Monday 3 June 2013

ဖတ်သင့်တယ်ထင်လို့ ပါ။




    Posted: 31 May 2013 11:37 PM PDT

    မိုးမခ သတင်းမီဒီယာမှ ကူးယူဖော်ပြပါတယ်..
    တူမောင်ညို (၂၀၁၃ ခုနှစ်၊ မေလ ၃၁ ရက် )

    မြေပြန့်/တောင်ပေါ်မခွဲ အကြမ်းဖက်၊ မီးရှို့၊ လူသတ်မှုတွေက ဘယ်မှာပဲဖြစ်ဖြစ် တစ်ပုံစံထဲပဲ။ ပစ်မှတ်နဲ့ လုပ်ရပ်က မူဆလင် ဘာသာဝင်များနဲ့ ၄င်းတို့ရဲ့ဘာသာရေးအဆောက်အအုံ၊ အသက်အိုးအိမ် စည်းစိမ်နဲ့ စီးပွားရေးလုပ်ငန်းတွေကို အကြမ်းဖက်ဖျက်ဆီးတာနဲ့ အကြမ်းဖက်သတ်ဖြတ်တာဖြစ်တယ်။

    နိုင်ငံတော်အစိုးရနဲ့အဆင့်ဆင့်အုပ်ချုပ်ရေးပိုင်းက လက်ပိုက်ကြည့်နေတာကလည်း ဘယ်မှာဖြစ်ဖြစ် တစ်ပုံစံထဲပဲ။

    ဘာသာရေးနဲ့လူနေအဆောက်အအုံတွေ မီးလောင်ပျက်စီးပြီ၊ လူတွေသေကျေဒဏ်ရကုန်ပြီ စိစိညက်ညက် ကျေလောက်ပြီ ဆိုတော့မှစစ်တပ်နဲ့ရဲကဟန်ရေးပြပြီးမြို့ထဲကင်းလှည့်ထွက်လာပါတော့တယ်။ စိတ်ကြိုက် အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်နိုင်ဖို့အချိန်ပေး ထားတဲ့သဘောဖြစ် ပါတယ်။ ဒီလိုနဲ့လားရှိုးမြို့လည်း ပုဒ်၁၄၄ အောက်ရောက်သွားတယ်။ မြို့ခံလူထုတွေ ကျီးလန့်စာ စားရတဲ့ ဘဝကျ ရောက်သွားကြရတယ်။ မိထ္ထီလာက ပြည်သူတွေလို လားရှိုးကပြည်သူတွေလည်း စိုးရိမ်ပူပန်နေကြရတယ်။

    "ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင် မြန်မြန် သွားရောက် နှိမ်နင်းနိုင်ရေး (Rapid Response) စီမံပေးရန်" ဆိုတဲ့ ပြည်ထဲရေးဝန်ကြီးဥက္ကဋ္ဌ အဖြစ်တာဝန်ယူတဲ့ "အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီ" ဘာလုပ် နေသလဲ။

    နိုင်ငံတော်အစိုးရနဲ့ အုပ်ချုပ်ရေးပိုင်းဟာ အကြမ်းဖက် သမားတွေနဲ့ အကြမ်းဖက်မှုတွေနဲ့ နီးနီးကပ်ကပ်ဆက်စပ်နေတာ ထင်ရှားပါတယ်။ မင်းတို့ပီပီပြင်ပြင် အကြမ်းဖက်သတ်ဖြတ်ဖျက်ဆီးကြစမ်း ငါတို့မျက်စိမှိတ်နေမယ်။ အချိန်ဆွဲထားမယ်ဆိုတဲ့ သဘော ထားနဲ့လက်တွေ့အပြုအမူပဲဖြစ်ပါတယ်။

    မေလ ၂၈ ရက်နေ့ ည ၈ နာရီမှ စတင်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့သော်လည်း တုတ်ဓါးကိုင် ဆိုင်ကယ်စီးအကြမ်းဖက်သမားများသည် မေလ ၂၉ ရက်နေ့ ညနေပိုင်းအထိ အကြမ်းဖက်တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှု ၇ ကြိမ် ထပ်မံ လုပ်ဆောင်ခဲ့ကြပါတယ်။ သို့အတွက် လူ ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဤအချက်က အကြမ်းဖက်သမားကို တမင်လွှတ် ပေးထားကြောင်းပိုမိုထင်ရှားစေတဲ့ သာဓကဖြစ်ပါတယ်။ အကြမ်းဖက်သမားများဟာ ပုဒ်မ ၁၄၄ ကို ပမာမထားဘဲ၊ အကြမ်းဖက်ခြင်း ဖြစ်ပြီး၊ အာဏာပိုင်များဘက်က ထိထိရောက်အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း အခိုင်အမာပြသနေတဲ့ သက်သေပြချက်လည်းဖြစ်ပါ တယ်။ ယခုလိုအကြမ်းဖက်မှုတွေကို တိုင်းပြည် အနှံ့အပြား (မြေပြန့်/တောင်ပေါ်)မှာ စစ်ဆင်ရေးတစ်ခုလို တစ်နေရာကနေ တိုက်ရိုက် အမိန့်ပေး ညွန်ကြား လုပ်ဆောင်နေတာဖြစ်ပါတယ်။

    နိုင်ငံတော်အစိုးရကိုယ်တိုင်က မျက်နှာသာပေးထားတဲ့ အကြမ်းဖက်မှုဖြစ်နေတော့ လက်သည်တရားခံပေါ်ဖို့/ ဖော်ထုတ်ဖို့ဆိုတာ မလွယ်ဘူး။ ဖော်ထုတ်တဲ့လူပုဂ္ဂိုလ်/အဖွဲ့အစည်းတွေအတွက် အသက်အန္တရာယ်ရှိပါတယ်။ လားရှိုးမှာသတင်းယူတဲ့ သတင်းထောက်ကို အကြမ်းဖက်သမားတွေက ကင်မရာလုယူပြီး၊ သံဒုတ်နဲ့ရိုက်ခဲ့တယ်မဟုတ်ပါလား။

    မိထ္ထီလာမှာနဲ့ပဲခူးတိုင်းထဲက နေရာများမှာ အကြမ်းဖက်လူသတ်မီးရှို့မှုတွေဖြစ်ပွားနေစဉ်က ဖြစ်ရပ်များနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများဘက်က နိုင်ငံရေးအရကာကွယ်ပြောဆိုမှု၊ အရေးတယူပြုမှုတွေကို မတွေ့ခဲ့ရပါဘူး။ မဆိုင်သလို ပေယျလကန်ပြုနေခဲ့ ကြတယ်။

    ရှမ်းပြည်နယ်၊လားရှိုးမြို့ပေါ်မှာ အကြမ်းဖက်မှုဖြစ်ပွားလာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရဲ့ ထူးခြား သောကြေညာချက်ကို ဖတ်ရပါတယ်။ အဆိုပါကြေညာချက်ကို ဖတ်ပြီးနောက် အလွန်စိတ်မကောင်းဖြစ်ရပါတယ်။

    ကြေညာချက်တွင် "ရှမ်းတိုင်းရင်းသားအားလုံး ဤပဋိပက္ခတွင် ပါဝင်ပတ်သက်ခြင်းမပြုကြပါရန် " နှိုးဆော် တိုက်တွန်းထားပါ တယ်။

    ယခုပေါ်ပေါက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် "အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ" ဆိုတဲ့ ဖြစ်ရပ်မျိုး၊ ကိစ္စမျိုးပင်ဖြစ် ပါတယ်။ သူတို့အိမ် မီးလောင်တာပဲ ငါတို့အနေသာချည်း ဆိုတဲ့စိတ်မထားသင့်တဲ့ ကိစ္စမျိုးဖြစ်ပါတယ်။

