ယနေ့ နားခိုရာ အခန်းလေး တွင် လူစည်သည်။ ဆရာတော် သံဃာတော်များ၊ မဲဆောက်မှ ဆရာတော် ဦးဇ၀န နှင့် အခြားသော ဦးဇင်းများ။ လာရောက်ကူညီ လုပ်ကိုင်ပေးသည့် ညီငယ် လေး နှစ်ယောက် နှင့် အတော်ကို အပျင်းပြေသည်။ ခါတိုင်းတော့ ကွန်ပျူတာမှ အင်္ဂလိပ်စကားပြော သင်ခန်းစာများ နားထောင်လိုက် သတင်းလိုက်ဖတ်လိုက်၊ ဖြင့် အိပ်လျက် နားနေရာမှ ကျောပူဒါဏ်ခံ၇င်း အပျင်းဖြေ နေရသည်။
ဆရာတော် ဦးဇောတိက (ကူညီကယ်ဆယ်ရေး ဆရာတော်) က တွေ့ဆုံပွဲလေးကို စီစဉ်ပြီး ရွှေ့ပြောင်း အလုပ်သမား မြန်မာမိသားစုများက ကျနော့် အားပေး စကားကို အလွန်ကြားချင်ကြပါသည်။ ကျနော့် ဆေးကုသရန် အတွက် ရိုးသားစွာ ရှာဖွေထားသော သူတို့၏ ကိုယ်ပိုင်ချွေးနည်းစာထဲမှ ဆေးကုသရန် အလှူငွေကိုလည်း လှူဒါန်းလိုပါသည် ။ ခန တာမျှ လာရောက် လှည့်ပါ ဟု တောင်းပန်စကား ဆိုသောကြောင့် မဟာချိုင် ဘက်ခြမ်းရှိ မြန်မာ အလုပ်သမားများချည်း စုဝေး နေထိုင်ရာ နေရာကို ခါး ကိုင်းကိုင်းဖြင့်ပင် သွားရောက် အားပေးစကားပြောကြားခဲ့သည်။
ခါးဆစ် ဝေဒနာကို သည်းခံပြီး ကိုယ့်ထံမှ အားပေးစကားကို မျှော်လင့်နေရှာသည့် မျိုးမြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို အားပေးစကားပြောဆိုကာ အခိုက်တန့်မျှ ဘ၀ အမောဖြေပေးခဲ့သည်။ ညီညွတ်ရေး တရား၊ ပြည်ထောင်စုသားတို့ အားမာန်များကို ဆင့်ပွားပေးခဲ့သည်။
အမိပြည်ထောင်စုကြီး တိုးတက်သာယာငြိမ်းချမ်း တန်းတူညီမျှ လွတ်လပ်ဖို့ ရာ တိုင်းရင်းသား ပြည်ထောင်စုဖွား မြန်မာနိုင်ငံသား အားလုံးတွင် တာဝန်ကိုယ်စီရှိနေပါကြောင်း လေးနက်စွာ မှာကြားခဲ့ပါသည်။
စိတ်ထဲတွင်ကား လတ်တလော ခံစားနေရသည့် ခါးဆစ်ကိုက်ခဲခြင်းနှင့် အတူ မထိုင် နိုင် မထ နိုင် ဖြစ်လာသော ကိုယ်တွင်း ဝေဒနာများ သက်သာပျောက်ကင်းလိုစိတ်ကား တားမနိုင် ဆီးမရ။ ကျမ်းမာခြင်းသည် လာဘ်ကြီး တပါး ဟူသည် မှန်ပေစွ။
