Tuesday 18 June 2013

ဒေါင်းမာန်ဟုန်








    Posted: 17 Jun 2013 09:59 AM PDT

    မုံရွာတရားရုံးတွင် ဒဏ်ငွေဆောင်ပြီးအပြန်တွင် မုံရွာအမှတ်(၁)ရဲစခန်းမှ 81ကာရာအိုကေဆိုင်သို့ ၀င်ရောက်စစ်ဆေးရှာဖွေဖမ်းဆီးခဲ့စဉ်က သက်သေခံ အဖြစ်သိမ်းယူခဲ့သော တရားမ၀င်အနှိပ်ခန်းသုံး မွေ့ယာဆိုဖာ များအား လိုက်ထရပ်ကားဖြင့် ပြန်လည်သယ်ဆောင်သွားစဉ် ဗိုလ်ချုပ်ကြေး ရုပ်အ၀ိုင်းပတ်ဘေးတွင် တွေ့မြင်လိုက်ရစဉ်ပုံ။

    စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ တွင် ယခုလ(17-6-2013)နေ့ညပိုင်းက မုံရွာမြို့ စက်မှုဇုန် ရပ်ကွက်(၃၉)လမ်းရှိ 81 ကာရာအိုကေ နှင့် အနှိပ်ခန်းအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ၀င်ရောက်ရှာဖွေစစ်ဆေးပြီး တရားရုံးသို့ တရားစွဲတင်ခဲ့ရာတွင် သက်ဆိုင်ရာ မုံရွာမြို့နယ် တရားရုံးက ငွေသိန်း(၁၀၀)ကျော်လဘ်စားပြီး တစ်ဦးလျှင် ဒဏ်ငွေ (၅၀၀၀ိ-/)ကျပ်စီ ဒဏ်ရိုက်ကာ ပြန်လည်လွတ်ပေးလိုက်ကြောင်း မုံရွာမြို့နယ်တရားရုံးနှင့်နီးစပ်သူ တစ်ဦးထံမှသိရပါသည်။

    "17-6-2013 နေ့ညပိုင်းမှာ မုံရွာမြို့နယ်မှူးရုံးကဆင်ပြီးဖမ်းတာ။နယ်မြေခံ အမှတ်(၂)ရဲစခန်းက ရဲတွေတောင်မပါဘူး။တစ်ခြားနယ်မြေက မျက်နှာစိမ်းရဲတွေနဲ့ဝင်ဖမ်းတာ။ ကာရာအိုကေခန်းတွေ ခန်းတွေ တရားမ၀င်အနှိပ်ခန်းတွေ တွေ့သွားတာ။မိန်းကလေးအငယ်လေးတွေ(၃၀)လောက်ပါ သွားတယ်။လိုက်ထရပ်ကားနဲ့တင်သွားတာ။နောက်ပြီး လာတဲ့ဧည့်သည်တွေလည်း(၂၅)ယောက် လည်းပါသွားတယ်။လိုက်ထရပ်ကားနဲ့(၂)ခေါက်ပြန်သယ်တာ။အနှိပ်ခန်းမှာသုံးတဲ့ မွေ့ရာတွေ ခေါင်းအုံးတွေ စောင်တွေလည်းတင်သွားတာ မြင်ရတယ်။အရက်ဖာတွေလား ဘီယာဖာတွေလား တော့ မသိဘူး အဲဒါတွေလည်း တင်နေတာမြင်ရတယ်လို့" အဆိုပါ 81 ကာရာအိုကေနှင့်အနှိပ်ခန်း အနီးရှိ စက်ရုံတစ်ရုံမှ အလုပ်သမားတစ်ဦးကဆိုပါတယ်။

    "မုံရွာမြို့ အနေနဲ့ အခုလို ကာရာအိုကေလို့ခေါ်တဲ့ ကေတီဗီတွေ အနှိပ်ခန်းတွေက မြို့နဲ့မမျှအောင် ပေါများနေတာကို သက်ဆိုင်ရာကနေပြီး လျှစ်လျှုရှုထားတာဟာ လုံးဝမကောင်းပါဘူး။တစ်ချို့ဆို ရင် အနှိပ်ခန်းသွားတာတွေ မာဆတ်သွားတတွေကြောင့် မိသားစုစကားများရန်ဖြစ်ပြီး အိမ်ထောင်ပြိုကွဲ သွားတာတွေတောင်ရှိပါတယ်။ညပိုင်းအချိန်တွေမှာလည်း အဲဒီကေတီဗီတွေက ဆူညံမှုတွေကြောင့် ရပ်ကွက်ထဲက အိမ်နီးနားခြင်းတွေ ကောင်းကောင်းမအိပ်စက်ကြရတဲ့ သူတွေရှိပါတယ်။တစ်ချို့ဆို ရင် ကိုယ့်အိမ်က သမီးပျိုတွေနဲ့ အမြင်မတော်လို့ စိတ်ဒုက္ခရောက်နေကြရတဲ့ မိသားစုတွေအများကြီးပါ။လူ တစ်စုရဲ့ ၀ိသမလောဘဇောနဲ့ စီးပွားရှာမှုကြောင့် ပတ်ဝန်းကျင်က မိန်းမကောင်းလေးတွေ ညနေ(၅) နာရီကျော်ရင် အိမ်နားလေးက စတိုးဆိုင်ကိုဈေးဝယ်သွားချင်တာတောင် ကေတီဗီ မာဆတ် နဲ့ နီးနေ တော့ မသွားရဲမလာရဲဖြစ်နေကြရပါတယ်။ဟိုတစ်လောကဆိုရင် ကျွန်တော်တို့နေတဲ့ သာစည်လမ်းမှ အိမ်က အဖေအို ၀မ်းပျက်နေလို့ ဓာတ်ဆားထုပ်နဲ့ ၀မ်းပိတ်ဆေးလေးထွက်ဝယ်ဘို့ သူ့အမေက ခိုင်းတာ ကလေးမက ကေတီဗီ မာဆတ်ရှေ့က ဖြတ်ပြီးသွားရမှာမို့ မသွားရဲလို့ ၀မ်းပျက်နေတာ ကို ဆေးသွားပြီးမ၀ယ်ရဲလောက်အောင်ကို ဖြစ်ရပါတယ်။"လို့ သာစည်လမ်းနေသူတစ်ဦးကဆိုပါတယ်။