    မူဆလင်တွေသေတာပဲ၊ ဗလီမီး လောင်တာပဲ ဒို့နဲ့မဆိုင်ဘူး၊ မြေပြန့်မှာဖြစ်နေတာပဲ။ ဒို့တောင်ပေါ်နဲ့ အနေသာချည်း။ ရှမ်းပြည်နယ်မှာဖြစ်နေတာပဲ။ ရခိုင်ပြည်နယ် မှာဖြစ် နေတာပဲ၊ ဒို့ကရင်ပြည်နယ် မှာဖြစ်နေတာမဟုတ်ဘူး၊ ဒို့ ရန်ကုန်တိုင်းမှာဖြစ်နေတာမဟုတ်ဘူးဆိုပြီး တာဝန်မဲ့/ စိမ်းကားကြရမယ့် ကိစ္စ မဟုတ်ပါဘူး။

    ဝိုင်းဝန်းတားဆီးကာကွယ်ကြရမယ့်ကိစ္စဖြစ်ပါတယ်။ မတရားမှုကို လက်ပိုက်ကြည့်နေခြင်း/ မသိကျိုးကျွံပြုနေခြင်းဟာ မတရားမှု ကို အားပေးအားမြှောက်ပြုတဲ့ သဘောဖြစ်ပါတယ်။

    အခုဆိုရင်ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှုမီးတောက်တွေဟာ မြေပြန့်ကနေ တောင်ပေါ်သို့ ကူးစက်တက်ရောက်လာခဲ့ပြီ။

    ဒါ့ကြောင့် ယခုလို "အကြမ်းဖက်၊ မီးရှို့၊ လူသတ်တဲ့ဖြစ်ရပ်များ"ကို တစ်တိုင်းတစ်ပြည်လုံးက လူမျိုးစုံပြည်သူများ တက်တက် ကြွကြွပါဝင်ပြီး ဝိုင်းဝန်းကန့်ကွက်၊ တားဆီးကာကွယ်ကြရပါမယ်။

    ပြည်နယ်နှင့်တိုင်းအားလုံးရှိ ဘာသာပေါင်းစုံလူမျိုးပေါင်းစုံပြည်သူများအနေဖြင့် "ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်မှု ဆန့်ကျင် ကန့်ကွက်ရေးဆန္ဒပြပွဲများ" ကျင်းပကြပါရန်၊ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံပြည်သူများ သွေးစည်းညီညွတ်ကြပါရန်နှင့် အဆိုပါ ဘာသာ ရေးလူမျိုးရေးအကြမ်းဖက်မှု ဆန်ကျင့် ကန့်ကွက်ရေးဆန္ဒပြပွဲများတွင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများလည်း ပူးပေါင်းပါ ဝင်ကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

    (Photo – A correspondent for The Associated Press who reached Lashio on Wednesday reported that mobs of young men on motorcycles roamed the city brandishing sticks and metal rods and throwing rocks. One was wearing monk's robes, The A.P. )
    Posted: 31 May 2013 11:14 PM PDT

    ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် မေ ၂၂ ရက်တွင် နေပြည်တော် အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ ဆွစ်ဇာလန်နိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ်

    စားပွဲခုံပေါ်ရှိ မြန်မာနိုင်ငံတော်အလံသည် ဇောက်ထိုးဖြစ်နေကြောင်း မေ ၂၃ရက်ထုတ် ကြေးမုံနှင့် မြန်မာ့အလင်းရောင်စုံစာမျက်နှာထက် အထင်အရှား တွေ့မြင်ခဲ့ရသည်။ ၎င်းသတင်းကို သတင်း ဂျာနယ် အချို့တွင် အကျယ်တ၀င့်ရေးသား ဖော်ပြခဲ့ကြပြီး ဥပဒေပိုင်းဆိုင်ရာ ဝေဖန်ပြစ်တင်မှုများလည်းရှိခဲ့သည်။

    နိုင်ငံတော်တွင် အဆင့်မြင့်နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ပြည်ထောင်စုလွှတ်တော် နာယကထိုင်သော ရှေ့စားပွဲအလံ ပြောင်းပြန်ဖြစ်ရပ်သည် တိုက်ဆိုင်သော ဖြစ်ရပ်တစ်ခု ဖြစ်နိုင်ပြီး၊ လွန်ခဲ့သောနှစ်က ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဗဟိုအတွင်းရေးမှူး ဦးခင်အောင်မြင့်တို့ အပါအ၀င် အစိုးရနှင့် ပါတီထိပ်တန်း ခေါင်းဆောင်များရှေ့မှောက် ပါတီညီလာခံစင်မြင့်၌ အလံပြောင်းပြန်ကိုင်ဆောင်၍ ဖွင့်ပွဲသီချင်း ဖျော်ဖြေခဲ့သော ဖြစ်ရပ်သည်လည်း အလံတော်၏ အနေအထားအရ မှားယွင်းတပ်ဆင်မိခြင်းသာဖြစ်ကြောင်း အလံတော်ကို မထီမဲ့မြင်ပြုရာမရောက်၍ အရေးမယူခဲ့ကြောင်း ပါတီဗဟိုတာဝန်ရှိသူအချို့က ပြောသည်။

    ယခုကဲ့သို့ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ အလံပြောင်းပြန်ဖြစ်နေခြင်းအတွက် အမျိုးသားလွှတ်တော်ရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ""ဒီကိစ္စကို ဥက္ကဋ္ဌ သိပါတယ်။ ဂျာနယ်အချို့ရေးတာကိုလည်း သိပါတယ်။ လူကြီးအနေနဲ့ လောလောဆယ် မှတ်ချက်တစ်စုံတစ်ရာ မပေးသေးပါဘူး""ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

    နိုင်ငံတော်အဆင့် တာဝန်ရှိသူအကြီးအကဲများအနေဖြင့် မိန့်ခွန်းများမှစ၍ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းများအား သက်ဆိုင်ရာကျွမ်းကျင်သော ပုဂ္ဂိုလ်များကို ခန့်ထားတာဝန်ပေးထားပြီးဖြစ်၍ လုံခြုံရေးမှအစ အမှိုက်ကစ ပြာသာဒ်မီးလောင်တတ်သော သဘာဝကို အကြီးအကဲ၏ အနီးကပ်တာဝန်ရှိသူများ အထူးဂရုစိုက်တတ်ကြကြောင်း၊ သာဓကအနေဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တာဝန်ရှိစဉ်က အစားအသောက် မှစ၍ လူကြီးမစားခင် ကြိုတင်၍အမြည်းသဘော စမ်းသပ်စားသုံးကြရခြင်း၊ ၎င်းလာရောက်မည့်အခမ်းအနား စင်မြင့်အထိ စစ်ခွေးများဖြင့် ကြိုတင်မိုင်းရှင်းခြင်း၊ လုံခြုံရေးအထပ်ထပ်ကြားမှပင် မှော်ဘီဗဟိုသင်တန်း ကျောင်းသို့ နာယကကြီး(တပ်ချုပ်ကြီး)လာမည့် ဘုရင့်နောင်ရိပ်သာတွင်းသို့ အကြိုည၌ သူခိုးဝင်ခိုးခဲ့သော ဖြစ်ရပ်ပင်ရှိခဲ့ကြောင်း၊ တာဝန်ရှိသူများ ရဲတိုင်ခဲ့ရကြောင်း၊ ယခုအလံပြောင်းပြန်ဖြင့် သတင်းထုတ်ပြန်ခဲ့သည်မှာ နိုင်ငံပိုင်သတင်းစာ၏ ကာလာရောင်စုံစာမျက်နှာဖြစ်၍ ပိုမိုထင်ရှားပြီး သမိုင်းဝင်ဖြစ်ရပ်ဖြစ်သွား၍ ဆိုင်ရာအယ်ဒီတာများအနေဖြင့် နိုင်ငံပိုင်သတင်းစာတိုက်ကွပ်ကဲရာ ပြန်ကြားရေးဝန်ကြီးဌာန သဘောထားထင်ဟပ် နေနိုင်ကြောင်း ယခင်အစိုးရလက်ထက် နိုင်ငံရေးလှုပ်ရှားမှုများ၌ နှစ်ပေါင်းများစွာ ပါဝင်ခဲ့သည့် သတင်းစာဆရာတစ်ဦးက သုံးသပ်ပြောကြားသည်။

    မြန်မာသံတော်ဆင့် သတင်းစာ
    Posted: 31 May 2013 10:35 PM PDT

    Any Change?

    Radio
    tuned on for years
    Newspapers
    read for years and years
    any change?

    Sorry!
    people remain
    as poor and
    painful as ever under
    batons and swords
    tears streaming down
    dazzling diamonds and
    emeralds there
    studded in lies!

    Ant Maung

    ''ပြောင်းလဲသလား"

    ရေဒီယို
    လပြိုနှစ်ပြိုနားထောင်။
    သတင်းစာ
    လကြာနှစ်ကြာဖတ်။
    ဘာများထူးကြောင်း
    ဘာများပြောင်းသလဲ
    ပြည်သူတွေကျောမွဲကျောမွဲ
    တုတ်တ၀ဲဝဲဓားတ၀ဲဝဲ
    မျက်ရည်လည်ရွဲ
    ဟိုမှာစိန်တွဲလဲမြတွဲလဲ
    မုသားရဲရဲ။

    အံ့မောင်

    ဆရာအံ့မောင်၏ ကဗျာကို ယနေ့ (၂၈. ၅. ၂၀၁၃)ထုတ် စံတော်ချိန်သတင်းစာမှ ကူးယူပါသည်။
    Credit: Ko Aungmyo Tun
    Posted: 31 May 2013 10:26 PM PDT

    ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီမှအမှိုက်ထည့်ရန်ကျွတ်ကျွတ်အိတ်များကို ၊ရောင်းချနေပါသည်၊ ရန်ကုန်မြို.တော်ကို၊အဆင်မြင့်မြို့တော်အဖြစ်၊ ပြန်လည်ပြုပြင်နေသည်ဟု
    သက်ဆိုင်ရာ၊တာဝန်ရှိသူများမှ၊ပြောဆိုချက်နဲ့၊အညီ၊ယခုအခါ နေ့စဉ်စွန့်ပစ်သော၊
    အမှိုက်များကိုစနစ်တကျစွန့်ပစ်ကြရန်အမှိုက်ပစ်တဲ့စနစ်သစ်ကို၊စတင်ကျင့်သုံးနေသည်ကို၊တွေ့မြင်ရပါသည်။ ထိုသို့သောစနစ်မှာ၊ကောင်းမွန်သောစနစ်၊ဖြစ်ပါသော်လည်း၊တချို.သောပြည်သူများအတွက်၊
    အခက်အခဲများဖြစ်ရှိနေသည်၊ကိုတွေ့မြင်နေရပါသည်။

    ထိုကြုံတွေ.နေရသော၊အခက်အခဲကို၊ယုဇနဥယဉ်မြို.တော့်၊အိမ်ရှင်မတစ်ဦးမှပြောပြသည်မှာ"ကျွှန်မတို့က၊နေစဉ်ပဲ၊
    အိမ်ကထွက်ရှိလာတဲ့၊အမှိုက်တွေကိုစနစ်တကျစွန့်၊ပစ်ရမယ်ဆိုတဲ့၊စဉ်းကမ်းကိုသဘောကျပေမဲ့၊ရန်ကုန်မြို.တော်၊
    စည်ပင်သာယာရေးကော်မတီက၊သက်မှတ်ထားတဲ့၊ကျွတ်ကျွတ်အိတ်နဲ့သာ၊စွန့်ပစ်ရမည်ဆိုတော့၊ကျွှန်မတို့မှာ၊အခက်အခဲဖြစ်နေတယ်၊ဘာကြောင့်လည်းဆိုတော့၊ကျွန်မဆိုရင်၊အထည်ချုပ်စက်ရုံမှာ၊အလုပ်လုပ်တဲ့သူပါ၊တနေ့ကို(၈၀၀)ကျပ်သာရတယ်၊အခုအမှိုက်အိတ်က(၇)အိပ်ကို(၁၀၀)ပေးရတယ်။(၁၀၀)ဆိုရင်ဆန်နို့ဆီဘူးတစ်ဘူးဝယ်လို့ရတယ်၊ဆင်းရဲတဲ့မိသားစုမှာငွေ(၁၀၀)ကတန်ဘိုးရှိပါတယ်၊အမှန်တကယ်က၊ကျွန်မတို.အမှိုက်ပစ်တဲ့အခါ၊အသုံးမပြုတောတဲ့၊အိတ်ဟောင်းများနဲ့၊ပစ်ပါဆိုတာမျိုးဖြစ်သင့်တယ်လေ၊အဲဒီလိုမဟုတ်ရင်လည်း၊ကျွန်မတို့ပြည်သူတွေအနေနဲ့၊သန့်ရှင်းရေးခွန်ဆိုပြီး၊လစဉ်အခွန်ဆောင်ထားတဲ့၊အခွန်တွေနဲ့၊အမှိုက်ပစ်အိတ်တွေကို၊ပြည်သူတွေအတွက်၊အလကားပေး၊သင့်တယ်၊

    အခုတော့မဖြစ်မနေအိတ်ရောင်းနေတာကိုတော့၊ကျွန်မတို့၊သဘောမကျဘူး၊အခွန်ကျတော့၊ပုံမန်မပျက်မကွက်လာလာကောက်ပြီး၊
    အမှိုက်သိမ်းရမယ့်အချိန်ကျရင်၊စည်ပင်ကလာမသိမ်းဘူး၊အခွန်ကျရင်၊တော့လစဉ်မပျက်ပေးဆောင်ရတယ်။အဲဒါကြောင့်၊သက်ဆိုင်ရာက၊
    တာဝန်ရှိသူတေ၊ွပြည်သူတွေဘက်က၊အခက်အခဲကို၊နားလည်ပေးစေချင်တယ်"ဟုပြောပြသွားပါသည်၊အမှန်တကယ်တော၊့စည်ပင်သာယာရေး၊ကော်မတီအနေနဲ့လစဉ်သန်.ရှင်းရေးခွန်အဖြစ်ကောက်ခံနေသော၊အခွန်ငွေများထဲကနေ၊ကျခံသုံးစွဲရမှာဖြစ်သည်ကို၊အများပြည်သူများမှ၊
    လိုလားနေကြခြင်းဖြစ်ပါကြောင်းသက်ဆိုင်ရာတာဝန်ရှိသူများသိရှိစေရန်အတွက်ရေးသားလိုက်ပါသည်။

    GOSHAL LAY
    Posted: 31 May 2013 08:15 PM PDT
    ခေတ်မောင်း အတွဲ-၂၊ အမှတ်-၅

    ဒီရက်ပိုင်းမှာ အတွေးအများမိဆုံးကတော့ ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်ဆိုတဲ့ ကိစ္စရပ်ပဲ။ ကျနော် တစ်သက်လုံး ယုံကြည် ယူဆလာခဲ့တာ ဘာသာရေးဟာ လူ့အကြောင်းပြောရမယ်၊ စီးပွား လူမှု နိုင်ငံရေးရာ အကြောင်းချင်းရာတွေမှာ မှတ်ချက်ပြုရမယ် ဝေဖန်ရမယ်၊ လိုရင်းကတော့ ဘာသာရေးဟာ ပလင်စင်မြင့်ပေါ်မှာသာ ခွဲခြားထားရမယ့်အရာ မဟုတ်ပဲ စင်ပေါ်ကဆင်းပြီ လူ့အကျိုးဆောင်ဖို့ရာပဲ။ ဒီအယူအဆဟာ နိုင်ငံရေးနဲ့ ဘာသာရေး မရောထွေးပဲ Secular State အဖြစ် ပီပီပြင်ပြင် ထူထောင်ရန် အလိုရှိမှုနဲ့ ၀ိရောဓိ ဖြစ်စေသလား။ ကျနော့်ကိုယ်ကျနော် သေချာဖို့လိုတယ်။ ကျနော်ရှုံ့ချတဲ့ လက်ျာစွန်းရောက် အမျိုးသားရေးကို အမုန်းတရားများ ဟောကြား ဖြန့်ဝေနေတဲ့ ဘာသာရေးပုဂ္ဂိုလ်များကြောင့် ဘာသာရေးဟာ လူ့အရေးလုပ်ရမယ်ဆိုတဲ့ ကျနော့် ခံယူချက် ယိမ်းယိုင်ရမှာလား၊ ကျနော့်ကိုယ်ကျနော် ရှင်းဖို့လိုတယ်။

    နိုင်ငံရေးနဲ့ ဘာသာရေး မရောယှက်ရဘူးဆိုတာ ဘာလဲ။ အခု ဖွဲ့စည်းပုံအရ စစ်တပ်က ဥပဒေပြု အာဏာရဲ့ ၂၅ရာခိုင်နှုံးကို ရွေးကောက်တင်မြောက်ခြင်း ခံစရာ မလိုပဲ၊ အလိုအလျောက် နေရာ ရယူတာမျိုးလို ဘာသာရေး သာသနာပိုင်တို့ရဲ့ ကိုယ်စားလှယ်များကို အုပ်ချူပ်ရေးနဲ့ ဥပဒေပြု အာဏာတို့ အလိုအလျောက် အပ်နှင်းရတာမျိုးကိုမှ ဘာသာရေးဟာ နိုင်ငံရေးအပေါ် စွက်ဖက်ချယ်လှယ်မှု အနေနဲ့ ကျနော် အဓိပ္ပာယ် ဖွင့်လိုတယ်။ တရားစီရင်မှု အာဏာနဲ့ စပ်လျဉ်းပြီးတော့ ဗမာနိုင်ငံရဲ့ တရားစီရင်ရေးမှာ အိမ်ထောင်ခန်းနဲ့ အမွေမှုတို့လို ကိစ္စခြင်းရာများမှာ သက်ဆိုင်ရာ ဘာသာတရားရဲ့ ဓမ္မသတ်များနဲ့ ဆုံးဖြတ်ဖို့ရာ ဓလေ့ထုံးထမ်းစဉ်လာ ဥပဒေသများကို အသိအမှတ် ပြုထားတယ်။ ဒါဟာ parallel jurisdiction to the civil law ဖြစ်စေတယ် မဖြစ်စေဘူး ဆိုတာ ဆိုင်ရာ ပညာရှင်များ ဆွေးနွေးသုံးသပ်ကြဖို့ပဲ ဖြစ်တယ်။

    ဗမာပြည်ဟာ Secular State ဖြစ်နေနှင့်ပြီလား။ ၄၇- ဖွဲ့စည်းပုံ အတိုင်းပဲ လက်ရှိ အခြေခံဥပဒေဟာ ဗုဒ္ဓဘာသာကို လူအများစု ကိုးကွယ်တဲ့ ၀ိသေသထူးကဲတဲ့ ဘာသာကြီးအဖြစ် အသိအမှတ် ပြုသကဲ့သို့ ကျန် ဘာသာကြီးများနှင့်တကွ ရိုးရာနတ်ကိုးကွယ်မှု ဓလေ့များကိုပါ တည်ရှိကြောင်း အသိအမှတ်ပြုတယ်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အာမခံတယ်။ ဒီနေရာမှာ သမိုင်းကြောင်း နည်းနည်းပြန်လှန်ရမယ်။ အခုလည်း အခြေခံဥပဒေထဲ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအနေနဲ့ ထည့်ဖို့ရာကိစ္စနဲ့ စပ်လျဉ်းပြီး သဘောမတူတဲ့ ဗိုလ်ချူပ်အောင်ဆန်းက ဦးဘချိုကို ဘယ်လိုပြောတယ်ဆိုတာ ဟိုလူဒီလူတွေ လက်ဆင့်ကမ်းနေကြတာတွေ့ရတယ်။

    ဦးနုက သူ့ရဲ့ တာတေစနေသားထဲမှာ ဒီလိုရေးတယ်။
    '' ဗိုလ်ချုပ်အောင်ဆန်းဟာ အခြေခံအုပ်ချုပ်ရေး ဥပဒေထဲမှာ ဘာသာရေးပါလာမှာကို မူအားဖြင့်မကြိုက်ဘူး။ တချို့အမတ်တွေက ဘာသာရေးကို တနည်းနည်းဖြင့် ထည့်ပေးစေချင်တယ်။ တချို့ကျတော့ ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာ အဖြစ် ထည့်ပေးစေချင်တယ်။အဲဒီလို ရှိနေပေတဲ့ ဒီကိစ္စမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်ဟာ အင်မတန် ပြင်းပြင်းထန်ထန်ကြီး ဆန့်ကျင်နေတဲ့အတွက် ဘယ်အမတ်ကမှ အမတ်ပေါင်းစုံညီလာခံမှာ ဒီကိစ္စကို မပြောရဲကြဘူး။ ဒါပေမယ့် အမတ်ပေါင်းစုံညီလာခံ ကျင်းပတဲ့ နေ့ရက်အတွင်းမှာ ရဟန်းတော်အချို့နဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်အချို့ အခြေခံ အုပ်ချုပ်ရေးဥပဒေထဲမှာ ဗုဒ္ဓသာသနာကို နိုင်ငံတော်ဘာသာ အဖြစ် ထည့်ပေးဘို့ သတင်းစာထဲမှာ တောင်းဆိုလာတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အဲဒီ့ အမတ်ပေါင်းစုံ ညီလာခံရဲ့ နေ့တနေ့မှာ စကားပြောနေတုန်း သတင်းစာတွေထဲက တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ခွေးဟောင်တိုင်း ထကြည့်မနေနိုင်ဘူးလို့ လွှတ်ကနဲပြောလိုက်မိတယ်။

    ဗိုလ်ချုပ်အောင်ဆန်းကတော့ သတင်းစာတွေကို ပြောတာပါဘဲ။ ဒါပေမဲ့ သတင်းစာတွေက ဗိုလ်ချုပ်အောင်ဆန်းဟာ ရဟန်းတော်တွေကို ပုပ်ခတ်သလို လှည့်ပြီးရေးကြတဲ့အတွက် ဗုဒ္ဓဘာသာလောကမှာ အတော်ကလေး စိတ်မချမ်းမသာဖြစ်သွားတယ်။ အဲဒါကြောင့် စိတ်ပူသွားတဲ့ ဘုရင်ခံဆာဟူးဘတ်ရန်စ့်က သခင်နုကို ချက်ချင်းခေါ်လိုက်တယ်။ တွေ့လျှင်တွေ့ချင်း ဆာဟူးဘတ်ရန်စ့်က အမတ်ပေါင်းစုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောလိုက်တဲ့ စကားကြောင့် ရဟန်းတော်တွေနဲ့ဗုဒ္ဓဘာသာဝင်တွေ အတော် စိတ်မချမ်းမသာ ဖြစ်နေတယ်လို့ ကျနော်သတင်းကြားရတယ်။ ခင်ဗျားလဲ ဒီသတင်းကို ကြားပြီးရောပေါ့ လို့ သခင်နုကိုပြောလိုက်တယ်။ ကျနော် မကြားရသေးဘူးလို့ သခင်နုကဖြေတယ်။ (သခင်နုဟာ သတင်းစာတွေကိုအင်မတန် ဖတ်ခဲတယ်။) ရဟန်းတွေနဲ့ ဗုဒ္ဓဘာသာဝင် တော်တော်များများ ဟာ အတော် စိတ်မချမ်းမသာ ဖြစ်နေတယ်လို့ ကျနော် အစီရင်ခံစာ ဖတ်ရတယ်။ အဲဒီတော့ ဒီကိစ္စကို ခင်ဗျားဝင်ဦးမှပဲ။ အခုလို လျစ်လျူရှုထားလို့ မဖြစ်ဘူးလို့ ပြောပြီး ဆာဟူးဘတ်ရန်စ့်က သခင်နုကို စာပွဲခုံပေါ်က အိုင်ယာလန်နိုင်ငံရဲ့ အခြေခံအုပ်ချုပ်ရေး ဥပဒေစာအုပ် ပေးလိုက်တယ်။

    အဲဒီ့ဥပဒေရဲ့ တနေရာမှာဘာသာရေးကဏ္ဍကို တွေ့ရတယ်။ အဲဒီ့ကဏ္ဍအောက်မှာ ကက်လသစ်ဂိုဏ်းဟာ အိုင်ယာလန်တွင် အများဆုံးလက်ခံသော ဂိုဏ်းဖြစ်တယ်။ ပရိုတက်စတင့် ဂိုဏ်းဝင်များလည်း အိုင်ယာလန်မှာ ရှိကြတယ်လို့ အဓိပ္ပါယ် ပါတဲ့ စာပိုဒ်တွေကိ သခင်နုတွေ့ရတယ်။ အဲဒိတော့ ဆာဟူးဘတ်ရန်စ့်က ဆက်ပြီး အခြေခံအုပ်ချုပ်ရေး ဥပဒေထဲမှာ ဘာသာရေးလုံးဝမပါဘူးဆိုရင်တော့ ရဟန်းတော်တွေနဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ထဲ အတော်ထိခိုက်လိမ့်မယ်။ အိုင်ယာလန်အခြေခံ အုပ်ချုပ်ရေးဥပဒေထဲမှာလို ဗမာနိုင်ငံမှာ ဗုဒ္ဓဘာသာဟာ လူအများဆုံးကိုးကွယ်တဲ့ ဘာသာဖြစ်တယ်။ တခြားဘာသာတွေလည်း ရှိတယ် ဆိုတာလောက်တော့ ထည့်ပေးသင့်တယ်။ အမတ်တွေထဲကတော့ ဘယ်သူမှ ဗိုလ်ချုပ်အောင်ဆန်းကို ပြောရဲမှာ မဟုတ်ဘူး ပြောရင်လည်း ဗိုလ်ချုပ်အောင်ဆန်းက နားထောင်မှာ မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို သခင်နု ပြောမှ ရမှာဘဲလို့ ဆာဟူးဘတ်ရန်စ့်က စိုးရိမ်နေတဲ့ စိတ်တွေနဲ့ သခင်နုကို ပြောပြတယ်။ သခင်နုလဲ အိုင်ယာလန် အခြေခံအုပ်ချုပ်ရေးဥပဒေ စာအုပ်ကို ယူပြီးဗိုလ်ချုပ်အောင်ဆန်းအိမ် တန်းသွားတယ်။ မြန်မာနိုင်ငံတော် အခြေခံအုပ်ချုပ်ရေး ဥပဒေထဲမှာ ဘာသာရေးကဏ္ဍ ပါလာတာတွေ့တော့ ဖဆပလအမတ်တွေဟာ အတော် အံ့အားသင့်နေကြတယ်။''

    ဦးနုဝန်ကြီးချူပ်လက်ထက်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်တဲ့ လွှတ်တော် ဥပဒေပြဌာန်းခဲ့ပေသိ၊ ဆိုရှယ်လစ် တော်လှန်ရေးအသွင် အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ မဆလ ၇၄ ဖွဲ့စည်းပုံအရ ဗမာပြည်ဟာ secular state အသွင် စာရွက်ပေါ်မှာ ရှိတယ်။ စာရွက်ပေါ်မှာ ရှိတယ်လို့ ပြောရချင်းဟာ ဗိုလ်နေ၀င်းနဲ့ အပေါင်းအပါတသိုက် တီထွင်သမျှ မြန်မာ့နည်း မြန်မာ့ဟန်တွေထဲမှာ ဗမာနည်း ဆိုရှယ်လစ် စံနစ်နဲ့တကွ ဘုံအမျိုးသားရေးဝါဒပါပါတယ်။ အဓိကကတော့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံရေးအနှစ်သာရကို ဖျက်ဖို့၊ ပလပ်ဖို့၊ တိုင်းရင်းသား အခွင့်အရေးကို ဖိနှိပ်ဖို့ရာ ခေတ်သစ် ဗမာပြည်ဟာ ရှေးဗမာဘုရင်များရဲ့ လက်နက်နိုင်ငံများအသွင် ပြည်ထောင်ကို စုစည်းမိခြင်း အသွင်အဖြစ် ခံယူတော့တာပဲ။ ဗိုလ်ချူပ်အောင်ဆန်းကို အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားအသွင် ပုံဖော်တော့တာပဲ။ ဒီဘုံအမျိုးသားရေးဝါဒဟာ အောင်မြင်တယ်။ ဘာလို့အောင်မြင်သလဲဆို ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးအတွက် စုစည်းနိုးကြားခဲ့ရတဲ့ အမျိုးသားရေးစိတ် နမိတ်ပုံကိုလည်း စစ်အာဏာရှင်က ကောင်းကောင်း အသုံးချနိုင်ခဲ့လို့ပဲ။

    စစ်အာဏာရှင်အောက်က ဘာသာရေးကဏ္ဍအကြောင်း နည်းနည်းကြည့်ကြရအောင်။ စစ်အာဏာရှင်အောက် ဘာသာမရွေး လူမျိုးမရွေး နိုင်ငံရေးအရ ဆန့်ကျင်လာရင် နှိပ်ကွပ်ခံရတာပဲဆိုတာ မမှားဘူး။ ဆိုပေသိ ဘယ်အချက်တွေကြောင့် ဘာသာကြီး လူမျိုးကြီးစိတ် ဖြစ်ပေါ်လာအောင် တွန်းအားပေးစေခဲ့တာလဲ။ ကျနော်ပြောလေ့ရှိတဲ့ ၈၀ ပြည့်နှစ် ထေရ်ရ၀ါဒ ဂိုဏ်းပေါင်းစုံ ညီလာခံရဲ့ အကျိုးဆက်ဟာ အတော် သက်ရောက်ခဲ့တယ် ထင်တယ်။ ညီလာခံရဲ့ အဆုံးအဖြတ်တွေက အသိအမှတ်ပြု ဂိုဏ်းတွေကအပ ဂိုဏ်းသစ် မထောင်ရ၊ ပိဋကတ်၃-ပုံနဲ့ သွေဖီမဟောရ။ ၆၂ ပုံနှိပ်ဥပဒေနဲ့ စာပေစီစစ်ရေးပေါ်လာကတည်းက ဗမာပြည်မှာ စာပေလွတ်လပ်ခွင့် အပါအ၀င် Freedom of Expression ဟာ နှိပ်ကွပ် ခံခဲ့ရပြီးဖြစ်တာကို ဘာလို့ ၈၀-ဂိုဏ်းပေါင်းစုံ ညီလာခံအပေါ် လက်ညှိုးထိုးနေရသလဲ ဆိုတာ ရှင်းရမယ်။ ဘာသာရေးစာပေလွတ်လပ်မှုဟာ ဗုဒ္ဓဘာသာအတွင်းမှာကို ဆုံးရှုံးသွားရတာကြောင့် ဖြစ်တယ်။ ခင်ဗျားဟာ ပေါ်ပေါ်တင်တင် မဂ္ဂဇင်း သတင်းစာ စာအုပ်တွေအပေါ်မှာ ဖန်ဆင်းခြင်းအယူကို ဝေဖန်နိုင်တယ်၊ ဗြဟ္မာဏ၀ါဒကို ရှုံ့ချနိုင်တယ်၊ ငါတို့က အနတ္တ ကျန်တာအကုန် အတ္တ၀ါဒတွေ လွဲတဲ့လမ်း မှားတဲ့အယူဆိုပြီး ရေးနိုင်တယ် ပြောနိုင်တယ်၊ ဦးဆန်းလွင်ရဲ့ ရတနာသုံးပါးကို... စာအုပ်ကို ထုတ်ဝေ ဖြန့်ချီနိုင်တယ်၊ ဒီလို ဘာသာရေးအရ ဝေဖန်ခွင့် စမ်းစစ်ခွင့်ဟာ တစ်လမ်းသွားပဲ။

    ဒီ့ပြင့်ဘာသာတွေ မပြောနဲ့ ဗုဒ္ဓဘာသာအတွင်းမှာကို မူရင်းမှ သွေဖီသူ၊ မတူသော အယူအဆနဲ့ ချည်းကပ်မှုအသစ်တို့ကို အကြံပြုသူတွေ ပေါ်လာရင်တော့ သည်းမခံ၊ မှားကြောင်းဝန်ခံရတယ်၊ အကြိမ်ကြိမ် အခါခါ ထောင်ချတဲ့အထိ အပြစ်ယူတယ်။ ဒီလို ပြစ်ဒဏ်ချနိုင်အောင် ၈၀ညီလာခံမှာ မဆလ ပြည်ထဲရေးနဲ့ သာသနာရေးက ဓမ္မစက်နဲ့ မရရင် အာဏာစက်နဲ့ ကူညီပါ့မယ်ဆိုပြီး ပဋိဥာဉ်ပြုခဲ့ပြီး ဖြစ်တယ်။ န၀တ နအဖ စစ်အစိုးရ အဆက်ဆက်ကလည်း ၈၀ညီလာခံရဲ့ ရလာဒ် သံဃမဟာနာယကအဖွဲ့အပေါ် အသိအမှတ်ပြု ဆရာဒကာ ဆက်ဆံရေးကို ထိန်းသိမ်းတယ်။ ၂၀၀၇ ရွှေဝါရောင်အလွန်ကာလတွေမှာ နိုင်ငံတကာမှာ သံဃအစုအဝေး ပေါ်ပေါက်လာတဲ့ အခါမှာလည်း နအဖဟာ မဟနနဲ့ တွေ့ဆုံတိုင်း မဟနသာ တစ်ခုတည်းသော သံဃအပေါင်းအစုဖြစ်ပါကြောင်း အကြိမ်ကြိမ်ပြောခဲ့တယ်။ ဗမာပြည်ရဲ့ သာသနာရေးဝန်ကြီး ဌာနကရော ဘာသာအားလုံးကို ကိုယ်စားပြုပါသလား။ မေရီချပ်မင်မှာ ဆန်အိတ်လှူပြီး တစ်နှစ်တစ်ခါ ဟာ့ဂ်ျလုပ်ဖို့ လွှတ်ရုံကလွဲလို့ သာသနာ ထွန်းကား ပြန့်ပွားရေးဟာ သာသနာရေးဝန်ကြီးရဲ့ ဦးစီးဌာနတစ်ခုဖြစ်တယ်။

    ဒီတော့ ဗမာပြည်ဟာ ဖွဲ့စည်းပုံက ဘာပြောပြော secular state မဟုတ်ဘူး။ ဓမ္မစက်အာဏာ အရှိဆုံးဆိုတဲ့ မဟနကလည်း အစိုးရမင်းများ မျက်နှာကို ကြည့်လို့ လူ့အရေးကို ပြောရန် အင်မတန်ဝန်လေးသော ဘာသာရေးအဖွဲ့ကြီး အနေနဲ့သာ နေတော့တယ်။ ကျနော့်အနေနဲ့ကတော့ ရွှေဝါရောင် တော်လှန်ရေးလို လက်ပဒေါင်းတောင် အရေးလို ခေတ်အဆက်ဆက် သံဃာများ လူ့အရေး လူ့အကျိုးအတွက် ဆောင်ရွက်မှုကို အမုန်းတရား ဖြန့်ဝေနေတဲ့ လှုပ်ရှားမှုနဲ့ တဇာတ်ထဲမသွင်းနိုင်ဘူး။ အခုထိအောင် ဘာသာရေးသမားများ လူ့အရေး လူ့ကောင်းကျိုးကို ဆောင်သင့်ကြောင်း အခိုင်အမာ ယုံကြည်တယ်။ ဘာသာကြီး လူမျိုးကြီး အယူချွတ်ဖို့ကတော့ နိုင်ငံရေးဆိုင်ရာ ပြောင်းလဲမှုတွေ အခြေခံက စမလုပ်ပဲနဲ့တော့ ငါတို့ဟာ အိမ်ရှင်ဆိုတဲ့ စိတ်ထားအပေါ် ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။
    ဘာသာရေးဟာ ပုဂ္ဂလကိစ္စဖြစ်တာမို့ နိုင်ငံရေးဆိုတဲ့ အများအရေးမှာ ဘယ်လိုအပ်စပ် နိုင်ပါ့မလဲ မေးခွန်းလည်း ပေါ်လာနိုင်ကောင်းတယ်။ ဘာသာရေးဟာ ပုဂ္ဂလကိစ္စဖြစ်တာကို ဘယ်လိုနေရာမှာ သဘောတူသလဲဆို ဘယ်ဘုရားကို ရှိခိုးမလဲ၊ ဘာမှ မရှိခိုးပဲ နေမလားဆိုပြီး ရွေးချယ်ရာမှာ ပုဂ္ဂလကိစ္စဖြစ်ပြီး၊ လွတ်လပ်စွာ ရွေးချယ်နိုင်မှု ကျင့်သုံးနိုင်မှု ဖြန့်ဝေနိုင်မှုတို့အပေါ် တစ်ယောက်ချင်းစီ အတွက်ရော အစုအဖွဲ့ အတွက်ပါ အာမခံချက် ရှိတဲ့ နိုင်ငံရေး စံနစ်မျိုးကို လိုလားအပ်တယ်။ ဒီအာမခံချက်သာ ရှိရင်၊ ဒီအာမခံချက် ရှိသင့်ခြင်းရဲ့ အနှစ်သာရကိုသာ လူတွေ သိမြင်နှစ်လို လာရင် စစ်အုပ်စု ဖန်တီးတဲ့ အမျိုးသားရေးဝါဒ စိတ္တဇဟာ အလိုလို ကွာကျသွားလိမ့်မယ်။

    ဘာသာရေးဟာ ပုဂ္ဂလစိတ္တဇ မှန်ပေသိ၊ ဘာသာရေးက သင်ကြားလမ်းညွှန်သော ကောင်းသော တန်ဖိုးတို့ရဲ့ စေ့စော်မှုကြောင့် လူတွေဟာ အများအကျိုးကို ထမ်းရွက်လာကြတယ်၊ သူနာပြုကြတယ်၊ ဆေးကုကြတယ်၊ စာသင်ပေးတယ်၊ မိဘမဲ့နဲ့ သက်ကြီး ရွယ်အိုကို စောင့်ရှောက် တယ်။ ဒီလို လူ့အကျိုးဆောင်ခြင်းဟာ အင်မတန် လိုလားအပ်တယ်။ ဒါထက်မက ဗမာ့နိုင်ငံရေးသမိုင်းမှာ သံဃာတော်တို့ ကိုလိုနီစံနစ်ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများကအစ ခေတ်အဆက်ဆက်သော လူထုအရေးတော်ပုံများမှာ အင်အားစုတစ်ရပ် အနေနဲ့ပါဝင်ခဲ့တယ်။ ဘာသာရေးရဲ့ သင်ကြားမှုဟာ ဒီလို လူ့အကျိုးထမ်းဖို့ စေ့စော်သမှုပြုတယ် ဆိုရင် ကျနော်တို့ ၀မ်းမြောက်ကြရမယ်၊ အသိအမှတ် ပြုကြရမယ်၊ ကြိုဆိုကြရမယ်။ သံဃာများ လူထုလှုပ်ရှားမှုတွေအတွင်း ပါဝင်ခြင်းကို မနှစ်ချိုက်သူများက မတူသော အကြောင်းပြချက် နှစ်ခုပေးလေ့ ရှိတယ်။ တစ်ခုက ၀ိနည်းနဲ့မညီ ဆိုတဲ့ ဘာသာရေး အကြောင်းပြချက်၊ နောက်တစ်ခုက နိုင်ငံရေးနဲ့ ဘာသာရေး မရောထွေးသင့် ဆိုတဲ့ နိုင်ငံရေး အကြောင်းပြချက်။ ၀ိနည်းနဲ့ညီမညီကို ကျနော် မပြောတတ်၊ သို့ပေသိ နိုင်ငံရေးမှုနဲ့ ထောင်ကျတဲ့ သံဃာတွေထဲမယ် စာပေကျမ်းဂန်တတ် ထေရ်ကြီးဝါကြီးများပါ ပါလေ့ရှိတာ တွေ့ရတယ်။
    ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့် ဒီဆောင်းပါးဟာ နိုင်ငံရေးနဲ့ ဘာသာရေး မရောထွေးသင့် ဆိုတဲ့ နိုင်ငံရေး အကြောင်းပြချက်ကို ချေဖျက်ဖို့ ဖြစ်တယ်။ စစ်အုပ်စုက ဗုဒ္ဓဘာသာ အခြေပြု အမျိုးသားရေးဝါဒ ထူထောင်ဖို့ ဘာသာရေးကို အသုံးချတာကသာ နိုင်ငံရေးနဲ့ ဘာသာရေးရောထွေးမှု ဖြစ်ပြီး၊ လူမျိုးကြီး ဘာသာကြီးစိတ် စမ်းပေါက်ရာ မူလအကြောင်းခံဖြစ်တယ်။ ဘာသာရေးကို အကြောင်းခံပြီး အာဏာ၃ရပ်အပေါ် အလိုအလျောက် မပိုင်စိုးနိုင်သ၍ ဘာသာရေးပုဂ္ဂိုလ်များ လူမှုရေး နိုင်ငံရေးအတွင်း ပါဝင်ကာ လူ့အကျိုးဆောင်ခြင်း၊ သဘောထား မှတ်ချက်ပြုခြင်းတို့ အပေါ် လိုလားအပ်တယ်။ ၀င်မလုပ်ပဲ နိဗ္ဗာန်ရောက်ကြောင်းချည်း ကျင့်နေရင်တောင်၊ ပစ်မထားပါရန် ဒကာများက တောင်းပန်သင့်တယ်။\

    လင်းထင်
    Posted: 31 May 2013 10:05 AM PDT



    ၃၁၊ ၅၊၂၀၁၃။ ပြင်သစ်နိုင်ငံ၊ နမ့်စ်မြို့တွင်ကျင်းပသော ၅ကြိမ်မြောက် ကမ္ဘာ့လူ့အခွင့်အရေးဖိုရမ်သို့ တက်ရောက်ခဲ့သည့် လူ့အခွင့်အရေးတက်ကြွ လှုပ်ရှား ဆောင်ရွက်သူနှင့် တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး တာဝန်ခံ မစုစုနွေးသည်၊ ယနေ့ညနေ ၆း၀၀ နာရီက ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းလေဆိပ်မှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

    ပြန်လည်ရောက်ရှိလာသော မစုစုနွေးအား အင်အား ၃၀၀ ခန့်ရှိသော တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့်နိုင်ငံရေးအင်အားစုဝင်များက ရန်ကုန်လေဆိပ်တွင် လာရောက်ကြိုဆိုခဲ့ကြသည်။

    Ko Marky
    Posted: 31 May 2013 09:38 AM PDT

    အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်

    မြန်မာအစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်တွေရရှိတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။

    ဒီသဘောတူညီချက်တွေကနေ ကချင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ စိုးရိမ်ပူပန်မှုတွေကို နှစ်ဘက်စလုံး က ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်းလည်း မစ္စတာ ဘန်ကီမွန်း ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

    ကေအိုင်အိုနဲ့ အစိုးရကြား လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ (၇) ချက်ပါ သဘောတူညီချက်ဟာ ထူးခြားအရေး ပါတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် အခြေခံကောင်းတစ်ရပ်အဖြစ် မစ္စတာ ဘန်ကီမွန်းက မှတ်ချက်ပြု ပြောဆိုကြောင်း သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

    ဒီအတောအတွင်း ရန်ကုန်မြို့ အမေရိကန်သံရုံးကလည်း ကေအိုင်အိုနဲ့ အစိုးရတို့ မြစ်ကြီးနားမြို့မှာ မေလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ အပြုသဘောဆွေးနွေးပွဲကို ကြိုဆိုလိုက်ပြီး၊ အဲဒီဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ သဘောတူညီချက် (၇)ချက်ကို အားရမိကြောင်း ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

    တချိန်တည်းမှာပဲ ကချင်ပြည်နယ်နဲ့ တခြားသော ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာရှိတဲ့ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပေးနေရသူတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးကို စိုရိမ်ပူပန်ကြောင်း၊ သူတို့အတွက် စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ တခြားအရေးကြီးအကူအညီတွေ ပေးအပ်နိုင်ရေးအတွက် သွားလာခွင့်ကို တားဆီးဟန့်တားခြင်းမပြုဖို့ တိုက်တွန်းလိုကြောင်းကိုလည်း အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


    Rfa Burmese
    Posted: 31 May 2013 09:29 AM PDT




    ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဘာတွေ ပြင်ချင်သင့်တယ် ဘာတွေ ပယ်ဖျက်သင့်တယ် ဘာတွေ ဖြည့်စွက်သင့်တယ် ဘယ်ဥပဒေတွေကို အကောင်အထည်မဖေါ်ရသေးဘူး စတာတွေ ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက စာတမ်းတစောင် ထုတ်ဝေပါတယ်။ အဲဒီစာတမ်းနဲ့ ပတ်သက်ပြီး ထိုင်းမြန်မာနယ်စပ် အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

    Khin Min Zaw
    Posted: 31 May 2013 08:52 AM PDT

    '၀'ပြည်သွေးစည်းညီညွတ်ရေး ပါတီ၏ ပြင်ပဆက်ဆံရေး ဒုတိယတာဝန်ခံ ဦးဆမ်ခွန်း(ယာ)အား အစိုးရနှင့် KIO တို့၏ ဆွေးနွေးပွဲတွင် တွေ့ရစဉ်

    မြန်မာနိုင်ငံတွင် လက်နက်ကိုင် အင်အားစုများအနက် ဒုတိယအင်အား အကြီးဆုံးဖြစ်သော '၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်အနေဖြင့် ၎င်းတို့၏ အင်အားကို အသုံးပြုပြီး အစိုးရကို တိုက်ရန် အစီအစဉ် မရှိကြောင်း '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ ပြင်ပဆက်ဆံရေး ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းက မေ ၃၀ ရက်က ပြောကြားလိုက်သည်။

    အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ '၀' ပြည် သွေးစည်းညီညွတ်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေသော ဦးဆမ်ခွန်းက မြစ်ကြီးနားမြို့၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

    ''အစိုးရကို ကျွန်တော်တို့ '၀'က တိုက်စရာ အကြောင်းမရှိဘူး။ တိုက်ပါဆိုလည်း မတိုက်ဘူး။ အစိုးရတပ်မတော်ပဲဖြစ်ဖြစ် တခြားသော အဖွဲ့အစည်းပဲဖြစ်ဖြစ် လက်နက်ကိုင်ပြီး စစ်ရေးအရ ကျွန်တော်တို့ဒေသကို ၀င်ရောက်ကျူးကျော်တယ် ဆိုလို့ရှိရင် မိမိကိုယ်ကို ပြန်ကာကွယ်ရမှာပဲ။ မိမိကိုယ်ကို ကာကွယ်ရင်းနဲ့ ရန်သူကို ပြတ်ပြတ်သားသား ချေမှုန်းပစ်မှာပဲ'' ဟု ဦးဆမ်ခွန်းက သတင်းထောက်များကို ပြောကြားသည်။

    ထို့အပြင် ပြည်တွင်းလက်နက်ကိုင် အင်အားစုများထဲတွင် တပ်မတော်ပြီးလျှင် '၀'က ဒုတိယ အင်အားအကြီးဆုံး ဖြစ်ကြောင်း ဦးဆမ်ခွန်းက ဆိုသည်။

