းပုခုံးစောင်း
ရေအိုင်စပ်တွင် ရွှံ့အလိမ်းလိမ်းပေကျံ နေသော ကျောင်းစိမ်းလုံချည် တထည် နှင့် ဝါးအရိုးတံကျိုးပဲ့ပြီး စက္ကူပန်းခြုံမှာ ရစ်
ပတ်ငြိတွယ် နေသော အလံတလက်။
အနီးပတ်ဝန်းကျင်ရှိ လက်ဘက်ရည်ဆိုင်များ သီချင်းဖွင့်သံ တိတ်ဆိတ်လျက်။ ဆိုင်ထဲမှာ လူအချို့သာ ထိုင်နေ သည်။ ထိုစဉ်
ဆိုင်အတွင်း စားပွဲဝိုင်းတခုဆီမှ ခပ်အုပ်အုပ်စကားသံ ထွက်ပေါ်လာတာ ကြားလိုက်ရသည်။ "စစချင်း ပစ်တုန်းက လူ
အုပ်ပေါ်ကျော်ပစ်တာကွ.. နောက်မှ လူအုပ်ထဲပစ်ထည့်လိုက်တာ.. တောက်.. တော်တော်ရိုင်းစိုင်းယုတ်မာတဲ့ကောင်တွေ"
ကိုယ့်ရှေ့မှာတင် ပစ်ခတ်နေတာ ကြုံလိုက်ရသူများမပြောနှင့် နောက်ကျမှ ရောက်လာပြီး မြင်တွေ့ရသူများပင် ရင်မချိအောင်
ခံစားရသည့် အနိဌာရုံမြင်ကွင်းများ…။
ကစင့်ကလျား မြင်ကွင်းတွေကို ကြည့်နေရင်း ရင်ထဲမှာ မွန်းကျပ်တစ်ဆို့လာသည်။ ထင်မှတ်မထားသော ရက်စက်မှုတွေ
တကယ်ဖြစ်သွားပါလား။ မြောက်ဥက္ကလာသားတွေ ပွဲဦးထွက်အထိနာခဲ့ရပြီ။
……………………………………………………….(၅)………………………………………………………. ညနေ အတော်စောင်းပြီမို့ လေးကန်သောခြေလှမ်းများဖြင့် ကျနော် အိမ်ပြန်လာခဲ့သည်။ အိမ်ရောက်သည့် အခါ အိမ်ပေါ်မ
တက်သေးဘဲ လွယ်အိတ်ကို အိမ်ပေါက်ဝနောက်နားမှာချိတ်ကာ ဦးစိန်အိမ်ဘက်ကို ထွက်လာ ခဲ့၏။ ဦးစိန်ကို အိမ်ရှေ့
ကုလားထိုင်ပေါ်မှာမှီလျက်သားထိုင်နေတာ အခန့်သင့်ပင် တွေ့ရသည်။ သူ့မျက်နှာ နွမ်းလျညှိုးရော်လျက် မှိုင်တွေငေးငေး
ဖြစ်နေသည်။ ခါတိုင်းလို မျက်မှန်တပ်မထားပေ။ ကျနော့်ကိုမြင်တော့ အတန်ကြာ စူးစူးစိုက်စိုက် ကြည့်နေပြီးမှ တုန်ရီလှိုက်မော
သံလေးလေးကြီးဖြင့်…
"ငါ့တွက်ကိန်း တက်တက်စင်အောင် လွဲသွားပြီကွာ" ဟုပြော၍ မျက်နှာလွှဲသွားပြန်သည်။ ကျနော်သူ့ကို အနိုင်ယူစကားမဆိုချင်တော့…။ မုန်တိုင်းက ကျနော်တို့ကို ရိုက်ခတ် လှုပ်နှိုးလိုက်လေပြီ။ …………………………………………………………………………………………………………… ရှစ်လေးလုံး အရေးတော်ပုံအတွင်း ကျဆုံးသွားခဲ့သော ရဟန်းရှင်လူပြည်သူအပေါင်း ကောင်းရာသုဂတိ ရောက်ကြပါစေ… ဝေမော် ၄ သြဂုတ် ၂၀၁၂ |
Posted: 06 Aug 2012 04:47 PM PDT
မေး-ကိုကိုကြီး တို့ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားအဖွဲ့ ကနိုင်ငံတော် အစိုးရအဖွဲ့နဲ့ ဘယ် လောက်အတိုင်း အတာ
အထိပူးပေါင်းဆောင်ရွက် သွားမယ်လို့ ဆုံးဖြတ်ထားလဲ။ ကိုကိုကြီး- အ ခု ကတော့ ကျွန် တော် တို့ ထင် ထင်ရှားးရှား ဆို ရင် အ လုပ် သ မား တွေ လုပ်ခ လစာနဲ့ ပတ် သက် တဲ့ ပဋိပက္ခတွေ အဲဒီ့ ကိစ္စတွေမှာ ကျွန်တော် တို့တော်တော် များ များ ပူးပေါင်း ဆောင် ရွက် နိုင်ခဲ့ပါတယ်။ အခု ဆိုရင် စက် ရုံ လေး ဆယ် လောက် နီးပါးမှာ ကျွန်တော်တို့ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားများ အဖွဲ့ ကနေ ကြားဝင်ပြီးတော့ ဆောင်ရွက် ပေးတာ တော်တော် များများ ပြေလည် ခဲ့တယ်။မြေယာ သိမ်းဆည်း မှုတွေနဲ့ ပတ်သက် ပြီး တော့လည်းတစ်ချို့ဟာတွေမှာသက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေလက်ထဲရောက်အောင်သိရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါ တယ်။ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ရှိရင်လည်း ကျွန်တော်တို့ဆောင်ရွက်နေဆဲပဲပေါ့၊မကြာသေးခင်က ကေအိုင်အို ဌာနချုပ်ကို ကျွနိတော်တို့ထဲကနေသွားခဲ့တယ်။ သွားပြီးတော့ ဟိုမှာရှိနေတဲ့အခြေအနေ ဘာတွေကွာဟနေနိုင်သလဲဆိုတာတွေ လေ့လာနိုင်ခဲ့တယ်။ တခြားအပိုင်းမှာလည်းပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် စောင့် ကြည့်လေ့လာတဲ့ကွန်ယက်ဖွဲ့ပေးပြီးလုပ်နိုင်ခဲ့တယ်။ နယ်ပယ် အတော်များများမှာတော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ မေး - ဒါဆို နိုင်ငံတော်အစိုးရနဲ့ ကိုကိုကြီးတို့ရဲ့လက်ရှိပူးပေါင်းဆောင်ရွက်မှုကို ရှစ်ဆယ့်ရှစ်အနေနဲ့ အနာဂတ်စိတ်ကူး မြေပုံရဲ့ ပန်းတိုင်ကို ဘယ်လောက်အထိ မျှော်မှန်းထားလဲ။ ကိုကိုကြီး - ကျွန်တော်တို့ဟာ တကယ့်တကယ်ကျတော့ အစိုးရတွေဆိုတာက သက်ဆိုင်ရာ သတ်မှတ်တဲ့ သက်တမ်းတစ်ခုပဲခံ တာပါ၊ ထာဝရတည်တံ့တာက ပြည်သူတွေပါ၊ ဆိုလိုတာကကိုယ့်နိုင်ငံသား ပြည်သူတွေရဲ့ အကျိုးစီးပွါးကို ဆောင်ရွက်နိုင်ဖို့က ထာဝရ ရည်မှန်းချက်ပါ။ အစိုးရတစ်ဖွဲ့နဲ့ အဆင်ပြေဖို့ နားလည်မှုရဖို့ဆိုတာက တစ်ခဏပါ၊ သက်တမ်းတစ်ခုစာပါ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် ဒီနိုင်ငံသားတွေ အကျိုးစီပွါးကို အာမခံချက်ပေးနိုင်မယ့် ဥပဒေမျိုးတွေ အကြံပြုဖို့၊ နိုင်ငံသား အကျိုးစီးပွါးကို ထိခိုက်နေတယ်လို့ ထင်ရတဲ့ ဥပဒေတွေ နောက်တစ်ခါ ဒီလို အကြောင်းကိစ္စတွေနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော် တို့က ရပ်တည်ပြီးတော့ ဖေါ်ထုတ်တင်ပြဖို့ ဆက်ပြီးဆောင်ရွက်သွားမယ်။ မေး-အကိုတို့က အောက်ခြေပြည်သူတွေခံစားနေရတဲ့ အရာတိုင်းမှာလိုက်ပါဆောင်ရွက်ပေးနေတော့ လက်ရှိအစိုးရနဲ့ ဆက် လက် ပူးပေါင်းဆောင်ရွက်မှုမှာ အကိုတို့ကို ယုံကြည်မှုပိုရှိလာအောင် ဘယ်လို ဆက်လုပ်ဖို့ရှိလဲ။ ကိုကိုကြီး-ကျွန်တော်ကတော့ ကျွန်တော်တို့ကို ယုံကြည်ပါလို့တောင်းဆိုနေစရာမလိုဘူးလို့ဘဲမြင်တယ်။ အလုပ်လုပ်ကြည့်ရင်းနဲ့ ကျွန်တော်တို့ သဘောထားကို လူကြီးတွေ သိလာလိမ့်မယ်။ လက်ခံလာလိမ့်မယ်။ ဥပမာဆိုလို့ရှိရင် ယုံကြည်မှုဆိုတဲ့ကိစ္စက အလုပ်သမား အငြင်းပွါးမှုကိစ္စတွေ ဖြေရှင်းတဲ့အချိန်မှာ အလုပ်ရှင်ဘက်ကရော အလုပ်သမားဘက်ကရောပူးပေါင်းဆောင်ရွက် ထိတွေ့ကြတယ်။ ကျွန်တော်တို့က အလုပ်သမားပြောသမျှ အလုပ်သမားလုပ်သမျှ မှန်တယ်ဆိုတာမျိုး မဟုတ်ဘူး။ အလုပ်ရှင် ဘက်က အခက်အခဲ၊ သူတို့ဘယ်လောက်အထိ ညှိုနှိုင်းဆောင်ရွက်ပေးနိုင်သလဲဆိုတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ပဲ ကြားဝင်ဆောင်ရွက်ပေးပါတယ်။ အဲဒီအခါကြတော့နှစ်ဘက်စလုံးကနေပြီးတော့ ယုံကြည်မှုရတယ်။ အဲဒီတော့ ယုံကြည်မှုဆိုတဲ့ ကိစ္စက အလုပ်နဲ့ပဲ တည်ဆောက်လို့ရတယ်လို့ ကျွန်တော်မြင်တယ်။နိုင်ငံတော်အကြီးအကဲတွေနဲ့ ပတ်သက်လို့ရှိရင်လည်း ကျွန်တော်တို့ဘက်က ဘာလုပ်လုပ် ဆန့်ကျင်နေတယ် ဆိုတာမျိုး ကျွန်တော်တို့ လူချင်းမထိတွေ့နိုင်ခင်တုန်းက လုံခြုံရေး အဖွဲ့ အစည်းတွေတင်တဲ့ ရီပို့(အစီရင်ခံစာ)တွေပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ကြတယ်။ အခုကြတော့ လူချင်းတွေ့တယ်၊ ကျွန်တော်တို့ ပွင့်ပွင့်လင်း လင်း ပြောတယ်ဆိုတာလည်း လူကြီးတွေ လက်ခံတယ်။ ကျွန်တော်တို့ ပြောစရာရှိရင်ပြောတယ်။ အရင်ကလည်းပြောတယ်၊ အခုလည်းပြောတယ်။ ဒါပေမယ့် တကယ် ကျွန်တော်တို့ နိုင်ငံသားတွေအတွက် အကျိုးရှိမယ့်ကိစ္စမျိုး အခက်အခဲတွေဖြေရှင်းနိုင်မယ့်ကိစ္စမျိုးတွေဆိုရင် တတ်နိုင်သမျှပူးပေါင်းဆောင်ရွက်တယ်။ အဲဒီလိုလုပ်ရင်းနဲ့ပဲ ကျွန်တော်တို့ အပေါ်မှာ ယုံကြည်မှုရလာတယ်လို့ ထင်တယ်။ မေး-ဒါဆိုရင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်နယ်အဆင့် လူတွေကရော သူတို့ဘက်က ယုံကြည်မှုပေးပြီးတော့ အကိုတို့နဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးရှိလား။ ကိုကိုကြီး-ပြည်ထောင်စုအဆင့် တာဝန်ရှိတဲ့လူတွေက ဆုံးဖြတ်ရဲတယ်၊ တာဝန်ယူရဲတယ်၊ ဘာကြောင့်လည်း ဆိုတော့ သူတို့က ဥပမာအားဖြင့်နိုင်ငံတော်သမ္မတကြီးနဲ့ နီးနီးစပ်စပ် နေတဲ့လူတွေဆိုလို့ရှိရင်သမ္မတကြီးကိုက ပြုပြင်ပြောင်းလဲချင်တယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် သူတို့က ပြုပြင်ပြောင်းလဲဖို့ ၀န်မလေးဘူး။ အောက်ခြေမှာကြတော့ သူတို့က တစ်ချိန်တုန်းက ကျွန်တော်တို့ကို အတိုက်အခံတွေ သပိတ်ခေါင်းဆောင်တွေလို့ ယူဆထားတဲ့ မြင်ထားတဲ့ သူတွေကို ဆက်ဆံလိုက်ရင် သူတို့ရဲ့ တည်ဆဲ အနေအထားကို ထိခိုက်သွားမလား။ တစ်ခုခုဖြစ်ရင် ဘယ်သူက တာဝန်ယူမလဲဆိုတဲ့ကြောင့်ကျစိတ်မျိုးရှိတဲ့ အခါကြတော့ သူတို့က ရဲရဲတင်းတင်း မဆက်ဆံရဲဘူး။ သူတို့က အစဉ်အလာပုံစံအတိုင်းပဲ လူတွေကိုဘာမှ ခွင့်မပြုတာ အရင် အတိုင်းဆို ဘာမှပြဿနာ မရှိဘူး။ တစ်ခုခုဖြစ်လို့ရှိရင် ငါပြဿနာတက်လိမ့်မယ်၊ ငါဒုက္ခရောက်လိမ့်မယ်ဆိုတဲ့ ကြောက်စိတ်နဲ့ သူတို့ကကျွန်တော်တို့နဲ့ဆက်ဆံရေးကို တွန့်ဆုတ်နေတယ်။ ပြဿနာက တာဝန်ယူမှုပြဿနာ ထိပ်ပိုင်းကလူတွေက ဒါလုပ်မယ်၊ တာဝန်ယူရဲတယ်။ အောက်မှာကြတော့ ခုနကပြောသလို လက်ရှိအခြေအနေကနေ ပြုပြင်ပြောင်းလဲမှုတစ်ခုခုလုပ်လိုက်တယ်၊ ဘယ်သူတာဝန်ယူမလဲ ဆိုတဲ့ဟာကို သူတို့အတွက်အာမခံချက်မရှိဘူး။ မရှိတော့ ပြုပြင်ပြောင်းလဲမှု လုပ်တာထက်စာရင် အရင် အတိုင်းနေတာက သူတို့အတွက် သက်တောင့်သက်သာရှိတယ်။ အဲဒီ့အခြေအနေဖြစ်နေတော့ ကျွန်တော်တို့ အောက်ခြေတွေ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့အခါ အောက်ခြေမှာ နွေးထွေး မှုမရှိဘူး။ ရင်းနှီးမှုမရှိဘူး။ လူပုဂ္ဂိုလ်ချင်း ထိတွေ့မှုလည်း မရှိတဲ့အတွက်ကြောင့် နားလည်မှုလည်း မရနိုင်ဘူး။ နယ်တစ်ခုသွားတယ်ဆိုရင် အဲဒီ့နယ်က အုပ်ချုပ်ရေးအရာရှိတွေ သက်ဆိုင်ရာ ဌာနဆိုင်ရာ အရာရှိတွေနဲ့လည်း ကျွန်တော်တို့က ဆက်ဆံချင်တယ်၊ ရင်းရင်းနှီးနှီးဆက်ဆံချင်တယ်။ ဆက်ဆံမှ သူတို့ကျွန်တော့်အကြောင်းသိမယ်၊ အခုကတော့ သူတို့ကလည်း မဆက်ဆံရဲဘူး၊ မဆက်ဆံရဲဘဲနဲ့ အဝေးကနေပဲလှမ်းပြီးတော့ တားမြစ်တာတို့ ဟန့်တားတာတို့ ဆိုတဲ့ဟာတွေကို အဝေးကနေပဲ လှမ်းလုပ်နေတယ်။ ကျွန်တော်တို့နဲ့ မထိတွေ့နိုင်ဘူး။ အဲဒါအခက်အခဲတစ်ခုလို့ ကျွန်တော်မြင်တယ်။ မေး-နယ်တွေကိုသွားရင် ဒီ့ထက်ကြီးမားတဲ့အခက်အခဲကရော ဘာတွေထပ်တွေ့ရသေးလဲ။ ကိုကိုကြီး-တစ်ခါတစ်လေကြတော့ ကျွန်တော်တို့ကိုကန့်သတ်တဲ့တားမြစ်တဲ့အမိန့်တွေဟာ ဘယ်အဆင့်က လာတာလဲလို့ မှန်းလို့မရဘူး။ ဥပမာအားဖြင့် တစ်ချို့ကိစ္စတော်တော်များများက ပြည်ထဲရေးကကိုင်တယ်၊ ဒီလိုမျိုး လုံခြုံရေး တင်းကြပ်တဲ့ကိစ္စ ထိန်းချုပ်တဲ့ ကိစ္စတွေက၊ အဲဒါဆိုရင် ဘယ်အဆင့်လောက်နဲ့ ဆက်သွယ်ပြီးမှနားလည်မှုရမလဲဆိုတာမှန်းလို့မရဘူး။ အခုကတော့ နားလည် မှုနဲ့ လုပ်နေကြတဲ့သဘောဖြစ်နေတယ်။ ကျွန်တော်တို့က လူကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာကိုလည်း အခုမီဒီယာတွေမှာပါနေပြီ၊ သိနေပြီဆိုတော့ အောက်ခြေကသက်ဆိုင်ရာပုဂ္ဂိုလ်တွေက မှန်းပြီးတော့ သြော်.. သူတို့ဒီလောက်ဆက်ဆံနေပြီဆိုတော့ ငါတို့ဒီလောက်တော့ ခွင့်ပြုလို့ရမလား၊ အန္တရာယ်များဖြစ်မလား၊ သူတို့က သူတို့ဘာ သာသူတို့ ချင့်ချိန်ပြီးတော့ တုန့်ပြန်နေတဲ့ သဘောမျိုး ဖြစ်နေတယ်။ မေး-ဒါဆိုရင် ပြည်ထောင်စုအဆင့်လူကြီးတွေ အကိုတို့နဲ့တွေ့ထားတဲ့လူတွေကပဲ သူတို့ရဲ့အောက်ခြေ အဆင့်အဆင့်က လူတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာညွှန်ကြားဖို့ အားနည်းနေတယ်လို့ယူဆတာလား။ ကိုကိုကြီး-အဲဒါကြတော့လည်း တစ်ခုပြဿနာရှိတယ်။ အခုအထိ ကျွန်တော်တို့က ပြည်ထဲရေးဝန်ကြီးအဆင့်နဲ့ ဆက်ဆံရတာ မရှိသေးဘူး။ သူတို့နဲ့ ရင်ဆိုင်ရတာတွေ အားလုံးက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ရဲတို့ မြို့နယ်မှုးတို့ဆိုတာတွေ အားလုံးက ပြည်ထဲရေး လက်အောက်ခံတွေ ဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်တို့က နယ်လှည့်တဲ့ အခါ လူထုနဲ့တွေ့ဆုံဆွေးနွေးတဲ့အခါတွေ အားလုံးမှာ ကျွန်တော်တို့နဲ့ထိပ်တိုက်တွေ့နေတယ်။ အဓိက ကျွန်တော်တို့နဲ့ ရင်ဆိုင် ရတဲ့ ပုဂ္ဂိုလ်များသည် ပြည်ထဲရေးဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်။ မေး-အဲဒီပုဂ္ဂိုလ်တွေက အကိုတို့ ဆန္ဒရှိသလို ပူးပေါင်းဆောင်ရွက်လာဖို့ သူတို့တွေကို ဘယ်လိုမျိုး ဖြစ်လာ စေချင်လဲ။ ကိုကိုကြီး-ကျွန်တော်တို့နိုင်ငံရဲ့ဖွဲ့စည်းပုံက ပြည်ထဲရေးဝန်ကြီးသည် တစ်နိုင်ငံလုံးရဲ့ ပြည်ထောင်စုအစိုးရ ဖြစ်နေတယ်၊ အစိုးရအဖွဲ့ဝင်ဖြစ်နေတယ်။ တစ်ဖက်က တိုင်းနဲ့ဒေသဆိုင်ရာ ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကလည်းရှိနေတယ်။ ဒါကဒီဘက်မှာ ရှိတဲ့ ဖွဲ့စည်းပုံပြဿနာ။ နောက်တစ်ခုက ကျွန်တော်တို့ကိုက ပါတီလည်းမဟုတ်ဘူး။ မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းလည်း မဟုတ်သေးတဲ့အတွက်ကြောင့် ကျွန်တော်တို့ကို တရားဝင် ဘယ်လိုဆက်ဆံမလဲဆိုတာ ပြောရရင် ပုံမှန်မဟုတ်တဲ့ ဆက် ဆံရေးတွေနဲ့ဘဲ သွားနေရတဲ့သဘောဖြစ်နေတယ်။ တကယ့်တကယ်ဆိုရင် ကျွန်တော်တို့ကလည်း ကျွန်တော်တို့ လုပ်သာကိုင်သာရှိတဲ့ အခြေအနေမျိုးဖြစ်ရင် ကျွန်တော်တို့လည်း မှတ်ပုံတင်မယ်၊ ကျွန်တော်တို့လည်း အဖွဲ့အစည်းတစ်ခုဖြစ်မယ်။ အဖွဲ့အစည်းတစ်ခုအနေနဲ့ ကိုယ်စားပြုပြီးတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ဆွေးနွေးမယ်။ အခုကျွန်တော်တို့ ဖြစ်နေတဲ့ဟာကတော့ ပြောရရင် အင်ဖေါ်မယ်ပဲ။ ပုံမှန်ဆက်ဆံရေး အခြေအနေ ဆိုတာထက်ကို နားလည်မှုနဲ့ သွားနေရတဲ့ အခြေအနေပုံစံပါပဲ။ မေး-ကိုကိုကြီးတို့ ရှစ်ဆယ့်ရှစ်နဲ့ နိုင်ငံတော်အစိုးရနဲ့ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားဖို့ရာ ဒီအခက်အခဲ တွေက ဘယ်လောက်အထိသက်ရောက်မှုရှိလဲ။ ကိုကိုကြီး-အဲဒါကျွန်တော်ထင်ပါတယ်၊ကျွန်တော်တို့လည်းအခုရှိနေတဲ့ တည်ဆဲအခြေခံအဆောက်အအုံထဲမှာ ပုံစံတစ်ခုခု စဉ်းစားကြရအောင်၊ တစ်ဘက်ကလည်း ကျွန်တော်တို့ကို အင်န်ဂျီအိုမှတ်ပုံတင် ဥပဒေလိုဟာမျိုးဟာ ကျယ်ကျယ်ပြန့်ပြန့် နိုင်ငံသားတွေ ပါဝင်လုပ်နိုင်အောင် သူတို့ဘက်က ပြင်ပေးဖို့ ကြိုးကိုကြိုးးစားပေးရမယ်။ ကြိုးစားပေးမှ ကျွန်တော်တို့လို အဖွဲ့အစည်းမျိုးတွေက တကယ်လို့ ပါတီမလုပ်ချင်ရင်လည်း ဒီအလုပ်တွေကိုပဲ ဆက်လုပ်ဖို့ဆိုရင် အင်န်ဂျီအို အနေနဲ့ မှတ်ပုံတင်ဖို့ လုပ်ရမယ်။ အခုတည်ဆဲ မှတ်ပုံတင်ဥပဒေတွေ အရကတော့ ကျွန်တော်တို့တွေ သွားလုပ်လို့မရဘူး။ ပြင်ရမှာက အကျယ်ကြီးပဲ။ မေး-နိုင်ငံတော်အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ဖို့ပုံစံတစ်ခုခုနဲ့သွားမယ်ဆိုတာ ဘယ်လိုပုံစံမျိုးနဲ့ သွားကြမယ်ဆိုတဲ့ စိတ်ကူး ရည်မှန်းချက်ပန်းတိုင်ကို သိချင်ပါတယ်။ ကိုကိုကြီး-နိုင်ငံရေးဆိုတာက ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာတွေ နိုင်ငံရေး ပါတီတစ်ခုအနေနဲ့ဆိုရင် အဲဒီ့ဘက်ကို တာဝန်ယူမယ့်သူတွေကလည်း ပုံစံတစ်ခု ပြောင်းလာလိမ့်မယ်။ အဲဒါမဟုတ်ဘဲနဲ့ အခုရှိနေတဲ့အတိုင်းပဲ နိုင်ငံရေးပါတီမဟုတ် ဘဲနဲ့ အခြေခံအခွင့်အရေးတွေကို ဦးစားပေးပြီး ဆောင်ရွက်မယ့် အင်န်ဂျီအိုလို အဖွဲ့အစည်းမျိုးတွေ တကယ်လို့ မှတ်ပုံတင်ခွင့်ရရင်လည်း အဲဒီ့ဘက်မှာ ပုံစံတစ်ခုနဲ့ ရှိလာမယ်။အဲဒီတော့ ပြောင်းသွားမှာပေါ့။ အခုလိုအချိန်ပေး ဖြေကြားပေးတဲ့ ကိုကိုကြီးကို ကျေးဇူးတင်ပါတယ်။ By - http://shwethanhtay.wordpress.com/ မှ ကူးယူပါသည်။ |