    "ကာရာအိုကေဆိုင်တွေကတော့ လိုင်စင်ချထားပေးပါတယ်။အနှိပ်ခန်းကတော့ လိုင်စင်ချထားပေး တာမရှိပါဘူး။ကာရာအိုကေလိုင်စင်ချထားပေးတယ်ဆိုတာကလည်း အခုလိုမျိုး မိန်ကလေးတွေ ထားရှိခွင့် လုံးဝ ပေးမထားပါဘူး။တစ်ခန်းဆိုရင် လိုင်စင်တစ်ခုရှိရပါတယ်။ည(၁၁)နာရီအထိသာ ခွင့်ပြုထားပါတယ်။အရက် ဘီယာလည်းရောင်းချခွင့်လုံးဝမရှိဘာဘူး။ရောင်းချင်ရင်တော့ အရက်ဘီယာလိုင်စင်ကိုပါ ထားရှိရပါမယ်။မုံရွာမှာရှိတဲ့ ကာရာအိုကေဆိုင်အတော်များများဟာ စည်းကမ်းနဲ့ညီညွတ်မှုလုံးဝမရှိပါဘူး။ ပိုင်ရာဆိုင်ရာတွေရဲ့ ၀ိတ်တွေသုံးပြီး လုပ်နေကြတာပါ။ ထိထိရောက်ရောက်အရေးယူမယ်ဆိုရင်လည်း အထက်လူကြီးတွေက ကာဘာပေးထားတော့ လုပ်တဲ့ သူတွေကိုဘဲ အမုန်းတရားပွားခံရတာဘဲအဖတ်တင်မှာဆိုတော့ လွတ်ထားရသလိုဖြစ်နေတာပါ။ ကျွန်တော်တို့ကလည်း ထိထိရောက်ရောက်အရေးယူဆောင်ရွက်ချင်ပါတယ်။

    ဒီနေ့ဖြစ်စဉ်ကိုဘဲကြည်ပါ ရဲကဖမ်းဆီးပြီး တရားရုံးတင်ပေးတယ်။တရားရုံးမှာ ပိုင်ရာဆိုင်ရာတွေနဲ့ လဘ်ထိုးပြီး ဒဏ်ရိုက်ပြန်လွတ်လိုက်တယ် ဘာထူးမှာလည်း ဖမ်းတဲ့သူမုန်းတာရှိတယ်။ကျွန်တော် သာ ရဲတပ်ဖွဲ့ကဆိုရင် လုံးဝဖမ်းမှာ မဟုတ်ပါဘူး"လို့ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိ သူတစ်ဦးကဆိုပါတယ်။
    "ဒီနေ့ မုံရွာမြို့နယ်တရားရုံးမှာ ကာရာအိုကေနဲ့ အနှိပ်ခန်းကို ဖမ်းပြီးတရားစွဲတင်တယ်ကြားလို့ ကျွန်တော်သွားပြီး တရားရုံးမှာ လေ့လာကြည့်တာ ဒဏ်ရိုက်ပြန်လွတ်လိုက်တယ်။ကာရာအိုကေ အနှိပ်ခန်းကတော့ ကိုယ်လည်းမလုပ်တော့ အဲဒီဥပဒေကိုနားမလည်ပါဘူး။ကျွန်တော်က အရက် ဘီယာရောင်းတော့ ယစ်မျိုးဥပဒေဘဲနားလည်ပါတယ်။အခုဖမ်းတဲ့အထဲမှာ ဘီယာတွေပါတယ် ဘီယာတွေပါတာကို တရားသူကြီးက ဒဏ်ရိုက်ပြီးပြန်လွတ်တယ်။ ဒါက ဥပဒေနဲ့ညီညွတ်ပါရဲ့လား ဆိုတာမေးကြည့်ချင်ပါတယ်။ကျွန်တော်တို့ ယစ်မျိုးဖမ်းခံရတာတွေရှိတယ်။

    ဒဏ်ရိုက်ပြန်လွတ်ခဲ့ သလား။ထောင်ဒဏ်ပါချတယ်။ဒါတောင်အရက်ဘီယာမဟုတ်သေးဘူး BE ရောင်းတာ။ အခုဖမ်းတဲ့ အထဲမှာ ဘီယာပါတယ် ဒဏ်ရိုက်တယ် ဒီလိုဆိုရင် ဆိုင်တိုင်းမှာ ဘီယာရောင်းကြတော့မှာပေါ့ ။ဘီယာလိုင်စင်ဆိုတာကလည်း တစ်နှစ်ကို အခွန်ဆောင်ရတာတာကသိန်း(၁၀)ဂဏန်းဆောင်ရ တာပါ။ဒီလိုသာဒဏ်ငွေလောက်နဲ့ ပြတ်တယ်ဆိုရင် သိန်း(၁၀)ချီပြီးအခွန်မဆောင်တော့ အလွတ် ရောင်းမှာပေါ့ မိရင်ဒဏ်ငွေ(၅၀၀၀ိ-/)ငါးထောင်ဆောင်လိုက်မှာ"လို့ မုံရွာမြို့မှ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးကဆိုပါတယ်။
    စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးစိုက်ရာမြို့ကြီးတစ်မြို့ဖြစ်သော မုံရွာမြို့တွင် ကာရာအိုကေ နှင့် တရားမ၀င်အနှိပ်ခန်း ပေါင်းမြောက်များစွာကို အထင်ကရလမ်းမကြီးများဘေးဝဲယာနှင့် တက္ကသိုလ် ကျောင်းသား/သူများ ပညာသင်ကြားနေသော တက္ကသိုလ်များအနီး အဆောင်များအနီး ပြည်ထဲရေး ၀န်ကြီးဌာနလက်အောက်ရှိ အရေးပါသော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စ-စ-စ)ရုံးစိုက်ရာ ရပ်ကွက်အတွင်း တွင် ဖွင့်လှစ်လုပ်ကိုင်လျှက်ရှိကြောင်းလည်း မုံရွာမြို့ခံတစ်ဦးက သလ္လာဝတီတိုင်းမ် သို့ အတည်ပြုပြောကြားခဲ့ပါတယ်။

    သလ္လာဝတီတိုင်းမ်
    Posted: 17 Jun 2013 09:38 AM PDT


    တနင်္လာနေ့မှာ မြန်မာသံရုံးနဲ့ မလေးရှား လူဝင်မှုကြီးကြပ်ရေးက စီစဉ်ကြီးကြပ်မှုနဲ့ ပထမဆုံးအကြိမ် မလေးရှားနိုင်ငံက လုံခြုံရေးနဲ့ ကျန်းမာရေး စိုးရိမ်ရတဲ့ မြန်မာအလုပ်သမား၂၅ ဦးကို မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