၁၉၉၄ ခုနှစ် မှ စတင်တက်ရောက်ခဲ့သော ချယ်ရီရိပ်ခို အမိစစ်တက္ကသိုလ်တွင် သင်ကြားလေ့ကျင့်ရသော ကျွမ်းဘား အားကစား လေ့ကျင့်စဉ် ကပင် ၊ ခါးဆစ်နှင့် ပတ်သက်ပြီး ဖိစီးမှု စတင်ခဲ့သည်ဟု မှတ်မိသည်။ ထို့နောက် ဗိုလ်လောင်းအချင်းချင်း အပြစ်ပေးခြင်း နည်းစနစ် တခုအဖြစ် လော်ကာ ဟု ခေါ်သော လူတရပ်ခန့်မြင့်သည့် အ၀တ်ဗီဒိုပေါ်သို့ အပြစ်ပေးခံရမည့် ဗိုလ်လောင်း ဂျူနီယာ၏ ခြေဖမိုးကို လှမ်းတင်ပြီး ကိုယ်ကို ပြောင်းပြန် လင်းနို့ကဲ့သို့ တွဲလောင်းချကာ ကြမ်းပြင်ပေါ်သို့ လက်နှစ်ဘက် ထောက် မျက်နှာ အောက်စိုက်ဖြင့် အပြစ်ဒါဏ် ပေးခြင်း ကို ခံယူရသည် ။ ထိုပုံစံမျိုး တွဲလောင်းချ တန်းလန်း ကိုယ်ဖြင့် ခါးရိုးတို့ ကော့ကိုင်းကား ခါးဆစ်ကို ထိခိုက်စေသည့် မူမမှန်သော ကိုယ်ဟန်ဖြင့် နာရီနှင့် ချီပြီး အပြစ်ပေးခံရခြင်း ကြောင့် အပြစ်ပေးခံရဖူးသူ မိမိ၏ ခါးဆစ်ရိုးတို့ ထိခိုက်နာကျင်သည်။ ခါးဆစ်အကြားမှ အရွတ် တို့ ဒါဏ်ဖြစ်သည်။ သို့သော် အရွယ် ငယ်နေသေးသည်မို့ သိပ်မသိသာလှ။ ရံဖန်ရံခါ အနည်းအပါးသာ နာကျင်မှု ဒါဏ်ခံစားရဖူးသည်ကို မှတ်မိသည်။
တဖန် ကျောင်းဆင်းပြီး တပ်မတော်တွင် အရာရှိအဖြစ် တာဝန်ထမ်းဆောင်ရသည့် အခါ လက်တွေ့ စစ်မြေပြင် ရှေ့တန်းစစ်ဆင်ရေး ဟုခေါ်သော နယ်စပ် စိုးမိုးမှု တောတွင်းစစ်စခန်းတွေ ဆီသွားကြရသည်။ စိုင်းစိုင်မောဝ် ရဲ့ တောင်တန်းပြာနှင့် ကျောပိုးအိတ် သီချင်းကို ညည်းဆို၇င်း လေးပင်လှသည့် ကိုယ့်ကျောပိုးအိပ် ကိုယ်လွယ် ( ရံဖန် ရံခါ ကလေးစစ်သား လူမမည် ရဲဘော် ကလေးများ ၏ ကျောပိုးအိတ်ရော သေနက်ကိုပါ ကူလွယ် ) သယ်ပိုး ခရီးပြင်း ခရီးဝေး ပင်ပန်းစွာ သွားခဲ့စဉ်ကလည်း မိမိတို့ စစ်သားများ ( အထူးသဖြင့် အရပ်ရှည်ပြီး အရိုးအဆစ် ကြံ့ခိုင်ခြင်း အားနည်းသူ) ခါးဆစ်တို့ ဒါဏ်ဖြစ်သည်။
နည်းနည်း မျှ နာတတ်သည်။ ပရုတ်ဆီ လူး ဒါဏ်ကြေလိမ်းဆေး လူးပြီး လောက ကို အံတုရင်ဆိုင်ခဲ့သည်။
နောက်တော့ တပ်မတော်မှ အခြေအနေ အရပ်ရပ် တပ်မတော်၏ သဘောထား အမှန်များကို သိမြင် နားလည်လာခဲ့သည်။
၂၀၀၅ ခုနှစ် နိုင်ငံရေး မြင်ကွင်းကျယ်ကို ယနေ့ မြန်မာ သက်ကြီးပိုင်း တိုင်းဖြတ်သန်းခဲ့ဖူးသည်မို့ အထွေအထူး ရေးမနှုးလိုတော့ပါ။
တပ်မတော်မှ မိမိသဘော အလျောက် နှုတ်ထွက်ခွင့် တင်ပြီး ထွက်ခွါခဲ့သည်။ လူမှု နိုင်ငံရေး လောက အတွင်း မိမိ သဘောဖြင့် ၀င်ရောက်ပြီး တိုင်းပြည် အတွက် နိုင်ရာ နေရာမှ ၀င်ရောက် ထမ်းဆောင်သည်။
