စတော့ဟုမ်းမြို့တွင် မငြိမ်သက်မှု ငါးရက်မြောက်အထိ ရှိလာ
- Created on Saturday, 25 May 2013 01:38
စတော့ဟုမ်းမြို့စွန်တွင် မီးလောင်နေသော ကားများကို မီးသတ်သမားများ ငြှိမ်းသတ်နေစဉ် (Photo: AFP)
ဆွီဒင်နိုင်ငံ မြို့တော် စတော့ဟုမ်းတွင် မငြိမ်သက်မှုများ ဖြစ်ပွားခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူ များပြားသော ဆင်ခြေဖုံး ဒေသများအထိ ပျံ့နှံ့ခဲ့ကာ မေ ၂၄ ရက်တွင် ငါးရက်မြောက်အထိ ရှိလာခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် မီးသတ်သမားများက ပြောကြားခဲ့ကြသည်။ မငြိမ်သက်မှုများအတွင်း အနည်းဆုံး ကားကိုးစီး၊ ကျောင်းနှစ်ကျောင်းနှင့် ရဲစခန်းတစ်ခုတို့ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
ယခုကဲ့သို့ မငြိမ်သက်မှုများကြောင့် ငြိမ်းချမ်းပြီး သာတူညီမျှရှိမှုရှိသော နိုင်ငံအဖြစ် လူသိများသည့် ဆွီဒင်နိုင်ငံ၏ ဂုဏ်သတင်းကို ထိခိုက်စေခဲ့ကာ နိုင်ငံလူဦးရေ၏ ၁၅ ရာခိုင်နှုန်းရှိသော ရွှေ့ပြောင်း အခြေချလာသူများကို လက်သင့်ခံ၊ မခံ ကိစ္စကို အချေအတင် ဆွေးနွေးရန် ဖြစ်လာစေခဲ့သည်။ မေ ၂၃ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သော မငြိမ်သက်မှုများကြောင့် လူရှစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က မေ ၂၄ ရက် အစောပိုင်းတွင် ဆွီဒင်သတင်း အေဂျင်စီတီတီသို့ ပြောကြားခဲ့သည်။
စတော့ဟုမ်းရှိ ရွှေ့ပြောင်းနေထိုင်သူ များပြားသော နေရာများအနက် တစ်နေရာ ဖြစ်သော ရစ်ကီဘီမြို့တွင် ကားခြောက်စီး မီးလောင်နေမှုကို မီးငြှိမ်းသတ်နိုင်ရန် မီးသတ်သမားများက ကြိုးပမ်းခဲ့ရပြီး ကားငါးစီးမှာမူ လုံးဝပျက်စီးသွားခဲ့ကြောင်း ယင်းဖြစ်စဉ်အနီး ရောက်နေသော အေအက်ဖ်ပီဓာတ်ပုံ သတင်းထောက်က သတင်းပို့ခဲ့သည်။
ပြီးခဲ့သော သီတင်းပတ်တွင် ဟက်စ်ဘီမြို့မှ အသက် (၆၉) နှစ်ရှိ အမျိုးသား တစ်ဦးသည် လူမြင်ကွင်းတွင် ဓားရှည်တစ်ချောင်းဖြင့် ရမ်းကားနေမှုကြောင့် ရဲတပ်ဖွဲ့က ထိန်းသိမ်းရန် ကြိုးပမ်းခဲ့သည်။ သို့သော် ယင်းအမျိုးသားက သူ၏တိုက်ခန်းထဲ ၀င်ပြေးသဖြင့် ရဲတပ်ဖွဲ့က ညှိနှိုင်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ နောက်ဆုံးတွင် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန် အတွက် ပစ်သတ်ခဲ့ရကြောင်း သိရပြီး ယင်းကိစ္စကြောင့် မငြိမ်သက်မှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်မည်ဟု ခန့်မှန်းရသည်။ ယင်းပစ်သတ်မှုကြောင့် ရဲတပ်ဖွဲ့၏ ရက်စက်မှုဒဏ် ခံနေရသည်ဟုဆိုသော လူငယ်များအကြား ဒေါသထွက်စေခဲ့ကြောင်း သိရသည်။ မငြိမ်သက်မှုမှာ မေ ၁၉ တွင် စတင်ခဲ့ပြီး ယင်းနေ့တွင် ရဲများက သူတို့ကို 'မျောက်'၊ 'နီဂရိုး' စသည်ဖြင့် သုံးနှုန်းခဲ့ကြောင်း ယင်းလူငယ်များက ပြောကြားခဲ့သည်။ ဟက်စ်ဘီမြို့တွင် နေထိုင် သူ ၁၂၀၀၀ အနက် ရာခိုင်နှုန်း ၈၀ မှာ ရွှေ့ပြောင်း နေထိုင်သူများဖြစ်ကြောင်း သိရသည်။
ဆွီဒင် လူဝင်မှုကြီးကြပ်ရေး၏ အလယ်အလတ်ဆန်သော မူဝါဒကြောင့် ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း ဆွီဒင်သည် ဥရောပတွင် ရွှေ့ပြောင်းအခြေချသူ အများဆုံး လာရောက်သည့်နိုင်ငံ ဖြစ်လာခဲ့သည်။
--
http://www.burmaburo.blogspot.com
No comments:
Post a Comment