    မလေးရှားနိုင်ငံတွင်း မြန်မာနိုင်ငံသားအချင်းချင်း အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့အတွက် အသက်အန္တရာယ် လုံခြုံရေး စိုးရိမ်ရလို့ အလားတူ မိခင်နိုင်ငံကို ပြန်လိုကြတဲ့ မလေးရှားနိုင်ငံက မြန်မာအလုပ် သမားတွေ နေရပ်ရင်း ပြန်ဖို့အရေးကိုလည်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ မြန်မာအလုပ်သမားရေး လှုပ်ရှားသူတွေ ပူးပေါင်းကူညီပေးနေကြပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန် က တင်ပြထားပါတယ်။

    ဒီနေ့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ မြန်မာသံရုံးနဲ့ မလေးရှား လူဝင်မှုကြီးကြပ်ရေးက ပူးပေါင်းစီစဉ်မှုနဲ့ ပထမဆုံးအကြိမ် မြန်မာ့လေကြောင်းလိုင်း MAI နဲ့ မြန်မာအလုပ်သမား ၂၅ ယောက်ကို မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့ မြန်မာအလုပ်သမားတွေကို လိုက်လံ ကူညီဆောင်ရွက်ပေးနေတဲ့ ဦးသီဟမောင်မောင် က ဗွီအိုအေကို ပြောပါတယ်။

    ဒီ ၂၅ ယောက်ထဲမှာ ကပုန်းဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေသူတွေနဲ့ ဆေးရုံတက် ဆေးကုသမှု ခံနေရသူတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

    "အရေးပေါ်ဖြစ်တဲ့အခါကျတော့ ကျနော်တို့က အမြန်ဆုံးနည်းနဲ့ စီစဉ်တာဆိုတော့ CofI က ကျနော်တို့ လျှောက်ပြီး ပြန်ရတာပါ။ ဘုန်းတော်ကြီးကျောင်းမှာ ခဏ ခိုလှုံနေတဲ့ ၁၆ ယောက်နဲ့ နောက်ပြီးတော့ ဆေးရုံတက်တဲ့ ၁ ယောက်ပေါ့လေ သူ့နာမည်ကတော့ ထွန်းမော်သိန်းပေါ့လေ သူနဲ့ဆိုရင် အဲ့ဘက်အဖွဲ့က ၁၇ ယောက်ပေါ့။ နောက်ထပ် ကျနော်တို့က ၈ ယောက် စုစုပေါင်း ၂၅ ယောက်ပေါ့လေ။ အဲ့ဒီ ၂၅ ယောက်က ဒီနေ့ MAI နဲ့ ပြန်သွားပါတယ်။ အခုလည်း မြန်မာပြည်ကို ကောင်းကောင်းမွန်မွန် ရောက်သွားတယ်လို့ ဖုန်းဝင်လာတယ်။"

    အခုစီစဉ်ပေးလိုက်တဲ့ ဦးစားပေးအုပ်စုအပြင် ကျန်ရှိနေသေးတဲ့ နေရပ်ရင်း ကိုပြန်လိုသူ မြန်မာအလုပ်သမားတွေအတွက်လည်း မြန်မာသံရုံးအနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ကိုလည်း မလေးရောက် မြန်မာအလုပ်သမားတွေကို အကူအညီပေးနေတဲ့ ကပုန်း နာရေးကူညီမှုအသင်းက ဦးဆန်းဝင်း က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

    အခုအချိန်မှာတော့ စောင့်ဆိုင်းနေဆဲ မြန်မာအလုပ်သမားတွေရဲ့ လုံခြုံရေးနဲ့ နေထိုင်ရေးမှာ အခက်အခဲတွေ ဖြစ်နေကြရတယ်လို့လည်း ဦးဆန်းဝင်း က ဆိုပါတယ်။

    "ကျနော်တို့ အကြံပေးချင်တာကတော့ Immigration ရုံးကို သွားမယ်ဆိုရင်လည်း မြန်မာသံရုံးအနေနဲ့ ဥပမာပေါ့ ဖယ်ရီကားတွေကို ငှားပြီး တခါတည်း အုပ်စုလိုက် အုပ်စုလိုက် တင်ပြီးသွားရင် ပိုပြီး မြန်ပါတယ်။ မလေးရှားအာဏာပိုင်တွေကိုလည်း ဒါတွေ အမြန်ဆုံး ကူညီပေးဖို့အတွက် နှစ်ဦးနှစ်ဘက် ညှိနှိုင်းလိုက်ရင် အကောင်းဆုံးဖြစ်မယ်ထင်တယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အခုလို CofI တစ်ခုတည်း မြန်မာသံရုံးအတွက် လိုက်ပြီး ကူညီပေးနေမယ့်အစား ကိုယ်တိုင်ကိုယ်ကျ ကူညီပေးလိုက်လို့ရှိရင် အကောင်းဆုံးနဲ့ အမြန်ဆုံးဖြစ်မယ်လို့ ကျနော်တော့ အကြံပေးချင်တယ်။"

    ဇွန်လ ၁၈ ရက်နေ့ အင်္ဂါနေ့က စတင်ပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးကနေ CofI နိုင်ငံသား အသိအမှတ်ပြု လက်မှတ် ရထားပြီးသား မြန်မာအလုပ် သမားတွေကို မြန်မာနိုင်ငံကို တရားဝင်ပြန်နိုင်ရေး အခက်အခဲမရှိအောင် မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနကို သွားရောက် လုပ်ဆောင်နိုင်ဖို့ အလုပ်သမားရေး ကူညီပေးနေသူတွေအနေနဲ့ လိုက်လံ လုပ်ဆောင်ပေးကြမှာ ဖြစ်တယ်လို့လည်း မြန်မာသံရုံးနဲ့ ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးနေသူ ဦးသီဟမောင်မောင် က ဆိုပါတယ်။

    "မနက်ဖြန်မှာ စစီစဉ်ပါတယ်။ ၁၆ ယောက်ဆိုတော့လေ ကျနော်တို့ နောက်ထပ် ၄ ယောက်လောက် ထပ်ဖြည့်ပြီးတော့ အယောက် ၂၀ လောက် ကျနော်တို့ မှန်းလိုက်တယ်ပေါ့လေ။ အဲ့ဒီ အယောက် ၂၀ မှန်းပြီးတော့ ကျနော်တို့ စ ပို့မှာပဲပေါ့လေ။ လူကြီးတွေဘက်ကလည်း ထပ်ပြီးတော့ ၂၀ အပြင်ကို နောက်ထပ် ၁၀ ယောက် ထပ်ဖြည့်လို့ရရင် နောက်ထပ် အယောက် ၂၀ လောက် ထပ်ဖြည့်လို့ရရင်လည်း ကျနော်တို့ ကြိုးတော့ ကြိုးစားနေပါတယ်ခင်ဗျ။ မနက်ဖြန်အနေနဲ့ကတော့ ကျနော်တို့ အယောက် ၂၀ ကို Immigration ကို ခေါ်သွားဖို့ရှိပါတယ်။"

    အဲ့ဒီအုပ်စုတွေထဲမှာတော့ ကျန်းမာရေးမကောင်းတဲ့သူ အသက်အရွယ် ကြီးမြင့်သူ နောက် ကိုယ်ဝန်ဆောင် သားသည်မိခင် စတဲ့သူတွေကို ဦးစားပေး ဆောင်ရွက်မယ်လို့လည်း သိရပါတယ်။

    မြန်မာနိုင်ငံကို ပြန်လိုသူတွေရဲ့ အခက်အခဲနဲ့ လက်ရှိ လုံခြုံရေးအခြေအနေကို သိနိုင်ဖို့၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမြို့ အပါအဝင် မြန်မာအလုပ်သမား အများစု နေထိုင်တဲ့ ပီနန်း၊ ဂျိုဟိုး စတဲ့မြို့တွေကို မလေးရှားနိုင်ငံဆိုင်ရာ သံရုံးတာဝန်ရှိသူတွေ အပါအဝင် မြန်မာအလုပ်သမားအရေး လူပ်ရှားသူတွေက သွားရောက်ပြီး နေရပ်ရင်းပြန်လိုသူ အလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

    မြန်မာသံရုံးရှိရာ ကွာလာလမ်ပူမြို့ကို လာရောက်ဖို့ လုံခြုံရေးနဲ့ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲရှိနိုင်တဲ့အတွက် ပြန်လိုသူ အလုပ်သမားတွေက ရွေးချယ်လိုက်တဲ့ အလုပ်သမား ကိုယ်စားလှယ်အနေနဲ့ CofI အသိအမှတ်ပြုကဒ်တွေကို အဆင်ပြေချောမွေ့စွာ လာရောက်လုပ်ဆောင်နိုင်ဖို့ စီစဉ်ဆောင်ရွက်ခဲ့တယ်လို့လည်း ဦးသီဟမောင်မောင် က ဆိုပါတယ်။

    အခုလက်ရှိ မလေးရှားနိုင်ငံတွင်းက နေရပ်ရင်းပြန်လိုသူ မြန်မာ အလုပ်သမားတွေရဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံတွင်း နေထိုင် လုပ်ကိုင်နေတဲ့ သတ်မှတ်ချက်အနေအထားကို ဦးဆန်းဝင်း က ရှင်းပြပါတယ်။

    "မလေးရှားမှာ ၃ မျိုးရှိပါတယ်ခင်ဗျ။ ရွှေ့ပြောင်းအလုပ်သမားတွေ ရှိပါတယ်။ နောက်တခုက စစ်သည်လို့ခေါ်တဲ့ အဆင့် ၆ ဆင့်ပါတဲ့ စီမံကိန်းနဲ့ထုတ်ထားတဲ့ ပတ်စ်ပို့သမားတွေ ရှိပါတယ်။ ဒီပတ်စ်ပို့သမားတွေကလည်း အကြောင်းကြောင်းကြောင့် ဒီပတ်စ်ပို့တွေ ရတဲ့အခါမှာ နှောင့်နှေးတဲ့အတွက်ကြောင့် ပါမစ်တင်တဲ့အခါ အခက်အခဲတွေ တွေ့တော့ ဒီလူတွေမှာ ပါမစ်ဆိုတာ မရှိဘူး။ အဲ့လိုမရှိတော့ ပတ်စ်ပို့တော့ရှိတယ် ပါမစ်တော့မရှိတဲ့ လူတစ်စုရှိပါတယ်။ နောက်တခုအနေနဲ့ ပါမစ်ရှိတယ်။ ပတ်စ်ပို့ရှိတယ်။ ဒါပေမဲ့ သူဌေးတွေက ချုပ်ကိုင်ထားတယ်။ အဲ့လိုလူမျိုးတွေကလည်း တစ်စုရှိသေးတယ်။ အဲ့ဒီ ၃ စုကို ဘယ်လိုလမ်းကြောင်းတွေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ အမြန်ဆုံး ဖြေရှင်းရမယ်ဆိုတဲ့ လမ်းကြောင်းလေးတစ်ခုကို ချပေးရင် အရမ်းမြန်ပါတယ်ခင်ဗျ။"

    ပြန်လိုသူတွေလည်းရှိသလို ဆက်ပြီး အလုပ်လုပ်ကိုင်လိုသူတွေလည်း ရှိတဲ့အတွက် သူတို့ရဲ့ လုံခြုံရေးကိုလည်း ကာကွယ်ပေးဖို့ မကြာသေးခင်က ရောက်ရှိလာခဲ့တဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော် ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့အပါအဝင် မြန်မာသံရုံး တာဝန်ရှိသူတွေက မလေးရှားအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

    ဇွန်လ ၁၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစဉ်မှာ ပါရှိတဲ့ သတင်းထုတ်ပြန်ချက်အရတော့ မေ ၃၀ ကနေ ဇွန်လ ၇ ရက်အတွင်း ဖြစ်ပျက်ခဲ့တဲ့ မလေးရှားနိုင်ငံမှာ ဝိုင်းဝန်း အနိုင်ကျင့် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် မြန်မာနိုင်ငံသား အလုပ်သမား ၅ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတယ်လို့ ဖော်ပြပါရှိပါတယ်။

    အခုလက်ရှိအခြေအနေမှာတော့ မလေးရှားနိုင်ငံတွင်းမှာ မြန်မာ အလုပ်သမားတွေရဲ့ အခြေအနေဟာ အေးချမ်းစပြုနေပြီး တိုက်ခိုက်မှု အကြမ်းဖက်မှု တစုံတရာ ထပ်မံ မဖြစ်ပွားတော့ဘူးလည်း သိရပါတယ်။

    Voa

    Posted: 17 Jun 2013 09:23 AM PDT

    ရေးသားသူ - သားဖေထင်။ တီးခတ်သူ အောင်လင်း (SPIDER)။ သီဆိုသူ - နေမျိုးဇင်။ အသံသွင်း ရက်စွဲ ( ဇွန်လ ၁၆ ရက် ၂၀၁၃ ခုနှစ် ရန်ကုန်)
    Posted: 17 Jun 2013 09:20 AM PDT

    သူ့ အကြည့်က ရှုသိုးသိုး ဒါပေမယ့် သူ့လုပ်ပိုင်ခွင့်နဲ့ ပြည်သူ့ ဘဏ္ဍာကို သူမခိုးခဲ့ဘူး။ သူ့ မျက်လုံးက ခပ်ဆိုင်းဆိုင်း။ ဒါပေမယ့် သူက ပြည်သူလူထုကို ရိုင်းစိုင်းတဲ့ အုပ်ချုပ်မှုအောက်က လွတ်မြောက်စေချင်လို့ သူလုပ်ခဲ့တယ်။ သူ့ ထိုင်နေပုံက ခပ်ရို့ရို့ ။ ဒါပေမယ့် မကြာခင် ရက်ပိုင်း လပိုင်းမှ သူ့ လည်ပင်းကို ကြိုးကွင်းစွပ်ပြိး သတ်ခံရနိုင်တယ် ဆိုတာ သိတယ်။ မကြောက်တမ်း ပြည်သူ့စစ်သူရဲကောင်းတို့ မာန်နဲ့ သူ့ အထိုင်မပျက် ၊ စိတ်မပျက်ခဲ့ဘူး။ သူ့ လက်ကို နှောင်ကြိုးတွေ တည်းထားတယ်။ ဒါပေမယ့် သူ့ရဲ့ တိုင်းပြည်နဲ့ တပ်မတော်အပေါ် ထားရှိတဲ့ မြင့်မြတ်သော သဘောထား၊ ရဲ့ရင့်သော အာဇာနည်စိတ်ဓါတ် ၊ ပြတ်သားသော ဦးဆောင်မှု ၊ နောက်လာနောင်သာားတွေ ကောင်းစေချင်တဲ့ စေတနာကို တော့ ဘယ်လို နှောင်ကြိုးမျိုးနဲ့မှ တည်းထားချုပ်နှောင်ထားလို့ မရဘူး ဆိုတာ သူ သက်သေပြခဲ့တယ်။ သူ ................. သူ ................ တိုင်းပြည်နဲ့ လူမျိုး အတွက် အသက်စတေး ပေးဆပ်ခဲ့သော စစ်သူရဲကောင်း သူ့ကို အလေးပြု ဦးညွတ်လိုက်ပါတယ်လူမသိ သူမသိ ကြွေလွင့်ခဲ့ရသော အဖိုးတန် ကြယ်နီတပွင့် ၊ ပြည်သူ့ စစ်သားကောင်း၊ မျိုးချစ်အာဇာနည် သူရဲကောင်း။ ဗိုလ်ကြီးအုန်းကျော်မြင့် .................................

    ကျနော် တပ်မတော်ထဲ နေစဉ်ကတည်းက စစ်သားတဦးရဲ့ ရင်ထဲက နက်နက်ရှိုင်းရှိုင်း လေးစားအားကျမိတဲ့ စိတ်ဓါတ်ပိုင်ရှင်က ဗိုလ်ကြီးအုန်းကျော်မြင့် ပါပဲ။

    မတရားတာကို မတရားမှန်း သိ၊ မမှန်တာကို မမှန်မှန်း သိပြီး မှန်ကန် တရားမျှတမှု ရပ်ဝန်းပေါ်ပေါက်လာအောင် သူ တတ်စွမ်းတဲ့ နေရာကနေ အသက်ကိုစွန့် ကိုယ်ကျိုးကို မငဲ့ပဲ တိုင်းပြည်နဲ့ လူမျိုး အတွက် ရဲရဲဝံ့ဝံ့ လုပ်ဆောင်သွားတဲ့ သူရဲကောင်း စိတ်ဓါတ်ကို အလွန်ပဲ လေးစား အားကျခဲ့ရပါတယ်။

    အခု ရက်ပိုင်းမှာ သူ့လို မျိုးချစ်စစ်သားကောင်းတွေ အကြောင်း လိုက်ရှာ လိုက်ဖတ်ပြီး ဂုဏ်ပြု စာစကားလေးတွေ ရေးမယ်လို့ စိတ်ကူးမိပါတယ်။ http://www.scribd.com/doc/62888003/Captain-Ohn-Kyaw-Myint ဒါကတော့ ပြည်သူ့ စစ်သားကောင်း မျိုးချစ်စစ်သူရဲကောင်း ဗိုလ်ကြီးအုန်းကျော်မြင့် ရဲ့ အကြောင်း ရေးသားထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။
    ဂုဏ်ပြုတင်ပြသူ

    နေမျိုးဇင်
    Posted: 17 Jun 2013 09:01 AM PDT
    ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျ၊ ဌေးကြွယ်၊ မြအေး၊ ကျော်ကျော်ထွေး (မာကီ)၊ မီးမီး (သင်းသင်းအေး)နှင့် နီလာသိန်းတို့ ရှစ်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးနှင့် ဗြိတိသျှကောင်စီ၏ အစီအစဉ်ဖြင့် ဗြိတိန်နိုင်ငံ (United Kingdom) သို့ ယနေ့ည ၇း၅၀ နာရီအချိန်တွင် Thai Airways ဖြင့် ထွက်ခွာသွားခဲ့ကြသည်။

    ၈၈မျိုးဆက်တို့၏ ဗြိတိန်နိုင်ငံ (United Kingdom) ခရီးစဉ်တွင် ဗြိတိန်အစိုးရ၏ နိုင်ငံခြားရေးနှင့် ဓနသဟာရရုံး ၀န်ကြီးများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဗြိတိသျှ ပါလီမန်လွှတ်တော်သို့ သွားရောက်ကာ ပါလီမန်ဆိုင်ရာ အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးကြမည်။

    ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လေ့လာရန်အတွက် မြောက်ပိုင်းအိုင်ယာလန်သို့ လည်းကောင်း၊ ပညာရေးဆိုင်ရာ လေ့လာမှုများအတွက် Oxford တက္ကသိုလ်သို့ လည်းကောင်း သွားရောက်ကြမည်ဖြစ်သည်။

    ဗြိတိန်နိုင်ငံ (United Kingdom) လန်ဒန်မြို့ရှိ ဗြိတိသျှကောင်စီသို့ သွားရောက်ပြီး လူမှုအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံဆွေးနွေးကြမည်ဟု သိရသည်။
    ၈၈မျိုးဆက်တို့သည် ဗြိတိန်နိုင်ငံရှိ မြန်မာလူမှု အသိုက်အ၀န်းနှင့်လည်း သီးခြားတွေ့ဆုံကြမည်ဖြစ်သည်။

    The 88 Generation Peace and Open Society
    အင်္ဂလန်နိုင်ငံခရီးစဉ် ထွက်ခွာလာခဲ့ကြသော ၈၈မျိုးဆက်တို့သည် ည ၉း၂၅ နာရီတွင် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊သုဝဏ္ဏဘူမိလေဆိပ်သို့ရောက်ရှိခဲ့ကြသည်။ ည ၁၂း၃၀ အချိန်တွင် ခရီးဆက်လက်ထွက်ခွာမည်ဖြစ်သည်။ (ကိုမာကီး)
    Posted: 17 Jun 2013 08:57 AM PDT
    (The Gulf Today မှ 17 Jun 2013 ရက်စွဲပါ "Myanmar may start pumping oil,gas to China"သတင်းကို ဘာသာပြန်ဆိုသည်)

    မြန်မာနိုင်ငံသည်တစ်ရက်လျှင်အကြမ်းဖျင်း ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိသောရေနံနှင့်ဓာတ်ငွေ့များကို တရုတ်နိုင်ငံ သို့ပိုက်လိုင်းဖြင့်လာမည့်လအနည်းငယ်အတွင်း စတင်ပို့လွှတ်ရန်စီစဉ်နေပါသည်။ တရုတ်နိုင်ငံ၏ကြီးထွားနေသောစီးပွားရေး ကဏ္ဍအတွက်အသက် သွေးကြောသဖွယ် အရေးပါသော စွမ်းအင်ရင်းမြစ်များသည် ရေကြောင်းကြပ်ညှပ် ပိတ်ဆို့နေသော မလက္ကာရေလက်ကြားနှင့် စင်္ကာပူတို့ကို ရှောင်ကွင်းနိုင်တော့မည်ဖြစ်သည်။

    မြန်မာနိုင်ငံကမ်းလွန်မှ ရေနံနှင့်ဓာတ်ငွေ့များကို ရှာဖွေတူးဖော်ရန် စိတ်ဝင်စားနေသော ပြည်ပနိုင်ငံများသည် စီးပွား ဖက်အဖြစ် ဆွေးနွေးရမည့်အစား ဝယ်ယူမည့်ဖောက်သည်အဖြစ် မြန်မာနိုင်ငံနှင့် ညှိနှိုင်းကြရတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံ ၏ ဖောက်သည်ပောာင်းများဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံတို့မှာမူ ယခင်လက်မှတ်ရေးထိုးပြီးသား အရောင်းအဝယ် သဘော တူစာချုပ်ပောာင်းများကို ပြန်လည်ပြင်ဆင်ချုပ်ဆိုထားကြပြီဖြစ်သည်။

    တပ်မတော်အစိုးရ လက်ထက်တွင် ဘက်ပေါင်းစုံ ယိုယွင်းပြိုလဲသွားခဲ့သော မြန်မာနိုင်ငံသည် သယံဇာတ ရင်းမြစ် များကြွယ်ဝသော်ငြားလည် နိုင်ငံဖွံ့ဖြိုးရေးအတွက် သယံဇာတများကိုအသုံးချနိုင်စွမ်း အနည်းငယ်သာရှိသည်။ တပ်မတော် အစိုးရ ခေါင်းဆောင်များသည် ပြည်တွင်းထွက်သဘာဝဓာတ်ငွေ့ကို နိုင်ငံစီးပွားရေးဖွံ့ဖြိုးအောင် အသုံးချရမည့်အစား ၎င်းတို့ မက်မောသော နိုင်ငံခြားငွေရရှိအောင် ရောင်းချခဲ့ကြသည်။

    အာဏာရှင်အကြီးအကဲ၏ညံ့ဖျင်းသော စီမံခန့်ခွဲမှုများကြောင့် ဒေသတွင်းနိုင်ငံများအကြား ဆိုးဆိုးဝါးဝါးနိမ့်ကျ ကျန် ရစ်ခဲ့သော မြန်မာနိုင်ငံသည် ၂၀၁၃ ဆီးဂိမ်းအိမ်ရှင်တာဝန်နှင့် ၂၀၁၄ အာဆီယံဥက္ကဋ္ဌတာဝန်တို့ကို လက်ခံထားသော်လည်း လူဦးရေသန်း ၆၀ ၏လေးပုံတစ်ပုံ(သို့) နိုင်ငံသားလေးဦးလျှင် တစ်ဦးသာ လျှပ်စစ်မီးသုံးစွဲနိုင်သည့် အဆင့်တွင်ရှိသည်။

    နိုင်ငံတကာရေနံကုမ္ပဏီများအနေဖြင့် ကမ်းလွန်ရေနက်ပိုင်းလုပ်ကွက်များတွင် ပြည်တွင်းကုမ္ပဏီနှင့် လက်တွဲရန် မလိုသော်လည်း ရေတိမ်ပိုင်းနှင့် ကုန်းတွင်းလုပ်ကွက်များ၌ ပြည်တွင်းကုမ္ပဏီ(မြန်မာကုမ္ပဏီ)နှင့် လက်တွဲရန် အစိုးရက စည်းကမ်းသတ်မှတ်ထားခြင်းကို ယခုအခါပြန်လည်သုံးသပ်ပြင်ဆင်ရန်လိုကြောင်းနှင့် အရင်းအနှီးကော၊ နည်းပညာပါ နှစ်မျိုး လုံးချို့တဲ့သည့် ပြည်တွင်းကုမ္ပဏီများအားရေနံဓာတ်ငွေ့ကဏ္ဍ၌ အခွင့်ထူးပေးထားခြင်းသည် နောက်ထပ်ခရိုနီနယ်ပယ်သစ် တစ်ခုကို ဖန်တီးရာရောက်ကြောင်း ရန်ကုန်မြို့မှ အကဲခတ်များက မှတ်ချက်ပေးထားသည်။\

    Yangon chronicle
    Posted: 17 Jun 2013 08:22 AM PDT
    အားရပါးရဆပ်ခွင့်ရခဲ့တဲ့ အဖေ့ကျေးဇူး

    နှစ်စဉ်နှစ်တိုင်း ဇွန်လ၏ တတိယပါတ်တနင်္ဂနွေနေ့သည် "အဖေများနေ့" ဖြစ်သည်။ "အဖေ"ဆိုတာ သားသမီးတွေအပေါ် ဝမ်းနဲ့လွယ်၍ မမွေးခဲ့ရပေမယ့် စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေ၍ အိမ်ထောင် တစ်ခု၏တာဝန်ကို ထမ်းရွက်ရသူ၊ ရင်ထဲကမေတ္တာများကို ကဗျာဆန်ဆန်ဖွဲ့နွဲ့ မပြောတတ်ရှာသူတွေဟာ "အဖေ"တွေပါ။ ၁၆.၁.၂ဝ၁၃ တနင်္ဂနွေနေ့သည် ကမ္ဘာအဝန်းရှိ ဖခင်တွေကို ဂုဏ်ပြုသောနေ့ "အဖေများ နေ့" ဟု သက်မှတ်ထားသည့် နေ့ရက်တစ်ရက်လည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြာသိုလပြည့် "အမေနေ့" ဟူ၍ မြန်မာ့မူ မြန်မာ့ဟန်ဖြင့် "အမေနေ့" ကိုဦးဆောင်ဆော်သြ၍ ကျင်းပပြုလုပ်ခဲ့သူ၊ မြန်မာ့လူမှုရေး လောကမှာ ယနေ့ထိတိုင် ပရဟိတစိတ်ဓါတ်မျိုးစေ့ လူငယ်ပေါင်းမြောက်များစွာ လက်ဆင့်ကမ်း မွေးဖွား ပေးခဲ့သူ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို စတင်တည်ထောင်၍ တစ်ချိန်တခါက နာရေးကူညီမှုလုပ်ငန်း ရပ်အား "အမင်္ဂလာ" အလုပ်ဟု လူတိုင်းနီးပါး လက်ခံထားကြပြီး ယခုဆိုလျှင် မြန်မာနိုင်ငံတွင် နာရေး ကူညီမှုအသင်းမရှိသော မြို့၊ ရွာ၊ ဒေသများသည် ခေတ်မမှီသော၊ မျက်နှာငယ်ရသော မြို့ဟုပင် လူအများ သတ်မှတ်ရသည်အထိ မြန်မာပြည်တလွှားတွင် "အခမဲ့" နာရေးကူညီမှုအသင်းများ မွေးဖွားပေါ်ပေါက်စေခဲ့ သူ၊ အနုပညာလောက၌ စာရေးဆရာ၊ ဒါရိုက်တာ၊ တေးရေး/တေးဆို၊ သရုပ်ဆောင် အကယ်ဒမီများရှင်၊ အလင်္ကာကျော်စွာဘွဲ့၊ စာပေပါရဂူဘွဲ့ (Ph.D)တို့အား ချီမြှင့်ခြင်းခံခဲ့ရသူ အနုပညာလောက၏ ဖခင်ကြီးလို့ တင်စားခေါ်ဝေါ်ခဲ့သည့် "အဖေ" တစ်ဦးရှိခဲ့ဖူးပါသည်။ ထိုသူကား အခြားသူမဟုတ် ရုပ်ရှင်လောကတွင် နှစ်ပေါင်း (၅ဝ) ကျော်ကြာ ကျင်လည်ခဲ့သူ ရုပ်ရှင်လောကသားတို့ရဲ့အဖေ၊ လူမှုရေးသမားတို့ရဲ့အဖေ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)အား မျိုးစေ့ချ ပြုစုပျိုးထောင် မွေးဖွားပေးခဲ့တဲ့ "အဖေ" အလင်္ကာကျော်စွာ အကယ်ဒမီဆုများရှင် "ဘဘ ဦးသုခ" ပင်ဖြစ်ပါတော့သည်။ ဘဘဦးသုခသည် နာရေးကူညီမှုအသင်း (ရန်ကုန်)အား စတင်တည်ထောင်စဉ်တွင် နာယကကြီးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကွယ်လွန်ဆုံးပါးခဲ့ရာ ယခုဆိုလျှင် (၈) နှစ်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဘဘဦးသုခ မွေးဖွာရာဇာတိ ကျိုက်လတ်မြို့မှ ပရဟိတလူငယ်အဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် မြို့ခံလူထု၏ တောင်းဆိုမှုတို့ကြောင့် ဘဘဦးသုခ၏ တပည့်ရင်းဖြစ်သော ဒါရိုက်တာ ဦးနှင်းမိုးနှင့် ကျိုက်လတ်မြို့နယ် အသင်း(ရန်ကုန်)၏ နာယကကြီး ဘဘဘိုကလေး ဦးတင်အောင်တို့မှ ဦးဆောင်၍ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ လာရောက်ပြီး ကျိုက်လတ်မြို့တွင် ဘဘဦးသုခ၏ရုပ်တုအား ထုဆစ်၍ ထားရှိရန်အတွက် ဆွေးနွေးတိုင်ပင်ခဲ့ပြီး ဖြစ်မြောက်ရေးအတွက် အကူအညီတောင်းခံခဲ့ကြရာ နာရေးကူညီမှုအသင်း (ရန် ကုန်)မှ အသင်း၏ ကျေးဇူးရှင်ဖခင်ကြီးအား ကျေးဇူးဆပ်သည့်အနေဖြင့် ကျိုက်လတ်မြို့ ပန်းခြံအတွင်းတွင် ဘဘဦးသုခ၏ ရုပ်တုထုဆစ်၍ ထားရှိနိုင်ရေးအတွက် ပန်းပုပညာရှင် ဦးနန်းဝင်းအား ထုဆစ်ပြုလုပ်ခဲ့ပြီး သည့်နောက် ဒေသခံ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အဝင်များနှင့် အကူအညီဖြင့် ကြိုးပမ်းခဲ့ကြပြီး ၁၆.၆.၂ဝ၁၃ တနင်္ဂနွေနေ့ (အဖေများနေ့) တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တော့သည်။