နောက်တော့ မျိုးချစ် တပ်မတော် အရာရှိဟောင်း တဦး အမည်ဖြင့် အွန်လိုင်းတွင် စာစုများ မျိုးချစ်တပ်မတော်သားတို့ ၏ ပြည်သူအပေါ် ကျေပွန်စွာ ထမ်းဆောင်ရမည့် ပြည်သူ့ စစ်သားတို့ တာဝန်များ အကြောင်းကို ဆောင်းပါးများ ရေးသည်။ ရေဒီယိုမှလည်း အပတ်စဉ် အသံလွှင့်သည်။ လုပ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး ကိုယ်ကျိုး အတွက် မဟုတ်သော ကြိုးပမ်းမှုများစွာဖြင့် တိုင်းပြည် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များ၊ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။
အီးမေးလ် အင်တာနက် အသုံးပြုမှု အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ (၃၃) (က) ဖြင့် အထူးသတင်းတပ်ဖွဲ့အောင်သပြေ စစ်ကြောရေး စခန်းတွင်း တလတာ စစ်မေးခံရစဉ်ကလည်း မထိုင်ရ၊ မအိပ်ရ။ မေးတာ မဖြေသမျှ ထိုင်ခွင့်မရ၊ အိပ်ခွင့်မရ၊ စားခွင့် မရ။ ရက်တချို့ကြာလာသည်၊ ခါးဆစ်တွေ နာလာသည်။ ဒါဏ်ပြန်ဖြစ်လာပေပြီ။
ကျနော်တို့သည် ညဉ့်နက်နက် အိပ်မက်ဆိုးဆိုးတွေ ကို အတူတူ ကြုံခဲ့ မက်ခဲ့ဖူးသူတွေမို့ ယခုမှ ပြန်တူးနေလည်း အပိုဟု ဆိုသူတွေ ရှိနေပေလိမ့်မည်။ သို့သော်လည်း ယနေ့ ကျနော် ခံစားနေရသော ကျမ်းမာရေးယိုယွင်းမှုနှင့် ပတ်သက်ပြီး ဆက်စပ်ပတ်သက် ခဲ့သမျှကို ပြန်တွေး ပြန်ရေး နေမိခြင်းသာဖြစ်ပါသည်။
မော်စကိုသို့ အလည်ရောက်သည်။ ကိုယ့်ခံစားရသော ခါးနာ ဝေဒနာ သက်သာလိုဇောဖြင့် ဆေးကုခွင့်တောင်းသည် မရ။ သို့နှင့် မော်စကိုသား ထောင်နီးနားချင်း ( ကိုဇာဂနာ ၏ စကားလုံးကို ယူသုံးပါသည်) တယောက် ကို အကူညီတောင်းသည် ။ နာကျင်နေသော ခါးဆစ် ကို နှိပ်နင်းပြီး သက်သာလို သက်သာငြား ကြိုးစားသည်။ နောက်ဆုံး အနှိပ်ကောင်းသည်နှင့် ခါးဆစ် ပဲ့သည် အထိ ဒါဏ်ရာ ဖြစ်သည်။ ၈ လခန့် ထိုင်မနိုင် လျောက်မရ ဒုက္ခိတ ဘ၀ ရောက်ခဲ့ရသည်။
ထောင်မှ လွတ်လာသည်။
ဆေးကုသည်။ လမ်းပြန်လျောက်နိုင်ရန် ဇွဲမလျော့စွာဖြင့် အချိန်ပြည့် လေ့ကျင့်သည် ပြန်ကောင်းလာသည်။ လျောက်နိုင်လာသည်။ ဗီဇ အရ မနေနိုင်။ လူမှုနိုင်ငံဖွံ့ဖြိုးရေး အလုပ်တွေ ဆက်လုပ်သည်။ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းသည်။ ခါးဆစ်ကျမ်းမာရေး အတွက် စနစ် တကျ ကုသချိန် မရခဲ့။
သို့နှင့် တကျော့ပြန် ထပ် အဖမ်းခံရသည့်ကာလ ရောက်လာပြန်သည်။
ထောင်နှင့် ကျနော်တို့မှာ တူတူပုန်းတမ်း ကစားနေသည့်နှယ်ဖြစ်သည်။
ပန်းတနော် တရားရုံးမှ ဆုံးဖြတ်ချက် ချအပြီး ရဲတပ်ဖွဲ့ အပေါ် အကြည်ညို ပျက်စေမှုဖြင့် ဒါဏ်ငွေ နှစ်သောင်း ဆောင်ရန် ၊ ဒါဏ်ငွေ မဆောင်က ထောင်သုံးလ အကျခံရန် အမိန့်ချသည်။
ဒါဏ်ငွေမဆောင်နိုင်ဟု ဆိုသောကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ တရားရုံးက အပ်လိုက်သည်။ လက်ထိပ်ကို နောက်ပြန်ခတ်ကာ သံကြိုးဖြင့် ချည်သည်။ ကျနော့် ရှေ့နေက ရဲအုပ်ကို လှမ်းပြောသည်ကို ကျနော် ကြားလိုက်ရသည်။ ယခုလို ပြစ်ဒါဏ်မျိုးကို လက်ထိပ် ယခုလို ခတ်ခွင့် မရှိဘူး ဟု ဆိုသည်။ ရဲက ဂရုမစိုက် ။ သံကြိုးကို ခိုင်အောင်ချည်သည်။
ရဲ တပ်ဖွဲ့ ဂျစ်ကား အစုတ်လေးပေါ်တွန်းတင်သည်။ နှစ်နာရီကျော် မျှ လမ်းကြမ်းကြမ်း ( ထိုစဉ်က မအူပင် လမ်းသည် မပြင်ရသေးပါ) ချိုင့်များ အကြား တဟုန်ထိုး မောင်းနှင်သည် ကျောမှီမပါ။ ကိုင်စရာ လက်မဲ့။ လက်ထိပ်နောက်ပြန်၊ ခါးမှာ ခါးနာ ခါးပတ်ကြီး ပတ်လျှက် သားနှင့် ကျနော့်ကို သံကြိုးချည် ခေါ်သွားပြီး မအူပင် ထောင် ဗူးဝ ရောက်သည်နှင့် ရဲအုပ်ကျော်အေးထူး က ဟေ့ကောင် ပုံစံ ထိုင် ဟု ခိုင်းသေးသည်။
ထိုသို့သော ရဲတပ်ဖွဲ့၏ ယခုလို ခါးနာ ခါးပတ်ပတ် ထားရသော လူတယောက်ကို ဒါဏ်ငွေ နှစ်သောင်း မဆောင်မှုဖြင့် လက်ထိပ် နောက်ပြန်သံကြိုးချည် ဖမ်းဆီးခံရပြီးသည် နောက်တွင် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ရလာဒ်များက ................L5 ခါးဆစ်မှ ကျွံအိသွားသော အရွတ် ကို အစားထိုး ရန် ခါးရိုး ခွဲစိတ်ကုသမှ ရတော့မည့် အဖြစ်သို့ ရောက်သွားရခြင်းပင် ဖြစ်တော့သည်။
ဘယ်သူ မပြု မိမိမှု ဟု ဆိုချင် ဆိုကြပေလိမ့်မည်။
အကယ်လို့ စစ်ကျောင်းလေ့ကျင့်ရေး သင်တန်းများတွင် ယခုကဲ့သို့ ရေရှည် ကိုယ်လက်အရိုးအကြော ထိခိုက်နစ်နာစေမှုကို ဖြစ်ပေါ်စေနိုင်သည့် လေ့ကျင့်မှုများ၊ အပြစ်ဒါဏ်ပေး စနစ်များ မရှိစေပဲ စနစ်တကျ လေ့ကျင့်မှုများ၊ လွန်ကဲသည့် အပြစ်ပေး အရေးယူမှုများ ကင်းဝေးပြိး လူဆန်သည့် လူလူချင်း တန်ဖိုးထားသော အုပ်ချုပ်မှုများ ရှိခဲ့တည်ဆောက် နိုင်ခဲ့သည့် ခေတ်မှီတပ်မတော်ဖြစ်ခဲ့သည် ဆိုလျှင် ........
အကယ်လို့- စစ်ကြောရေး ကာလ အတွင်း ယခုကဲ့သို့ အသားကို မထိသည် ဖြစ်စေ ထိသည်ဖြစ်စေ ၊ လူ့ကျမ်းမာရေးကို ထိခိုက် နစ်နာ ဒါဏ်ပိစေမည့် ဖိစီးမှုမျိုးဖြင့် ညှဉ်းပန်းမှုများ မဖြစ်ပေါ်အောင် ဥပဒေ က အတိအကျ နိုင်ငံသားတို့ကို ကာကွယ်ပေးခဲ့သည် ဆိုပါလျှင် .........
အကယ်လို့ - အင်းစိန်ထောင်တွင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက် ဒါဏ်ရာရသော နိုင်ငံသား အကျဉ်းသားများအား စနစ်တကျ ပျောက်ကင်းချမ်းသာ သည် အထိ ဆေးဝါး စနစ်တကျ ကုသပေးခဲ့သည် ဆိုလျှင်.................
အကယ်လို့ - ထောင်မှ လွတ်မြောက်ပြီးသည့်နောက်ပိုင်း သာမန် နိုင်ငံသား တိုင်း ခံစားပိုင်ခွင့် ရရှိပြီး နိုင်ငံသား တဦးအဖြစ် နိုင်ငံ ကျမ်းမာရေး ဌာနကြီးများတွင် ယုံကြည်စိတ်ချ ဈေးနှုန်းသက်သာစွာ ဂရုတစိုက်ဖြင့် အာမခံ ဆေးကုသပေးမည့် ကျမ်းမာရေး စနစ်မျိုးများ ရှိခဲ့သည် ဆိုပါလျှင် .........
အကယ်လို့ - တရားသော ဥပေဒ စိုးမိုးမှု ရှိခဲ့ပြီး ရဲတပ်ဖွဲ့ အတွင်း အကျင့်ပျက် လာဘ်စားမှု လျော့ပါးရေး အတွက် စေတနာဖြင့် အကြံပေးစကားပြောသူကို နိုင်ငံပြု နိုင်ငံကောင်းစေရေး အတွက် ကူညီသူဟု ယူဆပြီး ရဲတပ်ဖွဲ့က ဇွတ် တရားစွဲဆိုလာသည့် အသရေဖျက်မှု ပုဒ်မ ၅၀၀ အပေါ် တရားရုံးက သမာသမတ်ကျစွာ နိုင်ငံ့ အကူးအပြောင်းကာလ နှင့် လိုက်လျောညီထွေ ရှိစွာ ဆုံးဖြတ်ပြီး ရဲတပ်ဖွဲ့အတွင်း အကျင့်ပျက် လာဘ်စားသူများ မရှိစေရေး တိုင်းပြည်ကောင်းစားရေး အတွက် တာဝန်သိစိတ်ဖြင့် ကူညီ ၀ိုင်းဝန်းဆောင်ရွက်ပေးသူ မိမိ အတွက် အပြစ်မရှိဟု ဆုံးဖြတ်ချက် ချလိုက်သည် ဆိုပါလျှင် .................
အကယ်လို့ ယခုလို ဒါဏ်ငွေ နှစ်သောင်း မဆောင်နိုင်သော အပြစ်သား ( ပြန်တမ်းဝင် အရာရှိဟောင်း တဦး၊ မျိုးစစ် မျိုးချစ်စစ်သားဟောင်း တဦး) ခါးဆစ် ကျမ်းမာရေး မကောင်းသောကြောင့် ခါးပတ် အမြဲ ပတ်နေရသူ မိမိကို လက်ထိပ် နောက်ပြန် (ပန်းတနော်မှ မအူပင်ထောင်သို့ လက်ထိပ်တန်းလန်းနှင့် အချုပ်ထောင်သို့ လိုက်ပို့သည့် ရဲကားပေါ်တွင် နှစ်နာရီကျော်ကြာမျှ နောက်မှီ မပါ လက်ကိုင်စရာမရှိ လက်ထိပ် နောက်ပြန် သံကြိုးတည်းခံထားရသည့် ပုံစံဖြင့် ရဲတပ်ဖွဲ့၏ ဂျစ် ကား မောင်းနှင်သည့် လမ်းကြမ်းချိုင့်များ ဆောင့်သည့် ဒါဏ်ခံ ရခြင်း ) သံကြိုးဖြင့် ချည်ခြင်း မပြုလုပ်ဘဲ သာမန် အပြစ်သား တဦးကဲ့သို့ သာ လက်ထိပ် ကို လက်နှစ်ဘက် အရှေ့ခတ် အနေအထားဖြင့် လူသားဆန်စွာ အကျဉ်းထောင်သို့ ခေါ်ဆောင် ပေးပို့ ခဲ့မည်ဆိုပါလျှင်.......
အကယ်လို့ မိမိဖြစ်စေ မည်သည့် တိုင်းရင်းသား မြန်မာပြည်ထောင်စုဖွား နိုင်ငံသား တဦးကိုဖြစ်စေ လူသားဆန်သော နိုင်ငံသားတို့ စိတ်ကြိုက် ရွေးကောက်တင်မြောက်ထားသည့် ပြည်သူ့ အကျိုးရှေးရှုသော အစိုးရကောင်း ၏ အုပ်ချုပ်မှုအောက်တွင် စည်းစနစ်တကျ ရှိစွာဖြင့် နေထိုင်ခွင့် ရခဲ့ကြသည် ဆိုပါလျှင် ..........
တရားဥပဒေအရ လူ့ အခွင့်အရေး အရ လူသားတဦးကဲ့သို့ တန်ဖိုးထားသည့် အုပ်ချုပ်ရေး စနစ် အောက်ဝယ် ယဉ်ကျေးစာနာ သည့် နိုင်ငံသားတို့ ဘ၀ ဖြင့် ပူပင်သောက ကြောင့်ကြကင်းစွာ ဘ၀ အသက်ရှင် ရပ်တည်ခွင့်များ ရရှိခဲ့သည် ဆိုပါလျှင် ..................
ပြည်သူကို ရင်ဝယ်သားကဲ့သို့ လူသားချင်း စာနာစွာ ၊ လူသားတန်ဖိုးကို အသိအမှတ်ပြုစွာ၊ လူကြီးလူကောင်းဆန်စွာဖြင့် အုပ်ချုပ်သည့် အစိုးရနှင့် အုပ်ချုပ်ရေး လုံခြုံရေး ၀န်ထမ်း အစဉ်အလာကောင်းများ တည်ဆောက် နိုင်ခဲ့သည့် မြန်မာပြည်ထောင်စု အစိုးရ ပြည်သူ့ အစိုးရ အုပ်ချုပ်ရေး စနစ်တရပ်ကို ကို မိမိတို့ မြန်မာနိုင်ငံသား ပြည်ထောင်စုဖွား တိုင်းရင်းသားတို့ အားလုံး စုစည်း ညီညွတ်စွာဖြင့် မတည်ဆောက် နိုင်မချင်း ........................