(၂၄)နှစ်မြောက် အမှတ်တရစကား
Posted: 06 Aug 2012 08:53 AM PDT
|
Posted: 06 Aug 2012 08:50 AM PDT
တစ်လောက Facebook အတုပေါ်ပြီး နောက်ထပ် Facebook အတု ထပ်ပေါ်လာပါပြီ။
ယခင်တစ်ခေါက်က ပေါ်ပေါက်တဲ့ Facebook အတုထက်ပို ပိုသားနား သွားပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် အတုလို့တောင် ထင်ရက်စရာ မရှိအောင် ပြင်ဆင်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ယခုတစ်ခါတော့ အတုလို့မထင်ရအောင် Logo, icon, စာသားတွေက အစ တူအောင်လုပ်ထားပါတယ်။ အဓိက ပိုသွားတာ ကတော့ ( � ) ဒီ သင်္ကေတ လေးဖြစ်ပါတယ်။ Facebook မှာ အဲဒီလို သင်္ကေတ မပါပါဘူး။ � အများအပြားပါဝင်နေတဲ့အတွက် အတုမှန်း အလွယ်တကူ ခွဲခြားနိုင်ပါ တယ်။ ပြီးတော့ Address Bar မှာ ehberita.allalla.com ဖြစ်နေပါတယ်။ Log in ဝင်လိုက်ရင် အသုံးပြုသူရဲ့ User name နဲ့ Password ဟာ အတုပြုလုပ်သူဆီ တိုက်ရိုက်ရောက်သွားမှာ ဖြစ်ပါတယ်။ Facebook ဆိုရင် facebook.com လို့သာ ပေါ်ရမယ့်အစား အခြား Address များကို မြင်တွေ့နေတရပါတယ်။ Personal အကောင့်တွေထက် Fan Page များကို ပိုမို Target ထားပြီး တိုက်ခိုက်နေတဲ့ တိုင်းတစ်ပါးမှ ဟက်ကာများ ဖြစ်ပါ တယ်။ Is this your? ehberita.allalla.com/ <--- Fanpages... Thanks. အထက်ပါအတိုင်း စာရောက်လာပါ Link ကိုဝင်ပြီး Facebook အမှတ်နဲ့ Log in မဝင်မိရန် အထူးသတိပြုရမှာ ဖြစ်ပါတယ်။ TechSpace Journal |
Posted: 06 Aug 2012 08:23 AM PDT
(6 August 2012 ရက်စွဲပါ Bangkok Post မှ Gateway Role Under Threat ကို ဘာသာပြန်ဆိုသည်) မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကြောင့် စီးပွားရေးကိစ္စရော အလည်အပတ်အတွက်ပါ ခရီးသည်များ လာရောက်ကြရာ နိုင်ငံတကာလေ ကြောင်းလိုင်း အများအပြား မြန်မာနိုင်ငံသို့ ပိုမိုဆင်းသက်လာကြသည်။ ထို့ကြောင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ သို့ နိုင်ငံတကာမှ ဝင်ပေါက်အဖြစ် ကာလ ရှည်ကြာရပ်တည်နေမှုကို ဆုံးရှုံးရတော့မည်ဖြစ်သည်။ အနည်းဆုံးနိုင်ငံတကာလေကြောင်းလိုင်း ငါးရာခန့်သည် လာမည့်လအနည်းငယ်အတွင်း ရန်ကုန်သို့ တိုက်ရိုက်ဆင်းသက်နိုင်ရန် စီစဉ်လျက်ရှိ သည်။ Bangkok Airways နှင့် Thai Air Asia အပါအဝင် အချို့လေကြောင်းလိုင်းများသည် ဘန်ကောက်မှ မြန်မာနိုင်ငံသို့ ခရီးစဉ် များတိုးချဲ့ရန် ရှိသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၆၀)ခန့် အထီးကျန်ဖြစ်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနှင့် ခရီးသည်များ ပိုမိုများပြားလာခြင်းအပေါ် တုန့်ပြန်ခဲ့ ခြင်းဖြစ်သည်။ တိုက်ရိုက်ပျံသန်းမှု ပိုမိုလာလေလေ ဘန်ကောက်သို့ ဆက်သွယ်မှုလျော့နည်းလာလေလေ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသည် ကမ္ဘာကြီးနှင့် ဆက်သွယ်မှုတွင် အကန့်အသတ်နှင့် ရှိနေဆဲဖြစ်သည်။ အကြောင်းမှာ နိုင်ငံတွင်း ဝင်ရောက်မှုအတွက် ကန့်သတ်မှုများ ပြုလုပ်ထားခြင်းကြောင့် လေ ကြောင်း ဈေးကွက်သေးငယ်ရခြင်းကလည်း တစ်ကြောင်း ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် လေကြောင်း လိုင်းလုပ်ငန်း အမှုဆောင်များကပြောသည်။ ဗီယက်နမ်နှင့် အတိုင်းတာတစ်ခုအထိ ကမ္ဘောဒီးယားတွင်ဤသို့ပင် ဖြစ်ပျက်ခဲ့သည်။ ယခုအခါ ၎င်းတို့၏ မြို့တော်များသို့ ဘန်ကောက်မှတဆင့် သွားရခြင်း အစား နိုင်ငံတကာလေကြောင်းလိုင်းများ ပိုမိုဆင်းသက်လာကြပြီ ဖြစ်သည်။ သို့သော်ကွာလာလမ်ပူအခြေစိုက် အာရှ-ပစိဖိတ်လေကြောင်းလိုင်းများ အဖွဲ့( AAPA) မှ ညွှန်ကြားရေးမှူးချုပ် Andrew Herdman ကပြောကြား ရာတွင် မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းမှုများသည် ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ ဝင်ရောက်သော ဝင်ပေါက်ဖြစ်သောနေရာမှာ ပျောက်မသွားနိုင်သေး ကြောင်းဆိုသည်။ "တခြားနိုင်ငံတွေကနေ မြန်မာနိုင်ငံကို တိုက်ရိုက်ပျံသန်းမှုတွေ ပိုမိုလာတာနဲ့အတူ မြန်မာနိုင်ငံနဲ့ဘန်ကောက်ကြား ပိုမိုပျံသန်းမှု များ ရှိလာမှာ ဖြစ်တယ်" ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံ၏ လေကြောင်းလိုင်းဈေးကွက်သည် တိုက်ရိုက်ပျံသန်းခြင်းများနှင့် ဝန်ဆောင်မှုများကို အထောက်အကူပြုနိုင်ရန် ဘန်ကောက်မှတဆင့် ကြီးမားစွာ တိုးတက်ကြီးထွားလာမည်ဖြစ်ကြောင်း ၎င်းကမှတ်သားမိသည်ဟု ဆိုသည်။ သို့သော်မြန်မာနို င်ငံသည် ခရီးရှည်ပျံသန်းမှုများမှာမူ ခရီးသည်ရရှိမှု မဖွံ့ဖြိုးသေးသောကြောင့် မဖြစ်နိုင်သေးကြောင်းဆိုသည်။ ရန်ကုန်လေဆိပ်သည် အဓိကနိုင်ငံတကာလေကြောင်းလိုင်းများနှင့် ဆက်သွယ်၍ ဝန်ဆောင်မှုမပေးမှီ အခြေခံအဆောက်အဦး များ အဆင့်မြှင့် တင်ရန် လိုအပ်ကြောင်း ၎င်းကဖြည့်စွက်ပြောသည်။ ရန်ကုန်လေဆိပ်သည် တစ်နှစ်လျှင်ခရီးသည် (၂.၇)သန်းကိုသာ ကိုင်တွယ်နိုင်ကြောင်း သတင်းထုတ်ပြန်မှုများအရ သိရှိရ သည်ဖြစ်ရာ မြန်မာနိုင်ငံ မြို့ပြလေကြောင်းဌာနက ခန့်မှန်းသောယခုနှစ်အတွက် ခရီးသည်(၃)သန်း မျှော်မှန်းမှုကို ကိုင်တွယ်နိုင် ရန် လိုအပ်နေသေးသည်။ ၂၀၁၅တွင် ခရီးသည် (၅.