    ''ကျွန်တော်တို့ '၀'က လက်နက် ကိုင်တယ်နော်။ တပ်မတော် တစ်ရပ်ရှိတယ်။ ဗမာပြည်မှာဆိုရင် အစိုးရတပ်ကပဲ ကျွန်တော်တို့ထက် ကြီးတယ်။ ဒုတိယ လက်နက်ကိုင်တပ်ဖွဲ့ ကျွန်တော်တို့ '၀'တပ်မတော်ပဲ ရှိတယ်။ ပြည်တွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ ဗမာ့တပ်မတော်က တစ်၊ '၀'က နှစ်ပဲ။ ကျွန်တော်တို့က လက်နက်ကိုင်ပြီး အစိုးရကို တော်လှန်ဖို့ မဟုတ်ဘူး။ တခြားအဖွဲ့အစည်းတွေကို ဗိုလ်ကျဖို့၊ စိုးမိုးဖို့လည်း မဟုတ်ဘူး။ မိမိဒေသ ကာကွယ်ဖို့အတွက်ပဲ'' ဟု ဦးဆမ်ခွန်းက ပြောကြားသည်။

    အစိုးရကို ကျွန်တော်တို့ '၀'က တိုက်စရာ အကြောင်းမရှိဘူး။ တိုက်ပါဆိုလည်း မတိုက်ဘူး။ အစိုးရတပ်မတော်ပဲဖြစ်ဖြစ် တခြားသော အဖွဲ့အစည်းပဲဖြစ်ဖြစ် လက်နက်ကိုင်ပြီး စစ်ရေးအရ ကျွန်တော်တို့ဒေသကို ၀င်ရောက်ကျူးကျော်တယ် ဆိုလို့ရှိရင် မိမိကိုယ်ကို ပြန်ကာကွယ်ရမှာပဲ။ မိမိကိုယ်ကို ကာကွယ်ရင်းနဲ့ ရန်သူကို ပြတ်ပြတ်သားသား ချေမှုန်းပစ်မှာပဲ...

    '၀' ပြည်နယ် တောင်းဆိုသည့် ကိစ္စရပ်မှာ တောင်းဆိုသင့်သော ကိစ္စဖြစ်ပြီး ခွဲထွက်ရေးအတွက် တောင်းဆိုခြင်း မဟုတ်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် အသိအမှတ် ပြုရန်သာ တောင်းဆိုခြင်း ဖြစ်သည်ဟု ဦးဆမ်ခွန်းက ဆိုသည်။

    ''ကျွန်တော်တို့'၀'ပြည်နယ် တောင်းတယ်ဆိုတာ ရှမ်းပြည်နယ် ခွဲထွက်ဖို့မဟုတ်ဘူး။ နိုင်ငံတော်အစိုးရနဲ့ ခွဲထွက်ရေးလုပ်ဖို့ မဟုတ်ဘူး။ သီးသန့်သမ္မတနိုင်ငံ လွတ်လပ်တဲ့နိုင်ငံ ထူထောင်ဖို့မဟုတ်ဘူး'' ဟု ဦးဆမ်ခွန်းက ဆိုသည်။

    ''ဒီနေ့ကျွန်တော်တို့'၀'က အစိုးရယန္တရား အားလုံးရှိပြီးသား၊ နိုင်ငံတစ်ခုကဲ့သို့သော ယူနစ်ရှိပြီးသား၊ ကျွန်တော်တို့ကို '၀'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် အသိအမှတ်ပြုဖို့ပဲ တောင်းဆိုတာ၊ ကျွန်တော်တို့ဆီမှာ ပညာရေး၊ အုပ်ချုပ်ရေး အကုန်ရှိပြီးသားပဲ'' ဟု ဦးဆမ်ခွန်းက ဆက်လက်ပြောကြားသည်။

    ထို့အပြင် '၀' ဒေသတွင် တိုင်းရင်းသားလူမျိုး ၁၈ မျိုး နေထိုင်လျက်ရှိပြီး ဗဟိုကော်မတီဝင် ၂၁ ဦး၌ ၀၊ ဂျင်းဖော၊ တရုတ်၊ လားဟူနှင့် ရှမ်းတို့ပါဝင်ကြောင်း သိရသည်။

    ''လက်နက်တစ်ခုတည်း ကိုင်တာ မဟုတ်ဘူး။ ပါတီက ဦးဆောင်တာ။ '၀'ပြည်သွေးစည်း ညီညွတ်ရေးပါတီ၊ သွေးစည်းညီညွတ်ရေး တပ်မတော်၊ '၀'ပြည်နယ် ပြည်သူ့အစိုးရဆိုတာ ကျွန်တော်တို့ ရှိခဲ့ပါတယ်။ '၀'ပြည်မှာ တိုင်းရင်းသား ၁၈ မျိုးရှိပါတယ်။ အားလုံးကို တန်းတူရည်တူ ဆက်ဆံတယ်။ '၀'ဗဟိုကော်မတီက ဖွဲ့စည်းထားတဲ့ ဗဟိုကော်မတီဝင်က ၂၁ ဦးရှိတယ်။ ၀၊ ဂျင်းဖော၊ တရုတ်၊ လားဟူ၊ ရှမ်း ဗဟိုကော်မတီထဲမှာ ပါပါတယ်''ဟု ဦးဆမ်ခွန်းက ပြောကြားသည်။

    မကြာသေးမီ အချိန်က ဘန်ကောက်တွင် မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းဆီးရမိခဲ့ပြီး ထိုမူးယစ်ဆေးဝါးများမှာ '၀' ဒေသမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည် ဆိုသော အချက်ကိုလည်း ဦးဆမ်ခွန်းက ငြင်းဆိုလိုက်သည်။

    ''ကျွန်တော်တို့ ထုတ်တယ်ဆိုရင် စက်ရုံတွေ့သလား။ ထုတ်လုပ်တဲ့သူတွေ မိသလား။ ဒါကလည်း ကျွန်တော် မသိဘူး။ '၀'က မူးယစ်နဲ့ ပတ်သက်လာရင် လက်နက်ကိုင် အဖွဲ့အစည်းသာမက တခြားတခြားသော ကုန်သည်တွေ ကမ္ဘာမှာ အနှံ့အပြားထုတ်ပြီး စီးပွားဖြစ်ကြတာပဲ။ '၀'က မရဘူး။ သူ့ဒေသ ယူလာရင်တော့ ပြင်းပြင်းထန်ထန် ခေါင်းဖြတ်ပစ်တာပဲ။ ကျွန်တော်တို့လည်း ဒီနာမည် မကြားချင်တော့ဘူး။ ဒီဦးထုပ်ကြီးကို မဆောင်းချင်တော့ဘူး'' ဟု ဦးဆမ်ခွန်းက ဆိုသည်။

    '၀' အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားပြီး စစ်ကို မလိုလားကြောင်း၊ အစိုးရနှင့် ငြိမ်းချမ်းရေး ရရှိခဲ့သည့် ၂၄ နှစ်တာ ကာလအတွင်း သုံးနှစ်ခန့်သာ တင်းမာခဲ့ကြောင်း၊ နိုင်ငံတစ်ခု တပ်မတော်တစ်ခုမူ ရှိနေသော်လည်း လတ်တလော အခြေအနေအရ လက်နက်ဖြုတ်သိမ်းမည် မဟုတ်ဟု ဦးဆမ်ခွန်းက ပြောကြားသည်။

    ''နိုင်ငံတစ်နိုင်ငံမှာ အစိုးရတစ်ခု ရှိရမယ်။ တပ်မတော်တစ်ခု ရှိရမယ် အခုလောလောဆယ်ထိတော့ ကျွန်တော်တို့က လက်နက်စွန့်လို့ မဖြစ်သေးဘူး။ ကျွန်တော်တို့ တောင်းဆိုတဲ့ အချက်အလက်တွေ ကျွန်တော်တို့ ပစ်မှတ်တွေက ရောက်မှ မရောက်သေးဘဲ။ စောင့်ကြည့်သေးတာပေါ့။ ကျွန်တော်တို့က ဒီနေ့အထိ ဆက်လက်ပြီးတော့ လက်နက်ကိုင်ဦးမှာပဲ'' ဟု ဦးဆမ်ခွန်းက ပြောကြားသည်။

    Eleven media group
    You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610



    --
    http://www.burmaburo.blogspot.com

    No comments:

    Post a Comment