ကိုယ်တွေ့ ဥပမာဖြင့် နိုင်ငံသားတို့ အခွင့်အရေး လူ့အခွင့်အရေး နစ်နာတတ်သော သဘော။ တစ်ဘ၀ တာ ထိခိုက်နစ်နာသွားစေနိုင်မည့် အဖြစ်သနစ် လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုတို့က နိုင်ငံ တ၀ှမ်း ထပ်မံ ပေါ်ပေါက် နေအုံးမည်ဖြစ်ပါသည်။
ကျနော် ခါးဆစ် နာ ခဲ့ရသည့် အကြောင်း အရင်းကို သေချာစွာ ဇာစ်မြစ်တူးဖေါ် ဖို့ အကြောင်းအရင်း လှန်လှောတွေးခေါ် စီစစ် ကြည့်မိသော အခါ နိုင်ငံရေး စနစ် နှင့် နိုင်ငံသားတို့ ဘ၀ အံမကျ၊ စံ မလှ သော မြန်မာတို့ ဘ၀ မှ စတည်ခဲ့သည်ကို တွေ့ရသည်။
မိမိကဲ့သို့ပင် ဘ၀ ဒါဏ်ရာ ခါးနာ နေသော နိုင်ငံသားများ၊ ဘ၀ နှင့် ချီပြီး စိတ်ဓါတ်ရေးရာ အရ ခါးနာနေသော ပြည်ထောင်စု တိုင်းရင်းသားများ မည်မျှပင် များနေပေလိမ့်မည်နည်းဟု ကိုယ်ချင်းစာသော အတွေးဖြင့် တွေးနေမိပါကြောင်း...
မိမိကဲ့သို့ စိတ်နာ ကိုယ်နာ ဘ၀နာခြင်း မျိုး ဒါဏ်ကို နောက်လာမည့် မြန်မာ့ မျိုးဆက်သစ်များ မခံ မဆုံ မကြုံကြရလေအောင် မျိုးဆက်ဟောင်း ဖြစ်တော့မည့် မိမိတို့ က ဘယ်လို ဘယ်ပုံ တိုင်းပြည်ကို ပြုစုပျိုးထောင်သင့်ခဲ့သည် ဆိုသည့် အကြောင်း .......................
မြိုင်ဆိုင် ဝေဆာ သေချာ ရေရာမှု များဖြင့် နည်းစည်း စနစ်တကျ တည်ဆောက်လိုသည့် အနာဂတ် စိတ်ကူးများ နှင့် မနက်ဖြန်များကို မျှော်လင့် မာန်တင်းနေမိပါသည်။
ယနေ့ ရောက်ရှိနေသော တိုးတက် ဖွံ့ဖြိုးနေသည့် ထိုင်း နိုင်ငံသားများ ဘ၀ ထိုင်းနိုင်ငံသားများ ၏ အမျိုးသားရေး စရိုက်များ၊ ကြိုးပမ်းအားထုတ်မှု စွမ်းပကားများကို အားကျစွာ ကြည့်ရှုမှတ်သား ကာ ပုံတူနိုင်သည်များကို ကူးယူရင်း မြန်မာ့ အနာဂတ်ကို မျှော်မှန်းတ ရော်ရမ်း ဆ ကာ မွမ်းမံစိတ်ကူး ပုံစံရေးဆွဲနေမိပါကြောင်း။
နေမျိုးဇင်
ဂျွန်လ (၁) ၂၀၁၃။ ည ဆယ်နာရီ
No comments:
Post a Comment