၄)သန်းကို ကိုင်တွယ်နိုင်ရေးအတွက် လေဆိပ်တိုးချဲ့နိုင်ရန် ဆွေးနွေးလျက် ရှိသည်။ ရန်ကုန်သို့တိုက်ရိုက်ဆင်းသက်ရန် စီစဉ်နေသောလေကြောင်းလိုင်းများတွင် All Nippon Airways (ANA)၊ ကာ တာလေကြောင်းလိုင်း၊ Korean Air၊ Eva Air နှင့် ဟောင်ကောင်အခြေစိုက် Dragon Air တို့ပါဝင်သည်။ သီရိလင်္ကာလေကြောင်းလိုင်း၊ ဘင်္ဂလားဒေရှ့်၏ ဘီမန်းလေကြောင်းလိုင်း၊ Hong Kong Express Airline နှင့် Pakistan International Airline တို့ကလည်း ရန်ကုန်ကို ၎င်းတို့၏ ကွန်ရက်တွင် ထည့်သွင်းရန်စဉ်းစားနေကြောင်း သတင်းများရရှိ သည်။ အဆိုပါလေကြောင်းလိုင်းများသည် ၎င်းတို့၏ မြို့တော်များနှင့် ရန်ကုန်သို့တိုက်ရိုက်ပျံသန်းကြမည့်ဖြစ်ရာ ဥပမာအားဖြင့် ANA သည်တိုကျိုမှ လည်းကောင်း၊ Korean Airသည် ဆိုးလ်မှလည်းကောင်း၊ ကာတာသည် ဒိုဟာမှလည်းကောင်း တိုက်ရိုက်ပျံသန်းမည်ဖြစ်သည်။ အများစုသည် ကိုယ်ထည်ကျဉ်းမြောင်းသော ဂျက်ကို အသုံးပြုမည်ဖြစ်ရာ Korean Air က B 737-800 များအား လည်းကောင်း၊ ANA က ဘိုးအင်း 737-700ERS များအားလည်းကောင်း အသုံးပြုမည်ဖြစ်သည်။ ယခုနှစ်တွင် ပမာဏသေးငယ်မှုရှိသည်ကို ရှုမြင်သောကြောင့်ဖြစ်သည်။ ANA သည် တိုကျိုနှင့် ရန်ကုန်ကြားပျံသန်းမှုများကို စက်တင်ဘာလတွင် ပြန်လည်စတင်မည်ဖြစ်ပြီး တစ်ပတ်လျှင် သုံးကြိမ်ပျံ သန်းမည်ဖြစ်သည်။ ANA သည် ရန်ကုန်ခရီးစဉ်အား(၁၂)နှစ်ကြာ ရပ်နားထားခဲ့ရာ မြန်မာနိုင်ငံသို့သွားရောက်သော ဂျပန်ခရီး သည်များသည် ဘန်ကောက်နှင့် စင်္ကာပူမှတဆင့် သွားကြရသည်။ ကာတာလေကြောင်းလိုင်းသည် အောက်တိုဘာလ(၃)ရက်နေ့တွင် ရန်ကုန်သို့ စတင်ပျံသန်းမည်ဖြစ်ရာ တစ်ပတ်လျှင် သုံးကြိမ်ပျံသန်းမည် ဖြစ် သော်လည်း အောက်တိုဘာ(၂၈)မှစ၍ နေ့စဉ်ပျံသန်းမည်ဖြစ်သည်။ ၎င်းသည် A-319 နှင့် A- 320 လေယာဉ်များ အသုံးပြုမည်ဖြစ်သည်။ စက်တင်ဘာ(၁၃)ရက်တွင် Korean Air သည် ဆိုးလ်-ရန်ကုန်ခရီးစဉ်အား တစ်ပတ်လေးကြိမ် စတင်ပျံသန်းမည်ဖြစ်သည်။ Evaသည်လည်း (၁၁)နှစ်ကြာရပ်နားထားပြီးနောက် တိုင်ပေ-ရန်ကုန်ခရီးစဉ်အား တစ်ပတ်လျှင် သုံးကြိမ်ဖြင့် အောက်တိုဘာလ(၉)ရက်နေ့တွင် ပြန်လည်စတင်ရန် ပြင်ဆင်မှုများပြုလုပ်နေသည်။ တချိန်တည်းမှာပင် Thai Air Asia (TAA)ကလည်း ဘန်ကောက်- မန္တလေး ခရီးစဉ်ကို ပျံသန်းရန် စီစဉ်လျက်ရှိသည်။ Bangkok Airways ကလည်း Air Bagan နှင့် ခရီးစဉ်ဖလှယ်ရေး သဘောတူညီချက်ကို ဆွေးနွေးလျက်ရှိပြီး၊ ပုဂံနှင့်မန္တလေး ခရီးသည်များ လွှဲပြောင်းပေးနိုင်ရန် စီစဉ်နေသည်။ လက်ရှိမြန်မာနိုင်ငံသို့ ပျံသန်းလျက်ရှိသော နိုင်ငံခြားလေကြောင်း(၁၂)ခုမှာ Air China, China Southern Airline, China Airlines, Air Asia(Thai AirAsia အပါအဝင်), Taiwan's China Airlines, Silk Air, Malaysian Airlines, Bangkok Airways, Jetstar Asia နှင့် Vietnam Airlines တို့ဖြစ်သည်။ Yangon chronicle |
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment