Tuesday 27 August 2013


 

၉၆၉ အဖွဲ့တို့၊ ၈၈ မျိုးဆက် အဖွဲ့တို့ မဟုတ်ပါဘူး။ ဘယ်အဖွဲ့အစည်းကမှ ခိုင်းစေလို့ လာရောက်ဆန္ဒပြခြင်း မဟုတ်ပါဘူး

Created on Sunday, 25 August 2013 22:17
Written by သတင်းအယ်ဒီတာအဖွဲ့
AddThis Social Bookmark Button
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနားအား မိတ္ထီလာမြို့ခံများမှ ကန့်ကွက်ဆန္ဒ ပြကြရာတွင် လူ ၇၀ ခန့်က ကင်တားနား အလိုမရှိ တီရှပ်များ ၀တ်ဆင်ဆန္ဒ ပြခဲ့ကြောင်း သိရပြီး ကျန်လူများမှာမူ ဒေသခံများသာ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆန္ဒပြပွဲ၌ ကိုယ်တိုင်ပါဝင်ခဲ့သော မိတ္ထီလာမြို့ခံ ကိုယ်မယ်ပနှင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းက အောက်ပါအတိုင်း ပြောကြားခဲ့သည်။
မေး - ကင်တားနားကို ဘာကြောင့် ဆန္ဒပြခဲ့ ကြတယ်ဆိုတာ အရင်ဆုံး သိပါရစေ။
ဖြေ - မစ္စတာကင်တားနားရဲ့ အစီရင်ခံစာတွေကို စုံစမ်းသိရှိရပြီးတဲ့ နောက်မှာ မြို့ခံတွေနဲ့ လူငယ်တွေက မကျေနပ်တဲ့ အတွက် အခုလို သူ့ယာဉ်တန်းဖြတ်တဲ့အချိန်မှာ စောင့်ပြီး ဆန္ဒပြကြတာပါ။
မေး - ဆန္ဒပြဖို့အတွက် အဖွဲ့အစည်း တစ်ခုခုက ညွှန်ကြားတာမျိုး ရှိပါသလား။
ဖြေ - လာပြီးဆန္ဒပြတဲ့ လူငယ်တွေက မိတ္ထီလာမြို့မှာ တရားဝင် ဆောင်ရွက်နေတဲ့ ဘာသာရေး၊ လူမှုရေး အဖွဲ့တွေမှာ ဦးဆောင်ပါဝင် ဆောင်ရွက်နေတဲ့ လူငယ်တွေ ဖြစ်ပါတယ်။ အခုမီဒီယာတွေမှာ ပြောနေတဲ့ ၉၆၉ အဖွဲ့တို့၊ ၈၈ မျိုးဆက် အဖွဲ့တို့ မဟုတ်ပါဘူး။ ဘယ်အဖွဲ့အစည်းကမှ ခိုင်းစေလို့ လာရောက် ဆန္ဒပြခြင်း မဟုတ်ပါဘူး။ ကိုယ်သဘော ဆန္ဒနဲ့ကိုယ် လာရောက် ဆန္ဒပြကြတာပါ။
မေး - အသံလွှင့် ဌာနတစ်ခုမှာ ယာဉ်တန်းကိုဝိုင်းပြီး လက်သီးနဲ့ ထုတာတွေ ခြေနဲ့ကန်တာတွေ လုပ်ကြတယ်၊ အဲဒီအတွက် ဆယ်မိနစ်လောက် ပိတ်မိနေခဲ့တယ်လို့ ပြောဆိုတာတွေ ရှိနေပါတယ်။ အဲဒါအမှန်ပဲလား။
ဖြေ - တံတားကို ကားဖြတ်တဲ့ အချိန်မှာ ကားတန်း အရှိန်လျှော့ ၀င်လာတော့ ကန့်ကွက်စာ ပေးချင်လို့ မှန်ခေါက်တာ၊ တံခါးဖွင့် ခိုင်းတာ လုပ်ကြပါတယ်။ တချို့ မီဒီယာတွေမှာ ပါသလို ကန်တာ၊ ခဲနဲ့ထုတာမျိုး လုံးဝမရှိပါဘူး။ ဆယ်မိနစ်လည်း မကြာပါဘူး။ အဲဒီလို ယာဉ်တန်းဖြတ်တဲ့ အချိန်မှာ ကားနားမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တခြား စအဖတို့ ဒုစရိုက် နှိမ်နင်းရေးတို့ SB နဲ့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေလည်း အရပ်ဝတ်တွေနဲ့ ရှိပါတယ်။ ဆန္ဒပြတဲ့ လူအုပ်က ကတ်ထူပြား ဆိုင်းဘုတ်ကို ကိုင်ဆောင် ဆန္ဒပြနေခြင်း ဖြစ်ပါတယ်။ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် မပါပါဘူး။
မေး - မစ္စတာ ကင်တားနားကို ဆန္ဒပြနေတဲ့ အချိန်မှာ လူအရေအတွက် ဘယ်လောက် ရှိနိုင်ပါသလဲ။ နောက်ပြီး ဒီဖြစ်စဉ် အစအဆုံး အဲဒီနေရာမှာ အစ်ကိုရှိနေ ခဲ့ပါသလား။
ဖြေ - ကင်တားနားက ညနေငါးနာရီ ရောက်မှာလိုလို၊ ခုနစ်နာရီ ရောက်မှာလိုလို သတင်းတွေ ထွက်နေလို့ နေမစောင်းခင် ကတည်းက လူတစ်ထောင်ကျော် လာစောင့်နေကြတယ်။ ညမထွက်ရ အမိန့်ကြောင့် မြို့ခံတချို့တော့ ပြန်သွားကြတယ်။ ည ၁၀ နာရီ ကျော်လာတော့ ရဲက လူစုခွဲဖို့ မေတ္တာရပ်ခံပါတယ်။ လူစုကလည်း အေးအေးဆေးဆေး နေတာဆိုတော့ အတင်းအကျပ် မလုပ်ဘူးပေါ့။ ရောက်ခါနီးပြီဆိုတာ သိနေတော့ လူစုက ကွဲမသွားဘူး။ ဆန္ဒပြဖို့ သက်သက်ပဲ စုဝေးကြတာဖြစ်လို့ ဘာပြဿနာမှလည်း မဖြစ်ခဲ့ပါဘူး။
မေး - ဒါဆိုရင် ကင်တားနားနဲ့ အသံလွှင့် ဌာနတွေက ပြောသလို အကြမ်းဖက်တယ် ဆိုတာ မဟုတ်ဘူးပေါ့။
ဖြေ - လုံးဝမဟုတ်ပါဘူး။ လုံခြုံရေးတွေလည်း အပြည့်အ၀ ရှိနေတာကြောင့် အကြမ်းဖက်တယ်ဆိုတာ လုံးဝမှားပါတယ်။ နောက်တစ်ချက်က ဒီအဖြစ်အပျက်ကို တကယ်ကို ကိုယ်တွေ့ မျက်မြင်တွေ့မှ မီဒီယာတွေမှာ ဝေဖန်ပြောဆို သင့်ပါတယ်။ မျက်မြင် မဟုတ်ဘဲနဲ့ မှားယွင်းစွာ ဝေဖန်သုံးသပ် မိရင်တော့ မြို့ခံလူထုရဲ့ သဘောထားကို မျက်ကွယ်ပြုရာ ကြပါတယ်၊ မိတ္ထီလာ မြို့ခံတွေက အခုလို ညနက်ပိုင်းမှာတောင် မစ္စတာ ကင်တားနားကို စည်းကမ်းရှိစွာ ဆန္ဒထုတ်ဖော် နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက် နေကြပါတယ်။




--

No comments:

Post a Comment