    ဘဘဦးသုခ၏ ရုပ်ထုဖွင့်ပွဲအခမ်းအနားအား ကျိုက်လတ်မြို့ ပန်းခြံအတွင်း၌ နံနက် (၉း၃ဝ) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေမှူး ဒေါ်မြင်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်နှင့် အလုပ်အမှုဆောင် များ၊ အသင်းသူ/သားများနှင့် နန်းခင်ဇေယျာတို့ တက်ရောက်ခဲ့ကြပြီး အနုပညာရှင်ကြီးများဖြစ်ကြသော ဘဘဘိုကလေး ဦးတင့်အောင်၊ ဒါရိုက်တာ ဦးနှင်းမိုး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ အကယ်ဒမီ ဦးလူမင်းနှင့် သရုပ်ဆောင်များဖြစ်ကြသော သဉ္ဇာဝင့်ကျော်၊ ဆုပန်ထွာ၊ စိုးပြည့်သဇင် တို့တက်ရောက်ခဲ့ ကြပြီး ကျိုက်လတ်မြို့မှ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြို့ခံလူထု အသီးသီးတို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ဘဘဦးသုခ၏ ရုပ်တုထုဆစ် ပြုလုပ်ရခြင်း၏ ရယ်ရွယ်ချက်တို့ကို ပြောကြားခဲ့သည်။ အခမ်းအနားအား ကျိုက်လတ်မြို့ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရုပ်ရှင်အစည်းအရုံး ဥက္ကဌ အကယ်ဒမီ ဦးလူမင်း တို့မှ ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဂီတပညာရှင်ကြီး ဘဘဘိုကလေး ဦးတင့်အောင်မှ ဘဘဦးသုခ၏ ရုပ်တုအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ မှတ်တမ်းဓါတ်ပုံရိုက်၍ အခမ်းအနားအား အောင်မြင်စွာရုပ် သိမ်းခဲ့ကြသည်။

    ထို့နောက်နေ့လည်ပိုင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ၊ ဒု-ဥက္ကဌနှင့် အတွင်းရေမှူး တို့ဦးဆောင်၍ အသင်းသူ/သားများတို့မှ ကျိုက်လတ်မြို့ ကံဘုန်းပွင့်စေတီ (အရှေ့) ဖျာပုံ-ရန်ကုန် လမ်းမ ကြီး ဘေးဝဲယာနှင့် မြို့တွင်း (၅) လမ်းတို့တွင် အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးပေးခဲ့ကြကာ ရန်ကုန် မြို့တွင် ကောက်ခွင့်မရရှိခဲ့သော အမှိုက်များအား ကျိုက်လတ်မြို့တွင် အသင်းသူ/သားများနှင့် ကျိုက်လတ် မြို့ ဒေသခံ ပရဟိတအဖွဲ့ဝင်များတို့ပူးပေါင်း၍ အမှိုက်များအား ကောက်ယူသိမ်းဆည်းခဲ့ကြသည်။ တစ်ချိန် တည်း၌ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ ရေသန့်ပြုလုပ်နည်းသင်တန်းပေးနေသော ၂ဝ၁၃ ခုနှစ်၏ ပြည်သူ့ဂုဏ်ရည် အထူးဆုရှင် အင်ဂျင်နီယာ ဦးသန်းနိုင်မှ ရေစစ်အိုး၊ သဘာဝသဲ၊ ကျောက်၊ မီးသွေးတို့ဖြင့် မသန့်ရှင်းသော ရေနောက်များမှ ရေသန့်ပြုလုပ်နည်း ပညာရပ်အား သင်ကြားပြသပေးခဲ့ရာ ယခုအခါ ကျိုက်လတ်မြို့ရှိ ဒေသခံများသည် ယင်းရေစစ်အိုးအား လက်တွေ့အသုံးပြုနေပြီဖြစ်သည်။ အပြန်ခရီးတွင် မအူပင်တံတားအဆင်းတွင် စောင့်ကြိုနေကြသော တစ်လုတ်လပ်အရှေ့ကျေးရွာ၊ မအူပင် မြို့ "အနှိုင်းမဲ့နာရေးကူညီမှုအသင်း" အသင်းသား/သူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ညနေ (၃း၃ဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်သို့ ချောမောစွာ ပြန်လည်ရောက်ရှိခဲ့ တော့သည်။

    ယနေ့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေးသမားများနှင့် ကျိုက်လတ်မြို့မှမြို့ခံ ပရဟိတ အသင်းအဖွဲ့များ ကျိုက်လတ်မြို့နယ်အသင်း(ရန်ကုန်)နှင့် အနုပညာရှင်များပြုလုပ်ခဲ့သော "အဖေများနေ့" အထိမ်းအမှတ်အဖြစ် ဘဘဦးသုခ၏ရုပ်ထုအား ဇာတိမြို့ ကျိုက်လတ်ပန်းခြံအတွင်းထားရှိ၍ ဖွင့်လှစ်ခဲ့ပြီး ဘဘဦးသုခ တည်ထောင်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နေ့စဉ်နှင့်အမျှ ပြုလုပ်ရသော ကောင်းမှုတို့အား ရောက်ရာဘဝ ဘုံဌာနဆီမှ ဘဘဦးသုခ မြင်တွေ့ကြားသိပါက ကျေနပ်ပီတိဖြစ်ကာ ဝမ်း မြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်လိမ့်မည်ဖြစ်သလို ကျိုက်လတ်သူ/သား တို့အနေဖြင့် မိမိ တို့၏ ကျိုက်လတ်ဇာတိဖွား နိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သော ပညာရှင်ကြီး ဘဘဦးသုခ၏ ပညာဂုဏ်တို့အား အလေးထားကာ ဘဘဦးသုခ၏ ရုပ်ထုကြီးအား အပျက်မစီးစေရန် အလေးထားဂရုပြု ကျေဇူးဆပ်ရင်း နောင်မျိုးဆက်သစ် အဆက်ဆက်တို့တိုင်အောင် ဂုဏ်ယူကြလိမ့်မည်ဟု ယုံကြည်မိပါတော့သည်။

    ကျွန်တော်တို့၏ ခြေလှမ်းတိုင်းသည် အများပြည်သူအတွက်

    ကျွန်တော်တို့၏ လုပ်ရပ်တိုင်းသည် အများပြည်သူအတွက်

    ကျွန်တော်တို့၏ ပြောကြားချက်များသည် အများပြည်သူအတွက်

    ထို့ကြောင့် ကျွန်တော်တို့သည် ပရဟိတဖခင်ကြီးအား အစဉ်အမြဲ ကျေးဇူးဆပ်လျှက်ရှိပေသည်။
    You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610



    --
    http://www.burmaburo.blogspot.com

    No comments:

    Post a Comment